အန်းယန်ဝမ်တို့ဇနီးမောင်နှံ လာရောက်လည်ပတ်ခြင်း
Vol. 20 Ch. 415
ဒီတစ်ခေါက်မှာတော့ လျိုရှီသည် လင်းရှောင်ယွဲ့အား ဆက်လက် ဆွဲထားခြင်း မပြုတော့ပေ။ လင်းရှောင်ယွဲ့သည် တံခါးအပြင်သို့ ထွက်လာပြီး သက်ပြင်းတစ်ချက် ချလိုက်၏၊ ပြီးနောက် လှည့်ကာ တံခါးမကြီးကိုပါ ပိတ်လိုက်လေသည်။ အမေနှင့် အဘိုးတို့အတွက် သီးသန့်အချိန်ပေးထားခဲ့ပြီး သူတို့နှစ်ဦး စိတ်ထဲမှ အခက်အခဲများကို ဖြေရှင်းနိုင်ပါစေဟု မျှော်လင့်မိသည်။
မကြာမီပင် လင်းရှောင်ယွဲ့သည် အိမ်ထဲမှ လျိုဝူကျီ၏အသံကို ကြားလိုက်ရလေသည်။ လျိုဝူကျီက အချိန်အကြာကြီး ပြောဆိုပြီးမှ လျိုရှီက စကားဆိုလာ၏။ ထို့နောက်တွင် သားအဖနှစ်ဦး၏ ရှိုက်ငိုသံများ ထွက်ပေါ်လာပြီး အချိန်အတော်ကြာမှ ငိုသံများ ပြန်လည်တည်ငြိမ်သွားလေသည်။
လင်းရှောင်ယွဲ့သည် ဧည့်ခန်းမဆောင်တံခါးဝတွင် ထိုသို့ပင် မတ်တပ်ရပ်လျက် အတွင်းမှ လှုပ်ရှားမှုများကို နားစွင့်ရင်း၊ အခါအားလျော်စွာ ကျဆင်းလာသော မျက်ရည်များကို လက်ဖြင့် သုတ်နေမိ၏။ သူမအမေ၊ ဤနှစ်များအတွင်း အလွန် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရသည်။ သူမ၏အဘိုးသည်လည်း ပြင်းထန်သော ဝေဒနာကို ခံစားခဲ့ရ၏။
မသိလိုက် မသိဘာသာပင် လျိုအိမ်တော်၏ နေ့လယ်စာ စားသုံးချိန်သို့ ရောက်ရှိလာခဲ့၏။ မီးဖိုချောင်မှ လူများက အခြေအနေ လာရောက်မေးမြန်းကြသည်။ သို့သော် အနားသို့ မရောက်မီမှာပင် မလှမ်းမကမ်းတွင် စောင့်ဆိုင်းနေသော ကျောက်ရှန်းရှန်း၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။ ကျောက်ရှန်းရှန်းပြောသည်ကိုကြားပြီး၊ သူတို့သခင်မလေးမှာ ဧည့်ခန်းမဆောင် တံခါးဝတွင် တောင့်တောင့်ကြီး ရပ်နေပြီး မည်သူ့ကိုမျှ အနားကပ်မခံသော ပုံစံ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် ပြန်လှည့်သွားခဲ့၏။
လက်ရှိတွင် ဧည့်ခန်းမဆောင်ထဲမှ အချိန်ကြာမြင့်စွာ ကွဲကွာနေသော သားအဖနှစ်ဦး၏ ပြန်လည် ဆုံစည်းမှုကို မည်သူမျှ အနှောင့်အယှက် မပေးနိုင်ပေ။
ထို့နောက် လင်းရှောင်ယွဲ့သည် သူမဘယ်လောက်ကြာအောင် ရပ်နေလိုက်မိသည်ကိုပင် သတိမထားမိလိုက်ပေ။ သူမ၏ အဘိုးနှင့်အမေတို့ တံခါးဖွင့်၍ ထွက်လာသော အချိန်ကျမှ သူမ တော်တော်လေးဗိုက်ဆာနေပြီဖြစ်ကြောင်း သတိထားမိသွားသည်။
ပြန်ပေါ်လာသော လျိုရှီနှင့် လျိုဝူကျီတို့ထံတွင် ယခင်က စိမ်းသက်နေသော အမူအရာများ လုံးဝ မရှိတော့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန်ရင်းနှီးနေဟန်တူ၏။
"မြန်မြန် မီးဖိုချောင်ကို ဟင်းလျာတွေ ပို့ခိုင်းလိုက်တော့။ နင့်အဘိုးတောင် ဗိုက်ဆာနေပြီ" လျိုရှီက လင်းရှောင်ယွဲ့အား ပြုံးလျက် ပြောလိုက်၏။။ နီရဲနေသော မျက်လုံးများမှာ လခြမ်းသဏ္ဌာန် ကွေးညွတ်သွားသည်။
"ဟုတ်ကဲ့" လင်းရှောင်ယွဲ့က အလျင်အမြန် ပြန်ဖြေလိုက်သည်။
ပြီးနောက် မလှမ်းမကမ်းမှ ကျောက်ရှန်းရှန်းအား လှမ်းကြည့်လိုက်သည်နှင့် ကျောက်ရှန်းရှန်းသည် သဘောပေါက်သွားပြီး မီးဖိုချောင်ဆီသို့ လျင်မြန်စွာ ပြေးထွက်သွားလေသည်။
"အစ်မကြီးနဲ့ အစ်မလည်း ထမင်း မစားရသေးဘူး။ အမေနဲ့ အဘိုး အရင် သွားထိုင်နေကြလေ။ သမီး သူတို့ကို သွားခေါ်လိုက်ဦးမယ်" တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် လင်းရှောင်ယွဲ့က ထပ်မံ၍ ပြောလိုက်သည်။
"သွား သွား" လျိုရှီက ပြုံးလျက် ပြောလိုက်၏။။
ထိုအခါမှ လင်းရှောင်ယွဲ့သည် ပျော်ရွှင်စွာ ထွက်ခွာသွားလေသည်။
အရမ်းကောင်းတာပဲ။ အဘိုးနှင့် အမေ၊ တကယ်ပြန်သင့်မြတ်သွားပြီ...
ဟင်းလျာများမှာ မီးဖိုပေါ်တွင် နွှေးထားပြီးဖြစ်သဖြင့် မကြာမီ ဧည့်ခန်းမဆောင်ထဲတွင် ခင်းကျင်းပေးနိုင်ခဲ့သည်။ ဟင်းလျာများမှာ အလွန် စုံလင်လှပြီး စားသုံးနေကြသော လူတိုင်းမှာ ပျော်ရွှင်ချမ်းမြေ့နေကြသည်။
.......
စားသောက်ပြီးနောက် လျိုရှီသည် လျိုဝူကျီအား သာ့ရှီရွာကို လှည့်ပတ်ကြည့်ရှုရန် ခေါ်ဆောင်သွားမည်ဟု အဆိုပြုလိုက်ပြီး မကြာမီပင် ထွက်ခွာသွားကြ၏။ ကျိုးရှီနှင့် လီဝမ်တို့သည်လည်း တစ်ယောက်က အလုပ်ရုံသို့၊ တစ်ယောက်က ချင်းရှီမြို့သို့ သွားကြသဖြင့် လင်းရှောင်ယွဲ့ တစ်ယောက်တည်း အိမ်တွင်ကျန်ရစ်ခဲ့၏။
လင်းရှောင်ယွဲ့သည်လည်း အေးဆေးသက်သာစွာနေရသည်ကို ပျော်ရွှင်မိပြီး ရထားလုံးပေါ်တွင် လမ်းတစ်လျှောက်လုံး ပင်ပန်းလာခဲ့ရာ ပြန်ရောက်သည်နှင့် အိပ်စက်အနားယူလိုက်လေသည်။
နိုးလာချိန်တွင် ညနေစောင်းပင် ဖြစ်နေခဲ့ပြီ။
ကျိုးရှီက နှုတ်ဆက်ရန် ရောက်လာပြီး လင်းရှောင်ယွဲ့နှင့် ကျောက်ရှန်းရှန်းတို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သဖြင့် သူမအနေဖြင့် ခနလောက်ခွင့်ယူမည်ဖြစ်ပြီး အလုပ်ရုံသို့ လာရောက်တော့မည် မဟုတ်ကြောင်း ပြောလေသည်။
"ဗိုက်က ကြီးလာပြီ။ တစ်နေ့လုံး အပြင်မှာ သွားလာလှုပ်ရှားနေတော့ မင်းအစ်ကိုဟိုင်ကလည်း စိတ်မချဘူး" ကျိုးရှီက သူမ၏ဗိုက်ကို တစ်ချက် ကြည့်လိုက်ပြီး လင်းရှောင်ယွဲ့အား ပြုံးလျက် ပြောလိုက်သည်။
ကိုယ်ဝန် လွယ်ထားရပြီးနောက် ဒီကလေးသည် သူမကို အတော်လေး နှိပ်စက်ခဲ့၏။ ယခင်က ပျို့အန်ချင်စိတ်ဖြစ်ခဲ့ပြီး ထမင်းပင် မစားနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ပိုင်း ကိုယ်ဝန်ဆောင် ပျို့အန်ခြင်း အခြေအနေ အနည်းငယ်ကောင်းမွန်လာသောအခါ နေ့စဉ်နေ့တိုင်း အိပ်ငိုက်စေပြန်သည်။ ယခု ကိုယ်ဝန်ရင့်လာသည်နှင့် ခါးနာလာပြီး အိပ်စက်မရဖြစ်စေပြန်သည်။ ဆရာရွှီကပင် သူမအား ကောင်းမွန်စွာအနားယူ၍ ကိုယ်ဝန်ကို အာဟာရဖြည့်တင်းရန် အကြံပြုခဲ့သည်။
ယခင်က ညီမငယ် မရှိသောကြောင့် သူမ စိတ်မချသဖြင့် လာရောက် ကြည့်ရှုနေရခြင်း ဖြစ်သည်။ ယခုအခါ သူမလည်း စိတ်ချလက်ချ အနားယူနိုင်လေပြီ။
"ဟိုင်ကော ပြောတာ မှန်တယ်။ အစ်မကြီး ပြန်ပြီး ကောင်းကောင်း အနားယူပါ။ နောက်ဆက်တွဲ ဘာအကူအညီ လိုတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာစားချင်တာပဲ ဖြစ်ဖြစ်၊ လျိုအိမ်တော်ကို လူလွှတ်ပြီး စကားပါးလိုက်ပါ။ ကျွန်မ ဒီဘက်က လူစီစဉ်ပြီး ပြင်ဆင်ပေးလိုက်မယ်" လင်းရှောင်ယွဲ့က ပြောလိုက်၏။။
"ကောင်းပြီ။ ငါ အားနာနေမှာ မဟုတ်ဘူးနော်" ကျိုးရှီက ပြုံးလျက် ပြန်ဖြေလိုက်သည်။
ပြီးနောက် လျိုရှီအား ထပ်မံ နှုတ်ဆက်ပြီးမှ တံခါးအပြင်သို့ ထွက်ခွာသွား၏။
ကျိုးရှီပြန်သွားတော့ လျိုရှီ၏မျက်နှာတွင် နှမြောတသသ ဖြစ်နေသည့်ပုံ ပေါ်နေသည်။
"ဟိုင်ကန်းအိမ်မှာလည်း လူကြီးမိဘရယ်လို့ မရှိဘူး။ နောက်ရက်နည်းနည်းကြာရင် ငါ ဟိုင်အိမ်တော်ဘက် သွားကြည့်ဦးမယ်"
ရုတ်တရက် လျိုရှီက ပြောလာသည်။
လင်းရှောင်ယွဲ့ ပြုံးလိုက်သည်။
"ကောင်းပါပြီ၊ အဲ့ကျရင် သမီး အမေနဲ့အတူ လိုက်ခဲ့မယ်"
လျိုရှီက လင်းရှောင်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် အပြုံးရိပ်များ ယှက်သန်းသွားသည်။
.....
မကြာမီ လီဝမ်နှင့် လင်းရှောင်ကျစ် ပြန်ရောက်လာကြသည်။
လင်းရှောင်ကျစ်သည် အိမ်သို့ အဘိုးတစ်ယောက် ရောက်နေကြောင်း သိထားသဖြင့် စိတ်လှုပ်ရှားနေသည်။ မြင်းလှည်းပေါ်မှ ဆင်းဆင်းချင်း အိမ်ထဲသို့ အပြေးဝင်လာသည်။
လျိုဝူကျီသည် အသံကြားသည်နှင့် ဂုဏ်ပကာသနများကို ဂရုမစိုက်ဘဲ ဆီးကြိုကာ လင်းရှောင်ကျစ်ကို ပွေ့ချီပြီး ဘေးတစ်ဖက်သို့ ခေါ်သွားလေသည်။
ဒါကိုမြင်တော့ အားလုံး ရယ်မောလိုက်ကြသည်။
အထူးသဖြင့် လီဝမ်သည် မင်းဆရာကြီး၏ပုံစံကိုမြင်တော့ ရယ်ချင်သလို အံ့သြသလိုလည်း ဖြစ်သွားသည်။
လျိုမိသားစုအိမ်သည် တကယ်ပင် ဆန်းကြယ်လှသည်။ မည်သည့်ရာထူးအဆင့်အတန်းရှိသူမဆို ရောက်လာလျှင် အပြောင်းအလဲကြီး ဖြစ်သွားတတ်သည်။
ထို့နောက် လင်းရှောင်ယွဲ့နှင့် လီဝမ်တို့သည် အေးစက်တည်ငြိမ်သော မင်းဆရာကြီးက မြေးချစ်ကြီးအဖြစ် ပြောင်းလဲသွားပုံများကို မြင်တွေ့လိုက်ရသည်။
လျိုဝူကျီက လင်းရှောင်ကျစ်နှင့် ကစားနေသည်ကို ကြည့်ရင်း မြို့တော်မှ အမတ်မင်းများသာ ဒီမြင်ကွင်းကို မြင်လျှင် ဘယ်လိုမျက်နှာထားမျိုး ဖြစ်နေကြမလဲဟု သူတို့နှစ်ဦး တွေးကြည့်ရန်ပင် မရဲတော့ပေ။
လျိုဝူကျီကတော့ ဘေးလူများ၏အကြည့်ကို ဂရုမစိုက်ဘဲ သူ့မြေးလေးနှင့်သာ ကျီစယ်ဆော့ကစားနေလေသည်။
သူသည် မြေးမလေး ကြီးပြင်းလာသည့်အချိန်များကို လွဲချော်ခဲ့ရသဖြင့် ယခု မြေးငယ်လေးကို မစနောက်ဘဲ မနေနိုင်တော့ပေ။
မြေးလေးနှင့် ကစားရသည်က မင်းဆရာကြီးအိမ်တော်ထဲတွင် စာဖတ်နေရသည်ထက် ပိုစိတ်ဝင်စားစရာကောင်းသည်လေ။
......
နောက်တစ်နေ့တွင်။
အန်းယန်ဝမ်သည် ဇနီးသည်ကိုခေါ်၍ အိမ်သို့ အလည်ရောက်လာသည်။ မင်းဆရာကြီးကို လာတွေ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် မြို့တော်တွင် ရှိစဉ်ကနှင့် လုံးဝကွဲပြားခြားနားသော မင်းဆရာကြီး၏ ပုံစံကို မြင်တွေ့လိုက်ရသည်။
နောက်ဖေးဝင်းရှိ မင်းဆရာကြီး၏ အခန်းတွင်။
အပြင်ဘက် စာကြည့်ဆောင်ငယ်လေးထဲတွင် အန်းယန်ဝမ်နှင့် လျိုဝူကျီတို့ မျက်နှာချင်းဆိုင်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း စကားပြောနေကြသည်။
"ချစ်ရတဲ့ သမီး၊ မြေးနဲ့ မြေးမလေးတို့ကို ပြန်ရှာတွေ့ပြီး မိသားစု စုံလင်သွားတဲ့အတွက် မင်းဆရာကြီးကို ဂုဏ်ပြုပါတယ်"
အန်းယန်ဝမ်က လေထု ပေါ့ပါးသွားစေရန် ရည်ရွယ်၍ ပြောလိုက်သည်။
မင်းဆရာကြီးကလည်း လွန်ပါ၏။ စောစောက အပြင်မှာတုန်းကတော့ နွေးထွေးတဲ့ အဘိုးကြီးတစ်ယောက်လိုပါပဲ။ အခု သူနဲ့ သီးသန့်တွေ့တော့ မြို့တော်တုန်းကလို ခန့်ညားထည်ဝါတဲ့ မင်းဆရာကြီး ပြန်ဖြစ်သွားပြန်ပြီ။
"အင်း၊ ကျေးဇူးပါပဲ ဝမ်ရယ်"
လျိုဝူကျီက ဖျော့တော့စွာ ပြန်ဖြေလိုက်သော်လည်း မျက်နှာထားက သိပ်မကောင်းလှပေ။
သူ သာ့ရှီရွာကို ရောက်ကာစပဲ ရှိသေးတယ်၊ ဒီလူက ရောက်ချလာပြီ။ ပြီးတော့ ဒီအသေးအဖွဲ့ကိစ္စတွေနဲ့ လာနှောင့်ယှက်နေတော့ သူက ဘယ်လိုလုပ် မျက်နှာကောင်းပြနိုင်မှာလဲ။
မင်းဆရာကြီး၏တုံ့ပြန်မှုကို ကြားတော့ အန်းယန်ဝမ် မျက်နှာပျက်သွားသော်လည်း သည်းခံပြီး ဆက်မေးလိုက်သည်။
"မင်းဆရာကြီး၊ မြို့တော်ဘက်က..."
မင်းဆရာကြီးက သူ့ဘက်လှည့်ကြည့်လာသည်ကို မြင်လိုက်ရသဖြင့် အန်းယန်ဝမ် ဆက်မပြောနိုင်တော့ပေ။
ဒီအကြည့်က သိပ်မကြည်လင်လှပေ။
လျိုဝူကျီက အန်းယန်ဝမ်ကို တစ်ချက်ကြည့်ပြီး အတော်ကြာမှ မကျေမနပ်ဖြင့် အကြည့်လွှဲလိုက်သည်။
"မြို့တော်ဘက်က ကိစ္စတွေ စီစဉ်ပြီးပါပြီ။ နောက်ပိုင်းကျရင် သတင်းရောက်လာပါလိမ့်မယ်"
ထို့နောက် လျိုဝူကျီက ဆက်ပြောသည်။
"နောက်တစ်လနေရင် မြို့တော်ပြန်မယ်၊ အချိန်ကိုက်ပါပဲ"
အန်းယန်ဝမ် ကြောင်သွားပြီးနောက် စိတ်သက်သာရာ ရသွားသည်။
"မင်းဆရာကြီး..."
စကားမဆုံးခင်မှာပင် လျိုဝူကျီက မျက်လုံးထောင့်ကပ်ကြည့်လိုက်သဖြင့် အန်းယန်ဝမ် ပါးစပ်ပြန်ပိတ်သွားသည်။
"နောက်ကျရင် ဝမ်ရယ် သိလာပါလိမ့်မယ်"
လျိုဝူကျီက ပြောလိုက်သည်။
အန်းယန်ဝမ်ကို တစ်ချက်ကြည့်ပြီး လျိုဝူကျီ စဉ်းစားကာ ဆက်ပြောလိုက်သည်။
"ဝမ်ရယ်လည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်။ နှစ်မကုန်ခင် မြို့တော်ကို ဝင်ရလောက်တယ်"
အန်းယန်ဝမ် အံ့သြသွားပြီး တစ်စုံတစ်ခုကို တွေးမိကာ မျက်လုံးများ အရောင်တောက်လာသည်။
"ဟုတ်ကဲ့ပါ။"
လျိုဝူကျီကို အလျင်အမြန် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
လျိုဝူကျီသည် အန်းယန်ဝမ်ထံမှ အကြည့်လွှဲလိုက်သည်။
"ဒီရက်ပိုင်း ကျုပ် သာ့ရှီရွာမှာ မိသားစုနဲ့အတူ အေးအေးဆေးဆေး နေချင်တယ်။ ဘယ်သူ့နှောင့်ယှက်မှုကိုမှ မလိုချင်ဘူး"
အန်းယန်ဝမ် မျက်နှာချက်ချင်း တောင့်တင်းသွားသည်။
စကားကို ဒီလောက်ဒဲ့ပြောတာ တကယ်ကောင်းလို့လား။ ထားလိုက်ပါတော့၊ မင်းဆရာကြီး ဖြစ်နေတော့လည်း မပြစ်မှားရဲပါဘူးလေ။
ထိုအချက်ကို တွေးမိပြီး အန်းယန်ဝမ်က လျိုဝူကျီကို ဂါရဝပြုလိုက်သည်။
"ရွှီယန် သိပါပြီ"
ထိုအခါမှ လျိုဝူကျီ ထရပ်လိုက်ပြီး တံခါးပေါက်ဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်သည်။
အန်းယန်ဝမ်လည်း နှာခေါင်းကိုပွတ်ရင်း နောက်မှလိုက်ထွက်လာခဲ့သည်။
ထို့နောက် မကြာမီ အန်းယန်ဝမ်သည် မင်းဆရာကြီး၏ "ကြင်နာဖော်ရွေသော" ဘက်ခြမ်းကို ပြန်မြင်လိုက်ရပြန်သည်။
အန်းယန်ဝမ်မှာ စိတ်ထဲတွင် သက်ပြင်းချမိပြန်သည်။
.........
နေ့လယ်စာစားချိန်တွင် လျိုအိမ်တော် ထမင်းဝိုင်း၌ ဟင်းပွဲများ စုံလင်လှသည်။
အန်းယန်ဝမ် ဇနီးမောင်နှံလည်း အားပါးတရ စားသောက်ကြသည်။ ထမင်းစားပြီးနောက် နှစ်ယောက်သား ပြန်မသွားကြသေးပေ။
အန်းယန်ဝမ်ဖေးက ကျန်ရစ်ခဲ့ပြီး လျိုဝူကျီ၊ လျိုရှီ၊ လီဝမ်တို့နှင့် မာကျောက်ကစားနေလေသည်။
အန်းယန်ဝမ်ကတော့ လင်းရှောင်ယွဲ့ကို လျိုမိသားစုအလုပ်ရုံသို့ လိုက်ပြခိုင်းသည်။
လင်းရှောင်ယွဲ့ မြို့တော်သို့ သွားနေသည့် တစ်လကျော်အတွင်း လျိုမိသားစုအလုပ်ရုံကို ထပ်မံတိုးချဲ့ထားသဖြင့် အလုပ်သမားဦးရေ ပိုများလာပြီး နေ့စဉ်ထုတ်လုပ်မှုလည်း ပိုများလာသည်။
ယခု သာ့ရှီရွာတွင် အိမ်တိုင်းလိုလို လျိုမိသားစုအလုပ်ရုံတွင် အလုပ်လုပ်သူ ရှိနေကြသည်။ အခြားရွာမှလူအချို့ပင် လာရောက်လုပ်ကိုင်နေကြသည်။
အလုပ်ရုံထဲတွင် လင်းရှောင်ယွဲ့ ရောက်လာသည်နှင့် အလုပ်သမားများက ခရိုင်သခင်မကို ဝိုင်းဝန်းနှုတ်ဆက်ကြပြီး လေးစားကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ခရိုင်သခင်မဆိုတာ ခရိုင်ဝန်တောင် ရိုသေရသူလေ။ အလုပ်ရှင်နှင့် သူတို့က ကမ္ဘာမတူသူများ ဖြစ်သွားလေပြီ။
အန်းယန်ဝမ်က အလုပ်သမားများ၏အမူအရာကို သိပ်ဂရုမစိုက်ဘဲ အလုပ်လုပ်ပုံနှင့် ထုတ်လုပ်မှုအဆင့်ဆင့်ကိုသာ ကြည့်ရှုနေသည်။
မတူညီသော နေရာများတွင် အလုပ်သမားများ ကိုယ့်တာဝန်ကိုယ်ယူကာ လုပ်ကိုင်နေကြပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ စီးဆင်းမှုရှိသည်ကို မြင်သောအခါ အန်းယန်ဝမ် အံ့သြသွားသည်။
"မင်းရဲ့အလုပ်ရုံက နေ့တိုင်း ကုန်ပစ္စည်းတွေ အများကြီး ထုတ်နိုင်တာ မဆန်းပါဘူး။ ဒီလို စီစဉ်ထားတာကိုး"
လင်းရှောင်ယွဲ့က ပြုံးလိုက်သည်။
"မများသေးပါဘူး။ အခု ခြံတွေက အလုပ်ရုံတွေ တစ်ခုပြီးတစ်ခု ရပ်နားနေတော့ ဒီဘက်အလုပ်ရုံက ထွက်တဲ့ပမာဏနဲ့က သခင်လေးလျန်နဲ့ တတိယသခင်ကျိုးတို့ရဲ့ အမှာစာတွေကို မမီနိုင်ဘူး ဖြစ်နေတာ"
လာမည့်နှစ် စစ်ပွဲအတွက် ပြင်ဆင်ရန် ယခု ခြံအသီးသီးရှိ ချီဝူတပ်သားများသည် မသန်စွမ်း၍ စစ်မတိုက်နိုင်သူများမှလွဲ၍ ကျန်သူအားလုံး လေ့ကျင့်ရေးပြန်ဆင်းနေကြရသည်။ နေ့စဉ် ခြံအလုပ်များကို ကူညီလုပ်ကိုင်ပေးကြသော်လည်း အလုပ်ချိန် နည်းပါးသည်။ အထူးသဖြင့် ခြံများရှိ အလုပ်ရုံများဆိုလျှင် အားလုံးနီးပါး ရပ်နားထားရသည်။
အန်းယန်ဝမ် သက်ပြင်းချလိုက်သည်။
"ဒါတွေက ခဏပါပဲ၊ နောက်နှစ် စစ်ပွဲပြီးသွားရင် အဆင်ပြေသွားမှာပါ" သူက လင်းရှောင်ယွဲ့ကို နှစ်သိမ့်စွာ ကြည့်လိုက်သည်။
ချီဝူတပ်မတော် စစ်ထွက်နိုင်ရန်အတွက် သူနှင့် လီရှောင် သဘောတူညီချက် ရယူထားသည်။
သူ ထီးနန်းရလျှင် ချီဝူတပ်သားများသည် စစ်တပ်ထဲတွင် ဆက်နေပြီး တော်ဝင်တပ်ဖွဲ့အဖြစ် အမှုထမ်းမလား၊ သို့မဟုတ် ချင်းရှီမြို့သို့ ပြန်လာပြီး သာမန်အရပ်သားအဖြစ် ပြန်နေထိုင်မည်လားဆိုသည်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။
ယခု သူ့ဘက်တွင် မင်းဆရာကြီး ကူညီနေပြီဖြစ်၍ အဆင်ပြေပါက နောက်နှစ်တွင် အောင်မြင်နိုင်ချေ ရှိသည်။
ထိုသို့ဖြစ်လာပါက အလုပ်ရုံတွင် လူလိုသည့်ကိစ္စကို ဖြေရှင်းနိုင်ပေလိမ့်မည်။
သို့သော် လင်းရှောင်ယွဲ့က ထပ်မံ ပြုံးလိုက်သည်။
"ကျွန်မက ဒီတိုင်း ထိုင်စောင့်နေဖို့ စိတ်ကူးမရှိပါဘူး"
အန်းယန်ဝမ်၏ သံသယဖြစ်နေသော မျက်လုံးများကို ကြည့်ရင်း လင်းရှောင်ယွဲ့ ဆက်ပြောလိုက်သည်။
"အစ်မက နေရာသွားရှာခိုင်းထားတယ်။ နေရာရရင် ကျွန်မတို့ နောက်ထပ် အကြီးစားအလုပ်ရုံတစ်ခု ထပ်ဆောက်ပြီး အနီးနားက ရွာသူရွာသားတွေကို အလုပ်သမားအဖြစ် ခေါ်ခိုင်းလိုက်မယ်"
အန်းယန်ဝမ် ခေါင်းညိတ်လိုက်ကာ၊ "ရည်ရွယ်ထားတဲ့ နေရာရှိလား" ဟု ဆက်မေးလိုက်သည်။
အကြီးစားအလုပ်ရုံ ဖွင့်မည်ဆိုလျှင် လိုအပ်သည့် လူအင်အားက မနည်းလှပေ။ ဒါသာ အောင်မြင်ရင် လူတော်တော်များများရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်မှာပဲ။
သူ ခုနက ဝင်ကြည့်ခဲ့တဲ့ လျိုမိသားစုအလုပ်ရုံမှာဆိုရင် အလုပ်သမားက နှစ်ရာအောက် မရှိလောက်ဘူး။
အရင်က သခင်မလေးလင်း ပြောဖူးသလို အလုပ်ရုံက ဒေသစီးပွားရေးဖွံ့ဖြိုးဖို့ အများကြီး အထောက်အကူပြုတယ်ဆိုတာ အခု သူ မျက်ဝါးထင်ထင် တွေ့လိုက်ရလေပြီ။
တခြားမကြည့်နဲ့၊ သာ့ရှီရွာနဲ့ ဘေးနားက တခြားရွာတွေကို ယှဉ်ကြည့်လိုက်။ သာ့ရှီရွာက အိမ်တွေက ပိုမြင့် ပိုကြီးပြီး အုတ်အိမ်တွေလည်း ပိုများတယ်။ ဒါ့အပြင် သာ့ရှီရွာက ရွာသူရွာသားတွေရဲ့ ဝတ်စားဆင်ယင်မှုကလည်း တခြားရွာကလူတွေထက် ပိုကောင်းကြတယ်။ ဒါတွေအားလုံးက သာ့ရှီရွာမှာ လျိုမိသားစုအလုပ်ရုံ ရှိနေလို့ပဲ။
"ရှိပါတယ်"
လင်းရှောင်ယွဲ့ ပြန်ဖြေလိုက်သည်။
"သယ်ယူပို့ဆောင်ရေး လွယ်ကူစေဖို့ အလုပ်ရုံနေရာကို ချင်းရှီမြို့ဆိပ်ကမ်းနဲ့ နီးနိုင်သမျှ နီးတဲ့နေရာမှာ ရွေးထားတယ်။ ပြီးတော့ ဆိပ်ကမ်းက မြို့နဲ့လည်းနီးတော့ အလုပ်သမားခေါ်ရတာ ပိုလွယ်ကူမယ်လေ"
အန်းယန်ဝမ် မျက်မှောင်ကြုတ်သွားသည်။
"မြို့ပေါ်ကလူတွေက ရွာကလူတွေထက် အလုပ်ရှာရ ပိုလွယ်တယ်။ တောင်းဆိုမှုကလည်း ရွာသူရွာသားတွေထက် ပိုမြင့်မယ်။ အလုပ်ရုံကို မြို့ပေါ်မှာ ထားလိုက်ရင် အလုပ်သမားစရိတ် ပိုမတက်သွားဘူးလား"
သူ့အမြင်အရဆိုလျှင် သခင်မလေးလင်းအနေဖြင့် အလုပ်ရုံကို ရွာထဲမှာဖွင့်တာ ပိုလိုလားသည်။
သို့မှသာ ထိုရွာတစ်ရွာတည်းသာမက အနီးနားရွာများမှ ရွာသူရွာသားများပါ အလုပ်ရုံတွင် လာလုပ်နိုင်မည်။ ဒီလိုဆို ရွာအတော်များများက လူတွေ စားဝတ်နေရေး အဆင်ပြေသွားမည်။
မြို့ပေါ်မှာ အလုပ်ရုံသွားဖွင့်လျှင် အကျိုးရှိသွားမည့်သူအများစုမှာ မြို့ပေါ်နေ ပြည်သူများသာ ဖြစ်လိမ့်မည်။
ဒါပေမဲ့ မြို့ပေါ်ကလူတွေအတွက်က အလုပ်ရုံမရှိလည်း တခြားအလုပ်ရှာရတာ သိပ်မခက်ခဲလှပေ။
အလုပ်ရုံက သူတို့ကို ကူညီပေးနိုင်မှုက ရွာသူရွာသားတွေကို ကူညီပေးနိုင်မှုလောက် မကြီးမားပေ။
လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။
"အလုပ်သမားစရိတ်က ပိုများနိုင်ပေမယ့် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ လူ့စွမ်းအားအရင်းအမြစ် စရိတ်တွေ လျော့သွားမှာပါ"
အန်းယန်ဝမ် နားမလည်သည်ကို မြင်တော့ လင်းရှောင်ယွဲ့ ရှင်းပြလိုက်သည်။
"သာ့ရှီရွာအလုပ်ရုံနဲ့ နောက်ပိုင်း ဆိပ်ကမ်းဘေးမှာဆောက်မယ့် အလုပ်ရုံကို ယှဉ်ကြည့်လိုက်ရအောင်။ အလုပ်ရုံက ထုတ်လုပ်ဖို့လိုအပ်တဲ့ ငရုတ်သီး၊ မုန်ညင်းဖြူ၊ ဆီ၊ ဆား စတဲ့ ကုန်ကြမ်းတွေရယ်၊ ထုပ်ပိုးဖို့လိုအပ်တဲ့ မြေအိုး၊ ဆီစိမ်စက္ကူ စတာတွေ အကုန်လုံးကို အပြင်ကနေ သယ်လာရတာ။ အခု အလုပ်ရုံကို ဒီပစ္စည်းတွေသယ်ဖို့ နေ့တိုင်း လူအားငွေအား မနည်း သုံးနေရတယ်။ ပြီးတော့ ကုန်ပစ္စည်းတွေ ထွက်လာပြီဆိုရင်လည်း သခင်လေးလျန်နဲ့ တတိယသခင်ကျိုးတို့က လူလွှတ်ပြီး သာ့ရှီရွာအထိ လာသယ်ရပြန်ရော။ သူတို့လည်း ဒီသယ်ယူပို့ဆောင်ရေးစရိတ်ကို အကုန်အကျခံနေရတာပဲ။ ဆိပ်ကမ်းနားက အလုပ်ရုံကျတော့ ငရုတ်သီးကို ခြံအသီးသီးကနေ သယ်လာရတာကလွဲရင် ကျန်တဲ့ကုန်ကြမ်းပစ္စည်း အကုန်လုံးကို မြို့ပေါ်မှာ ဝယ်လို့ရတယ်။ မုန်ညင်းဖြူဆိုရင်လည်း အလုပ်ရုံနားမှာ ဒိုင်ဖွင့်ပြီး ဝယ်လိုက်ရုံပဲ။ အနီးနားက ရွာသူရွာသားတွေက အလုပ်ရုံအထိ လာပို့ပေးကြလိမ့်မယ်။
ဒါမှမဟုတ် ကြေညာချက် ထုတ်လိုက်လို့ရတယ်။ ဥပမာ - အလုပ်ရုံက မုန်ညင်းဖြူ ပိဿာချိန် တစ်ထောင်ကစပြီး လက်ခံမယ်ဆိုရင် ရွာအသီးသီးကို နွားလှည်းနဲ့ လှည့်ဝယ်ပြီး အလုပ်ရုံကို လာရောင်းမယ့်သူတွေ အလိုလို ပေါ်လာလိမ့်မယ်။ သယ်ရတဲ့ ခရီးက နီးသွားမယ်။ အချိန်ကုန်သက်သာမယ်။ ဈေးနှုန်းကိုလည်း ကုန်သည်တွေနဲ့ ပြန်ညှိလို့ရတယ်။ အလုပ်ရုံက ဆိပ်ကမ်းနဲ့ နီးတော့ နယ်ဝေးကုန်သည်တွေ ရေလမ်းကနေ လာပို့မယ်ဆိုရင်တောင် ကုန်ကျစရိတ် သက်သာတဲ့အတွက် အလုပ်ရုံအနေနဲ့ ကုန်ကြမ်းသွင်းမယ့်သူတွေကို ပိုပြီး ရွေးချယ်ခွင့်ရလာမယ်"
"တစ်ချိန်တည်းမှာပဲ မြို့ပေါ်မှာ လူပိုစည်ပြီး ဉာဏ်ကောင်းတဲ့သူတွေ ပိုများတယ်။ မုန်ညင်းဖြူ ဒိုင်ခံဝယ်တာမျိုးဆိုရင် တခြားသူကို ခွဲပေးလိုက်တာနဲ့ အလုပ်ရုံအတွက် အများကြီး သက်သာသွားမယ်။ အလုပ်သမားခေါ်ရတာလည်း ပိုလွယ်တယ်။ အလုပ်ရုံမှာ အမှာစာတွေတက်လာလို့ ပစ္စည်းအမီလုပ်ရမယ်ဆိုရင် အချိန်မရွေး လူထပ်ခေါ်လို့ရတယ်။ ပြီးတော့ ကျွန်မရဲ့ အစီအစဉ်အရ အလုပ်ရုံအပြင် အလုပ်ရုံဘေးမှာ အဆောင်တွေပါ ဆောက်ဖို့ ပြင်ဆင်ထားတယ်"
အန်းယန်ဝမ် နားမလည်ဖြစ်သွားသည်။
လင်းရှောင်ယွဲ့ ရှင်းပြလိုက်သည်။
"အဝေးကလာတဲ့ အလုပ်သမားတွေအတွက် စီစဉ်ပေးမလို့ပါ။ မြို့ပေါ်ကလူဆိုရင် အိမ်ပြန်အိပ်လို့ရတယ်။ အဝေးကလူဆိုရင်တော့ အလုပ်ရုံက အဆောင်မှာ တန်းနေလို့ရတာပေါ့"
အန်းယန်ဝမ် ခေါင်းညိတ်လိုက်သည်။ လင်းရှောင်ယွဲ့၏အကြံဉာဏ် မဆိုးဘူးဟု တွေးလိုက်သည်။
အဆောင်သာရှိရင် ဝေးလံခေါင်ဖျားတဲ့ ရွာကလူတွေလည်း အလုပ်ရုံမှာ လာလုပ်လို့ရပြီပေါ့။
"ဒါပေမဲ့ အလုပ်ရုံက အဆောင်ဆောက်ပေးရတော့ ကုန်ကျစရိတ်ရှိတယ်။ အဆောင်နေ အလုပ်သမားတွေက အလုပ်ချိန် ပိုဆင်းပေးရမယ်။ အချိန်ပိုလည်း တတ်နိုင်သမျှ လုပ်ပေးရမယ်။ ဒါမှသာ အလုပ်ရုံက ကုန်ကျစရိတ် လျှော့ချနိုင်မှာ"
အန်းယန်ဝမ် ခေါင်းညိတ်လိုက်သည်။
"အလုပ်ရုံနားမှာပဲ နေရတော့ အလုပ်ဆင်းရတာ ပိုအဆင်ပြေတာပေါ့။ သူတို့လည်း အလုပ်ပိုလုပ်ဖို့ ဆန္ဒရှိကြမှာပါ"
***