ဧရာမမြွေကြီး ပေါ်ထွက်လာခြင်း
Vol. 20 Ch. 252
ဧရာမသားရဲကြီး၏ ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် လူတိုင်း အံ့အားသင့်သွားခဲ့ရသည်။ ဧရာမမြွေကြီး၏ အနားရှိ စစ်သင်္ဘောတွေအပေါ်က စစ်သားများပင် ပစ်ခတ်မှုအား ခေတ္ထမျှ ရပ်တန့်ကာ ယင်းရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် သတိထား၍ စိုက်ကြည့်နေခဲ့ကြသည်။
သို့သော် များမကြာမီမှာပင် ဧရာမမြွေကြီး၏ ပစ်မှတ်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မျောပါနေသော သားရဲများ၏ ခန္ဓာကိုယ်များသာဖြစ်ကြောင်း တွေ့လိုက်ရသည်။
လှိုင်းထန်နေသော ပင်လယ်ပြင်တွင် မီတာ (၃၀၀) အရှည်ရှိသည့် ဧရာမမြွေကြီးက လူးလာခေါက်တုံ့ သွားလာနေပြီး လမ်းမှားရောက်လာသော မစ်ဇိုင်းများကို ရှောင်တိမ်းကာ ဧရာမသားရဲများကို သတ်ဖြတ်နေသည်။ ဧရာမမြွေကြီးသည် ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ ဧရာမသားရဲများ၏ ခန္ဓာကိုယ်များအား အနက်ရောင်တွင်းနက်သဖွယ် ဆက်တိုက်မြိုချနေခဲ့သည်။
၎င်းသည် နှစ်ဖက်အင်အားစုကြား ပေါ်လာခဲ့သော်လည်း ၎င်း၏ ရည်မှန်းချက်သည် နှစ်ဖက်အင်အားစုကြား တိုက်ပွဲက ကျွင်းကျန်ရစ်သော သားရဲများ၏ ရုပ်ခန္ဓာများသာ ဖြစ်သည်။
ဤစစ်ပွဲသည် စက္ကန့်အနည်းငယ်ဖြင့် ရပ်တန့်သွားမည် မဟုတ်ပေ။ အဆုံးမရှိသော ပေါက်ကွဲသံများနှင့် အော်ဟစ်သံများသည် ဆက်လက်ထွက်ပေါ်နေပြီး၊ ရှေးဟောင်း သားရဲများ၊ သန္ဓေပြောင်း သားရဲများ၏ အရေအတွက်သည် သိသိသာသာ တိုးပွားလာနေကာ၊ ကိုင်းဂျူး သားရဲရာပေါင်းများစွာနှင့်အတူ လူသားမဟာမိတ်ကို အနည်းငယ် ဖိနှိပ့်ထားနိုင်ခဲ့သည်။
သို့သော် အပြာရောင်ဂြိုလ်၏ လူသားများသည် အင်အားကြီးမားပေ၏။ ၎င်းတို့၏ ပစ်ခတ်တိုက်ခိုက်မှုများသည် အလွန် ပြင်းထန်ပြီး စက္ကန့်နှင့်အမျှ သားရဲများစွာ သေဆုံးနေရသည်။
အချိန်ကြာလာသည်နှင့်အမျှ ပင်လယ်စစ်ပွဲတွင် လူသားများဘက်မှ တဖြည်းဖြည်း အသာစီးရလာသည်။ သို့သော် စစ်မှန်သော ဤစစ်ပွဲ၏ အဆုံးအဖြတ်ပေးမည့် အချက်က ကောင်းကင်ယံတွင် ရှိနေသည်ကို လူတိုင်းသိကြသည်။
အထက်ကောင်းကင်ယံတွင်တော့ လေသင်္ဘောအုပ်စုနှင့် အဆင့် (၆) ကိုင်းဂျူးသားရဲ နှစ်ကောင်ကြား တိုက်ပွဲဖြစ်ပွားနေသည်။ ဤနှစ်ဖက်စလုံးတွင် ရန်သူအမြောက်အမြားကို ရှင်းလင်းနိုင်သော စွမ်းရည်ရှိခြင်းကြောင့် ၎င်းတို့၏ တိုက်ပွဲသည် ဤစစ်ပွဲ၏ အဆုံးအဖြတ်ပေးမည့် စစ်မှန်သော အဓိကအချက် ဖြစ်သည်။
"ဒီလူတွေသာ အဆင့် ၆ ကိုင်းဂျူးသားရဲ နှစ်ကောင်ကို ကောင်းကင်ယံကနေ ပြုတ်ကျစေနိုင်ရင် အကောင်းဆုံးပဲ"
ဖန့်ရန်က ကောင်းကင်ယံရှိ တိုက်ပွဲကို ကြည့်ရင်း သူ၏ လျှာဖြင့် နှုတ်ခမ်းသပ်ကာ တွေးသည်။ သူသည် ဤအဆင့် (၆) ကိုင်းဂျူးသားရဲ နှစ်ကောင်ကို အမှန်တကယ်ပင် ဝါးမြိုချင်ပေ၏။
ဤစစ်မြေပြင်တွင် သားရဲအလောင်းများစွာ ရှိသော်လည်း အဆင့် (၆) ကိုင်းဂျူး နှစ်ကောင်လောက် အရေးမပါပေ။ သူသည် စနစ်အမှတ်အနည်းငယ်သာ ပေးနိုင်သည့် သားရဲများစွာကို စားသောက်ရသည်ထက် စနစ်အမှတ်များစွာ ပေးနိုင်သည့် သားရဲတစ်ကောင်ကို စားသောက်ရခြင်းကို ပိုနှစ်သက်သည်။
တွေးတောရင်း သူသည် တောင်အရွယ်အစားရှိသော ဧရာမပင့်ကူကြီးကို သတိရလာသည်။ ၎င်းသည် ကိုင်းဂျူး သားရဲအားလုံး၏ မိခင်၊ ခေါ် မူလဖန်တီးရှင် ဖြစ်နိုင်ပေသည်။
သူသည် ထိုဧရာမသားရဲကြီးက စနစ်အမှတ်မည်မျှ တန်ကြေးရှိမည်ကို သိလိုပေသည်။ ဖြစ်နိုင်သည်က ၎င်းသည် စနစ်အမှတ် ဘီလီယံများစွာအထိပင် တန်ကြေးရှိနေနိုင်သည်။
ဖန့်ရန်သည် ဤအတွေးကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း ခေါင်းကို ခါယမ်းလိုက်သည်။ ထိုသားရဲကြီးသည် လက်ရှိ သူကိုင်တွယ်နိုင်သည့် အဆင့်ထက် များစွာကျော်လွန်နေသည်။ ယခုအချိန်၌ သူသည် ၎င်း၏ မျက်လုံးမျှပင် မရှိသေးပေ။
ကောင်းကင်ယံတွင် တိုက်လေယာဉ်များသည် အဆင့် (၆) ကိုင်းဂျူး သားရဲနှစ်ကောင်အား စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ မစ်ဇိုင်းများဖြင့် အဆက်မပြတ် ဗုံးကြဲခြင်းတို့ ပြုလုပ်နေသည်။
တိုက်လေယာဉ်များ၏ တိုက်ခိုက်ရေးစွမ်းအားသည် မြင့်မားသည်ဟုဆိုနိုင်သော်လည်း အဆင့် (၆) ကိုင်းဂျူး သားရဲများက ပို၍ပင် အစွမ်းထက်သည်။ အကယ်၍ တိုက်လေယာဉ်များအနေဖြင့် ကိုင်းဂျူး သားရဲများ၏ လျှပ်စစ်သံလိုက်လှိုင်းကို စိတ်ပူစရာ မလိုတော့လျှင်ပင် ၎င်းတို့ကို ကိုင်တွယ်ရန်အတွက် အလွန်ခက်ခဲနေဆဲ ဖြစ်သည်။
ဤဧရာမသားရဲများတွင် အသံထက်မြန်သော အမြန်နှုန်း၊ အလွန်ကြီးမားသော ခွန်အား၊ စိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်သော ကာကွယ်စွမ်းရည်နှင့် ပြန်လည်ကုသနိုင်စွမ်းတို့်အပြင် အဖျက်စွမ်းအားကြီးမားသော လေဆာတန်းများလည်း ရှိသည်။ ၎င်းတို့အား ထိခိုက်စေနိုင်သည်က လေဆာတန်းများသာ ရှိ၏။ မစ်ဇိုင်းခေါ် ပဲ့ထိန်းဒုံးကျည်များသည် ၎င်းတို့အား ထိခိုက်စေရန် မစွမ်းဆောင်နိုင်ပေ။
ထိုကြောင့် ၎င်းတို့ကို ချေမှုန်းနိုင်ရန်အတွက် သာမာန်ကြိုးစားအားထုတ်မှုဖြင့် မလုပ်ဆောင်နိုင်ပေ။
ဖန့်ရန်သည် သားရဲများ၏ ရုပ်ခန္ဓာများအား စားသောက်နေစဉ် သူ၏ အကြည့်က ကောင်းကင်ယံရှိ တိုက်ပွဲကနေ မခွာခဲ့ပေ။ သူသည် အခွင့်အရေးရသည်နှင့် ဝင်ရောက်တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် အဆင့် (၅) ကိုင်းဂျူး သားရဲများကိုလည်း ရှာဖွေနေသည်။ ၎င်းတို့သည် သူနှင့် နီးကပ်သော ပစ်မှတ်များသာ ဖြစ်လိမ့်မည်။
ဖန့်ရန်နှင့် မလှမ်းမကမ်းတွင် မိကျောင်းကိုင်းဂျူး တစ်ကောင်သည် စစ်မြေပြင်တစ်လျှောက် အပြင်းအထန် တိုက်ခိုက်နေသည်။ ၎င်းသည် အဆင့် (၆) အောက်တွင် အစွမ်းအထက်ဆုံးသော ကိုင်းဂျူး သားရဲများထဲမှ တစ်ကောင် ဖြစ်သင့်သည်။
၎င်း၏ ပြိုင်ဘက်သည် လူသား ထိန်းချုပ်ထားသော အဆင့် (၅) ကိုင်းဂျူး သားရဲတစ်ကောင် ဖြစ်သည်။ တိုက်ပွဲသည် ကြမ်းတမ်းကာ ဧရာမလှိုင်းလုံးများသည် ထိုတိုက်ပွဲ၏ ရိုက်ခက်မှုဒဏ်ကြောင့် ဆက်တိုက်ဖြစ်ပေါ်နေသည်။
လူသား ထိန်းချုပ်ထားသော ကိုင်းဂျူးသားရဲသည် လက်ရှိတွင် အားနည်းသော ဘက်တွင် ရှိနေသည်။
"မဒ်တိုက်ဂါးက သူ့ပြိုင်ဘက် မဟုတ်ဘူး"
စစ်သင်္ဘောပေါ်တွင် လူငယ်စစ်သားက သူ၏ ဘေးရှိ ဦးလေး လင်းကို ပြောလိုက်သည်။ မဒ်တိုက်ဂါးက မိကျောင်းကိုင်းဂျူးနှင့် တိုက်ခိုက်နေသည့် လူထိန်းချုပ်ထားသော ကိုင်းဂျူးသားရဲ ဖြစ်သည်။ ၎င်းသည် ယခုအချိန်၌ အရေးနိမ့်နေသည်။
မဒ်တိုက်ဂါးသည် မိကျောင်းကိုင်းဂျူးနှင့် တိုက်ခိုက်နေသည့် လူသားသဏ္ဍာန်ရှိကာ ကျားနှင့်ဆင်သော အဆင့် (၅) ကိုင်းဂျူး သားရဲ ဖြစ်သည်။
မဒ်တိုက်ဂါးသည် ယူနစ်၏ ညာဘက်ခြမ်းကို ကာကွယ်ပေးနေသည်။ အကယ်၍ မဒ်တိုက်ဂါးသာ ရှုံးနိမ့်သွားမည်ဆိုလျှင် ယူနစ်သည် အဆင့် (၅) ကိုင်းဂျူး သားရဲနှင့် တိုက်ရိုက်ရင်ဆိုင်ရမည် ဖြစ်သည်။ ဤသို့ထိတ်တိုက်ရင်ဆိုင်ခြင်းသည် ပင်လယ်စစ်သင်္ဘောများအတွက် အလွန်ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်သည်။
(TN/ ဒီထဲက ယူနစ်ဆိုတာ စစ်ရေးအင်အားအကုန်လုံးကို လွှမ်းခြုံပြီးပြောတာပါ။ ဒီထဲမှာ စစ်သင်္ဘော၊ လေယာဉ်အစရှိတာတွေကို သိမ်းကြုံးပြီး ဆိုလိုတာ ဖြစ်ပါတယ်။)
မိကျောင်းကိုင်းဂျူးသည် မဒ်တိုက်ဂါးအား ရုတ်တရက် တွန်းချလိုက်ပြီး ၎င်း၏ ကိုယ်ခန္ဓာအောက်ပိုင်းကိုယ်ကိုက်ချလိုက်သည်။
"ဂါးး"
မဒ်တိုက်ဂါးက သူ၏ ညာဘက် ခြေထောက် အကိုက်ခံလိုက်ရသောကြောင့် နာကျင်စွာ အော်ဟစ်လိုက်သည်။
ကိုင်းဂျူး သားရဲကို ထိန်းချုပ်နေသော မောင်းနှင် သူ၏ အာရုံကြောသည် ကိုင်းဂျူး သားရဲနှင့် အပြည့်အဝ ချိတ်ဆက်ထားသောကြောင့် နာကျင်မှုကို မျှဝေခံစားရသည်။
ကိုင်းဂျူး သားရဲ၏ ခြေထောက် အကိုက်ခံလိုက်ရသောအချိန်တွင် မောင်းနှင်သူက နာကျင်စွာ အော်ဟစ်လိုက်သည်။ မဒ်တိုက်ဂါးအား ထိန်းချုပ်နေသော မောင်းနှင်သူသည် သူ၏ လုံခြုံရေးအခန်းထဲတွင် တဆက်ဆက်တုန်ရီနေသည်။ သူမ၏ နှာဖူးနှင့် နားထင်တွင် ချွေးများဖြင့် ပြည့်နေသည်။
သူမ ခံစားခဲ့ရသော နာကျင်မှုကို စိတ်ကူးကြည့်နိုင်သည်။
သို့သော် ထိန်းချုပ်နေသော ကိုင်းဂျူး သားရဲ မောင်းနှင်သူများသည် နာကျင်မှုကို ခံနိုင်ရည်ရှိရန် ကြမ်းတမ်းသော လေ့ကျင့်မှုများ ကွင်းဆင်းထားရသောကြောင့် စက္ကန့်အနည်းငယ်အတွင်း မဒ်တိုက်ဂါးသည် ဟိန်းဟောင်ခြင်းအား ရပ်တန့်လိုက်ပြီး မိကျောင်းကိုင်းဂျူး၏ ပါးစပ်ထဲက ၎င်း၏ ညာဘက် ခြေထောက်ကို ဆွဲထုတ်ရန်အတွက် ရုန်းကန်လိုက်သည်။
"..."
မဒ်တိုက်ဂါး၏ ညာဘက်ခြေထောက်၏ အသားများသည် ဆုတ်ဖြဲခံလိုက်ရပြီး အပြာရောင်သွေးများ ပန်းထွက်လာသည်။ သို့သော် သွေးများသည် လျင်မြန်စွာ ရပ်တန့်သွားပြီး ၎င်းဒဏ်ရာက မျက်စိဖြင့် မြင်နိုင်သည့် အရှိန်ဖြင့် အနာကျက်လာသည်။
မဒ်တိုက်ဂါးသည် အဆင့် (၅) ကိုင်းဂျူး သားရဲတစ်ကောင် ဖြစ်သောကြောင့် ၎င်း၏ ပြန်လည်ကုသနိုင်စွမ်းက အလွန်အစွမ်းထက်သည်ကို ပြောစရာမလိုပေ။
ရုတ်တရက် မိကျောင်းကိုင်းဂျူးသည် မဒ်တိုက်ဂါးဆီ ပြေးဝင်လာ၏။ ၎င်းသည် ဤကျားအား ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပေးမည် မဟုတ်ပေ။
"သားရဲစုတ်"
စစ်သင်္ဘောပေါ်ရှိ လူငယ်စစ်သားက အံ့တင်းတင်းကြိတ်ကာ ကြည့်နေသည်။ မဒ်တိုက်ဂါးအား ထိန်းချုပ်ထားသော သူက သူ၏ ရည်စားဖြစ်သည်။ ထိုကြောင့်ပင် မဒ်တိုက်ဂါး ဒဏ်ရာရသွားခြင်းအား မြင်ရသည်က သူ့ကို ဒေါသထွက်စေသည်။
လူငယ်စစ်သားက သူ့လက်ထဲရှိ စက်သေနတ်ဖြင့် မိကျောင်းကိုင်းဂျူးကို ချက်ချင်းပင် ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။
"သေစမ်း သားရဲစုတ်"
လူငယ်စစ်သားက မိကျောင်းကိုင်းဂျူးကို စက်သေနတ်ဖြင့် ပစ်ခတ်နေရင်း ကျယ်လောင်စွာ အော်ဟစ်၏။ သူ၏ နံဘေးရှိ သတ်လတ်ပိုင်းအရွယ် အမျိုးသားက တစ်ချက်ကြည့်လိုက်သော်လည်း လူငယ်စစ်သားကို ဘာမှမပြောခဲ့ပေ။
သတ်လတ်ပိုင်းအရွယ် အမျိုးသားက စစ်သင်္ဘောများဆီသို့ ချည်းကပ်လာနေသော ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများကို အာရုံစိုက်ကာ သင်္ဘောပေါ်သို့ တက်မလာစေရန် တားဆီးနေသည်။
"ဂါး"
ကျည်ဆန်များစွာက မိကျောင်းကိုင်းဂျူး၏ ကိုယ်ပေါ်သို့ ကျရောက်သွား၏။ သို့သော် ၎င်းက သူ့အား မည်သည့် ထိခိုက်မှုမှ မဖြစ်စေပေ။ ထိုအစား ၎င်းကို ဒေါသထွက်စေခဲ့သည်။ မိကျောင်းကိုင်းဂျူးသည် စစ်သင်္ဘောဆီသို့ ချည်းကပ်ကာ သူ့အား စိတ်အနှောင့်အယှက်ဖြစ်စေသည့် ဤအကောင်အား ဖျက်ဆီးရန် ကြံလိုက်သည်။
ဤတွင် လူငယ်စစ်သား၏ မိကျောင်းကိုင်းဂျူး၏ အာရုံစိုက်ခံလိုက်ရခြင်းက မဒ်တိုက်ဂါးကို အသက်ရှူချောင်စေခဲ့သည်။ ၎င်းသည် မိကျောင်းကိုင်းဂျူးအား နောက်ကျောက တိုက်ခိုက်နိုင်မည့် အခွင့်အရေးကိုလည်း ရရှိစေခဲ့သည်။
စစ်မြေပြင်တွင် ဤကဲ့သို့ အခွင့်အရေးက ရှားပါးသည်ဟု ဆိုနိုင်သည်။
မဒ်တိုက်ဂါးသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး အားအင်စုဆောင်း၏။ ထိုနောက် မိကျောင်းကိုင်းဂျူး၏ နောက်ကျောဆီ ခုန်အုပ်ကာ လည်ပင်းကို ကိုက်ချလိုက်သည်။
ဂျစ်...
သံမဏိခြင်း ပြင်းထန်စွာ ပွတ်တိုက်သွားသည့် အသံကဲ့သို့ အသံက ထွက်ပေါ်လာပြီး စစ်သားများ၏ နားစည်ကို ပေါက်ကွဲလုနီးပါး ဖြစ်သွားစေသည်။
မဒ်တိုက်ဂါး၏ သွားများစိုက်ဝင်သွားသော မိကျောင်းကိုင်းဂျူး၏ လည်ပင်းကနေ အပြာရောင် သွေးများ စီးကျလာသည်။ မဒ်တိုက်ဂါး၏ သွားများသည် သံမဏိကဲ့သို့ ခိုင်မာသော ကြွက်သားမျှင်များကြားတွင် ရပ်တန့်သွားသည်။
"ဂါး"
မိကျောင်းကိုင်းဂျူးသည် အလစ်တိုက်ခိုက်ခံလိုက်ရသော နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မဒ်တိုက်ဂါး၏ ဤကိုက်ချက်သည် အလွန်ပြင်းထန်သော ကျည်ဆန်များကို ခံနိုင်ရည်ရှိခဲ့သော မိကျောင်းကိုင်းဂျူးအပေါ် ဒဏ်ရာရစေခဲ့သည်။
မိကျောင်းကိုင်းဂျူးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြမ်းတမ်းစွာ ပြန်လှည့်လိုက်ရာ ၎င်း၏ လည်ပင်းက အသားစကြီးတစ်ခုသည် ဆုတ်ပြဲထွက်သွားပြီး အပြာရောင်သွေးများသည် ပန်းထွက်လာခဲ့သော်လည်း မိကျောင်းကိုင်းဂျူးသည် ဂရုစိုက်ခြင်း အလျင်မရှိခဲ့ပေ။ ထိုအစား ၎င်းသည် မဒ်တိုက်ဂါးအား လက်သည်းဖြင့် ကုတ်ခြင်း၊ ပါးစပ်ဖြင့် ကိုက်ခြင်းတို့ဖြင့် တိုက်ခိုက်ခဲ့သည်။
မဒ်တိုက်ဂါးသည် ၎င်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။ ၎င်းသည် မိကျောင်းကိုင်းဂျူး၏ ဖိအားပေးခြင်းကို ခံလိုက်ရပြီး သူ၏ လည်ပင်းသည် အကိုက်ခံလိုက်ရကာ နာကျင်စွာ ညည်းညုခြင်းသာ ပြုနိုင်ခဲ့သည်။
လည်ပင်းအကိုက်ခံလိုက်ရသော မဒ်တိုက်ဂါးသည် သေဆုံးရန် သေချာနေခဲ့သည်။
ဟွာရှ စစ်ရေယာဉ်စု၏ အလယ်ဗဟိုတွင် ဧရာမမိခင်သင်္ဘောတစ်စင်းရှိကာ ၎င်းအတွင်းရှိ အလုံပိတ်ခန်းတစ်ခု၌ နူညံ့သိမ်မွေ့သည့် မျက်နှာသွင်ပြင်နှင့် ပခုံးအထိ ရှည်လျားသော ဆံပင်ရှိသည့် အမျိုးသမီးတစ်ယောက်က လဲလျောင်းနေခဲ့သည်။
သူမ၏ မျက်လုံးများက ပိတ်ထားသော်လည်း မျက်ခုံးများသည် တွန့်ချိုးနေကာ မျက်တောင်များက တစ်ဆက်ဆက်တုန်ရင်နေ၏။ ရုတ်တရက် သူမ၏ မျက်နှာအမူအရာသည် ကြောက်ရွံ့မှုများ ပြင်းထန်လာပြီး သေတော့မည့်အသွင် ဖြစ်လာသည်။
"မဖြစ်ဘူး"
ဦးလေးလင်း ဘေးတွင်ရှိနေသော လူငယ်စစ်သားသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ စက်သေနတ်မှ ကျည်ဆန်မိုးများ မိကျောင်းကိုင်းဂျူးဆီသို့ ပျံ့လွင့်သွား၏။
ကံဆိုးစွာဖြင့် သာမန်အမြောက်ကျည်များ၏ ပေါက်ကွဲမှုနှင့် ညီမျှသော ပေါက်ကွဲစေတတ်သည့် ဤကျည်ဆံများသည် မိကျောင်းကိုင်းဂျူးအား ထိခိုက်ဒဏ်ရာရစေရန် မဖြစ်နိုင်ပေ။
လူငယ်စစ်သားသည် မိကျောင်းကိုင်းဂျူး၏ ပါးစပ် တဖြည်းဖြည်း ပိတ်သွားခြင်းနှင့် မဒ်တိုက်ဂါး၏ လည်ပင်းရိုးလိမ်ကာ ညိမ်ကျသွားခြင်းကို ဒေါသတကြီးဖြင့် မျက်ရည်များဖြင့်သာ ကြည့်နေနိုင်ခဲ့သည်။
လူငယ်စစ်သား၏ မျက်လုံးများတွင် ကြောက်ရွံ့ရိပ်များ ပေါ်လာခဲ့သည်။ ယခု မဒ်တိုက်ဂါးသည် သေဆုံးသွားပြီဖြစ်သောကြောင့် ဤယူနစ်၏ ညာဘက်ခြမ်းသည် ကြီးမားသော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သို့သော် နောက်အခိုက်အတန့် မြင်လိုက်ရသော မြင်ကွင်းက သူ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများကို ပယ်ဖျက်ပေးကာ အနည်းငယ် စိတ်သက်သာရာ ရစေခဲ့သည်။
ဗုန်း...
မိကျောင်းကိုင်းဂျူး၏ အနောက် ရေမျက်နှာပြင်ပေါ်သို့ ရေပွက်ကြီးတစ်ခုသည် ရုတ်တရက် တက်လာခဲ့ပြီး အလွန်ထိတ်လန့်ဖွယ်ရာကောင်းလောက်အောင် ကြီးမားသည့် ဧရာမမြွေကြီးတစ်ကောင်သည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
၎င်းသည် မိကျောင်းကိုင်းဂျူးအား အပေါ်စီးမှ ကြည့်ရူနိုင်သည်အထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၎င်း၏ နီမြန်းနေသော ဧရာမပါးစပ်ကြီးဖြင့် ရုတ်တရက် ကိုက်ချလိုက်သည်။
ဤအနေအထားအရ မိကျောင်းကိုင်းဂျူး၏ လည်ပင်းသည် ၎င်း၏ ပါးစပ်တွင် ကိုက်ခံရရန် အလွန်အလားအလာများနေခဲ့သည်။
အရာအားလုံးသည် မှန်ကန်နေပြီး မိကျောင်းကိုင်းဂျူး၏ လည်ပင်းသည် ဧရာမမြွေကြီး၏ အကိုက်ခံလိုက်ရသည်။
"ဂါး"
သန်မာသော မေးရိုးများ ပိတ်သွားသည်နှင့် မိကျောင်းကိုင်းဂျူး၏ နာကျင်စွာ ဟိန်းဟောင်သံပေါ်လာသည်။
.....