← Chapters

မြေခွေးလေး တစ်ခေါက် ပြန်လာတယ်

Vol. 1 Ch. 150

မြေခွေးလေး တစ်ခေါက် ပြန်လာတယ်

Vol. 1 Ch. 150

အချိန်ကြာ လာသည်နှင့်အမျှ ချမ်ခွမ်းနှင့် ကျန်လူများ ထင်ထားသလို ဖြစ်မလာခဲ့ပေ။ ဟေးယွင်တောင်သည် ကြောက်စရာ ကောင်းလောက်အောင် ငြိမ်းချမ်း နေလေသည်။ ကျန်းရီသည် တစ်နေ့လျှင် နှစ်ကြိမ် အမဲလိုက်ခြင်းနှင့် ညဘက်တွင် ကျင့်ကြံခြင်းတို့ကို ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင် နေခဲ့သည်။ တစ်လလုံးလုံး အမြီးသုံးချောင်း မြေခွေးကဲ့သို့ ကြောက်စရာ နတ်ဆိုးသားရဲများ တစ်ကောင် တလေမှ ပေါ်မလာခဲ့ပေ။ လူတိုင်းအား မေ့မျောသွားစေသည့် တည်ရှိမှုလည်း ပေါ်ပေါက် မလာခဲ့ပေ။

ကျန်းရီသည် ဒုတိယအဆင့် အထွတ်အထိပ် နတ်ဆိုးသားရဲများနှင့် အကြိမ် အနည်းငယ် တွေ့ဆုံခဲ့ပြီး အန္တရာယ်ထဲ ကျရောက်ခဲ့ပြီး နောက်ပိုင်း ချမ်ခွမ်းနှင့် ကျန်လူများသည် ပို၍ လုံခြုံသည်ဟု ခံစားလိုက်ရသည်။ ယခင်က လျှိုလောင်ကူညီ၍ နတ်ဆိုးသားရဲများကို ဝင်ရောက်သတ်ဖြတ် ပေးခဲ့သည်။ သို့သော် ယခုအကြိမ် များတွင်မူ ကျန်းရီကိုယ်တိုင် လွတ်မြောက်ခဲ့ခြင်း ဖြစ်လေသည်။ လွတ်မြောက်ရန် သူသုံးခဲ့သော နည်းလမ်းများသည် ချမ်ခွမ်းတို့ လူစုအား ပါးစပ် အဟောင်းသား ဖြစ်သွား စေလေသည်။

ပထမတစ်ကြိမ်သည် ကျန်းရီ မြားပုံစံ ရှည်မြောမြော နဂါးတစ်ကောင်နှင့် ရင်ဆိုင်ရစဉ် အခါက ဖြစ်လေသည်။ မြားအသွင်နှင့် နဂါးသည် ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါဖြင့် ဖိနှိပ်မှုကို ခံစားလိုက်ရသည်နှင့် သေစေလောက်သော အန္တရာယ်အား ခံစားမိဟန် တူလေသည်။ နဂါးသည် နတ်ဆိုးစွမ်းအားကို ချက်ချင်းထုတ်ဖော် လာလေသည်။ ၎င်း၏ ကျောဘက်မှ ချွန်ထက်သော ဆူးချွန်တစ်ချောင်း ထွက်ပေါ်လာကာ ပြေးဝင်လာခဲ့သည်။ ဆူးချွန် ပျံသန်းလာသော အရှိန်နှုန်းသည် ကြောက်စရာပင်။ ၎င်းသည် ကျန်းရီ၏ ကိုယ်အား ထိုးစိုက်သွားလု နီးပါးပင် ...

ရုတ်တရက် ကျန်းရီထံမှ မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ ထိုမီးတောက်များကို မြင်လိုက်ရသည့် ခဏ ချမ်ခွမ်းနှင့် ကျန်လူများ ဆွံ့အသွားရ လေသည်။ ထိုမီးတောက်များသည် မီးငှက်၏ နတ်ဆိုးစွမ်းအားမှ ထုတ်လွှင့်ခဲ့သော မီးတောက်များနှင့် အတူတူ ဖြစ်နေခြင်းပင်။ ထိုမီးတောက်များသည် ဆူးချွန်အား အလွယ်တကူ လောင်ကျွမ်းသွားစေ၍ ကျန်းရီသည်လည်း နတ်ဆိုးစွမ်းအား ထုတ်သုံးပြီး၍ အားနည်းနေသော နဂါးအား အလွယ်တကူ သတ်လိုက် နိုင်လေသည်။

ဒုတိယ တစ်ကြိမ်သည် ပို၍ပင် အန္တရာယ် များခဲ့သေးသည်။ ကျန်းရီသည် ဒုတိယအဆင့် အထွတ်အထိပ် နတ်ဆိုးသားရဲ နှစ်ကောင်အား တစ်ပြိုင်နက်တည်း ရင်ဆိုင်လိုက်ရခြင်း ဖြစ်လေသည်။ ချမ်ခွမ်းနှင့် လူစုသည် သေရတော့မည်ဟု ထင်လိုက်ကြသည်။ ရုတ်တရက် မီးတောက်နေသော ကျောက်တုံးနှစ်ခုသည် ကျန်းရီ၏ ဘေးတွင် ပေါ်ထွက် လာခဲ့သည်။ အားလုံးသည် ဘာဆက် ဖြစ်တော့မည်ကို အံ့အားသင့်နေကြဆဲ ... ဒုတိယအဆင့် အထွတ်အထိပ် နတ်ဆိုးသားရဲ နှစ်ကောင်နှင့် ကျန်နတ်ဆိုးသားရဲ များစွာတို့သည် လောင်ကျွမ်းကာ သေဆုံးသွား ကြလေသည်။

ချမ်ခွမ်းနှင့် ကျန်လူများသည် အနီရောင် ကျောက်တုံးနှစ်ခု ပေါ်ထွက်လာခဲ့သည့် ခဏကို ပြန်တွေးကြည့်မိ သည့်အခါ လောင်ကျွမ်း ခံရတော့မတတ်  မြင့်မားလှသည့် အပူချိန်အား ပြန်လည် ခံစားမိလိုက်သည်။ သို့သော်လည်း သူတို့သည် ထိုသတင်းများကို အလျင်စလို မဖြန့်ရဲဘဲ ချမ်ဝမ်ကွမ် ဆီသို့သာ တိုးတိုးတိတ်တိတ် သတင်းပို့ ရလေသည်။

မကြာခင်၌ ချမ်ဝမ်ကွမ်သည် ကျန်းရီနှင့် ပတ်သက်သမျှကို ချမ်ဂိုဏ်းရှိ ကျန်လူများ ကိုတောင် မပြောကြားရန် တားမြစ်ကြောင်း အမိန့်ပေး လာခဲ့သည်။ ပြောမိလျှင် သူတို့ သေရပေလိမ့်မည်။ ကျန်းရီတွင် ဝှက်ဖဲများစွာ ရှိကြောင်း ချမ်ဝမ်ကွမ်က သိထားသည်။ ထို့ကြောင့် ကျန်းရီအား ချန်ထားခဲ့ရသည်ကို သိပ်စိတ်မပူပေ။ ကျန်းရီသည် ကျန်းပိုင်လီ၏ အုပ်ချုပ်သူ တံဆိပ်တုံး ကိုတောင် ဖျက်ဆီးနိုင်သေးရာ သူ့အသက်ကို ကယ်တင်ရန် ဝှက်ဖဲများ မရှိဘဲမနေပေ။

နှစ်လခန့် ကြာပြီးနောက် ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့ အလည်လာခဲ့သည်။ သို့သော် သူတို့ဂိုဏ်းများမှ ဖိအားပေးနေမှုကြောင့် ကြာကြာမနေခဲ့ပေ။ သူတို့သည် ကျန်းရီအား ဂရုစိုက်ရန် အထပ်ထပ်မှာ ကြားခဲ့သည်။

ထိုအချိန် အတောအတွင်း ချမ်ဝမ်ကွမ်၏ မြေကမ္ဘာအဆင့် နဂါးဆေးလုံးများ၏ အကူအညီနှင့် ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့သောကြောင့် ကျန်းရီသည် လွန်ခဲ့သော တစ်လက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိခဲ့သည်။ သူ၏ ကျင့်ကြံနှုန်းသည် ချမ်ခွမ်းနှင့် ကျန်လူများအား သူ့ကို ကြိတ်၍ လေးစားသွား စေလေသည်။

***

ယနေ့တွင် ကျန်းရီသည် ပုံမှန် လုပ်ရိုးလုပ်စဉ် အတိုင်း နတ်ဆိုးသားရဲ တစ်အုပ်အား သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးသော နတ်ဆိုးသားရဲအား လက်စသတ် ပြီးသည့်အခါ ချမ်ခွမ်းသည် ကျန်းရီအား မေ့မျောအောင် လုပ်၍ ကျောက်တုံးဂူတွင်းသို့ သယ်လာခဲ့သည်။ သူနိုးလာသည့်အခါ လှပသော ပုံရိပ်တစ်ခုအား မြင်လိုက်ရ၍ သူအံ့သြနေခဲ့သည်။

သူသည် ထထိုင်လိုက်ကာ စုလောရွှယ်အား ကြောင်တက်တက်ဖြင့် ကြည့်နေလိုက်သည်။

"ဆရာမစု ... ဘာလို့ ဒီရောက်နေတာလဲ ... ကျောင်းသား တစ်အုပ်ကို ဦးဆောင်စရာ မလိုတော့ဘူးလား"

"ဘယ်အုပ်စုကို ဦးဆောင်ရမှာလဲ"

စုလောရွှယ်သည် ကျန်းရီအား စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

"မင်း ဒီကနေဖြတ်ပြီး လာသမျှ နတ်ဆိုးသားရဲတွေကို သတ်ပစ်နေတာလေ ... ကျောင်းနားမှာ နတ်ဆိုးသားရဲ တစ်ကောင် တလေတောင် မရှိဘူး ... မင်းဘယ်လောက် ကြာကြာ အမဲလိုက် နေဦးမှာလဲလို့ ကျောင်းအုပ်ချီက ငါ့ကို မေးခိုင်းလိုက်တယ် ... မင်းဒီလို ဆက်လုပ်နေရင် ကျောင်းသားတွေ တစ်ယောက်မှ စားစရာ ရှိမှာမဟုတ်တော့ဘူး"

ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် သခင်လေး၊ သခင်မလေး မြောက်များစွာ ရှိ၍ အားလုံးသည် သူတို့၏ အစွမ်းအစများအား မြှင့်တင်ရန် စိတ်အားထက်သန် ကြသည်။ သူတို့သည် ခရမ်းရောင်ရွှေ အမြောက်အမြားသုံး၍ တောင်ဘက် အဆောင်ရှိ အသုံးအဆောင်များကို ကျင့်ကြံရန် အသုံးပြုကြသည်။ သင်တန်းကျောင်း၏ အဓိက ဝင်ငွေကို ထိုနေရာမှ ရရှိသည်။ ကျောင်းသားများ အမဲလိုက်ထားသည့် နတ်ဆိုးသားရဲ အစိတ်အပိုင်းများကို လှဲလှယ်ရာမှ ရရှိသည့် ခရမ်းရောင် ရွှေသည် သိပ်မများပေ။ ကျန်းရီသည် ထိုအကြောင်းကို သိထားရာ စုလောရွှယ် သူ့အား တမင်ရွဲ့ပြောနေမှန်း သိလေသည်။ သူကြိတ်ရယ် လိုက်ကာ ပြန်ဖြေလိုက်သည်။

"သိပ်မကြာတော့ပါဘူး ... နောက်ထပ်သုံးနှစ် ... ဒါမှမဟုတ် ငါးနှစ်လောက်ပဲ"

"ဘန်း"

စုလောရွှယ်သည် လက်အား ဆန့်လိုက်ကာ ကျန်းရီ၏ ခေါင်းအား ရိုက်လိုက်လေသည်။ ထို့နောက် သူမသည် ဒေါသတကြီး အော်ပြော လိုက်သည်။

"နောက်ထပ် နှစ်ဝက် ... နောက်နှစ်ဝက်ပြီးလို့မှ ဆက်လုပ်နေမယ် ဆိုရင် ကျောင်းအုပ်ချီ လာပြီး မင်းကို အတင်းပြန်ခေါ်သွားလိမ့်မယ်"

"နှစ်ဝက်"

ကျန်းရီသည် အနည်းငယ် တွက်ချက် လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ခရမ်းရောင်ရွှေ ငါးသန်း၊ ခြောက်သန်းလောက် ရထားပြီ ... နောက်ထပ် နှစ်ဝက်ဆိုရင် ခုနှစ်သန်း၊ ရှစ်သန်းလောက် ရလိမ့်မယ် ... ဒါဆိုရင် ကျွန်တော် စန်းမုအရွက်နဲ့ နှစ်တစ်ထောင် ကိုးချီဂျင်ဆင်းကို ဝယ်ဖို့ လုံလောက်ပြီ။ ကျန်တဲ့ ပိုက်ဆံတွေက ကျွန်တော် နောက်ထပ် နှစ်နည်းနည်းလောက် ကျင့်ကြံဖို့အတွက် လုံလောက်ပါတယ်"

"အဲဒီလောက်တောင်လား ... မင်းဒီကို ရောက်တာ သုံးလလောက်ပဲ ရှိသေးတာ မဟုတ်လား"

စုလောရွှယ် မျက်လုံးလှလှ လေးများတွင် အံ့အားသင့် နေမှုတို့က အတိုင်းသား ...

"ဟီးဟီး"

ကျန်းရီသည် ဆောင့်ကြွားကြွား ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဒီအစ်ကိုကြီးက ဘယ်လောက် အရည်အချင်း ရှိတယ်ဆိုတာ မမြင်သေးဘူးလား ... ကျွန်တော် တစ်နေ့တည်းမှာ နတ်ဆိုးသားရဲ အကောင် နှစ်ရာလောက် သတ်နိုင်တယ် ... သုံးပုံတစ်ပုံ လောက်က ဒုတိယအဆင့်တွေ ... ခရမ်းရောင်ရွှေ ဘယ်လောက်ရမလဲ ဆိုတာ ကြိုးစားပြီး တွက်ကြည့်လိုက်"

"အစ်ကိုကြီး"

စုလောရွှယ်သည် သူမ၏ သစ်အယ်သီးပုံ မျက်လုံးလေးများနှင့် ကျန်းရီအား စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ပြန်ပြော လာခဲ့သည်။

"မင်းအသက်က ဘယ်လောက်မို့လဲ ... ငါ့ရှေ့မှာ မင်းကိုယ်မင်း အစ်ကိုကြီးလို့ သုံးတယ်လား"

"ဟီးဟီး"

ကျန်းရီသည် မေ့စေ့ကို ပွတ်ကာ ရယ်မောလိုက်သည်။

"စုလောရွှယ် ... မင်းက ပိုပြီး ငယ်ငယ်သွားတယ် ... ငါကတော့ အသက်ပိုကြီး လာတယ် ... မင်းမယုံရင် ချမ်ခွမ်းနဲ့ ကျန်တဲ့သူတွေကို လာကြည့်ခိုင်းလိုက် ... ငါကမင်းရဲ့ အစ်ကိုကြီးနဲ့ မတူဘူးလား"

"ဟမ်"

ကျန်းရီ၏ စနောက်ခြင်း ခံရသော်လည်း စုလောရွှယ်သည် ထူးဆန်းစွာ စိတ်မဆိုးခဲ့ပေ။ သူမသည် ကျန်းရီအား ကြောင်တောင်တောင်နှင့် ပြန်စိုက်ကြည့် နေခဲ့သည်။

အပြင်တွင် လအနည်းငယ် နေထိုင်ခဲ့ပြီးနောက် ကျန်းရီသည် ပို၍ ရင့်ကျက်ပုံ ပေါ်လာခဲ့သည်။ သူသည် ယခု အရပ်လည်း ပိုရှည်လာခဲ့ပြီး သူမထက် ခေါင်းတစ်လုံးစာ မြင့်နေလေသည်။ သူ၏ ကလေးဆန်သော ဟန်အနည်းငယ်လည်း ပျောက်ကွယ် သွားခဲ့ပြီဖြစ်ကာ ရင့်ကျက် တည်ငြိမ်သော ယောက်ျားပျို တစ်ယောက်ဟန် ပေါ်နေခဲ့သည်။ အထူးသဖြင့် သူ၏ တောက်ပကြည်လင် နေသော မျက်လုံးတစ်စုံသည် ခပ်ရိုင်းရိုင်း ရင်ဖိုစေသော ခံစားချက်အား ပေးလေသည်။ သူမ၏ စိတ်ထဲမှ ကလေးဆန်သော ကောင်ငယ်လေး တစ်ယောက်သည် ညှို့ငင်ဖမ်းစား နိုင်စွမ်းသော လူပျိုလေး တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွား ခဲ့ပေပြီ။

"ဘာကို ကြည့်နေတာလဲ ... ကျွန်တော့်မျက်နှာမှာ တစ်ခုခု ပေနေလို့လား ... ဒါမှမဟုတ် ဒီသခင်လေးက ပိုပြီးခန့်ညား လာလို့လား"

ကျန်းရီသည် စုလောရွှယ်မှ သူ့အား ငေးကြည့် နေသည်ကို မြင်လျှင် သူ့နှုတ်ခမ်း ထောင့်စွန်းများ ကော့တက် သွားခဲ့သည်။ သူ၏ ကျန်းမာ၍ ချောမွေ့နေသော အသားအရေသည် ထိုအပြုံးနှင့် ပေါင်းစပ် လိုက်သောအခါ သူ့အား ပို၍ ယောက်ျားပီသ သွားစေလေသည်။

စုလောရွှယ်၏ မျက်နှာလေးထက်တွင် ရှက်သွေးများ ဖြန်းသွားခဲ့သည်။ သို့သော် ချက်ချင်း ပုံမှန်အတိုင်း ဖြစ်သွားကာ တည်တည်ငြိမ်ငြိမ် စကားပြော လာခဲ့သည်။

"နောက်တစ်ခု ရှိသေးတယ် ... နောက်လ အနည်းငယ်အတွင်း နိုင်ငံအဆင့် စစ်ပွဲတွေ စတင်တော့မယ် ... ဆုတွေက အရမ်းတန်ဖိုး ကြီးတယ်လို့ ငါကြားတယ် ... မင်းပြိုင်ချင်ရင် ငါနာမည်စာရင်း ပေးဖို့ ကူညီပေးမယ်"

"နိုင်ငံအဆင့် စစ်ပွဲ"

ကျန်းရီ၏ မျက်ခုံးထူထူတို့ စုကျုံ့သွားခဲ့သည်။ သူသည် သိချင်ဟန် ရသော်လည်း လက်ကာပြကာ အလျင်အမြန် ငြင်းဆန် လိုက်သည်။

"မသွားတော့ဘူး ... မသွားဘူး ... ကျွန်တော် ပိုက်ဆံရှာရတာ၊ ကျင့်ကြံရတာ၊ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် အကြောင်း စုံစမ်းရတာနဲ့ အလုပ်ရှုပ်နေတယ် ... တခြားဟာတွေ လျှောက်လုပ်ဖို့ ကျွန်တော့်မှာ အချိန်မရှိဘူး"

စုလောရွှယ်သည် အဖြေကို မျှော်လင့်ထားသည့်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ သူမသည် မျက်ခုံးပင့်ကာ မေးလာခဲ့သည်။

"စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ... ချမ်ဝမ်ကွမ်ရဲ့ လူတွေ အခုထိ ခြေရာမခံ မိသေးဘူးလား"

"ဟင့်အင်း"

ကျန်းရီ၏ မျက်နှာသည် မည်းသွားကာ သက်ပြင်း ချလိုက်သည်။

"နာမည်ရဲ့ သမိုင်းမှာတောင် အပင်က ဆယ်ခုလောက်ပဲ ရှိတာ ... လွန်ခဲ့တဲ့ သုံးလတည်းက ချမ်ဝမ်ကွမ် သူ့လူတွေကို စုံစမ်းခိုင်းထားတယ် ... အခုထိ ဘာသတင်းမှ မရသေးဘူး"

"ဟူး ... ငါအခု ပြန်သင့်ပြီ ... ဂရုစိုက်နေ"

စုလောရွှယ်သည် ကျန်းရီအား ကြည့်လိုက်ပြီး အခန်းထဲမှ ထွက်၍ ကျောက်ကမူစွန်းမှ ခုန်ချသွားခဲ့သည်။ မကြာခင်တွင် သူမသည် သစ်တောအတွင်း ဝင်ရောက် ပျောက်ကွယ် သွားလေသည်။

"ရှူး"

ထိုအချိန်တွင် စုလောရွှယ် ပြေးသွားသည့်ဘက်မှ အချက်ပြ မီးရှူးတစ်ခု ထွက်ပေါ် လာခဲ့သည်။ ချမ်ခွမ်းသည် ထိတ်လန့်သော မျက်နှာပေးနှင့် အလန့်တကြား ပြောလာခဲ့သည်။

"မကောင်းတော့ဘူး ... သခင်လေးရီ ... ချမ်လီက အမြီးသုံးချောင်း မြေခွေး တစ်ခေါက် ပြန်လာတယ်ဆိုတဲ့ အချက်မီးရှူးကို လွှတ်လိုက်တာ"

"ဘာ ... ဒီမြေခွေးလေးက တကယ် သေချင်နေတာလား ... မင်းက ဒီသခင်လေးကို ရန်စရင် ငါကလည်း အတင်းအကျပ်ကို ယဉ်ပါးအောင် လုပ်ပစ်မယ်"

ကျန်းရီ၏ မျက်လုံးအိမ်များ ကျဉ်းသွားကာ ဒေါသထွက်သည့် အမူအရာတို့ ပေါ်ထွက်လာခဲ့သည်။

သူအရင်က မြေခွေးလေးအား သွားခွင့်ပြုခဲ့သည်။ ဒါကို ထိုအကောင်လေးက ထပ်ပြီး ပေါ်လာရဲ သေးတယ်လား သူ၏ မီးဝိညာဉ်ပုလဲနှင့် ဆိုလျှင် မြေခွေးများအား ကြောက်နေရန် မလိုပေ။ သို့သော် စုလောရွှယ်နှင့် ချမ်ဂိုဏ်းမှ ကင်းထောက်တွင် မီးဝိညာဉ်ပုလဲ မရှိပေ။ သူသည် မြေပြင်ပေါ် အလျင်အမြန် ခုန်ချလိုက်သည်။ သူသည် ကျသွားသော အရှိန်နှင့် မြေပေါ်တွင် အကြိမ်ရေ အနည်းငယ် လိမ့်သွားပြီးမှသာ ထရပ်၍ စုလောရွှယ် ပြေးသွားသည့်နောက် ပြေးသွား ခဲ့လေသည်။

***

All Chapters