အလတ်တန်းနတ်ဝိညာဉ်အဆင့်
Vol. 48 Ch. 718
ပထမဆုံးတွေ့ဆုံခြင်းဖြစ်သော်လည်း လုယန်နှင့်မုန်ကျင်းကျိုးတို့ ပင်လယ်တာအိုသခင်ကို အတော်သဘောကျသွားသည်။
အကြီးအကဲတစ်ယောက်၏ ဟန်ပန်မျိုးရှိသည်။
သူတို့နှစ်ယောက်ကို တစ်ကြိမ်ကာကွယ်ပေးမည်ဟုပြောသည့်အချိန်တွင် ယွမ်ကျိက ထိုကတိမျိုးမပေးဖို့ ဖန်ဝူယာကို ဖျောင်းဖျရန်ပြင်သည်။ သို့သော် လုယန်တို့နှစ်ယောက်က အလွန်အလိုက်သိပြီး ကျေးဇူးတင်ကြောင်းအမြန်ပြောသည်။
ထို့ကြောင့် သူကြားဝင်ပြောဖို့ မသင့်တော်တော့။
ရှန်ထန်က လောလောဆယ် ဖန်ဝူယာနှင့်နေဖို့ ဆုံးဖြတ်လိုက်သည်။ ယွမ်ကျိက အကြီးအကဲများကိုနူတ်ဆက်ပြီးနောက် လုယန်တို့နှစ်ယောက်ကို သက်ဆိုင်ရာတောင်ထိပ်သို့ ပြန်ခေါ်သွားသည်။
"မင်းတိုနှစ်ယောက် ကျင့်ကြံမှုကို အာရုံစိုက်ပါ"
"ဟုတ်ကဲ့ပါ"
...
လေးလကုန်လွန်သွားသည်။ ဒုတိယလ ဒုတိယနေ့ရောက်ဖို့ တစ်လပင်မလိုတော့။
မစ်ရှင်လွှတ်ထားသည့် တပည့်များလည်း တစ်ယောက်ပြီးတစ်ယောက်ပြန်လာကြသည်။
အပုံလိုက်ရှိနေသည့် အစီရင်ခံစာများကိုကြည့်၍ တိုင်ပုဖန် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေသည်။ သူရွေးချယ်ထားသည့် သေမျိုးအများစုက စာရိတ္တကောင်းသည့်သဘောဖြစ်သည်။
ဓားကျောက်တုံးပေါ်တွင် လုယန်က ခန္ဓာကိုယ်အစိတ်အပိုင်းငါးခုကို ကောင်းကင်နှင့်အညီထားသည်။ ဓားချီကို ထိန်းချုပ်ထားသည်။ ချင်ဖုန်းနှင့်မိန်ယွဲ့ဓားနှစ်လက်၊ ခုနစ်စဉ်ကြယ်ဓားစက်ဝန်း၊ ထူးထူးခြားခြားသိသာထင်ရှားသည့် ဓားဆေးကန်။
အားလုံး သူ့ဘေးပတ်လည်တွင် ဝဲပျံနေသည်။
အသက်တစ်ချက်ရှူတိုင်း လတ်ဆတ်သည့်စွမ်းအင်က သူ့တစ်ကိုယ်လုံးလည်ပတ်သည်။ သွေးကြောဆုံများကိုဖြတ်သန်းသည်။ သူ့ခန္ဓာကိုယ်အကြောဆုံများကို ချိတ်ဆက်သည်။ ချောက်နက်ထဲအိပ်ပျော်နေသည့် နဂါးတစ်ကောင် ကောင်းကင်ပျံတက်မည့်အသွင်နှင့် တူနေသည်။
"ဟူး"
ညစ်ထေးသည့် လေတစ်ချက်မှုတ်ထုတ်လိုက်သည်။ သူ့ကိုယ်ထဲမှ မသန့်စင်သည့်ဓာတ်များဖြစ်သည်။
ထိုလေက ဓားချီအသွင်ဖြင့် ထွက်သွားသည်။ သစ်ပင်များစွာ ခါးတစ်ပိုင်းပြတ်၍ တဝုန်းဝုန်းလဲပြိုနေသည်။
တောင်နှင့်မြစ်ကိုခွဲမည့် လေတစ်ချက်၊ ပါးစပ်မှထွေးထုတ်သည့် ဓားချီ။
လုယန်၏ဓားပညာနားလည်နိုင်စွမ်း အဆင့်သစ်တစ်ခု ရောက်လာသည်။
ယနေ့ကျင့်ကြံသူလောကတွင် တာအိုရှင်ဝစီပိတ်မှလွဲ၍ နတ်ဝိညာဉ်အဆင့်တွင် ထိုအောင်မြင်မှုမျိုးရသူဟူ၍ တစ်ယောက်မှမကြားဖူး။
"နတ်ဝိညာဉ်အလတ်တန်းဆင့်ရောက်ပြီပဲ"
အပြောင်းအလဲများကို သေချာခံစားကြည့်သည်။ ရွှေသန္ဓေအဆင့်တက်စဉ်ကလောက် မထူးခြားသော်လည်း အပြောင်းအလဲများ တကယ်ရှိသည်။ သိသိသာသာ တိုးတက်လာသည်။
ယခု နတ်ဝိညာဉ်အခြေခံအဆင့်မှ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို သူအနိုင်ယူနိုင်ပြီဖြစ်သည်။
"ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၊ ထွက်လာပြီး တိုက်ခိုက်စမ်း"
တိုးတက်လာသည့်စွမ်းအားဖြင့် သူ့နတ်ဝိညာဉ်ကို စိန်ခေါ်သည်။
မကြာမီ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က လက်တွေ့အမှန်တရားကို သူနားလည်အောင်လုပ်ပေးသည်။
"နေဦး၊ သက်သက်ညှာညှာလုပ်ပါ"
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်သည်လည်း အလတ်တန်းဆင့်ဖြစ်လာသည်။
လုယန် နာကျင်နေသည်။ နတ်ဝိညာဉ်နှင့် ပြန်ချိတ်ဆက်သည်။ နတ်ဝိညာဉ် တည်ငြိမ်သွားပြီး သူ့ဒန်ထန်သို့ ပြန်ဝင်သည်။
ခဏတာတိုက်ခိုက်ပြီးနောက် သူ့လိုအပ်ချက်များကို သိလာသည်။
"ငါ့စွမ်းအားနဲ့ အမြန်နှုန်းက နတ်ဝိညာဉ်နဲ့အတူတူပေမယ့် သူ့တိုက်ကွက်တွေက ပိုပြီးအဆင့်မြင့်တယ်။ အမှန်ဆို ငါလည်း အဲလိုပဲဖြစ်သင့်တယ်"
လုယန် စိတ်ငြိမ်သွားသည်။ သူခံလိုက်ရသည့် အတွေ့အကြုံကို အထပ်ထပ်ပြန်စဉ်းစားသည်။ အကျိုးကျေးဇူးများစွာ ရသည်။
"ဒါက ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အသုံးပြုနည်းအစစ်ဖြစ်မယ်။ ငါ့လိုအပ်ချက်တွေကို နားလည်အောင် ကူညီပေးတာပဲ"
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ဓားရှည်ကိုးလက်ကို ထိန်းချုပ်ပြီး ဓားစက်ဝန်းကို အသက်သွင်းသည်။
"မသေမျိုးသတ်ဓားစက်ဝန်း"
ဓားကိုးစင်း သူ့ဦးခေါင်းအထက်တွင် ရှိနေသည်။ ဓားဦးထိပ်များက အောက်ဘက်သို့ချိန်ရွယ်ထားသည်။ ကြောက်စရာဖိအားတစ်မျိုး ထုတ်လွှတ်သည်။
အထူးသဖြင့် ဓားဆေးကန်၏အရှိန်အဝါက အကြီးဆုံးဖြစ်သည်။
ဘုတ်
လုယန် မြေပြင်ပေါ် ဒူးထောက်ကျသွားသည်။ ထမရပ်နိုင်တော့။
"သောက်သုံးမကျတဲ့ ဒီဓားစက်ဝန်းက မိတ်ဆွေရန်သူမခွဲခြားတတ်ဘူးလား။ သခင်ကိုတောင် ချမ်းသာမပေးဘူးပေါ့"
သူဒေါသထွက်သွားသည်။
နတ်မယ်က နှုတ်ခမ်းစူသည်။
"အစက ဒီဓားစက်ဝန်း ဘာအတွက်ရည်ရွယ်ခဲ့သလဲဆိုတာ နင်မေ့နေပြီလား"
ချီလင်မသေမျိုး သူ့အတွက်သူ ဖန်တီးခဲ့သည့် ဓားစက်ဝန်းဖြစ်သည်။
စဖန်တီးကတည်းက စက်ဝန်းသခင်အပေါ်ဖိနှိပ်ဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။
...
မုန်ကျင်းကျိုး၏ လှိုဏ်ဂူတံခါးဝတွင်ဖြစ်သည်။
ကျောက်တံခါး ဝုန်းခနဲပွင့်သွားသည်။ မုန်ကျင်းကျိုးက ယန်ယန်ထိုက်ချိစက်ဝန်းကို ပြန်ရုပ်သိမ်း၍ အပင်ထွက်ပြီး နေရောင်ကိုခံစားသည်။ သက်တောင့်သက်သာ အကြောတစ်ချက်ဆန့်သည်။
"နတ်ဝိညာဉ်အလတ်တန်းဆင့်ရောက်တာ ခံစားလို့သိပ်ကောင်းတာပဲ။...ဟာ လောင်မာ၊ ခင်ဗျားဘာလုပ်နေတာလဲ"
လောင်မာက သူ့လှိုဏ်ဂူတံခါး အပြင်ဘက်တွင် နောက်ခြေနှစ်ချောင်း ကြက်ခြေခတ်ပြီး ရှေ့လက်နှစ်ချောင်း ဒူးပေါ်တင်၍ နားနေသည်။ သူ့နှာခေါင်းပေါက်မှ အဖြူရောင်အငွေ့များ အဆက်မပြတ်ဝင်ထွက်နေသည်။
"ခင်ဗျားကျင့်ကြံနေတာလား"
လောင်မာကျင့်ကြံသည်ကို သူပထမဆုံးမြင်ဖူးခြင်းဖြစ်၍ သေချာတော့မပြောနိုင်။
လောင်မာစိတ်တွင် စုစည်ခြင်းအဆင့်ရောက်သည့်အဖြစ်ကို အတော်ကျေနပ်စရာကောင်းသည်ဟု ထင်ခဲ့သည်။ ကူးဖြတ်ခြင်းအဆင့်ပေါ်မလာသရွေ့ သူသည်ပြိုင်ဘက်ကင်းဖြစ်သည်။
ယခု သူ့အတွေးမှားကြောင်း နားလည်လာသည်။
မုန်ကျင်းကျိုးကို မုန်မိသားစုမှ ဆွဲခေါ်လာပြီးနောက် အချိန်သုံးနှစ်ကြာသွားပြီဖြစ်သည်။ သူတို့ရင်ဆိုင်ရသည့် ရန်သူအားလုံးက သူလက်လှမ်းမမီသူများဖြစ်သည်။
အရေအတွက်များလွန်းသည်လည်းရှိသည်။ သို့မဟုတ် ကျင့်စဉ်အဆင့်ပိုမြင့်ကြသည်။
မည်သို့ဆိုစေ ထိုရန်သူများကို တစ်ယောက်မှ သူမနိုင်။
သိပ်မကြာသေးခင်က မြေသားရုပ်နှင့် တွေ့မှသာ သူနည်းနည်းယုံကြည်ချက်ရှိလာသည်။ စုစည်းခြင်းအဆင့်၏စွမ်းအားကို ပြသခွင့်ရခဲ့သည်။
ယခု ကျင့်စဉ်လမ်းတွင် သူနောက်ထပ်အားမစိုက်လျှင် နောင်တစ်ချိန် ဘယ်သူက ဘယ်သူ့ကို ကာကွယ်ရမည် သိပ်မသေချာတော့။
....
"အတော်စည်ကားတဲ့လမ်းပဲ"
ရှန်ထန်နှင့် ဖန်ဝူယာတို့ ဈေးလမ်းသို့ရောက်လာသည်။
ဂိုဏ်းထဲတွင် သူတို့သည် မျက်နှာစိမ်းများဖြစ်၍ လူအများအာရုံစိုက်မည်စိုးသဖြင့် ဖန်ဝူယာက ကိုယ်ပျောက်မှော်ပညာတစ်ခု သုံးထားသည်။
ဘိုးဘေးသခင်မရောက်ဖူးခဲ့သည့် တစ်နရာတွေ့ပြီဟု သူတွေးနေသည်။
အိပ်မက်ဆိုးအဓိပဓိနှင့် လေဟာနယ်အရှင်တို့ တကယ်ဖမ်းမိခြင်းဟုတ်မဟုတ်သိရန် ခုနက အကျဉ်းထောင်တောင်ထိပ်သို့ သူသွားခဲ့သည်။
ထန်ရှန်းယိ၏ အဆက်မပြတ်ညည်းညူချက်များကို နားထောင်ခဲ့ရသည်။ ကူးဖြတ်ခြင်းအဆင့််များ၊ မသေမျိုးများကို သူ့လို ကူးဖြတ်ခြင်းအဆင့်တစ်ယောက်က ထိန်းသိမ်းနေရသဖြင့် အလွန်အလုပ်များကြောင်းပြောသည်။
အတော်ကြာအောင် လှည့်ပတ်လျှောက်ကြည့်ပြီးနောက်မှ ဈေးလမ်းသို့ သူတို့ရောက်လာခြင်းဖြစ်သည်။
စည်ကားနေသည့်လူများကြား သူတို့ဖြတ်လျှောက်သွားသည်။ ဂိုဏ်းတပည့်များရော ဈေးထဲတွင် ပုန်းအောင်းနေသည့် အဆင့်မြင့်စွမ်းအားရှင်များပါ သတိမထားမိကြ။
"သိုးသားကင်တွေ ရမယ်နာ်၊ လတ်ဆတ်တဲ့ သိုးသားကင်စစ်စစ်တွေပါ"
မီးတောက်စစ်ပေါ် တစ်စက်စက်ကျနေသည့် သိုးသားအဆီများက တရှဲရှဲလောင်မြိုက်၍ မွှေးပျံ့သည့်ရနံ့ထွက်လာသည်။
"အတော်မွှေးတာပဲ"
သူသာ စုစည်းခြင်းအဆင့်တွင် ရှိနေလျှင် ရသဆန္ဒသာယာသည့်အဆင့်ကို လွန်မြောက်ပြီးဖြစ်၍ သိုးသားကင်လောက်ဖြင့် စိတ်ယိုင်မည်မဟုတ်။
သို့သော်ယခု သေမျိုးဖြစ်သည်။ အစာစားဖို့လိုသည်။
"ဘိုးဘေး၊ စားကြည့်မလား"
ဖန်ဝူယာက အလိုက်တသိမေးသည်။
"ဧည့်သည်တော်တို့ သိုးသားကင်နည်းနည်းလောက် လာစားကြပါလား"
ဆိုင်တံခါးဝမှ အော်ဟစ်ရောင်းချနေသည့်လူက ပြုံး၍ခေါ်သည်။
"ကောင်းပြီလေ...အဲ...သူငါတို့ကို မြင်တယ်ပေါ့"
ရှန်ထန်ကိုယ်စား အလိုလိုပြန်ဖြေမိရင်း မူမမှန်သည့်အချက်ကို ဖန်ဝူယာ ချက်ချင်းသတိထားမိသည်။
သူတို့ကိုယ်ယောင်ဖျောက်ထားသည်။ ဘယ်သူမှ မမြင်သင့်။
တစ်ဘက်လူက မသေမျိုးတစ်ဝက်အဆင့်ဖြစ်မှသာ မြင်နိုင်လိမ့်မည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် တတိယမြောက်မသေမျိုးတစ်ဝက် ဘယ်ကရောက်လာသနည်း။
ဖန်ဝူယာ အကင်ရောင်းသူကို ချက်ချင်းလှမ်းကြည့်သည်။ အရိယဖလသန္ဓေစွမ်းအား လှုပ်ရှားမှုရှိသည့် ဝိညာဉ်ခန္ဓာဖြစ်သည်။
မသေမျိုးတစ်ဝက်လား။
"မင်းဘယ်သူလဲ"
"ကျုပ်လား...ကျုပ်က အရင်ကတော့ ထာဝရအရှင်ပေါ့။ အခု အသားကင်ဆိုင်နဲ့ သားသတ်ရုံပိုင်ရှင်ပါ"
"ထာဝရအရှင်...မင်းက ထာဝရဂိုဏ်းကပေါ့"
ဖန်ဝူယာ ပို၍သတိထားလာသည်။ ထာဝရဂိုဏ်း၏ မသေမျိုးတစ်ဝက်တစ်ယောက် သူတို့ကြားတွင် ရှိနေသည်။ တာအိုလမ်းစဉ်ဂိုဏ်းထဲသို့ သူတို့စိမ့်ဝင်ပျံ့နှံ့နေသည်။
သို့ဆိုလျှင် နတ်ဆိုးဂိုဏ်းလေးဂိုဏ်းတွင် ထာဝရဂိုဏ်းသည် စွမ်းအားအကြီးဆုံးဖြစ်မည်။
ဖန်ဝူယာ သူ့ကိုယ်ပိုင်အရိယဖလသန္ဓေစွမ်းအားကို အသက်သွင်းသည်။ တိုက်ခိုက်ရန်အသင့်ပြင်သည်။
"နေပါဦး နေပါဦး။ ခင်ဗျားနားလည်မှုလွဲနေပြီ။ ကျုပ်အဖမ်းခံရပြီး ဒီဂိုဏ်းထဲကို ရောက်လာတာပါ"
ထာဝရအရှင် အမြန်ရှင်းပြသည်။ ဖန်ဝူယာ၏ရုပ်ရည်က ဘိုးဘေးရုပ်ထုနှင့် တစ်ထပ်တည်းတူနေသဖြင့် သူချက်ချင်းရိပ်မိခဲ့သည်။
"ဘာတွေဖြစ်ကုန်တာလဲကွာ"
ဖန်ဝူယာမျက်မှောင်ကျုံပြီး အရိယဖလကို ပြန်သိမ်းသည်။
သူတံခါးပိတ်ကျင့်ခဲ့သည်က နှစ်သုံးရာကြာသည်။ သို့သော် နှစ်ပေါင်းသောင်းချီကြာသွားသလို ခံစားရသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် သူမသိသည့် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသည်။
အမှန်တော့ သူတကယ်စုံစမ်းကြည့်လျှင် ထိုအပြောင်းအလဲများသည် နှစ်ပေါင်းသုံးရာအတွင်း ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ဘဲ လွန်ခဲ့သည့်သုံးနှစ်အတွင်းက ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိပေလိမ့်မည်။
ထာဝရအရှင်က ဘိုးဘေးနှစ်ယောက်ကို အသားကင်ဆိုင်ထဲဖိတ်ခေါ်ပြီး သခင်လျိုနှင့်သခင်ကောင်းကို စွမ်းရည်ကုန်ထုတ်သုံး၍ အကောင်းဆုံးအသားကင်များ ပြင်ခိုင်းသည်။
"ခင်ဗျားတို့ဂိုဏ်းကို ကျုပ်ဘယ်လိုရောက်လာသလဲဆိုတာပြောရရင် ဖြစ်စဉ်အစကနေ ပြောရလိမ့်မယ်။ ဒီကိစ္စအားလုံးက တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေ ကျားနတ်ဆိုးကိုသုတ်သင်ရှင်းလင်းဖို့ ဂိုဏ်းတာဝန်နဲ့ ခရီးထွက်ရာကနေ စခဲ့တာပါ"
*************************************