← Chapters

သုံးရက်ကြာရင် ခရီးစမယ်

Vol. 20 Ch. 412

သုံးရက်ကြာရင် ခရီးစမယ်

Vol. 20 Ch. 412

လီရှောင်၏ မျက်နှာအမူအရာ မကောင်းသည်ကို မြင်တွေ့ရသောအခါ အန်းယန်ဝမ်သည် လီရှောင်၏ပခုံးကို ပုတ်လိုက်၏။ "သခင်မလေးလင်းက ဂဏန်းသင်္ချာပညာရပ်စာအုပ်တွေ ပြုစုနေတာ၊ တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြုတဲ့ ကိစ္စကြီးတစ်ခု လုပ်ဆောင်နေတာပဲ။ မင်းလည်း အလျင်လိုနေစရာ မလိုပါဘူး၊ သူမ မကြာခင် ဒါမှမဟုတ် နောက်ကျရင် ပြန်လာမှာပါ" ဟု နှစ်သိမ့်လိုက်လေသည်။

လီရှောင်သည် ခေါင်းညိတ်လိုက်ပြီး များများစားစား ထပ်မံ မပြောတော့ပေ။

...........

မြို့တော်။

လင်းရှောင်ယွဲ့တို့၏ မဆုတ်မနစ်သော ကြိုးပမ်းမှုအောက်တွင် ဂဏန်းသင်္ချာပညာရပ် စာအုပ်၏ ရှေ့ (၁၄) တွဲမှာ နောက်ဆုံးတွင် ပြုစုပြီးစီးသွားခဲ့၏။ ပြုစုရေးအဖွဲ့သည်လည်း အခက်ခဲဆုံး အပိုင်းဖြစ်သော နောက်ဆုံး (၆) တွဲကို ပြုစုသည့်အဆင့်သို့ တရားဝင် ဝင်ရောက်သွားလေသည်။

အလယ်တန်းသင်္ချာအသိပညာမှာ မူလတန်းထက် အနည်းငယ်ပိုမိုခက်ခဲသောကြောင့် ဖြစ်သည်။ ယခုအခါ လင်းရှောင်ယွဲ့သည် "ကျောင်းသားများ" ကို သင်ခန်းစာ ပို့ချပေးရန် အချိန်ပိုသုံးရ၏။ တစ်ချိန်တည်းမှာပင် စာအုပ်များပြုစုသည့်အခါ အသုံးပြုရသော အချိန်မှာလည်း တိုးမြင့်လာခဲ့သည်။

တစ်လအချိန်ပြည့်တော့မည်ကို မြင်သောအခါ လင်းရှောင်ယွဲ့သည် ရက်ဆက်ဆိုသလို လီရှောင်ထံသို့ စာများပေးပို့ခဲ့ပြီး သူ့အား စိတ်မပူရန်နှင့် သူမကို လာကြိုဖို့ မြို့တော်သို့ လာရန် မလိုအပ်ကြောင်း မှာကြားခဲ့၏။ သို့သော် ရက်အနည်းငယ် ကြာသောအခါ လီရှောင်၏စာများမှာ ရုတ်တရက် ပြတ်တောက်သွားသည်ကို တွေ့ရှိလိုက်ရသည်။

စိုးရိမ်ပူပန်သော စိတ်ခံစားချက်ဖြင့် လင်းရှောင်ယွဲ့သည် နေ့စဉ် လီရှောင်ထံသို့ စာရေးသားခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့၏။ ငါးရက်ခန့်ကြာသောအခါ လီရှောင်သည် မင်းဆရာကြီး၏အိမ်တော်၌ အမှတ်မထင် ပေါ်ထွက်လာခဲ့သည်။

သူမခင်ပွန်းအား မြင်တွေ့လိုက်ရသည့် ခဏမှာပင် လင်းရှောင်ယွဲ့၏ နှလုံးသားတစ်စုံမှာ မြေပြင်ပေါ်သို့ ကျသွားသလို ခံစားလိုက်ရသည်။ ပြီးနောက် သူမသည် ပြေးသွားကာ လီရှောင်၏ရင်ဘတ်ကို အဆက်မပြတ် ထုနှက်လေတော့သည်။ "ရှင့်ကို မလာနဲ့လို့ ပြောထားတာကို ရှင်က လုံးဝနားမထောင်ဘူးပဲ။"

လင်းရှောင်ယွဲ့သည် ဒေါသထွက်လွန်း၍ မျက်ရည်များပင် လျှံတက်လာခဲ့၏။ မြို့တော်မှာ နဂါးရေအိုင် ကျားလိုဏ်ခေါင်းဖြစ်သည်ကို သူသိရောသိရဲ့လား။ မင်းဆရာကြီး၏အိမ်တော်မှာ နန်းတော်ထဲတွင် ရှိနေသေးသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့လှုပ်ရှားမှုကို ခြေရာခံမိသွားရင် ဘယ်လိုလုပ်ကြမလဲ။

လီရှောင်သည် လက်ဆန့်တန်းကာ လင်းရှောင်ယွဲ့၏လှုပ်ရှားနေသော ပန်းနုရောင် လက်သီးဆုပ်ကို ဆုပ်ကိုင်လိုက်၏။ ပြီးနောက် ကြင်နာစွာဖြင့် နှုတ်ခမ်းအနီးသို့ ယူဆောင်သွားကာ နှစ်ချက်မျှ နမ်းရှိုက်လိုက်သည်။ "ဘာလို့ ငိုနေတာလဲ။ ကိုယ် အန္တရာယ်ကင်းကင်းနဲ့ ရောက်လာခဲ့ပြီပဲ မဟုတ်လား"

ချက်ချင်းပင် သူသည် ရုတ်တရက် အားတစ်ချက် သုံးလိုက်ပြီး လင်းရှောင်ယွဲ့အား ခါးမှပွေ့ချီကာ အတွင်းခန်းဆီသို့ လျှောက်သွား၏။ ဇနီးလေးအား ကုတင်ပေါ်သို့ ချပေးလိုက်ပြီးနောက် လီရှောင်သည် လင်းရှောင်ယွဲ့အား ဖိနပ်ချွတ်ပေးလိုက်ပြန်သည်။ ချက်ချင်းပင် သူကိုယ်တိုင်လည်း ကုတင်ပေါ်သို့ တက်လာခဲ့၏။ အမြင့်မှ ဇနီးလေးအား ငုံ့ကြည့်လိုက်ရာ သူမ နောက်ဆုံးတွင် မျက်ရည်များ မကျတော့သည်ကိုမြင်မှ မျက်နှာထားမှာ အနည်းငယ် ပေါ့ပါးသွားလေသည်။

"အရင်တုန်းက ပြောထားပြီးသားပဲ။ ကိုယ် မင်းကို အိမ်ပြန်ခေါ်မလို့ လာခဲ့တာ" ချက်ချင်းပင် သူသည် ခေါင်းငုံ့ကာ လင်းရှောင်ယွဲ့၏ နဖူးပြင်ထက်သို့ အနမ်းတစ်ချက် ခြွေချလိုက်၏။ "ထမင်း ကောင်းကောင်း မစားဘူးလား။ တစ်လပဲ မတွေ့ရသေးတာကို ပိန်သွားလိုက်တာ" လက်ကြီးတစ်ဖက်သည် လင်းရှောင်ယွဲ့၏မျက်နှာလေးပေါ်သို့ ထပ်မံရောက်ရှိလာပြီး ကြင်နာမှုအပြည့်ဖြင့် ပွတ်သပ်လို့နေသည်။

"ဟွန့်" လင်းရှောင်ယွဲ့သည် နှုတ်ခမ်း ဆူထော်လိုက်ပြီး တစ်ချက်လှည့်ကာ လီရှောင်အား ကျောခိုင်းလိုက်လေသည်။

လီရှောင်၏ မျက်နှာထက်တွင် ရွှင်မြူးဟန်များပေါ်လာပြီး သက်ပြင်းတစ်ချက် ချကာ ဇနီးလေး၏ဘေးတွင်လှဲချလိုက်၏။ ချက်ချင်းပင် သူသည်လည်း လိုက်၍ လှည့်လိုက်ပြီး နောက်မှနေ၍ လင်းရှောင်ယွဲ့အား ရင်ခွင်ထဲသို့ ဆွဲသွင်း ပွေ့ဖက်လိုက်သည်။ ထိုအခါမှ နှလုံးသားတစ်စုံမှာလည်း တည်ငြိမ်သွားလေသည်။

"စိတ်မဆိုးပါနဲ့တော့။ မင်းကို ကြိုဖို့ မြို့တော်ကိုလာတာက မင်းနဲ့ အတူတူ နေရမယ့် နေ့ရက်တွေ ပိုများလာအောင်လို့ပါ။ မင်းကို သာ့ရှီရွာကို ပြန်ပို့ပြီးတာနဲ့ ကိုယ်က ထွက်သွားရတော့မယ်"

ယခင်က နှုတ်ခမ်းထောင့်တွင် အပြုံးဖွဖွချိတ်ဆွဲထားဆဲဖြစ်သော လင်းရှောင်ယွဲ့သည် ချက်ချင်း ကြောင်အသွားပြီး တစ်ချက်လှည့်ကာ လီရှောင်နှင့် မျက်နှာချင်းဆိုင်လိုက်၏။ ထိုယောက်ျားသည် ဇနီးလေး၏ မျက်နှာကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် အသက်ရှူ ခေတ္တမျှ ရပ်တန့်သွားသည်။

"ဘာအဓိပ္ပာယ်လဲ" လင်းရှောင်ယွဲ့သည် အလျင်လိုစွာ မေးလိုက်သည်။

လီရှောင်သည် လျင်မြန်စွာ သတိပြန်ဝင်လာ၏။ ရှေ့သို့ တိုးကာ လင်းရှောင်ယွဲ့၏ နဖူးပြင်ထက်သို့ နောက်တစ်ကြိမ် နမ်းရှိုက်လိုက်ပြန်သည်။ "ချူတိုင်းပြည်ဘက်မှာ ပြဿနာနည်းနည်း ကြုံနေလို့ ဆရာက ကိုယ့်ဆီ စာပို့ပြီး၊ ကိုယ့်ကို ချူတိုင်းပြည်ကို တစ်ခေါက် သွားခိုင်းတယ်"

လင်းရှောင်ယွဲ့၏မျက်နှာအမူအရာ မည်သို့ ရှိသည်ကို မကြည့်ရဲဘဲ လီရှောင်သည် ပက်လက် လှန်လိုက်သည်။ "ဒါကြောင့်၊ ဒီတစ်ခေါက်သာ ကိုယ် မင်းကို မြို့တော်ကို လာမရှာခဲ့ရင်။ မင်း ပြန်ရောက်တဲ့အချိန်ကို စောင့်နေရင် ကိုယ်က ထွက်သွားလောက်ပြီ" ဤသို့ဆိုလျှင် သူတို့ ဇနီးမောင်နှံနှစ်ဦးမှာ လွဲချော်သွားကြပေလိမ့်မည်။

လင်းရှောင်ယွဲ့၏အမူအရာ တည်တင်းသွား၏။ သူမသည် အလျင်အမြန် တိုးကပ်သွားပြီး ခေါင်းကို လီရှောင်၏ရင်ဘတ်ပေါ်သို့ ကပ်ထားလိုက်သည်။ "ဒီတစ်ခေါက် ချူတိုင်းပြည်ကို သွားတာ အန္တရာယ် များလား"

မေးခွန်း ထွက်ပေါ်လာသည်နှင့် လင်းရှောင်ယွဲ့သည် အလကား မေးလိုက်မိသည်ဟု ခံစားလိုက်ရသည်။ ချူကျင်းတို့ မဟာမိတ် ဖွဲ့ထားကြဆိုမှတော့ ဘယ်လိုလုပ် အန္တရာယ်မများဘဲနေပါ့မလဲ။

လီရှောင်သည် ခေါင်းငုံ့ကာ ဇနီးလေးအား တစ်ချက် ကြည့်လိုက်ပြီးနောက် လင်းရှောင်ယွဲ့၏ကျောပြင်ကို ပုတ်လိုက်သည်။ "လျှို့ဝှက်ပြီး သွားမှာပါ။ သွားလာလှုပ်ရှားမှုကို ကောင်းကောင်း ဖုံးကွယ်ထားရင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး" အကယ်၍ မလိုအပ်ပါက ဆရာသည် သူ့အား သွားခိုင်းမည် မဟုတ်ပေ။ ယခုအခါ ဆရာက ရှားရှားပါးပါး ဝင်ရောက်လုပ်ဆောင်လာပြီဖြစ်ရာ သူ ဘယ်လိုအကြောင်းမျိုးပဲရှိရှိ ပူးပေါင်းပေးရပေမည်။

လင်းရှောင်ယွဲ့သည်လည်း ကိစ္စ၏လေးနက်မှုကို သိသဖြင့် လီရှောင်အား နေခဲ့ရန် မပြောနိုင်ခဲ့ပေ။ "ဘယ်တော့ ခရီးစထွက်မှာလဲ" အချိန်အတော်ကြာ ကြာသောအခါမှ သူမက မေးလိုက်၏။

"နောက်ထပ် ဆယ်ရက်ကျော်လောက် အချိန်ရှိပါသေးတယ်။ ဒီရက်ပိုင်း ကိုယ် မင်းဆရာကြီးရဲ့အိမ်တော်မှာပဲနေပြီး မင်းကို အဖော်လုပ်ပေးမယ်။ ဆရာ့ရဲ့ သင်ကြားပြသမှုတချို့ကိုလည်း အဆင်သင့် နားထောင်လို့ရတာပေါ့။ မင်း ဂဏန်းသင်္ချာပညာရပ်စာအုပ်တွေ ပြုစုပြီးတာကို စောင့်ပြီး၊ ကိုယ် မင်းကို သာ့ရှီရွာကို ပြန်ပို့ပေးမယ်။ အဲ့ဒီနောက်မှ... ချင်းရှီမြို့ကနေ ထပ်ပြီး ထွက်ခွာမယ်"

လင်းရှောင်ယွဲ့၏နှလုံးသားမှာ လှုပ်ရှားသွား၏။ "ကျွန်မ ရှင်နဲ့ အတူတူ လိုက်ခဲ့မယ်လေ"

လီရှောင်သည် ကြောင်အသွား၏။

"ရှင်မမေ့နဲ့ဦး၊ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည် ရှိတယ်" လင်းရှောင်ယွဲ့က ထပ်မံ၍ ပြောလိုက်သည်။ "အရင်တစ်ခေါက် နယ်စပ်မှာတုန်းက၊ ကျွန်မလည်း လိုက်သွားခဲ့..."

လီရှောင်သည် ရုတ်တရက် အားသုံးလိုက်ပြီး လင်းရှောင်ယွဲ့၏စကားကို တားဆီးလိုက်သည်။ ဇနီးလေးက ခေါင်းမော့လျက် သူ့အား ခေါင်းမာစွာ ကြည့်နေသည်ကို မြင်သောအခါ လီရှောင်သည် သက်ပြင်းတစ်ချက်ချလိုက်၏။ "ဒီတစ်ခေါက် အခြေအနေက အရင်တုန်းကနဲ့ မတူဘူး။ ဒီတစ်ခေါက် သွားပြီးရင် မကြာခင်မှာပဲ နှစ်သစ်ကူးတော့မယ်။ မင်း ဒီတစ်ခေါက် မြို့တော်ကို လာတာ တော်တော်ကြာနေပြီ။ အမေတို့က မင်းကို အရမ်းသတိရနေကြတယ်"

လီရှောင်သည် လင်းရှောင်ယွဲ့အား လှမ်းကြည့်လိုက်သည်။ "ပြီးတော့ ဆရာ့ဘက်က..."

မကြာသေးမီ အချိန်လေးတင်ကပင်၊ ဆရာသည် စာနှင့်အတူ ကျောက်စိမ်းဆွဲပြားတစ်လုံးကို သူ့ထံသို့ ပေးပို့ခဲ့ပြီး ထိုကျောက်စိမ်းဆွဲပြားကို ယောက္ခမထံသို့ ပြန်ပေးခိုင်းလိုက်၏။ ထို့နောက် သူ အချို့သော ကိစ္စရပ်များကို ခန့်မှန်းမိသွားခဲ့သည်။ ဒါ့အပြင် ဒီနှစ် သာ့ရှီရွာသို့လာကာ နှစ်သစ်ကူးမည်ဖြစ်ကြောင်းလည်း ပြောခဲ့သေးသည်။ ဤသို့ဆိုလျှင် သူ ဇနီးလေးအား ပို၍ပင် ခေါ်သွား၍ မဖြစ်တော့ပေ။

လင်းရှောင်ယွဲ့သည် လီရှောင်အား ကြည့်လိုက်၏။ တစ်စုံတစ်ခုကို တွေးတောမိပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ "ရှင် နောက်ဆိုရင်၊ ဆရာလို့ ခေါ်လို့ မရတော့ဘူးနဲ့ တူတယ်"

"အဘိုးလို့ ခေါ်ရတော့မယ်" လင်းရှောင်ယွဲ့က ထပ်ပြောလိုက်သည်။

မင်းဆရာကြီးက ဒီလူကို အမှန်တရားကိုမပြောရသေးဘူးလား။ မဟုတ်မှ သူ့ရဲ့ဂုဏ်ယူရတဲ့တပည့်လေးကို တပည့်အဖြစ်ကနေ ထုတ်ပယ်ဖို့ ဒီလောက်တောင် နှမြောနေတာလား။

လီရှောင်၏ မျက်ဝန်းအရောင် အနည်းငယ် လှုပ်ရှားသွားပြီး လျင်မြန်စွာ ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားသည်။

"ရှင် မအံ့ဩဘူးလား" လင်းရှောင်ယွဲ့က မေးလိုက်သည်။

လီရှောင် ပြုံးလိုက်၏။ "အရင်တုန်းကတည်းက နည်းနည်းပါးပါး ခန့်မှန်းခဲ့ဖူးပါတယ်"

ယခင်က ဖန်မင် တင်ပြခဲ့ဖူးသည်။ ဆရာ ထိုစဉ်က ကျိုးမိသားစုခြံသို့ သွားရောက်ခဲ့ခြင်းမှာ သူ့သမီးအား ရှာဖွေရန် အတွက် ဖြစ်၏။ သူ့ယောက္ခမ၏ အသက်အရွယ်မှာ ဆရာ့သမီး အသက်အရွယ်နှင့် တူနေလေသည်။ ဒါ့အပြင် ထိုသို့သော ကျောက်စိမ်းဆွဲပြားလည်း ရှိနေသေးရာ တကယ်တမ်း ခန့်မှန်းရန် မခက်ခဲလှပေ။

သို့သော် ဤလောကကြီး၏ကိစ္စရပ်များမှာ တကယ်တော့ တိုက်ဆိုင်မှုမရှိလျှင် အရာမထင်ပေ။ သူ မိုင်ပေါင်း ထောင်ချီ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး တွေ့ဆုံခဲ့ရသော ဇနီးလေးမှာ သူ့ကျေးဇူးရှင်ဆရာ၏ မြေးမလေး ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကများ တွေးခဲ့ဖူးပါ့မလဲ။

ဤသို့ တွေးမိသောအခါ လီရှောင်သည် အားကိုနှစ်ဆတိုးလိုက်ပြီး ဇနီးလေးအား ရင်ခွင်ထဲသို့ ထပ်မံ၍ ဆွဲသွင်းလိုက်၏။ လင်းရှောင်ယွဲ့သည်လည်း ရုန်းကန်ခြင်း မပြုဘဲ နေရာအနည်းငယ် ရွှေ့လိုက်ပြီး ပို၍ သက်တောင့်သက်သာရှိသော ပုံစံတစ်ခုကို ရှာဖွေကာ မှီလိုက်သည်။

"အရင်က မျိုးဆက်အလိုက်ဆိုရင် ရှင်က ကျွန်မရဲ့ဆရာဦးလေးပဲ" ရုတ်တရက် ထိုဇနီးလေးက ပြောလိုက်၏။။

လီရှောင် ကြောင်အသွားလေသည်။

"ဘာ ဆရာဦးလေးလဲ။ မနက်ဖြန် ကိုယ် ဆရာ့ဆီ သွားပြီး၊ သူ့ကို ကိုယ့်ကို တပည့်အဖြစ်ကနေ ထုတ်ပယ်ခိုင်းမယ်။ မင်းက ကိုယ့်ရဲ့ ဇနီးပဲ၊ တစ်ဘဝလုံး ပြောင်းလဲသွားမှာ မဟုတ်ဘူး" ဟု ချက်ချင်း ပြောလိုက်သည်။ စကားပြောပြီးသော် သူသည် တစ်ချက်လှည့်လိုက်ပြီး လင်းရှောင်ယွဲ့အား ဝံပုလွေတစ်ကောင်ကဲ့သို့ အနမ်းမိုး ရွာသွန်းလေတော့သည်။

လင်းရှောင်ယွဲ့သည် အနမ်းခံရလွန်း၍ မူးဝေသွားခဲ့ပြီး မူလက ချေပပြောဆိုလိုသော စကားများမှာ ခက်ခက်ခဲခဲပင် ပြောထွက်နိုင်ခြင်း မရှိတော့ပေ။ လင်းရှောင်ယွဲ့အား အချိန်အတော်ကြာ နှိပ်စက်ပြီးနောက် လီရှောင်သည် နောက်ဆုံးတွင် မိမိကိုယ်မိမိ ထိန်းချုပ်လိုက်ပြီး လင်းရှောင်ယွဲ့အား လွှတ်ပေးလိုက်၏။

သူမခင်ပွန်း၏ အလွန်အမင်း ထိန်းချုပ်ထားသော မျက်ဝန်းများကို ကြည့်ရင်း လင်းရှောင်ယွဲ့ထံတွင် ရုတ်တရက် သတ္တိများ ပေါ်ပေါက်လာခဲ့သည်။ သူမသည် လက်မောင်းကို ဆန့်တန်းကာ လီရှောင်၏ လည်ပင်းနောက်ကျောကို သိုင်းဖက်လိုက်၏။ "ရှန့်ကုန်း..." ဟု ညင်ညင်သာသာခေါ်လိုက်လေသည်။

လီရှောင်၏ နှလုံးသားမှာ လှုပ်ရှားသွားပြီး ထပ်မံ၍ မထိန်းချုပ်နိုင်တော့ဘဲ ကိုယ်ကို ဖိချလိုက်လေတော့သည်။

........

နောက်တစ်နေ့။

အမြဲတမ်း စောစီးစွာ ထလေ့ရှိပြီး ကြိုးစားအားထုတ်သော လင်းလောင်ရှစ်သည် စာအုပ်ပြုစုသည့် ရက်ပေါင်းနှစ်ဆယ်ကျော်အတွင်း နောက်ဆုံးတွင် ပထမဆုံးအကြိမ်အဖြစ် အိပ်ရာထ နောက်ကျသွားခဲ့သည်။ သူမပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ကို ဆွဲလျက် စာအုပ်ပြုစုသော အခန်းသို့ ရောက်ရှိချိန်တွင် အခန်းထဲမှ များပြားလှသော ကျောင်းသားများမှာ အစောကြီးကတည်းက အားလုံးရောက်ရှိနေကြပြီး အားလုံး သူမကို စောင့်ဆိုင်းနေကြ၏။

လူတိုင်းသည် သူတို့၏လောင်ရှစ် ယနေ့ အခြေအနေ သိပ်မကောင်းသည်ကို မြင်တွေ့ရသော်လည်း မည်သူမျှ များများစားစား မမေးရဲကြပေ။ လင်းရှောင်ယွဲ့မှာမူ အခန်းထဲသို့ ဝင်ရောက်ပြီးနောက် စိတ်ခံစားချက်ကို လျင်မြန်စွာ ညှိယူလိုက်ပြီး ယနေ့အတွက် သင်ကြားပို့ချမှုကို စတင်လိုက်လေသည်။

သူမ အနည်းငယ် ဒေါသထွက်နေမိသည်။ လီရှောင်၏ ထိန်းချုပ်မှုမရှိခြင်းကို ဒေါသထွက်နေမိ၏... ထားလိုက်ပါတော့၊ ဒီကိစ္စက တကယ်တော့ သူ့ချည်းပဲ အပြစ်တင်လို့မှမရဘဲ။

......

တစ်ချိန်တည်းမှာပင် လင်းရှောင်ယွဲ့၏ ပင်ပန်းနွမ်းနယ်နေသည့်ပုံစံနှင့် မတူဘဲ လီရှောင်မှာမူ နွေဦးလေညင်းကဲ့သို့ ကြည်နူးစွာဖြင့် ဝါးဥယျာဉ်သို့ သွားရောက်ခဲ့သည်။ လျိုဝူကျီသည် သူ့တပည့်၏စိတ်ခံစားချက် အလွန် ကောင်းမွန်နေသည်ကို မြင်တွေ့ရသောအခါ အနည်းငယ် နားမလည် ဖြစ်သွား၏။

လက်ရှိနိုင်ငံအခြေအနေကို လီရှောင်အား ပြောပြပြီးနောက် သူနှင့်အတူ အိမ်တွင်းရေး စကားများ စတင် ပြောဆိုလေသည်။ "သာ့ရှီရွာက လူတွေအားလုံး နေကောင်းကြရဲ့လား" ဟု လီရှောင်အား မေးလိုက်သည်။ သူ အမှန်တကယ် မေးမြန်းလိုသည်မှာ သူ့သမီး လင်လုံ နေကောင်းရဲ့လားဟူ၍ပင်။

ခွဲခွာသွားခဲ့ပြီးအချိန်က မိန်းမငယ်လေးမှာ ယခုအခါ ကလေးနှစ်ယောက်၏အမေ ဖြစ်နေခဲ့ပြီ။ ဒါတင်မကသေးဘဲ မကြာမီအချိန်အတွင်း အဘွားပင် ဖြစ်လာတော့ပေမည်။ သူ့သမီးအား သွားရောက် တွေ့ဆုံလိုသော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ချက်ချင်းလက်ငင်း ထွက်ခွာသွား၍ မဖြစ်သေးပေ။

လီရှောင်သည် လျိုဝူကျီအား တစ်ချက်ကြည့်လိုက်ပြီး လျိုဝူကျီ၏အဓိကဘာကိုမေးချင်မှန်း မြင်တွေ့သွား၏။ "အားလုံး အဆင်ပြေပါတယ်။ ယောက္ခမ ကျန်းမာပါတယ်။ ယွဲ့အာကိုပဲ အရမ်း သတိရနေတာ" လီရှောင်က ပြောလိုက်သည်။

ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ထပ်မံ၍ ပြောလိုက်သည်။ "ဟိုကျောက်စိမ်းဆွဲပြားကို ယောက္ခမ ပြန်ရပြီးကတည်းက အရမ်းတန်ဖိုးထားနေပါတယ်။ ကြားတာတော့၊ အခါအားလျော်စွာ ထုတ်ပြီး ကြည့်တယ်တဲ့"

လျိုဝူကျီ၏အမူအရာ လှုပ်ရှားသွား၏။ မကြာမီမှာပင် စိတ်ထဲမှ ခံစားချက်များကို ထပ်မံ၍ ဖိနှိပ်လိုက်သည်။ "အင်း"

"ဆရာ..." လီရှောင်သည် ဤအခြေအနေကို မြင်သောအခါ တစ်ခုခုပြောမည်ပြုရင်း ရပ်တန့်သွား၏။

လျိုဝူကျီသည် မျက်မှောင်ကြုတ်ကာ လီရှောင်အား ကြည့်လိုက်သည်။ "နောက်ဆိုရင် အဘိုးလို့ ခေါ်တော့" နောက်ဆုံးတွင် ပြောလိုက်သည်။ အားလုံး ခန့်မှန်းမိနေလောက်ပြီကို 'ဆရာ' လို့ ခေါ်နေသေးတယ်။ ဒီကောင်လေးကတော့...

လီရှောင်၏ မျက်နှာထက်တွင် ဝမ်းသာရိပ် ပေါ်လာ၏။ "ဟုတ်ကဲ့ပါ၊ အဘိုး" ဟု အလျင်အမြန် ပြောလိုက်သည်။

ထိုအခါမှ လျိုဝူကျီ၏မျက်နှာထား အနည်းငယ် ကောင်းမွန်လာခဲ့သည်။ "ဂဏန်းသင်္ချာပညာရပ် စာအုပ်ပြုစုတာ အဆင်ပြေချောမွေ့တယ်လို့ ပြောလို့ရတယ်။ အရှင်မင်းကြီး မြင်ပြီးတော့ အရမ်း ကျေနပ်နေတယ်။ လာမယ့်နှစ် ရောက်ရင်၊ စာသင်ကျောင်း အသီးသီးဆီကို ဖြန့်ဝေပေးပြီး ပညာသင်တွေကို သင်ယူစေလောက်တယ်။ ခန့်မှန်းခြေ နောက်ထပ် ခုနစ်ရက် ရှစ်ရက်လောက်ဆိုရင် ယွဲ့အာဘက်က ပြီးစီးသွားလောက်ပြီ။"

လီရှောင် ခေါင်းညိတ်လိုက်၏။

"အစက၊ ယွဲ့အာဘက်က ပြီးစီးသွားတာကို စောင့်ပြီး၊ မင်း သူ့ကို သာ့ရှီရွာကို ပြန်ပို့၊ အဲ့ဒီနောက်မှ ချူတိုင်းပြည်ကို ထပ်ပြီး ထွက်ခွာမယ်ဆိုရင် အချိန်မီတယ်။ ဒါပေမဲ့ အခု အခြေအနေ ပြောင်းလဲသွားပြီ။ မင်း သူ့ကို ပြန်ပို့ပေးနိုင်တော့မှာ မဟုတ်လောက်ဘူး"

လီရှောင် ထိတ်လန့်သွားလေသည်။

"အရှင်မင်းကြီးက ချူတိုင်းပြည်ကို စေလွှတ်တဲ့ သံတမန်က ထွက်ခွာသွားပြီ။ မင်းအတွက် ချန်ထားပေးတဲ့ အချိန်က ထင်သလောက် မလုံလောက်တော့ဘူး"

ဤကိစ္စမှာ အလွန်အရေးကြီးသဖြင့် နန်းတော်မှသံတမန်ကိုသာ အားကိုး၍ လုံးဝမဖြစ်ပေ။ ထို့အပြင် သူ့လူများ ချူတိုင်းပြည်သို့ သွားရောက်ရခြင်း ရည်ရွယ်ချက်မှာ အရှင်မင်းကြီး၏လူများနှင့် ရည်ရွယ်ချက်မှာလည်း လုံးဝ တူညီခြင်း မရှိပေ။

လီရှောင်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း ခေါင်းညိတ်လိုက်၏။

လျိုဝူကျီသည် လီရှောင်အား တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ "သုံးရက်ကြာရင် စထွက်တော့။ ဒီအချိန်အတောအတွင်းမှာ ယွဲ့အာနဲ့ ကောင်းကောင်းအဖော်ပြုပေးလိုက်။ ဂဏန်းသင်္ချာပညာရပ်စာအုပ်ပြုစုပြီးစီးတာကို စောင့်ပြီး၊ ငါကိုယ်တိုင် သူ့ကို သာ့ရှီရွာကို ပြန်ပို့ပေးမယ်" လျိုဝူကျီက ရုတ်တရက် ပြောလိုက်၏။

အချိန်မှာ အလွန်ကျပ်တည်းလှသဖြင့် သူသည်လည်း နှစ်သစ်ကူးပွဲကို စောင့်ဆိုင်းကာ သမီးဖြစ်သူနှင့် ပြန်စုံစည်းရန် မစောင့်နိုင်တော့ပေ။ ဤတစ်ကြိမ် မြေးမလေးအား အိမ်ပြန်ပို့ပေးခြင်းကို အခွင့်ကောင်းယူ၍ သူ မြို့တော်မှ တစ်လခန့် ထွက်ခွာသွားမည် ဖြစ်သည်။

ဤစကားကို ကြားသောအခါ လီရှောင်လည်း စိတ်အေးသွား၏။ "ဟုတ်ကဲ့ပါ"

........

မနေ့ညက နှိပ်စက်မှုကြောင့် လင်းရှောင်ယွဲ့သည် ယနေ့ စိတ်ဓာတ် မကောင်းမွန်လှဘဲ နေ့လယ်ခင်းအချိန် နီးကပ်လာသောအခါ လုံးဝ စိတ်စွမ်းအားတစ်ခုတည်းဖြင့်သာ အားတင်းထားရ၏။ ကံကောင်းထောက်မစွာပင် မင်းဆရာကြီး ရုတ်တရက် ရောက်ရှိလာခဲ့သည်။

လူတိုင်းသည် မင်းဆရာကြီး ရောက်ရှိလာသည်ကို မြင်သောအခါ အားလုံးထရပ်၍ ဂါရဝပြုကြ၏။ မင်းဆရာကြီးသည် လူတိုင်းကို ထခိုင်းလိုက်ပြီး လင်းရှောင်ယွဲ့၏အနားသို့ လျှောက်သွားမှ လူတိုင်းကို လှမ်းကြည့်လိုက်သည်။ "ဒီအဘိုးကြီးက ယွဲ့အာနဲ့ ဆွေးနွေးစရာ ကိစ္စရှိတယ်။ မင်းတို့ရဲ့ ဒီနေ့ သင်ခန်းစာကို ဒီမှာပဲ ရပ်ကြတာပေါ့။ နောက်ပြီး၊ ဒီအချိန်အတောအတွင်း မင်းတို့အားလုံးလည်း ပင်ပန်းသွားကြပြီ။ နောက်သုံးရက်ကို အနားယူလိုက်ကြ၊ သုံးရက်ကြာမှ ပြန်ဆက်ကြမယ်"

ဤစကား ထွက်ပေါ်လာသည်နှင့် လူတိုင်း၏မျက်နှာတွင် တုံ့ဆိုင်းဟန် ပေါ်လာသော်လည်း အားလုံး သက်ပြင်းတစ်ချက်ချလိုက်မိကြသည်။ ဤအချိန်အတောအတွင်း နေ့စဉ်နေ့တိုင်း ဂဏန်းသင်္ချာပညာရပ် အသိပညာများကို သင်ယူခဲ့ရပြီး၊ သင်ယူပြီးနောက် ဂဏန်းသင်္ချာပညာရပ် စာအုပ်ထဲမှ သက်ဆိုင်ရာအကြောင်းအရာများကို စတင်ပြုစုခဲ့ရ၏။ တစ်နေ့လုံး အားလပ်ချိန် မရရုံသာမက အာရုံကြောများလည်း တင်းမာနေခဲ့သည်။ အားလပ်ရက်ရ၍ အနားယူနိုင်ခြင်းမှာ သေချာပေါက် ကောင်းတဲ့အရာပင်။ သို့သော် သုံးရက်ဆက်တိုက်နားပစ်တာကတော့ နည်းနည်းများ လွန်မနေဘူးလား။

လင်းရှောင်ယွဲ့သည်လည်း လျိုဝူကျီအား လှည့်ကြည့်လိုက်၏။ လီရှောင်သည် သူမအဘိုးထံသို့ သွားရောက် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သူမ သိရာ အဘိုးဤသို့ ပြောလာသည်မှာ သေချာပေါက် အကြံတစ်ခုခု ရှိပေလိမ့်မည်။ ထို့ကြောင့် သူမ သဘောတူလိုက်၏။ လူတိုင်းသည် အခြေအနေကိုလိုက်၍ သဘောတူလိုက်ကြသည်။

ချက်ချင်းပင် ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာသွားကြ၏။ လင်းရှောင်ယွဲ့သည် လျိုဝူကျီ၏ နောက်တွင်ကျန်ခဲ့ကာ နောက်ဆုံးမှ ထွက်ခွာခဲ့ပြီး အခန်းတံခါးမှ ထွက်လိုက်သည်နှင့် လီရှောင် ပေါ်လာခဲ့သည်။

လျိုဝူကျီသည် လီရှောင်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "ရှောင်အာက သုံးရက်ကြာရင် ခရီးစထွက်မယ်။ ဒီသုံးရက်ကို၊ မင်းတို့နှစ်ယောက် ကိုယ့်ဘာသာ စီစဉ်ကြ" ထိုစကားပြောပြီးသော် များများစားစား ထပ်မပြောတော့ဘဲ ထွက်ခွာသွားလေသည်။

လင်းရှောင်ယွဲ့သည် ထိတ်လန့်သွားပြီး လျိုဝူကျီ ထွက်ခွာသွားသော ကျောပြင်ကို တစ်ချက်ကြည့်လိုက်ကာ ချက်ချင်းပင် လီရှောင်အား အမြန်လှမ်းကြည့်လိုက်သည်။ ဒီလူ၊ မနေ့ညကပဲ ဆယ်ရက်ကျော်ကြာမှ ချူတိုင်းပြည်သို့ သွားမယ်လို့ပြောခဲ့တာမဟုတ်ဘူးလား။ ဘယ်လိုလုပ် သုံးရက်ဖြစ်သွားတာလဲ။

လီရှောင်သည် အခက်တွေ့နေသောအမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ရှေ့သို့ တိုး၍ လင်းရှောင်ယွဲ့၏လက်ကို ဆွဲကိုင်ကာ သူတို့ နေထိုင်ရာ အခန်းသို့ခေါ်ဆောင်သွားခဲ့သည်။

အခန်းထဲသို့ ပြန်ရောက်သောအခါ လင်းရှောင်ယွဲ့သည် ဒေါသထွက်လာခဲ့၏။ လီရှောင် ဆွဲထားသော လက်ကို ခါချပစ်လိုက်ပြီး ဒေါသတကြီးဖြင့် အတွင်းခန်းထဲသို့ လျှောက်လှမ်း ဝင်ရောက်သွားသည်။ လီရှောင်သည် အလျင်အမြန် လိုက်ပါသွား၏။

ပြီးနောက် ကျားတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်ပြီး စိတ်ကောက်နေသော ဇနီးလေးအား ကုတင်ကြီးပေါ်တွင် ထိန်းချုပ်ထားလိုက်လေသည်။

မနေ့ညက ကိစ္စကို သတိရမိသောအခါ လင်းရှောင်ယွဲ့၏မျက်နှာမှာ ဒေါသထွက်နေရာမှ ရှက်သွေးဖြန်းသွား၏။ ဤမြင်ကွင်းက လီရှောင်၏နှလုံးသားကို လှုပ်ရှားသွားစေသည်။

"အစီအစဉ် ပြောင်းလဲသွားတာ ကိုယ်လည်း ခုမှ သိရတာ" လှုပ်ရှားနေသော စိတ်ကို ဖိနှိပ်လိုက်ပြီး လီရှောင်က ရှင်းပြလိုက်သည်။ "နောက်ပြီး၊ အဘိုးက ပြောသေးတယ်။ မင်း ဒီဘက်မှာ ဂဏန်းသင်္ချာပညာရပ် စာအုပ်တွေ ပြုစုပြီးတာကိုစောင့်ပြီး၊ သူကိုယ်တိုင် မင်းကို သာ့ရှီရွာကို ပြန်ပို့ပေးမယ်တဲ့"

လင်းရှောင်ယွဲ့သည် ကြောင်အသွားရ၏။ "သာ့ရှီရွာမှာ နှစ်သစ်ကူးပွဲအတွက် မနေတော့ဘူးလား" ဟု မေးလိုက်သည်။ အဘိုးက ယခင်က သူတို့နှင့်အတူ နှစ်သစ်ကူးပွဲ ဆင်နွှဲရန် ပြန်လာမည်ဟု ပြောခဲ့တာမဟုတ်ဘူးလား။ သူမနှင့်အတူပြန်သွားပြီးနောက် သာ့ရှီရွာတွင် တစ်လခန့် နေထိုင်မည်ဆိုလျှင် နှစ်သစ်ကူးပွဲ အချိန်သို့ မရောက်ရှိသေးပေ။

"မနေတော့ဘူး" လီရှောင်က ပြောလိုက်၏။။ "နှစ်သစ်ကူးပြီး နွေဦးရာသီ ရောက်ရင် သာ့ကျင်းဘက်က လှုပ်ရှားမှုတွေ ရှိလာနိုင်တယ်။ အဘိုးက ကြိုတင်ပြီး လက်ဦးမှုယူမယ့်ပုံပဲ"

တစ်စုံတစ်ခုကို တွေးတောမိသဖြင့် လင်းရှောင်ယွဲ့သည် များများစားစား ထပ်မမေးတော့ပေ။ "ရှင် ထတော့" ပြီးနောက် မျက်နှာနီရဲလျက် ပြောလိုက်သည်။

လီရှောင်သည် ကြောင်အသွား၏။ စိတ်ခံစားချက်ကို နောက်တစ်ကြိမ် ဖိနှိပ်လိုက်ပြီးမှ ခက်ခက်ခဲခဲ ထရပ်ကာ လင်းရှောင်ယွဲ့အား လွှတ်ပေးလိုက်သည်။

လွတ်လပ်ခွင့်ရရှိသွားမှ လင်းရှောင်ယွဲ့၏စိတ်ထဲတွင် နောက်ဆုံး၌ အနည်းငယ် တည်ငြိမ်သွား၏။ ဘေးတွင် ထိုင်နေပြီး သူမအား မကြည့်ဝံ့သော လီရှောင်အား တစ်ချက် ကြည့်လိုက်ရာ လင်းရှောင်ယွဲ့၏စိတ်ထဲတွင် နောက်တစ်ကြိမ် အနည်းငယ် ဒေါသထွက်လာပြန်သည်။ "ကျွန်မ ဗိုက်ဆာပြီ" ဟု ချက်ချင်း ပြောလိုက်သည်။

လီရှောင်၏ အာရုံကြောများမှာ ချက်ချင်းပင် ထုံသွားကာ အသိပြန်ဝင်သွားလေသည်။ "ကိုယ် မီးဖိုချောင်ကို အစားအသောက် သွားယူလိုက်မယ်" ချက်ချင်းပင် ထရပ်လိုက်သည်။

လင်းရှောင်ယွဲ့သည်လည်း တားဆီးခြင်း မပြုဘဲ ပျော်ရွှင်စွာဖြင့် သူမခင်ပွန်း တံခါးအပြင်သို့ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

.......

နောက်သုံးရက်တွင် လင်းရှောင်ယွဲ့နှင့် လီရှောင်တို့သည် မေဟွားဆောင်ထဲတွင်သာ အောင်းနေကြပြီး အပြင်သို့ မထွက်ခဲ့ကြပေ။ မင်းသမီး ၆နှင့် အခြားသူများမှာမူ အိမ်တိုင်ရာရောက် လာရောက် နှောင့်ယှက်လိုကြသော်လည်း မင်းဆရာကြီး၏ အမိန့်ထုတ်ခြင်းကို ခံလိုက်ရပြီး လင်းရှောင်ယွဲ့တွင် သူမကိုယ်ပိုင်ကိစ္စရှိသဖြင့် သူတို့အား သွားရောက် အနှောင့်အယှက် မပေးရန်ပြောခဲ့သည်။

သို့ဖြင့် ဇနီးမောင်နှံ နှစ်ဦးမှာ နှစ်ယောက်တည်းနေထိုင်ရသော အချိန်သုံးရက်တာကို ကုန်ဆုံးစေခဲ့သည်။ လီရှောင်မှာမူ အဆင်ပြေသက်တောင့်သက်သာ ရှိလှပြီး ပျော်ရွှင်လွန်း၍ ခရီးထွက်ရန်ပင် မေ့နေလုနီးပါး ဖြစ်နေခဲ့၏။ ချူတိုင်းပြည်သို့ သွားရောက်ရမည့် ကိစ္စကို ဦးနှောက်ထဲမှ ပစ်ထုတ်ထားလုနီးပါး ဖြစ်နေခဲ့သည်။

လင်းရှောင်ယွဲ့မှာမူ ဆိုးရွားလှ၏။ သူမ၏ သေးငယ်သော ကိုယ်လုံးလေးမှာ အကယ်၍ ထူးခြားစွမ်းအင်၏ အကာအကွယ်ပေးမှု မရှိခဲ့ပါက လီရှောင်၏နှိပ်စက်မှုကြောင့် အစောကြီးကတည်းက ကုတင်ပေါ်မှ မဆင်းနိုင်တော့သည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် ဤသို့သော ခံစားရခက်မှုမှာ အကြောင်းရင်း တစ်ဝက်ကျော်မှာလည်း သူမ ကိုယ်တိုင် ရှာဖွေခဲ့၍ ဖြစ်နေသည်...

ပျော်ရွှင်စရာနေ့ရက်များမှာ အမြဲတမ်း တိုတောင်းလှ၏။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် သုံးရက် ကြာမြင့်သွားခဲ့သည်။ အဆုံးမရှိသော တမ်းတမှုများဖြင့် လီရှောင်သည် နောက်ဆုံးတွင် ထွက်ခွာသွားလေသည်။

***

All Chapters