← Chapters

မင်းနှလုံးသားလေး ကျေနပ်တဲ့အထိ ငါ့ကို လောင်ကျွမ်းပစ်လိုက်စမ်းပါ

Vol. 11(A) Ch. 143

မင်းနှလုံးသားလေး ကျေနပ်တဲ့အထိ ငါ့ကို လောင်ကျွမ်းပစ်လိုက်စမ်းပါ

Vol. 11(A) Ch. 143

လန်ရန်နှင့် စုရှောင်လန်တို့သည် ဂိုဏ်းအတွင်း လမ်းလျှောက်လာနေသည်။

အလှလေးနှစ်ဦး အတူတကွ လမ်းလျှောက် လာခြင်းသည် ဂိုဏ်းသားများစွာ၏ အကြည့်များအား ဆွဲဆောင် ထားနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။ ထို့အပြင် ထိုအလှလေး နှစ်ဦးသည် အလွန်အမင်း ပါရမီမြင့်လှသော လူငယ်မျိုးဆက်သစ်များ ဖြစ်သည်။ နှစ်ဦးစလုံးသည် ထိုသို့ အာရုံစိုက်ခံရခြင်းမှ နေသားကျနေကြပြီး ဖြစ်သည်ကြောင့် များစွာဂရုစိုက်ခြင်း မရှိကြချေ။

“အဲဒီနေရာပဲ သူတို့ကို အခုနက မြင်ခဲ့ရတာ”

လန်ရန်သည် သူတို့အရှေ့တွင် ရှိနေသည့် ရင်ပြင်ငယ်အား ညွှန်ပြလိုက်သည်။ “အဲဒီအချိန်တုန်းက သူတို့က နွေဦးမှာ လမ်းလျှောက်ထွက်သလိုမျိုး လှည့်ပတ် သွားလာနေကြတာ။ အရမ်းရယ်ရတာပဲ”

စုရှောင်လန် ခေါင်းညိတ်ကာဖြင့် “ပြီးတော့ကော သူတို့က ဘယ်ကိုသွားကြတာလဲ”

လန်ရန်သည ခေတ္တမျှ တုံ့ဆိုင်းနေပြီး “အမ်.. အဲဒီတုန်းက ငါလည်း အာရုံမစိုက်ထားမိဘူး” သူမသည် တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် “ငါက ရယ်မောနေလို့ မအားဘူးလေ”

“အဲဒီတော့ အမက ကျွန်မကို ဒီနေရာကို ဘာလို့ ခေါ်လာရသေးတာလဲ” စုရှောင်လန်၏ ခေါင်းမှာ တူနေထုခံရသကဲ့သို့ ခံစားနေရသည်။ အခြေအနေတွေ ပြောင်းလဲသွားမှန်း သိတာတောင် သူမအား ဤနေရာအထိ ခေါ်လာသေးသည်။

ထိုအချိန်တွင် လူတစ်ဦးသည် ဓားပျံကို စီးကာဖြင့် လျင်လျင်မြန်မြန် ပျံသန်းနေလေသည်။

“ဟေး အကိုမိုဟိုင်.. ဒီလောက်မြန်မြန်နဲ့ ဘယ်ကိုသွားနေတာလဲ” လန်ရန်သည် ထိုအမျိုးသားအား မြင်လိုက်သည့်အခါတွင် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။

မိုဟိုင်သည် ဇာမဏီငှက်ဂိုဏ်း၏ လူငယ်မျိုးဆက်သစ်ထဲတွင် အသန်မာဆုံးသောသူ ဖြစ်သည်။ သူ၏ သွေးမျိုးဆက်စွမ်းအားနှင့် ခွန်အားတို့ကြောင့် မျိုးဆက်သစ်ပါရမီရှင်များ အားလုံးထဲတွင် ထိပ်ဆုံးမှ ရပ်တည်နေသူ ဖြစ်သည်။

ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်သော စုရှောင်လန်သည်ပင်လျှင် မိုဟိုင်၏ထူးချွန်မှုနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။

လန်ရန်၏ အမေးအား ကြားလိုက်သည့်အခါတွင် မိုဟိုင်သည် ကောင်းကင်တွင် ရပ်တန့်သွားသည်။ သူ၏ ပြဒါးရောင်မျက်လုံးများသည် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ရှိနေပြီး “အိုး.. ညီမ လန်ရန်နဲ့ ညီမ စုရှောင်လန်ပါလား။ မီးတောက် လေ့ကျင့်ရေးကွင်းမှာ ထူးခြားတာတွေ ဖြစ်နေတယ်ဆိုလို့လေ။ အဲဒါသွားပြီးတော့ စစ်ဆေးကြည့်မလို့ အလျင်လိုနေရတာ”

“ဘာများဖြစ်လို့လဲ” စုရှောင်လန်သည် အနည်းငယ် မသက်မသာ ဖြစ်မိသည်။ အကြောင်းပြချက်တချို့ကြောင့် သူ၏ စိတ်ထဲတွင် ပြဿနာရှာတတ်တဲ့ သူတစ်ယောက် ပေါ်လာသည်။

“အဲဒါက လူတစ်ယောက်လို့တော့ ကြားတာပဲ။ အာ မဟုတ်ဘူး မျောက်တစ်ကောင်တဲ့။ အဲဒီမျောက်ရဲ့ မီးတောက်သန့်စင်မှုက ၉၀ ရာနှုန်း ကျော်နေတယ်တဲ့။ အဲဒီ စွမ်းအားကြီးတဲ့ ပုံရိပ်ကို မြင်ချင်လို့လေ”

“ကောင်းပြီ။ အရင်သွားနှင့်မယ်ဟေ့”

ထိုသို့ပြောရင်း မိုဟိုင်သည် ပျံသန်းထွက်ခွာသွားသည်။ တစ်စက္ကန့်မျှပင် အချိန်ဖြုန်းလိုဟန် မရှိချေ။

မိုဟိုင်၏ ရှင်းပြမှုအား ကြားလိုက်သည့်အခါ စုရှောင်လန်နှင့် လန်ရန်သည် ပါးစပ် အဟောင်းသားဖြင့် ရှိနေကြသည်။

“ဘုရားရေ.. မီးတောက်သန့်စင်မှု ၉၀ ရာနှုန်းကျော်တဲ့လား။ ငါထင်တာ မှန်တယ်ဆိုရင် နင်နဲ့ မိုဟိုင်တို့က မီးတောက်သန့်စင်မှု ၈၀ ရာနှုန်းကျော်ပဲ ရှိကြတာ ဟုတ်တယ်မဟုတ်လား။ ဒီလို ကြောက်ဖို့ကောင်းတဲ့ မျောက်က ဘယ်ကနေ ရောက်လာတာလဲ”

စုရှောင်လန်သည် မိန်းမောနေဆဲ ဖြစ်သည်။

ရှောင်ချိုးများလား။

မဖြစ်နိုင်ပါဘူး။ ရှောင်ချိုးက ငွေသံတုတ် အသုံးပြုတာ မဟုတ်လား။ ဘယ်အချိန်က သူ့ရဲ့ မီးအင်မော်တယ်မန္တန် အဲလောက်တောင် စွမ်းအားကြီးသွားတာလဲ။

ယခုအချိန်သည် တွေဝေနေရမည့်အချိန် မဟုတ်သည့်အတွက် သူမသည် ဓားပေါ်သို့ ခုန်တက်လိုက်ပြီးနောက် “အမ လန်ရန်ရေ လေ့ကျင့်ရေးကွင်းကို သွားကြမယ်”

လန်ရန်သည် ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ မီးတောက်ငှက်မွေး ယပ်တောင်ပေါ်သို့ ခုန်တက်လိုက်ပြီး စုရှောင်လန်နောက်သို့ လိုက်ပါသွားသည်။

ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းသည် ဖရိုဖရဲအနေအထား ဖြစ်နေလေသည်။

ဇာမဏီငှက်ဂိုဏ်းမှ ဂိုဏ်းသားများ၏ စိတ်ခံစားချက်များသည် ရိုလာကိုစတာ စီးရသကဲ့သို့ အနိမ့်အမြင့် အတက်အကျ ဖြစ်နေလေသည်။

ကနဦးတွင် သူတို့အားလုံးသည် ကြက်သေသေနေမိကြသည်။ ရှောင်ချိုး၏ သွင်ပြင်အား မြင်ရသည့်အခါ ကြောက်ရွံ့သွဦးကြသည်။ ထို့နောက်တွင် သူတို့သည် ပြန်လည်ကာ ကြက်သေ သေမိကြပြန်သည်။

တဖြည်းဖြည်းနှ၍့် သူတို့သည် အရူးအမူး ဖြစ်လာကြသည်။

ဂိုဏ်းသားများသည် အန်လင်းတို့အား ဝိုင်းအုံထားကြပြီး လှုပ်ရှားခွင့်ပင် မပေးကြချေ။

“အကိုမျောက် အကိုမျောက် အကိုက ဘယ်သူ့လက်အောက်မှာ ကျင့်ကြံတာလဲ”

“ဘာ အကိုမျောက်က အသင်္ချေတောင်တန်းနယ်မြေက လာတာ ဟုတ်လား”

“အကိုမျောက်ရဲ့ မီးတောက်နည်းစနစ်က အရမ်းကို စမ်းအားကြီးတာပဲ။ ဘယ်ကနေ သင်ကြားခဲ့တာလဲဟင်။ ဒီညီမလေးကို ပြောပြပေးနိုင်မလား”

“ဘာ.. အကိုမျောက်က ဒီညီအကိုရဲ့ သားရဲ ဟုတ်လား”

“ဟမ်.. မင်းက ကောင်းကင်ဘုံပိုင်နက်ရဲ့ အန်လင်းလား”

ဂိုဏ်းသားများ၏ ကျပန်းမေးခွန်းများစွာအား မေးမြန်းကြပြန်း အန်လင်း၏ နားစည် များသည် ဆူညံ့မှုကြောင့် ပွင့်ထွက်တော့မတတ်ပင် ဖြစ်ရသည်။

အခြားတစ်ဖက်တွင် ရှောင်ချိုးသည် အလွန်သဘောကျ နှစ်ခြိုက်နေပုံရပြီး မျက်နှာတွင် အကျည်းတန်လှသည့် အပြုံးတစ်ပွင့်အား တစ်ချိန်လုံး ချိတ်ဆွဲထားသည်။

အကြောင်းမှာ သူ့အနေဖြင့် ပထမဆုံးအကြိမ် ထိုကဲ့သို့ ကြိုဆို နှုတ်ဆက်ခံရခြင်း ဖြစ်သည်ကြောင့်ပင်။

ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းအတွင်သို့ အနီရောင် အလင်းတစ်ခု ရောက်ရှိလာသည်။

“အကို မိုဟိုင် ရောက်လာပြီ”

ဂိုဏ်းသားများသည် ထိုလူအတွက် လမ်းဖယ်ပေးလိုက်ကြသည်။

မိုဟိုင်သည် လူငယ်မျိုးဆက်သစ်တွင် အသန်မာဆုံးသောသူဖြစ်သည်။ သူ၏စွမ်းအားနှင့် အစွမ်းသတ္တိသည် အလွန်ကြောက်မက်ဖွယ် ဖြစ်သည်။

ထို့ကြောင့် အကိုမိုဟိုင် ရောက်ရှိလာသည်ကို မြင်ရသည့်အခါတွင် သူတို့အားလုံးသည် သူ၏လမ်းအား ပိတ်ဆို့ရဲခြင်း မရှိသည်မှာ သဘာဝကျလှသည်။ ဂိုဏ်းသားများသည် သူတို့၏ ဂိုဏ်းတူအကိုကြီးအား ကြည်ညိုလေးစားမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။

အန်လင်းသည် ပြဒါးရောင် မျက်လုံးများရှိသည့် သာမန်ရုပ်ရည်နှင့် လူတစ်ဦး လမ်းလျှောက် လာသည်ကို မြင်လိုက်ရသည်။

ထိုလူသည် ဂိုဏ်းသားများ ပြောနေကြသည့် အကိုမိုဟိုင် ဖြစ်ပေလိမ့်မည်။ သူ့ထံမှ ကြီးမားကာ စွမ်းအားပြင်းထန်သည့် အော်ရာများ ထုတ်လွှတ်လျက် ရှိနေပြီး ထိုလူသည် အားနည်းသည့်ဟန် မရှိချေ။

“ကျုပ်က မိုဟိုင်ပဲ။ မင်းက မီးတောက်သန့်စင်မှု ၉၀ ရာနှုန်းကျော်တယ်ဆိုတဲ့ မျောက်လား” ထိုလူသည် တိုက်ရိုက် မေးလေသည်။ သူသည် လက်သီးဆုပ်ကာဖြင့် ရှောင်ချိုးအား ဂုဏ်ပြုလေသည်။

“ဟုတ်တယ်” ရှောင်ချိုး ခေါင်းညိတ်လိုက်သည်။

“အာ.. အရမ်းကောင်းတယ်”

မိုဟိုင်၏ မျက်လုံးထဲတွင် မီးတောက်များ တောက်လောင်လာပြီး သူ၏ အော်ရာကို စွမ်းအားပြည့် ထုတ်ဖော်လိုက်သည်။

ဘုန်း

မိုဟိုင်၏ ခန္ဓာကိုယ်မှ အလျှံငြီးငြီးတောက်လောင်နေသည့် မီးလျှံများ ထွက်ပေါ်လာသည်။

ဂိုဏ်းသားများသည် ထိတ်လန့်တကြားဖြင့် နောက်ဆုတ် လိုက်ကြပြီး သူတို့၏ မျက်နှာများသည် ကြောက်ရွံ့မှုကြောင့် ဖျော့တော့ သွားကြသည်။

ထိုသည်ကို မြင်ရသည့်အခါတွင် အန်လင်းမှာ အလွန်တုန်လှုပ်သွားမိသည်။ ဤသည်မှာ အုပ်ချုပ်သူတစ်ဦး၏ စွမ်းအားဖြစ်သည်။

မဟုတ်ချေ။ ထိုသည်မှာ အုပ်ချုပ်သူအဆင့်သို့ အခြေတည်စ အဆင့်သာလျှင်ဖြစ်ပြီး အလုံးစုံ ဖွံ့ဖြိုးခြင်း မရှိသေးချေ။ ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်း အဆင့်လား။

မိုဟိုင်အား မီးတောက်ပြဒါးများ လွှမ်းခြုံ ဖုံးလွှမ်းထားသည်။ မျက်လုံးများသည် စိတ်အား ထက်သန်မှုများ တောက်လောင်လျက်ဖြင့် ရှောင်ချိုးအား ကြည့်နေလေသည်။

ရှောင်ချိုးသည် သူ၏ငွေသံတုတ်အား လက်တွင်ဆုပ်ကိုင်ထားပြီး ခြေတစ်လှမ်းမျှပင် နောက်ဆုတ်ခြင်း မရှိချေ။

ဤတိုက်ပွဲသည် ရှောင်လွှဲ၍ မရနိုင်ကြောင်း သူသိသည်။

ရှောင်ချိုး၏ အပြုအမူအား မြင်သည့်အခါတွင် မိုဟိုင်သည် စိတ်ပါလက်ပါဖြင့် ရယ်မောလေသည်။ လက်သီးအား တင်းတင်းဆုပ်ကာဖြင့် အင်္ကျီအား ဆုတ်ဖြဲလိုက်ပြီး ကြွက်သား အစိုင်အခဲများအား လှစ်ဟပြသနေလေသည်။

“ဟားဟားဟားဟား”

“အခု”

“မင်းရဲ့စွမ်းအား အကြီးဆုံး မီးတောက်ကိုသုံးပြီး မင်းရဲ့ နှလုံးသားထဲကနေ ကျေနပ်အားရတဲ့ အထိ ကျုပ်ကို လောင်ကျွမ်း ပစ်လိုက်စမ်းပါ”

ထိုသို့ပြောရင်း သူ၏ လက်များကို မြှောက်ကာ မျက်လုံးများ ပိတ်ထားလိုက်သည်။ မိုဟိုင်အား ကြည့်ရသည်မှာ နတ်ဘုရားမိုးကြိုးခံယူရန် စောင့်ဆိုင်းနေသည့် သူတော်စင်နှင့်ပင် တူနေသေးသည်။

“ကောင်းပြီ။ တိုက်ပွဲကို စ.... ဟမ်” သူ၏ငွေသံတုတ်အား မြှောက်လျက် အနေအထားဖြင့် ရှောင်ချိုး၏ ကြီးမားလှသည့် မျက်လုံးကြီးများ ပြူးကျယ် လာလေသည်။ မိုဟိုင်၏ အပြုအမူအား သူ့အနေဖြင့် နားမလည်နိုင် ဖြစ်နေလေသည်။

အန်လင်း : “…”

အန်လင်းသည် မျက်လုံးများ ပွတ်လိုက်သည်။ ထို့နောက်တွင် မျက်နှာမဲ့ကာဖြင့် ကိုယ်တစ်ပိုင်း ဗလာကျင်းလျက်ဖြင့် မျက်လုံးများပိတ်ကာ ရပ်နေသည့် မိုဟိုင်အား ကြည့်လိုက်သည်။

ရှောင်ချိုး လှုပ်ရှားခြင်း မရှိသည်ကြောင့် မိုဟိုင်သည မျက်လုံးများ ဖွင့်လိုက်သည်။ “ဘာဖြစ်လို့လဲ” စိတ်မရှည်စွာဖြင့် မေးလိုက်ပြီး “လာပြီးတော့ လောင်ကျွမ်းပစ်လိုက်စမ်းပါကွ”

ရှောင်ချိုး : “…”

“တောင်းပန်ပါတယ်။ မင်းရဲ့ မန္တန်ကို ငါ့အပေါ် တစ်ခါလေးပဲ အသုံးပြုပေးပါ” မိုဟိုင်သည် တောင်းဆိုလိုက်သည်။ “ငါ့ကို ကျောက်နီပြားလို သဘောထားလိုက်ကွာ။ ဟုတ်ပြီလား”

ထိုအချိန်တွင် ကြည့်နေကြသည့် ဂိုဏ်းသားများသည် သံပြိုင်ဟစ်ကြွေး လာကြသည်။

“လောင်ကျွမ်းပစ် လောင်ကျွမ်းပစ် လောင်ကျွမ်းပစ်”

“အကိုမိုဟိုင်ကို မြန်မြန် လောင်ကျွမ်းပစ်လိုက်”

“အကိုမျောက်ရေ.. တောင်းပန်ပါတယ်ဗျ။ ကျေးဇူးပြုပြီး သူ့ကို မြန်မြန်လေး လောင်ကျွမ်း ပစ်လိုက်စမ်းပါ”

သူတို့၏ သံပြိုင်တောင်းဆို နေမှုများကြောင့် အန်လင်းမှု ထိတ်လန့်တုန်လှုပ်ကာဖြင့် ဆွံ့အ သွားတော့သည်။

ရှောင်ချိုးသည် ခေါင်းကုတ်လိုက်သည်။ မိုဟိုင်၏ တောင်းဆိုနေသည့် အကြည့်နှင့်အတူ လူထု၏ လှိုက်လှိုက်လှဲလှဲ တောင်းဆိုမှုအား မြင်ရသည့်အခါတွင် မီးတောက်လုံး တစ်ခုအား ဆောင့်အောင့်ကာဖြင့် ထုတ်လွှတ်လိုက်သည်။

အရာအားလုံးကို ဝါးမျိုတော့မည်ပုံနှင့် မီးတောက်သည် သေခြင်းတရားနှင့် စိတ်အားငယ်မှုများကို သယ်ဆောင်လာပြီး မိုဟိုင်၏ ရင်ဘက်အား  ပြင်းထန်စွာ ရိုက်ခတ်လာသည်။

“အား...”

မိုဟိုင်၏ နှလုံးကွဲကြေသကဲ့သို့ အော်သံသည် လေ့ကျင့်ရေးကွင်း တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ရှောင်ချိုး၏ မဟူရာမီးတောက်များသည် သူခန္ဓာကိုယ်အား ဖုံးလွှမ်းခြုံထားသည့် မီးတောက်များကို ပြင်းထန်စွာ တိုက်စားသွားသည်။

လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝင်ရောက်လိုက်သည့် အခါတွင် စုရှောင်လန်နှင့် လန်ရန်တို့သည် မိုဟိုင်၏ မချိမဆန့် အော်ဟစ်သံကို ကြားလိုက်ရသည်။

“အား.. အကိုမျောက်ရေ.. မင်းရဲ့ မီးစွမ်းအားကို နည်းနည်းလောက် မြှင့်လိုက်ပါဦး”

“အား.. မခံနိုင်တော့ဘူး။ အကိုမျောက်ရေ.. နည်းနည်းလောက် လျှော့လိုက်ပါဦး”

“အား.. အကိုမျောက်ရေ.. မီးတောက်တွေကို ပိုပြီးပြင်းပြင်း လောင်ကျွမ်းခိုင်းလိုက်ပါဦး”

ပတ်ပတ်လည်တွင် ရပ်ကြည့်လျက် ရှိနေသည့် ဂိုဏ်းသားများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေကြသည်။

“ဟားဟားဟားဟား အကိုမိုဟိုင်ရဲ့ အော်သံတွေက အရမ်းရယ်ရတာပဲ” လန်ရန်သည် မိုဟိုင်အား မမြင်ရခင်မှာပင် အော်သံကို ကြားနေရခြင်းဖြစ်သဖြင့် နောက်တဖန် ဝါးလုံးကွဲ ရယ်မော ပြန်သည်။

စုရှောင်လန်နှင့် လန်ရန်တို့ လူအုပ်အား ကျော်ဖြတ်ပြီးသည့်နောက်တွင် တိုက်ပွဲစိတ်ဆန္ဒမှာ အဆုံးသတ်သွားပြီ ဖြစ်သည်။

မိုဟိုင်၏ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးတွင် အနီ၊ အနက် မီးလောင်ကွက်များ ရှိနေလေသည်။ မြေပြင်တွင် လဲလျောင်းလျက်ဖြင့်ရှိနေပြီး အရေပြားများ လောင်ကျွမ်းမှုကြောင့် သူ့ခန္ဓာကိုယ်မှ အသားကင်အနံ့များ ထွက်ပေါ်လျက် ရှိသည်။

သို့သော်လည်း သူ၏မျက်နှာတွင် ကျေနပ်ပီတိဖြစ်သည့် အပြုံးတစ်ခု ချိတ်ဆွဲထားလျက် ရှိသည်။

ရှောင်ချိုး၏ မီးတောက်များမှတဆင့် အရာအားလုံးအား ဝါးမျိုပစ်နိုင်သည့် နယ်မြေ တစ်ခုအား ဖမ်းဆုပ် လိုက်နိုင်ပြီ ဖြစ်သည်။

သူသည် အရူးတစ်ယောက်ဖြစ်သည်။ သူ့ခန္ဓာကိုယ်နှင့် စမ်းသပ်ခဲ့သည့် မီးတောက်များမှာ အလွန်စွမ်းအားကြီးလှသည်။

သူ့ထံတွင် ထူးခြားသည့် ပင်ကိုစွမ်းရည်တစ်ခုရှိပြီး ယင်းစွမ်းရည်ဖြင့် စွမ်းအင်များနှင့် မီးတောက် နယ်မြေများအား အာရုံခံနိုင်စွမ်း ရှိသည်။

ထိုမီးတောက်များကို နားလည်နိုင်စွမ်းကြောင့် သူ့အနေဖြင့် အခြားသူများ၏ မီးတောက်များမှ အားသာချက်များကို အခြေခံကာဖြင့် သူ့ကိုယ်ပိုင်နည်း စနစ်အဖြစ် ပြောင်းလဲ နိုင်သည်။ ထိုသည်က သူ့အား ပို၍ စွမ်းအားကြီးလာစေနိုင်သည်။

ထိုပင်ကိုယ်စွမ်းရည်ကြောင့် သူသည် လူငယ်မျိုးဆက်သစ်တွင် အသန်မာဆုံးသောသူ ဖြစ်နေရခြင်း ဖြစ်သည်။

စုတ်ပြတ်နေသည့် မိုဟိုင်ထံမှ အကြည့် လွှဲလိုက်သည့်အခါတွင် စုရှောင်လန်၏ မျက်လုံးများသည် ခန့်ညား ချောမောသည့် လူတစ်ဦးထံ ရောက်ရှိသွားသည်။

ထိုလူသည်လည်း သူမအား ကြည့်လာချိန် ဖြစ်သည်။

“အန်လင်း”

“စုရှောင်လန်”

***

All Chapters