← Chapters

ဈေးဝယ်ထွက်ခြင်း

Vol. 20 Ch. 418

ဈေးဝယ်ထွက်ခြင်း

Vol. 20 Ch. 418

လင်းရှောင်ယွဲ့အဝေးသို့ ရောက်သွားသည့်အချိန်တွင်။

"ဟား... ဟား..."

လူကြီးတစ်ယောက် လူငယ်တစ်ယောက်တို့သည် တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။

လင်းရှောင်ယွဲ့ကတော့ ဒါကိုမသိပေ။ လမ်းမကို ဖြတ်ကျော်ပြီးနောက် လူပြတ်သော လမ်းကြားလေးတစ်ခုထဲသို့ အမြန်ဝင်သွားလိုက်သည်။

ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင်ကြည့်ပြီးနောက် လက်ထဲမှ အထုပ်ကြီးအထုပ်ငယ်များကို နေရာလွတ်လက်စွပ်ထဲသို့ အကုန်ထည့်လိုက်သည်။

အခြားလမ်းကြားတစ်ခုမှ ပြန်ထွက်လာချိန်တွင် သူမလက်ထဲ၌ မည်သည့်အထုပ်မျှ မရှိတော့ပေ။

သက်ပြင်းချကာ ချွေးများကိုသုတ်လိုက်ပြီးမှ လျိုအိမ်တော်ရှိရာသို့ ဦးတည်သွားလိုက်သည်။

......

လျိုအိမ်တော်ရောက်သောအခါ လင်းရှောင်ယွဲ့သည် မြင်းလှည်းနှင့် လူများကို စီစဉ်ပေးပြီး လျိုဝူကျီနှင့် လင်းရှောင်ကျစ်ကို သွားရှာခိုင်းလိုက်သည်။ ထို့နောက်မှ နောက်ဖေးဝင်းသို့ ဝင်သွားလိုက်သည်။

ထိုင်ခုံတွင် ဝင်ထိုင်ကာ မျက်နှာသစ်နေစဉ်မှာပင် လီဝမ် ရောက်လာသည်။

လင်းရှောင်ယွဲ့၏ပုံစံမှာ ရှုပ်ပွပြီး ပင်ပန်းနေသည်ကို မြင်သောအခါ လီဝမ် အံ့သြသွားသည်။

"အိမ်ရှေ့က အစေခံတွေပြောတာ မင်းပြန်လာပြီဆိုလို့လေ။ ဘာဖြစ်လာတာလဲ"

ဒီနေ့ ဒီဘက်မလာတော့ဘဲ အဘိုးနှင့် ရှောင်ကျစ်ကို မြို့ထဲလိုက်ပို့ပေးမည်ဟု ပြောသွားသည် မဟုတ်ပါလား။

လင်းရှောင်ယွဲ့က လီဝမ်ကို နာကြည်းချက်ဖြင့် ကြည့်လိုက်သည်။

"အဲ့ဒီအသိစိတ်မရှိတဲ့ နှစ်ယောက်လေ၊ ကျွန်မကို နွားလိုခိုင်းတာ။ တော်သေးတာပေါ့ လစ်ထွက်လာလို့"

သနားစရာမျက်နှာထားဖြင့် ပြောလိုက်သည်။

"ဟား... ဟား..."

လီဝမ် ရယ်မောလိုက်မိသည်။

"မင်းဆရာကြီးရဲ့ စိတ်နေစိတ်ထားက အခုဆိုရင် အတော်လေး ပြောင်းလဲသွားပြီပဲ"

လင်းရှောင်ယွဲ့ကို နှစ်သိမ့်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

လင်းရှောင်ယွဲ့မှာ ဝမ်းနည်းပက်လက်ဖြစ်နေဆဲပင်။ မျက်နှာသုတ်ပုဝါကို ထပ်မံညှစ်ပြီး မျက်နှာသုတ်လိုက်သည်။

"ကျွန်မက အလုပ်တွေဖျက်ပြီး သူတို့ကို တစ်နေကုန် လိုက်ပို့ပေးမယ် စဉ်းစားထားတာ။ သူတို့က ကျွန်မကို ဒီလိုလုပ်ရက်တယ်"

လီဝမ် မထိန်းနိုင်တော့ဘဲ နောက်တစ်ကြိမ် ရယ်မိသွားပြန်သည်။ ပါးစပ်ကို အချိန်မီ အုပ်လိုက်နိုင်သဖြင့်သာ ရယ်သံများ ပြန်တိတ်သွားခြင်း ဖြစ်သည်။

လင်းရှောင်ယွဲ့က လီဝမ်ကို နာကြည်းချက်ဖြင့် လှမ်းကြည့်လိုက်သည်။

"အစ်မ၊ ရယ်နေပြန်ပြီ"

လီဝမ် အောင့်ထားလိုက်သည်။

"မရယ်တော့ဘူး၊ မရယ်တော့ဘူး"

သို့သော် ပြောပြီးသည်နှင့် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြန်သည်။

လင်းရှောင်ယွဲ့ - "......"

"ကဲပါ... မင်းဆရာကြီးက အခု ကလေးစိတ်ဝင်နေတာလေ။ ရှောင်ကျစ်ကလည်း အသက်ငယ်သေးတာဆိုတော့ မင်းက သူတို့ကို အပြစ်မယူပါနဲ့တော့"

လီဝမ်က ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး လင်းရှောင်ယွဲ့ကို နှစ်သိမ့်ပြောဆိုလိုက်သည်။

လင်းရှောင်ယွဲ့ သက်ပြင်းချလိုက်သည်။

"သိပါတယ်" ပြောပြီးသည်နှင့် စိုနေသော မျက်နှာသုတ်ပုဝါကို ညှစ်ပြီး ရေဇလုံတင်သည့် စင်ပေါ်တွင် လှန်းလိုက်သည်။

"အစ်မ လာတာ စက်မှုဇုန်ကိစ္စကြောင့်လား"

လင်းရှောင်ယွဲ့က လီဝမ်ကို ကြည့်ပြီး အပြင်ခန်းမဆောင်သို့ လျှောက်သွားလိုက်သည်။

မနေ့က အန်းယန်ဝမ်နှင့် ဆွေးနွေးပြီးနောက် သူမ၏ယောင်းမကို ထိုကိစ္စ ပြောပြခဲ့သည်။

ယောင်းမဖြစ်သူက ကြားလိုက်ရသည်နှင့် သူမထက်ပင် ပို၍ စိတ်လှုပ်ရှားသွားပြီး ကိစ္စများကို သေချာပေါက် အဆင်ပြေအောင် စီစဉ်ပေးမည်ဟု ပြောခဲ့သည်။

မနေ့က အချိန်နည်းသဖြင့် သူမအနေဖြင့် အသေးစိတ် မပြောနိုင်ခဲ့ပေ။

ဒီနေ့ လျိုအိမ်တော်သို့ ရောက်လာပြီဖြစ်၍ သေချာဆွေးနွေးရန် အချိန်ရသွားပြီဖြစ်သည်။

"ဟုတ်တယ်။"

လီဝမ် အလျင်အမြန် ပြောလိုက်သည်။ မျက်ဝန်းထဲတွင် အရောင်တစ်ချက် လက်သွားသည်။

လာမည့်နှစ်တွင် ချူနှင့်ကျင်း တိုင်းပြည်ဘက်က စစ်ပွဲပြန်စနိုင်ခြေရှိသဖြင့် ကျင့်ခွိုက်၏ တိုးချဲ့မည့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားသည်။

ခြံများတွင်လည်း ချီဝူတပ်သားများ နေ့စဉ် လေ့ကျင့်ရေးဆင်းနေသဖြင့် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် အလုပ်ရုံမှလွဲ၍ ကျန်အလုပ်ရုံများအားလုံး ရပ်နားထားရသည်။

ခြံအသီးသီးတွင် ယခုအခါ အလုပ်ပါးနေပြီး အိမ်တော်ထိန်းဖန်းနှင့် ရှောင်ယန်တို့ ကြပ်မတ်နေသဖြင့် သူမအနေဖြင့် ဘာမှ စိတ်ပူစရာ မလိုပေ။

ယခု ညီမလေး တင်ပြလာသည့် စီမံကိန်းအသစ်က သူမအတွက် စွမ်းရည်ပြသနိုင်မည့် နေရာကောင်းတစ်ခု ဖြစ်လာသည်။

ထို့အပြင် သူမအနေဖြင့် ဤစက်မှုဇုန်စီမံကိန်းအပေါ် အလွန်မျှော်လင့်ထားသည်။

ဒီကိစ္စသာ အောင်မြင်သွားလျှင် လျိုမိသားစု တစ်ဆင့်မြင့်တက်သွားမည်ဖြစ်သလို တိုင်းပြည်နှင့် ပြည်သူလူထုအတွက်လည်း အကျိုးရှိမည့် ကိစ္စကြီးတစ်ခု ဖြစ်သည်။

"ကောင်းပြီ၊ ဒါဆို အသေးစိတ် ဆွေးနွေးကြတာပေါ့"

လင်းရှောင်ယွဲ့က ပြောလိုက်သည်။

လက်ဖက်ရည်စားပွဲတွင် ဝင်ထိုင်လိုက်ပြီး လင်းရှောင်ယွဲ့က သူမ၏ အသေးစိတ် အကြံဉာဏ်များကို လီဝမ်အား ပြောပြလိုက်သည်။

လီဝမ်က အာရုံစိုက် နားထောင်ပြီး မှတ်စုများလည်း ရေးမှတ်ထားသည်။

"အန်းယန်ဝမ်က သဘောတူလိုက်ပြီ။ ခရိုင်ဝန်ကလည်း ကူညီပေးမယ်တဲ့။ အခု အဓိကလိုနေတာက မြေနေရာ အတည်ပြုဖို့ပဲ"

လင်းရှောင်ယွဲ့က ပြောလိုက်သည်။

"အင်း"

လီဝမ် ခေါင်းညိတ်သည်။

"ဆိပ်ကမ်းဘက်ကို ကျွန်မ သွားကြည့်ပြီးပြီ။ အရင်တုန်းက ရည်ရွယ်ထားတာက အလုပ်ရုံအကြီးစားတစ်ခု ဆောက်ဖို့ပဲဆိုတော့ ရွေးထားတဲ့နေရာက လုံလောက်ရုံပဲ ရှိတယ်"

လင်းရှောင်ယွဲ့ ဆက်ပြောသည်။

"အခုက စက်မှုဇုန် ဆောက်မှာဆိုတော့ အဲ့ဒီမြေနေရာက မလောက်တော့ဘူး"

လီဝမ်က မျက်မှောင်ကြုတ်လျက် ပြောသည်။

"ဆိပ်ကမ်းက သူ့ဟာသူ နေရာယူထားတာ မနည်းဘူး၊ ဘေးနားမှာ တိုးချဲ့လို့ရမယ့် မြေနေရာက သိပ်မကျန်တော့ဘူး။ ပြီးတော့ ချန်ဟယ်မြစ် ရေကြီးလာရင် ရေလွှမ်းမယ့်ကိစ္စကိုလည်း ထည့်စဉ်းစားရဦးမယ်ဆိုတော့ ရွေးစရာနေရာက ပိုနည်းသွားပြီ"

လင်းရှောင်ယွဲ့လည်း လိုက်၍ မျက်မှောင်ကြုတ်မိသည်။

"ဒါဆို နည်းနည်းဝေးတဲ့နေရာ ရွေးရမလား။ ပြီးမှ ဆိပ်ကမ်းနဲ့ ချိတ်ဆက်မယ့် လမ်းမကြီးတစ်ခု ဖောက်လိုက်ရင်လည်း ရတာပဲ"

ရေကြီးမှုကို ကာကွယ်ရန်မှာ အလွန်အရေးကြီးသည်။ အနည်းဆုံးတော့ စက်မှုဇုန် ရေမလွှမ်းစေရန် အာမခံနိုင်ရမည်။

လီဝမ် စဉ်းစားလိုက်ပြီး ရုတ်တရက် မျက်လုံးများ အရောင်လက်သွားသည်။

"နေရာတစ်ခု ရှိတယ်။"

"ဘယ်နားလဲ"

လင်းရှောင်ယွဲ့၏ မျက်နှာတွင် စိတ်သက်သာရာ ရသွားသည့်အမူအရာ ပေါ်လာသည်။

"ပြောပြရတာ သိပ်မရှင်းဘူး၊ အဲ့ဒီနေရာကို သွားကြည့်ကြမလား"

လီဝမ် စဉ်းစားပြီး ပြောလိုက်သည်။

ထိုနေရာသည် မြေကွက်လပ်ကြီးတစ်ခုဖြစ်ပြီး ခြံအချို့လည်း ပါဝင်သည်။ ဧရိယာကတော့ လုံလောက်သည်ထက် ပိုသည်။ တစ်ခုပဲရှိတာက မြေညှိတာ၊ စီမံတာတွေ လုပ်ရရင် အတော်လေး လက်ဝင်မည့်အနေအထား ရှိသည်။

"ကောင်းပြီလေ"

ပြောပြီးသည်နှင့် နှစ်ယောက်သား အစေခံများကို မြင်းလှည်းပြင်ခိုင်းကာ လျိုအိမ်တော်မှ ထွက်ခွာလာခဲ့ကြသည်။

.......

ဆိပ်ကမ်းအနီးသို့ ရောက်သောအခါ လီဝမ်က လင်းရှောင်ယွဲ့ကို သူမပြောသည့်နေရာသို့ ခေါ်သွားပြသည်။

"ဒီနေရာက မြေမျက်နှာသွင်ပြင် မြင့်တယ်။ မြို့ထဲကလူတွေကို မေးကြည့်ပြီးပြီ၊ ချန်ဟယ်မြစ် ရေကြီးတုန်းကတောင် ဒီအထိ ရေမရောက်ဖူးဘူးတဲ့။ ဒီကျောက်တိုင်က ချင်းရှီမြို့ဆိပ်ကမ်းရဲ့ နှစ်အလိုက် ရေအမြင့်ဆုံး ရောက်ခဲ့တဲ့ မှတ်တမ်းပဲ"

ပြောရင်း လီဝမ်က မလှမ်းမကမ်းရှိ ကျောက်တိုင်တစ်ခုကို ညွှန်ပြလိုက်သည်။

လင်းရှောင်ယွဲ့သည် အဆုံးအစမရှိ ကျယ်ပြောလှသော မြေကွက်လပ်ကြီးကို ကြည့်ရင်း နောက်ပိုင်းတွင် ဤနေရာ၌ စက်မှုဇုန်ကြီးတစ်ခု ဖြစ်ပေါ်လာမည့် ပုံရိပ်ကို မြင်ယောင်ကာ ရင်ထဲတွင် ကြည်နူးသွားသည်။

"ဒီနေရာ ကောင်းတယ်။" ချက်ချင်းပင် ပြောလိုက်သည်။

"ပြန်ရောက်ရင် လူလွှတ်ပြီး ဒီမြေကွက်လပ်ကြီးကို တိုင်းတာခိုင်းလိုက်ပါ"

လင်းရှောင်ယွဲ့က လီဝမ်ကို လှမ်းကြည့်လိုက်သည်။

"သတိထားနော်၊ ဟိုဘက်က မြေကွက်လပ်ကြီးအကုန်လုံး ယူမှာ။ ပြီးတော့ နောက်ဘက်က ခြံတချို့ကိုပါ ထည့်တွက်လိုက်"

လင်းရှောင်ယွဲ့က အဝေးတစ်နေရာကို ညွှန်ပြရင်း ပြောလိုက်သည်။

လီဝမ် အံ့သြသွားသည်။

"ဧရိယာက ကြီးလွန်းမနေဘူးလား" တွန့်ဆုတ်စွာ ပြောလိုက်သည်။

"မြေလွတ်မြေရိုင်းဆိုပေမယ့် ဝယ်ရင် ပိုက်ဆံပေးရတာပဲလေ။ နေရာကြီးလွန်းရင် မြေဖိုးတင် တော်တော်ကုန်လိမ့်မယ်"

နောက်ပိုင်း အလုပ်ရုံတွေ ဆောက်ရဦးမယ်၊ ဝန်ထမ်းအဆောင်တွေ ဆောက်ရဦးမယ်။

လျိုအိမ်တော်၏ စာရင်းတွင် ငွေအများအပြား ရှိနေသေးသော်လည်း၊ ကျင့်ခွိုက် နှင့် လျိုမိသားစုအလုပ်ရုံမှ ဝင်ငွေများ နေ့စဉ် ဝင်ရောက်နေသော်လည်း၊ ခြံများရှိ အလုပ်ရုံများ ရပ်နားထားပြီး ချီဝူတပ်သားများ စိုက်ပျိုးရေးမလုပ်တော့သဖြင့် ခြံစရိတ်များက မနည်းလှပေ။

လင်းရှောင်ယွဲ့ ပြုံးလိုက်သည်။

"စက်မှုဇုန် ဆောက်မှတော့ ဧရိယာက ကြီးလေကောင်းလေပေါ့။ စက်မှုဇုန်က ကျွန်မတို့ရဲ့ အကြီးမားဆုံး စီမံကိန်းပဲ၊ ဘယ်လောက်ကုန်ကုန် အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်"

လင်းရှောင်ယွဲ့က လီဝမ်ကို ကြည့်လိုက်သည်။

"ဒီတစ်ခေါက် ပြန်လာတော့ အရှင်မင်းကြီးက ရွှေတစ်သောင်း ဆုချလိုက်တယ်။ တကယ်လို့ လျိုအိမ်တော် စာရင်းထဲက ငွေမလောက်ရင် ဒီပိုက်ဆံကို ထည့်သုံးလိုက်ပါ"

ရွှေတစ်သောင်းသည် ငွေစတစ်သိန်းနှင့် ညီမျှပြီး ၂၁ ရာစု ငွေကြေးတန်ဖိုးနှင့် တွက်လျှင် ယွမ်သန်းတစ်ရာကျော် တန်ဖိုးရှိသည်။

လျိုအိမ်တော်တွင် စုဆောင်းထားသော ကြွယ်ဝချမ်းသာမှုနှင့် ပေါင်းလိုက်လျှင် စက်မှုဇုန် တည်ဆောက်ရန် လုံလောက်မည်ဟု ယူဆရသည်။

အကယ်၍ ငွေမလောက်လျှင်လည်း သူမအနေဖြင့် သခင်လေးလျန် သို့မဟုတ် တတိယသခင်ကျိုးကို အကူအညီတောင်းနိုင်သည်။ ဒီပုဂ္ဂိုလ်နှစ်ဦးရှိနေသရွေ့ ကိစ္စမဖြစ်နိုင်စရာ မရှိပေ။

စက်မှုဇုန်ကြီးသာ ပြီးစီးသွားခဲ့လျှင် လျိုမိသားစု၏အနာဂတ်အတွက် ပူစရာမလိုတော့ပေ။

လီဝမ်သည် လင်းရှောင်ယွဲ့၏သတ္တိကို အံ့သြသွားပြီးနောက် စိတ်ထဲတွင် လေးစားသွားမိသည်။

"ကောင်းပြီလေ" ဟုဆိုကာ လက်ခံလိုက်သည်။

ထို့နောက် လင်းရှောင်ယွဲ့က လီဝမ်ကို ကြည့်ပြီး "သွားကြည့်ကြမလား" ဟု ပြုံး၍ မေးလိုက်သည်။

လီဝမ် ကြောင်သွားသည်။

"အင်း"

ထို့နောက် အစေခံများ ဦးဆောင်မှုဖြင့် နှစ်ယောက်သား ထိုမြေကွက်လပ်ဆီသို့ လျှောက်သွားကြသည်။

မြေပြင်မှာ မညီမညာဖြစ်ပြီး ပေါင်းပင်များ ထူထပ်ကာ ရံဖန်ရံခါ တိရစ္ဆာန်လေးများ ဖြတ်ပြေးသွားတတ်သည်။

သို့သော် လင်းရှောင်ယွဲ့နှင့် လီဝမ်တို့ ကြောက်ရွံ့ခြင်းမရှိဘဲ လမ်းတစ်လျှောက် မြေအခြေအနေကို ကြည့်ရှုရင်း နောက်ဆက်တွဲ စီမံကိန်းများကို ဆွေးနွေးသွားကြသည်။

"တခြားမပြောနဲ့၊ ဒီနေရာကို ရှင်းလင်းဖို့တင် လူအင်အား တော်တော်လိုမယ့်ပုံပဲ"

လမ်းလျှောက်ရင်း လီဝမ်က လင်းရှောင်ယွဲ့ကို ပြောသည်။

"ဟုတ်တယ်၊ နှမြောစရာပဲ၊ ချီဝူတပ်သားတွေကို ခေါ်ခိုင်းလို့ မရဘူး။ ပိုက်ဆံပေးပြီး အပြင်လူ ငှားရတော့မယ်။ မြေဝယ်ပြီးမှ ပုံစံထုတ်ကြတာပေါ့။ ဇုန်အလိုက် သတ်မှတ်ပြီးမှ အပိုင်းလိုက် စတင်ဆောက်လုပ်ကြမယ်။ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်နဲ့ ငရုတ်သီးထုတ်ကုန်တွေက ထုတ်လုပ်မှု မရပ်သေးဘူး၊ ဒီအလုပ်ရုံတွေကို အလျင်စလို ပြောင်းရွှေ့စရာ မလိုသေးဘူး။ စက်မှုဇုန်ထဲမှာ အသားနူးမှုန့်နဲ့ ကြာဇံ အလုပ်ရုံတွေကို အရင်ဆုံး ဆောက်ကြမယ်"

လီဝမ် ခေါင်းညိတ်လိုက်သည်။

"ကန်စွန်းဥနဲ့ အာလူးမျိုးစေ့ ပိဿာချိန် တစ်သိန်း ပေးလိုက်ပြီဆိုတော့ လာမယ့်နှစ် အန်းယန်ခရိုင်ထဲမှာ ကန်စွန်းဥနဲ့ အာလူးတွေ အများကြီး ထွက်လာတော့မယ်။ ဒီနှစ်မျိုးလုံးက အသားနူးမှုန့်နဲ့ ကြာဇံ လုပ်လို့ရတယ်။ တခြားမပြောနဲ့၊ ဝမ်ရယ်ဆီကနေပဲ ကုန်ပစ္စည်း အများကြီး ရောင်းထွက်သွားနိုင်တယ်"

လင်းရှောင်ယွဲ့ ပြုံး၍ ပြောလိုက်သည်။

လီဝမ်နှင့် လင်းရှောင်ယွဲ့ အကြည့်ချင်းဆုံသွားပြီး ပြုံးလျက် ခေါင်းညိတ်လိုက်ကြသည်။

"ဒါတင်မကသေးဘူး၊ ကျင့်ခွိုက် ဆိုင်ခွဲတွေမှာလည်း ကြာဇံနဲ့ အာလူး သုံးစွဲမှုပမာဏက အများကြီးပဲ။ အာလူးနဲ့ ကန်စွန်းဥ များလာရင် ဆိုင်ခွဲတွေအတွက် ကုန်ကြမ်းပူစရာ မလိုတော့ဘူး"

သူမကိုယ်တိုင်လည်း အာလူးချောင်းကြော်နှင့် ကန်စွန်းဥခေါက်ဆွဲပြုတ် ကြိုက်သူဖြစ်၍ အားလပ်ချိန်များတွင် ကျင့်ခွိုက်သို့ သွားဝယ်စားလေ့ရှိသည်။

ကျင့်ခွိုက်မှ သရေစာဈေးနှုန်းများက မကြီးမားသဖြင့် နောက်ပိုင်း ကန်စွန်းဥနှင့် အာလူး ပေါများလာလျှင်လည်း ကျင့်ခွိုက်၏စီးပွားရေးအပေါ် ကြီးကြီးမားမား ထိခိုက်မှုရှိမည် မဟုတ်ပေ။

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

"နောက်နှစ်ဆိုရင် ဈေးကွက်ထဲမှာ အာလူးတွေ ပေါ်လာတော့မယ်၊ ဒါကြောင့် ကျွန်မတို့ ခြံတွေမှာ နောက်နှစ်ကျရင် အာလူး ထပ်စိုက်စရာ မလိုတော့ဘူး။ အဲ့ဒီအချိန်ကျရင် လူငှားပြီး ခြံတွေမှာ ငရုတ်သီးနဲ့ ကန်စွန်းဥချည်းပဲ စိုက်ခိုင်းမယ်။ ငရုတ်သီးကို အပြင်လူတွေ စိုက်ခွင့်ပေးဖို့ နောက်ထပ် ၂ နှစ်လောက် ဆိုင်းငံ့လို့ရသေးတယ်။ ဒီ ၂ နှစ်အတွင်း အခွင့်အရေးကို အသုံးချပြီး ကျွန်မတို့ ပိုက်ဆံများများ ရှာထားလို့ရတယ်"

လီဝမ်က ဘေးမှနေ၍ ခေါင်းညိတ်ထောက်ခံလိုက်သည်။

သာ့ရှီရွာသို့ ရောက်လာပြီး ညီမလေးနှင့်အတူ ဤအလုပ်များကို လုပ်ကိုင်ရခြင်းသည် အလွန်အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။

မြေကွက်လပ်က အလွန်ကျယ်ပြောသောကြောင့် လင်းရှောင်ယွဲ့သည် လီဝမ်ကို နေရာအနှံ့ လိုက်မပြနိုင်တော့ပေ။

နေ့လယ်စာစားချိန် နီးကပ်လာပြီဖြစ်သဖြင့် လင်းရှောင်ယွဲ့သည် လမ်းတစ်ဝက်မှ ပြန်လှည့်လာခဲ့သည်။

လျိုအိမ်တော်သို့ ပြန်ရောက်သောအခါ သူမနှင့် လီဝမ်၏ စကတ်အနားသတ်များနှင့် ဖိနပ်များတွင် ရွှံ့များ ပေကျံနေသည်။

နှစ်ယောက်သား အခန်းပြန်ကာ ရေမိုးချိုး သန့်စင်ပြီးမှ ထမင်းစားခန်းသို့ သွားရောက်စားသောက်ကြသည်။

.....

နေ့လယ်ပိုင်းရောက်သောအခါ လင်းရှောင်ယွဲ့သည် စာကြည့်ခန်းသို့ သွား၍ အလုပ်ဆက်လုပ်သည်။

အစေခံတစ်ဦး လာရောက်သတင်းပို့ပြီး လျိုဝူကျီနှင့် လင်းရှောင်ကျစ် ပြန်ရောက်လာကြောင်း ပြောမှ လင်းရှောင်ယွဲ့သည် လက်ထဲမှအလုပ်ကို ချထားပြီး မြေးအဘိုးနှစ်ယောက်ကို သွားကြည့်လိုက်သည်။

"ဈေးဝယ်လို့ ပြီးပြီလား"

ခြံဝင်းတံခါးပေါက်တွင် မြေးအဘိုးနှစ်ယောက် လျှောက်လာသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့က ပြုံး၍ မေးလိုက်သည်။

"ပြီးပြီ။ အစ်မ၊ အဘိုးက သားအတွက် စားစရာတွေ၊ ကစားစရာတွေ အများကြီး ဝယ်ပေးတယ်။ အစ်မနဲ့ အမေအတွက်လည်း ပါတယ်။"

လင်းရှောင်ကျစ် အပြေးကလေး လာသော်လည်း လင်းရှောင်ယွဲ့၏ရင်ခွင်ထဲသို့ တိုးဝင်လုနီးပါး ဖြစ်သွားသည်။

သို့သော် နောက်ဆုံးတွင် လင်းရှောင်ယွဲ့၏ရှေ့နားတွင် ရပ်တန့်လိုက်သည်။

ထို့နောက် အဘိုးဖြစ်သူကို လှည့်ကြည့်လိုက်သည်။

သူက လူကြီးဖြစ်နေပြီ၊ အစ်မရင်ခွင်ထဲ အတင်းမတိုးဝင်သင့်တော့ဘူးလေ။

လျိုဝူကျီက ခေါင်းညိတ်ပြပြီး ကျေနပ်ပီတိဖြစ်နေသည်။

လင်းရှောင်ယွဲ့သည် အခြေအနေကို ရိပ်မိသကဲ့သို့ ခံစားလိုက်ရသည်။

ကုန်းပြီး လင်းရှောင်ကျစ်၏ ပါးလေးကို ဆွဲလိုက်သည်။

"ဟော... ဒါဆို အစ်မက ဘာလို့ ပစ္စည်းတွေ မမြင်ရတာလဲ" ပြောရင်း သူတို့နှစ်ယောက်၏ အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"အကုန်လုံး အိမ်ရှေ့က မြင်းလှည်းပေါ်မှာ"

လျိုဝူကျီက ရုတ်တရက် ပြုံးပြီး ဝင်ပြောသည်။

"ပစ္စည်းတွေက များလွန်းလို့ အောက်မချတော့ဘူး။ ခဏနေကျရင် ငါတို့ အဲ့ဒီမြင်းလှည်းနဲ့ပဲ သာ့ရှီရွာကို တန်းပြန်ကြမယ်"

လင်းရှောင်ယွဲ့ ကြောင်သွားသည်။ "ကောင်းပြီလေ။ ဒါဆို အခုပဲ သွားကြမယ်"

လီရှောင်လည်း မရှိတော့ သူ အလုပ်ဆင်းချိန်ကို စောင့်ပြီး အတူပြန်စရာ မလိုတော့ပေ။

အစ်မဘက်ကလည်း အိမ်တော်ထိန်းဖန်းတို့နှင့် စက်မှုဇုန်ကိစ္စ ဆွေးနွေးရဦးမည်ဖြစ်သဖြင့် လောလောဆယ် ပြန်ဖြစ်ဦးမည် မဟုတ်ချေ။

ဟဲဟဲ... သူအရင် ပြေးနှင့်တာ ကောင်းပါတယ်။

"ရေး။ ဒါဆို အစ်မ၊ သွားကြမယ်။"

လင်းရှောင်ကျစ် ပျော်ရွှင်စွာ ပြောလိုက်သည်။

လင်းရှောင်ယွဲ့၏လက်ကို ဆွဲပြီး လူကြီးလုပ်ချင်သော စိတ်ကူးများကို မေ့လျော့ကာ လင်းရှောင်ယွဲ့ကိုဆွဲ၍ ရှေ့သို့ လျင်မြန်စွာ လျှောက်သွားလေသည်။

မြင်းလှည်းပေါ်က လက်ဆောင်တွေက အဘိုး ပိုက်ဆံရှင်းတာဆိုပေမယ့် အများစုက သူရွေးထားတာတွေလေ။ အစ်မအတွက် သူရွေးပေးထားတဲ့ လက်ဆောင်တွေကို ပြချင်လွန်းလို့ မစောင့်နိုင်တော့ဘူး။

"ဟဟ၊ သွားမယ်။"

လင်းရှောင်ယွဲ့ ပြုံးပြီး ပြောလိုက်သည်။

ကလေးတစ်ယောက်လိုပင် ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားသည်။

မကြာမီ သူတို့သည် လျိုအိမ်တော် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

ထို့နောက် မြင်းလှည်းလိုက်ကာကို လှန်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် လင်းရှောင်ယွဲ့ ကြက်သေသေသွားသည်။

သူမမောင်လေးနှင့် အဘိုးတို့သည် လမ်းဘေးဈေးသည်များ၏ ပစ္စည်းများကို အကုန်သိမ်းကျုံး ဝယ်လာကြတာလား။

အထပ်လိုက်ဖြစ်နေသော အထုပ်များနှင့် သေတ္တာများသည် မြင်းလှည်းတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေသည်။

"အစ်မ၊ ဒီဘက်က ဟာတွေက သားနဲ့ အစ်မအတွက်။"

လင်းရှောင်ကျစ်သည် လင်းရှောင်ယွဲ့၏ အတွေးများကို မသိဘဲ ပြုံးဖြီးဖြီးဖြင့် လင်းရှောင်ယွဲ့အတွက် ဝယ်လာသော ပစ္စည်းများကို လက်ညှိုးထိုးပြနေသည်။

"ဟိုဘက်က ဟာတွေက အမေ၊ ယောက်ဖ၊ အစ်မဝမ်၊ အစ်ကိုရှောင်ယန်နဲ့ အစ်ကိုချင်အာအတွက်။ ပြီးတော့ ရှန်းရှန်းနဲ့ ဖန်ထန်တို့အတွက်လည်း လက်ဆောင် ဝယ်လာသေးတယ်"

လင်းရှောင်ကျစ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

လင်းရှောင်ယွဲ့ မျက်နှာတွင် အားနာသောအပြုံးတစ်ခု ပေါ်လာသည်။

"ပိုက်ဆံအကုန် ကုန်သွားပြီလား" ဘေးနားက လျိုဝူကျီကို လှည့်မေးလိုက်သည်။

သူမအဘိုး ပိုက်ဆံအကုန်သုံးလိုက်သည်ဟု သူမ အပြင်းအထန် သံသယဝင်နေသည်။ မဟုတ်လျှင် မြင်းလှည်းပေါ်တွင် ပါလာသော ပစ္စည်းများက ဒီလောက်မက များနေဦးမည်။ ဈေးဝယ်ရောဂါရနေသူဆိုသည်မှာ ဘယ်လိုမျိုးလဲဆိုတာ သူမအဘိုးကို ကြည့်ရင် သိနိုင်သည်။

ငွေစနှစ်ရာဆိုသည်မှာ ၂၁ ရာစု ငွေကြေးတန်ဖိုးအရ ယွမ်နှစ်သိန်းလောက် ရှိသည်။

တကယ်လို့ တစ်ရက်တည်းနဲ့ ဖြုန်းပစ်လိုက်တယ်ဆိုရင် သူမ လက်မထောင်ပြီး ချီးကျူးရုံသာ တတ်နိုင်တော့မည်။

"မကုန်ပါဘူး"

လျိုဝူကျီက ပြောသည်။

မြေးမလေး ကြောင်သွားသည်ကို မြင်တော့ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

"ဆယ်စကျော် ကျန်သေးတယ်"

နည်းနည်းလေး လိုသွားသည်။ ကံကောင်းလို့ နောက်ဆုံးအချိန်မှာ အခြေအနေမဟန်မှန်းသိလို့ ၁၀ စလောက် ချန်ထားလိုက်ခြင်း ဖြစ်သည်။

သူက ချင်းရှီမြို့မှာ နောက်ထပ် လဝက်ကျော်လောက် နေရဦးမှာ၊ မြေးမလေးနဲ့ သမီးဆီက ပိုက်ဆံတောင်းရမှာ အားနာစရာကြီးလေ။

ကျန်တဲ့ငွေကို သူ့မြေးလေး မုန့်ဝယ်ကျွေးဖို့ သိမ်းထားချင်သည်။

နောက်ပိုင်း မြေးလေး ကျောင်းအကြိုအပို့ လုပ်ရဦးမှာ၊ အိတ်ကပ်ထဲ ပိုက်ဆံမရှိရင် ဘယ်ဖြစ်မလဲ။

ဒါပေမဲ့ ငွေဆယ်စကျော်က နည်းနည်း နည်းနေသလားလို့။ နောက်ထပ် အခွင့်အရေးရှာပြီး မာကျောက်ဆော့ဦးမှ ဖြစ်မယ်။

လင်းရှောင်ယွဲ့ ချက်ချင်းပင် "ထင်တဲ့အတိုင်းပဲ" ဟူသော မျက်နှာထား ဖြစ်သွားသည်။

ငွေစနှစ်ရာကျော် ပါသွားပြီး ဆယ်စကျော် ပြန်ပါလာသည်။

ထားလိုက်ပါတော့၊ အနည်းဆုံးတော့ ပြန်ပါလာသေးတယ် မဟုတ်လား။

"မြင်းလှည်းပေါ်မှာ ပစ္စည်းတွေက များလွန်းနေတယ်။ ပြီးတော့ ကျွန်မတို့ ၃ ယောက်ပါ ထပ်တက်လိုက်ရင် မြင်းက ဆွဲနိုင်မှာ မဟုတ်ဘူး"

လင်းရှောင်ယွဲ့ ပြောလိုက်သည်။

ထို့နောက် လှည့်ပြီး လျိုအိမ်တော်တံခါးဝတွင် ရပ်နေသော အစေခံတစ်ဦးကို ကြည့်လိုက်သည်။

"နောက်ထပ် မြင်းလှည်းတစ်စီး သွားပြင်ဆင်လိုက်ပါ"

"ဟုတ်ကဲ့။"

အစေခံ အမြန်ထွက်သွားသည်။

ခဏအကြာ မြင်းလှည်းအသစ် ရောက်လာမှ လင်းရှောင်ယွဲ့သည် မြေးအဘိုးနှစ်ယောက်ကို ခေါ်ပြီး မြင်းလှည်းပေါ် တက်လိုက်သည်။

ထို့နောက် အစေခံနှစ်ဦးက မြင်းလှည်းများကို မောင်းနှင်ပြီး လူနှင့် ပစ္စည်းများကို သာ့ရှီရွာသို့ သယ်ဆောင်သွားကြသည်။

လမ်းတစ်လျှောက်လုံး မြေးအဘိုးနှစ်ယောက်သည် ပျော်ရွှင်မြူးထူးနေကြသည်။

အိမ်ပြန်ရောက်ပြီး သူတို့၏ စစ်ပွဲအောင်နိုင်မှုရလဒ်များကို အားလုံးအား မျှဝေပြသချင်စိတ်ဖြင့် မစောင့်နိုင်အောင် ဖြစ်နေကြသည်။

လင်းရှောင်ယွဲ့ စိတ်ထဲတွင် သဘောမတူသော်လည်း စဉ်းစားပြီးနောက် သူမ၏အတွေးများနှင့် ခံစားချက်များကို မြိုသိပ်ထားလိုက်သည်။

အဘိုးက အိမ်ပြန်ရောက်ခါစပဲ ရှိသေးတာ၊ အမြဲတမ်း ဒီလိုဖြစ်နေတာမှ မဟုတ်တာလေ။ သိပ်တင်းကျပ်လွန်းလို့ မဖြစ်ဘူး။

မဟုတ်ရင်...

ဒီမနက်က သင်ခန်းစာက လက်တွေ့မြင်ခဲ့ရပြီလေ။

***

All Chapters