← Chapters

သိတတ်လိမ္မာသူနှစ်ယောက်

Vol. 48 Ch. 711

သိတတ်လိမ္မာသူနှစ်ယောက်

Vol. 48 Ch. 711

လူငယ်မိတ်ဆက်သည့်နာမည်ကြောင့် သူတို့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အလိုလိုနောက်နှစ်လှမ်းဆုတ်မိသည်။ ကပ်ဆိုးတစ်ခု ဦးခေါင်းပေါ်ဝဲလာသလိုထင်မိသည်။

ရှန်ထန်တာအိုရှင်။

ဂိုဏ်းတစ်ခုတည်ထောင်သူ။

ပထမဆုံးအသိပြန်ဝင်လာသူက လုယန်ဖြစ်သည်။ ကြာပွက်ကို တစ်ချက်ဆောင့်ခါလိုက်သည်။ မီးပွားများလွင့်ထွက်လာသည်။ လူငယ် အကြီးအကျယ်တုန်လှုပ်သွားသည်။

လုယန်လှောင်ပြုံးပြုံးသည်။

"မင်းအတော်သတ္တိကောင်းတာပဲ။ ငါအလေးစားဆုံးဘိုးဘေးအဖြစ် မင်းကဟန်ဆောင်ရဲတယ်ပေါ့။ ငါမေးမယ်၊ တာအိုရှင်ရှန်ထန်ရဲ့ နာမည်ရင်းကဘာလဲ"

"ချီတုန်းထန်"

"တာအိုလမ်းစဉ်ဂိုဏ်းဆိုတဲ့နာမည် ဘယ်လိုရလာတာလဲ"

"ဝိညာဉ်ကျောက်တစ်သောင်းနဲ့ ကောင်းကင်ဆန်းကြယ်ဂိုဏ်းကို ကျုပ်ဂိုဏ်းအတွက် ဖုန်းရွှေကောင်းတဲ့တည်နေရာ တွက်ချက်ခိုင်းခဲ့တယ်။

သူတို့ညွှန်းတဲ့နေရာကိုသွားရင်း ခရီးတစ်ဝက်မှာ လမ်းပျောက်လို့ လမ်းဘေးကလယ်သမားတစ်ယောက်ကို လမ်းမေးရတယ်။

ဒီအတွေ့အကြုံအမှတ်တရဖြစ်ဖို့နဲ့ လယ်သမားကိုကျေးဇူးတင်တဲ့အနေနဲ့ "တာအိုလမ်းစဉ်ဂိုဏ်း"လို့ ကျုပ်နာမည်ပေးခဲ့တာပါပါ"

"ရှန်ထန်တာအိုရှင်မှာ မိန်းမဘယ်နှစ်ယောက်ရှိလဲ"

"ကျုပ်ဘယ်တုန်းက လက်ထပ်ဖူးလို့လဲ"

"ဘာကြောင့်လက်မထပ်တာလဲ"

"ဝိညာဉ်ကျောက်အားလုံးကို ဂိုဏ်းတည်ထောင်ဖို့သုံးခဲ့လို့ပါ"

လူငယ်၏ခြေထောက်များကို ကြိုးခြည်၍ သစ်ပင်မှဆွဲချထားသဖြင့် လေပြေတိုးတိုင်း ချာချာလည်မလိုဖြစ်နေသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ တစ်ခုခုတော့ လွဲနေသည်။ မေးသမျှအားလုံးကို လူငယ်က မှန်အောင်ဖြေခဲ့သည်။

ထိုလူငယ်သည် တာအိုရှင်ရှန်ထန်အစစ်ဖြစ်ပုံရသည်။

လုယန် ခံတွင်းတစ်ချက်ရှင်း၍ မျက်နှာကိုပြုံးပြီး ကြိုးဆွဲထားသည့် တာအိုရှင်ရှန်ထန်ကို အောက်သို့အမြန်ချပေးသည်။

"တာအိုရှင်ရှန်ထန်ဆိုတာ ကျုပ်အလေးစားဆုံးပုဂ္ဂိုလ်ပါ။ ကျုပ်ကျင့်စဉ်လမ်းမှာ အခက်အခဲတွေကြုံတိုင်း တာအိုလမ်းစဉ်ဂိုဏ်းကို ခက်ခဲတဲ့အခြေအနေတွေကြားမှာ ဘိုးဘေးသခင်ဘယ်လိုတည်ထောင်ခဲ့သလဲဆိုတာကို ကျုပ်ပြန်တွေးတယ်။

အဲလိုတွေးလိုက်တိုင်း တကယ်စိတ်ဓာတ်ခွန်အားရခဲ့ပါတယ်။ ခုနက ဘိုးဘေးကို အယောင်ဆောင်လူလိမ်လို့ ထင်ခဲ့လိုပါ။ ခွင့်လွှတ်ပါ ဘိုးဘေး"

ယခု သာမန်လူသာဖြစ်ပြီး အချိန်ကြာမြင့်စွာ ကြိုးဖြင့်ဆွဲခံခဲ့ရသဖြင့် မြေပြင်ကိုထိသည်နှင့် တာအိုရှင်ရှန်ထန် မူးဝေနေသည်။ လုယန်စကားများကို ဖြေးဖြေးချင်း နားလည်အောင်ကြိုးစားရသည်။

မုန်ကျင်းကျိုးက ထိုင်ခုံတစ်ခုထုတ်လာပြီး ဘိုးဘေးကိုထိုင်ခိုင်းသည်။

ရှန်ထန်က ကျေးဇူးတင်စကားပြောပြီး ထိုင်ခုံတွင်ထိုင်၍ ခဏအနားယူသည်။ ထို့နောက် သူ့ကို'ဘိုးဘေး'ဟု ခေါ်ခဲ့သည့်အဖြစ်ကို ရုတ်တရက် နားလည်လာသည်။

"နေပါဦး၊ မင်းတို့က တာအိုလမ်းစဉ်ဂိုဏ်းဝင်တွေလား"

နှစ်ယောက်လုံး ခေါင်းငြိမ့်ပြီး လေးစားမှုအပြည့်ဖြင့် ဦးညွှတ်အရိုအသေပြုသည်။

"ကျုပ်ကလုယန်ပါ။ ရှောင်လုလို့ပဲခေါ်ပါ"

"ကျုပ်နာမည်မုန်ကျင်းကျိုးပါ။ ရှောင်မုန်လို့ပဲခေါ်ပါ"

ရှန်ထန်က သူတို့ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်။ လမ်းဘေးတွင်ကြားခဲ့သည့် ပုံပြန်တစ်ပုဒ်ကို ပြန်တွေးမိသည်။

"မင်းက အခြေတည်အဆင့်မှာ ကိုယ့်ထက်မြင့်တဲ့ ရွှေသန္ဓေ၊ နတ်ဝိညာဉ်၊ ဝိညာဉ်ပြောင်းအဆင့်ကလူတွေကို အနိုင်ယူခဲ့တယ်ဆိုတဲ့ လုယန်ပေါ့။

ပြီးတော့မင်းက တာအိုလမ်းအတွက် စိတ်နှစ်ထားပြီး တာအိုနှလုံး မယိုင်နဲ့ဘူးဆိုတဲ့ မုန်ကျင်းကျိုးလား"

"ဘိုးဘေးက သစ်ပင်မှာချည်ခံခဲ့ရတော့ ပင်ပန်းနေပါမယ်။ ဘိုးဘေးရဲ့ပုခုံးကို ကျုပ်နှိမ့်ပေးပါ့မယ်"

"ကျုပ်က ခြေထောက်ကိုနှိပ်ပေးမယ်"

ဘိုးဘေးကို နှိပ်နယ်ပေးရင်း သူတို့စကားစမြည်ပြောကြသည်။

"ဘိုးဘေးက တာအိုလမ်းစဉ်ဂိုဏ်းကို တည်ထောင်ထားတာမဟုတ်လား။ ဘာလို့ဂိုဏ်းထဲမှာ မအိပ်တာလဲ။ ဂိုဏ်းမှာ တာအိုရှင်ရှန်ထန်ရဲ့ဂူသင်္ချိုင်းတစ်ခုရှိတာာပဲ"

ရှန်ထန်တာအိုရှင်သေဆုံးခြင်းသည် အတုမှန်း၊ မူလရုပ်အစစ်က တစ်ခြားတစ်နေရာမှာရှိမှန်း ဂိုဏ်းဝင်အားလုံးသိကြသည်။

ရှန်ထန် ငိုချင်မိသည်။ သို့သော် မျက်ရည်ထွက်မလာ။

"အရင်က ငါတည်ထောင်ခဲ့တဲ့ဂိုဏ်း အခုချိန်ထိ ရပ်တည်နိုင်ဦးမယ်လို့ ထင်မထားမိဘူး"

ဂိုဏ်းတည်ထောင်စဉ်က သူသည် လေဟာနယ်သန့်စင်အဆင့်သာရှိသည်။ ဂိုဏ်းတည်ထောင်ပြီးမှ စုစည်းခြင်းအဆင့်ကိုရောက်သည်။

သာမန်ပထမဆင့်ဂိုဏ်းတစ်ခုဖြစ်လာသည်။ ပထမအဆင့်ဂိုဏ်းက နှစ်တစ်သိန်းနှစ်သောင်းတည်တံ့ပြီး ပို၍ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဘယ်သူမှတွေးမိမည်မဟုတ်။ မဟာယုတွင် ထိုအချိန်က စိတ်ဓာတ်စာရိတ္တများ ပျက်ပြားနေသည်။

ဂိုဏ်းတစ်ဂိုဏ်း ဖျက်ဆီးခံရလျှင် ရန်သူက တစ်လက်မမကျန် မြေလှန်ရှာသည်။ ရတနာကိုလည်းရှာသည်။ ကျန်သည့်ရန်စွယ်အကြွင်းအကျန်များကိုလည်း ရှင်းပစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် အိပ်စက်ဖို့ရွေးချယ်လျှင် တစ်နေ့နေ့ ဂိုဏ်းဖျက်ဆီးခံရချိန်၌ ရန်သူက အိပ်ပျော်နေသည့်သူ့ကို သတ်သွားလိမ့်မည်။

တာအိုလမ်းစဉ်ဂိုဏ်း ထိုမျှအခြေအနေကောင်းမည်မှန်းသိခဲ့လျှင် အိပ်စက်ဖို့သီးခြားနေရာတစ်ခု ဒုက္ခခံပြီးရှာခဲ့မည်မဟုတ်။

"ဒါဆို ဘာလို့ကျင့်စဉ်ဖျက်ပြီးပြန်စတာလဲ"

ရှန်ထန်မျက်နှာ ပို၍ပင်ခံရခက်လာသည်။

"ငါလုပ်ချင်လို့လုပ်တယ်ထင်နေလား။ ငါနိုးလာတဲ့အချိန် အသိစိတ်တောင်သိပ်မကြည်လင်သေးဘူး။ မဟာချန်သုံးယောက်က ငါ့ကျင်းချန်ကိုလုယူဖို့ အတင်းဝင်လာတယ်။ ခေါင်းဆောင်နာမည်က ကွမ်းချီဆိုလားပဲ။

အားလုံးက အရိုင်းအစိုင်းကောင်တွေပါ။ ငါသာ ကျင့်စဉ်ပြန်စပြီး ထွက်မပြေးခဲ့ရင် ငါ့အသက်အဲဒီမှာကျန်ခဲ့မှာ"

လုယန် နှုတ်ခမ်းများ တင်းမာသွားသည်။

မုန်ကျင်းကျိုးက မကျေမနပ်လေသံဖြင့်

"ဒါတော့ တရားလွန်သွားပြီ။ ကွမ်းချီက ဥပဒေကို မလေးစားဘူး။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကို မျက်လုံးထဲမထည့်တာပဲ"

လုယန်က ပို၍ဒေါသထွက်သည်။

"ဘိုးဘေးကို ဒီလိုဆက်ဆံတယ်ဆိုတော့ သူနဲ့တွေ့ရင် အဖိုးမတန်တဲ့ငါ့အသက်ကိုရင်းပြီး သေတဲ့အထိသူ့ကို တိုက်ခိုက်မယ်"

ရှန်ထန် အတော်ဘဝင်ခွေ့သွားသည်။

ထိုကလေးနှစ်ယောက် တကယ်သိတတ်လိမ္မာကြပေသည်။

သူဆက်ပြောသည်။

"ထွက်ပြေးလာပြီးတော့ တာအိုလမ်းစဉ်ဂိုဏ်း ရှိသေးတယ်ဆိုတာသိရတယ်။ မသေမျိုးငါးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်နေပြီတဲ့။ အဲတော့ ဂိုဏ်းကိုငါပြန်သွားဖို့ကြိုးစားတယ်။ ဒါပေမယ့် ဒီကနေဆို အရမ်းဝေးလွန်းတယ်လေ။

ခရီးသွားဖို့ ငွေအရင်ရှာရမယ်။ ဒါပေမယ့် ခရီးစရိတ်တောင် မရသေးဘူး။ မဟာရှားကျင့်ကြံသူတွေက ငါ့ကိုသတ်ဖို့ ရောက်လာတယ်။ အဲလိုနဲ့ ငါပြေးလာရင်း မင်းတို့နှစ်ယောက်က ငါ့ကိုဖမ်းပြီး ကြိုးနဲ့ဆွဲကြတာပဲ"

"ဘိုးဘေးဘာအမှားမှမလုပ်ခဲ့ဘဲနဲ့ ဘာလို့သူတို့ကိုမြင်ရုံနဲ့ ထွက်ပြေးတာလဲ"

လုယန် တာအိုရှင်ရှန်ထန်၏ ပုခုံးကို ပို၍ဂရုတစိုက်နှိပ်ပေးသည်။

ရှန်ထန်က အခက်တွေ့နေဟန်ဖြင့်

"ဘာအမှားမှမလုပ်ထားလည်း ပြေးရမှာပေါ့။ ငါက ဒီခေတ်ရဲ့ကျင့်ကြံသူမဟုတ်ဘူးလေ။ မဟာရှားအရာရှိတွေ ငါ့ကိုတွေ့ရင် သေချာပေါက်ဖမ်းချင်ကြမှာပဲ။ တာအိုလမ်းစဉ်ဂိုဏ်းကပဲ ပိုလုံခြုံတယ်လို့ ခံစားရတယ်"

လုယန် နားလည်သွားသည်။ ဘိုးဘေးအရှင်သည် မကြာသေးခင်ကမှ နိုးထလာသူဖြစ်၍ မဟာရှားအကြောင်း နားမလည်သေး။

မဟာရှားကို မဟာယုခေတ်စံနှုန်းဖြင့် အကဲဖြတ်နေခြင်းဖြစ်သည်။

မဟာရှားသည် ရှေးခေတ်ကျင့်ကြံသူအားလုံးကို ဖမ်းဆီးသည်မဟုတ်။

မဟာရှားဥပဒေစည်းမျဉ်းအတိုင်း နေလိုသူများကို မှတ်ပုံတင်ပေးသည်။ ခွဲခြားဆက်ဆံခြင်းမရှိ။

ဘိုးဘေးရှန်ထန်လို နစ်နာသူများကို ပို၍ပင်ကာကွယ်ပေးသည်။

ရှန်ထန် သက်ပြင်းချသည်။

"ငါ့ကျင်းချန်ကို နှမျောလိုက်တာ"

"ဒီမဟာချန်သုံးယောက်က ဘိုးဘေးမှာကျင်းချန်ရှိတာ ဘယ်လိုသိတာလဲ"

မုန်ကျင်းကျိုး စပ်စုလိုက်သည်။

ရှန်ထန် ကိစ္စတစ်ခုကို ပြန်သတိရလာဟန်ရှိသည်။ ပေါင်ကိုဖြန်းခနဲရိုက်၍ ဒေါသတကြီးပြောသည်။

"သူတို့က ယုမဟာမိတ်အဖွဲ့ဝင်တွေပဲ ဖြစ်မယ်"

"ယုမဟာမိတ်.."

ထိုအဖွဲ့အစည်းအကြောင်း ဝူယွီထောင်ပြောဖူးသည်ကို လုယန်မှတ်မိသည်။

"အဲဒါ မဟာယုကျင့်ကြံသူတွေဖွဲ့စည်းထားတဲ့ မဟာမိတ်တစ်ခုပါ။ ငါနိုးလာတော့ သူတို့ကငါ့ကို ချက်ချင်းလာတွေ့ပြီး သူတို့နဲ့ပူးပေါင်းဖို့ပြောတယ်။ သူတို့က မယုံကြည်ရမှန်းသိလို့ ငါငြင်းလိုက်တယ်။

အဲဒီ့အချိန် ငါ့မှာကျင်းချန်ရှိမှန်း သူတို့သိသွားတာဖြစ်မယ်။ ဒါပေမယ့် ချက်ချင်းမလှုပ်ရှားဘူး။ အဲလိုလုပ်ရင် ယုမဟာမိတ်စည်းမျဉ်းကို ချိုးဖောက်ရာကျတယ်လေ။

ဒါကြောင့် မဟာချန်ကျင့်ကြံသူတွေကို ငါဆီကနေလုယူချင်အောင် လျှို့ဝှက်သတင်းပေးလိုက်တာ။ ပြီးတော့မှ သူတို့က အဲဒါကို ပြန်ယူမှာ။ ဒါမှသူတို့လုပ်ရပ်က စည်းမျဉ်းနဲ့ညီမှာ။

မဟာရှားကျင့်ကြံသူတွေ ဒီလောက်မြန်မြန်ရောက်လာမယ်လို့ သူတို့ထင်မထားလောက်ဘူး။ တိုက်ရိုက်ရင်မဆိုင်နိုင်လို့ နောက်ဆုတ်သွားကြတာ"

လုယန် ရင်ဘတ်ကိုပုတ်၍ အာမခံသည်။

"စိတ်ချပါ ဘိုးဘေး။ ယုမဟာမိတ်အဖွဲ့နဲ့ တွေ့ခွင့်ကြုံခဲ့ရင် ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းက ဘိုးဘေးအတွက် တရားမျှတမှုရအောင် သေချာပေါက်ကူညီမှာပါ"

ထိုကလေးနှစ်ယောက် တကယ်အလိုက်သိသည်ဟု ရှန်ထန်ခံစားရသည်။ ပါရမီလည်းထူးခြားသည်။

မှန်သည်။ ပုံပြင်ထဲကြားခဲ့ရသလိုပင် သူတို့သည် ရှားပါးမျိုးဆက်သစ်များဖြစ်သည်။

ထိုနှစ်ယောက်ရှိလျှင် တာအိုလမ်းစဉ်ဂိုဏ်းအနာဂတ်သည် အတိုင်းအဆမရှိတိုးတက်လိမ့်မည်။

"ဒါနဲ့ဘိုးဘေး..ကျုပ်တို့အခုပဲ ဂိုဏ်းတာဝန်ပြီးလို့ ဂိုဏ်းကိုပြန်ကြတော့မှာ။ ကျုပ်တို့နဲ့အတူလိုက်ခဲ့မလား"

"လိုက်မှာပေါ့"

***********************************

All Chapters