အမြင်ကျယ်ရပါသည်
Vol. 48 Ch. 708
ကွမ်းချီ သူ့သိစိတ်နယ်မြေသို့ရောက်သည်မှာ ဆယ့်ငါးရက်ကြာပြီဖြစ်သည်။ ထိုအချိန်အတွင်း ကျင့်စဉ်ပညာနှင့်ပတ်သက်၍ သူ့ဦးလေး၏သင်ပြချက်များရော ကွမ်းချီ၏လမ်းညွှန်မှုများပါ လေ့လာခဲ့သည်။
ကွမ်းချီ၏ ဆူပူငေါက်ငမ်းမှုကိုတော့ သည်းခံရသည်။
"အသုံးမကျတဲ့ကောင်၊ လုံးဝအသုံးမကျတဲ့ကောင်ပဲ။ ဒါဘာလုပ်နေတာလဲ။ ခန္ဓာကိုယ်ထဲ ချီဆွဲယူတာ အဲလိုလုပ်ရလား"
"မင်းတို့မိသားစုကျင့်စဉ်အဆင့် ဒီလောက်နိမ့်နေတာ မဆန်းတော့ပါဘူး"
"မင်းစိတ်ကိုတည်ငြိမ်အောင်ထားပြီး နေရာတိုင်းမှာရှိနေတဲ့ ဝိညာဉ်စွမ်းအင်တွေကို ခံစားဖို့လိုတယ်။ ပြီးတော့ အရုဏ်ချိန်ရောက်လို့ ပထမဆုံးအလင်းရောင်ကို မင်းဘေးပတ်လည်က ဝိညာဉ်ချီမျှားခေါ်ဖို့သုံး။
ပြီးရင် အလင်းရော ဝိညာဉ်ချီပါ မင်းကိုယ်ထဲကိုဆွဲယူ။ ဒီလိုလုပ်တဲ့အချိန် မင်းဘေးပတ်လည်မှာ ဝိညာဉ်ချီတွေပိုသိပ်သည်းလေ ပိုကောင်းလေပဲ"
"ချီဆွဲသွင်းတဲ့အချိန်မှာ မင်းဦးလေးသင်တဲ့နည်းလမ်းကိုမသုံးနဲ့။ အဲဒါ တကယ့်အမှိုက်သရိုက်ပဲ"
စင်ပေါ်တွင်သင်ကြားနေသည့် အခြေတည်အလတ်တန်းအဆင့်မျိုးနွယ်ဦးလေး ခဏစကားရပ်သည်။
"ဒါပေမယ့် မင်းတို့ကိုငါသင်ပေးတဲ့ ချီဆွဲယူနည်းဟာ နည်းလမ်းတွေအများကြီးထဲက တစ်ခုပါ။ မင်းတို့ မဟာဂိုဏ်းတစ်ခုကို ဝင်ခွင့်ရချင်ရနိုင်တယ်။ အဲဒီ့အခါ မင်းတို့ဂိုဏ်းက သင်ပေးတဲ့ နည်းလမ်းတွေကို သုံးကြပါ"
ထိုစကားကြောင့် လုယန်ကြက်သီးထသွားသည်။
သူဂိုဏ်းဝင်စက ယွမ်ကျိသင်ပေးသည့် ချီဆွဲယူနည်းကို ပြန်သတိရလာသည်။ ရေစည်လေ့ကျင့်ခန်းများ၊ တို့ဟူးဖမ်း၊ တို့ဟူးစားခြင်းများ။ နောက်ဆုံးတွင် တို့ဟူးအပေါ် စိတ်ပိုင်းဆိုင်ရာအကြောက်တရားမျိုး ဖြစ်ပေါ်ခဲ့သည်။
ထိုအချိန်ကျမှ ကိုယ်တွင်းသို့ ချီဆွဲယူနိုင်ပြီး ချီအဆင့်သို့ရောက်သည်။
ထိုနည်းလမ်းသည် ရှေးဘိုးဘေးများ ပထမဆုံးသုံးခဲ့သည့်နည်းလမ်းဟု ပြောကြသည်။ ရိုးရှင်းသော်လည်း အတော်ထိရောက်သည်။
"နတ်မယ်၊ ခင်ဗျားကိုယ်ထဲကို ချီဆွဲယူတုန်းက ဘယ်လိုနည်းသုံးခဲ့လဲ။ ရှေးဟောင်းနည်းလမ်းလား"
နတ်မယ် အတော်အံ့အားသင့်သွားသည်။
"အဲ...ချီဆွဲယူတဲ့နည်းလမ်းလို့ ရှိလို့လား။ အိပ်နေရင်း အလိုလိုဖြစ်လာတာမဟုတ်ဘူးလား။ နင်အဲလိုလုပ်ခဲ့တာမဟုတ်ဘူးလား"
လုယန် "..."
ထို့နောက် မုန်ကျင်းကျိုးကိုလှည့်မေးသည်။
"လောင်မုန်။ မင်းစကျင့်ကြံတုန်းက ချီကိုဘယ်လိုဆွဲယူခဲ့တာလဲ"
မုန်ကျင်းကျိုးက မေးကိုပွတ်ရင်းမှ
"ပြန်စဉ်းစားကြည့်ဦးမယ်...အရှုပ်တော်ပုံမဖြစ်ခင် ငါ့အဖေနဲ့ငါ ဆက်ဆံရေးကောင်းတုန်းအချိန်က သူငါ့ကိုပြောတယ်။ ကိုယ်ထဲကို ချီဆွဲယူတဲ့အခါ အရေးကြီးဆုံးက ဝိညာဉ်စွမ်းအင်သိပ်သည်းဖို့ပဲတဲ့။ သိပ်သည်းလေ ပိုကောင်းလေတဲ့။
ဂိုဏ်းကိုဝင်ပြီးတော့ ငါ့ဘေးပတ်လည်မှာ ထိပ်တန်းဝိညာဉ်ကျောက်တွေ ပတ်လည်ဝိုင်းထားလိုက်တယ်။ အဲဒီ့ဝိညာဉ်ကျောက်တွေကိုခွဲလိုက်တယ်။ ငါ့လှိုဏ်ဂူထဲမှာ ဝိညာဉ်စွမ်းအင်တွေသိပ်သည်းလာတယ်။ နည်းနည်းလောက်စုပ်ယူနိုင်ရင်ကို အဆင်ပြေတယ်လေ"
လုယန် "..."
စုစည်းခြင်းအဆင့်ကျင့်ကြံသူများပင် ထိုမျှကုန်ကျစရိတ်များသည့်နည်းလမ်းကို သုံးရဲမည်မဟုတ်။
"မင်းအဖေနဲ့မင်း ပြဿနာတွေဖြစ်ခဲ့တာလား"
မုန်ကျင်းကျိုးဘာကြောင့်အိမ်မှထွက်ပြေးလာသည်ကို သူတစ်ခါမှမမေးဖူး။ သူ့စိတ်နှင့်သူ ပြေးလာသည်ဟု ထင်ခဲ့သည်။
ယခုမှ လျှို့ဝှက်ချက်တစ်ချို့ရှိကြောင်း သိရသည်။
မုန်ကျင်းကျိုးက လက်ခါပြသည်။
"အားလုံးက အသေးအဖွဲကိစ္စလေးတွေပါကွာ။ အဲလိုဟာတွေများလွန်းလို့ ငါရေတောင်မရေနိုင်တော့ဘူး"
မုန်ကျင်းကျိုးအိမ်ပြန်လမ်းသည် အလှမ်းဝေးဦးမည်ဟု လုယန်ထင်မိသည်။
ကျောင်းဆင်းပြီးနောက် ထောင်တိန်ဖုန်း ဆိုင်ကြီးတစ်ဆိုင်သို့ အပြေးသွားသည်။ ဆိုင်ဝတွင် လူတန်းရှည်ကြီးရှိသည်။ တန်းစီနေသူများမျက်နှာက စိတ်လှုပ်ရှားမှုအရောင်တောက်နေသည်။
သစ်သားဆိုင်းပုဒ်တစ်ခု ဆိုင်ပေါက်ဝတွင် ချိတ်ထားသည်။
"ထာဝရအချစ်"
"ဒါဘယ်လိုနေရာလဲ"
ကွမ်းချီ မျက်မှောင်ကျုံ့သွားသည်။ သူ့မှတ်မိသလောက် ထိုဆိုင်မျိုး လုံးဝမမြင်ဖူး။
"အိပ်မက်ပုံရိပ်လေ။ ခင်ဗျားမကြားဖူးဘူးလား"
ကွမ်းချီစကားကြောင့် ထောင်တိန်ဖုန်း အံ့အားသင့်သွားသည်။
ယခုခေတ်တွင် အိပ်မက်ရေပွက်ပုံရိပ်အကြောင်း မကြားဖူးသူများ တကယ်ရှိနေသေးသလားမသိ...
"အိပ်မက်ပုံရိပ်..."
ကျွမ်ချီ ကြိုးစား၍ စဉ်းစားသော်လည်းမရ။ ထိုအရာမျိုး မမှတ်မိ။
"တာအိုလမ်းစဉ်ဂိုဏ်းက စွမ်းအားရှင်တစ်ယောက် ဖန်တီးခဲ့တာလို့ပြောတယ်။ ပုံရိပ်လောကထဲကိုဝင်ပြီး ကွဲပြားတဲ့ဘဝတစ်ခုကို ခံစားနိုင်တယ်"
ထို့စကားကြောင့် ကွမ်းချီ နှာခေါင်းရှုံ့သွားသည်။
ကျင့်စဉ်တစ်ရာပညာရပ်အားလုံးကို ကျွမ်းကျင်ထားသူဖြစ်၍ အိပ်မက်ပုံရိပ်၏သဘောသဘာဝကို ထိုစကားလောက်ဖြင့် ခန့်မှန်းနိုင်သည်။
"ငါကတော့ တကယ်ထူးခြားတာတစ်ခုလို့ထင်ထားတာ။ လက်စသတ်တော့ ပုံရိပ်ယောင်တစ်ခုပဲ။ လှည့်ကွက်တွေနဲ့ ကစားရုံသက်သက်ပါ"
"အိပ်မက်ပုံရိပ်က ကစားရတာမဟုတ်ပါဘူး။ အဲဒါက တိုက်နယ်တစ်ခုလုံးမှာ အရမ်းလူကြိုက်များတယ်"
ထောင်တိန်ဖုန်းက လက်မှတ်ဖြတ်ရင်း စကားပြင်ပေးသည်။
ဆိုင်ထဲတွင် မြေပြင်နှင့်နံရံများကို မှော်စက်ဝန်းများဖန်တီးထားသည်။ ဝယ်ထားသည်လ့က်မှတ်ဖြင့် အသက်သွင်းနိုင်သည်။
"နေပါဦး၊ ဒီဟာက မဟာရှားတစ်ခုလုံး ပျံ့နှံ့နေပြီပေါ့"
ကွမ်းချီ မယုံနိုင်အောင်ဖြစ်သွားသည်။
"ဟုတ်တယ်၊ ဆိုင်တိုင်းမှာ ဒီဆိုင်လိုပဲ လူတွေပြည့်နေတာ"
ထောင်တိန်ဖုန်းက ဆိုင်ထဲမှလူအုပ်ကို လက်ညှိုးထိုးပြသည်။
ကွမ်းချီ နည်းနည်းတုန်လှုပ်သွားသည်။ ထောင်တိန်ဖုန်းဝယ်ခဲ့သည့်လက်မှတ်တန်ဖိုးနှင့် ဆိုင်ထဲမှလူအရေအတွက်ကို မြှောက်ကြည့်သည်။ ထို့နောက် တိုက်နယ်တစ်ခွင်မှ ဆိုင်အရေအတွက်နှင့် မြှောက်ကြည့်သည်။
အကြမ်းဖျင်းခန့်မှန်းချက်အရ လေးလအတွင်းမှာပင် သူ့အတွက်တစ်သက်စာလုံလောက်သည့် ဝိညာဉ်ကျောက်များရနိုင်သည်။
ယခု အိပ်မက်ပုံရိပ်ဖန်တီးသူ ဝိညာဉ်ကျောက်ဘယ်လောက်ရထားပြီမသိ။
စုစည်းခြင်းအဆင့်အတော်များများ၏ အသက်ကိုဝယ်နိုင်လောက်အောင် ချမ်းသာနေလောက်သည်။
သူကျောချမ်းသွားသည်။ မဟာချန်ခေတ်သို့ အချိန်နောက်ပြန်သွားပြီး ဤနည်းလမ်းဖြင့် ငွေရှာချင်စိတ်ပေါ်လာသည်။
ဝိညာဉ်ကျောက်ထိုမျှရှိလျှင် အစောကြီးကတည်းက ကူးဖြတ်ခြင်းအဆင့်သို့ ရောက်ခဲ့ပြီးဖြစ်မည်။
ယခုထိ အိပ်စက်ခဲ့စရာမလို။ ရန်သူများ လုယက်တိုက်ခိုက်ခြင်း ခံရမည်မဟုတ်။
ထောင်တိန်ဖုန်း လက်မှတ်ကိုဖြဲလိုက်သည်။ သူ့ခြေထောက်အောက်မှ မှော်စက်ဝန်း အသက်ဝင်လာသည်။
စိတ်ကိုဗလာထား၍ အိပ်မက်လောကထဲဝင်သည်။
ပထမဆုံးမြင်ရသည်က ချောမောခံ့ညားသည့် ကျင့်ကြံသူတစ်ယောက် ဘယ်ညာတစ်ဘက်စီတွင် အသားကင်ကိုင်ထားသည့်မြင်ကွင်းဖြစ်သည်။ သူ့ဘေးတွင် တစ်ခြားလူများက အသားကင်နေသည်။
ထိုကျင့်ကြံသူက အသားကင်ကိုစားလိုက်သည်။ ပုံရိပ်ပိုကြီးလာသည်။ အဆီဝင်းနေသည့် အသားကင်များကို ရှင်းလင်းစွာမြင်နေရသည်။
ထိုကျင့်ကြံသူ၏ပါးစပ်တွင် အသားများပြည့်သွားပြီး 'ဝါး'ဟု ဟန်ပါပါတစ်ချက်ပြော၍ လက်မထောင်သည်။ ထို့နောက်
"နောက်တစ်ခေါက်အသားကင်ဆိုင်ကို လာလည်ပါ။ အရမ်းစားကောင်းတယ်"
ကွမ်းချီ "..."
ဘာကြီးမှန်းမသိ။
"ထာဝရအချစ်" တရားဝင်စတင်သည်။
ဇာတ်လိုက်က ထိပ်တန်းဂိုဏ်းတပည့်တစ်ယောက်ဖြစ်သည်။ ကလေးဘဝကငယ်ပေါင်း ညီမတစ်ယောက်ရှိသည်။ နောက်ထပ်ညီမတစ်ယောက်က တစ်ခြားဂိုဏ်းမှ မစ်ရှင်ထွက်လာရင်း သူနှင့်တွေ့သည်။
တိုက်တိုက်ဆိုင်ဆိုင် ညီမနှစ်ယောက်လုံးက သူ့ကိုချစ်ကြသည်။
ဇာတ်လမ်းက သူတို့သုံးယောက်အကြောင်း ပတ်လည်ရိုက်သည်။ အချိုးအကွေ့များစွာကြုံပြီးနောက် ဇာတ်လိုက်တပည့်က သူ့ခံစားချက်အစစ်ကို ကိုယ်တိုင်နားလည်သွားသည်။ ကလေးဘဝချစ်သူညီမကို နတ်ဆိုးအုပ်များကြားမှကယ်တင်ပြီး ချစ်မြတ်နိုးကြောင်း ဖွင့်ပြောသည်။
ညီမငယ်ကလည်း မျက်ရည်အဝဲသားဖြင့် သူ့အချစ်ကို လက်ခံသည်။ ထို့နောက် သူတို့နှစ်ယောက် အမြဲထာဝရပျော်ရွှင်စွာနေထိုင်သွားကြသည်။
ဇာတ်လမ်းဆုံးသွားသည်။
အိပ်မက်ပုံရိပ်ကိုကြည့်ပြီးနောက် ထောင်တိန်ဖုန်း အသားကင်စားချင်လာသည်။
"အကင်သွားစားဖို့ အချိန်ကျပြီ"
သူ့အပြုအမူကို ကွမ်းချီနှာခေါင်းရှုံ့သည်။
"စားဖို့သောက်ဖို့ အာရုံစိုက်နေတဲ့ကောင်။ အဆုံးစွန်လမ်းစဉ်ကို ဘယ်လိုနားလည်နိုင်မှာလဲ"
အသားကင်ဆိုင်သို့သွားသည့်လမ်းတွင် ရွှေစီးပွားကုန်သည်အသင်းပေးမှ ဖြတ်သွားရသည်။ မော်ဒယ်အသစ်ဖြစ်သည့်ကားပျံကို ဂိတ်တံခါးတွင် ခင်းကျင်းပြသထားသည်။
ထောင်တိန်ဖုန်း ကြည့်၍အားကျမိသည်။ ထိုကားပျံသည် သူမတတ်နိုင်သေးသည့်အိပ်မက်ဖြစ်သည်။
ကွမ်းချီလည်း အားကျသည်။
ကားပျံဟုခေါ်သည့်ထိုအရာမှရမည့် အကျိုးအမြတ်က တကယ်များသည်။ သူပင်မနာလိုဖြစ်မိသည်။
ထိုအရာများသည် ရိုးရိုးရှင်းရှင်းပစ္စည်းများဖြစ်သည်။ ဘာကြောင့် မဟာချန်ခေတ်က ထိုစိတ်ကူးမျိုး သူမရခဲ့သနည်း။
ဪ...မှန်သည်။ မဟာချန်ခေတ်တွင် ထိုပစ္စည်းများကိုရင်းနှီးမြှုပ်နှံလျှင်လည်း အကျိုးမရှိ။ အသိပညာမူပိုင်ခွင့်ကို ကာကွယ်ထားသည့်ခေတ်မဟုတ်။
'နောက်တစ်ခေါက်'အသားကင်ဆိုင်က ခါတိုင်းလိုပင် လူစည်ကားနေသည်။ သိပ်မကြာသေးမီက ယန်တောင်တန်းတွင် နတ်ဆိုးများသတ်ဖြတ်ခဲ့သည့် ဝိညာဉ်ပြောင်းအဆင့်မသေမျိုးပင် ဤဆိုင်သို့ လာသွားသည်။
ကွမ်းချီမျက်လုံးများ လောဘရိပ်သန်းလာပြန်သည်။
သူ့ဘာသာကျိတ်၍ သန္နိဌာန်တစ်ခုချသည်။ သူ့မူလစွမ်းအားပြန်ရလျှင် ထိုအသားကင်ဆိုင်မှ အသားကင်နည်းကို ရအောင်ခိုးမည်။
"မင်းစောင့်ကြည့်နေတာဘယ်လိုလဲ။ ဒီကွမ်းချီသခင်စစ်က ဘယ်လိုလူမျိုးလဲ"
မုန်ကျင်းကျိုးက မေးသည်။ ထောင်တိန်ဖုန်း၏ သိစိတ်နယ်မြေကို သူမြင်နိုင်စွမ်းမရှိ။
လုယန်ခဏစဉ်းစားပြီး ပြန်ဖြေသည်။
"ဆင်းရဲသားတစ်ယောက်ပါ"
********************************