အားလုံးသေရမယ်
Vol. 1 Ch. 149
"ကျီ ... ကျီ"
ဟေးယွင်တောင်၏ တောင်ထွတ်ထက်တွင် အမြီးသုံးချောင်း မြေခွေးလေး တစ်ကောင်သည် ပျော်ရွှင်စွာ ပြေးလွှား နေလေသည်။ ၎င်းသည် ကျောက်တုံးကြီး တစ်ခုထက် ခုန်တက်လိုက်ပြီး အဖြူရောင် အလင်းတန်းအလား လှစ်ခနဲ ပြေးသွား၍ မြေခွေးလေး တစ်ကောင်ရှေ့ ထိုင်ချလိုက်လေသည်။ မြေခွေးလေးဟု ဆိုသော်လည်း ထိုမြေခွေးတွင် အမြီးငါးချောင်း ရှိလေသည်။
"ကျီ ... ကျီ"
မြေခွေးလေး၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများ ထင်ဟပ်သွားခဲ့ပြီး မြေပေါ်တွင် တစ်ချက် ခုန်လိုက်ရာ ၎င်း၏ အမြီးငါးချောင်းမှ အဖြူရောင် အလင်းများ လင်းလက် သွားလေသည်။ ၎င်းသည် လူအားလုံးအား ညှို့ငင်နိုင်စွမ်း ရှိသည့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးလေး တစ်ဦးအဖြစ် ပြောင်းလဲသွား ခဲ့လေသည်။
"ကျီ ... ကျီ"
မြေခွေးလေးသည် အမျိုးသမီး၏ လက်မောင်းများဆီ ခုန်တက် လိုက်လေသည်။ ၎င်း၏ မျက်နှာလေးသည် အပြစ်ရှိဟန်များ ထင်ဟပ်နေ၍ အနိုင့်ကျင့် ခံရသော ကလေးငယ် တစ်ဦးကဲ့သို့ မရပ်မနား အော်ဟစ် နေလေသည်။
"ရှောင်ဖေး ... ငါဘယ်နှစ်ခါ ပြောရမလဲ ... အပြင်ဘက်လောကက အန္တရာယ် အရမ်းများတယ်လို့ ... ဒါပေမဲ့ ငါတံခါးပိတ်ပြီး ကျင့်ကြံနေတုန်း အခွင့်အရေးယူပြီး ထွက်ပြေးတယ်"
သက်လတ်ပိုင်း အရွယ် အမျိုးသမီးသည် သက်ပြင်း အသာချလိုက်ကာ မြေခွေးလေး၏ ဦးခေါင်းအား သူမ၏ သေးသွယ်သော လက်လေးများဖြင့် ကြင်နာစွာ ပွတ်သပ် ပေးလေသည်။ မြေခွေးလေးသည် သက်သောင့်သက်သာ ရှိဟန်ဖြင့် မျက်လုံးလေးများ မှေး၍ ဇိမ်ခံနေလေသည်။ လှပသေယ အမျိုးသမီး၏ မျက်နှာထက်တွင် ချစ်ခင်ကြင်နာမှုများ ပြည့်လျှမ်းလျက် ရှိနေလေသည်။ မကြာလိုက်သော အချိန်အတွင်း၌ သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါ်ထွက်လာခဲ့ပြီး ခပ်တိုးတိုး မေးလာခဲ့သည်။
"အခုလေးတင် ဘာဖြစ်သွားခဲ့တာလဲ ... ငါဘာလို့ မင်းအန္တရာယ် ကြုံနေရပြီလို့ အာရုံခံလိုက် မိတာလဲ ... လူတစ်ယောက်က မင်းကို သတ်ဖို့ လုပ်ခဲ့တာလား ... ဟမ့် ... ငါရဲ့ အဖိုးတန် သမီးလေးကို ထိရဲတဲ့ သူတိုင်း တစ်စစီဖြစ်အောင် လုပ်ပေးမယ် ... "
"ကျီ ... ကျီ"
မြေခွေးလေးသည် မြည်သံ ပြုလိုက်သည်။ သို့သော် ၎င်း၏ မျက်နှာလေးသည် သနားဟန်များ အပြည့်ဖြင့် တစ်ခုခုကို တွေးတောနေဟန် တူလေသည်။ မြေခွေးလေးသည် ကျန်းရီ သူမကို သတ်ရန် ကြိုးစားမှုကို ပြန်ပြောသင့် မပြောသင့် ဆုံးဖြတ်နေပုံ ရသည်။
သက်လတ်ပိုင်း အရွယ် အမျိုးသမီးသည် မြေခွေးလေး
တိတ်ဆိတ် နေသည်ကို သတိထား မိသွားသည်။ သူမ၏ မျက်လုံးများတွင် ဒေါသများ ချက်ချင်း ဖုံးလွှမ်းလာခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
"တစ်ယောက်ယောက်က မင်းကို သတ်ချင်ခဲ့ပုံ ရတယ် ... ဒီတောင်ပေါ်မှာ လူသုံးဆယ့် နှစ်ယောက် ရှိတယ် ... သူတို့ အကုန်လုံး သေရမယ်"
"ဝှစ်"
သက်လတ်ပိုင်း အရွယ် အမျိုးသမီးသည် အော်ဟစ်လိုက်ပြီး လေထဲသို့ ခုန်တက် လိုက်သည်။ သူမသည် ကျန်းရီ ရှိနေသော နေရာသို့ ပျံသန်း သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်း သူမသည် ကျန်းရီဘေးသို့ ရောက်ရှိ သွားခဲ့သည်။ သူမသည် လေထဲတွင် ဝံ့ကြွားစွာ ရပ်နေခဲ့ပြီး မြေပြင်ပေါ်တွင် မေ့မျောနေသော ကျန်းရီအား စိုက်ကြည့် လိုက်သည်။ သူမသည် အေးစက်စွာ ပြောလာခဲ့သည်။
"ရှောင်ဖေး ... ဒီတစ်ယောက်ရဲ့ ကိုယ်ပေါ်က မင်းအနံ့ရတယ် ... သူက မင်းကို သတ်ဖို့ ကြိုးစားခဲ့တဲ့ တစ်ယောက်လား"
"ကျီ ... ကျီ"
မြေခွေးလေးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျန်းရီအား ကြည့်၍ ရုတ်တရက် အသံတစ်ခု ပြုလိုက်ကာ သက်လတ်ပိုင်း အရွယ် အမျိုးသမီးအား ခေါင်းလေး ယမ်းပြလိုက်သည်။
"ဟမ့်"
သက်လတ်ပိုင်း အရွယ် အမျိုးသမီးသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး မြေခွေးလေးအား စိတ်အနှောင့်အယှက် ဖြစ်သည့်ဟန်ဖြင့် ကြည့်ကာ ဆူပူလိုက်သည်။
"ရှောင်ဖေး ... မင်းကို ငါပြောခဲ့တာ ဘယ်နှစ်ခါ ရှိပြီလဲ ... လူတွေနဲ့ နတ်ဆိုး သားရဲတွေက မွေးရာပါ ရန်သူတွေပဲ ... ငါတို့မှာ လူတွေလို အသိဉာဏ်ရှိပေမဲ့ လူတွေ မဟုတ်ဘူး ... သားရဲတွေပဲ ... လူတွေက ငါတို့ကို အန္တရာယ်ပြုဖို့ ကြိုးစားတဲ့ အချိန်မှာ ဘယ်တုန်းက ညှာတာခဲ့လို့ပဲ ... ငါတို့ စိတ်ပျော့လို့ မရဘူး ... .ကလေး ... မင်းက ကြင်နာတတ် လွန်းတယ်"
"ကျီ ... ကျီ"
မြေခွေးလေးသည် အလျှော့မပေးဘဲ ခေါင်းယမ်း လိုက်သည်။ ၎င်း၏ မျက်လုံးလေးများမှ အဖြူရောင် အလင်းများ တောက်ပလာခဲ့ပြီး သက်လတ်ပိုင်း အရွယ် အမျိုးသမီးအား တစ်ခုခု ပြောနေသည့်ပုံ ပေါ်လေသည်။
သက်လတ်ပိုင်း အရွယ် အမျိုးသမီး၏ မျက်လုံးများသည် ဆုံးဖြတ် လိုက်ဟန်နှင့် အေးစက်စက် ပြောလာခဲ့သည်။
"မရဘူး ... အဆုံးမှာ သူက မင်းကို လွှတ်ပေးလိုက်တယ် ဆိုရင်တောင် သူ့ကို ခွင့်မလွှတ်နိုင်ဘူး... မင်းကို ထိဝံ့တဲ့သူတိုင်း သေသင့်တယ်"
"ကျီ ... ကျီ"
မြေခွေးလေးသည် ဆုံးဖြတ်ချက် ချလိုက်သည့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးအား ငေးကြည့် နေခဲ့သည်။ သူလေးသည် ခေါင်းအား အဆက်မပြတ် ခါယမ်းကာ ဆက်တိုက် အော်ဟစ် နေလေသည်။ မြေခွေးလေးသည် သူမအား တင်းတင်းကျပ်ကျပ် ဆွဲထားကာ ခေါင်းအား ဆက်တိုက် ခါးယမ်းနေသည်မှာ အမေအား မကျေမနပ် ဖြစ်နေသော ကလေး တစ်ယောက်နှယ် ... သူ၏ မျက်လုံး လေးများတွင် ဆုံးဖြတ်ထားဟန်များ ပေါ်လွင် နေလေသည်။
သက်လတ်ပိုင်း အရွယ် အမျိုးသမီး၏ လက်ဝါးမှ အဖြူရောင်အလင်း လင်းလက်လာခဲ့ပြီး ကျန်းရီအား သတ်ဖြတ်ရန် ပြင်ဆင်နေခဲ့သည်။ သူမ လက်ဝါးအား ရိုက်ချတော့မည့် ဆဲဆဲတွင် မြေခွေးလေးနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။ သူမ၏ မျက်နှာထားသည် ပျော့ပျောင်း သွားခဲ့ပြီး သက်ပြင်းရှည် တစ်ချက် ချကာ ပြောလာခဲ့လေသည်။
"ဟူး ... ငါရဲ့ကလေးလေး ... .ဘာလို့ ဒီလောက်တောင် ကြင်နာတတ် နေရတာလဲ ... မင်းဒီလိုမျိုး လုပ်နေမယ်ဆိုရင် တစ်နေ့နေ့မှာ အဆုံးသတ် သွားရလိမ့်မယ် ... ထားလိုက်တော့ ... ထားလိုက်တော့ ... နောက်တစ်ခါ ထွက်မပြေးရဘူး ... သေချာမှတ်ထားနော် "
သူမ၏ စကားဆုံးသည်နှင့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးသည် တောင်စဉ် သုံးထောင်၏ တောနက်ပိုင်း အတွင်းသို့ ပျံသန်းသွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်း သူမသည် တောင်များအကြား တိုးဝင်ပျောက်ကွယ် သွားခဲ့ပြီး ပတ်ဝန်းကျင် သည်လည်း ပြန်လည် ငြိမ်းချမ်းကာ တိတ်ဆိတ် သွားခဲ့သည်။
ကျန်းရီသည် မြေပြင်ပေါ်တွင် မေ့မျောလျက်သား ကျန်ခဲ့သည်။ လျှိုလောင်နှင့် ကျန်လူများ သည်လည်း ဂူထဲတွင် မေ့မျောနေဆဲပင်။
အဆုံးတွင် ဘာဖြစ်ခဲ့သည်ကို ဘယ်သူမှ မသိလိုက်ကြပေ။ မြေခွေးလေးအား ဝိညာဉ်သားရဲ အဖြစ် ယဉ်ပါးအောင် မလုပ်ရက်ခဲ့သော ကျန်းရီ၏ ကြင်နာမှုက လူတိုင်း၏ အသက်အား ကယ်တင် လိုက်သည်ကိုလည်း တစ်ယောက်မှ တွေးမိမည် မဟုတ်ပေ။
သက်လတ်ပိုင်း အရွယ် အမျိုးသမီးသည် အားကောင်းလွန်းသည်။ သူမ၏ ကလေးသည် လေ့ကျင့်ခံရ၍ ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်လာသည်ကိုသာ သိရှိသွားပါလျှင် ဒေါသအမျက် ချောင်းချောင်း ထွက်ပေတော့မည်။ ကျန်းရီနှင့် ကျန်လူများသာမက အနီးအနားရှိ ဝိညာဉ်သားရဲမြို့နှင့် ဝိညာဉ်သားရဲ သင်တန်းကျောင်းကပါ အကျိုးဆက်ကို ခံစားရပေ လိမ့်မည်။
***
"ဝှစ်"
မကြာလိုက်သော အချိန်အတွင်း၌ ဝိညာဉ်သားရဲ မြို့ဘက်မှ အရိပ်နှစ်ခုသည် ကျန်းရီရှိနေသော ဟေးယွင် တောင်ဘက်သို့ ပျံသန်း လာကြသည်။
ကျန်းရီ အမြီးသုံးချောင်း မြေခွေးနှင့် တွေ့ဆုံလိုက်သော အချိန်သည် ခဏလေးသာ ဖြစ်လေသည်။ ဝိညာဉ်သားရဲမြို့သည် ဟေးယွင်တောင်နှင့် မိုင်အနည်းငယ်သာ ကွာဝေးလေသည်။ အဆင့်မြင့် သိုင်းသမား နှစ်ယောက်သည် အချက်ပြမှုကို ရရှိသည်နှင့် ဟေးယွင်တောင်သို့ ချက်ချင်း ထွက်ခွာလာခဲ့ဟန် တူလေသည်။
ထိုနှစ်ယောက်သည် ဝိညာဉ်သားရဲမြို့တွင် ရှိနေသော ဂိုဏ်းကြီးနှစ်ခုမှ လူများ ဖြစ်သည်မှာ အသေအချာ။ နှစ်ယောက်လုံးသည် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဋ္ဌမအဆင့်၌ ရှိကြလေသည်။ ဝိညာဉ်သားရဲမြို့သည် ရှန်ဝူနိုင်ငံတော်၏ တောင်ဘက် အစွန်းတွင် တည်ရှိသည်။ တောင်ဘက်ရှိ ရှားနိုင်ငံတော်နှင့် ရှန်မိနိုင်ငံသို့ သွားမည်ဆိုပါက ဝိညာဉ်သားရဲမြို့အား ဖြတ်သွားရမည် ဖြစ်လေသည်။ ဝိညာဉ်သားရဲမြို့သည် ဝိညာဉ်သားရဲ သင်တန်းကျောင်းရှိရာ တောင်ခြေတွင် တည်ရှိသည်။ ထို့ကြောင့် ဝိညာဉ်သားရဲမြို့သည် အရေးပါသော မြို့တစ်မြို့ဖြစ်ပြီး ဂိုဏ်းကြီးများမှ မြို့ထဲတွင် စနည်းနာရန် လူများ စေလွှတ် ထားသည်မှာ ပုံမှန်သာ ဖြစ်လေသည်။
ထိုနှစ်ယောက်သည် နေရာသို့ ရောက်ရှိလာခဲ့ပြီး ပတ်ဝန်းကျင်အား အကြမ်းဖျင်း စစ်ဆေး လိုက်သော်လည်း မည်သည့် အန္တရာယ်ကိုမှ မတွေ့ရပေ။ နှစ်ယောက်လုံးသည် ကျန်းရီအား ယခင်က မမြင်ဖူး ကြသော်လည်း ပုံပန်းသွင်ပြင်နှင့် သတင်းများကို ကြားဖူးနေကြသည်။ ထို့ကြောင့် သူ့ကိုပါ ဂူတွင်းသို့ သယ်သွား လိုက်ကြသည်။
ဂူတွင်းသို့ ဝင်ရောက် ကြပြီးနောက် ထိုလူနှစ်ယောက်သည် အကုန်လုံးအား သတိပြန်လည် လာအောင် ပြုလုပ်ပေး၍ ဘာဖြစ်ခဲ့သည်ကို မေးခွန်း ထုတ်တော့သည်။ သို့သော် အဆုံးတွင် ဘာဖြစ်ခဲ့သည်ကို တစ်ယောက်မှ မသိခဲ့ကြပေ။
ကျန်းရီသည် သူတို့အား အများကြီး ဖုံးကွယ် မထားခဲ့ပေ။ သူသည် သူနှင့် အမြီးသုံးချောင်း မြေခွေး၏ တွေ့ဆုံမှုကို ပြန်ပြောပြ ခဲ့သော်လည်း မြေခွေးလေးသည် နတ်ဆိုးစွမ်းအားကို ထုတ်သုံးခဲ့သည်ဟု မပြောခဲ့ပေ။ မြေခွေးလေးသည် ခပ်လှမ်းလှမ်းမှ ကြည့်နေပြီးနောက် ထွက်ခွာသွား ခဲ့သည်ဟုသာ သူပြောလိုက်သည်။
အမြီးသုံးချောင်း မြေခွေးများ၏ နတ်ဆိုးစွမ်းအားသည် အလွန်ကြောက်စရာ ကောင်းသည်။ သူသည် အမြီးသုံးချောင်း မြေခွေး၏ နတ်ဆိုးစွမ်းအားနှင့် တိုက်ခိုက်ခံ ခဲ့ရသော်လည်း အသက်ရှင်နေသေးမှန်း လူများ သိသွားကြလျှင် နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် သူ၏ တန်ဖိုး မဖြတ်နိုင်သော ပုလဲနီလေး သည်လည်း လူများစွာ၏ ပစ်မှတ်ထားခြင်းအား ခံရပေလိမ့်မည်။
လူတိုင်းသည် ပဟေဠိ ဖြစ်နေခဲ့ကြသည်။ လူတိုင်းအား မေ့မျော သွားစေသည့် အားကောင်းလွန်းသော ကြောက်စရာ အရှိန်အဝါ ဘယ်ကလာသည်ကို ဘယ်သူမှ မသိကြပေ။
ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းမှ အဆင့်မြင့် သိုင်းသမားနှစ်ယောက် ဆုံးဖြတ်လိုက်သော ပထမဆုံးအရာသည် ဟေးယွင်တောင်ပေါ်၌ ဆက်လက်မနေသင့် ... လူတိုင်းချက်ချင်း ထွက်ခွာရမည်ဟူ၍ ဖြစ်ပေသည်။ လျှိုလောင်နှင့် ကျိလောင်တို့ကိုပင် မေ့မျောသွား စေသူသည် ဗာဂျရာအဆင့် လောက်မှ ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက စတုတ္ထအဆင့် သို့မဟုတ် ပို၍ မြင့်သော နတ်ဆိုးဘုရင်သာ ဖြစ်နိုင်ချေ ရှိလေသည်။
မည်သည့်အရာ ဖြစ်ပါစေ ... အန္တရာယ် များလွန်းသည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့လို အရေးပါသူများသည် စွန့်စားကြမည် မဟုတ်ပေ။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့သည် ထွက်ခွာရန် ပြင်ဆင်ကြသည်။ သို့သော် ကျန်းရီသည် မည်မျှပင် အန္တရာယ် များပါစေ ထွက်ခွာလိမ့်မည် မဟုတ်ပေ။
ခရမ်းရောင်ရွှေ ဆယ်သန်းလည်း အလုံအလောက် မရရှိသေးသည့် အပြင် ဝိညာဉ်သားရဲ တစ်ကောင်လည်း မရသေးရာ ကျန်းရီ မည်သို့ လက်လျှော့ လိုက်နိုင်မည်နည်း ... အရေးကြီးဆုံးသည် နတ်ဆိုးသားရဲတို့၏ ဘုရင်ဖြစ်စေ၊ ဗာဂျရာသခင် တစ်ယောက်ဖြစ်စေ သူတို့အား မသတ်ခဲ့ရာ ဘေးကင်းလိမ့်မည်ဟု ကျန်းရီထင်သည်။
ထိုကဲ့သို့သော အဆင့်အတန်းမျိုးနှင့် ဆိုလျှင် သူတို့အား ပုရွတ်ဆိတ်လေး သတ်သလို အလွယ်သတ် သွားနိုင်သည်။
"ဒီမှာ ဘေးကင်းနေမှတော့ ဘာလို့ ဆက်ပြီး မနေနိုင်ရမှာလဲ ... ဟေးယွင်တောင်ကနေ ထွက်သွားရင် သူဘယ်က ခရမ်းရောင်ရွှေတွေ လွယ်လွယ်ရမှာလဲ"
ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့သည် ကျန်းရီအား စည်းရုံးရန် ကြိုးစား ခဲ့ကြသည်။ သို့သော် ကျန်းရီသည် ဆက်နေရန် ခေါင်းမာစွာ ဆုံးဖြတ်ထားသည်ကို မြင်လျှင် နှစ်ယောက်လုံးသည် ဂိုဏ်းမှ လူများနှင့် စိတ်မပါစွာ ထွက်ခွာ သွားကြသည်။ သို့သော် ချမ်ဝမ်ကွမ်သည် ချမ်ခွမ်းနှင့် ကျန်လူများအား ချန်ထားခဲ့၍ ကျန်းရီ၏ အမိန့်အား နာခံရန် ညွှန်ကြားခဲ့သည်။
ချမ်ဂိုဏ်းမှ ရောက်လာသူသည် လျှိုလောင်အား ဘာမှမပြောခဲ့ပေ။ ချမ်ခွမ်းနှင့် ကျန်လူများ အကုန်သေသွား လျှင်တောင် ချမ်ဝမ်ကွမ် ဘာမှမဖြစ်သရွေ့ သူတို့လည်း ဘာမှဖြစ်မည် မဟုတ်ပေ။
သူတို့ ထွက်ခွာ သွားသည်နှင့် ချမ်ခွမ်းနှင့် ကျန်လူတို့သည် မသက်မသာ ဖြစ်နေကြသည်ကို ကျန်းရီ တွေ့လိုက်ရသည်။ သူတို့သည် အလွန်စိုးရိမ် နေကြပုံ ပေါ်လေသည်။
"ချမ်ခွမ်း ... မင်းတို့တွေ မစိုးရိမ်ကြပါနဲ့ ... အရမ်း အားကောင်းတဲ့ နတ်ဆိုးသားရဲ တစ်ကောင် လာပြီး ငါတို့ကို တိုက်ခိုက်ရင် ငါလည်း မင်းတို့နဲ့အတူ သေမှာပါ ... ငါခရမ်းရောင်ရွှေ ဆယ်သန်းရပြီးရင် ဆက်အမဲလိုက်ပြီး လူတိုင်းကို အနည်းဆုံး ခရမ်းရောင်ရွှေ ငါးထောင် ဆုကြေးအနေနဲ့ ပေးမှာပါ"
ဆုကြေးသည် လူများအား ရဲရင့်အောင် စွမ်းဆောင် နိုင်လေသည်။ ချမ်ခွမ်းနှင့် ကျန်လူများသည် အကောင်းဆုံး အလုပ်လုပ်ရန် ပြင်ဆင် လိုက်ကြသည်။ သူတို့သည် သူတို့၏ အသက်များအား ချမ်ဝမ်ကွမ်ထံ အပ်နှံထားခြင်းမှာ ခရမ်းရောင် ရွှေများအတွက်ပင် မဟုတ်ပါလား ... ပိုက်ဆံရနေသရွေ့ သူတို့ မည်သူ့အတွက် အလုပ်လုပ်ပါစေ ... ဘာများကွာခြား သွားလို့လဲ။
ကျန်းရီသည် အဝေးမှ အစိမ်းရောင် တောင်တန်းကြီးအား မျှော်ကြည့် လိုက်သည်။ သူ့စိတ်အစဉ်သည် မြေခွေးလေး၏ အကြောင်းအား ပြန်တွေး နေလေသည်။ သူသည် ကြိတ်၍ သက်ပြင်း ချလိုက်ကာ သူတစ်ယောက်တည်းသာ ကြားနိုင်သည့် အသံနှင့် ရေရွတ်လိုက်သည်။
"ငါမြေခွေးလေးကို သွားခွင့်ပြုလိုက်တာ ... မှားသွားလား ... မမှားဘူးလား"
***