နိယာမသခင်
Vol. 48 Ch. 719
ဒုတိယလ ဒုတိယနေ့။ ဂိုဏ်းဝင်သစ်စုစည်းသည့်ရက်ဖြစ်သည်။
ကြီးမားသည့် လှေပျံက တာအိုလမ်းစဉ်ဂိုဏ်းအနီးတွင် ဖြေးညှင်းစွာဆင်းသက်လာသည်။ ပါရမီရှင်လူငယ်များစွာ ထွက်လာကြသည်။ အဝေးမှ အဆက်မပြတ်သွယ်တန်းနေသည့် တောင်တန်းများကို စိတ်လှုပ်ရှားစွာကြည့်နေကြသည်။
"ဟိုမှာ ဒဏ္ဍာရီတာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂိတ်တံခါးပဲ"
"ဒီတစ်ခါ ဘယ်နှယောက် အောင်မလဲမသိဘူး"
"ပြီးခဲ့တစ်ခေါ် လူသစ်ရွေးပွဲမှာ အောင်မြင်တဲ့အရေအတွက်က ၁ ရာနှုန်းတောင် မရှိဘူးတဲ့"
"ဒါဆိုအရမ်းနည်းတာပေါ့။ ထောင်ချုပ်ဂိုဏ်းနဲ့ ဓာတ်ငါးမျိုးဂိုဏ်းမှာ အဲလောက်မနည်းဘူး"
"ဒါတင်မကဘူး၊ ထုတ်ပယ်ခံရတဲ့လူတွေကလည်း မဟာထိပ်တန်းဂိုဏ်း ဒါမှမဟုတ် ပထမဆင့်ဂိုဏ်းကို ဝင်ခွင့်ရတယ်တဲ့။ ဒုတိယအဆင့်ဂိုဏ်းကိုဝင်ရတဲ့လူ နည်းနည်းပဲရှိတာ"
"တွေ့လား။ ပြီးခဲ့တဲ့တစ်ခေါက်က ရွေးချယ်မခံရတဲ့လူတွေကိုလည်း တစ်ခြားထိပ်တန်းဂိုဏ်းတွေက အလားအလာကောင်းတဲ့လူတွေအဖြစ် သတ်မှတ်ကြတာ"
"သခင်လေး၊ မျိုးနွယ်ခေါင်းဆောင်ပြောလို့တာကို မမေ့နဲ့။ တာအိုလမ်းစဉ်ဂိုဏ်းကိုဝင်ဖို့ဆိုတာ အတင်းလုပ်ယူလို့မရဘူးတဲ့"
လူငယ်ပါရမီရှင်အများစုကို မိသားစုအကြီးအကဲများက အဖော်လိုက်လာပေးသည်။
တာအိုလမ်းစဉ်ဂိုဏ်းသို့ ဝင်နိုင်ခြင်းမဝင်နိုင်ခြင်းသည် သူတို့အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်လိမ့်မည်။
မိသားစုအကြီးအကဲများမပါလျှင် စမ်းသပ်ပွဲမစမီ ကိုယ့်ကိုယ်ကိုသံသယဝင်ပြီး ယုံကြည်ချက်လျော့ပါးဖို့လွယ်သည်။ မတိုက်ခိုက်မီ ရှုံးနိမ့်သွားလိမ့်မည်။
သို့သော် ပြီးခဲ့သည့်အကြိမ်ကလို ဘာဝိညာဉ်မြစ်ရှိမှန်းပင်မသိဘဲ တစ်ယောက်တည်းလာပြီး ကံစမ်းသည့် လုယန်လိုလူများ၊ မုန်ကျင်းကျိုးလို အိမ်မှထွက်ပြေးလာသူများလည်းရှိသည်။
အေးစက်တင်းမာသည့်အမူအရာနှင့် ချောမောသည့်လူငယ်တစ်ယောက် လှေပျံပေါ်မှဆင်းလာသည်။ ခြေလှမ်းတိုင်း အစိပ်အကျဲညီညာသည်။ သိုင်းပညာတတ်ထားကြောင်း သိသာသည်။
မလှမ်းမကမ်းမှ တာအိုလမ်းစဉ်ဂိုဏ်းဆီ သူလှမ်းကြည့်သည်။ သူ့မျက်နှာတွင် အသိခက်သည့်အပြုံးရိပ်ပေါ်လာသည်။
"တာအိုလမ်းစဉ်ဂိုဏ်းက ငါ့ကိုအံ့ဩစရာတစ်ချို့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
"တာအိုမိတ်ဆွေ၊ မင်းက တစ်ယောက်တည်းလာတာလား"
စကားသံတစ်ခုပေါ်လာသည်။ လူငယ်လှည့်ကြည့်သည်။ သူ့နှင့်သက်တူရွယ်တူ လူငယ်နှစ်ယောက်ကို တွေ့ရသည်။ တစ်ယောက်က ရှက်ပြုံးပြုံးနေသည်။ နောက်တစ်ယောက်က မျက်နှာတည်ကြည်သည်။
ခုနကစကားပြောသူက ရှက်ပြုံးပြုံးနေသည့်လူငယ်ဖြစ်သည်။
"မင်းတို့ကဘယ်သူလဲ"
"ငါ့နာမည် ချီတုန်းပါ။ သူက ဖန်ယာပါ။ ငါတို့လည်း ဂိုဏ်းစမ်းသပ်ပွဲလာဖြေတာ။ မင်းလည်း ငါတို့နဲ့ ရည်ရွယ်ချက်ချင်း တူမယ်ထင်တယ်။ ငါတို့ပူးပေါင်းကြမလား"
အေးစက်စက်မျက်နှာနှင့်လူငယ်က နှာခေါင်းတစ်ချက်ရှုံ့သည်။
"ငါ့ကို 'တာအိုမိတ်ဆွေ'လို့ခေါ်ရအောင် မင်းကဘယ်သူမို့လဲ။ ငါ့နာမည်ကုကျန်ယဲ့ကွ။ နိယာမသခင်လူဝင်စားပဲ"
"နိယာမသခင်လား"
ချီတုန်း အံ့အားသင့်သွားသည်။
နိယာမသခင်သည် နာမည်ကျောက်ကြားသည့် စွမ်းအားမြင့်ကျင့်ကြံသူဖြစ်သည်။
မဟာယုအစောပိုင်းမှပုဂ္ဂိုလ်ဖြစ်သည်။ မှော်ပညာဗီဇပါလာသည်။ သင်သည့်ပညာတိုင်း လျင်မြန်စွာတတ်မြောက်သည်။ မသေမျိုးတစ်ယောက်နီးပါး ပါရမီထူးသည်။
ဆယ့်ခုနစ်နှစ်တွင် အခြေတည်အဆင့်၊ ဆယ့်ရှစ်နှစ်တွင် ရွှေသန္ဓေအဆင့်၊ ဆယ့်ကိုးနှစ်တွင် နတ်ဝိညာဉ်အဆင့်သို့ရောက်သည်။
တစ်ခြားပါရမီရှင်အားလုံးထက် ကျင့်ကြံမှုနှုန်း သာလွန်သည်။ အတိုတောင်းဆုံးစံချိန်ဖြင့် ကူဖြတ်ခြင်းအဆင့်သို့ရောက်သည်။ သမိုင်းဝင်စံချိန်ဖြစ်သည်။
'မှော်ပညာအားလုံး ငါ့နှလုံးသားမှာရှိတယ်'ဟု သူပြောလေ့ရှိကြောင်း သိရသည်။ ထို့ကြောင့် နိယာမ(အားလုံး၏)သခင်ဟု ဘွဲ့နာမည်ပေးခံရသည်။
ရှန်ထန်တာအိုရှင်၏ခေတ်ကာလတွင် ပါရမီရှင်တစ်ယောက်ကို ချီးကျူးလျှင် 'နိယာမသခင်ရဲ့ပါရမီမျိုးပဲ'ဟု ပြောလေ့ရှိသည်။
အခု နိယာမသခင် ဒီနေရာမှာ ဘာလုပ်နေတာလဲ...
လူဝင်စားဆိုတာ ဘာလဲ...နိယာမသခင်နားလည်တတ်ကျွမ်းတဲ့ မဟာမှော်ပညာတစ်မျိုးလား...
ချီတုန်းက ကုကျန်ယဲ့ကိုကြည့်၍ အံ့ဩနေသည်။ အကျဉ်းထောင်တောင်ထိပ်အပြင်ဘက်တွင် ယခုလို ဒဏ္ဍာရီပုဂ္ဂိုလ်မျိုး တွေ့ရမည်ဟု ထင်မထားခဲ့။
ပင်လယ်ပြာသခင်(ဖန်ယာ)မျက်မှောင်ကျုံ့သွားသည်။ ကုကျန်ယဲ့ကို သတိဖြင့်ကြည့်သည်။
ထိုလူသည် နိယာမသခင်လူဝင်စားလော...
ကိုးငရဲဂိုဏ်းကို နိယာမသခင်ဖန်တီးခဲ့ခြင်းလော...
"ဒါပေမယ့် ဒီမှာဆုံရတယ်ဆိုတာ ငါတို့သုံးယောက် ရေစက်ပါတဲ့သဘောပါပဲ။ ငါနဲ့အတူ တာအိုလမ်းစဉ်ဂိုဏ်းဆီ လိုက်ခဲ့ပါ"
ကုကျန်ယဲ့ ဂိုဏ်းဆီလျှောက်သွားသည်။ ရှန်ထန်နှင့်ဖန်ဝူယာကို လိုက်လာဖို့ အချက်ပြသည်။
"ဘိုးဘေး၊ လှေပျံပေါ်ကဆင်းလာမယ့်အစား ဂိတ်တံခါးမှာစောင့်နေခဲ့ရင် ပိုမကောင်းဘူးလား"
ဖန်ဝူယာ သိစိတ်အသံလှိုင်းဖြင့် လှမ်းပြောသည်။ ယခုလိုလုပ်ခြင်းသည် အတော်ဒုက္ခများသည်ဟု သူထင်သည်။
ရှန်ထန်က သိစိတ်အသံလှိုင်းမပို့နိုင်သေးသဖြင့် လေသံကိုနှိမ့်၍ပြောသည်။
"ငါတို့ဟန်ဆောင်တာ တစ်ခုမှ အမှားအယွင်းဖြစ်လို့မရဘူး။ ငါတို့ဂိုဏ်းထဲကထွက်လာတာ တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ။ ငါတို့ဖုံးထားတာပေါ်သွားမှာပေါ့"
ဘိုးဘေးသခင် အတွေးလွန်နေသည်ဟု ဖန်ဝူယာယူဆသည်။ သို့သော် ဤကိစ္စက ဘိုးးဘေ၏အစီအစဉ်ဖြစ်၍ သူဝေဖန်လျှင် မသင့်တော်။
လူအုပ်ကြီး ဂိုဏ်းဆီသို့ ဒီရေလို လိမ့်လာသည်။ ပြီးခဲ့သည့်တစ်ကြိမ်ကထက် ဝင်ပြိုင်သူပိုများသည်။
လူကြိုက်အရမ်းများသည့် 'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဌာရီ'ကြောင့်လည်း ဂိုဏ်းကိုအထင်ကြီးလေးစားသည့် သေမျိုးများစွာကို ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။
ကုကျန်ယဲ့တို့သံးယောက် လူအုပ်ထဲ မထင်မရှားရောနှောလိုက်လာသည်။
ထိုစဉ် မြင်းရထားတစ်စီးသူတို့ဘေးမှ ဖြေးညှင်းစွာဖြတ်သွားသည်။
ရထားပေါ်တွင် လုယန်နှင့်မုန်ကျင်းကျိုးတို့ တီးတိုးပြောနေကြသည်။
"ဘာလို့ငါတို့ရထားပေါ် တစ်ယောက်မှ လာမထိုင်ကြတာလဲ"
လွန်ခဲ့သည့်သုံးနှစ်က ယခုလိုနေ့တွင် ယွမ်ကျိ ရထားပေါ်တက်လာသည်။ သူလည်း ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲသို့သွားမည်ဖြစ်ကြောင်း ပြောသည်။
မုန်ကျင်းကျိုးက အရှက်ကွဲမည့်အဖြစ်ကို နားမလည်ဘဲ စမ်းသပ်ပွဲမေးခွန်းများရထားကြောင်း ကြွားလုံးထုတ်ခဲ့သည်။ သို့သော် ဂိုဏ်းဂိတ်တံခါးသို့ရောက်ချိန်တွင် ယွမ်ကျိရထားပေါ်မှဆင်း၍ လေထဲသို့ပျံတက်သွာားသည်။
စမ်းသပ်ပွဲကို ဦးဆောင်သူဖြစ်ကြောင်း ကြေညာသည်။
အရမ်းလန်းသည်။
ယခု သူတို့လည်း ကြုံရာလူတစ်ယောက် ရထားပေါ်ဖိတ်ချင်သည်။ သူတို့လည်း ဝင်ခွင့်စမ်းသပ်ပွဲသွားမည်ဖြစ်ကြောင်းပြောလိုသည်။ ယွမ်ကျိလုပ်ခဲ့သလို လုပ်လိုသည်။
သို့သော် ကံဆိုးသည်။ ထိုအခွင့်အရေးမျိုး သူတို့လုံးဝမရ။
"လောင်မာကို နောက်တစ်ပတ်ပြန်လှည့်ခိုင်းရမလား"
မုန်ကျင်းကျိုးက အကြံပြုသည်။ တာအိုလမ်းစဉ်ဂိုဏ်းနား လောင်မာလှည့်ပတ်နေသည်မှာ လေးငါးကြိမ်ရှိပြီဖြစ်သည်။
လုယန် ခေါင်းခါသည်။
"ထားလိုက်ပါတော့ကွာ။ ဆင်းရအောင်။ အချိန်ကျတော့မယ်။ ငါတို့လည်း စမ်းသပ်ပွဲအစီအစဉ်ကို ဝင်ကူရမှာလေ"
ဂိုဏ်းအကြီးအကဲများက ဂိုဏ်းတပည့်များကို လေ့ကျင့်ပေးသည့်အနေဖြင့် ပြီးခဲ့သည့်ဝင်ခွင့်စမ်းသပ်ပွဲနှင့် ယခုပွဲကို စီစဉ်ခိုင်းခဲ့သည်။
ပြီးခဲ့သည့်တစ်ခေါက်စီစဉ်သူက ယွမ်ကျိဖြစ်သည်။ ဤတစ်ကြိမ် တိုင်ပုဖန်ဖြစ်သည်။
ကိုယ်တိုင်ကြီးကြပ်နေသဖြင့် အမှားအယွင်းမရှိနိုင်ဟု တိုင်ပုဖန်ယူဆသည်။ ထို့ကြောင့် လုယန်နှင့်မုန်ကျင်းကျိုးကို စီစဉ်သူအဖွဲ့ထဲ ထည့်လိုက်သည်။
တစ်နေရာတွင် တာအိုရှင်ရှန်ထန်က လှည့်ပတ်၍ မိတ်ဖွဲ့နေသည်။
"တာအိုမိတ်ဆွေ၊ မင်းလည်း စမ်းသပ်ပွဲဖြေဖို့လာတာမဟုတ်လား။ ငါ့နာမည် ချီတုန်းထန်ပါ၊ မင်းနာမည်ကရော"
ထိုလူက 'တာအိုမိတ်ဆွေ'အခေါ်ခံရသည်ကို စော်ကားသည်ဟု ယူဆသည်။ အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့သည်။ ဘာမှထပ်မပြော။
ငါ့ကို လူတိုင်းက မိတ်ဆွေလို့ ခေါ်လို့ရတယ်ထင်နေလား...
အင်ပါယာယု၏ရတနာကြောင့်သာမဟုတ်လျှင် ဤနေရာမျိုးကို သူမလာ။
လူသစ်ရွေးပွဲအတွင်း တာအိုလမ်းစဉ်ဂိုဏ်း၏အကာအကွယ် အားနည်းနေလျှင်ပင် သူတို့ယုမဟာမိတ် အလောတကြီးတိုက်ခိုက်လျှင် ခုခံနိုင်လောက်သေးသည်ဟု စဉ်းစားခဲ့သည်။
ဂိုဏ်း၏မဟာမှော်စက်ဝန်း အသက်သွင်းပြီး ရှားနိုင်ငံမှ တပ်ကူရောက်လာသည်အထိ ထိန်းထားကြလိမ့်မည်။
ထိုအဖြစ်မျိုးကြုံလျှင် သူတို့အစီအစဉ် ကျရှုံးမည်။ နောက်တစ်ကြိမ် အင်ပါယာယု၏ရတာနကိုယူဖို့ ပိုခက်ခဲသွားမည်။
ထို့ကြောင့် ခေါင်းဆောင်စံနမူနာအဖြစ် သူကိုယ်တိုင် သေမျိုးတစ်ယောက်လိုရုပ်ဖျက်ပြီး လူရွေးပွဲတွင် ဝင်ပြိုင်နေခြင်းဖြစ်သည်။
သူ့လူယုံများလည်း သူနှင့်အတူ စမ်းသပ်ပွဲဝင်ပြိုင်သည်။
မနီးမဝေးတွင် ယုမဟာမိတ်ကျင့်ကြံသူများ ပုန်းခို၍စောင့်နေသည်။ သူအမိန့်ပေးသည်နှင့် အတွင်းအပြင် အငိုက်ဖမ်းတိုက်ခိုက်ပြီး တာအိုလမ်းစဉ်ဂိုဏ်းကို အနိုင်ယူရန် အသင့်ပြင်ထားသည်။
အစပိုင်းတွင် သူ့လက်အောက်ခံများက သူ့လုပ်ရပ်ကို မလိုအပ်ဘဲဒုက္ခခံသည်ဟု မြင်ကြသည်။ ဂိုဏ်းတစ်ဂိုဏ်းရှင်းလင်းသုတ်သင်ဖို့ ထိုမျှဒုက္ခခံစရာမလိုဟု ထင်ကြသည်။
သို့သော် သာမန်မြင်းလိုဟန်ဆောင်ထားသည့် စုစည်းခြင်းအဆင့်မြင်းအိုက ဂိုဏ်းအနီးတစ်ဝိုက် အဆက်မပြတ်လှည့်ပတ်နေသည်ကိုမြင်ချိန်ကျမှ ဤဂိုဏ်းသည့် ထင်သလောက်မလွယ်ကြောင်း နားလည်လာကြသည်။
ဤမြင်းအိုသည် တာအိုလမ်းစဉ်ဂိုဏ်းပိုင်ဆိုင်သည့် မဟာနတ်ဆိုးဘုရင်ဖြစ်ကြောင်း ထင်ရှားသည်။ လျှို့ဝှက်ကင်းပတ်၍ သံသယဖြစ်စရာလူများကို ရှာဖွေနေခြင်းဖြစ်မည်။
လက်အောက်ခံများ သိစိတ်အာရုံဖြင့် အချင်းချင်းဆက်သွယ်နေသည်။ ကူးဖြတ်ခြင်းအဆင့်များဖြစ်၍ တာအိုလမ်းစဉ်းဂိုဏ်းမှလူများ အာရုံခံမိမည်ကို မကြောက်ကြ။
"ခေါင်းဆောင်ဆိုတာ တကယ်ခေါင်းဆောင်ပါပဲ။ သူစဉ်းစားတွေးခေါ်တာတွေက အမြဲစေ့စပ်တယ်"
"ဒါပေါ့၊ ခေါင်းဆောင်က နာမည်ကျော် နိယာမသခင်ပဲလေ။ ခေတ်အဆက်ဆက်ပဲ့တင်ထပ်ခဲ့တဲ့နာမည်ပဲ"
***************************************