← Chapters

စက်မှုဇုန်စီမံကိန်း

Vol. 20 Ch. 416

စက်မှုဇုန်စီမံကိန်း

Vol. 20 Ch. 416

လျိုမိသားစုအလုပ်ရုံမှ အလုပ်သမားများ၏ လစာတစ်စိတ်တစ်ပိုင်းသည် အလုပ်ချိန်ပေါ် မူတည်နေခြင်းဖြစ်ကြောင်း သူ သိထားသည်။

အလုပ်ချိန် ပိုကြာလေ၊ လကုန်သည့်အခါ တွက်ချက်ရရှိမည့် လစာက ပိုများလေဖြစ်သည်။ ထို့ပြင် အချိန်ပိုဆင်းပါက လုပ်အားခနှုန်းထား ပိုမြင့်မားလေသည်။

မြို့ပေါ်နေ ပြည်သူများနှင့် ယှဉ်လျှင် ရွာမှလူများသည် လက်ထဲတွင် ငွေကြေးပိုမို ကျပ်တည်းကြသည်။ ဤလူများသည် မြို့ပေါ်သို့ တက်၍ အလုပ်လုပ်ကြသည်မှာ ငွေရှာရန်အတွက် ဖြစ်သည်။

အကယ်၍ အလုပ်ရုံဘက်မှ သူတို့အတွက် နေစရာစီစဉ်ပေးပြီး လုံလောက်သော အလုပ်ပမာဏကိုပါ ပေးနိုင်မည်ဆိုပါက သူတို့ မပျော်ဘဲ နေမည်မဟုတ်ပေ။

ထိုသို့ တွေးမိလိုက်သည်နှင့် အန်းယန်ဝမ်သည် လင်းရှောင်ယွဲ့၏ အကြံအစည်ကို လျင်မြန်စွာ သဘောတူလက်ခံလိုက်တော့သည်။

"သခင်မလေးလင်းရဲ့ သဘောအရဆိုရင် အလုပ်ရုံအသစ်က အတော်လေး ကြီးမားမယ့်ပုံပဲ"

စိတ်လှုပ်ရှားသွားပြီး အန်းယန်ဝမ်က လင်းရှောင်ယွဲ့ကို မေးလိုက်သည်။

လင်းရှောင်ယွဲ့သည် ခေါင်းမော့ကာ အန်းယန်ဝမ်ကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"လုပ်မယ်လို့ ဆုံးဖြတ်ပြီးမှတော့ ဒီတစ်ခါ ကျွန်မ တကယ်ပဲ တစ်ခါတည်းနဲ့ အပြီးလုပ်ချင်တာပါ"

စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိသွားပြီး လင်းရှောင်ယွဲ့က အန်းယန်ဝမ်ကို တစ်ဖန် ပြန်လည်ကြည့်လိုက်သည်။

"ဝမ်ရယ်သာ ကူညီပေးမယ်ဆိုရင် လျိုမိသားစုအတွက်ရော၊ နန်းတော်နဲ့ ချင်းရှီမြို့က ပြည်သူတွေအတွက်ပါ အကျိုးရှိမယ့် ကိစ္စကြီးတစ်ခု ဖြစ်လာမှာပါ"

"အို... ဟုတ်လား"

အန်းယန်ဝမ် စိတ်ဝင်စားသွားသည်။

"ကျွန်မ စက်မှုဇုန်တစ်ခု တည်ထောင်ချင်ပါတယ်"

လင်းရှောင်ယွဲ့၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။

"ငရုတ်နှစ် အလုပ်ရုံ၊ ဂင်ချီ အလုပ်ရုံ၊ ပဲငါးပိ အလုပ်ရုံနဲ့ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် အလုပ်ရုံတွေကို အဲ့ဒီနေရာမှာ စုပြီး ဖွင့်ချင်ပါတယ်။ ပြီးတော့ အသားနူးမှုန့်၊ ကြာဇံ အလုပ်ရုံတွေကိုလည်း အဲ့ဒီအထဲမှာပဲ ထည့်သွင်းစီစဉ်သွားမှာပါ။

နောက်ပြီး စက်ရုံတစ်ခုချင်းစီကို သီးသန့်လည်ပတ်ပြီး စီမံခန့်ခွဲသွားမယ်။ ချင်းရှီမြို့ ပတ်ဝန်းကျင်က သက်ဆိုင်ရာ အရင်းအမြစ်တွေကို စုစည်းပြီး ချင်းရှီမြို့ရဲ့ စီးပွားရေးကို မြှင့်တင်ပေးနိုင်အောင် လုပ်ဆောင်သွားမှာပါ"

အန်းယန်ဝမ် နားမလည်သည့်ပုံစံ ဖြစ်နေသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့က ဆက်ပြောသည်။

"အခု လျိုမိသားစုအလုပ်ရုံက ကုန်ကြမ်းတွေ အများစုက လျိုမိသားစုပိုင် ခြံတွေကနေရတာလေ။

ဥပမာ ငရုတ်သီးနဲ့ ကန်စွန်းဥလိုမျိုးပေါ့"

အန်းယန်ဝမ် ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ခြံက မြေဧရိယာက အကန့်အသတ်ရှိတော့ ထွက်လာမယ့် သီးနှံပမာဏကလည်း အကန့်အသတ်ရှိတယ်"

လင်းရှောင်ယွဲ့က ဆက်ပြောသည်။

အန်းယန်ဝမ် အံ့အားသင့်သွားသည်။

အကန့်အသတ်ရှိတယ် ဟုတ်လား။ ခြံ ၁၂ ခုတောင် ရှိတာလေ။ သီးနှံထွက်နှုန်းက မနည်းလှပါဘူး။

လင်းရှောင်ယွဲ့သည် အန်းယန်ဝမ်၏အမူအရာကို သဘောပေါက်သဖြင့် ပြုံးလိုက်သည်။

"လက်ရှိ အမှာစာတွေအတွက်ပဲဆိုရင်တော့ ခြံက ထွက်သလောက်နဲ့ လုံလောက်ပါတယ်။ ဒါပေမဲ့ သခင်လေးလျန်နဲ့ တတိယသခင်ကျိုးတို့ ပေးတဲ့ အမှာစာတွေက တောက်လျှောက် တက်လာနေတာ။ ဒီအတိုင်းသာ ဆက်သွားရင် ခြံ ၁၂ ခုတည်းနဲ့ ရေရှည်မှာ တောင့်ခံနိုင်မှာ မဟုတ်ဘူး။

ငရုတ်သီး ထုတ်ကုန်တွေက အခုမှ ဈေးကွက်ထဲ စဖြန့်တာမလို့ ဈေးကွက်ဖွံ့ဖြိုးစ အဆင့်ပဲ ရှိသေးတယ်။ နောက်ပိုင်း ဈေးကွက် သက်တမ်းရင့်လာတဲ့အခါကျရင် ကျွန်မတို့ သာ့ယန်တိုင်းပြည်တစ်ခုလုံးရဲ့ နေ့စဉ် ငရုတ်သီးစားသုံးမှု ပမာဏက ခန့်မှန်းလို့ရမှာ မဟုတ်တော့ဘူး"

"ဒါဆို ဘယ်လိုလုပ်ကြမလဲ"

အန်းယန်ဝမ် နားထောင်ရင်း စိတ်လှုပ်ရှားလာကာ လင်းရှောင်ယွဲ့ကို မေးလိုက်သည်။

လင်းရှောင်ယွဲ့၏မျက်ဝန်းများ တောက်ပသွားပြီး အန်းယန်ဝမ်ကို ကြည့်လိုက်သည်။

"ချင်းရှီမြို့ကို ငရုတ်သီး၊ မုန်ညင်းဖြူနဲ့ ကန်စွန်းဥထွက်ရှိရာ ဒေသတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလို့ပါ။ ငရုတ်သီး ထုတ်ကုန်တွေနဲ့ သက်ဆိုင်တဲ့ အလုပ်ရုံတွေကနေတစ်ဆင့် အပြင်က ငရုတ်သီးတွေကို ဒိုင်ခံဝယ်မယ်။ ပြီးတော့မှ ငရုတ်သီးကုန်ချောအဖြစ် ပြန်ထုတ်ပြီး တစ်နိုင်ငံလုံးကို တင်ပို့ရောင်းချမှာပါ"

အန်းယန်ဝမ် စိတ်လှုပ်ရှားသွားသည်။

"ချင်းရှီမြို့က ပြည်သူတွေကို ငရုတ်သီး၊ မုန်ညင်းဖြူနဲ့ ကန်စွန်းဥတွေချည်း စိုက်ခိုင်းမလို့လား"

သူ ကြားလိုက်ရသည့် စကားကို မှားကြားလေသလားဟုပင် သံသယဝင်သွားသည်။

ငရုတ်သီးက လျိုမိသားစုတစ်ခုတည်းမှာပဲရှိတာ မဟုတ်ဘူးလား။ လျှို့ဝှက်ချက် မပေါက်ကြားစေဖို့ အပြင်လူတွေကို အမြဲတမ်း သတိထားနေခဲ့တာလေ။

"ဟုတ်ပါတယ်"

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

"ငရုတ်သီးတွေ ရောင်းအားကောင်းလာတာနဲ့အမျှ ငရုတ်သီးမျိုးစေ့က မကြာခင် အပြင်ကို ရောက်သွားမှာပါပဲ။ နောက်ပိုင်းကျရင် ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေပေါ်လာပြီး ငရုတ်သီးကုန်ချောဈေးနှုန်းတွေလည်း တဖြည်းဖြည်း ကျလာလိမ့်မယ်။ အဲ့ဒီလို ဖြစ်လာမယ့်အစား ကျွန်မတို့ဘာသာ အချိန်ကိုက် လှုပ်ရှားပြီး ကုန်ထုတ်လုပ်မှုပမာဏ ကြီးမားတဲ့ အားသာချက်ကိုယူပြီး ကုန်ကျစရိတ်ကို လျှော့ချမယ်၊ ဈေးနှုန်းကို ဦးအောင်ချမယ်၊ ဒါဆိုရင် ပြိုင်ဘက်တွေ ဝင်မလာနိုင်အောင် တားဆီးပြီးသား ဖြစ်သွားလိမ့်မယ်"

ပြိုင်ဘက်တွေအနေနဲ့ အမြတ်မများမှန်း မြင်ရင် သဘာဝကျကျပဲ ဝင်ရောက်ယှဉ်ပြိုင်ချင်စိတ် ရှိတော့မည် မဟုတ်ပေ။

လင်းရှောင်ယွဲ့၏ပါးစပ်မှ ထွက်လာသော ဝေါဟာရအသစ်များကို တစ်လုံးပြီးတစ်လုံး ကြားလိုက်ရသောအခါ အန်းယန်ဝမ်မှာ နားမလည်သလိုလိုနှင့် အထင်ကြီးလေးစားမိသလို ခံစားလိုက်ရသည်။

လင်းရှောင်ယွဲ့သည် စိတ်ရှည်လက်ရှည်ပင် သူမ ဆိုလိုရင်းကို ရှင်းလင်းလွယ်ကူသော စကားလုံးများဖြင့် အန်းယန်ဝမ်အား ထပ်မံရှင်းပြလိုက်သည်။

အန်းယန်ဝမ် နားထောင်ပြီးသောအခါ သူ့ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ စီးပွားရေးဆိုတာ ဒီလိုလုပ်လို့လည်း ရတာပဲလား။

"ချင်းရှီမြို့က ပြည်သူတွေက ငရုတ်သီး၊ မုန်ညင်းဖြူနဲ့ ကန်စွန်းဥတွေကို အများအပြား စိုက်ပျိုးကြမယ်။ သီးနှံတွေ ထွက်လာရင် စက်မှုဇုန်ကို တိုက်ရိုက်လာရောင်းကြမယ်။ စက်မှုဇုန်ထဲက အလုပ်ရုံအသီးသီးက ဝယ်ယူရရှိတဲ့ သီးနှံတွေကို သက်ဆိုင်ရာ ကုန်ချောအဖြစ် ထုတ်လုပ်ပြီး ကုန်သည်တွေကို ပြန်ရောင်းမယ်။ ကုန်သည်တွေကတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ချီရောင်းချမယ်။ ဒီလိုဆိုရင် ပြီးပြည့်စုံတဲ့ ထောက်ပံ့ရေးကွင်းဆက်ကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။

အိမ်မှာ လယ်စိုက်တဲ့ ပြည်သူတွေက လယ်ထွက်ကုန်တွေ ရောင်းချပြီး အကျိုးအမြတ်ရမယ်။ မြေမရှိတဲ့သူတွေ ဒါမှမဟုတ် အိမ်မှာ လုပ်အားပိုနေတဲ့ မိသားစုတွေကျတော့ အလုပ်ရုံမှာ ဝင်လုပ်ပြီး လုပ်ခလစာရမယ်။ ရေရှည်ကျတော့ ပြည်သူတွေလက်ထဲမှာ ငွေရွှင်လာပြီး စားဝတ်နေရေးလည်း သေချာပေါက် ပိုအဆင်ပြေလာမှာပါ။ တစ်ချိန်တည်းမှာပဲ စက်မှုဇုန် တည်ထောင်လိုက်တာကြောင့် လူဦးရေအများအပြား တစ်နေရာတည်းမှာ စုစည်းလာပြီး တခြားဆက်စပ်စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်အကိုင်တွေလည်း ပိုမို ပေါ်ပေါက်လာလိမ့်မယ်"

အန်းယန်ဝမ် နားမလည်သည်ကို မြင်သောအခါ လင်းရှောင်ယွဲ့က ဆက်ပြောသည်။

"အလုပ်ရုံကြီးတွေ အများကြီး စက်မှုဇုန်မှာ စုစည်းနေတော့ စီးပွားရေးခေါင်းရှိတဲ့လူတွေက သူတို့နည်းသူတို့ဟန်နဲ့ အလုပ်ရုံအသီးသီးကနေ ကုန်ပစ္စည်းတွေကို လက်ကားဈေးနဲ့ အများအပြား ဝယ်ယူပြီး အပြင်မှာ ပြန်ရောင်းလို့ရတယ်။ စက်မှုဇုန်ရဲ့ အချက်အချာကျတဲ့ နေရာကို အခွင့်ကောင်းယူပြီး စက်မှုဇုန်အပြင်ဘက်မှာ ဆိုင်ဖွင့်ကာ အလုပ်ရုံကနေ ဈေးပေါပေါနဲ့ ရထားတဲ့ ပစ္စည်းတွေကို ပြင်ပပေါက်ဈေးထက် လျှော့ပြီး ပြန်ရောင်းလို့ရတာပေါ့"

အန်းယန်ဝမ် မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့က ပြုံးပြီး ဆက်ပြောသည်။

"ကြားထဲမှာ အမြတ်မရှိဘူးလို့ ဝမ်ရယ် မထင်လိုက်နဲ့နော်။ စက်မှုဇုန်သာ ဖြစ်လာခဲ့ရင် ချင်းရှီမြို့က ငရုတ်သီး၊ မုန်ညင်းဖြူနဲ့ ကန်စွန်းဥ မြို့တော် ဖြစ်လာလိမ့်မယ်။ အလုပ်ရုံတွေအနေနဲ့ ကုန်ကြမ်းနဲ့ လူအင်အား လုံလောက်သွားလို့ လည်ပတ်ပြီဆိုတာနဲ့ အလုပ်ရုံတစ်ရုံတည်းမှာတင် အလုပ်သမား ထောင်ချီ ခန့်ထားနိုင်တယ်။ အလုပ်သမားများရင် ထွက်ကုန်များမယ်။ ကုန်ထုတ်လုပ်မှု စီမံခန့်ခွဲရ လွယ်ကူစေဖို့အတွက် အဲ့ဒီကျရင် အလုပ်ရုံအနေနဲ့ လက်ကားဒိုင်ကြီးတွေကိုပဲ ရောင်းဖို့ စဉ်းစားတော့မှာ။ ပြီးတော့ အဆင့်လိုက် ဈေးနှုန်းသတ်မှတ်ခြင်း စနစ်ကို ကျင့်သုံးလိမ့်မယ်"

အန်းယန်ဝမ် နားမလည်သည့်ပုံ ဖြစ်နေပြန်၍ လင်းရှောင်ယွဲ့က ဆက်ပြောပြန်သည်။

"အဆင့်လိုက် ဈေးနှုန်းဆိုတာက များများဝယ်လေ ဈေးသက်သာလေဆိုတဲ့ သဘောပါ။

ဥပမာ - ငရုတ်နှစ်ဘူး ၅၀၀၀ မှာယူတဲ့ အမှာစာတစ်ခုအတွက် အလုပ်ရုံက တစ်ဘူးကို ၆ ပြားနဲ့ ဈေးဖွင့်မယ်ဆိုပါစို့။ တကယ်လို့ အမှာစာကို ဘူး ၁၀၀၀၀ အထိ တိုးမြှင့်လိုက်ရင် အလုပ်ရုံက ၅ ပြားဈေးနဲ့ ရောင်းပေးတာမျိုးပေါ့။ ဒါကို အလုပ်ရုံရဲ့ 'အမြတ်နည်းနည်းနဲ့ အရောင်းသွက်' ပုံစံလို့လည်း နားလည်လို့ရပါတယ်"

အန်းယန်ဝမ် ခေါင်းညိတ်လိုက်သည်။

"တစ်ချိန်တည်းမှာပဲ အလုပ်ရုံက ပမာဏများများနဲ့ ထွက်ကုန်များများ ထုတ်လုပ်တာဖြစ်လို့ ငရုတ်နှစ်ဘူး ၅၀၀၀ အောက် အမှာစာတွေကို အလုပ်ရုံအနေနဲ့ လက်ခံမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ တချို့ကုန်သည်တွေကျတော့ ငွေကြေးအင်အား အကန့်အသတ်ရှိလို့ အများအပြား ဝယ်ချင်ပေမယ့် အမှာစာပမာဏက ဘူး ၅၀၀၀ မပြည့်နိုင်ဘူး ဖြစ်နေတတ်တယ်။ အဲ့ဒီအချိန်ကျရင် စက်မှုဇုန်အပြင်ဘက်မှာ ဆိုင်ဖွင့်ထားတဲ့ လက်ကားသမားတွေ အကျိုးအမြတ်ရမယ့် အချိန်ပဲ"

အန်းယန်ဝမ်ကို တစ်ချက်ကြည့်ပြီး လင်းရှောင်ယွဲ့ ဆက်ပြောသည်။

"ဥပမာ - ကုန်သည်တစ်ယောက်က ငရုတ်နှစ်ဘူး ၅၀၀ လိုချင်တယ်။ အလုပ်ရုံက မရောင်းဘူး။ လက်ကားသမားက သူတို့ အလုပ်ရုံကနေ အများအပြား ဝယ်ထားတဲ့ ကုန်ပစ္စည်းတွေကို တစ်ဘူး ၈ ပြား၊ ဒါမှမဟုတ် ၉ ပြားနဲ့ အဲ့ဒီကုန်သည်ကို ပြန်ရောင်းလို့ရတယ်။ ငရုတ်နှစ်ရဲ့ ဈေးကွက်ပေါက်ဈေး (လက်လီဈေး) က ၁၀ ပြားကျော် ရှိနိုင်တယ်။ ဒီတော့ လက်ကားသမားရော ကုန်သည်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိသွားတာပေါ့"

"တစ်ဆင့်ခံ ရောင်းတာလား"

အန်းယန်ဝမ် မေးလိုက်သည်။

"ဟုတ်ပါတယ်"

လင်းရှောင်ယွဲ့ ခေါင်းညိတ်သည်။

"ဒါပေမဲ့ ဒီလိုဆိုရင် လက်ကားသမားလက်ထဲမှာ ပစ္စည်းသောင်တင်နေရမှာပေါ့။ တကယ်လို့များ အမှာစာနည်းနည်းပဲ မှာမယ့် ကုန်သည်တွေကို ရှာမတွေ့ခဲ့ရင် ပိုနေတဲ့ ပစ္စည်းတွေက သူတို့လက်ထဲမှာပဲ ပုပ်သိုးကုန်ဆုံးရှုံးရမှာ မဟုတ်ဘူးလား"

အန်းယန်ဝမ် သံသယဖြစ်စွာ မေးလိုက်သည်။

လင်းရှောင်ယွဲ့ ပြုံးလိုက်သည်။

"မဖြစ်နိုင်ပါဘူး။ စက်မှုဇုန် နာမည်ကြီးလာတာနဲ့အမျှ၊ ပြီးတော့ စက်မှုဇုန်က ချင်းရှီဆိပ်ကမ်းနဲ့လည်း နီးတော့ အဲ့ဒီအချိန်ကျရင် နာမည်ကြားပြီး ရောက်လာမယ့် ကုန်သည်တွေ အများကြီး ရှိလာလိမ့်မယ်။ အဲ့ဒီလူတွေက ဒီလက်ကားသမားတွေရဲ့ ပစ်မှတ်တွေပဲ။ ပြီးတော့ ဒီလို လက်ကားသမားမျိုးက တစ်ဆိုင်တည်း ရှိမှာမှ မဟုတ်တာ။ လက်ကားသမားတွေ အချင်းချင်း ပေါင်းပြီး အလုပ်ရုံကနေ ကုန်ပစ္စည်း ထုတ်လို့ရတယ်။ စွန့်စားရမှုကို မျှဝေခံစားလို့ရတယ်။

ငွေကြေးအင်အား တောင့်တင်းတဲ့ လက်ကားသမားတချို့ဆိုရင် အလုပ်ရုံဘက်က သူတို့နဲ့ လက်တွဲရတာ ပိုအဆင်ပြေတယ်လို့ ယူဆပြီး အထူးအခွင့်အရေးနဲ့ သူတို့ရဲ့ အမှာစာအသေးလေးတွေကိုပါ လက်ခံပေးတာမျိုးလည်း ရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့က အမှာစာတင်တဲ့ အကြိမ်ရေ စိပ်တယ်လေ။ တစ်လကို အကြိမ်ရေများများ မှာမယ်ဆိုရင် စုစုပေါင်းလိုက်တဲ့အခါ အမှာစာကြီးကြီးသမားတွေထက် မလျော့ဘူး ဖြစ်နေနိုင်တာကိုး"

အန်းယန်ဝမ် ခေါင်းညိတ်လိုက်ပြီး နားလည်ကြောင်း ပြသသည်။

သို့သော် မျက်နှာထားက သိပ်မကောင်းလှပေ။ လက်ကားသမားများ၏လုပ်ရပ်ကို သိပ်ဘဝင်မကျသည့်ပုံ ပေါ်နေသည်။

လင်းရှောင်ယွဲ့သည် အန်းယန်ဝမ်၏စိတ်ကို နားလည်သော်လည်း ပြုံးသာ ပြုံးနေလိုက်သည်။

"ကိစ္စတိုင်းမှာ ဘက်နှစ်ဖက် ရှိပါတယ်။ တကယ်တော့ ဒီလိုလက်ကားသမားတွေ ရှိနေတာက အလုပ်ရုံအတွက် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်"

အန်းယန်ဝမ် နားမလည် ဖြစ်သွားသည်။

"ကျွမ်းကျင်တဲ့အလုပ်ကို ကျွမ်းကျင်တဲ့လူဆီ လွှဲပေးလိုက်တာပါ။ ဒီလက်ကားသမားတွေက အလုပ်ရုံအသီးသီးရဲ့ အရင်းအမြစ်တွေကို စုစည်းပြီး ကုန်သည်အသေးလေးတွေနဲ့ သီးသန့် လက်တွဲလုပ်ကိုင်နိုင်တယ်။ ဒါ သူတို့ရဲ့ စွမ်းရည်ပဲ။ အလုပ်ရုံဘက်ကကျတော့ ကုန်သည်အသေးစားတွေနဲ့ လက်တွဲဖို့အတွက် အလုပ်ရုံရဲ့ပမာဏက ကြီးလွန်းနေတယ်။ ကုန်သည်အသေးစားတွေရဲ့ တောင်းဆိုချက်တချို့ကို လိုက်လျောဖို့က အလုပ်ရုံအတွက် တော်တော်ခက်ခဲတယ်။ ဥပမာ - ကုန်သည်အသေးစားတချို့က အပြင်ထုပ်ပိုးပုံ ပြောင်းချင်တာတို့၊ သေတ္တာထုပ်ပိုးပုံနဲ့ ပတ်သက်ပြီး အထူးတောင်းဆိုချက် ရှိတာမျိုးတို့ပေါ့။ အလုပ်ရုံက လူများပြီး အလုပ်ရှုပ်တော့ ဒါတွေကို လုံးဝ ဂရုမစိုက်နိုင်ဘူး။

လက်ကားသမားတွေကျတော့ ကုန်ပစ္စည်း ထုတ်လုပ်စရာ မလိုဘူးလေ။ အလုပ်ရုံကနေ ပစ္စည်းရပြီဆိုတာနဲ့ ကုန်သည်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ကုန်ပစ္စည်းတွေကို ဒုတိယအကြိမ် ပြုပြင်မွမ်းမံဖို့ အချိန်ပေးနိုင်တယ်။ ကုန်ကျစရိတ် ကိုက်ညီမယ်ဆိုရင် လက်ကားသမားက ဆိပ်ကမ်းက သင်္ဘောတွေနဲ့ ရင်းနှီးအောင်လုပ်ပြီး ကုန်သည်တွေ အိမ်အရောက်ပို့ဆောင်ပေးတာမျိုးတောင် လုပ်ပေးနိုင်သေးတယ်။ ဒါမှ ဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်မှာကိုး။

ဒါတွေက အလုပ်ရုံဘက်က မလုပ်ပေးနိုင်တဲ့ အရာတွေပါ။ တစ်နည်းပြောရရင် လက်ကားသမားတွေသာ မရှိရင် ဒီကုန်သည်တွေ အလုပ်ရုံကို တိုက်ရိုက်ရောက်လာကြမယ်။ အလုပ်ရုံက သူတို့လိုအပ်တာကို မလုပ်ပေးနိုင်မှန်း သိသွားရင် အရောင်းအဝယ် ပျက်သွားနိုင်တယ်။ ဒီလက်ကားသမားတွေ ရှိနေလို့သာ အလုပ်ရုံနဲ့ ဒီကုန်သည်တွေကြားမှာ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုနဲ့ အရောင်းအဝယ် ဖြစ်မြောက်သွားစေတာပါ"

အန်းယန်ဝမ် ကြောင်အသွားသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့က ပြုံး၍ ဆက်ပြောသည်။

"တကယ်တော့ သူများက ကိုယ့်ကို အသုံးချပြီး ဘယ်လောက် အမြတ်ထုတ်သွားလဲဆိုတာ စဉ်းစားနေစရာ မလိုပါဘူး။ တစ်ဖက်လူက ကိုယ့်ကို ပေးတဲ့ အကျိုးကျေးဇူးက လုံလောက်ရဲ့လား၊ ရလိုက်တဲ့ အကျိုးအမြတ်က ဆုံးရှုံးမှုထက် ပိုများရဲ့လား ဆိုတာပဲ စဉ်းစားရမှာ။ အလုပ်ရုံအနေနဲ့ကတော့ အမှာစာမပြတ်ဘဲ အဆင့်လိုက် ဈေးနှုန်းအတိုင်း ရောင်းရပြီး မြတ်နေသရွေ့ အဆင်ပြေတာပါပဲ။ တကယ်လို့ စိတ်ထဲမှာ ဘဝင်မကျ ဖြစ်နေတုန်းဆိုရင်လည်း လက်ကားသမားတွေ လုပ်နေတာကို မသိချင်ယောင်ဆောင်ထားလိုက်ပေါ့။ တစ်ဖက်လူကို ငွေကြေးအင်အားရှိတဲ့ ကုန်သည်တစ်ယောက်အနေနဲ့ပဲ သဘောထားလိုက်ရင် ပြီးတာပဲ။ တစ်ဖက်လူက ငွေကြေးအင်အားရှိတဲ့ သာမန်ကုန်သည်တစ်ယောက်ပဲ ဖြစ်နေမှတော့ အလုပ်ရုံက ဘာကိစ္စနဲ့ ငြင်းပယ်ရမှာလဲ။ အလုပ်ရုံရဲ့ တခြားဖောက်သည်တွေထဲမှာလည်း ဒီလို လက်ကားသမားမျိုးတွေ ရှိကောင်းရှိနိုင်တာပဲ။ သူတို့က နယ်ဝေးမှာ လက်ကားပြန်ဖြန့်တာမလို့ အလုပ်ရုံက မသိတာပဲ ဖြစ်မှာပါ"

အန်းယန်ဝမ် ပညာရလိုက်သလို ခံစားလိုက်ရသည်။

လင်းရှောင်ယွဲ့ သူ့ကို ပြောနေသည့် စကားများသည် အလုပ်ရုံနှင့် လက်ကားသမားကြားက ကိစ္စတစ်ခုတည်းကို ရည်ရွယ်သည် မဟုတ်လောက်ဟု ခံစားမိသည်။

လင်းရှောင်ယွဲ့က အန်းယန်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး မကြာမီ ဆက်ပြောပြန်သည်။

"အဲ့ဒီအချိန်ကျရင် စက်မှုဇုန်ထဲမှာ အလုပ်ရုံတွေ များလာတာနဲ့အမျှ လက်ကားသမားတွေရဲ့ ဆိုင်ခန်းတွေက လမ်းတစ်လမ်းစာလောက်တောင် ဖြစ်လာနိုင်တယ်။"

"အင်း... လက်ကားဈေးကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာနိုင်တယ်လို့လည်း ပြောလို့ရတယ်" လင်းရှောင်ယွဲ့က ရယ်မောပြောဆိုလိုက်သည်။

အန်းယန်ဝမ် မျက်ဝန်းများ လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်သည်။ တကယ်ပဲ အဲဒီလို ဖြစ်လာနိုင်ခြေ ရှိသည်။

"ပြီးတော့ စက်မှုဇုန်ထဲမှာ အလုပ်သမားတွေ များလာရင် စားဝတ်နေရေးအတွက် လိုအပ်လာမယ်။ စက်မှုဇုန်အပြင်ဘက်မှာ လမ်းဖောက်တာ၊ ဆိုင်ခန်းဆောက်တာမျိုး လုပ်ရင်လည်း အရောင်းအဝယ် ကောင်းမယ့်ပုံပဲ"

အန်းယန်ဝမ် ကြောင်သွားပြီး စိတ်လှုပ်ရှားသွားသည်။

လမ်းဖောက်တာ၊ ဆိုင်ခန်းဆောက်တာတွေက နန်းတော်က ဦးစီးပြီး လုပ်ရမည့် ကိစ္စများဖြစ်သည်။ ဒါတွေ ဆောက်လုပ်ဖို့အတွက် ကနဦး ရင်းနှီးမြှုပ်နှံမှုကတော့ မနည်းလှပေ။ သို့သော် ဆောက်လုပ်ပြီးစီးပါက ဆိုင်ခန်းများ ရောင်းချ၍ ငွေရှာနိုင်သည်။ နောက်ပိုင်း အခွန်အခများလည်း ဆက်တိုက် ရရှိနေဦးမည်။

ဘယ်လိုပဲ တွေးတွေး ကောင်းသော ကိစ္စတစ်ခုပင်။

လင်းရှောင်ယွဲ့ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး "ဝမ်ရယ်... ကျွန်မရဲ့ အကြံအစည်က အဆင်ပြေရဲ့လားဟင်" ဟု အန်းယန်ဝမ်ကို မေးလိုက်သည်။

အရင်က သူမ၏အစီအစဉ်မှာ အစ်မ နေရာရွေးပြီးမှ သူမကိုယ်တိုင် ခရိုင်ဝန်နှင့် သွားရောက်ဆွေးနွေးရန် ဖြစ်သည်။ ယခု အန်းယန်ဝမ်က မေးလာသဖြင့် ဒီပုဂ္ဂိုလ်နှင့် တိုက်ရိုက်ဆွေးနွေးလိုက်ခြင်းက ရလဒ်ပိုကောင်းစေလိမ့်မည်။

"ကောင်းတယ်။ သခင်မလေးလင်းက တကယ်ကို စီးပွားရေး ပါရမီရှင်တစ်ယောက်ပဲ"

အန်းယန်ဝမ်က ပြုံး၍ ခေါင်းညိတ်ကာ ချက်ချင်းပင် အပြုသဘောဆောင်သော အဖြေကို ပေးလိုက်သည်။

လင်းရှောင်ယွဲ့ မျက်လုံးများ အရောင်တောက်သွားသည်။

"ဒါဆို စက်မှုဇုန် တည်ဆောက်ရေး ကိစ္စက..." သူမ စကားစလိုက်သည်။

အန်းယန်ဝမ် ကြောင်သွားသည်။

"ဒီကိစ္စကို ငါ ခွင့်ပြုလိုက်ပြီ။ ပြန်ရောက်ရင် ခရိုင်ဝန်ကို အသိပေးဖို့ လူလွှတ်လိုက်မယ်။ နောက်ပိုင်း လိုအပ်တဲ့အကူအညီရှိရင် သခင်မလေးလင်းအနေနဲ့ ခရိုင်ဝန်နဲ့ တိုက်ရိုက်ချိတ်ဆက်လို့ ရပြီ" ပြတ်သားစွာ ပြောလိုက်သည်။

တိုင်းပြည်နှင့် ပြည်သူအတွက် အကျိုးရှိမည့် ဤကဲ့သို့သော ကိစ္စကောင်းကို သူ ဘယ်လိုလုပ် ခွင့်မပြုဘဲ နေပါ့မလဲ။

နှမြောစရာကောင်းသည်မှာ သာ့ယန်တွင် သခင်မလေးလင်းက တစ်ယောက်တည်းသာရှိပြီး ချင်းရှီမြို့ကလည်း တစ်မြို့တည်းသာ ရှိခြင်းပင်။

သို့သော် သခင်မလေးလင်းက သူ့ကို လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်သလို ဖြစ်သွားသည်။ နောက်ပိုင်းတွင် သူသည် ချင်းရှီမြို့မှစက်မှုဇုန်ကို ရှေ့ပြေးစမ်းသပ်မှုတစ်ခုအနေဖြင့် စောင့်ကြည့်လေ့လာနိုင်သည်။ အကယ်၍ စက်မှုဇုန် တကယ်ဖွံ့ဖြိုးလာပြီး ချင်းရှီမြို့၏ စီးပွားရေးကို မြှင့်တင်နိုင်သည်ဆိုပါက အတုယူစရာ တန်ဖိုးရှိသွားပြီဖြစ်သည်။

လင်းရှောင်ယွဲ့သည် သူမ၏လုပ်ရပ်ကြောင့် နောက်ပိုင်းတွင် သာ့ယန်သည် စီးပွားရေးကို ဦးစားပေးလာပြီး သာ့ယန်၏ဘက်စုံအင်အားမှာ အချိန်တိုအတွင်း များစွာ တိုးတက်လာလိမ့်မည်ဟူသော အချက်ကို ယခုအချိန်တွင် မသိရှိသေးပေ။

"ကျေးဇူးတင်ပါတယ် ဝမ်ရယ်။"

လင်းရှောင်ယွဲ့ အလျင်အမြန် လက်သီးဆုပ်ဂါရဝပြုကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

အန်းယန်ဝမ် ပြုံးလိုက်ပြီး လင်းရှောင်ယွဲ့ကို အားနာမနေရန် ပြောလိုက်သည်။

ထို့နောက် အန်းယန်ဝမ်သည် လက်ရှိ တစ်နိုင်ငံလုံး အစာရေစာ ရှားပါးနေသည့် ကိစ္စနှင့် ပတ်သက်၍ လင်းရှောင်ယွဲ့၏အမြင်ကို မေးမြန်းလိုက်သည်။

"မနှစ်က ယွင်ကျိုး ရေကြီးတုန်းက ဘေးဒုက္ခ ဆိုးရွားခဲ့တယ်။ အခုမှ နောက်ဆက်တွဲ ပြဿနာတွေ အတော်အတန် ငြိမ်သက်သွားတာ။ ဒါပေမဲ့ စစ်ပွဲကြီး တစ်ပွဲကြောင့် သာ့ယန်က စစ်သည်တွေ၊ ဗိုလ်တွေ ဆုံးရှုံးရပြီး မြို့တွေ လက်လွှတ်လိုက်ရတာအပြင် ရိက္ခာတွေလည်း အများကြီး ပေးလိုက်ရသေးတယ်။ အခု တိုင်းပြည်တစ်ခုလုံး ရိက္ခာပြတ်လပ်နေတယ်"

အန်းယန်ဝမ်က ဤနေရာအရောက်တွင် မျက်နှာတစ်ခုလုံး စိုးရိမ်ပူပန်မှုများ ဖုံးလွှမ်းသွားသည်။

"နောက်လဆို ဆောင်းဝင်တော့မယ်။ ဒီဆောင်းရာသီမှာ ပြည်သူတွေရဲ့ နေ့ရက်တွေက ခက်ခဲကြတော့မှာပဲ"

လင်းရှောင်ယွဲ့က အန်းယန်ဝမ်ကို ကြည့်လိုက်ရာ သူ့မျက်နှာတွင် ဝမ်းနည်းမှုများ မြင်ရသဖြင့် ပြည်သူတွေအတွက် တကယ် စဉ်းစားပေးနေမှန်း သိလိုက်ရသည်။

"သခင်မလေးလင်းက ဗဟုသုတများတော့ ငါတို့ နန်အန်းခရိုင်အတွက် ဘာများ အကြံပြုချင်တာ ရှိမလဲ"

တစ်လောကလုံးအတွက်တော့ သူ လောလောဆယ် ဘာမှ မလုပ်ပေးနိုင်သေးပေ။ သို့သော် သူသည် နန်အန်းခရိုင်၏ ဘုရင်ခံတစ်ပါးအနေဖြင့် နန်အန်းခရိုင်မှ ပြည်သူများအတွက် တစ်ခုခု လုပ်ပေးချင်သည်။

လင်းရှောင်ယွဲ့ ပြုံးလိုက်သည်။

"ဝမ်ရယ် ပြောသလိုပဲ နောက်တစ်လဆို ဆောင်းဝင်တော့မယ်။ အခုအချိန်မှာ ပြည်သူတွေကို အထွက်နှုန်းကောင်းတဲ့ သီးနှံတွေ စိုက်ခိုင်းရင်တောင် အချိန်မမီတော့ဘူး။ ဒါပေမဲ့ ဒီကိစ္စက သတိပေးခေါင်းလောင်းထိုးလိုက်သလိုပါပဲ"

အန်းယန်ဝမ် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။

"သာ့ယန်က ရာသီဥတု မျှတပြီး မြေဆီလွှာ ကောင်းမွန်တယ်။ အထူးသဖြင့် ကျန်းနန်ဒေသတစ်ဝိုက်က ရိက္ခာအဓိကထွက်တဲ့ ပြည်နယ်တွေလေ။ တကယ်တော့ သီးနှံထွက်နှုန်းကောင်းတဲ့ နှစ်တွေမှာ ကြိုတင်သိုလှောင်မှုတွေ သေချာလုပ်ထားမယ်ဆိုရင် ဘေးဒုက္ခကြုံတဲ့နှစ်တွေမှာ သိပ်ပူစရာ မလိုတော့ဘူး။

နောက်တစ်ခုက အရေးကြီးတဲ့အချိန်မျိုးမှာ ဒေသအသီးသီးက အရက်ချက်စက်ရုံတွေကို ကန့်သတ်ပြီး ကောက်ပဲသီးနှံနဲ့ အရက်ချက်တာကို တားမြစ်လိုက်ရင်လည်း ရိက္ခာအများကြီး သက်သာသွားလိမ့်မယ်"

အန်းယန်ဝမ် ခေါင်းညိတ်လိုက်သည်။

လင်းရှောင်ယွဲ့ စိတ်ထဲတွင် တုံ့ဆိုင်းသွားသည်။

"ဒါ့အပြင် လက်ရှိရှိနေတဲ့ ရိက္ခာတွေအပြင် ကန်စွန်းဥနဲ့ အာလူးတွေကိုလည်း အရေးကြီးတဲ့အချိန်မျိုးမှာ အဓိက အစားအစာအဖြစ် အသုံးပြုလို့ ရပါတယ်"

အန်းယန်ဝမ် ချက်ချင်းပင် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်လေသည်။

***

All Chapters