အဖေနှင့်သမီး တွေ့ဆုံခြင်း
Vol. 20 Ch. 414
လျိုရှီ၏ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဗြောင်းဆန်သွား၏။
ဘာ? သူမရဲ့ကျောက်စိမ်းဆွဲပြားက မင်းဆရာကြီးရဲ့လက်ထဲကို ပြန်ရောက်သွားတယ်ဟုတ်လား။ ပြီးတော့ သူမသမီးက တွေ့သွားလို့ ပြန်တောင်းခဲ့တာတဲ့။ ဒီလိုသာဆို မင်းဆရာကြီးကလည်း သူမအကြောင်းကို သိသွားလောက်ပြီပေါ့ ...
ကြောက်လန့်တကြားဖြစ်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသော လျိုရှီအား ကြည့်ရင်း လင်းရှောင်ယွဲ့သည် လက်ဆန့်တန်းကာ သူမအမေ၏ ကျောပြင်ကို ပုတ်ပေးလိုက်၏။
"အမေ၊ အမေက သမီးနဲ့ လီရှောင်က အမေ့ကို ကိစ္စတချို့လိမ်ညာဖုံးကွယ်ထားတယ်လို့ ပြောတယ်။ အမေကရော သမီးတို့ကို ဖုံးကွယ်ထားတာ မရှိဘူးလား"
လျိုရှီ၏ကိုယ်မှာ တောင့်တင်းသွားပြန်သည်။
"ငါ... ငါက နင်တို့ကို ဘာ လိမ်ညာ ဖုံးကွယ်ထားလို့လဲ" သေတောင် ဝန်မခံပေ။
လင်းရှောင်ယွဲ့သည် ပြုံးလိုက်၏။ "ဟုတ်လို့လား။ ဒါပေမဲ့ မင်းဆရာကြီးက ကိစ္စတွေကို အကုန်လုံး သမီးကို ပြောပြလိုက်ပြီလေ။ အမေက သူ့ရဲ့..."
လျိုရှီသည် ချက်ချင်း လင်းရှောင်ယွဲ့အား လှမ်းကြည့်လိုက်ပြီး သူမ၏ပါးစပ်ကို လှမ်းပိတ်မည် အပြုတွင် "လျှောက်မပြောနဲ့၊ တိုးတိုးနေ" ဟု ဆိုလေသည်။ ပါးစပ်မှ ကွဲလွဲနေသော စကားကို ဆိုလျက် မျက်လုံးများကလည်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေပြီး တစ်စုံတစ်ယောက် မြင်တွေ့သွားမည်ကို စိုးရိမ်နေဟန်တူ၏။
ပါးစပ်မှာ လျိုရှီ၏ အပိတ်မခံလိုက်ရသော်လည်း လင်းရှောင်ယွဲ့သည် ဆက်လက်၍ မပြောတော့ပေ။ ထိုအစား လျိုရှီအား ပြုံးလျက်လှမ်းကြည့်နေလိုက်၏။
လျိုရှီသည် ဤအချိန်မှ သူမပေါ်သွားခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွားလေသည်။
အချိန်အတော်ကြာ စကားမပြောဘဲနေပြီးမှ လင်းရှောင်ယွဲ့သည် လက်ဆန့်တန်းကာ လျိုရှီ၏ နွေးထွေးသော လက်ကို ဆွဲကိုင်လိုက်၏။ "ခွဲခွာနေတာ ဒီလောက် နှစ်တွေ ကြာနေပြီ။ အမေက အဘိုးကို မတွေ့ချင်ဘူးလား" ဟု ချက်ချင်း မေးလိုက်သည်။
လျိုရှီ၏ကိုယ်မှာ တုန်ယင်သွားပြီး ချက်ချင်းပင် လင်းရှောင်ယွဲ့အား ခေါင်းမော့ ကြည့်လိုက်သည်။ မျက်ဝန်းများမှာ ရှုပ်ထွေးနေပြီး နာကျင်ဟန်များပင် ပါဝင်နေ၏။ သူမသမီး တကယ်သိသွားပြီပေါ့။
လင်းရှောင်ယွဲ့သည် လျိုရှီ၏လက်ဖမိုးကို ပုတ်လိုက်ပြီး "အမေ ပျောက်ဆုံးသွားကတည်းက၊ အဘိုးက အမေ့ကို ဆယ်နှစ်ကျော်ကြာအောင် ရှာဖွေခဲ့တယ်။ အဲ့ဒီတုန်းက ချင်းရှီမြို့ကိုတောင် လာရှာခဲ့သေးတယ်။ ကံတရား အကြောင်းကြောင်းကြောင့် ဖန်ထန် အဲ့ဒီကောင်လေးကို ပညာရပ်တချို့ အချိန်အတိုင်းအတာတစ်ခုအထိ သင်ကြားပေးခဲ့သေးတယ်"
လျိုရှီသည် ထိတ်လန့်သွား၏။ "ဘ... ဘယ်တုန်းကလဲ" ဟု လင်းရှောင်ယွဲ့အား မေးလိုက်သည်။ မင်းဆရာကြီး ချင်းရှီမြို့သို့ လာရောက်ခဲ့ဖူးတာလား။ ပြီးတော့ ကျိုးမိသားစုခြံကိုတောင် ရောက်ခဲ့သေးတာလား။ ကျိုးမိသားစုခြံက သာ့ရှီရွာနဲ့ မဝေးလှပေ။
"လွန်ခဲ့တဲ့ရှစ်နှစ်" လင်းရှောင်ယွဲ့က ပြောလိုက်ကာ မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။ အမှန်ပင်၊ အမေသည် အဘိုးကို သတိရနေသေး၏။ ထိုစဉ်က ကိစ္စကြောင့်သာ အဘိုးထံသို့ သွားမရှာရဲခဲ့ခြင်းဖြစ်သည်။
"လွန်ခဲ့တဲ့ ရှစ်နှစ်ကလား" လျိုရှီသည် တီးတိုး ရေရွတ်လိုက်ပြီး လင်းရှောင်ယွဲ့၏လက်ကို ဆုပ်ကိုင်ထားရာမှ မသိမသာ အား ပိုထည့်လိုက်မိ၏။
လင်းရှောင်ယွဲ့သည် သူမအမေ၏ တင်းမာနေမှုကို ခံစားမိသဖြင့် လက်ဆန့်တန်းကာ လျိုရှီ၏ ကျောပြင်ကို ပုတ်ပေးလိုက်၏။ "အမေ..." ပြီးနောက် တိုးညှင်းစွာ ခေါ်လိုက်သည်။ "ဒီတစ်ခေါက် အဘိုးလည်း သမီးနဲ့အတူတူ ပြန်လိုက်လာခဲ့တယ်"
လျိုရှီ၏မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားပြီး လင်းရှောင်ယွဲ့အား ခေါင်းမော့ ကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် ကြောက်လန့်တကြားဟန်နှင့် မေးမြန်းလိုဟန်များ ပါဝင်နေ၏။
လင်းရှောင်ယွဲ့သည် ခေါင်းညိတ်လိုက်၏။ "အဘိုး အခု ချင်းရှီမြို့မှာ ရှိနေတယ်။ အမေ သူ့ကို တွေ့ဖို့ လက်မခံမှာ စိုးလို့ ရွာထဲအထိ လိုက်မလာခဲ့ဘူး"
လျိုရှီ၏မျက်ဆံများ ကျုံ့သွားပြီး တစ်ကိုယ်လုံးမှာ တုန်ယင်လာလုနီးပါး ဖြစ်နေ၏။ ခဏအကြာတွင် အကြည့်ကို အလျင်အမြန် လွှဲလိုက်ပြီး သမီးဖြစ်သူနှင့် မျက်နှာချင်း မဆိုင်တော့ပေ။
လင်းရှောင်ယွဲ့သည် သူမအမေ၏ ရှောင်တိမ်းလိုသော စိတ်ကို မြင်တွေ့ရသဖြင့် လျိုရှီ၏လက်ကို ထပ်မံ ဆုပ်ကိုင်လိုက်၏။
"ဒီတစ်ခေါက် အဘိုး လာတာ အမေ့ကို မတွေ့ရဘဲနဲ့တော့ ပြန်သွားမှာ မဟုတ်ဘူး"
လျိုရှီ၏တုံ့ပြန်မှုကို ခိုးကြည့်ရင်း သူမက ပြောလိုက်၏။။ သို့သော် လျိုရှီမှာမူ ခေါင်းငုံ့ထားဆဲ ဖြစ်သည်။
လင်းရှောင်ယွဲ့သည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ပြီး ထပ်မံ၍ ပြောလိုက်၏။။ "ဒီတစ်ခေါက် မြို့တော်ကို ဝင်သွားတာ အန္တရာယ်တွေ လေးမျက်နှာ ဝိုင်းနေခဲ့တာ။ အဘိုးက သမီးကို ကာကွယ်ပေးခဲ့လို့သာပဲ"
ထိုအခါမှ လျိုရှီသည် ခေါင်းမော့ကာ လင်းရှောင်ယွဲ့အား စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။
"အဘိုးက ပြောတယ်၊ သမီးနဲ့ အဘွားက ရုပ်ရည် ရှစ်ပုံလောက်တူတယ်တဲ့။ တကယ်လားဟင်" လင်းရှောင်ယွဲ့က လျိုရှီအား မေးလိုက်သည်။
လျိုရှီ၏မျက်ဝန်းထဲတွင် လှုပ်ရှားမှုတစ်ချက် ဖြတ်ပြေးသွားပြီး လင်းရှောင်ယွဲ့၏နားနားမှ ဆံစအချို့ကို လက်လှမ်း၍ သပ်ပေးလိုက်၏။ တူတယ်တဲ့လား။ တူလောက်ပါတယ်လေ။ အမေရင်းမှာ စောစောစီးစီး ဆုံးပါးသွားခဲ့ရာ သူမ၏ မှတ်ဉာဏ်များမှာ ဝေဝါးနေခဲ့ပြီ ဖြစ်သည်။
"သမီးရဲ့ ရုပ်ရည်ကြောင့်ပဲ၊ လူတချို့က သမီးကို မြင်တာနဲ့ သမီးနဲ့အဘိုးရဲ့ဆက်နွှယ်မှုကို ခန့်မှန်းမိသွားကြတယ်" လင်းရှောင်ယွဲ့က ထပ်မံ၍ ပြောလိုက်၏။။
လျိုရှီ၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး မျက်ဝန်းထဲတွင် ကြောက်ရွံ့ဟန်များ ထပ်ပေါ်လာ၏။
"ဒါပေမဲ့၊ ပြဿနာတွေအားလုံး ဖြေရှင်းပြီးသွားပါပြီ" "အဘိုးက ပြောတယ်၊ သူက အရှင်မင်းကြီးကို အဲ့ဒီတုန်းက ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပြီတဲ့။ အရှင်မင်းကြီးက အရေးခဲ့ဘူး။ အရှင်မင်းကြီးက အရေးမယူမှတော့၊ တခြားလူတွေကလည်း ဒီအချက်ကို အသုံးချပြီး အဘိုးကို တိုက်ခိုက်ဖို့ နည်းလမ်း မရှိတော့ဘူးပေါ့။ ဒီတစ်ခေါက် အဘိုးက သမီးနဲ့အတူတူ ပြန်လိုက်လာတာကို အရှင်မင်းကြီးကလည်း ခွင့်ပြုခဲ့တယ်" လင်းရှောင်ယွဲ့က ထပ်မံ၍ ပြောလိုက်၏။။
လျိုရှီမှာ ကြက်သေသေသွားခဲ့ပြီ ဖြစ်၏။ "မင်းဆရာကြီးက၊ သူ..." သူက ဧကရာဇ်ကိုတောင် လျှို့ဝှက်ချက်ကို ပြောပြလိုက်တာလား။
လင်းရှောင်ယွဲ့သည် ခေါင်းညိတ်လိုက်ပြီး လျိုရှီ၏လက်ကို ရင်ခွင်ထဲသို့ ဆွဲယူလိုက်၏။
"တကယ်ပါ" ဟု လျိုရှီ၏မျက်လုံးများကို ကြည့်ရင်း ပြောလိုက်သည်။
လျိုရှီ၏မျက်ဝန်းများမှာ နောက်တစ်ကြိမ် ကျုံ့သွားပြန်၏။
"အမေ၊ အဘိုးက အမေ့ကို ဆယ်နှစ်ကျော်ကြာအောင် စိတ်ပူပန်နေခဲ့ရတာ။ အမေ၊ သူ့ကို တစ်ခေါက်လောက် သွားတွေ့လိုက်ပါနော်" လင်းရှောင်ယွဲ့က ပြောလိုက်၏။။
လျိုရှီ၏ မျက်ဝန်းများမှာ ရုန်းကန်နေပြီး ခေါင်းကို နောက်တစ်ကြိမ် ငုံ့ချလိုက်ပြန်သည်။
လင်းရှောင်ယွဲ့သည် ဤအခြေအနေကို မြင်သောအခါ ဆက်လက်၍ "နန်းတွင်းရေးရာတွေက ရှုပ်ထွေးပြီး၊ အရှင်မင်းကြီးက အဘိုးအပေါ် အများကြီးအားကိုးနေရတယ်။ ဒါပေမဲ့ အဘိုးက အသက်အရွယ်ကြီးရင့်နေပြီ။ အခုဆိုရင် ဆံပင်ဖြူတွေတောင် ခေါင်းအပြည့် ဖြစ်နေပြီ။ ဒီတစ်ခေါက် အမေသာ မတွေ့ဘူးဆိုရင်၊ နောင်တစ်ချိန်ကျရင် စိုးရိမ်ရတာက..."
သူမ၏အဘိုးမှာ ဆံဖြူသော်လည်း နုပျိုပြီး တက်ကြွလှရာ ကြည့်လိုက်သည်နှင့် အသက်ရာကျော် ရှည်နိုင်မည် ဖြစ်သည်။ သို့သော် သူမ ယခု ပြောဆိုနေသည်များမှာလည်း မမှားပေ။ အဘိုးမှာ ယခုအခါ အမှန်တကယ်ပင် ဆံပင်ဖြူများ ခေါင်းအပြည့် ဖြစ်နေပေပြီ။ နောင်တစ်ချိန်... ဟက်ဟက်၊ နောင်တစ်ချိန်ကို သူမ ဆက်မပြောခဲ့ဘူးမဟုတ်လား။ ဤအချိန်တွင် သူမ၏အမေအား အနည်းငယ် မလှုံ့ဆော်လိုက်ပါက သူမအမေမှာ အခက်တွေ့၍ သေသွားနိုင်လောက်သည်။
အမှန်တကယ်ပင် ဤစကားကို ကြားသည်နှင့် လျိုရှီသည် ချက်ချင်း ခေါင်းမော့လာခဲ့၏။ သမီးဖြစ်သူက မိမိအား အတည်ပေါက် မျက်နှာထားဖြင့် ခေါင်းညိတ်ပြနေသည်ကို မြင်တွေ့လိုက်ရသည်။
နောက်ဆုံးတွင် လျိုရှီသည် သဘောတူလိုက်လေသည်။
လင်းရှောင်ယွဲ့၏မျက်နှာမှာ ဝင်းပသွား၏။ "ဒါဆို သမီး အခုပဲ လူလွှတ်ပြီး အဘိုးကို သွားကြိုခိုင်းလိုက်တော့မယ်" ဟု ချက်ချင်း ပြောလိုက်သည်။ ဤလူနှစ်ယောက်မှာ အမှန်ပင် အခက်တွေ့နေကြ၏။ တစ်ယောက်က ခွင့်ပြုချက်မရှိဘဲ မလာရဲ၊ တစ်ယောက်က စိတ်ထဲ၌ အခက်တွေ့နေပြီး သွားရောက် တွေ့ဆုံရဲခြင်း မရှိပေ။ သူမကဲ့သို့ ကြားလူတစ်ယောက်က အလယ်မှ ဝင်ရောက်ဖျန်ဖြေပေးမှသာဖြစ်တော့သည်။
လျိုရှီသည် လင်းရှောင်ယွဲ့အား လှမ်းကြည့်လိုက်၏။ သူမအား လျိုအိမ်တော်သို့ သွားတွေ့ခိုင်းမယ်လို့ပြောထားတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် အိမ်ကိုဖိတ်ခေါ်မယ်လို့ပြောင်းသွားတာလဲ။ သို့သော် သမီးဖြစ်သူ၏ အမူအရာကို မြင်သောအခါ သူမ မေးမထွက်နိုင်တော့ပေ။ သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်ပြီးမှတော့ အိမ်သို့ ဖိတ်ခေါ်ခြင်းမှာ တကယ်တမ်း ဘာမှမဖြစ်သွားပေ။
စိတ်ပိုင်းဖြတ်ပြီးနောက် လျိုရှီသည် ပို၍ လက်ခံနိုင်လာသည်ဟု ယူဆမိ၏။
လင်းရှောင်ယွဲ့သည် လျင်မြန်စွာ ထရပ်လိုက်ပြီး အခန်းတံခါးမှ ထွက်ခွာသွားလေသည်။ ပြီးနောက် ဖန်ထန်အား စီစဉ်ခိုင်းလိုက်၏။ ချက်ချင်းပင် နောက်ခြံဝင်းသို့ ပြန်လာခဲ့ရာ ကျိုးရှီ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ လျိုရှီအား နှစ်သိမ့်ပေးပြီးဖြစ်ကြောင်း သိရှိရမှ ကျိုးရှီ၏ မျက်နှာထားမှာ အနည်းငယ် ကောင်းမွန်လာခဲ့သည်။
"အမေ့ဘက်ကို၊ အစ်မပဲ သွားပြီး အဖော်လုပ်ပေးပါဦး။ ကျွန်မ ယောက်မနဲ့ စကားခဏ ပြောလိုက်ဦးမယ်" လင်းရှောင်ယွဲ့သည် လီဝမ်အား တစ်ချက် ကြည့်လိုက်ပြီး ကျိုးရှီအား ပြောလိုက်၏။။
"အင်း။ ကောင်းပြီ" ကျိုးရှီသည် ထိုနှစ်ယောက်အား တစ်ချက် ကြည့်လိုက်ပြီး လျိုရှီ၏အခန်းထဲသို့ ဝင်သွားလေသည်။
ကျိုးရှီ ထွက်ခွာသွားသောအခါမှ လင်းရှောင်ယွဲ့သည် ခေါင်းလှည့်ကာ လီဝမ်အား ပြုံးစိစိဖြင့် ကြည့်လိုက်သည်။
"အစ်မ" ဟု ချိုမြိန်စွာ ခေါ်လိုက်၏။
လီဝမ်သည် ဤအပြုံးကြောင့် ကြည်နူးသွားပြီး မျက်နှာထက်တွင်လည်း အပြုံးရိပ်များ ပေါ်လာသည်။
"ငါ့အခန်းထဲ သွားပြောကြစို့" ချက်ချင်းပင် တက်ကြွစွာ လက်ဆန့်တန်းကာ လင်းရှောင်ယွဲ့၏လက်ကို ဆွဲကိုင်လိုက်၏။
"ဟုတ်ကဲ့" လင်းရှောင်ယွဲ့သည် လီဝမ်၏နောက်သို့ လိုက်ပါသွားလေသည်။
ယခင်က မလုံမခြုံ ခံစားချက်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အစ်မက သူမကို အတော်လေး သဘောကျဟန်တူ၏...
နှစ်ယောက်သား အခန်းထဲသို့ ရောက်ရှိသောအခါ လီဝမ်သည် လင်းရှောင်ယွဲ့အား ကုတင်ဘေးသို့ ခေါ်ဆောင်သွားကာ ထိုင်စေလိုက်သည်။
"ချင်အာနဲ့ လီရှောင်၊ အရင်တုန်းက မင်းကို ပင်ပန်းစေခဲ့ပြီ" လင်းရှောင်ယွဲ့၏လက်ကို ဆုပ်ကိုင်ရင်း လီဝမ်က ရိုးသားသော မျက်နှာထားဖြင့် ပြောလိုက်၏။။ သူမ အမှန်တကယ် ကျေးဇူးတင်မိပါသည်။ ညီမငယ် မရှိခဲ့ပါလျှင် ယခုအခါ သူမ၏သားနှင့် မောင်လေးတို့ မည်သည့်နေရာသို့ မျောပါနေမည်ကို မသိနိုင်ပေ။ ထို့အပြင် သူမ နန်းတော်ထဲတွင် ပိတ်မိနေပြီး မျှော်လင့်ချက်မဲ့စွာ သေဆုံးခြင်းကို စောင့်ဆိုင်းနေရုံသာ ရှိပေလိမ့်မည်။
လင်းရှောင်ယွဲ့သည် လီဝမ်၏လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်၏။ "အစ်မ ဘာစကားတွေ ပြောနေတာလဲ။ မိသားစုချင်းတွေပဲ အချင်းချင်း ကြည့်ရှုစောင့်ရှောက်ရမှာပေါ့၊ ဘယ်လိုလုပ် ပင်ပန်းတယ်လို့ ပြောနိုင်မှာလဲ။ ပြီးတော့ ရှန့်ကုန်းနဲ့ ချင်အာ အိမ်ကို ရောက်လာကတည်းက ဒီအိမ်အတွက် အများကြီး လုပ်ဆောင်ပေးခဲ့တာပဲ။ တကယ်တော့ ကျွန်မနဲ့ ရှန့်ကုန်းက အစ်မကို အစောကြီးကတည်းက ပြန်ခေါ်လာခဲ့သင့်တာ။ ဒါပေမဲ့ တောက်လျှောက် ဆွဲထားမိပြီး အရင်တစ်ခေါက်ကျမှပဲ..." လင်းရှောင်ယွဲ့၏ မျက်နှာထက်တွင် အားနာဟန်များ စွန်းထင်းလာ၏။ "ကံကောင်းတာက၊ နောက်ဆုံးတော့ အစ်မကို ပြန်ခေါ်လာနိုင်ခဲ့ပြီ" ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ဟန်ဖြင့် ပြောလိုက်သည်။
လီဝမ်သည် ဝမ်းသာသည့်အမူအရာများပေါ်လာပြီး လင်းရှောင်ယွဲ့၏လက်ကို အနည်းငယ် ပို၍ အားစိုက် ဆုပ်ကိုင်လိုက်၏။ မျက်ဝန်းအိမ်များ နီရဲလာပြီး မျက်ရည်များ မကျမိအောင် ထိန်းထားရင်း အချိန်အကြာကြီး ကြာမှ "အင်း၊ နောင်တစ်ချိန် ငါတို့ တစ်မိသားစုလုံး အတူတူ ကြိုးစားကြမယ်"
လင်းရှောင်ယွဲ့၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာ၏။ "ဟုတ်၊ အတူတူ ကြိုးစားကြမယ်" ဟု လိုက်၍ ပြောလိုက်သည်။
ထို့နောက် လင်းရှောင်ယွဲ့သည် စကားလမ်းကြောင်း လွှဲလိုက်ပြီး လီဝမ်အား အိမ်သို့ ရောက်ရှိပြီးနောက် ကိစ္စရပ်များကို မေးမြန်းလေသည်။ လီဝမ် နေထိုင်ရသည်မှာ အဆင်ပြေပြီး ခံစားချက် ကောင်းမွန်ကြောင်း သိရှိရမှ လင်းရှောင်ယွဲ့ စိတ်အေးသွား၏။
စကားပြောပြီးသောအခါ လင်းရှောင်ယွဲ့နှင့် လီဝမ်တို့မှာ အတော်လေး ရင်းနှီးသွားကြလေပြီ။
နှစ်ယောက်သား အခန်းထဲတွင် ပြောဆို ရယ်မောနေစဉ်မှာပင် ကျောက်ရှန်းရှန်းသည် ရုတ်တရက် ပြေးဝင်လာပြီး မင်းဆရာကြီး ရောက်ရှိလာကြောင်း သတင်းပို့လေသည်။
ထိုအခါမှ လင်းရှောင်ယွဲ့သည် လီဝမ်နှင့် စကားပြောဆိုခြင်းကို အဆုံးသတ်လိုက်ပြီး အဘိုးအား ကြိုဆိုရန် အလျင်အမြန် သွားရောက်လေသည်။ တစ်ချိန်တည်းမှာပင် ကျောက်ရှန်းရှန်းအား လျိုရှီထံသို့ အကြောင်းကြားစေပြီး ပြင်ဆင်မှုအနည်းငယ် ပြုလုပ်ခိုင်းလိုက်သည်။
.......
လင်းရှောင်ယွဲ့သည် ရှေ့ခြံဝင်းသို့ ရောက်ရှိသောအခါ အဘိုးကြီးမှာ တံခါးဝမှ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။ ဤအချိန်တွင် လျိုဝူကျီ၏မျက်နှာထက်၌ မည်သို့သော အမူအရာမျှ မရှိပေ။ လျိုအိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက် အကြည့်မှာ ခြံဝင်းအတွင်း တစ်ပတ် ဝေ့ကြည့်လိုက်ရုံမျှသာရှိပြီး ရှေ့သို့ ဆက်လျှောက်သွား၏။
သူ့နောက်မှ လိုက်ပါလာသော ဖန်ထန်မှာမူ မင်းဆရာကြီးက တည်ငြိမ်အေးဆေးလှသည်ဟုသာ ယူဆမိ၏။ အမှန်တကယ်တွင် လျိုဝူကျီ၏နှလုံးသားမှာ ဤအခိုက်အတန့်၌ တင်းမာပြီး ကြောက်ရွံ့နေခဲ့သည်။ ပျောက်ဆုံးသွားသော သမီးအား တွေ့ဆုံရတော့မည်ဖြစ်၍ တင်းမာနေခြင်း ဖြစ်ပြီး၊ ကြောက်ရွံ့နေခြင်းမှာမူ ခေတ္တကြာလျှင် တွေ့ဆုံရမည့်သူမှာ သူ့သမီး မဟုတ်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။
လင်းရှောင်ယွဲ့သည် လျိုဝူကျီအား မြင်သောအခါ အလျင်အမြန် ပြေးကြိုလိုက်၏။ လျိုဝူကျီအား ကိုယ်တိုင် တွဲခေါ်လျက် ဧည့်ခန်းမဆောင်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
"အဘိုး၊ ဖြည်းဖြည်း လာပါ" အနီးသို့ ရောက်သောအခါ အသံကို နှိမ့်၍ ပြောလိုက်သည်။
လျိုဝူကျီသည် သူ့မြေးမလေးအား တစ်ချက်ကြည့်လိုက်ပြီး လင်းရှောင်ယွဲ့က သူ့အား မျက်တောင်တစ်ချက် ပုတ်ပြသည်ကို မြင်သောအခါ ချက်ချင်း သဘောပေါက်သွား၏။ ပြီးနောက် ယခင်က သန်စွမ်းတက်ကြွလှသော မင်းဆရာကြီးမှာ ချက်ချင်းပင် စိတ်ဓာတ် အနည်းငယ် ကျဆင်းသွားပြီး လင်းရှောင်ယွဲ့၏တွဲခေါ်မှုကို အလိုက်သင့်လက်ခံလိုက်လေသည်။
ဖန်ထန်သည် ဤအခြေအနေကို မြင်သောအခါ ဦးနှောက်ထဲတွင် မေးခွန်းများ တစ်သီတစ်တန်း ပေါ်ပေါက်လာလုနီးပါး ဖြစ်သွား၏။ သို့သော် သူ များများစားစား မတွေးတောမိလိုက်ပေ။ အကြောင်းမှာ သခင်မလေးက သူ့အား ဆုတ်ခွာခိုင်းလိုက်သောကြောင့် ဖြစ်သည်။
လင်းရှောင်ယွဲ့သည် လျိုဝူကျီအား ဧည့်ခန်းမဆောင်ထဲသို့ တွဲခေါ်သွားကာ ထိုင်စေလိုက်ပြီးနောက် ကျောက်ဖူအား လက်ဖက်ရည် တက်ခိုင်းလိုက်၏။ သို့သော် ကျောက်ဖူ လက်ဖက်ရည်ချပြီး၍ သူတို့နှစ်ယောက် စကားပြောဆိုနေသည်မှာ အချိန်အတော်ကြာသည့်တိုင် လျိုရှီမှာ ရောက်ရှိမလာခဲ့ပေ။
မင်းဆရာကြီးမှာ တံခါးဝသို့ ခုနစ်ကြိမ် ရှစ်ကြိမ်မျှ ကြည့်ရှုနေပြီ ဖြစ်သည်ကို မြင်သောအခါ လင်းရှောင်ယွဲ့သည် နောက်ဆုံးတွင် ထရပ်လိုက်လေသည်။ "အဘိုး စိတ်မပူပါနဲ့၊ ကျွန်မ အမေ့ကို သွားခေါ်လိုက်ဦးမယ်"
"အင်း" လျိုဝူကျီက အလျင်အမြန် ပြန်ဖြေလိုက်၏။
လင်းရှောင်ယွဲ့သည် ပြုံးလိုက်ပြီးမှ ထွက်ခွာသွားလေသည်။
.......
နောက်ခြံဝင်း၊ လျိုရှီ၏ အခန်းတံခါးရှေ့သို့ ရောက်ရှိသွား၏။ အိမ်ထဲမှ ကျိုးရှီနှင့် လီဝမ်တို့ သူမ၏ အမေအား နှစ်သိမ့်နေသော အသံကို ကြားသောအခါ လင်းရှောင်ယွဲ့သည် သူမ၏အမေမှာ အရေးကြီးသည့် အခိုက်အတန့်တွင် နောက်တစ်ကြိမ် ငှက်ကုလားအုတ်ကဲ့သို့ ဖြစ်နေပြန်ပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။
သက်ပြင်းတစ်ချက် ချလိုက်ပြီး လင်းရှောင်ယွဲ့သည် တံခါးမှ ဝင်ရောက်သွား၏။
"အစ်မတို့ အရင် ထွက်သွားလိုက်ပါဦး။ ကျွန်မ အမေနဲ့ စကားပြောလိုက်ဦးမယ်" ဟု ကျိုးရှီနှင့် လီဝမ်အား ပြောလိုက်သည်။
ထိုနှစ်ယောက်သည် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး ထရပ်လိုက်ကြ၏။ ခေါင်းလှည့်ကာ လူကို မကြည့်သော လျိုရှီအား တစ်ချက်ကြည့်ပြီးနောက် တံခါးအပြင်သို့ ထွက်သွားကြသည်။
တံခါးပိတ်သံကို ကြားသောအခါမှ လင်းရှောင်ယွဲ့သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး လျိုရှီ၏ ဘေးသို့ လျှောက်လှမ်းသွားကာ ဝင်ထိုင်လိုက်၏။
"ဒါက ဘယ်လို ဖြစ်ပြန်တာလဲ။ အရင်တုန်းက သဘောတူထားပြီးသား၊ အခု လူလည်း ရောက်လာပြီ၊ အမေက ထွက်မတွေ့ဘဲနေတော့မှာလား။"
လျိုရှီ၏နှလုံးသားမှာ တုန်လှုပ်သွား၏။ ပြန်မဖြေခဲ့ပေ။
"သမီး လူလွှတ်ပြီး အဘိုးရဲ့အခန်းကို ရှင်းလင်းခိုင်းထားလိုက်ပြီ။ နောက်ဆက်တွဲမှာ၊ အဘိုးက အိမ်မှာ တစ်လလောက် နေရဦးမှာ။ ဒီနေ့ မတွေ့ဘူးဆိုရင်၊ မကြာခင် ဒါမှမဟုတ် နောက်ကျရင် အမေ သူ့နဲ့ တွေ့ဆုံရဦးမှာပဲ မဟုတ်လား" လင်းရှောင်ယွဲ့က ပြုံးလျက် ပြောလိုက်၏။။
ဤစကား ထွက်ပေါ်လာသည်နှင့် နောက်ဆုံးတွင် လျိုရှီအား ခေါင်းလှည့်ကာ သူမအား လှမ်းကြည့်လာစေခဲ့သည်။
"နင် သူ့ကို၊ အိမ်မှာ နေဖို့ စီစဉ်လိုက်တယ်လား" လျိုရှီက ကြောက်လန့်တကြား မျက်နှာထားဖြင့် မေးလိုက်သည်။
"ဟုတ်တယ်လေ" လင်းရှောင်ယွဲ့သည် မျက်နှာမပြောင်းဘဲ လိမ်ညာလိုက်၏။ "အရင်တုန်းက အမေ ကန့်ကွက်တာ မရှိခဲ့ဘူး မဟုတ်လား" ပြီးနောက် လျိုရှီအား ထပ်မံ၍ မေးလိုက်သည်။
လျိုရှီ၏မျက်နှာမှာ ဂနာမငြိမ် ဖြစ်သွားပြီး ခေါင်းငုံ့ကာ သူမ၏လက်ချောင်းများကို လှုပ်ရှားနေရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ ထိုလူကို အိမ်သို့ ဖိတ်ခေါ်လာခဲ့ပြီ၊ သမီးဖြစ်သူက အခန်းပင် စီစဉ်ပေးပြီး ဖြစ်သည်။ အခုမှ အပြင်မှာနေဖို့ နှင်လွှတ်လိုက်လို့ဖြစ်ပါတော့မလား။
လင်းရှောင်ယွဲ့သည် ရယ်မောမိသွားပြီး လက်ကို သူမအမေ၏ ပခုံးပေါ်သို့ တင်လိုက်၏။ "အဘိုးက ကြည့်ရတာ ဖော်ရွေပါတယ်။ အမေ့ကိုလည်း အရမ်းသတိရနေတာ။ သွားတွေ့လိုက်ရုံလေးပဲ မဟုတ်လား၊ အမေက ဘာလို့ ဒီလောက် ကြောက်နေရတာလဲ" ဟု လျိုရှီအား မေးလိုက်သည်။
လျိုရှီ၏မျက်နှာမှာ ရုန်းကန်နေပြီး တစ်စုံတစ်ရာ ပြောဆိုလိုဟန် ရှိသော်လည်း ပါးစပ် ဖွင့်ဟနိုင်ခြင်း မရှိခဲ့ပေ။
"တော်ပါပြီ၊ အမေလည်း ဆက်ပြီး ရှက်မနေပါနဲ့တော့။ အဘိုးက ဧည့်ခန်းမဆောင်ထဲမှာ အမေ့ကို စောင့်နေတာ ကြာလှပြီ။ အမေသာ ထပ်မသွားဘူးဆိုရင်၊ သူ အတွေးများသွားရင် ဘယ်လိုလုပ်မလဲ"
လျိုရှီ၏မျက်နှာမှာ အမှန်တကယ်ပင် ပြောင်းလဲသွား၏။
လင်းရှောင်ယွဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ချက် ပေါ်လာပြီး လျိုရှီအား တွဲ၍ ထရပ်လိုက်သည်။ "သွားကြစို့၊ သမီး အမေ့ကို ခေါ်သွားပေးမယ်" ဟု ချက်ချင်း ပြောလိုက်သည်။
လျိုရှီသည် ငြင်းပယ်ခြင်း မပြုခဲ့ပေ။ အနီးနားတွင် သမီးဖြစ်သူ ရှိနေသောကြောင့် စိတ်ထဲ၌ သတ္တိများ ပိုမို ရှိလာသောကြောင့် ဖြစ်နိုင်၏။
လင်းရှောင်ယွဲ့သည် လျိုရှီအား တွဲခေါ်လျက် ရှေ့ခြံဝင်းဆီသို့ လျှောက်လှမ်းသွားရာ ဧည့်ခန်းမဆောင်နှင့် နီးကပ်လာလေလေ၊ ဘေးမှ သူမအမေ၏ တင်းမာနေမှုကို ပို၍ ခံစားမိလေလေ ဖြစ်၏။ သူမသည် လျိုရှီအား တွဲခေါ်လျက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းရင်း ကိုယ်အမူအရာနှင့် စကားလုံးများဖြင့် လျိုရှီအား မရပ်မနား နှစ်သိမ့်ပေးနေရ၏။
နောက်ဆုံးတွင် နေရာသို့ ရောက်ရှိသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဧည့်ခန်းမဆောင်ထဲ၌ စိတ် လှုပ်ရှားနေသော လျိုဝူကျီသည် ထိုင်ခုံပေါ်တွင် မလှုပ်မယှက် ထိုင်နေပြီး လက်ဖက်ရည်ပင် သောက်သုံးရန် ဂရုမစိုက်နိုင်ခဲ့ပေ။ လင်းရှောင်ယွဲ့က လျိုရှီအား တွဲခေါ်လျက် တံခါးဝတွင် ပေါ်ထွက်လာသည်ကို မြင်သောအခါ မျက်နှာအမူအရာ မပြောင်းလဲအောင် ကြိုးစား ထိန်းသိမ်းထားသော လျိုဝူကျီမှာ နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ပေ။
အဘိုးကြီးမှာ တိုက်ရိုက် ထရပ်လိုက်ပြီး လျိုရှီအား အံ့ဩဝမ်းသာစွာ လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရ၏။
သူ့ရဲ့လင်လုံ! တကယ်ကို လင်လုံပဲ။ သူနဲ့လင်ရှုတို့ရဲ့ သမီး အသက်ရှင်လျက် ရှိနေသေးတယ်။
လျိုဝူကျီသည် မသိစိတ်ဖြင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ ဆက်လက်၍ ရှေ့သို့ တိုးမည် အပြုတွင် လျိုရှီ၏မျက်နှာတွင် ကြောက်လန့်တကြားဟန် ပေါ်လာသည်ကို မြင်သောအခါ ခြေလှမ်းများကို အလျင်အမြန် ရပ်တန့်လိုက်၏။ "လင်... လင်လုံ..." လျိုဝူကျီသည် အမှတ်မထင် ခေါ်လိုက်မိသည်။
လျိုရှီ၏ကိုယ်မှာ ကျုံ့သွားပြီး မသိစိတ်ဖြင့် သမီးဖြစ်သူ၏အနီးသို့ တိုးကပ်သွား၏။
လင်းရှောင်ယွဲ့သည် သူမအမေအား အလျင်အမြန် နှစ်သိမ့်လိုက်ပြီး တစ်ချိန်တည်းမှာပင် အဘိုးအား ခေါင်းမော့ ကြည့်လိုက်၏။ ဤအချိန်မှ အဘိုးထံတွင် သာမန်အချိန်များကကဲ့သို့ နတ်ဘုရားဆန်သော အမူအရာမျိုး ဘယ်မှာရှိဦးပါ့မလဲ။ သာမန် အဖေတစ်ဦးကဲ့သို့ပင် မျက်လုံးအပြည့် လောကဓံ အတွေ့အကြုံများဖြင့် ပြည့်နှက်နေ၏။
လင်းရှောင်ယွဲ့၏ နှလုံးသားမှာ လှုပ်ရှားသွားပြီး လျိုရှီအား တွဲခေါ်သွားကာ လျိုဝူကျီနှင့် မနီးမဝေးနေရာမှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"အဘိုး၊ ထိုင်ပြီး ပြောကြရအောင်" လျိုဝူကျီမှာ ရပ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ လင်းရှောင်ယွဲ့သည် မိမိအဘိုးအား လှမ်းကြည့်လိုက်၏။
လျိုဝူကျီ၏အကြည့်သည် လျိုရှီ၏ကိုယ်ပေါ်မှ မခွာလိုဘဲ ဝေ့ကြည့်နေပြီး၊ "အင်း...အင်း " ဟု စိတ်မတည်ငြိမ်ဟန်ဖြင့် အသံတစ်ချက် ပြုလိုက်ကာ ပြန်လည် ဝင်ထိုင်လိုက်သည်။
လင်းရှောင်ယွဲ့၏စိတ်ထဲတွင် နောက်တစ်ကြိမ် ဝမ်းနည်းမိသွားပြန်သည်။ ပြီးနောက် မိမိဘေးမှ ခေါင်းငုံ့ထားသော လျိုရှီအား လှမ်းကြည့်လိုက်၏။
"အမေ၊ နောက်ဆက်တွဲ အမေနဲ့ အဘိုး ကောင်းကောင်း စကားပြောကြတော့။ သမီး အပြင်ကနေ စောင့်ကြည့်ပေးထားမယ်" ဟု နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
သို့သော် ထွက်ခွာမည်အပြုတွင် လျိုရှီက သူမအင်္ကျီစကို ဆွဲထားခဲ့လေသည်။
လင်းရှောင်ယွဲ့သည် ကြောင်အသွားပြီး မျက်နှာချင်းဆိုင်မှ လျိုဝူကျီနှင့် အကြည့်ချင်း ဆုံမိသောအခါ အနည်းငယ် အနေရခက်သွား၏။
သူမ၏ကပ်တွယ်နေသောမိခင်အား တစ်ချက် ကြည့်လိုက်ပြီး လင်းရှောင်ယွဲ့သည် မျက်နှာချင်းဆိုင်မှ လျိုဝူကျီအား ထပ်မံကြည့်လိုက်သည်။
"အဘိုး၊ အဲ့ဒီတုန်းက ကျွန်မအမေ မြို့တော်ကနေ ထွက်ပြေးခဲ့ပြီး၊ ဒီလောက် နှစ်တွေ ကြာတဲ့အထိ အဘိုးကို မရှာခဲ့တာ။ အဘိုး သူ့ကို စိတ်ဆိုးနေမှာ မဟုတ်ဘူးမလား" ဟု လျိုဝူကျီအား အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။
"မဆိုးပါဘူး။ ငါ စိတ်မဆိုးဘူး" လျိုဝူကျီက အလျင်အမြန် ပြောလိုက်၏။။
အမှန်တကယ်ပင် လင်းရှောင်ယွဲ့သည် သူမအမေ၏ပခုံးများ အနည်းငယ် ဖြေလျော့သွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဒါဆို... အဘိုးက ကျွန်မအမေက ကျွန်မအဖေနဲ့ ကိုယ့်သဘောနဲ့ကိုယ် လက်ထပ်ပြီး၊ ကျွန်မနဲ့ ရှောင်ကျစ်ကို မွေးခဲ့တာကိုလည်း အပြစ်မတင်ဘူးမလား" လင်းရှောင်ယွဲ့က လျိုဝူကျီအား အသံကျယ်ကျယ်ဖြင့် ထပ်မံ မေးလိုက်ပြန်၏။
"ဘယ်လို ဖြစ်နိုင်မှာလဲ။ မင်းရဲ့အမေက ငါ့အတွက် ဒီလောက် ဉာဏ်ကောင်းပြီး သိတတ်တဲ့ မြေးနဲ့ မြေးမလေး၊ နှစ်ယောက်တောင် တိုးလာစေတာ ငါ ဝမ်းသာလို့တောင် မဆုံးသေးဘူး" လျိုဝူကျီက အလျင်အမြန် ပြောလိုက်၏။။
မူလက ကြည်လင်နေသော မျက်ဝန်းတစ်စုံမှာ နီရဲလာသောကြောင့် အနည်းငယ် မှုန်ဝါးသွား၏။
လျိုရှီ၏အခြေအနေ အမှန်တကယ် ကောင်းမွန်လာသည်ကို မြင်တွေ့မှ လင်းရှောင်ယွဲ့သည် လျိုဝူကျီအား ခေါင်းညိတ်ပြလိုက်သည်။ ချက်ချင်းပင် တံခါးဝဆီသို့ လျှောက်လှမ်းသွားလေသည်။
***