← Chapters

သူမအတွက် ပိုက်ဆံသုံးခြင်း

Vol. 20 Ch. 417

သူမအတွက် ပိုက်ဆံသုံးခြင်း

Vol. 20 Ch. 417

"ဒီသီးနှံနှစ်မျိုးက အထွက်နှုန်းလည်းကောင်းသလို အရသာလည်း မဆိုးဘူး။ ကန်စွန်းဥနွယ်က ဝက်စာကျွေးလို့ရသလို ဥကိုကျတော့ လူရော တိရစ္ဆာန်ပါ စားလို့ရတယ်။ ပြီးတော့ ကန်စွန်းဥကို ပြုပြင်ထုတ်လုပ်လိုက်ရင် အသားနူးမှုန့်နဲ့ ကြာဇံ လုပ်လို့ရတယ်။ အသားနူးမှုန့်အကြောင်းကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ နောက်ပိုင်း သာ့ယန်မှာ ကန်စွန်းဥစိုက်ပျိုးမှု တွင်ကျယ်လာတာနဲ့အမျှ ပြည်သူတွေ အသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု အမြန်ဖြစ်လာမှာပါ။ ကြာဇံဆိုရင် ဝမ်ရယ်လည်း မြင်ဖူး၊ မြည်းစမ်းဖူးပြီးသားပါ။ စားလိုက်ရင် ဗိုက်ပြည့်လွယ်တော့ အဓိကအစားအစာအနေနဲ့ စားလို့ လုံးဝအဆင်ပြေတယ်။ ပြီးတော့ ကြာဇံကို အခြောက်ခံထားရင် ပေါ့ပါးပြီး သိမ်းဆည်းရတာလည်း လွယ်ကူတယ်"

အန်းယန်ဝမ် ခေါင်းညိတ်လိုက်သည်။

တကယ်တော့ ယခင်ကတည်းက ကြာဇံကို စစ်တပ်ရိက္ခာအဖြစ် အသုံးပြုနိုင်မည့် ဖြစ်နိုင်ချေနှင့် ပတ်သက်ပြီး သူ့ယောက်ဖဖြစ်သူနှင့် ဆွေးနွေးခဲ့ဖူးလေသည်။ ထိုအချိန်က လင်းရှောင်ယွဲ့သည် ကန်စွန်းဥမျိုးစေ့များကို ပေးအပ်ရန်နှင့် ချင်းရှီမြို့မှ ပြည်သူများကို ကန်စွန်းဥ အများအပြား စိုက်ပျိုးခွင့်ပြုရန် သဘောတူခဲ့ပြီးဖြစ်သည်။

ချင်းရှီမြို့မှ ကန်စွန်းဥများ ထွက်ပေါ်လာပြီး အကျိုးအမြတ်ကောင်းသည်ကို တွေ့ရှိပါက နန်းတော်မှ ဝင်ရောက်မစွက်ဖက်လျှင်ပင် ကန်စွန်းဥစိုက်ပျိုးခြင်းသည် အပြင်လောကသို့ လျင်မြန်စွာ ပျံ့နှံ့သွားမည်မှာ အသေအချာပင်။

ထိုသို့ဆိုလျှင် ကန်စွန်းဥသည် သာ့ယန်တစ်ပြည်လုံးသို့ ပျံ့နှံ့သွားမည့်ကိစ္စမှာ အချိန်စောခြင်းနှင့် နောက်ကျခြင်းသာ ကွာခြားပေလိမ့်မည်။

ကုန်ကြမ်းရှိလာပြီဆိုလျှင် သခင်မလေးလင်းအနေဖြင့် အသားနူးမှုန့်နှင့် ကြာဇံလုပ်နည်းကို အပြင်သို့ မထုတ်ပြန်လျှင်ပင် နောက်ပိုင်းတွင် လူတွေက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စမ်းသပ်ရှာဖွေ တွေ့ရှိလာကြပေမည်။

ထို့ကြောင့် ကြာဇံဈေးနှုန်း ကျဆင်းလာမည့်ကိစ္စသည်လည်း အချိန်မရွေး ဖြစ်လာနိုင်သည်။ ထိုအခါ ကြာဇံကို စစ်တပ်ရိက္ခာအဖြစ် အသုံးပြုရန်မှာ ဖြစ်နိုင်ချေ အတော်လေး ရှိလာပြီဖြစ်သည်။

"ကန်စွန်းဥက တကယ်ကို တန်ဖိုးကြီးမားပါတယ်။ ဒီအရာကိုသာ သာ့ယန်တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ခဲ့ရင် နောက်နောင် သာ့ယန်ရဲ့ ရိက္ခာရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်လောက်တယ်"

အနည်းဆုံးတော့ လူတွေ အလွယ်တကူ ငတ်မသေနိုင်တော့ပေ။

အန်းယန်ဝမ်သည် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။

"သခင်မလေးလင်းရဲ့ ဒီလုပ်ရပ်က တိုင်းပြည်နဲ့ ပြည်သူကို ကယ်တင်လိုက်တာပါပဲ" ပြောပြီးသည်နှင့် လင်းရှောင်ယွဲ့ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

လင်းရှောင်ယွဲ့ အလျင်အမြန် ပြန်လည်ဂါရဝပြုလိုက်သည်။

"ဝမ်ရယ် ပြောတာ များလွန်းပါပြီ။ ကန်စွန်းဥကို သာ့ယန်တစ်နိုင်ငံလုံး ပျံ့နှံ့အောင်လုပ်ဖို့က မလွယ်ကူပါဘူး။ ဒီကိစ္စက နန်းတော်က ရှေ့ထွက်ပြီး လုပ်မှ ရမှာပါ။ ဒါပေမဲ့ အန်းယန်ခရိုင်အတွင်းမှာတော့ ဝမ်ရယ်က စီမံပိုင်ခွင့်ရှိတာပဲလေ။ ကျွန်မအနေနဲ့ လျိုမိသားစု စက်မှုဇုန်နာမည်နဲ့ အန်းယန်ခရိုင်အတွက် ကန်စွန်းဥမျိုးနဲ့ အာလူးမျိုး ပိဿာချိန် ငါးသောင်းစီ လှူဒါန်းပါရစေ။ ဒါက ကျွန်မရဲ့ တတ်နိုင်သမျှ အင်အားလေးနဲ့ ကူညီတာလို့ သဘောထားပေးပါ"

လင်းရှောင်ယွဲ့က အန်းယန်ဝမ်ကို ထပ်မံ၍ ဂါရဝပြုလိုက်သည်။

စက်မှုဇုန်စီမံကိန်းက အကောင်အထည်ဖော်တော့မည်ဖြစ်၍ ကြိုတင်စီမံမှုအချို့ ပြုလုပ်ထားရန် လိုအပ်နေပြီဖြစ်သည်။

တခြားမဟုတ်လျှင်တောင် အသားနူးမှုန့် အလုပ်ရုံနှင့် ကြာဇံအလုပ်ရုံကို ကြိုတင်ပြင်ဆင်ထားနိုင်သည်။ လာမည့်နှစ် နွေဦးပေါက်လျှင် ကန်စွန်းဥများ စိုက်ပျိုးပြီးဖြစ်၍ သူမ၏ အလုပ်ရုံတွင် ကန်စွန်းဥ ပြတ်လပ်မည်ကို ပူစရာမလိုတော့ပေ။

လောလောဆယ် ကန်စွန်းဥကြာဇံကို လျန်မိသားစုကိုသာ ပို့ပေးနေရသဖြင့် လိုအပ်ချက်မှာ သိပ်မကြီးမားလှပေ။

သို့သော် ယခုလို ရိက္ခာရှားပါးနေချိန်နှင့် လာမည့်နှစ်တွင် ကြာဇံသည် သူမကို ငွေအမြောက်အမြား ရှာဖွေပေးနိုင်မည်မှာ သေချာသည်။

ထို့အပြင်...

လင်းရှောင်ယွဲ့ အန်းယန်ဝမ်ကို မကြည့်ဘဲ မနေနိုင်ဖြစ်သွားသည်။

လာမည့်နှစ်တွင် နယ်စပ်၌ စစ်မီး ပြန်လည်တောက်လောင်လာနိုင်သည်။ အခြေအနေဆိုးဝါးပါက အန်းယန်ဝမ်သည် မြို့တော်သို့ စစ်ချီတက်လာနိုင်သည်။ ထိုသို့ဖြစ်လာပါက အန်းယန်ဝမ်သည်လည်း စစ်ရိက္ခာ အမြောက်အမြား လိုအပ်လာလိမ့်မည်။

အန်းယန်ဝမ် မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။

"ဒါဆိုရင် ငါကပဲ အန်းယန်ခရိုင်က ပြည်သူတွေကိုယ်စား သခင်မလေးလင်းကို ကျေးဇူးတင်စကား ပြောပါတယ်"

အန်းယန်ဝမ်က လင်းရှောင်ယွဲ့ကို ပြောလိုက်သည်။

လျိုမိသားစု စက်မှုဇုန်တဲ့လား။ နာမည်ပေးတာတော့ တော်သားပဲ။

ဟုတ်သား၊ အရင်က သူ့ယောက်ဖ ပြောဖူးသည်။ ဒါကို ကြော်ငြာဝင်တာလို့ ခေါ်သည်တဲ့။

ထားလိုက်ပါတော့လေ။ သခင်မလေးလင်းက ကန်စွန်းဥနှင့် အာလူးမျိုးစေ့များကို လှူဒါန်းလိုစိတ် ရှိနေမှတော့ အန်းယန်ခရိုင်အတွက်သာမက တိုင်းသူပြည်သားအားလုံးအတွက်ပါ ကောင်းမွန်သော ကိစ္စရပ်ကြီးတစ်ခု ဖြစ်သည်။

လင်းရှောင်ယွဲ့သည် ယဉ်ကျေးမှုအရ စကားအနည်းငယ် ပြောဆိုတုံ့ပြန်လိုက်သည်။

ထို့နောက် အန်းယန်ဝမ်ကို ခေါ်ဆောင်၍ လျိုအိမ်တော်သို့ ပြန်လာခဲ့သည်။

အန်းယန်ဝမ်သည် လင်းရှောင်ယွဲ့နှင့် စကားပြောရသည်မှာ အကျိုးရှိသည်ဟု ခံစားရသဖြင့် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးလိုသော်လည်း လင်းရှောင်ယွဲ့က ထွက်ခွာသွားလေသည်။

လျိုဝူကျီတို့ မာကျောက်ကစားနေသည်ကို သွားကြည့်နေလေသည်။

အန်းယန်ဝမ်သည် ဇနီးသည်က လှမ်းခေါ်နေသည်ကို မြင်သောအခါ မတတ်သာဘဲ ကစားပွဲဝိုင်းသို့ သွားလိုက်ရသည်။

"အဘိုး နိုင်လား"

လင်းရှောင်ယွဲ့သည် လျိုဝူကျီအနားသို့ ပြုံးဖြီးဖြီးဖြင့် ကပ်သွားပြီး နောက်ပြောင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

လျိုဝူကျီ ပြန်မဖြေရသေးခင်မှာပင် အန်းယန်ဝမ်ဖေးက ဝင်ပြောသည်။

"မနိုင်ဘဲ နေမလား။ မင်းဆရာကြီးက နတ်ဘုရားလို တွက်ချက်နိုင်တာ၊ ကျွန်မလက်ထဲက ဖဲတွေကို မြင်နေရတဲ့အတိုင်းပဲ"

လျိုရှီနှင့် လီဝမ်တို့ကလည်း ထောက်ခံကြပြီး လျိုဝူကျီကို သတိထားသည့်ပုံစံဖြင့် ကြည့်လိုက်ကြသည်။

သူ့မျက်လုံးတွေက ဖောက်မြင်နိုင်သည်ဟု တကယ် သံသယဝင်နေကြသည့်ပုံပင်။

ဒီမြင်ကွင်းကို ကြည့်ပြီး လင်းရှောင်ယွဲ့ရော အန်းယန်ဝမ်ပါ ရယ်မောလိုက်ကြသည်။

"ပေါက်ကရတွေ၊ ငါ့မှာ နတ်မျက်စိပါတာလည်း မဟုတ်ဘူး။ မင်းတို့ မာကျောက်တွေကို ဘယ်လိုလုပ် မြင်ရမှာလဲ"

လျိုဝူကျီက ဟန်ဆောင်ဒေါသထွက်ပြကာ ပြောလိုက်သည်။

"မင်းတို့ဘာသာ ဆွဲတာ၊ ထုတ်တာကို မစဉ်းစားဘဲ ကစားနေကြတာကိုး။ မျက်စိရှင်တဲ့လူဆိုရင် မင်းတို့လက်ထဲ ဘာရှိလဲဆိုတာ ကြည့်တာနဲ့ သိတာပေါ့"

ယခုအချိန်တွင် အဘိုးအိုသည် မင်းဆရာကြီးအိမ်တော်ထဲက ခန့်ညားထည်ဝါသော ပုံစံမျိုး လုံးဝမရှိတော့ဘဲ ချစ်စရာကောင်းသော အဘိုးအိုတစ်ယောက် ဖြစ်နေလေသည်။

"ဟဲဟဲ၊ ဟုတ်ပါတယ် ဟုတ်ပါတယ်။ သမီးလည်း အဘိုး မသမာနည်းသုံးတယ်လို့ မထင်ပါဘူး"

လင်းရှောင်ယွဲ့က ပေါ့ပေါ့ပါးပါးပင် လျိုဝူကျီပခုံးပေါ် လက်တင်လိုက်သည်။

"အဘိုးက မှတ်တာနဲ့ တွက်ချက်တာ တော်လို့ပါ။ တကယ့် အရည်အချင်းစစ်စစ်ပါ။ အမေတို့ အဘိုးကို ရှုံးတာ မနစ်နာပါဘူး" လင်းရှောင်ယွဲ့က ရယ်မောပြောဆိုလိုက်သည်။

လျိုဝူကျီ သဘောကျသွားသည်။

"ယွဲ့အာ ပြောတာ မှန်တယ်။ မင်းတို့ ငါ့ကို မတွက်နိုင်လို့ ရှုံးတာ မနစ်နာဘူး" ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ထို့နောက် မြေးမလေးဘက်သို့ ခေါင်းငဲ့ကြည့်လိုက်သည်။

"လိမ္မာတယ်၊ အဘိုး နိုင်ရင် မြေးနဲ့ ရှောင်ကျစ်ကို မုန့်ကောင်းကောင်း ဝယ်ကျွေးမယ်။"

"ဟီးဟီး၊ ကောင်းတာပေါ့။ ဒါဆို အဘိုး များများနိုင်အောင် လုပ်နော်"

လင်းရှောင်ယွဲ့ မျက်လုံးများ အရောင်လက်သွားပြီး လျိုဝူကျီကိုပင် အားပေးလိုက်သေးသည်။

"ဟားဟား။ ကောင်းပြီ။"

လျိုဝူကျီက ရွှင်မြူးစွာ လက်ခံလိုက်သည်။

သူတို့နှစ်ယောက်၏ အပြန်အလှန်ပြောစကားများကို ကြည့်ရင်း ကျန်လူများမှာ သွားကိုက်ချင်သလို ဖြစ်သွားကြသည်။

ဒီလိုမျိုး သူတို့ရှေ့မှာတင် သူတို့ငွေကို နိုင်အောင်ယူမယ်ပြောနေတာ တကယ်ကောင်းလို့လား။

လင်းရှောင်ယွဲ့ ရောက်လာခြင်းကြောင့် မာကျောက်ဝိုင်းမှာ စည်ကားသွားသည်။ ရယ်သံ၊ ပြောသံများ ခြံဝင်းထဲတွင် ပြည့်နှက်နေသည်။

ညနေစောင်းသောအခါ လျိုဝူကျီ၏ နှမြောတသသ ဖြစ်နေမှုအောက်တွင် မာကျောက်ဝိုင်းသိမ်းလိုက်သည်။

ရလဒ်အနေဖြင့် သုံးအိမ်ရှုံးပြီး တစ်အိမ်နိုင်ကာ မင်းဆရာကြီး တစ်ဦးတည်းသာ အနိုင်ရသူဖြစ်သွားပြီး ငွေစနှစ်ရာကျော် အနိုင်ရရှိသွားသည်။

ငွေစများနှင့် ငွေစက္ကူများကို ရေတွက်ပြီးနောက် မင်းဆရာကြီးသည် ပျော်ရွှင်စွာဖြင့် ငွေများကို သူ့ငွေအိတ်ထဲ ထည့်လိုက်သည်။ သူ့ခမျာ အခုမှပဲ ငွေရှိသောသူ ဖြစ်တော့သည်။

မနက်ဖြန်ကျရင် မြေးမလေးနဲ့အတူ မြို့ပေါ်တက်မယ်။ ပြီးရင် မြေးမလေးနဲ့ မြေးလေးအတွက် ပိုက်ဆံဖြုန်းမယ်။

မာကျောက်ဝိုင်းမခွာသေးသော လူအုပ်ကြီးသည် မင်းဆရာကြီး၏ပုံစံကို မြင်သောအခါ သွားထပ်ကိုက်သွားကြပြန်သည်။

သူတို့ရှေ့က ငွေမက်တဲ့ အဘိုးကြီးက တကယ်ရော မြို့တော်က အထက်စီးဆန်တဲ့ မင်းဆရာကြီး ဟုတ်ရဲ့လား။

လင်းရှောင်ယွဲ့ကတော့ မအံ့သြဘဲ သူမအဘိုး ငွေနိုင်သည်ကို လာရောက်ဂုဏ်ပြုလိုက်သည်။

ချိုသာသောစကားများကြောင့် လျိုဝူကျီ စိတ်နှလုံးချမ်းမြေ့သွားပြီး ငွေ၅စ ထုတ်ကာ လင်းရှောင်ယွဲ့ကို ဆုချလိုက်သည်။

မနက်ဖြန် မြို့ပေါ်လိုက်ခဲ့၊ မောင်နှမနှစ်ယောက်အတွက် သူ ပိုက်ဆံသုံးပေးမည်ဟု ပြောလေသည်။

လင်းရှောင်ယွဲ့ကလည်း "အဘိုးက သိပ်ကောင်းတာပဲ" ဟု ပါးစပ်ကမချ ပြောဆိုကာ ပူးပေါင်းပေးသဖြင့် အဘိုးအို၏မျက်နှာမှာ ပျော်လွန်း၍ ပန်းပွင့်တော့မတတ် ဖြစ်နေသည်။

မကြာမီ လင်းရှောင်ကျစ် ကျောင်းဆင်းပြီး ပြန်ရောက်လာသည်။

သူလည်း အဘိုးဖြစ်သူထံမှ ငွေ၅စ ရလိုက်သည်။

ထို့နောက် အဘိုးက မနက်ဖြန် မြို့ပေါ်တက်ပြီး သူတို့မောင်နှမအတွက် ပိုက်ဆံသုံးပေးမည်ဟု ကြားသောအခါ လင်းရှောင်ကျစ်လည်း အလွန်ပျော်ရွှင်သွားသည်။

အဘိုး၊ အဘိုးဟု တဖွဖွခေါ်ရင်း ချွဲနေသဖြင့် အဘိုးအိုမှာ ပါးစပ်ပင် မစေ့နိုင်တော့ပေ။

အန်းယန်ဝမ်နှင့် ဇနီးသည်မှာ အစပိုင်းတွင် တုန်လှုပ်ခဲ့ကြသော်လည်း ယခုတော့ ကျင့်သားရနေကြပြီဖြစ်သည်။

လျိုအိမ်တော်တွင် ညစာစားပြီးမှ ချင်းရှီမြို့သို့ ပြန်သွားကြသည်။

လျိုအိမ်တော်တွင် မအိပ်ချင်ကြ၍ မဟုတ်ဘဲ လျိုအိမ်တော်တွင် လူများနေသဖြင့် နေရာမလောက်သောကြောင့် ဖြစ်သည်။

........

နောက်တစ်နေ့တွင်။

လျိုဝူကျီ စောစောထသည်။

အားလုံးနှင့်အတူ မနက်စာစားပြီးနောက် လင်းရှောင်ယွဲ့နှင့် လင်းရှောင်ကျစ် မောင်နှမနှစ်ယောက်ကိုခေါ်ကာ မြင်းလှည်းပေါ် တက်လေသည်။

မနေ့ကတည်းက ပြောထားသည့်အတိုင်း ဒီနေ့ ကလေးနှစ်ယောက်ကို မြို့ပေါ်ခေါ်ပြီး ပိုက်ဆံသုံးပေးမည် ဖြစ်သည်။

သူက ကတိမပျက်ပေ။

မြင်းလှည်း ထွက်သည်နှင့် လျိုဝူကျီက ချင်းရှီမြို့တွင် ဘာပျော်စရာ၊ စားစရာကောင်းတာရှိလဲဟု လင်းရှောင်ယွဲ့ကို မေးမြန်းလေသည်။

"ပျော်စရာနေရာတော့ သမီးမသိဘူး။ ဒါပေမဲ့ စားစရာကောင်းတာဆိုရင်တော့ သမီးတို့ရဲ့ ကျင့်ခွိုက်က သရေစာတွေပဲ ဖြစ်မယ်ထင်တယ်"

လင်းရှောင်ယွဲ့က ပြုံး၍ ပြောသည်။

ဒါက သူမကိုယ်သူမ အမွှန်းတင်နေခြင်း မဟုတ်ပေ။ သူမ၏ ကျင့်ခွိုက်ဆိုင်သည် ချင်းရှီမြို့တွင် အတော်လေး နာမည်ကြီးနေပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြသည်။

ကျေးလက်မှ မြို့တက်ပြီး ဈေးဝယ်လာကြသူများပင် အာသီသပြေစေရန်၊ သို့မဟုတ် အိမ်မှ ကလေးများအတွက် မုန့်ဝယ်ရန် ကျင့်ခွိုက်သို့ သွားတတ်ကြသည်။

လျိုဝူကျီ ကြောင်သွားသည်။

လင်းရှောင်ကျစ်ကို လှမ်းကြည့်လိုက်ရာ ကလေးငယ်က ခေါင်းညိတ်ပြသည်။

"ကျင့်ခွိုက်က မုန့်တွေက အိမ်မှာလည်း ရှိသားပဲ။ သွားစားနေလို့ ဘာထူးမှာလဲ။ တခြားဟာ ပြောစမ်းပါ"

လျိုဝူကျီက ပြောလိုက်သည်။

လင်းရှောင်ကျစ်က လင်းရှောင်ယွဲ့ကို ချက်ချင်းလှမ်းကြည့်လိုက်ပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

"တခြားဟာတော့ သမီးလည်း မသိတော့ဘူး"

မြေးအဘိုးနှစ်ယောက် စိတ်ပျက်သွားစေရန် လင်းရှောင်ယွဲ့က ပြောလိုက်သည်။

"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ လျိုအိမ်တော်ရောက်ရင် အိမ်တော်ထိန်းဖန်းတို့ကို မေးကြည့်တာပေါ့။ သိတဲ့လူ ရှိမှာပါ"

ဒီစကားကြားမှ မြေးအဘိုးနှစ်ယောက် မျက်နှာပြန်ကောင်းသွားသည်။

လင်းရှောင်ယွဲ့က လင်းရှောင်ကျစ်ကို လှမ်းကြည့်လိုက်သည်။

"နင့်ရဲ့ ပုံမှန်ရက်ရှည်ခွင့်က တစ်ရက်ပဲ ရတာနော်။ ကြိုပြောထားမယ်၊ ဒီနေ့ အရမ်းပင်ပန်းအောင် မဆော့နဲ့။ မဟုတ်ရင် မနက်ဖြန် အိပ်ရာထနိုင်မှာ မဟုတ်ဘူး"

တိုက်တိုက်ဆိုင်ဆိုင် မနေ့က အဘိုး မာကျောက်နိုင်ပြီး ဒီနေ့ ရှောင်ကျစ် ရက်ရှည်ခွင့်ရခြင်း ဖြစ်သည်။

မဟုတ်လျှင် အဘိုးက ရှောင်ကျစ်ကို မြို့ပေါ်ခေါ်သွားပြီး ဆော့ချင်ရင်တောင် ရမည်မဟုတ်ပေ။

လင်းရှောင်ကျစ် နှုတ်ခမ်းဆူသွားသည်။

"သိပါပြီ အစ်မရဲ့" ဟု ပြန်ဖြေလိုက်သည်။

လျိုဝူကျီက ဒါကိုမြင်တော့ မျက်နှာတည်သွားသည်။

"ကျောင်းပိတ်ရက်ပဲဟာ၊ လွတ်လွတ်လပ်လပ် ဆော့ပါစေ။ မနက်ဖြန်ကိစ္စ မနက်ဖြန်မှ ပြော"

လင်းရှောင်ယွဲ့ ပြန်မပြောရသေးခင် လျိုဝူကျီက လင်းရှောင်ကျစ်ကို ကြည့်ပြီး ထပ်ပြောသည်။

"ပြီးတော့ မြို့ပေါ်က အဲ့ဒီစာသင်ကျောင်းက ရှောင်ကျစ်ကို ဘာတွေများ သင်ပေးနိုင်မှာမို့လို့လဲ။ နောက်ပိုင်း အဘိုး အငြိမ်းစားယူပြီး ရွာပြန်လာရင် ရှောင်ကျစ်ကို ကိုယ်တိုင် သင်ပေးမယ်။ ရှောင်ကျစ်ကို သာ့ယန်ရဲ့ နိုင်ငံ့သားကောင်းရတနာတစ်ပါး ဖြစ်လာအောင် သေချာပေါက်လုပ်ပေးမယ်။"

ပြောပြီးသည်နှင့် လျိုဝူကျီက လင်းရှောင်ကျစ်၏ခေါင်းကို လှမ်းပွတ်လိုက်သည်။

လင်းရှောင်ကျစ်ကလည်း မရှောင်ဘဲ အဘိုးဖြစ်သူ ခေါင်းပွတ်သည်ကို ပျော်ရွှင်စွာ ခံယူနေသည်။

လင်းရှောင်ယွဲ့ ဒါကိုမြင်တော့ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ ပြီးမှ မျက်နှာပြန်တည်လိုက်သည်။

"အဘိုး ရှောင်ကျစ်ကို ချစ်မှန်း သိပါတယ်။ ဒါပေမဲ့ အဘိုးရဲ့ ပညာပေးနည်းလမ်းက သိပ်မဟန်ဘူး။ အဘိုး အငြိမ်းစားယူပြီး ပြန်မလာခင်စပ်ကြား ရှောင်ကျစ်အနေနဲ့ စာသင်ကျောင်း သွားဖို့က လိုအပ်နေတုန်းပဲ။ ပြီးတော့ သူ့အလိုကို ဒီလောက်ထိ လိုက်လျောနေတဲ့ပုံစံနဲ့ သူ့ကို နိုင်ငံ့သားကောင်းရတနာ ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ပါ့မလား"

မြေးမလေး၏ မေးခွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် လျိုဝူကျီ၏အကြည့်များက အနည်းငယ် နာကြည်းချက် ပါသွားသည်။ နာကြည်းချက် အနည်းငယ်သာ ပါသည်ဆိုခြင်းမှာ မြေးမလေးက ပြုံးလျက်သား ပြောနေသောကြောင့် ဖြစ်သည်။ ပြီးတော့ မြေးမ ပြောတာ မှန်တယ်လို့လည်း သူ ထင်မိသည်။

သူသည် သမီးဖြစ်သူအနားတွင် နှစ်ပေါင်းများစွာ မနေပေးနိုင်ခဲ့ခြင်း၊ မြေးမလေးနှင့် မြေးလေးတို့ ကြီးပြင်းလာသည်ကို လွဲချော်ခဲ့ရခြင်းတို့ကြောင့် နောင်တရနေပြီး ယခုမှ အတိုးချကာ ပြန်လည်ပေးဆပ်ချင်နေခြင်း ဖြစ်သည်။

မြေးမလေးကတော့ စရိုက်ပုံဖော်ပြီးပြီဖြစ်၍ သူ အလိုလိုက်လည်း ကိစ္စမရှိပေ။ သို့သော် မြေးလေးက အသက်ငယ်သေးသဖြင့် အလွန်အကျွံ အလိုလိုက်၍ မဖြစ်ပေ။

"အဟမ်း... အဲ့ဒီကျမှပဲ ကြည့်လုပ်ကြတာပေါ့။"

လျိုဝူကျီက နေရခက်စွာ ပြောလိုက်သည်။

"ရှောင်အာ (လီရှောင်) ကိုတောင် ငါ ဒီလောက်တော်အောင် ပျိုးထောင်ပေးနိုင်ခဲ့တာပဲ။ ရှောင်ကျစ်ကျမှ မရစရာလား"

လင်းရှောင်ယွဲ့ကို မျက်စောင်းထိုးကြည့်ပြီး လျိုဝူကျီ ရေရွတ်လိုက်သည်။

ဟွန်း၊ ဒီအဘိုးကြီးကို မေးခွန်းထုတ်ရဲတယ်ပေါ့။ မင်းရဲ့ ချစ်လှစွာသော ခင်ပွန်းက ဒီအဘိုးကြီး ကိုယ်တိုင် လက်သစ်စမ်းပြီး ပျိုးထောင်ပေးလိုက်တာဟေ့။

လင်းရှောင်ယွဲ့သည် ဂုဏ်ယူဝင့်ကြွားနေသော အဘိုးအိုကို ကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

တကယ့်ကို အသက်ကြီးလေ ကလေးဆန်လေပါပဲလား။

......

မကြာမီ ချင်းရှီမြို့သို့ ရောက်ရှိလာသည်။

လျိုဝူကျီသည် မောင်နှမနှစ်ယောက်ကို ခေါ်ပြီး လမ်းမပေါ်တွင် မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် လမ်းလျှောက် ဈေးဝယ်ထွက်ကြသည်။

ဆံပင်ဖြူ ကလေးမျက်နှာနှင့် အဘိုးအိုသည် အဘိုးကြီးအိုပေါက်လေးတစ်ယောက်ကဲ့သို့ လင်းရှောင်ကျစ်ကို ဆွဲကာ နေရာအနှံ့ လျှောက်သွားနေလေသည်။

လမ်းဘေးဈေးသည်များထံမှ မုန့်တွေ့လျှင် ဝယ်သည်၊ အရုပ်တွေ့လျှင်လည်း ဝယ်သည်။ အဓိကအချက်မှာ ဝယ်ပြီးလျှင် သူကိုယ်တိုင် မကိုင်ခြင်းပင်။ ရလဒ်အနေဖြင့် ပစ္စည်းများအားလုံး လင်းရှောင်ယွဲ့လက်ထဲ ရောက်ကုန်သည်။

လမ်းတစ်လမ်းသာ လျှောက်ရသေးသည်၊ လင်းရှောင်ယွဲ့တစ်ယောက် ထိုမြေးအဘိုးနှစ်ယောက်၏အနောက်တွင် ကျန်ရစ်နေခဲ့ပြီဖြစ်သည်။

ထို့အပြင် သူမလက်ထဲတွင် အထုပ်ကြီးအထုပ်ငယ် ပစ္စည်းများ အများအပြား ပါလာသည်။

မြေးအဘိုးနှစ်ယောက် နောက်ထပ်လမ်းတစ်လမ်းသို့ ကူးတော့မည်ကို မြင်လိုက်ရသည်။

လင်းရှောင်ယွဲ့ အလျင်အမြန် အသံပြု၍ နှစ်ယောက်သားကို လှမ်းတားလိုက်သည်။ ထို့နောက် မောမောနှင့် ပြေးလိုက်သွားသည်။

"နေကြပါဦး... အဘိုးတို့နှစ်ယောက် ရပ်လိုက်။"

လျိုဝူကျီနှင့် လင်းရှောင်ကျစ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး အသက်ရှူမဝ ဖြစ်နေသော လင်းရှောင်ယွဲ့ကို လှည့်ကြည့်လိုက်ကြသည်။

"မင်း ခန္ဓာကိုယ်က မသန်မာဘူးပဲ" ဟူသော မျက်နှာထားမျိုး ကိုယ်စီ ဖြစ်နေကြသည်။

ထို့နောက် သူတို့နှစ်ဦး တစ်ဖန်ပြန်ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် မခို့တရို့အပြုံးများ ဖြတ်ပြေးသွားသည်။

သူတို့ကို ဆရာလုပ်ချင်ဦးလေ။

နောက်ဆုံးတွင် မြေးအဘိုးနှစ်ယောက်ရှေ့ ရောက်သောအခါ လင်းရှောင်ယွဲ့သည် အထုပ်ကြီးအထုပ်ငယ်များကို မြေကြီးပေါ် ပစ်ချလိုက်သည်။

"အဘိုးတို့နှစ်ယောက် တော်ကြတော့နော်။"

ထို့နောက် အမောဖြေရင်း သူတို့နှစ်ဦးကို ပြောလိုက်သည်။

အဘိုးရော မြေးပါ လက်စားချေချင်စိတ်ကလည်း ပြင်းလိုက်ကြတာ။

လျိုဝူကျီနှင့် လင်းရှောင်ကျစ် ကြည့်လိုက်ကြပြီးနောက် မြေးအဘိုးနှစ်ယောက် ရယ်မောလိုက်ကြပြန်သည်။

"မင်းရဲ့ခန္ဓာကိုယ်ကို များများ လေ့ကျင့်ပေးသင့်တယ်" လျိုဝူကျီက လင်းရှောင်ယွဲ့ကို ပြောလိုက်သည်။

လင်းရှောင်ယွဲ့ မျက်လုံးမလှန်မိအောင် မနည်းထိန်းလိုက်ရသည်။

"သမီး ခန္ဓာကိုယ်က သန်မာတုန်းပါနော်" စိတ်ဆိုးမာန်ဆိုး ပြန်ပြောလိုက်သည်။

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ လင်းရှောင်ယွဲ့ ထပ်ပြောသည်။

"ရုတ်တရက် သတိရလို့၊ လျိုအိမ်တော်ဘက်မှာ သွားလုပ်စရာ ကိစ္စလေး ရှိနေသေးတယ်။ အဘိုးတို့နှစ်ယောက်တည်း လျှောက်သွားလို့လည်း ရတာပဲ။ နောက်ပိုင်း အဘိုးတို့ဘာသာ စီစဉ်ပြီး လျှောက်သွားကြတော့။ ညနေ ယိုအချိန် (ညနေ ၅ နာရီမှ ၇ နာရီကြား) မတိုင်ခင် လျိုအိမ်တော်ကို လာရှာကြ။ အဲ့ကျမှ အတူတူ အိမ်ပြန်ကြမယ်"

ဟွန်း၊ အစက သူမက စေတနာနှင့် ဒီလူနှစ်ယောက်ကို ချင်းရှီမြို့အနှံ့ လိုက်ပို့ပေးချင်ခဲ့တာ။

အခုတော့ ကောင်းရော၊ အဘိုးရော မြေးပါ ပေါင်းပြီး သူမကို အနိုင်ကျင့်ကြတယ်။ ကောင်းပြီလေ၊ ဒါဆိုရင်လည်း ဒီသခင်မလေး လစ်ပြီ၊ သူတို့ ဘယ်လိုဆော့ချင်ဆော့ကြပါစေတော့။

လင်းရှောင်ကျစ်က လျိုဝူကျီကို ချက်ချင်း လှမ်းကြည့်လိုက်သည်။

ကလေးငယ်က စိတ်ထားဖြူစင်သည်။ ယခုတလော လူကြီးလုပ်ချင်နေသော အစ်မဖြစ်သူ သူတို့နှင့် မလိုက်လျှင် ပိုကောင်းသည်ဟု တွေးနေသည်။

လျိုဝူကျီက ဒါကိုမြင်တော့ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။

"အင်း ကောင်းပြီလေ။ မင်း သွားစရာရှိတာ သွားလုပ်၊ အဘိုးနဲ့ ရှောင်ကျစ်က မင်းအတွက်ပါ လက်ဆောင်ရွေးပေးထားမယ်"

တစ်ခုခုကို သတိရသွားပြီး လျိုဝူကျီ အလျင်အမြန် ထပ်ပြောသည်။

"ဒါပေမဲ့ မြေးသွားရင် ပစ္စည်းတွေကို ဘယ်သူက ကူသယ်ပေးမှာလဲ"

ဒီစကားထွက်လာတော့ လင်းရှောင်ကျစ်လည်း လင်းရှောင်ယွဲ့ကို ချက်ချင်းလှမ်းကြည့်သည်။

သိသာပါသည်၊ ဒီမြေးအဘိုးနှစ်ယောက်၏ မျက်လုံးထဲတွင် သူမ၏အခန်းကဏ္ဍက ပစ္စည်းသယ်ပေးရမည့်သူသာ ဖြစ်သည်။

စိတ်ထဲတွင် အောင့်သက်သက် ဖြစ်သွားပြီး လင်းရှောင်ယွဲ့ အမြန်ထွက်ခွာရန် ပိုမိုဆုံးဖြတ်ချက်ချလိုက်သည်။

"သမီး လျိုအိမ်တော်ကို ပြန်ပြီး လူနဲ့ မြင်းလှည်း လွှတ်လိုက်မယ်။ အဘိုးတို့ ပစ္စည်းဝယ်ပြီးရင် လာတဲ့လူကို သယ်ခိုင်း၊ ဒါမှမဟုတ် မြင်းလှည်းပေါ် တင်ထားလို့ ရတယ်"

ရပါတယ်လေ၊ အဘိုးကြီးက ရက်ရောချင်မှတော့ ကြိုက်သလောက် ဝယ်ပေတော့။ ပိုက်ဆံအကုန်သုံးပစ်လိုက်တာ အကောင်းဆုံးပဲ၊ ဒါမှ နောက်တစ်ခေါက် ထပ်မလာမှာ။

လျိုဝူကျီနှင့် လင်းရှောင်ကျစ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

"အင်း၊ ဒါဆို အဘိုးတို့ ရှေ့က လက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ်"ဟု လင်းရှောင်ယွဲ့ကို ပြောလိုက်သည်။

မြင်းလှည်းရှိတာ ကောင်းသည်၊ မြင်းလှည်းက ပစ္စည်းပိုတင်လို့ရသည်။ ပြီးတော့ သူနှင့် မြေးလေး လမ်းလျှောက်လို့ ညောင်းရင် မြင်းလှည်းပေါ်တက် နားလို့ရသေးသည်။

သဘောတူသည်ကို ကြားလိုက်ရသဖြင့် လင်းရှောင်ယွဲ့ စိတ်သက်သာရာ ရသွားသည်။ ထို့နောက် မြေကြီးပေါ်က အထုပ်ကြီးအထုပ်ငယ်များကို ငုံ့ကြည့်လိုက်သည်။

"ဒါဆို ဒီပစ္စည်းတွေကို အဘိုးတို့..."

ဒီနေရာကနေ လျိုအိမ်တော် ပြန်ရောက်ဖို့ လမ်းလျှောက်ရဦးမည်။ ဒီပစ္စည်းတွေ သယ်ပြီး ပြန်မလျှောက်ချင်ပေ။

သို့သော် စကားမဆုံးခင်မှာပင် လျိုဝူကျီက ဖြတ်ပြောလိုက်သည်။

"ဒီပစ္စည်းတွေကို မြေးပဲ လျိုအိမ်တော်ကို အရင်ယူသွားလိုက်တော့"

လင်းရှောင်ကျစ်ကလည်း ထောက်ခံကြောင်း မျက်နှာထားဖြင့် ကြည့်နေသည်။

လင်းရှောင်ယွဲ့ - "......"

"ကောင်းပြီ။ ဒါဆို သမီး သွားပြီ။" လင်းရှောင်ယွဲ့ သည်းခံပြီး ပြောလိုက်သည်။

ထားလိုက်ပါတော့၊ ဘေးကင်းကင်းနဲ့ လွတ်မြောက်ဖို့အတွက် ဒီနေ့တော့ စွန့်စားလိုက်ပါ့မယ်။

ထို့နောက် မြေးအဘိုးနှစ်ယောက်၏ အကြည့်အောက်တွင်ပင် လင်းရှောင်ယွဲ့သည် အထုပ်ကြီးအထုပ်ငယ်များကို ပြန်ကောက်ကိုင်ကာ လှည့်ထွက်လာခဲ့လေသည်။

***

All Chapters