← Chapters

အရိုးစမ်းသပ်ခြင်း

Vol. 48 Ch. 720

အရိုးစမ်းသပ်ခြင်း

Vol. 48 Ch. 720

"ဒါက ဘာသဘောလဲကွ"

ရှန်ထန်က ကောင်းကောင်းမွန်မွန်နှုတ်ဆက်သည်ကို နှာခေါင်းရှုံ့ခံရသဖြင့် ဘေးမှဖန်ဝူယာ ချက်ချင်းဒေါသထွက်သွားသည်။

ထိုလူက မျက်လုံးမှေးစင်း၍ ဖန်ဝူယာကို သေချာအကဲခတ်သည်။

အင်ပါယာယုနှင့် ပထမနိုင်ငံဆရာမှလွဲလျှင် သူ့ကို ထိုလေသံမျိုးပြောရဲသူကို သူမကြုံခဲ့ဖူး။

သူ့မျက်လုံးထဲတွင် ပင်လယ်တာအိုသခင်သည် သေလူဖြစ်သည်။

အခြေအနေမသင့်၍သာမဟုတ်လျှင် ထိုသေမျိုးကို အတွေးတစ်ချက်ဖြင့် အကြိမ်တစ်ထောင်လောက်သေအောင်သတ်ပစ်နိုင်သည်။

သူတို့နှစ်ယောက် စကားများတော့မည်ကိုမြင်သဖြင့် ရှန်ယန်က အမြန်ကြားဝင်သည်။

"ဖန်ယာ၊ တော်ပါတော့။ တော်ပါတော့။ ငါမှားတာပါ။ သူတို့ကို တိုက်ရိုက်နှုတ်မဆက်ခဲ့သင့်ဘူး။ သူတို့ရှက်နေလို့ဖြစ်မှာပါ။ နားလည်‌ပေးလိုက်ပါ"

မဟာယုခေတ်တွင် ဤအဖြစ်မျိုးကြုံလျှင် တစ်ဘက်လူက သူ့ကိုစကားပြောလိုစိတ်မရှိ၍ဟုသာတွေးမည်။ ထိုခံစားချက်မျိုးကို သူအတော်ရင်းနှီးသည်။

အေးစက်စက်နှာခေါင်းမရှုံ့လျှင် မျက်လုံးအကြည့်ဖြင့် အချက်ပြမည်။ ဆွံ့အနားမကြားသူကဲ့သို့ ပြုမူမည်။

သို့သော်ယခု မဟာရှားခေတ်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ဝက်အတွင်း သူအကဲခတ်မိသလောက် မဟာရှားမှလူများသည် ပို၍အကောင်းမြင်စိတ်ရှိပြီး ပျော်ပျော်နေတတ်သည်။

ထိုမျှရိုင်းရိုင်းစိုင်းစိုင်း နှာခေါင်းရှုံ့မည်မဟုတ်။

ထို့ကြောင့် တစ်ဘက်လူက ရှက်ကြောက်နေခြင်းသာ ဖြစ်ဖို့များသည်။

ကုကျန်ယဲ့ သက်ပြင်းတစ်ချက်ချသည်။ သို့သော် ဘာမှမပြော။

တစ်ဘက်လူက စကားပြန်ပြောရန်ပြင်ချိန်တွင် လူအုပ်ကြားထဲ၌ ဆူဆူညံညံအသံတစ်ခု ပေါ်လာသည်။

ရေငွေ့များ မြင့်တက်လာသည်။ တော်ဝင်တိမ်တိုက်တစ်ခုဖြစ်လာသည်။ တိုင်ပုဖန်ကို မ,တင်သွားသည်။

လက်နှစ်ဘက်နောက်ပစ်၍ တည်ကြည်သည့်မျက်နှာဖြင့် စမ်းသပ်ပွဲဝင်မည့်လူအုပ်ကို တိုင်ပုဖန် အသံကျယ်ကျယ်ပြောသည်။

"ကျုပ်က ဒီစမ်းသပ်ပွဲကိုအဓိကဦးဆောင်တဲ့ တိုင်ပုဖန်ပါ။ စမ်းသပ်ပွဲ သုံးဆင့်ရှိတယ်။ သုံးဆင့်လုံးဖြတ်ကျော်နိုင်တဲ့လူတွေ တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်ခွင့်ရှိတယ်။

အခု ပထမအဆင့်ဖြင့်တဲ့ ဝိညာဉ်မြစ်စမ်းသပ်မှု စမယ်။ အစီအစဉ်တကျ တန်းစီပြီး မင်းတို့ဝိညာဉ်မြစ်ကို ကျုပ်အကဲဖြတ်တာစောင့်ပါ။ ပထမအဆင့်အတွက် စည်းမျဉ်းတွေကတော့ ရှင်းပါတယ်။

ဆယ့်ခြောက်နှစ်မကျော်ရဘူး။ တြိဝိညာဉ်မြစ်နဲ့အထက် ဒါမှမဟုတ် ထူးခြားတဲ့ရုပ်ခန္ဓာတစ်ခုရှိရင် ပထမအဆင့်အောင်ပါပြီ"

အဖော်လိုက်လာသူများက ဂိတ်တံခါးနှင့် ဝေးဝေးနေပြီး အကဲဖြတ်ရလာဒ်ကို စောင့်ကြသည်။ သူတို့၏လူငယ်မျိုးဆက်များ ဂိုဏ်းဝင်ခွင့်ရဖို့ ဆုတောင်းနေသည်။

တိုင်ပုဖန် စားပွဲတွင်ထိုင်သည်။ သူ့ရှေ့တွင် လူတန်းရှည်ကြီးရှိသည်။ လုယန်နှင့်မုန်ကျင်းကျိုက ကာကွယ်သူများပမာ သူ့နောက်တွင် လက်ပိုက်ရပ်နေသည်။

သူတို့မျက်လုံးများက ဂဏာမငြိမ်ကြ။ ကုကျန်ယဲ့ကို ရှာနေသည်။

သို့သော် အတော်ကြာအောင် ရှာပြီးသည့်တိုင် မတွေ့ကြ။ လူတန်းကလည်း ရှည်လွန်းသည်။

ပထမလူ ဝင်ထိုင်ပြီး လက်ကိုဆန့်ထုတ်သည်။

တိုင်ပုဖန်က သမားတော်တစ်ယောက်လို သွေးခုန်နှုန်းစမ်းသပ်သည်။

လက်နှစ်ချောင်းဖြင့်ထိပြီး သူ့ကျင့်စဉ်ပညာအသက်သွင်းလိုက်ရုံဖြင့် ထိုလူ၏အခြေအနေကို ချက်ချင်းနားလည်သည်။

"အသက်အရွယ်သင့်တော်တယ်။ ရွှေနဲ့ရေ ဒွိဝိညာဉ်မြစ်ပဲ။ ကောင်းတယ်။ မင်းနာမည်ဘယ်လိုခေါ်လဲ"

နာမည်မေးခံရသဖြင့် ပထမလူ အံ့ဩဝမ်းသာဖြစ်သွားသည်။

"ကျုပ်နာမည် ပန်ယုပါ"

"ကောင်းပြီ၊ မင်းအောင်တယ်။ ရှေ့ဆက်သွားပါ"

ပထမဆုံးလူက ဒွိဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်၍ တိုင်ပုဖန် ယနေ့ကံကောင်းသည်ဟု တွေးနေသည်။ ယခုနှစ် ပါရမီထူးခြားသည့် တပည့်ပေါင်းများစွာ စုစည်းနိုင်တော့မည်ထင်သည်။

တစ်ဆက်တည်း လူပေါင်းသုံးဆယ်စမ်းသပ်သည်။ အားလုံး ဒွိဝိညာဉ်မြစ် သို့မဟုတ် တြိဝိညာဉ်မြစ်များဖြစ်သည်။

စမ်းသပ်ပွဲဝင်လာသည့်လူ နှစ်မျိုးနှစ်စားရှိသည်။

တစ်မျိုးက လူရွေးပွဲအကြောင်းကြား၍ ကိုယ့်ခရီးစရိတ်နှင့်ကိုယ်လာပြီး ကံစမ်းသူများဖြစ်သည်။

နောက်တစ်မျိုးက ဂိုဏ်းဝင်အရည်အသွေးမီသည်ဟုခန့်မှန်း၍ တိုင်ပုဖန်ရွေးထားသူများဖြစ်သည်။

အရည်အချင်းရှိသူများကို ကြိုတင်ရွေးထားခြင်းမှာ ဓာတ်ငါးမျိုးဂိုဏ်း ထောင်ချုပ်ဂိုဏ်းများသို့ ရောက်သွားမည်စိုးသောကြောင့်ဖြစ်သည်။

ဓာတ်ငါးမျိုးဂိုဏ်း၊ ‌ထောင်ချုပ်ဂိုဏ်းနှင့် လသံလွင်နန်းတော်တို့က လူသစ်မစုမီ ပုန်းလျှိုးကွယ်လျှိုး ကြိုတင်စောင့်ကြည့်စစ်ဆေးမှုများလုပ်ပြီး အရည်အသွေးမီသူများကို သူတို့ဂိုဏ်းသို့လာဖို့ အသိပေးသည်။

ထိုစနစ်ကို မသေမျိုးဂိုဏ်းများ ကျင့်သုံးလေ့ရှိသည်။ တာအိုလမ်းစဉ်ဂိုဏ်းက ထိုနည်းတူလိုက်မလုပ်လျှင် နစ်နာမည်။

အမှန်တော့ မစ်ရှင်ထွက်သည့်ဂိုဏ်းတပည့်အတော်များများက တစ်ခြားမသေမျိုးဂိုဏ်းတပည့်များကို တွေ့ရကြောင်း အစီရင်ခံစာများတွင် ဖော်ပြကြသည်။

လူတစ်ယောက်တည်းကို မသေမျိုးဂိုဏ်းနှစ်ခုသုံးခုက စောင့်ကြည့်သည့်အဖြစ်မျိုးပင် ကြုံခဲ့သည်။ ထိုကဲ့သို့ ဂိုဏ်းနှစ်ခုသုံးခုဆုံပြီး စစ်ဆေးပွဲလာဖြေဖို့ ဖိတ်ခေါ်လျှင် ထိုလူများက တာအိုလမ်းစဉ်ဂိုဏ်းကိုသာ ရွေးချယ်လေ့ရှိသည်။

တာအိုလမ်းစဉ်ဂိုဏ်းသို့ဝင်လျှင် သူတို့လည်း "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"၏ ဇာတ်လိုက်ကျော် ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။

"တြိဝိညာဉ်မြစ်၊ မင်းက ကျွမ်းဖျင်လား"

"ဟုတ်ပါတယ်၊ ဘာလို့မေးတာလဲခင်ဗျ"

"ဘာမှမဟုတ်ဘူး။ မင်းဆက်သွားလို့ရပြီ"

တိုင်ပုဖန် ဆက်၍စစ်ဆေးမေးမြန်းချင်စိတ်ကို အောင့်ထားရသည်။ ကျိဟုန်ဝမ်၏မစ်ရှင်အစီရင်ခံစာကို သူမှတ်မိသည်။

ကျိဟုန်ဝမ်က စေတနာအပြည့်ဖြင့် အမှုတိုင်ကြားသည်။ တိမ်ပင်လယ်ဂိုဏ်းအကြီးအကဲများရော ကျွမ်းဖျင်၏မိခင်ပါ ထောင်ထဲရောက်သည်။ ကျွမ်းဖျင်ကိုပင် ထောင်သို့အလည်ပို့ပေးခဲ့သည်။ အလွန်တရာ ကိုယ်ချင်းစာတရားရှိသည်။

အစက ကျွမ်းဖျင် တာအိုလမ်းစဉ်ဂိုဏ်းကို မရွေးချယ်လောက်ဟု သူထင်ခဲ့သည်။ သို့သော် မထင်မှတ်ဘဲ တကယ်ရောက်လာသည်။

လူတစ်ဝက်ခန့် စမ်းသပ်မှုပြီးဆုံးသွားသည်။ ဟန်ဆောင်လိမ်ညာသူတစ်ချို့မှလွဲလျှင် အားလုံးနီးပါး ပထမအဆင့်အောင်မြင်ခဲ့သည်။

"ဆေးဝါးသုံးပြီး ဒွိဝိညာဉ်မြစ် ယာယီဖန်တီးထားတယ်။ ငါဒါကို မရိပ်မိဘူးထင်နေတာလား။ မင်းကျတယ်"

တိုင်ပုဖန် လုယန်နှင့်မုန်ကျင်းကျိုးကို လှုပ်ရှားရန် မျက်ရိပ်ပြသည်။ ထိုလူကို နောက်ထပ်စစ်ဆေးမေးမြန်းရမည်။

ဆေးဝါးသုံး၍ ဝိညာဉ်မြစ်အတုလုပ်ခြင်းသည် လိမ်လည်မှုမြောက်သည်။

သာမန်သေမျိုးတစ်ယောက်တွင် ထိုမျှအဆင့်မြင့်သည့်ဆေးဝါးမျိုး ကိုယ်ပိုင်မရှိနိုင်။ နောက်ကွယ်တွင် တစ်ခြားတစ်ယောက်ရှိရမည်။

လုယန်နှင့်မုန်ကျင်းကျိုး ရှေ့တက်လာပြီး ထိုလူကိုဆွဲခေါ်သွားသည်။ အရိုးရိုင်းနှင့် လီဟော်ရန်လက်သို့အပ်သည်။

ထို့နောက် တိုင်ပုဖန်ဘေးသို့ ပြန်လာပြီး အစောင့်နတ်မင်းများလို ဆက်ရပ်နေသည်။

နောက်ဆုံးတွင် လုယန်တို့နှစ်ယောက် ရင်းနှီးနေသည့်မျက်နှာပိုင်ရှင်ရောက်လာသည်။

ကုကျန်ယဲ့က ရွှမ်ယွမ်ဓားသခင်နှင့် ပြိုင်ဘက်ကင်းသူတော်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်သည်။ သူတို့သည် လောကတစ်ခွင် ဘေးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့သည်။ အထက်ကောင်းကင်ဘုံကို တိုက်ခိုက်သည်။ မြေအောက်ချောက်နက်ကို အမဲလိုက်သည်။ လူသားဘုံအတွင်းမှ ကပ်ဆိုးများကို ဖြေရှင်းခဲ့သည်။

တိုက်ပွဲတွင်တည်ဆောက်ခဲ့သည့် ထိုသံယောဇဉ်မျိုးသည် လူဝင်စားသံသရာလောက်ဖြင့် ပျက်စီးမသွားနိုင်ပေ။

ထို့နောက် သူ့လက်ကို ရက်ရက်ရောရော ဆန့်ထုတ်ပေးလိုက်သည်။

"ရေဝိညာဉ်မြစ်...မင်းက ကုကျန်ယဲ့လား"

တိုင်ပုဖန် တအံ့တဩ ရေရွတ်လိုက်သည်။ လုယန်တို့အစီရင်ခံစာထဲမှလူဖြစ်သည်။ ကုကျန်ယဲ့ကို အလေးထားကြသည်မှာ မဆန်းတော့။

"ဟုတ်ပါတယ်။ ကျုပ်ပါ"

ကုကျန်ယဲ့သည် တိုင်ပုဖန်လိုပင် ရေဝိညာဉ်မြစ်ပိုင်ဆိုင်သည်။

ကုကျန်ယဲ့ကာလရှည်ကြာလေ့ကျင့်ထားကြောင်းလည်း တိုင်ပုဖန်ရိပ်မိသည်။ လုံ့လဝီရိယအားမကောင်းလျှင် ထိုသို့လုပ်နိုင်မည်မဟုတ်။ ခိုင်မာသည့် တာအိုနှလုံး၏သက်သေဖြစ်သည်။

ကုကျန်ယဲ့သည် လုယန်တို့ပြောသလောက်ထူးချွန်လျှင် စမ်းသပ်ပွဲများ ဖြတ်ကျော်ဖို့ ပြဿနာမရှိနိုင်ဟု တိုင်ပုဖန်တွေးနေသည်။

ယွမ်ကျိက လုယန်ကို လက်ခံခဲ့သလို မဟာအကြီးအကဲကိုယ်စား ကုကျန်ယဲ့ကို တပည့်အဖြစ်လက်ခံရမလားဟု စဉ်းစားနေသည်။

မဖြစ်သေး။ မရနိုင်။ အခြေအနေနှစ်ခုက မတူကြ။

ဂိုဏ်းချုပ်ဝစီပိတ်က အကျဉ်းကျနေသဖြင့် တပည့်လက်မခံနိုင်ခဲ့ခြင်းဖြစ်သည်။ သူ့ဆရာမဟာအကြီးအကဲက အရှင်လတ်လတ်ရှိသေးသည်။ အားအင်အပြည့်ဖြင့် ဟိုဒီပြေးလွှားနေသည်။

သူ့ဆရာကိုယ်စား တပည့်လက်ခံစရာမလို။ သူ့ဆရာကိုယ်တိုင် လက်ခံခြင်းသာအကောင်းဆုံးဖြစ်သည်။

"ကောင်ပြီ၊ မင်းဆက်သွားလို့ရပြီ"

သူလက်ဝေ့ယမ်းပြလိုက်သည်။ ဘာကြောင့်မှန်းတော့မသိ။ ကုကျန်ယဲ့၏လေသံက နည်းနည်းထူးဆန်းသည်ဟု ခံစားရသည်။ သို့သော် သိပ်မတွေးတော့။

ကုကျန်ယဲ့ထွက်သွားချိန်တွင် သူ့နောက်တွင်ရပ်နေသည့်လူ ပေါ်လာသည်။ တိုင်ပုဖန် အသက်ရှူကြပ်သွားသည်။

"ဟုတ်ကဲ့၊ ကျုပ်နာမည် ချီတုန်းပါ၊ စမ်းသပ်ပွဲဝင်ပြိုင်ဖို့လာတာပါ"

ဂိုဏ်းဘိုးဘေး စမ်းသပ်ပွဲဝင်မည့်အကြောင်း သူလည်းကြားထားပြီးဖြစ်သည်။ စိတ်က ကြိုတင်ပြင်ဆင်ထားသော်လည်း လက်တွေ့တွင် အနေခက်သေးသည်။

ဘိုးဘေးကို ထိုင်ခုံလွှဲပေး၍ ထိုင်ခိုင်းရမလားမသိတော့။

လက်နှစ်ချောင်းထိ၍ ဘိုးဘေး၏ဝိညာဉ်မြစ်ကို စမ်းသပ်သည်။

"သစ်သားဝိညာဉ်မြစ်။ အောင်တယ်"

မျက်နှာလိုက်ခြင်းမဟုတ်။ တာအိုရှင်ရှန်ထန်တွက် သစ်သားဝိညာဉ်မြစ်တကယ်ရှိသည်။

ရှန်ထန်၏ မူလဗီဇက တြိဝိညာဉ်မြစ်ဖြစ်သည်။ သို့သော် ကျင့်စဉ်ဖျက်ဆီး၍ ပြန်စလိုက်ချိန်တွင် ဒွိဝိညာဉ်မြစ်ဖြစ်သွားသည်။

နောက်ပိုင်းတွင် ယွမ်ကျိကိုယ်တိုင် လော်ရွှေတပ်ဌာနချုပ်သို့သွား၍ အခြေအနေရှင်းပြပြီး ထောင်တိန်ဖုန်းထံမှ ကျင်းချန်အခွံကို ပြန်ယူလာသည်။

ကျင်းချန်အကူအညီဖြင့် ရှန်ထန်၏ဗီဇက အမြင့်ဆုံးသို့ရောက်သည်။ ဧကဝိညာဉ်မြစ်ပိုင်ရှင်အဖြစ်ပြောင်းသွားသည်။

************************************

All Chapters