ပထမနတ်ဆိုးဂိုဏ်း
Vol. 48 Ch. 715
ရှန်ထန် ကျင့်စဉ်ဖျက်ပြီး ထွက်ပြေးလာချိန်တွင် "မသေမျိုးငါးဂိုဏ်း"အကြောင်း ပထမဆုံးကြားရသည်။ သူသည် မသေမျိုးဂိုဏ်းတစ်ခု၏ တည်ထောင်သူဖြစ်သည်။ စကြားစဉ်က သူအတော်ကြာအောင် မင်သက်မိခဲ့သည်။ နာမည်တူခြင်းလားဟုပင် ထင်ခဲ့သည်။
ဂိုဏ်းတည်နေရာကို အတည်ပြုပြီးမှ သူတည်ထောင်ခဲ့သည့်ဂိုဏ်းဖြစ်ကြောင်း ယုံကြည်သွားသည်။
မသေမျိုးငါးဂိုဏ်းသည် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်များရှိသည်။ သို့မဟုတ် ကူးဖြတ်ခြင်းအဆင့်များကို ရင်ဆိုင်နိုင်သည့် ပညာရပ်များ အစီအမံများရှိသည်ဟု သတ်မှတ်ထားသည်။
ထိုအကြောင်းများကြောင့် သူအံ့အားသင့်ခဲ့ရသည်။
ယခု အကျဉ်ထောင်တောင်ထိပ်သို့ရောက်ပြီးနောက် ဒဏ္ဍာရီ ကူးဖြတ်ခြင်းအဆင့်များ လှောင်ပိတ်ထားသည်ကို မြင်ရသည်။ ထိုထက်သာမက မသေမျိုးနှစ်ယောက်ပင် ရှိနေသည်။
မသေမျိုးတစ်ဝက်ဆိုသည်မှာ သူ့ခေတ်အခါက မရှိခဲ့။
ဤတာအိုလမ်းစဉ်ဂိုဏ်းတွင် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများသာရှိသည်မဟုတ်လောက်။
"ဟဲဟဲ၊ ချီတုန်းထန်၊ မင်းက နာမည်ကျော်ဂိုဏ်းကြီးတစ်ခုကို ဖန်တီးခဲ့တာပဲ"
အေးစက်စက်ရယ်သံတစ်ခုပေါ်လာသည်။ ထိုအသံကို ရင်းနှီးနေသည်ဟု သူခံစားရသည်။ တစ်နေရာရာတွင် ကြားဖူးခဲ့သလိုရှိသည်။
အသံလာရာသို့လှမ်းကြည့်သည်။ ထောင့်တစ်နေရာမှ အသံရှင်ကိုတွေ့လိုက်သည်။ အသားအရေခြောက်ကပ်၍ အရေးအကြောင်းများဖုံးလွှမ်းနေသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။
"ကြာမီးတောက်သခင်"
ရှန်ထန်မှတ်မိသွားသည်။
ကြာမီးတောက်သခင်သည် သူနှင့်ခေတ်ပြိုင် စုစည်းခြင်းအဆင့်တစ်ယောက်ဖြစ်သည်။ မကောင်းမှုများ မရေမတွက်နိုင်အောင် ကျူးလွန်ခဲ့သည်။ သို့သော် မီးတောက်ကြာပန်း၏အပူကို သုံးရက်ကြာအောင် ခုခံနိုင်ခဲ့သူဖြစ်သည်။
နောက်ဆုံးတွင် ထိုမီးတောက်ကြာပန်းကို သိမ်းယူနိုင်ခဲ့ပြီး နာမည်ကျော်အဓိပဓိကြာမီးတောက်ဂိုဏ်းကို တည်ထောင်ခဲ့သည်။
စုစည်းခြင်းအဆင့်ချင်း တူသော်လည်း ကြာမီးတောက်သခင်နှင့် သူယှဉ်၍မရ။ ကြာမီးတောက်ဂိုဏ်းသည် ထိုအချိန်က အကြီးဆုံးအဖွဲ့အစည်းဖြစ်သည် 'နတ်ဆိုးမဟာမိတ်'၏အဓိက အဖွဲ့ဝင်ဂိုဏ်းတစ်ခုဖြစ်သည်။
ထိုစဉ်က ကြာမီးတောက်သခင်ကို သူကသွားနှုတ်ဆက်လျှင်ပင် ကြာမီးတောက်သခင်က လှည့်ကြည့်မည်မဟုတ်။
ယခုနောက်တစ်ကြိမ်ပြန်ဆုံကြချိန်တွင် ကြာမီးတောက်သခင်က ကိုယ့်ဂိုဏ်းမှ အကျဉ်းသားဖြစ်နေသည်။
"နံပတ်ခုနစ်တပည့်က အပြင်မှာ ဆေးသန့်စင်ဖို့ ကုန်ကြမ်းသွားရှာရင်း သူ့ကိုဖမ်းခဲ့တာပါ"
ထန်ရှန်းယိက ခဏစဉ်းစားပြီးနောက် ထိုစဉ်ကအဖြစ်အပျက်အကြောင်း ပြန်ပြောပြသည်။
"ရှန်ထန်တာအိုရှင်၊ ငါတို့ဒီမှာပြန်ဆုံကြမယ်လို့ ထင်မထားဘူး"
ဘေးဘက်လှောင်အိမ်တစ်ခုမှ အေးစက်စက်စကားသံ ပေါ်လာပြန်သည်။ သုန်မှုန်နေသည့်မျက်နှာနှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။
ရှန်ထန် ထိုလူကို သေချာကြည့်နေပြီးနောက် ပြန်မှတ်မိသွားသည်။
"မင်းက ဓားတစ်သောင်းသခင်စစ်လား"
သူမှတ်မိသည့် ဓားတစ်သောင်းသခင်စစ်သည် ငယ်ရွယ်နုပျိုပြီး အသက်ဓာတ်အပြည့်ရှိသည့် တစ်ဇောက်ကန်း တစ်ကိုယ်တော်ဓားသမားဖြစ်သည်။ တစ်ယောက်ယောက်ကို သူသဘောမတွေ့လျှင် လမ်းမှန်ဂိုဏ်းသား နတ်ဆိုးဂိုဏ်းသား မခွဲခြားပဲသတ်ပစ်သည်။
တစ်ကြိမ်တွင် သူအရက်အလွန်အကျွံမူးပြီး စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ တစ်ဦးတည်းသောသမီးကို မရည်ရွယ်ဘဲ သတ်မိသည်။
ထိုကျင့်ကြံသူသည် ဝါရင့်ကျင့်ကြံသူဖြစ်သည်။ အရင်ကတည်းက နာမည်ကျော်သူဖြစ်သည်။ နတ်ဆိုးမဟာမိတ်၏ အရေးပါသည့်အဖွဲ့ဝင်လည်းဖြစ်သည်။
သတင်းကြားပြီးနောက် ဒေါသအကြီးအကျယ်ထွက်သဖြင့် ဓားတစ်သောင်းသခင်စစ်ကို လက်စားချေသတ်ဖြတ်မည်ဟု ကြွေးကြော်သည်။
သို့သော် မထင်မှတ်ဘဲ ဓားတစ်သောင်းသခင်၏ဓားက သူ့နှလုံးကို ထိုးဖောက်သွားသည်။ အချိန်မတိုင်မီသေဆုံးသွားသည်။
ထိုအချိန်ကျမှ ဓားတစ်သောင်းသခင်စစ်သည် စုစည်းခြင်းထိပ်ဆုံးအဆင့်ရောက်နေကြောင်း တစ်ခြားလူများ နားလည်လာကြသည်။
ယခု ထိုလူလည်း အကျဉ်းကျနေသည်။
"သူ့ကို နံပတ်ကိုးတပည့်က ခေါ်လာတာလပါ"
ထန်ရှန်းယိအသံက အံ့ဩရိပ်နည်းနည်းစွက်နေသည်။ ဝစီပိတ်၏ ဓားစွမ်းကို ဓားတစ်သောင်းသခင်မြင်ခဲ့ခြင်းဖြစ်မည်။ တာအိုနှလုံးယိုင်နဲ့လာမည်။ ထို့ကြောင့် ကျရှုံးခဲ့ခြင်းဖြစ်မည်။
ရှန်ထန် စကားပြန်ပြောရန်ပြင်နေစဉ် မျက်လုံးထောင့်မှ နာမည်ကျော်စွမ်းအားရှင်တစ်ယောက်ကို သူမြင်လိုက်ရသည်။ တစ်ချိန်က လေပြင်းမုန်တိုင်းကို ဆင့်ခေါ်နိုင်ခဲ့သူဖြစ်သည်။
"သွေးနတ်ဆိုးအရှင်"
သူ့ခေတ်တွင် နိုင်ငံ့ဆရာဖြစ်သည်။ ထိုအချိန်က ယုအင်ပါယာသည် ရုပ်သေးတစ်ခုသက်သက်ဖြစ်သည်။ နိုင်ငံ့ဩဇာကို သူဆုပ်ကိုင်ထားသည်။
နာမည်ဆိုးဖြင့်ကျော်ကြားသည့် နတ်ဆိုးမဟာမိတ်ကို သူဖွဲ့စည်းခဲ့သည်။
လုယန်နှင့်မုန်ကျင်းကျိုး အရပ်သားမြို့တွင် စုစည်းခြင်းအဆင့်မဟာယုကျင့်ကြံသူအုပ်စုနှင့် တွေ့ကြုံခဲ့ရသည်။ ထိုကျင့်ကြံသူများကိုဖမ်းပြီးနောက် စစ်မေးသည်။ သူတို့၏ရတနာများ ပြည့်နေသည့် လျှို့ဝှက်မြေတစ်ခုကို လမ်းညွှန်ကြသည်။
ယွမ်ကျိက လုယန်တို့နှင့်အတူ ထို(စန်းလော်)လျှို့ဝှက်မြေသို့သွားသည်။ ထိုနေရာတွင် အိပ်ပျော်နေသည့် သွေးနတ်ဆိုးအရှင် နိုးထလာသည်။
ယွမ်ကျိက အလွယ်တကူ ဖမ်းခေါ်ခဲ့သည်။
သွေးနတ်ဆိုးမျက်ခုံးလှုပ်သွားသည်။ မသိမသာမျက်နှာလွှဲသွားသည်။ ရှန်ထန်ကို မမှတ်မိချင်ယောင်ဆောင်နေသည်။
အကျဉ်းသားအားလုံးက သူ့ခေတ်နှင့်သူကျော်ကြားသည့် မဟာစွမ်းအားရှင်များဖြစ်ကြောင်း တွေ့ရသဖြင့် ရှန်ထန်အံ့ဩနေသည်။
တာအိုလမ်းစဉ်ဂိုဏ်း၏ဖုန်းရွှေက ကောင်းလွန်း၍ထင်သည်။
ကောင်းကင်ဆန်းကြယ်ဂိုဏ်းကို ဝိညာဉ်ကျောက်တစ်သောင်းပေးပြီး နေရာရွေးခိုင်းခဲ့သည်မှာ မှန်သွားသည်ထင်သည်။
"ဘိုးဘေး၊ ဒီဘက်ကိုကြွပါ။ ကျွန်မတို့ဂိုဏ်းမှာ နောက်ထပ်ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ရှိပါသေးတယ်"
ယွမ်ကျိက လမ်းပြသည်။ ရှန်ထန်က နောက်မှလိုက်သည်။ ကျမ်းစာတိုက်သို့ရောက်ချိန်တွင် အမျိုးအစားစုံလင်းများပြားလွန်းသည့် ကျင့်စဉ်ကျမ်းများကြောင့် သူအံ့ဩရပြန်သည်။
"ကျင့်စဉ်ကျမ်းတွေ များလှချည်လား"
သူဂိုဏ်းတည်ထောင်ချိန်က ကျင်စဉ်ကျမ်းများ စာအုပ်စင်တစ်ဝက်စာသာရှိခဲ့သည်။ အများစုက အရေအတွက်ဖြည့်ရုံထည့်ထားခြင်းဖြစ်သည်။ လက်ရှိကျမ်းစာတိုက်နှင့် လုံးဝယှဉ်၍မရ။
"ရှောင်ယွမ်က အချိန်အားနေလို့ ဒီကိုလာတာလား။ ကျင့်စဉ်ကျမ်း အသစ်ရေးထားလို့လား"
ပုပျပ်ပျပ်အဘိုးအို ပေါ်လာသည်။ ကျမ်းစာတိုက်ကြီးကြပ်သူ အကြီးအကဲထောင်ဖြစ်သည်။
လုယန်ကိုမြင်သည်နှင့် မနှစ်မြို့စရာမှတ်ဉာဏ်များ ပြန်ပေါ်လာသည်။
ပြီးခဲ့သည့်တစ်ခေါက်က ဖီးနစ်ဘိုးဘေးကို လုယန်ခေါ်လာသည်။ သူ့ဣန္ဒေပျက်လုနီးပါးဖြစ်ခဲ့သည်။
သူ့အမှားသူ အချိန်မီပြင်ဆင်နိုင်ခဲ့၍ တော်သေးသည်။
ယွမ်ကျိခေါင်းခါသည်။
"အခုရက်ပိုင်း ဘာကျင့်စဉ်ကျမ်းမှမရေးပါဘူး။ ရှောင်လုနဲ့ရှောင်မုန်က လူတစ်ယောက်ခေါ်လာတယ်။ အကြီးအကဲနဲ့ တွေ့ချင်တယ်တဲ့"
အကြီးအကဲထောင် ပေါ့ပါးလွတ်လပ်စွာ ရယ်မောလိုက်သည်။
"ဖီးနစ်ဘိုးဘေးမဟုတ်ရင် ပြီးတာပါပဲ။ ဘယ်သူနဲ့မဆို ငါတွေ့ချင်ပါတယ်"
ထို့နောက် ရှန်ထန်ဆီအကြည့်ရောက်သွားသည်။
"ငါ့ကိုတွေ့ချင်တာ သူလား။ သူက ဘယ်သူလဲ"
ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူကို လေးစားသည့်အနေဖြင့် ရှန်ထန်က ကိုယ်တိုင်မိတ်ဆက်သည်။
"ကျုပ်နာမည် ချီတုန်းထန်ပါ"
"ဪ ရှောင်ချီပေါ့၊ ငါ့ကို အကြီးအကဲထောင်လို့ပဲခေါ်ပါ။ သူက ဒီနှစ် ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲအတွက် ရွေးထား-...အဲနေပါဦး၊ သူ့နာမည်ကဘာရယ်"
တစ်ဝက်တစ်ပျက်စကားရပ်သွားသည်။ တစ်ခုခုထူးခြားနေသလိုရှိသည်။ ထိုနာမည်ကို ရင်းနှီးနေသည်။ သူဂရုစိုက်၍ သေချာထပ်မေးလိုက်သည်။
"တာအိုရှင်ရှန်ထန် ချီတုန်းထန်လား"
"ဟုတ်ပါတယ်"
အကြီးအကဲထောင် သရဲတစ်ကောင်မြင်လိုက်ရသကဲ့သို့ နောက်သို့ခြေလှမ်းဆုတ်သွားသည်။
ဘိုးဘေးအရှင်သေပြီဟု ပြောခဲ့ကြသည်။ ဘယ်လိုပြန်ပေါ်လာသည်မသိ။
တာအိုလမ်းစဉ်ဂိုဏ်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းလွန်း၍ ဘိုးဘေးဆရာ အသက်ပြန်ဝင်လာခြင်းလော...
ယွမ်ကျိက ရှန်ထန်ကို မိတ်ဆက်ပေးသည်။
"ဒါက ကျမ်းစာတိုက်အစောင့် အကြီးအကဲထောင်ပါ။ ကူးဖြတ်ခြင်းအဆင့်ပေါ့။
"တွေ့ရတာဝမ်းသာပါတယ်"
"ကျုပ်ကို ရှောင်ထောင်လို့ပဲခေါ်ပါ"
အကြီးအကဲထောင် ဦးညွှတ်ဂါရဝပြုသည်။ မလေးမစားမလုပ်ရဲ။
ဘိုးဘေးအရှင်နိုးထလာခြင်းနောက်ကွယ်မှ အကြောင်းများကို လုယန်က ဦးဆောင်ရှင်းပြသည်။ ဂိုဏ်း၏စိတ်ဓာတ်များ ညံ့ဖျင်း၍မဟုတ်ကြောင်း အကြီးအကဲထောင် နားလည်သွားသည်။
"ဘိုးဘေး၊ ဘိုးဘေးသဘောကျတဲ့ ကျင့်စည်ပညာ ဒါမှမဟုတ် လျှို့ဝှက်ကျမ်းမျိုးရှိရင် ယူလို့ရပါတယ်"
အကြီးအကဲထောင်ကပြောသည်။
ရှန်ထန်က တဟက်ဟက်ရယ်သည်။ သူသည်ယခု သေမျိုးတစ်ယောက်ဖြစ်သည်။ ကျင့်စဉ်လမ်းသို့ မဝင်ရသေး။ ကျင့်စဉ်ကျမ်းများ လျှို့ဝှက်ကျမ်းများသည် သူ့အတွက်အသုံးမဝင်။
ကျန်းစာတိုက်မှ ထွက်လာပြီးနောက် အကြီးအကဲထောင်ပြောသည့်စကားတစ်ခွန်းကို ရှန်ထန် ရုတ်တရက် ပြန်သတိရလာသည်။
"ခုနက ဖီးနစ်ဘိုးဘေးနဲ့ပတ်သက်ပြီး ရှောင်ထောင်ပြောခဲ့တာ ဘာအကြောင်းလဲ။ အဲဒီ့အဆင့်မြင်ပုဂ္ဂိုလ်က ငါတို့ဂိုဏ်းကို လာလည်ခဲ့လို့လား"
ဖီးနစ်ဘိုးဘေးသည် ကောင်းကင်ရုံးတော်ဂိုဏ်း၏ တော်ဝင်ကာကွယ်သူလေးယောက်ထဲမှတစ်ယောက်ဖြစ်ကြောင်း ရှန်ထန်ကြားဖူးသည်။
ထိုရှေးဟောင်းစွမ်းအားရှင်မျိုးသည် တာအိုလမ်းစဉ်ဂိုဏ်းနှင့် အဆက်အသွယ်မရှိသင့်။
"ဟုတ်တယ်။ ဖီးနစ်ဘိုးဘေး လာလည်သွားပါတယ်။ ဘာပဲပြောပြော သူက ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဧည့်သည်အကြီးအကဲတစ်ယောက်ပဲလေ"
"ဧည့်သည်အကြီးအကဲ..."
ရှန်ထန်ပို၍ နားရှုပ်သွားသည်။
"ဒါပေမယ့် ဖီးနစ်ဘိုးဘေးက ကောင်းကင်ရုံးတော်အဖွဲ့ဝင်မဟုတ်ဘူးလား။ တော်ဝင်ကာကွယ်သူလေးယောက်ထဲကတစ်ယောက်မဟုတ်လား"
လုယန် ပုံမှန်လေသံဖြင့်ရှင်းပြသည်။
"ဪ ဒါက ဘာမှမဟုတ်ပါဘူး။ ရှေးဟောင်းကောင်းကင်ရုံးတော်ဆိုတာ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းပါပဲ"
"ဟာ"
ရှန်ထန် နေရာတင်ရပ်လျက် ကျောက်ရုပ်လိုဖြစ်သွားသည်။
***************************************