သခင်စစ်
Vol. 48 Ch. 707
ပေါ့ဆသောကြောင့် ပုရစ်နတ်ဆိုးသေရသည်ဟု လုယန်တွေးပြီး ခဏငြိမ်သွားသည်။ ထိုပုရစ်နတ်ဆိုး၏အမည်ကိုပင် သူမသိသေး။
လုယန်ငြိမ်နေသည်ကိုမြင်ပြီးနောက် သူဘာတွေးနေသည်ကို ထွင်းဖောက်မြင်သည့်လေသံဖြင့် နတ်မယ်က တည်ငြိမ်စွာပြောသည်။
"ဒါက ရှေးဟောင်းခေတ်တိုက်ပွဲတွေရဲ့ ရက်စက်မှုပဲ။ နင်ဒီထက်အသားကျအောင်ကြိုးစားဖို့လိုတယ်။ ငါကြုံခဲ့တဲ့ ရက်စက်မှုတွေက နင်တွေးနိုင်တာထက် များကြီးပိုတယ်။
အခုတောင် အဲဒီ့အကြောင်းတွေ ငါပြန်သတိမရချင်ဘူး"
လုယန် နားလည်လိုက်သည်။ မှန်သည်။ ရှေးဟောင်းခေတ် အပြိုင်အဆိုင်ကာလသည်။ အသေအရှင်တိုက်ပွဲများပြည့်နေသည်။ နတ်မယ်ပြောသည်ထက်ပင် ပိုကြမ်းတမ်းမည်။ သွေးပဋိပက္ခများပါဝင်မည်။
နတ်မယ်အတွက် ထိုကိစ္စသည် ပျော်စရာအတွေ့အကြုံမဟုတ်။ ထို့ကြောင့် ပြန်သတိမရလိုခြင်းဖြစ်မည်။
"ပုရစ်နတ်ဆိုးကို ငါအဆုံးသတ်ဖို့ ကြိုးစားတုန်းက စကြာဝဠာလက်ဝါးကိုတောင်သုံးခဲ့တာ။ ငါ့လက်ချောင်းတွေအားလုံး အရည်တွေပေကျံကုန်တယ်။ အဲဒီအကြောင်းတွေးမိတိုင်း ငါရွံ့မိတုန်းပဲ"
တိုက်ပွဲအကြောင်းပြန်ပြောရင်း နတ်မယ်က ရွံရှာသည့်အမူအရာဖြင့် လက်ကိုခါနေသည်။
နတ်မယ် ကုတင်ပေါ်မှထလာသည်။ မွေ့ရာက နူးညံ့သဖြင့် ထရပ်ချိန်တွင် အိခနဲလှုပ်သွားသည်။
"ငါ့စကြာဝဠာလက်ဝါးကို နင်မြင်ဖူးတယ်မဟုတ်လား။ အဲဒီတုန်းကသုံးခဲ့တဲ့ စကြာဝဠာလက်ဝါးက အဲလောက်ကြီးတယ်"
နတ်မယ်က လက်နှစ်ဘက်ဆန့်ထုတ်၍ စက်ဝိုင်းလှည့်ပြသည်။
ထို့နောက် လုယန်ကို သုံးလေးကြိမ်ပုတ်သည်။
လုယန် "..."
နတ်မယ်..ဒီအမူအရာက နည်းနည်းစိတ်ကူးယဉ်ဆန်လွန်းမနေဘူးလား...
ထောင်တိန်ဖုန်း သေတ္တာထဲမှ ရွှေပုရစ်အရွေခွံကို သေချာကြည့်သည်။ တကယ်အဖိုးတန်ရတနာနှင့်တူသည်။
စုစည်းခြင်းအဆင့်စွမ်းအားရှင်များကိုသာ သခင်(စစ်)ဟုခေါ်ကြောင်း သူ့ဦးလေးပြောဖူးသည်။ သို့ဆိုလျှင် ကွမ်းချီသည် စုစည်းခြင်းအဆင့်သို့ ရောက်ခဲ့သူဖြစ်မည်။
စုစည်းခြင်းအဆင့်တစ်ယောက် သေသည့်တိုင်မခွဲခွာလိုသည့်ရတနာ။
ထိုအချက်က ရွှေပုရစ်ခွံ၏တန်ဖိုးကို သက်သေခံနေသည်။
"ဒါကို ငါဘယ်လိုလုပ်ရမလဲ။ ဒီရတနာရဲ့သခင်ဖြစ်အောင် ကြိုးစားကြည့်ရမလား"
သူစိတ်ဝင်စားနေသည်။ သူ့အတွက် ကောင်းကင်မှ ကြီးမားသည့်ကောင်းချီးကျလာခြင်းဖြစ်သည်။
မုန်ကျင်းကျိုးက မှတ်စုစာအုပ်ထဲမှ အရိုးရိုင်းရေးထားသည့် မှတ်ချက်များကို တစ်ချက်ကြည့်သည်။ ထောင်တိန်ဖုန်း၏ လုပ်ရပ်များကို ပြန်စဉ်းစားသည်။
တောင်တန်းပေါ်ခိုးတက်သည်။ ကွမ်းချီအနားသို့ ကပ်သွားသည်။
"ဒါတွေက ကြောက်တတ်တဲ့လူတစ်ယောက်နဲ့ တူလို့လား"
လုယန် မေးကိုပွတ်၍ သုံးသပ်သည်။
"ညီလေးအရိုးရိုင်းက ငါတို့နှစ်ယောက်နဲ့နှိုင်းယှဉ်ရင် သူကကြောက်တတ်တယ်လို့ပြောတာ ဖြစ်လောက်တယ်"
လုယန်အတွေး သဘာဝကျသည်ဟု မုန်ကျင်းကျိုးယူဆသည်။ သူတို့နှစ်ယောက်နှင့်ယှဉ်လျှင် ထိုကောင်လေးသည် တကယ်ငကြောက်လေးလိုသာဖြစ်သည်။
သူတို့စကားပြောနေစဉ် ထောင်တိန်ဖုန်းက သူ့ဦးလေးသင်ပေးဖူးသည့်အတိုင်း လက်ချောင်းကိုကိုက်၍ ရွှေပုရစ်ခွံပေါ် အစက်ချသည်။
သွေးစက်က ချက်ချင်းပျောက်ကွယ်သွားသည်။
"ဒါအဆင်ပြေသွားတာလား"
သူပျော်သွားသည်။ သူ့မျက်နှာဖြူရော်လာသည်အထိ သွေးစက်ဆက်ချသည်။ ထိုအခြေအနေရောက်မှ ရွှေပုရစ်ခွံက သွေးစုပ်ခြင်းရပ်တန့်သွားသည်။
ထို့နောက် လေပေါ်ပျံတက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ဝင်သွားသည်။
ထောင်တိန်ဖုန်း အတော်လန့်သွားသည်။ ရွှေပုရစ်ခွံ ဝင်သွားသည့်နေရာကို ဖျတ်ခနဲစမ်းကြည့်သည်။ ဘာမှမတွေ့။
ခန္ဓာကိုယ်ထဲတွင်လည်း မအီမသာလုံးဿမခံစားရ။
"ပိုင်ဆိုင်မှုအတည်ပြုတာ အောင်မြင်သွားတဲ့သဘောလား"
သူ့စိတ်ထဲ သိပ်မသေချာလှ။
"...ဒီပိုင်ဆိုင်မှုသတ်မှတ်နည်းက ရိုးစင်းလွန်းမနေဘူးလား"
လုယန် မှတ်ချက်ပေးသည်။
"အဲဒါ အဆုံးစွန်ရိုးရှင်းမှုလို့ခေါ်တယ်။ မူလသန့်စင်အဆင့်ကို ပြန်ရောက်သွားတာလေ"
နတ်မယ်က ပြောသည်။
"ဒါပေမယ့် ကွမ်းချီက ဒီလိုပဲသေသွားပြီလား"
မုန်ကျင်းကျိုး နားမလည်။
သူတို့ ဤနေရာရောက်သည်မှာ သိပ်မကြာသေး။ ရှေးဟောင်းစုစည်းခြင်းစွမ်းအားရှင်တစ်ယောက် သေသွားသည်။ လွယ်လွန်းနေသည်ဟု ယူဆသည်။
ကွမ်းချီ၏ဒဏ်ရာများအရ ပြင်းထန်သည့်တိုက်ပွဲတစ်ခုကြုံခဲ့ခြင်းဖြစ်မည်။ တစ်ကြိမ်တည်း ဟုတ်ချင်မှလည်းဟုတ်မည်။
သူ့ဒဏ်ရာများက အပြင်ပန်းသာမဟုတ်။ သူ့ဝိညာဉ်သည်ပင် အပြင်းအထန် ဒဏ်ရာရခဲ့သည်။ အချိန်မရွေး ငြိမ်းသွားနိုင်သည့် မီးတောက်လိုဖြစ်နေသည်။
ယခု တကယ်မီးငြိမ်းသွားသည်။
"သူမသေပါဘူး။ အားနည်းနေတဲ့သူ့အသိစိတ်ရဲ့ နောက်လုံးလက်ကျန်ကို ကျင်းချန်(ရွှေပုရစ်)အခွံထဲ ပေါင်းစပ်သွားတာ။
အခုလောလောဆယ် ထောင်တိန်ဖုန်းရဲ့ သိစိတ်နယ်မြေထဲကို သူဝင်ပြေးသွားပြီ"
ထောင်တိန်ဖုန်း၏ သိစိတ်နယ်မြေတွင် တိုးညှင်းသည့်စကားသံ ပေါ်လာသည်။
"ကောင်လေး..ဒီလိုပိုင်ရှင်သတ်မှတ်နည်းမျိုးကို မင်းသိမယ်လို့ ငါထင်မထားခဲ့ဘူး"
အစက ထိုကောင်လေးကို ကျင်းချန်အခွံအား ဂရုစိုက်ခိုင်းထားပြီး သိစိတ်နယ်မြေတွင်ပုန်း၍ အားဖြည့်ရန်ကြံခဲ့သည်။
ထိုကောင်လေးက ကျင်းချန်အခွံကို သွေးကတိဖြင့် ချက်ချင်းပိုင်ရှင်သတ်မှတ်လိုက်သည်။
ထို့ကြောင့် သူသည် ကျင်းချန်အခွံမှ ထိုကောင်လေး၏သိစိတ်နယ်မြေထဲသို့ ဆွဲသွင်းခံရသလိုဖြစ်သွားသည်။
ရှိစေတော့။ ထိုပစ္စည်းသည် သူနှင့် တကယ်ကံရေစက်မပါ၍ဖြစ်မည်။
ရုတ်တရက်ပေါ်လာသည့် စကားသံကြောင့် ထောင်တိန်ဖုန်းလန့်သွားသည်။
"အား..ခင်ဗျား...ခင်ဗျားအသက်ရှိနေတုန်းလား"
ကွမ်းချီ နောက်ထပ်စကားဆက်မပြောတော့။ ယခု သူ့အခြေအနေ အတော်ဆိုးနေသည်။ ငြိမ်သက်စွာ အနားယူဖို့လိုသည်။
ထောင်တိန်ဖုန်း နည်းနည်းဂဏာမငြိမ်ဖြစ်နေသည်။ ဘာလုပ်ရမှန်းမသိ။ ထို့ကြောင့် အိမ်ပြန်ပြီး ရင်တစ်ထိတ်ထိတ်ဖြင့် အိပ်ယာဝင်သည်။ သူ့စိတ်ထဲ ယန်တောင်တန်းအဖြစ်အပျက်များ ကြီးစိုးနေသည်။
တစ်ညအနားယူပြီးနောက် ကွမ်ချန် နည်းနည်းသက်သာလာသည်။ စကားပြောနိုင်လာသည်။
"ငါ့ကိုယ်ငါအသက်ရှင်နေဦးမယ်လို့ မထင်ခဲ့ဘူးကောင်လေး။ ဒါက ဘယ်နေရာလဲ"
ကွမ်းချီ စကားထပ်ပြောသည်။ ဤတစ်ကြိမ်တွင် ကြိုတင်မျှော်လင့်ထားပြီးဖြစ်၍ ထောင်တိန်ဖုန်း သိပ်မလန့်။
"ဒါက ချွမ်ကျိုးပြည်နယ် ယန်ရှန်မြို့တော်ပါ သခင်စစ်"
"ဪ ယွမ်ကျိုးကိုး"
သခင်စစ်အခြေအနေကို မမြင်ရသော်လည်း စဉ်းစားတွေးဆနေသည့်အမူအရာဖြစ်နေမည်ဟု ထောင်တိန်ဖုန်းထင်မိသည်။
"သခင်စစ်၊ ခင်ဗျားက ဘယ်သူလဲ"
လေ့လာထားသမျှ သမိုင်းဝင်ပုဂ္ဂိုလ်များအကြောင်း ထောင်တိန်ဖုန်း ပြန်စဉ်းစားသည်။ ကွမ်းချီဟုခေါ်သည့်လူ တစ်ယောက်မှမသိ။
"မင်းတို့လူငယ်မျိုးဆက်တွေဟာ တကယ်ဘာမှမသိကြဘူးပဲ။ ငါက မဟာချန်ခေတ်က သခင်စစ်ကွမ်းချီပါ။ စုစည်းခြင်းအဆင့်ကျင့်ကြံသူပေါ့။ 'ကျင့်ကြံမှုတစ်ရာ'ပညာကို အားလုံးကျွမ်းကျင်တယ်"
ကွမ်းချီကို စုစည်းခြင်းအဆင့်ဖြစ်ကြောင်း မှန်းဆထားပြီးသော်လည်း ကိုယ်တိုင်ထုတ်ပြောလာချိန်တွင် ထောင်တိန်ဖုန်း အံ့အားသင့်မိဆဲဖြစ်သည်။
စုစည်းခြင်းအဆင့်။ သူ့မျိုးနွယ်ဦးလေးပင် နတ်ဝိညာဉ်ထိပ်ဆုံးအဆင့်သာရှိသည်။
နောက်ထပ်အတွေးတစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာသည်။
"သခင်စစ်၊ ကျင်းချန်အခွံဆိုတာဘာလဲ။ ကျုပ်ကိုယ်ထဲဝင်သွားပေမယ့် ဘာလို့အပြောင်းအလဲမရှိတာလဲ"
ကွမ်းချီ နှာတစ်ချက်ရှုံ့သည်။
"ဘာမှမသိတဲ့ကောင်၊ ဒီကျင်းချန်အခွံကြောင့်သာမဟုတ်ရင် ငါအမဲလိုက်ခံရပြီး ဒီလိုဘဝမျိုးရောက်ပါ့မလား။ ဒါဟာ အဓိပဓိရတနာပဲ။ ကူးဖြတ်ခြင်းအဆင့်မှာတောင် ငါ့အတွက် အသုံးဝင်နေတုန်းပဲ။
မဟာယုခေတ်ကျင့်ကြံသူတစ်ယောက်ဆီက ငါလုလာတာ။ အစက မဟာယုတွဲဘက်နှစ်ယောက်နဲ့ အပြန်အလှန်ကူညီပြီး အကျိုးအမြတ်ခွဲယူဖို့ သဘောတူထားတာ။ ဒီပစ္စည်းက ငါ့အပိုင်ဖြစ်ရမှာ။
ဒါပေမယ့် ဒီနှစ်ယောက်က ကတိမတည်ဘူး။ လောဘတက်ပြီး ကျင်းချန်အခွံကို ငါ့ဆီကလုဖို့ကြိုးစားတယ်။ ငါ့ဆီကတောင် လုရဲတဲ့ကောင်တွေ။ သူတို့တကယ် သေမှာမကြောက်ကြတာပဲ"
သူကိုယ်တိုင်က ယခုလိုအခြေအနေရောက်ခဲ့သော်လည်း ကွမ်းချီ အေးစက်စက်ပြုံးနေသည်။
"ကဲတော်တော့၊ ငါအနားယူရဦဂမယ်"
စကားများစွာ ပြောလိုက်ရသဖြင့် သူအားအင်ကုန်ခမ်းသွားသည်။
လုယန်က နတ်မယ်ဝိညာဉ်စွမ်းအားကို ခဏသုံး၍ ထောင်တိန်ဖုန်း၏ သိစိတ်နယ်မြေကို ကြည့်နေသည်။ ထိုမျှအားနည်းသည့် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
သူ့ကိုယ်ပိုင်သိစိတ်နယ်မြေတွင် နေထိုင်သူက စရှင်သန်လာပြီးကတည်းက တက်ကြွနေသည်။ ယွမ်ကျိနှင့်ပင် တိုက်ကွက်လေးငါးခု တိုက်ခိုက်နိုင်စွမ်းရှိသည်။
************************************