← Chapters

စွမ်းအားအကြီးဆုံးဝှက်ဖဲ

Vol. 48 Ch. 716

စွမ်းအားအကြီးဆုံးဝှက်ဖဲ

Vol. 48 Ch. 716

"ရှေးဟောင်းကောင်းကင်ရုံး‌တော်က ငါတို့တာအိုလမ်းစဉ်ဂိုဏ်းလား"

ကောင်းကင်ရုံးတော်ဂိုဏ်းတွင် စွမ်းအားကြီးပုဂ္ဂိုလ်များပြည့်နေကြာင်း သူကြားခဲ့သည်။ ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်၊ တော်ဝင်ကာကွယ်သူလေးယောက်၊ ကောင်းကင်ဘုရင်များ၊ ပါရမီရှင်များ။

အထူးသဖြင့် အရှင်ကျူးထန်ကို အနိုင်ယူခဲ့သည့် ဖီးနစ်ဘိုးဘေးနှင့် မသေမျိုးတစ်ဝက်နှစ်ယောက်ကို ဖမ်းဆီးခဲ့သည့် ဂိုဏ်းချုပ်ယွမ်။

မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက်။

အကျဉ်းကျနေသည့် အိပ်မက်ဆိုးအဓိပဓိနှင့် လေဟာနယ်အရှင်အကြောင်း သူပြန်သတိရလာသည်။

ကောလဟာလပြောကြသည့် မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက်သည် သူတို့ကိုညွှန်းသလော..

အကျဉ်းထောင်တောင်ထိပ်တွင် အံ့ဩတုန်လှုပ်ဖွယ်သတင်းများ ဆက်တိုက်ကြားခဲ့ရသဖြင့် စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ခဲ့သည်။ ယခုမှ သူနားလည်သည်။

ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်သည် မသေမျိုးတစ်ဝက်နှစ်ယောက်ကို စေတနာပရဗွဖြင့် တာအိုလမ်းစဉ်ဂိုဏ်းသို့ ပို့ပေးမည်မဟုတ်။

ဂိုဏ်းချုပ်ယွမ်သည် သူတို့ဂိုဏ်းဝင်တစ်ယောက်သာဖြစ်မည်။

အတွေးများ ရှင်းလင်းလာသည်။

သို့သော် သိပ်တော့မဟုတ်သေး။

ကောင်းကင်ရုံးတော်ဂိုဏ်းသည် ရှေးဟောင်းခေတ်မှ စတင်အခြေတည်ခဲ့သည်။ တာအိုလမ်းစဉ်ဂိုဏ်းသည်လည်း ရှေးဟောင်းဂိုဏ်းတစ်ခုလော..

သူဘာကြောင့် ထိုအကြောင်းမသိသနည်း။

"အတိအကျပြောရရင် ကောင်းကင်ရုံးတော်ဂိုဏ်းမှာ ကျုပ်တို့ဂိုဏ်းကလူတစ်ချို့ပါပါတယ်။ နတ်ဆိုးဂိုဏ်းအားလုံးကို တစ်ပြိုင်တည်းအပြတ်ရှင်းနိုင်ဖို့ ကျုပ်တို့ကောင်းကင်ရုံးတော်က နတ်ဆိုးဂိုဏ်းတစ်ခုအဖြစ် အသွင်ယူထားတာပါ။

အရှက်တရားကိုသည်းခံပြီး ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ ဟန်ဆောင်ထားတာပါ"

နတ်ဆိုးဂိုဏ်းအဖြစ်ဟန်ဆောင်ပြီး နတ်ဆိုးဂိုဏ်းများ၏ခေါင်းဆောင်ဖြစ်လာသတဲ့လား...

ကောင်းကင်ရုံးတော်ထုတ်ပြခဲ့သည့်စွမ်းအားသည် တာအိုရှင်ရှန်ထန်ရှင်သန်ခဲ့သည့်ခေတ်တွင် လောကကို အကြိမ်ကြိမ်သိမ်းယူဖို့ လုံလောက်သည်။

သူတို့လေးယောက် စကားပြောရင်း ဂိုဏ်းအပြင်ပိုင်း ဝါးတောသို့ရောက်လာသည်။ ထိုနေရာတွင် စမ်းချောင်းတစ်ခု ဖြတ်သန်းစီးဆင်းနေသည်။

"မြစ်ဝိညာဉ်အကြီးအကဲ၊ ထွက်ခဲ့ပေးပါဦး"

ယွမ်ကျိ အော်ခေါ်လိုက်သည်။

တည်ငြိမ်သည့်စမ်းချောင်းက လှုပ်ရှားလာသည်။ ရေပန်းတစ်ခု မျက်နှာပြင်ပေါ်ထိုးထွက်လာသည်။ သက်ကြီးပိုင်းလူတစ်ယောက် ရေပန်းအထက်တွင်ပေါ်လာသည်။

"ဘာကိစ္စလဲ"

မြစ်ဝိညာဉ်က အတက်အကျမရှိသည့်လေသံဖြင့်မေးသည်။

"ရှောင်လွီ"

မြစ်ဝိညာဉ်ကိုမြင်သည်နှင့် ရှန်ထန်၏မျက်လုံးများ အရောင်လက်လာပြီး ငယ်နာမည်ကို လွှတ်ခနဲခေါ်မိသည်။

မြစ်ဝိညာဉ်မျက်နှာတွင် ရှက်ရွံ့သည့်အရိပ်တစ်ခု ဖြတ်သန်းသွားသည်။ သူ့နာမည်ကို သိသူများ အခုထိရှိနေသေးသလော...

မဟုတ်သေး။ ထိုနာမည်ကို သူ့နာမည်အဖြစ် အသိအမှတ်မပြုနိုင်။

"မင်းကဘယ်သူလဲ"

ရှန်ထန်ဆီ သူအကြည့်ရောက်သွားသည်။ ထိုလူငယ်ကို သူမမှတ်မိ။

"ငါပါ၊ ချီတုန်းထန်ပါ"

ရှန်ထန် ဝမ်းသာအားရ မိတ်ဆက်သည်။ မြစ်ဝိညာဉ်ရှောက်လွီ ရှိနေဦးမည်ဟု မထင်ခဲ့။ ထိုစမ်းချောင်း၏သမိုင်းကြောင်းသည် တာအိုလမ်းစဉ်ဂိုဏ်းထက်ပင် ရှည်လျားသည်။

တာအိုလမ်းစဉ်ဂိုဏ်းပေါ်မလာမီ စမ်းချောင်းထဲတွင် ဝိညာဉ်စွမ်းအင်သန္ဓေတစ်ချို့ ရှိခဲ့သည်။ သို့သော် သိစိတ်မဖွံ့ဖြိုးသေး။

ရှန်ထန်က အပြင်ဘက်တွင် လှည့်လည်ရင်း စမ်းချောင်း၏ထူးခြားချက်ကို အမှတ်မထင် သတိပြုမိခဲ့သည်။ စမ်းချောင်းမှ ဝိညာဉ်စွမ်းအင်ကို ပျောက်ပျက်မသွားအောင် ပိတ်လှောင်ခဲ့ပြီး တာအိုလမ်းစဉ်ဂိုဏ်းသို့ ယူလာသည်။ ထို့မှတစ်ဆင့် မြစ်ဝိညာဉ်ဖြစ်တည်လာသည်။

အရှင်းဆုံးပြောရလျှင် မြစ်ဝိညာဉ်အသက်ကို ရှန်ထန်က ကယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြစ်ဝိညာဉ်က တာအိုလမ်းစဉ်ဂိုဏ်းကို အမြဲတမ်းစောင့်ရှောက်ပေးခဲ့သည်။

"သောက်လခွမ်း၊ မင်းက ချီတုန်းထန်လား။ အခုထိ အသက်ရှင်နေသေးတယ်ပေါ့"

မြစ်ဝိညာဉ်မျက်နှာတွင်လည်း မြင်ရခဲသည့် စိတ်လှုပ်ရှားရိပ်ပေါ်လာသည်။ သူ့နှုတ်ခမ်းမှအပြုံးကို ထိန်းမထားနိုင်တော့။

"အသက်ရှင်နေသေးတယ်။ အမှားအယွင်းနည်းနည်းတော့ဖြစ်ခဲ့တာပေါ့"

ရှန်ထန်က ခေါင်းကုတ်ရင်း ရှက်ရယ်ရယ်နေသည်။

"ကြည့်ရတာ အမှားအယွင်းက အတော်ကြီးပုံပဲ။ မင်းက သေမျိုးဖြစ်သွားပြီလား"

"အသက်ရှင်နေတာပဲ တော်လှပါပြီ"

"ဟုတ်ပါတယ်လေ။ မင်းစိတ်ဓာတ်က အမြဲအဲလိုပါပဲ။ အခု တာအိုလမ်းစဉ်ဂိုဏ်းက အတော်ပြောင်းလဲသွားပြီ။ မင်းတည်ထောင်စကအခြေအနေနဲ့ လုံးဝမတူတော့ဘူး"

တာအိုလမ်းစဉ်ဂိုဏ်း တစ်ဆင့်ချင်းတိုးတက်သည်ကို သူကိုယ်တွေ့မြင်ခဲ့ရသည်။

ရှန်ထန် ခေါင်းငြိမ့်သည်။

"ငါသိပါတယ်။ မျိုးဆက်သစ်တွေအားလုံး အတော်ဇွဲကောင်းတယ်။ ငါ့ထက်လည်း အများကြီးစွမ်းအားကြီးတယ်"

နှစ်ယောက်သား သူတို့သာနားလည်သည့်စကားများ အပြန်အလှန်ပြောနေသည်။ မျက်နှာများ ပြုံးရွှင်နေသည်။

နှစ်တစ်သိန်းနှစ်သောင်းကြာပြီးမှ ပြန်ဆုံရသဖြင့် မဟာယုခေတ်သို့ ပြန်ရောက်သွားသလို ခံစားကြရသည်။ ပြောစရာစကားများ မကုန်နိုင်အောင်ဖြစ်နေသည်။

နေ့တစ်ဝက်နီးပါး စကားပြောကြပြီးမှ သူတို့ရပ်လိုက်သည်။ သို့တိုင်အောင် ပြောစရများကုန်သေးပုံမရ။

ယွမ်ကျိက ဘေးမှ သတိပေးသည်။

"အကြီးအကဲတို့စကားပြောချင်ရင် နောက်ကို အချိန်မရွေးပြောလို့ရပါတယ်။...ဘိုးဘေးရှန်ထန်၊ နောက်ထပ် ဘိုးဘေးတွေ့ရမယ့်လူတစ်ယောက်ရှိသေးတယ်"

လုယန်နှင့်မုန်ကျင်းကျိုးတို့ ဇဝေဇဝါဖြစ်သွားသည်။ ဂိုဏ်းထိပ်သီးအားလုံးတွေ့ပြီးပြီဟု သူတို့ထင်ခဲ့သည်။

တစ်ခြားဘယ်သူကျန်သေးသည်မသိ။

"ဟုတ်သားပဲ၊ လူကုန်မတွေ့ရသေးဘူး။ သွားကြစို့"

ရှန်ထန် သဘောပေါက်သွားဟန်ဖြင့် သူ့နဖူးသူရိုက်သည်။ ဤနေရာတွင် အချိန်ဖြုန်း၍မဖြစ်သေး။

"ရှောင်လီ၊ နောက်မှတွေ့မယ်"

မြစ်ဝိညာဉ်က ရယ်မောရင်း ဆဲဆိုသည်။

"ဒီသောက်သုံးမကျတဲ့နာမည်ကို ငါမလိုချင်ဘူးလို့ မင်းကိုပြောထားတယ်လေ။ ငါ့အတွက် နောက်ထပ်နာမည်တစ်ခု စဉ်းစားပေးပါ"

"အမယွမ်၊ မတွေ့ရသေးတာ ဘယ်သူကျန်သေးလို့လဲ"

လုယန် ကပ်မေးသည်။

"ကျန်တာပေါ့။ တစ်ယောက်ကျန်သေးတယ်။ သူ့ဆီရောက်ရင် နင်တို့သိလာမှာပါ"

နောက်ဆုံးကျန်သည့်ဂိုဏ်းထိပ်သီးရှိသည့်နေရာက ဤနေရာမှ အတော်ဝေးသည်။ ထို့ကြောင့် ယွမ်ကျိ နောက်တစ်ကြိမ် တိမ်တိုက်ကိုဆွဲယူပြီး လုယန်တို့သုံးယောက်ကိုတင်၍ ခေါ်သွားသည်။

ကျယ်ပြန့်သည့် မြက်ခင်းလွင်ပြင်၊ အကျဉ်းထောင်တောင်ထိပ်၊ မူလကရှိခဲ့သည့် ဓားဆေးကန်နေရာတို့ကို ဖြတ်ကျော်ခဲ့သည်။ တိမ်တိုက်က အရှိန်လျော့သွားခြင်းမရှိ။

လုယန်တို့မရောက်ဖူးသည့် ဂိုဏ်းအတွင်းပိုင်းနေရာသို့ရောက်လာသည်။ လူသူကင်းမဲ့သည့် တောင်တန်းတစ်ခုပေါ် သူတို့ဆင်းသည်။

"ဒါက စန်းမန်တောင်တန်းပါ။ ငါတို့ဂိုဏ်းရဲ့ ရှေ့မျိုးဆက်တစ်ယောက် ဒီမှာတံခါးပိတ်ကျင့်နေတယ်။ သူက တစ်ချိန်လုံးတံခါးပိတ်ကျင့်ကြံနေလို့ မင်းတို့မတွေ့ဖူးတာပါ။

ပြီးတော့ ဒီလူရဲ့သရုပ်မှန်ကထူးခြားတယ်။ သူ့အကြောင်းသိတဲ့လူ အတော်နည်းတယ်"

ယွမ်ကျိက ပြောနေရင်းမှ ခြောက်သွေ့နေသည့် နွယ်ပင်များကို ဖယ်ရှားသည်။ နောက်ဘက်တွင် လှိုဏ်ဂူတစ်ခုပေါ်လာသည်။

"အကြီးအကဲ၊ အထဲမှာရှိနေလား။ ကျင့်ကြံနေတာမဟုတ်ရင် ထွက်လာပေးပါဦး"

မကြာမီ လှိုဏ်ဂူထဲမှ လူငယ်တစ်ယောက်၏ စကားသံထွက်ပေါ်လာသည်။ ရှန်ထန်နှင့်သက်တူရွယ်တူ ဆယ်ကျော်သက်အသံမျိုးဖြစ်သည်။

"မင်းဘာလို့ဒီလောက်အကျယ်ကြီးအော်နေတာလဲကွ။ အကြီးအကဲတွေကို လေးစားရကောင်းမှန်းမသိဘူးလား"

ထိုစဉ် သိစိတ်နယ်မြေရှိနတ်မယ်ထံမှ အာမေဋိတ်သံတစ်ချက်ပေါ်လာသည်။

လုယန်အကျိုးအကြောင်းမမေးနိုင်မီ လှိုဏ်ဂူထဲမှ ဆယ်ကျော်သက်တစ်ယောက်ထွက်လာသည်။ မျက်နှာတွင် စိတ်မရှည်သည့်အမူအရာမျိုး ပေါ်လွင်နေသည်။

"ကျွန်မမိတ်ဆက်ပေးမယ်။ ဒါက ကျွန်မတို့ဂိုဏ်းကို ပြန်ရှင်သန်စေခဲ့တဲ့ဘိုးဘေး ပင်လယ်တာအိုသခင် ဖန်ဝူယာပါ"

"..."

ဤတစ်ကြိမ် အံ့ဩရသူက လုယန်နှင့်မုန်ကျင်းကျိုးဖြစ်သည်။

လွန်ခဲ့သည့် နှစ်ငါးသောင်းက ပင်လယ်(ဟန်ဟိုင်)တာအိုသခင်။

သူအသက်ရှင်နေသေးသလော...

သူသည် ကူးဖြတ်ခြင်းအဆင့်သာရှိသည်ဟု ပြောကြသည်မဟုတ်လော။

"မဟုတ်ဘူး။ သူက မသေမျိုးတစ်ဝက်အဆင့်ပဲ"

နတ်မယ်က ဖန်ဝူယာ၏ ကျင့်စဉ်အဆင့်ကို ပြောပြသည်။

"ငါတံခါးပိတ်ကျင့်ကြံနေလို့ အလုပ်များတယ်။ မင်းဘာလိုချင်လို့လဲ"

ပင်လယ်တာအိုသခင်၏ဖြစ်တည်မှုသည် တာအိုလမ်းစဉ်ဂိုဏ်း၏ အကြီးဆုံးဝှက်ဖဲဖြစ်သည်။ ဂိုဏ်းသေရေးရှင်ရေးကြုံသည့်အခြေအနေမဟုတ်လျှင် သူမလှုပ်ရှား။

အနည်းဆုံးတော့ ယွမ်ကျိ ဂိုဏ်းထဲမဝင်မီက ထိုသို့သာဖြစ်သည်။

ထို့နောက် ယွမ်ကျိ ဂိုဏ်းသို့ရောက်လာသည်။ ကျင့်စဉ်စွမ်းအား နေ့စဉ်အရှိန်အဟုန်ဖြင့် တိုးတက်သည်။ ထိုမျိုးဆက်သစ်ကို အလားအလာကောင်းသည်ဟု ယုံကြည်ပြီး ပင်လယ်တာအိုသခင်က လမ်းညွှန်မှုပေးသည်။

နောက်ပိုင်းတွင် ယွမ်ကျိက သူ့ကို အပြတ်အသတ်အနိုင်ယူခဲ့သည်။ ပြန်ထမရပ်နိုင်လောက်အောင် အလဲအကွဲရှုံးသည်။

ထိုအချိန်မှစ၍ မသေမျိုးဖြစ်အောင် အားစိုက်ကျင့်ကြံမည်ဟု သူသန္နိဌာန်ချသည်။ ဂိုဏ်းကိုပြန်အားဖြည့်ခဲ့သူအဖြစ် သူ့ဂုဏ်သိက္ခာ ပြန်ဆယ်ရမည်။

ထို့ကြောင် ဂိုဏ်းအတွင်းပိုင်းတွင် တံခါးပိတ်ကျင့်နေခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ တာအိုလမ်းစဉ်ဂိုဏ်း၏ လူမြင်ကွင်းမှ သူပျောက်ကွယ်သွားသည်။

"ဘိုးဘေးတွေ့ဖို့လိုတဲ့ မျိုးဆက်ဟောင်းတစ်ယောက် ကျွန်မတို့တွေ့ထားတယ်"

"ဪ အဲဒီနောက်မျိုးဆက်က ဘယ်သူများလဲ"

ဖန်ဝူယာ ပုံမှန်လေသံဖြင့်မေးသည်။ သူ့လိုဘိုးဘေးတစ်ယောက်အတွက် ယွမ်ကျိသည် နောက်မျိုးဆက်ဖြစ်သည်။ ကျန်သည့်လူအားလုံးလည်း ထိုနည်းတူသာဖြစ်သည်။

"ဒီတစ်ယောက်ပါ"

ယွမ်ကျိ ဘေးဖယ်လိုက်သည်။ တာအိုရှင်ရှန်ထန်ပေါ်လာသည်။

"သူက ကျွန်မတို့ဂိုဏ်းရဲ့ ဂိုဏ်းတည်ဘိုးဘေး တာအိုရှင်းရှန်ထန် ချှီတုန်းထန်ပါ"

"ဟုတ်ကဲ့၊ ကျုပ်က ချီတုန်းထန်ပါ"

ရှန်ထန်က ခါတိုင်းလိုပင် ယဉ်ကျေးစွာနှုတ်ဆက်သည်။

"ဘိုးဘေး...ဂိုဏ်းတည်ဘိုးဘေးပေါ့"

ဖန်ဝူယာ အကြီးအကျယ်အံ့အားသင့်သွားသည်။

အစက သူသည် ဂိုဏ်းတွင် အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။ ကျင့်စဉ်စွမ်းအားရော ဝါစဉ်ရော သူပထမဖြစ်သည်။

ထို့နောက် ယွမ်ကျိရောက်လာသည်။ သူ့ကျင့်စဉ်စွမ်းအားအဆင့် ဒုတိယနေရာရောက်သွားသည်။

ယခု ဘိုးဘေးဟူသည့် ဝါစဉ်သည်ပင် ပထမနေရာ ထိန်းထားနိုင်မည်မဟုတ်တော့။

**************************************

All Chapters