← Chapters

ခရိုင်သခင်မ

Vol. 20 Ch. 413

ခရိုင်သခင်မ

Vol. 20 Ch. 413

နံနက်စောစော နိုးထလာသောအခါ လင်းရှောင်ယွဲ့၏ဘေးတွင် လူ ရှိမနေတော့ပေ။ လီရှောင်သည် စာတစ်စောင်ထားခဲ့ပြီး သူမအား သာ့ရှီရွာသို့ပြန်၍ သူ့ကို စောင့်နေရန်သာ မှာကြားခဲ့၏။

ခွဲခွာရခြင်း၏အရသာမှာ လူကို ခံရခက်စေသည်။ သို့သော် အလုပ်များခြင်းသည် ဝမ်းနည်းသော စိတ်ခံစားချက်ကို သက်သာစေသည့် အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်လေသည်။

ဂဏန်းသင်္ချာပညာရပ် သင်ခန်းစာများ ဆက်လက်ပို့ချနေသည်နှင့်အမျှ၊ ဂဏန်းသင်္ချာပညာရပ် စာအုပ်များကိုလည်း ဆက်လက် ပြုစုနေရသဖြင့် အလုပ်များခြင်းက လွမ်းဆွတ်မှုကို မှုန်ဝါးသွားစေပြီး လင်းရှောင်ယွဲ့သည် အလျင်အမြန်ပင် လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

တစ်ချိန်တည်းမှာပင် လျိုဝူကျီသည်လည်း အကြံအစည်နောက်တစ်ဆင့်ကို စတင်လိုက်လေသည်။

........

ကိုးရက်ကြာသော် ဂဏန်းသင်္ချာပညာရပ် စာအုပ်မှာ နောက်ဆုံးတွင် ပြုစုပြီးစီးသွား၏။ လျိုဝူကျီသည် နောက်ဆုံး စာအုပ်နှစ်တွဲကို ယူဆောင်လျက် ဧကရာဇ်ယန်ထံ အခစားဝင်လေသည်။

နဂါးပလ္လင်ထက်မှ ဧကရာဇ်ယန်၏မျက်နှာမှာ သိပ်မကောင်းလှဘဲ အမူအရာမှာလည်း ယခင်ကထက် ပို၍ ပင်ပန်းနွမ်းနယ်နေဟန်ရှိ၏။ ဂဏန်းသင်္ချာပညာရပ်စာအုပ်၏ အကြောင်းအရာများကို စာမျက်နှာအနည်းငယ် လှန်လှောကြည့်ရှုပြီးနောက် ဧကရာဇ်ယန်သည် စာအုပ်နှစ်တွဲကို ဘေးသို့ ချထားလိုက်လေသည်။

"ဂဏန်းသင်္ချာပညာရပ်စာအုပ်ရဲ့ အကြောင်းအရာတွေက ပြုစုထားတာ အရမ်းကောင်းတယ်။ အခွန်ဝန်ကြီးဌာနက အမတ်ကြီး ကြည့်ပြီး မြို့တော်က ကျောင်းတော်တချို့ကို သင်ယူဖို့ စီစဉ်ခိုင်းလိုက်ပြီ။ ပညာသင်တွေရဲ့ တုံ့ပြန်မှုကလည်း အရမ်းကောင်းတယ်"

"အစတုန်းက ခင်ဗျားရဲ့ အကြံဉာဏ်ကို နားထောင်ခဲ့မိလို့ ကျန်း တော်တော်ကံကောင်းတယ်။ "

ဧကရာဇ်ယန်သည် လျိုဝူကျီအား လှမ်းကြည့်လိုက်၏။ သူသည် ဤတစ်နှစ် နှစ်နှစ်အတွင်း မိမိ၏ခန္ဓာကိုယ် အခြေအနေသိသိသာသာကျဆင်းလာသည်ကို ခံစားနေရ၏။ အထူးသဖြင့် ဤနှစ်ရက်အတွင်း စိတ်အခြေအနေမှာ ပို၍ပင် မကောင်းမွန်လှပေ။ ယခု သာ့ယန်မှာ အင်အားကြီးသော ရန်သူနှင့် ထပ်မံရင်ဆိုင်နေရပြီး လေပြင်းမိုးပြင်းထဲ တုန်လှုပ်နေသည်ဟု ဆိုနိုင်၏။

သူ့ဘဝတစ်လျှောက် ပြန်လည် ကြည့်ရှုလိုက်လျှင် မည်သို့သော နိုင်ငံရေးအောင်မြင်မှုမျိုးမှ လုပ်ဆောင်နိုင်ခဲ့ဟန် မရှိပေ။ ယခုအခါ ဂဏန်းသင်္ချာပညာရပ် စာအုပ်ကို သူ့လက်ထဲမှ ထွက်ပေါ်လာစေပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်ခဲ့လျှင်။ ၎င်းမှာ သူ သမိုင်းနှင့် နောက်လာနောက်သားများအတွက် ချန်ထားရစ်ခဲ့သော အောင်မြင်မှုတစ်ခုဟု သတ်မှတ်နိုင်ပေသည်။

လျိုဝူကျီသည် ဧကရာဇ်ယန်အား ဂါရဝပြုလိုက်၏။

"ဒီအမတ်ကြီးနဲ့ အဲ့ဒီကလေးမလေးကို အခွင့်အရေးပေးခဲ့တဲ့ ဧကရာဇ်မင်းကြီးကို ကျေးဇူးတင်ရမှာပါ" ဟု လေးစားစွာ ပြောလိုက်သည်။

ဧကရာဇ်ယန်သည် လက်ဝှေ့ယမ်းလိုက်၏။

"ထားလိုက်ပါတော့။ အဲ့ဒီကလေးမလေးကလည်း အရည်အချင်း ရှိတာကိုး"

မျက်နှာထက်တွင် အပြုံးရိပ်များ ပိုမို ပေါ်လာသည်။

"ဒီတစ်ကြိမ် ဂဏန်းသင်္ချာပညာရပ် စာအုပ် ပြုစုတာ အဲ့ဒီကလေးမလေးရဲ့အကျိုးဆောင်မှုက မသေးဘူး။ သူ့ကို မေးကြည့်လိုက်၊ ဘာများ လိုချင်တာ ရှိလဲ။ ကျန်း ဆုံးဖြတ်ပြီး ဆုချီးမြှင့်မယ်"

မင်းဆရာကြီးနှင့် ပြန်လည်သင့်မြတ်ပြီးနောက် ထိုကလေးမလေးအပေါ် သူ အမှန်တကယ် အနည်းငယ် အားနာမိခဲ့၏။ ယခုအခါ အနည်းငယ် ဖြည့်ဆည်းပေးသည်ဟု သတ်မှတ်ရပေမည်။

လျိုဝူကျီသည် ဧကရာဇ်ယန်အား နောက်တစ်ကြိမ် ဂါရဝပြုလိုက်၏။

"ဆုလာဘ်တွေတော့ မလိုတော့ပါဘူး။ အဲ့ဒီကလေးမလေးက အိမ်ကနေ မြို့တော်ကို ထွက်လာတာ တစ်လကျော် ရှိနေပါပြီ။ အိမ်က အမေက အရမ်းသတိရနေပါတယ်။ ဒီအမတ်ကြီး မလာခင်တုန်းက၊ သူမက ဒီအမတ်ကြီးကို အထူးတလည် ဧကရာဇ်မင်းကြီးဆီမှာ နှုတ်ဆက်ခွင့် တောင်းခိုင်းလိုက်ပါတယ်။ ချင်းရှီမြို့ကို ပြန်ချင်လို့ပါ"

လျိုဝူကျီသည် စကားပြောပြီးသော် ခေါင်းမော့ကာ ဧကရာဇ်ယန်အား လှမ်းကြည့်လိုက်၏။

"ဒီအမတ်ကြီးလည်း၊ ချင်းရှီမြို့ကို တစ်ခေါက် သွားချင်ပါတယ်။ ဧကရာဇ်မင်းကြီး ခွင့်ပြုပေးတော်မူပါ..."

ထိုသို့ ပြောပြီးနောက် ခေါင်းကို ထပ်မံ၍ ငုံ့လိုက်လေသည်။

ဧကရာဇ်ယန်၏ အမူအရာမှာ လေးနက်သွားပြီး တိတ်ဆိတ်နေ၏။ အချိန်အတော်ကြာမှ နောက်ဆုံးတွင် ပါးစပ် ဖွင့်လိုက်လေသည်။

"ချူကျင်းတို့က ဝံပုလွေလို ရည်မှန်းချက် ကြီးမားတယ်။ သာ့ယန်က ဒီအချိန်မှာ အန္တရာယ်လေးမျက်နှာ ဝိုင်းနေတာ။ ကျန်း မင်းဆရာကြီးကို ခွဲမထွက်သွားစေချင်ဘူး။"

ဟု တားဆီးသော လေသံဖြင့် ပြောလိုက်သည်။ သူ မင်းဆရာကြီး၏ သမီးကိုလွမ်းဆွတ်တမ်းတသောစိတ်၊ သာ့ရှီရွာသို့ လိုက်ပါသွားလိုသော စိတ်ခံစားချက်ကို နားလည်နိုင်၏။ သို့သော် မျက်စိရှေ့တွင် နန်းတွင်း၌ သူ ယုံကြည်အားကိုးနိုင်သူမှာ မင်းဆရာကြီးသာ ရှိတော့သည်။ မင်းဆရာကြီး ရှိနေမှသာ သူ စိတ်အေးနိုင်ပေမည်။

လျိုဝူကျီသည် လက်သီးဆုပ်လိုက်၏။

"ချူတိုင်းပြည်ကို စေလွှတ်တဲ့ သံတမန်က ထွက်ခွာသွားပါပြီ။ နယ်စပ်ဒေသ အသီးသီးကလည်း အမိန့်တော်ကို လက်ခံရရှိထားပြီး၊ စစ်ပွဲကြီးအတွက် ပြင်ဆင်နေပါပြီ။ လုပ်ဆောင်နိုင်တာတွေကို၊ အားလုံး သေချာ စီစဉ်ထားပြီးပါပြီ။ ပြီးတော့ ဒီအမတ်ကြီးက တစ်လပဲ သွားမှာပါ။ နှစ်မကူးခင် သေချာပေါက် ပြန်ရောက်လာမှာပါ။ အရှင်မင်းကြီးရဲ့ကိစ္စကြီးတွေကို လုံးဝ နှောင့်နှေးစေမှာ မဟုတ်ပါဘူး"

ဧကရာဇ်ယန်သည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်၏။ မင်းဆရာကြီး၏ ဆိုလိုရင်းကို သူ နားလည်လိုက်၏။ သူ သာ့ရှီရွာသို့ တမင်တကာ ကြိုတင်သွားရောက်ခြင်းမှာ နှစ်သစ်ကူး ကာလအတွင်း သူ မြို့တော်တွင် မရှိမည်ကို ရှောင်ရှားရန်အတွက်သာ ဖြစ်သည်။ နှစ်သစ်ကူးပြီးနောက် မကြာမီ နွေဦးရာသီသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုအချိန်ကျမှ ပို၍ အရေးကြီးလေသည်။

ဤသို့ တွေးမိသောအခါ ဧကရာဇ်ယန်သည် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။

........

နေ့လယ်ဘက်တွင် မိန်းမစိုးဟူသည် မင်းဆရာကြီး၏အိမ်တော်သို့ ရုတ်တရက် ရောက်ရှိလာပြီး ဧကရာဇ်ယန်၏ အမိန့်တော်ကိုပါ ယူဆောင်လာခဲ့သည်။

လင်းရှောင်ယွဲ့သည် ဂဏန်းသင်္ချာပညာရပ်စာအုပ်ပြုစုရာတွင် အကျိုးဆောင်ခဲ့သောကြောင့် ခရိုင်သခင်မ ဘွဲ့ထူးချီးမြှင့်ခံရပြီး ရွှေသား ထောင်ဂဏန်း ဆုချီးမြှင့်ခံရလေသည်။

တစ်ချိန်တည်းမှာပင် မင်းသမီး ၆၊ လျန်ချန်းချိုင်နှင့် မော့ဖေးတို့သည်လည်း အသီးသီး ဆုလာဘ်များ ရရှိခဲ့ကြ၏။ မင်းသမီး ၆နှင့် အခြားသူများသည် ဆုလာဘ်များ ရရှိကြသဖြင့် အလွန်ဝမ်းမြောက်နေကြပြီး လင်းရှောင်ယွဲ့အား ဦးဆောင်စေကာ မင်းဆရာကြီး၏အိမ်တော်ထဲတွင် နောက်တစ်ကြိမ် ဟော့ပေါ့ပွဲတော်ကျင်းပလျက် လင်းရှောင်ယွဲ့အတွက် နှုတ်ဆက်ပွဲ ပြုလုပ်လေသည်။

"လောင်ရှစ်၊ ရှင် နေရစ်ခဲ့ပြီး၊ မြို့တော်မှာ တိုက်ရိုက် အခြေချလိုက်ရင် ဘယ်လောက်ကောင်းမလဲ။ ရှင် အခု ခရိုင်သခင်မ ဖြစ်နေပြီ။ ဘာလုပ်ချင်လုပ်ချင် မဖြစ်နိုင်တာမရှိဘူး။ တကယ်လို့ မဖြစ်ရင်တောင်၊ ဒီမင်းသမီး ကူညီပေးမယ်လေ။ ကျွန်မတို့နှစ်ယောက် လက်တွဲလိုက်ရင်၊ မြို့တော်က အမျိုးသမီးတွေထဲမှာ စံပြပုဂ္ဂိုလ်တွေ သေချာပေါက် ဖြစ်လာမှာ"

မင်းသမီး ၆သည် လင်းရှောင်ယွဲ့ ထွက်ခွာသွားသည်ကို အနှမြောတသဆုံးသော လူ ဖြစ်မည်မှာ သေချာ၏၊ ဤအချိန်အတောအတွင်း ထိတွေ့ဆက်ဆံပြီးနောက် သူမသည် လောင်ရှစ်အပေါ် အစွန်းရောက်အောင် နှစ်သက်သွားခဲ့လေပြီ။ လောင်ရှစ်၏အရည်အချင်းကို သူမ နှစ်သက်သည်၊ စရိုက်သဘာဝကို သူမ နှစ်သက်သည်၊ ထို့အပြင် ချက်ပြုတ်သည့်ပညာနှင့် ရုပ်ရည်ကိုလည်း သူမ နှစ်သက်၏။

အကယ်၍ လောင်ရှစ်သည် သူမကဲ့သို့ပင် အမျိုးသမီးတစ်ဦး မဟုတ်ခဲ့ပါလျှင် သူမသည် ခမည်းတော်ထံသို့ သွားရောက်ကာ သူတို့အား လက်ဆက်ပေးရန် သေချာပေါက် တောင်းဆိုပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမ လောင်ရှစ်နှင့် အမြဲတမ်း အတူတကွ နေထိုင်နိုင်ပေလိမ့်မည်။

ဪ၊ သူမသည် လောင်ရှစ်၏ခင်ပွန်းဆိုသူအား အမှန်တကယ် မနာလို ဖြစ်မိသည်။ ထို လီမျိုးရိုးနှင့် ယောက်ျား၊ တကယ်ကို ကံကောင်းသွားတာပဲ။

ဤအချိန်တွင် ချူတိုင်းပြည်သို့ ရောက်ရှိကာစ လီရှောင်သည် နှာတစ်ချက် ချေလိုက်၏။ စိတ်ထဲတွင်မူ မိုင်ထောင်ချီ ဝေးကွာသော ဇနီးလေးက သူ့ကို သတိရနေတာဖြစ်လောက်မည်ဟု တွေးတောမိပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့် မထိန်းနိုင်ဘဲ ပေါ်လာလေသည်။

မင်းသမီး ၆မှာမူ လီရှောင်၏အတွေးကို မသိရှိခဲ့ပေ။ သို့မဟုတ်ပါက လူကို "ထွီ" ဟု တံတွေးထွေးချင်စိတ် ပေါက်သွားနိုင်လောက်၏။

လင်းရှောင်ယွဲ့သည် ပြုံးလိုက်ပြီး၊ "မင်းသမီး တားဆီးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့၊ မွေးရပ်မြေကို စွန့်ခွာရခက်တယ်။ ချင်းရှီမြို့လိုနေရာမျိုးကပဲ ကျွန်မနဲ့ သင့်တော်ပါတယ်"

မင်းသမီး ၆၏ မျက်နှာတွင် စိတ်ပျက်အားငယ်ဟန် ပေါ်လာသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့က ထပ်မံ၍ ပြောလိုက်၏။။ "ဒါပေမဲ့၊ မင်းသမီး ၆ နောင်တစ်ချိန် အားလပ်လို့၊ နန်အန်းခရိုင်ကို ခရီးထွက် ရောက်ရှိခဲ့မယ်ဆိုရင် ချင်းရှီမြို့မှာ ကျွန်မကိုလာရှာလို့ရပါတယ်။ အဲ့ဒီအချိန်ကျရင်၊ သေချာပေါက် အကောင်းဆုံးဧည့်ခံပါ့မယ်"

စကားပြောပြီးသော် လင်းရှောင်ယွဲ့သည် မင်းသမီး ၆အား ခွက်မြှောက်ပြလိုက်၏။

မင်းသမီး ၆၏မျက်နှာထက်တွင် နောက်ဆုံး၌ အပြုံးတစ်ပွင့် ထပ်မံ ပေါ်လာလေသည်။

"ဒါဆိုရင် ဝမ်နင် မှတ်ထားလိုက်ပြီနော်။ လောင်ရှစ် အဲ့ဒီအချိန်ကျရင် လိမ်ညာလို့ မရဘူး" ဟုဆိုကာ လင်းရှောင်ယွဲ့နှင့် တစ်ခွက် သောက်လိုက်၏။

လင်းရှောင်ယွဲ့သည် မသိသေးသည်မှာ၊ သူမ၏စကားကြောင့် မင်းသမီး ၆သည် နောင်တစ်ချိန်တွင် အမှန်တကယ် စိတ်နေသဘောထား ပြောင်းလဲသွားခဲ့ပြီး တဖြည်းဖြည်း ချုပ်နှောင်မှုများမှ လွတ်မြောက်လာခဲ့သည်။ ယန်တိုင်းပြည်၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ်၊ အဝေးသို့ လက်ဆက်ရခြင်း မဟုတ်ဘဲ မြို့တော်မှ ထွက်ခွာသွားသော မင်းသမီး ဖြစ်လာခဲ့သည်။

"ဆရာမော့ဖေးနဲ့ ဆရာလျန်တို့လည်း အတူတူပါပဲ"

ပြီးနောက် လင်းရှောင်ယွဲ့သည် လျန်ချန်းချိုင်နှင့် မော့ဖေးတို့အား အရက်ငှဲ့ပေးလိုက်ပြန်သည်။

ထိုနှစ်ယောက်သည် အသီးသီး ကျေးဇူးတင်စကား ဆိုကြပြီး ခွက်ထဲမှ အရက်ကို မော့ချလိုက်ကြ၏။ တစ်လကျော် အချိန်ကာလအတွင်း သူတို့သည် အတူတကွ ချူကျင်းနှင့် ပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ကြပြီး၊ အတူတကွ ချူကျင်း သံတမန်များအား အနိုင်တိုက်ခိုက်ခဲ့ကြကာ၊ ထို့နောက် အတူတကွ ဂဏန်းသင်္ချာပညာရပ် စာအုပ်များ ပြုစုခဲ့ကြသည်။ ချစ်ကြည်ရင်းနှီးမှုမှာ ယခင်ကနှင့် မတူညီတော့ပေ။ လင်းရှောင်ယွဲ့မှာမူ လူအနည်းငယ်၏ စိတ်ထဲတွင် ဆရာတစ်ပိုင်း မိတ်ဆွေတစ်ပိုင်း ဖြစ်တည်မှု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဤတစ်ညတွင် လူတိုင်းသည် ဂဏန်းသင်္ချာပညာရပ် စာအုပ် ပြုစု ပြီးစီးခြင်းကို အောင်ပွဲခံကြရာ ဝမ်းမြောက်မှုများ ရှိခဲ့သည်။

လင်းရှောင်ယွဲ့အား နှုတ်ဆက်ခွဲခွာရခြင်းအပြင် နောက်ပိုင်း လူတိုင်း အသီးသီး ခွဲခွာကြရမည်ဖြစ်ရာ ဝမ်းနည်းမှုများ ရှိခဲ့သည်။

ထို့အပြင် လူတိုင်း အချင်းချင်း အနာဂတ်အတွက် ဆုတောင်းပေးမှုများ၊ မျှော်လင့်ချက်များလည်း ရှိနေခဲ့သည်။

အရက်ပွဲမှာ ညသန်းခေါင်တိုင်အောင် ဆက်လက် ကျင်းပခဲ့ပြီး အနည်းငယ်က အရက်မူးကာ အခန်းသို့ ဆွဲခေါ်သွားခံရ၍အဆုံးသတ်ခဲ့သည်။

......

နောက်တစ်နေ့။

လင်းရှောင်ယွဲ့သည် ခရိုင်သခင်မ၏ ရထားလုံးဖြင့် နန်းတော်မှ ထွက်ခွာကာ ချင်းရှီမြို့သို့ ပြန်လေသည်။ လျိုဝူကျီသည် ရထားတန်း၏နောက်သို့ လိုက်ပါလျက် လျှို့ဝှက်စွာ ထွက်ခွာခဲ့၏။

မင်းသမီး ၆နှင့် မော့ဖေးတို့သည်လည်း မင်းဆရာကြီး၏အိမ်တော်မှ အသီးသီး ထွက်ခွာသွားကြသည်။ ကြီးမားကျယ်ဝန်းသော မင်းဆရာကြီး၏အိမ်တော်မှာ နောက်ဆုံးတွင် ယခင်ကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

လျန်ချန်းချိုင်သည် မင်းဆရာကြီး၏အိမ်တော်တွင် နေရာစောင့်လျက် ကျန်ရစ်ခဲ့ပြီး စိတ်ထဲ၌ ဆုံးရှုံးသွားသကဲ့သို့ ခံစားနေရ၏။

......

ခြောက်ရက်ကြာသော် လင်းရှောင်ယွဲ့၏ ရထားလုံးမှာ နောက်ဆုံးတွင် သာ့ရှီရွာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

သူမ သာ့ယန်ကို ကိုယ်စားပြု၍ ချူကျင်း သံတမန်များအား အနိုင်ယူခဲ့ပြီး ဂဏန်းသင်္ချာပညာရပ် စာအုပ်ပြုစုကာ ခရိုင်သခင်မ ဘွဲ့ထူး ချီးမြှင့်ခံရသည့် သတင်းမှာလည်း အစောကြီးကတည်းက သာ့ရှီရွာသို့ ကြိုတင်ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

ရထားလုံးသည် ရွာတံခါးဝသို့ ရောက်ရှိချိန်တွင် လင်းရှောင်ယွဲ့သည် နန်အန်းခရိုင်၏ခရိုင်ဝန်မှာ အရာရှိကြီးငယ်များနှင့် သာ့ရှီရွာမှ ပြည်သူများကိုခေါ်ဆောင်လျက် နေရာတွင် စောင့်ဆိုင်းနေသည်ကို တွေ့ရှိလိုက်ရ၏။

ကျောက်ရှန်းရှန်း ပြန်လာ၍ အခြေအနေကို ပြောပြပြီးနောက်မှ လင်းရှောင်ယွဲ့သည် ရထားလုံးပေါ်မှ ဆင်းသက်လာခဲ့သည်။

နန်အန်းခရိုင်၏ ခရိုင်ဝန်သည် သူမကိုမြင်သည်နှင့် အလျင်အမြန် ရှေ့သို့ တိုး၍ ဂါရဝပြုလိုက်၏။

"ဒီအရာရှိက နန်အန်းခရိုင်က အရာရှိကြီးငယ်တွေ၊ ပြီးတော့ သာ့ရှီရွာက ပြည်သူတွေကို ဦးဆောင်ပြီး ခရိုင်သခင်မကို ဂါရဝပြုပါတယ်"

ပြီးနောက် ချီးမွမ်းခန်းဖွင့်ခြင်းနှင့် ကျေးဇူးတင်စကားများ ဆက်တိုက်ထွက်ပေါ်လာလေသည်။ လင်းရှောင်ယွဲ့အား သာ့ယန်အတွက် အကျိုးဆောင်ခဲ့ပြီး နန်အန်းခရိုင်အတွက် ဂုဏ်ဆောင်ပေးခဲ့ကြောင်း ချီးကျူးဂုဏ်ပြုလေသည်။

လင်းရှောင်ယွဲ့သည် ရှေ့သို့ တိုးကာ ခရိုင်ဝန်အား ကိုယ်တိုင် ထူမပေးလိုက်၏။

"ခရိုင်ဝန်မင်း၊ စကားကြီး စကားကျယ် ပြောနေပါပြီ။ ဒီတစ်ကြိမ်က ကျွန်မ တစ်ယောက်တည်းရဲ့ အကျိုးဆောင်တာမဟုတ်ပါဘူး။ ဒီနေ့ အိမ်ပြန်လာတာ၊ လူအင်အား အများကြီး သုံးပြီး၊ လူကြီးမင်းတို့ကို အလုပ်ရှုပ်စေမိတာ ကျွန်မရဲ့ အမှားပါ"

စကားပြောပြီးသော် လင်းရှောင်ယွဲ့သည် လူတိုင်းအား ကိုယ်ကိုညွှတ်၍ ဂါရဝပြုလိုက်သေး၏။

သူမ တွေ့မြင်လိုက်သည်မှာ လူများထဲတွင် ခရိုင်ဝန် ခေါ်ဆောင်လာသော လူများမှလွဲ၍ သာ့ရှီရွာမှ လူများမှာ အားလုံးနီးပါး ရောက်ရှိနေကြ၏။ ရွာသူကြီးသာမက သူမ၏ အမေ (လျိုရှီ) နှင့် ကိုယ်ဝန် လွယ်ထားရပြီဖြစ်သော အစ်မကြီး (ကျိုးရှီ) လည်း ရှိနေ၏။ ထို့အပြင် တုနှိုင်းမရအောင် ချောမောလှပသော အမျိုးသမီးတစ်ဦး ရှိနေသေးပြီး မျက်ခုံး မျက်လုံးများမှာ ချင်အာနှင့် အနည်းငယ် ဆင်တူလေသည်။ လင်းရှောင်ယွဲ့ ခန့်မှန်းမိသည်မှာ ထိုသူမှာ သူမ တစ်ခါမျှ မျက်နှာချင်း မဆိုင်ခဲ့ဖူးသော ယောက်မ (လီဝမ်) ဖြစ်လောက်ပေသည်။

ခရိုင်ဝန်မင်းမှာ တကယ်ပင် လူပေါင်းသင်း ဆက်ဆံရေး တော်လှသည်။ လူများကို ဤမျှ စုံညီအောင် ခေါ်ဆောင်လာခဲ့ပေသည်။ သို့သော် သူ လူများအားလုံးကို ခေါ်ဆောင်လာခဲ့ရာ သူမ၏ အလုပ်ရုံထဲတွင် ဘယ်လိုလုပ် ဆက်ပြီးအလုပ်လုပ်နိုင်ပါ့မလဲ။

ခရိုင်ဝန်မင်းမှာမူ လင်းရှောင်ယွဲ့၏ စိတ်ရင်းကို မသိရှိဘဲ လင်းရှောင်ယွဲ့က တမင်တကာ နှိမ့်ချနေသည်ဟု ထင်မှတ်နေပြီး မြှောက်ပင့် ပြောဆိုလိုက်ပြန်သည်။ ပြီးနောက် သာ့ရှီရွာအား ဂုဏ်ပြုသည့်အနေဖြင့် လင်းရှောင်ယွဲ့ကဲ့သို့ အရည်အချင်းရှိသူကို ပျိုးထောင်ပေးနိုင်ခဲ့သောကြောင့် သာ့ရှီရွာအတွက် ဂုဏ်ပြုစာတန်းပေးမည် ဖြစ်ကြောင်း ထပ်ပြောလိုက်၏။

စာတန်းမှာ ကြိုတင် ရေးသားထားပြီး ဖြစ်ပြီး ခရိုင်ဝန်မင်း ကိုယ်တိုင် "ထူးချွန်ထက်မြက်သော လူများရှိရာမြေ" ဟူသော စာလုံးကို ရေးသားပေးထားခြင်း ဖြစ်သည်။

လင်းရှောင်ယွဲ့မှာ ဘယ်လိုမှ မခံစားရသော်လည်း ရွာသူကြီးနှင့် ရွာသူရွာသားများမှာမူ တစ်ယောက်ချင်းစီတိုင်း စိတ်လှုပ်ရှားနေကြ၏။ အထူးသဖြင့် ရွာသူကြီးမှာ စာတန်းကို မြင်တွေ့ပြီးနောက် ပွတ်သပ်လိုက်၊ ထပ်မံ ပွတ်သပ်လိုက်ဖြင့် လက်လွှတ်နိုင်ခြင်း မရှိ ဖြစ်နေသည်။

နောက်ပိုင်းမှ လင်းရှောင်ယွဲ့ သိရှိခဲ့ရသည်မှာ ဤစာတန်းကြောင့်ပင် သာ့ရှီရွာမှာ ပတ်ဝန်းကျင် အရပ်ဆယ်မျက်နှာတွင် နောက်တစ်ကြိမ် နာမည်ကျော်ကြားသွားခဲ့သည်။ သာ့ရှီရွာမှ အပျိုလူပျိုများမှာ နောက်တစ်ကြိမ် အခြားရွာမှ လူများကြားတွင် မက်မောဖွယ်ရာ ဖြစ်လာခဲ့သည်။ မြို့ပေါ်မှ လူများပင်လျှင် သာ့ရှီရွာ၏ကိစ္စရပ်များကို ကြားသိပြီးနောက် သာ့ရှီရွာမှ ရွာသူရွာသားများနှင့် ဆွေမျိုး တော်စပ်လိုသောအတွေးများ ပေါ်ပေါက်လာခဲ့ကြသည်။

ဒါတွေအားလုံးက နောက်ပိုင်းမှ ကိစ္စများပင်။

လင်းရှောင်ယွဲ့နှင့် ရွာသူကြီးတို့သည် ခရိုင်ဝန်အား ကျေးဇူးတင်စကား အတန်ငယ် ဆိုပြီးနောက် နေရာကို ခရိုင်ဝန်နှင့် ရွာသူကြီးထံသို့ ချန်ထားခဲ့ကာ အကြောင်းပြချက်ရှာ၍ ထွက်လာခဲ့သည်။

ခရိုင်ဝန်သည် လင်းရှောင်ယွဲ့က သူ့အား လျိုအိမ်တော်သို့ မဖိတ်ခေါ်သည်ကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားသော်လည်း ဒေါသထွက်ခြင်း မရှိပေ။ ရွာသူကြီးနှင့် ဂုဏ်ပြုစာတန်းချိတ်ဆွဲမည့် ကိစ္စကို ဆွေးနွေးတိုင်ပင်လေသည်။

နေရာတွင် ရွာသူရွာသားများထဲမှ သန်မာသော လူငယ်များမှာ ကူညီရန် ကျန်ရစ်ခဲ့ပြီး ကျန်လူများမှာလည်း အလျင်အမြန် လူစုခွဲသွားကြသည်။

........

လျိုအိမ်တော်။

လင်းရှောင်ယွဲ့နှင့် လျိုရှီတို့ တံခါးဝမှ ဝင်ရောက်လိုက်သည်နှင့် ကျောက်ဖူသည် အစေခံများကို ခေါ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။

"ခရိုင်သခင်မကို ဂါရဝပြုပါတယ်"

အစေခံများ၏မျက်နှာများတွင် အပြုံးများ ဝေဆာနေကြပြီး သူတို့၏ သခင်မအတွက် ဝမ်းမြောက်နေကြသည်။ တကယ်ကို မထင်ထားခဲ့ပေ။ သူတို့၏ တူသခင်လေးနှင့် သခင်ငယ်လေးတို့ အရာရှိ မဖြစ်သေးခင်မှာပင် သူတို့၏သခင်မလေးက ခရိုင်သခင်မ ဖြစ်လာခဲ့ပေသည်။

ခရိုင်သခင်မ၊ ပုံမှန် အခြေအနေအောက်တွင် ထိုဘွဲ့ထူးမှာ ခရိုင်မင်းသား၏ သမီးမှသာ ရရှိနိုင်သော ဘွဲ့ထူး ဖြစ်သည်။ ခရိုင်ဝန်မင်းပင်လျှင် အခြေအနေကို သိရှိပြီးနောက် လာရောက်ဂါရဝပြုခဲ့ရသည်။ သူတို့ လျိုအိမ်တော် တကယ်ကို ထွန်းတောက်လာခဲ့ပေပြီ။

လင်းရှောင်ယွဲ့၏အကြည့်သည် အစေခံများ၏မျက်နှာပေါ်တွင် တစ်ယောက်ချင်းစီ ဝေ့ကြည့်လိုက်ရာ မျက်နှာစိမ်း အနည်းငယ် တိုးလာသည်ကို တွေ့ရှိရပြီး ဤသည်မှာ အိမ်တော်တွင် အသစ် ဝယ်ယူထားသော အစေခံများဖြစ်ကြောင်း သိရှိသဖြင့် များများစားစား မမေးမြန်းခဲ့ပေ။

"အားလုံး ထကြတော့။ ဒီနေ့ လျိုအိမ်တော်မှာ မင်္ဂလာကြီး ရှိတယ်၊ အားလုံးကို ဆုချီးမြှင့်မယ်။ ခဏနေရင်၊ တစ်ယောက်ချင်းစီ ငွေစာရင်းခန်းကို သွားပြီး လစာ နှစ်လစာ သွားထုတ်ကြ"

"ခရိုင်သခင်မကို ကျေးဇူးတင်ပါတယ်"

အစေခံများအားလုံး စိတ်လှုပ်ရှားသွားကြပြီး လင်းရှောင်ယွဲ့အား နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။ ပြီးနောက်မှ ကျောက်ဖူ၏ အချက်ပြမှုအောက်တွင် အသီးသီး ဆုတ်ခွာ ထွက်သွားကြသည်။

အစေခံများအားလုံး ထွက်သွားသောအခါမှ လျိုရှီသည် လှည့်ကြည့်လိုက်ပြီး သူမလက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လင်းရှောင်ယွဲ့အား ကြည့်လိုက်၏။ မျက်စိရှေ့မှ သမီးဖြစ်သူအား ကြည့်ရင်း လျိုရှီသည် အမှန်တကယ်ပြောလိုသော စကားများစွာကို မြိုသိပ်ထားခဲ့သော်လည်း ပါးစပ် ဖွင့်ဟလိုက်ချိန်တွင်မူ ပြောမထွက်နိုင်ခဲ့ပေ။

လင်းရှောင်ယွဲ့၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

"ဘယ်လိုဖြစ်တာလဲ အမေ"

ချက်ချင်းပင် သူမသည် ရှေ့သို့ တိုးကာ လျိုရှီအား ပွေ့ဖက်လိုက်၏။ လျိုရှီ၏ မျက်ဝန်းအိမ်များ နီရဲလာပြီး မျက်ရည်စက်များ တစ်လိမ့်ချင်း ကျဆင်းလာလေသည်။

"ဘာမှ မဖြစ်တော့ဘူး၊ အိုး၊ ဘာမှ မဖြစ်တော့ပါဘူး အမေ။ သမီး ပြန်လာပြီလေ"

လင်းရှောင်ယွဲ့သည် ပုံမှန် မဟုတ်သည်ကို ခံစားမိသဖြင့် အလျင်အမြန် အသံပြု၍ နှစ်သိမ့်လိုက်သည်။

ဤသို့ နှစ်သိမ့်လိုက်မှ လျိုရှီမှာ မျက်ရည်များကို ပို၍ မထိန်းနိုင်တော့ပေ။ ဤသို့သော အပြုအမူကြောင့် ဘေးမှ ကျိုးရှီနှင့် လီဝမ်တို့ပါလိုက်၍ မျက်ရည်များ ဝဲလာခဲ့သည်။

"တော်ပါပြီ။ အမေကလည်း အစေခံတွေ မြင်သွားလို့ ရယ်မှာကို မကြောက်ဘူးလား"

လင်းရှောင်ယွဲ့က နူးညံ့သော အသံဖြင့် ဆက်လက် ပြောလိုက်သည်။

"ဒီနေရာမှာ ဆက်မရပ်နေကြနဲ့တော့။ ပြောစရာ စကား ရှိရင်၊ နောက်ခြံဝင်းထဲ သွားပြောကြမယ်"

"အင်း"

လျိုရှီသည် နောက်ဆုံးတွင် အသံတစ်ချက် ပြုလိုက်ပြီး အသံထဲတွင် ငိုရှိုက်သံ အနည်းငယ် ပါဝင်နေသေး၏။

ချက်ချင်းပင် လင်းရှောင်ယွဲ့သည် ကျိုးရှီနှင့်အတူ လျိုရှီအား တွဲခေါ်လျက် နောက်ခြံဝင်းဆီသို့ လျှောက်လှမ်းသွား၏။ နောက်ခြံဝင်းသို့ ရောက်သောအခါ ကျိုးရှီနှင့် လီဝမ်တို့သည် ဆက်လက် လိုက်ပါခြင်း မပြုတော့ဘဲ လျိုရှီအား အခန်းသို့ ပြန်ပို့ပြီးနောက် ထွက်ခွာလာခဲ့ကြသည်။ လင်းရှောင်ယွဲ့နှင့် လျိုရှီတို့ကို နှစ်ယောက်တည်း အချိန်ပေးလိုက်ကြသည်။

အိမ်ထဲတွင် လျိုရှီသည် ကုတင်ခေါင်းရင်းတွင် ထိုင်လျက် လက်ကိုင်ပဝါကိုယူကာ မျက်ရည်များကို မရပ်မနား သုတ်နေ၏။

"နင် ပြန်လာတတ်သေးတယ်ပေါ့"

ပါးစပ်မှ သမီးဖြစ်သူအား အပြစ်တင်နေ၏။

လင်းရှောင်ယွဲ့မှာမူ ရယ်မောမိသွားသည်။

"လျိုအိမ်တော်က သမီးရဲ့ အိမ်လေ။ သမီးက ဘယ်လိုလုပ် ပြန်မလာတတ်ဘဲ ရှိမှာလဲ။ ဒီမှာလေ၊ ကိစ္စတွေ အလုပ်များတာ ပြီးတာနဲ့ သမီး အိမ်ကို အမြန်ဆုံး ပြန်လာခဲ့တာ မဟုတ်လား။ အမေကလည်း ဒီစကားကို ပြောရတယ်လို့" ဟု နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

လျိုရှီသည် ချက်ချင်း ရယ်မောမိသွား၏။ သို့သော် ခဏလေးအတွင်းမှာပင် မျက်နှာကို ပြန်လည် တည်လိုက်ပြန်သည်။

"နင် ပြန်လာတယ်၊ လီရှောင်ကတော့ ပြန်မလာဘူး။ နင်တို့နှစ်ယောက်၊ အမြဲတမ်း ငါ့ကို ကိစ္စတွေလိမ်ညာဖုံးကွယ်ထားတယ်။ နင်တို့ ဘာတွေလုပ်နေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။"

လျိုရှီသည် မျက်ရည်များကို ထပ်မံ၍ သုတ်လိုက်ပြန်၏။

လင်းရှောင်ယွဲ့၏ မျက်လုံးထဲတွင် နောက်ပြောင်ဟန် ပေါ်လာ၏။

"အမေက သိတယ်လား" ဟု ပြုံးလျက် မေးလိုက်သည်။

လျိုရှီသည် သမီးဖြစ်သူက မိမိကိုယ်မိမိ နောက်ပြောင်နေဆဲ ဖြစ်သည်ကို မြင်သောအခါ နောက်ဆုံးတွင် ဒေါသ ထွက်လာသည်။

"နင်တို့က ငါ့ကို လိမ်ညာ ဖုံးကွယ်ထားတာ၊ ငါက ဘယ်လိုလုပ် သိမှာလဲ"

ဟု ဒေါသတကြီး ပြောလိုက်သည်။ သို့သော် လင်းရှောင်ယွဲ့၏ ပြုံးနေသော မျက်နှာကို မြင်သောအခါ စကားထဲမှ ဒေါသမှာ ကြီးမားစွာ လျော့ကျသွားပြန်သည်။

"အကုန်လုံး မသိပေမယ့်၊ နည်းနည်းတော့ ခန့်မှန်းမိတယ်"

"လီရှောင်၊ နောက်ပြီး လီဝမ်၊ သူတို့နှစ်ယောက်က သာမန်လူတွေ မဟုတ်ဘူး။ နင့်ရဲ့ အဲ့ဒီ ခြံစိုက်ခင်းတွေ၊ ပြီးတော့ ခြံထဲက အဲ့ဒီလူတွေ၊ အားလုံး သာမန် မဟုတ်ကြဘူး။ နောက်ပြီး၊ နင်နဲ့ လီရှောင် မြို့တော်ကိုသွားတာ ထင်သလောက် မရိုးရှင်းဘူး။ ပြောစမ်း၊ နင် ဒီတစ်ခေါက် တကယ်ပဲ ဘာသွားလုပ်တာလဲ။ နောက်ပြီး၊ လီရှောင် အခု ဘယ်မှာလဲ။ ဘာသွားလုပ်နေတာလဲ"

လျိုရှီသည် တစ်ဆက်တည်း မေးမြန်းလိုက်၏။

တစ်ဆက်တည်းသော မေးခွန်းများစွာ ထွက်ပေါ်လာရာ လင်းရှောင်ယွဲ့၏စိတ်ထဲတွင် တုန်လှုပ်သွား၏။ သို့သော် ဤသို့ ဖြစ်နေသော်လည်း သူမ၏မျက်နှာထက်တွင် အပြုံးကို ဆင်မြန်းထားဆဲ ဖြစ်ပြီး လျိုရှီက အများကြီး တွေးတောနေဟန်ပုံစံ ပြုလုပ်လိုက်သည်။

လျိုရှီသည် ဤအခြေအနေကို မြင်သောအခါ ပို၍ပင် ဒေါသထွက်လာသည်။

"မျက်နှာပြောင် မနေနဲ့။ ငါ့ကို အမှန်အတိုင်း ပြော" ဟု ပြောလိုက်သည်။ သမီးဖြစ်သူနှင့် သားမက်တို့ တစ်နေ့လုံး လျှို့ဝှက်ဆန်းကြယ်နေကြရာ သူမ အခြေအနေကို နားမလည်ဘဲ တိတ်တဆိတ် စိုးရိမ်နေရ၏။ သူမသည် အမှန်တရားကို သိရှိလိုပြီး စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိထားလိုသည်။ စိုးရိမ်လျှင်လည်း ရှင်းရှင်းလင်းလင်း စိုးရိမ်လိုသည်။

မိမိအမေ အမှန်တကယ် ဒေါသ ထွက်သွားသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့သည် မျက်နှာပြောင် မနေဝံ့တော့ပေ။

"အမေ..." ဟု လျိုရှီအား ချွဲနွဲ့သော လေသံဖြင့် ခေါ်လိုက်ပြီး လျိုရှီ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဟွန့်"

လျိုရှီမှာမူ ဟွန့်ခနဲ အသံတစ်ချက် ပြုလိုက်ပြီး ကိုယ်ကို လှည့်ဖယ်လိုက်၏။

လင်းရှောင်ယွဲ့သည် အခြေအနေ မကောင်းတော့သည်ကို ခံစားလိုက်ရပြီး၊ သွားပြီ၊ ဒါ တကယ်ဒေါသထွက်နေတာပဲ။ လျိုရှီအား တစ်ချက် ကြည့်လိုက်ပြီး လင်းရှောင်ယွဲ့သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်၏။

"အမေ အဲ့ဒီ ပျောက်သွားတဲ့ ကျောက်စိမ်းဆွဲပြားကို ရထားပြီလား။"

လျိုရှီ၏ကိုယ်မှာ ချက်ချင်း တောင့်တင်းသွား၏။ ပြီးနောက် ကျောက်စိမ်းဆွဲပြား၏ကိစ္စမှာ လီရှောင်က သမီးဖြစ်သူအား သေချာပေါက် ပြောပြခဲ့သည်ဟု တွေးတောမိလိုက်သည်။

"ရ... ရခဲ့တယ်" ဟု ပြန်ဖြေလိုက်သည်။ စကားပြောလိုက်ချိန်တွင် အနည်းငယ် စိတ်မလုံသလို ဖြစ်နေ၏။ မည်သို့ပင်ဖြစ်စေ ထိုကျောက်စိမ်းဆွဲပြား၏နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ပုန်းကွယ်နေခဲ့သည်။

လင်းရှောင်ယွဲ့သည် စိတ်မလုံသော အမေအား တစ်ချက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် အနည်းငယ် ပျော်ရွှင်သွား၏။ သူမအမေ၏စိတ်ရင်းမှာ မျက်နှာပေါ်တွင် အကုန်ရေးသားထားပြီး ဖုံးကွယ်၍ပင် မရပေ။

"အဲ့ဒီ ကျောက်စိမ်းဆွဲပြားက တကယ်တော့ သမီးရှာတွေ့ခဲ့တာ"

ဤစကား ထွက်ပေါ်လာသည်နှင့် လျိုရှီသည် လင်းရှောင်ယွဲ့အား ချက်ချင်း လှမ်းကြည့်လိုက်၏။ ထို့နောက် သူမသမီး ဆက်ပြောသည်များကို ကြားလိုက်ရသည်။

"မြို့တော်ကို ဝင်သွားပြီးနောက်၊ သမီးကို မင်းဆရာကြီးရဲ့အိမ်တော်မှာ နေထိုင်ဖို့ စီစဉ်ပေးခဲ့တယ်"

လျိုရှီ၏မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားပြီး ကြောက်လန့်တကြား ဖြစ်နေ၏။

လင်းရှောင်ယွဲ့မှာမူ သူမအား တစ်ချက် ကြည့်လိုက်ရုံသာ ကြည့်ပြီး ဆက်လက်၍ ပြောလိုက်သည်။ "အဲ့ဒီ ကျောက်စိမ်းဆွဲပြားက အဲ့ဒီတုန်းက မင်းဆရာကြီးရဲ့ လက်ထဲမှာ ရှိနေခဲ့တာ။ မင်းဆရာကြီးက၊ ကျောက်စိမ်းဆွဲပြားရဲ့ မူလပိုင်ရှင်က အမေဆိုတာသိတော့ ကျောက်စိမ်းဆွဲပြားကို ပြန်ပေးလိုက်တာပါ"

***

All Chapters