← Chapters

ဆေးနည်းတောင်းခံခြင်း

Vol. 20 Ch. 419

ဆေးနည်းတောင်းခံခြင်း

Vol. 20 Ch. 419

နောက်ဆုံးတွင် လျိုအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။

မြင်းလှည်း ရပ်လိုက်သည်နှင့် လင်းရှောင်ကျစ်သည် မြင်းလှည်းထဲမှ ကဆုန်ပေါက် ခုန်ထွက်လာပြီး အောက်သို့ ခုန်ဆင်းလိုက်သည်။

နောက်ကပါလာသော လျိုဝူကျီသည် မြေးဖြစ်သူ ခြေချော်မလဲစေရန် ဂရုစိုက်ဖို့ တဖွဖွ မှာကြားနေရသည်။

"ခင်ဗျားတို့ ကျွန်တော့်ကို ကူပြီး ပစ္စည်းတွေ အိမ်ထဲသယ်ပေးကြပါဦး"

လင်းရှောင်ကျစ်သည် အိမ်စေနှစ်ဦးကို အထက်စီးဆန်ဆန် အမိန့်ပေးလိုက်သည်။

ထို့ပြင် အိမ်ထဲမှ အခြေအနေလာကြည့်သော အစေခံများကို မြင်သောအခါ လင်းရှောင်ကျစ်သည် သူတို့ကိုပါ လှမ်းခေါ်ပြီး ကူသယ်ခိုင်းပြန်သည်။

ထို့ကြောင့် လူများသဖြင့် အလုပ်မြန်ဆန်ကာ မြင်းလှည်းတစ်စီးစာ လက်ဆောင်ပစ္စည်းများကို ခြံဝင်းထဲသို့ အလျင်အမြန် သယ်ဆောင်ပြီး ဖြစ်သွားသည်။

ပစ္စည်းအချို့ကို သစ်ပင်ကြီးအောက်ရှိ ကျောက်စားပွဲပေါ် တင်ထားပြီး ကျောက်စားပွဲပေါ် မဆံ့သော ပစ္စည်းများကိုတော့ ကြမ်းပြင်ပေါ်တွင် ချထားလိုက်ရသည်။

ဤအချိန်တွင် လျိုအိမ်တော်မှ အစေခံများလည်း သတင်းကြားပြီး ရောက်လာကြသည်။

သခင်အိုကြီးနှင့် သခင်လေးတို့က သူတို့အတွက် လက်ဆောင်များ ဝယ်လာပေးသည်ဟု ကြားသောအခါ အားလုံး ပျော်ရွှင်သွားကြသည်။

လျိုရှီလည်း မာလာအကင်ရောင်းနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နောက်ဆုံးဝယ်သူကို နှုတ်ဆက်ပြီးနောက် ဤနေရာသို့ ရောက်လာခဲ့သည်။

လင်းရှောင်ကျစ်သည် လူကြီးတစ်ယောက်ကဲ့သို့ ဝယ်လာသော ပစ္စည်းများကို ခွဲဝေပေးနေလေသည်။

အစေခံများက စားစရာအချို့နှင့် အဝတ်စများကို ရကြပြီး ကျန်သည့် အပိုင်းအများစုမှာ သခင်များအတွက် ဖြစ်သည်။

လီဝမ်၊ လီရှောင်၊ ရှောင်ချင်နှင့် ရှောင်ယန်တို့ မရှိကြသဖြင့် သူတို့အတွက် လက်ဆောင်များကို သူတို့အခန်းများသို့ ပို့ဆောင်ခိုင်းလိုက်သည်။

လင်းရှောင်ယွဲ့နှင့် လျိုရှီတို့အတွက် ပစ္စည်းအများဆုံး ရသည်။

မုန့်ပဲသရေစာများအပြင် လှပသော အဝတ်စများ၊ လက်ဝတ်ရတနာများပင် ပါဝင်သည်။

လက်ဝတ်ရတနာများသည် ငွေထည်များသာ ဖြစ်သော်လည်း ဒီဇိုင်းလက်ရာမှာ အလွန်လှပသည်။ မြေးအဘိုးနှစ်ယောက် မည်မျှ ဂရုတစိုက် ရွေးချယ်ခဲ့ကြောင်း သိသာထင်ရှားလှသည်။

လက်ဆောင်ရသူတိုင်း၏မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။

အစေခံများသည် အသစ်ရောက်လာသော သခင်အိုကြီးကို ပိုမိုချစ်ခင်သွားကြသည်။

.....

အချိန်များ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်း ၅ ရက် ကုန်ဆုံးသွားပြန်သည်။

စက်မှုဇုန်၏ ကနဦး စီမံကိန်းမူကြမ်း ထွက်ပေါ်လာပြီဖြစ်သည်။

ယနေ့တွင် လင်းရှောင်ယွဲ့သည် အိမ်တော်ထိန်းဖန်း၊ လီကျယ်နှင့် လီဝမ်တို့ကို ခေါ်ဆောင်ပြီး နန်အန်းခရိုင်သို့ ကိုယ်တိုင်သွားရောက်ကာ ခရိုင်ဝန်နှင့် တွေ့ဆုံသည်။

ခရိုင်ဝန်သည် ခရိုင်သခင်မ ကိုယ်တိုင်လာရောက်ကြောင်း သိလိုက်ရသည်နှင့် အိမ်တော်ပြင်သို့ထွက်ကာကြိုဆိုပြီး လင်းရှောင်ယွဲ့တို့အဖွဲ့ကို အိမ်တော်အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

လင်းရှောင်ယွဲ့နှင့်အဖွဲ့ လာရောက်ရခြင်း ရည်ရွယ်ချက်ကို သိပြီးနောက် ခရိုင်ဝန်ရုံးအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ချက်ချင်းပြောကြားလိုက်သည်။

ထို့ပြင် ချင်းရှီမြို့ မြို့ပိုင်ထံသို့လည်း စာရေး၍ လင်းရှောင်ယွဲ့၏စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။

"ခရိုင်သခင်မက ချင်းရှီမြို့ ပြည်သူတွေအတွက် စက်မှုဇုန်တည်ထောင်ပေးမယ်ဆိုတော့ ကျွန်တော်မျိုးအနေနဲ့ အစွမ်းကုန် ကူညီပေးရမှာပေါ့။ ဒါ့အပြင် ဝမ်ရယ်ကလည်း ဒီကိစ္စကို အလေးထားပြီး ကျွန်တော်မျိုးကို ကြိုတင်အကြောင်းကြားထားပြီးသားပါ။ နောက်ပိုင်း ခရိုင်သခင်မဘက်က လိုအပ်တာရှိရင် လူလွှတ်ပြီး ပြောလိုက်ပါ၊ ကျွန်တော်မျိုး အကောင်းဆုံး စီစဉ်ပေးပါ့မယ်"

ခရိုင်ဝန်က မျက်နှာလိုမျက်နှာရ ပြုံးဖြီးဖြီးဖြင့် ပြောသည်။

သေချာပေါက် မျက်နှာလိုမျက်နှာရ လုပ်ရမည်လေ။ သူမက ခရိုင်သခင်မသာဖြစ်ပြီး အာဏာမရှိသော်လည်း ဝမ်ရယ်နှင့် ဆက်ဆံရေးက သာမန်မဟုတ်ပေ။ ထို့အပြင် သူမသည် အရှင်မင်းကြီး၏ မျက်နှာသာပေးခြင်း ခံရသူဖြစ်ပြီး နန်းတော်နှင့် တိုက်ရိုက်အဆက်အသွယ် ရှိသူဖြစ်သည်။

သူမသာ ကူညီပေးပြီး အထက်လူကြီးများရှေ့တွင် မျက်နှာကောင်းရအောင် ပြောပေးလျှင် သူလည်း ရာထူးတက်၊ စီးပွားတက် ဖြစ်လာနိုင်သည်။

"ဒါဆို ခရိုင်ဝန်ကို ကျေးဇူးအများကြီးတင်ပါတယ်"

လင်းရှောင်ယွဲ့က ပြုံးပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

"ဒါနဲ့... မြေဈေးက..." သူမ ဆက်မေးလိုက်သည်။

"သြော်၊ မြေလွတ်မြေရိုင်းတွေပဲဆိုတော့၊ ပြီးတော့ စီမံကိန်းပြင်ပက မြေတွေဆိုတော့ ခရိုင်သခင်မကို နန်းတော်က သတ်မှတ်ထားတဲ့ အနိမ့်ဆုံးဈေးနဲ့ပဲ ပေးပါမယ်။ တစ်ဧကကို ငွေနှစ်စနဲ့ တွက်လိုက်ပါ"

လင်းရှောင်ယွဲ့ စိတ်လှုပ်ရှားသွားသည်။

သူမ မျက်စိကျထားသော မြေနေရာသည် ပြည်သူများ၏ စိုက်ပျိုးမြေ အနည်းငယ်အပါအဝင် စုစုပေါင်း ဧက သုံးထောင်ကျော် ရှိသည်။

ပြည်သူများ၏ စိုက်ပျိုးမြေက နည်းပါးသဖြင့် တစ်ဧကကို ငွေဆယ်စဈေး ပေးလျှင်ပင် စုစုပေါင်း ငွေစသုံးလေးရာလောက်သာ ကုန်ကျမည်ဖြစ်သည်။

မြေလွတ်မြေရိုင်းများကို တစ်ဧက ငွေနှစ်စနှင့်တွက်လျှင် မြေဝယ်ယူစရိတ် စုစုပေါင်း ငွေခြောက်ထောင်ကျော်သာ ကျသင့်မည်ဖြစ်သည်။

ဤဈေးနှုန်းသည် သူတို့ ခန့်မှန်းထားသည်ထက် သက်သာသည်။

ပုံမှန်ဆိုလျှင် မြေဈေးကြီးသဖြင့် မြေလွတ်မြေရိုင်းဖြစ်လျှင်ပင် တစ်ဧကကို ငွေသုံးစမှ ငါးစအထိ ပေးရတတ်သည်။

ငွေနှစ်စဆိုသည်မှာ တကယ်ပင် သက်သာသော ဈေးနှုန်းဖြစ်သည်။

သို့သော် သူမ ယူမည့် မြေဧရိယာက ကြီးမားသဖြင့် စုစုပေါင်းလိုက်လျှင် ငွေပမာဏ မနည်းလှပေ။

ဒါက မြေဝယ်တာပဲ ရှိသေးသည်။ နောက်ပိုင်း အလုပ်သမားခေါ်ရဦးမည်၊ ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ရဦးမည်။

စက်မှုဇုန်ကို အကောင်အထည်ဖော်ရန် သူမအတွက် ဖိအားမနည်းလှပေ။

"ကောင်းပါပြီ။ ဒါဆို ခရိုင်ဝန်အနေနဲ့ လူလွှတ်ပြီး ချင်းရှီမြို့မှာ မြေတိုင်းတာပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ ရလဒ်ထွက်လာတာနဲ့ ကျွန်မတို့ ငွေချေပြီး မြေဂရန်လုပ်ပါမယ်" လင်းရှောင်ယွဲ့ ချက်ချင်း ပြောလိုက်သည်။

တွန့်ဆုတ်နေစရာ အကြောင်းမရှိပေ။

မြေကို အရင်ဝယ်ထားလိုက်မည်၊ နောက်ပိုင်း အလုပ်ရုံ အများကြီး မဆောက်နိုင်ရင်တောင် အလုပ်သမားများပြားသည့်အတွက် ထိုမြေနေရာသည် စည်ကားလာပေလိမ့်မည်။

ထိုအချိန်ကျမှ အလုပ်ရုံသစ် ဆောက်သည်ဖြစ်စေ၊ အခြားအလုပ်ရုံများကို ဈေးကြီးကြီးဖြင့် စက်မှုဇုန်ထဲ ဝင်ခိုင်းသည်ဖြစ်စေ၊ သို့မဟုတ် စီးပွားရေးဆိုင်ခန်းများ ဆောက်သည်ဖြစ်စေ အဆင်ပြေသည်။

ဒီရင်းနှီးမြှုပ်နှံမှုက လုံးဝ ရှုံးနိုင်စရာ မရှိပေ။

"ကောင်းပါပြီ။ ကျွန်တော်မျိုး ခရိုင်သခင်မနဲ့အတူ ပြန်လိုက်သွားဖို့ လူလွှတ်လိုက်ပါ့မယ်"

မြေလွတ်မြေရိုင်း ဧကထောင်ချီကို တစ်ဧက ငွေနှစ်စနှုန်းဖြင့် ရောင်းရလျှင်ပင် ခရိုင်ရုံးအတွက် ငွေထောင်ပေါင်းများစွာ ဝင်ငွေရရှိမည်ဖြစ်သည်။

ဒီငွေတွေရှိလျှင် လာမည့်နှစ် နန်အန်းခရိုင်၏ ဘဏ္ဍာရေးအခြေအနေမှာ များစွာ သက်သာသွားပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ်" လင်းရှောင်ယွဲ့ ထပ်မံ ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက် ခရိုင်ဝန်နှင့် စက်မှုဇုန်အကြောင်း အတော်များများ ဆွေးနွေးခဲ့ကြသည်။

ခရိုင်ဝန်သည် အစပိုင်းတွင် သိပ်စိတ်မဝင်စားသော်လည်း လင်းရှောင်ယွဲ့၏ အသေးစိတ် ရှင်းပြချက်များကို နားထောင်ပြီးနောက် မသိမသာ စိတ်လှုပ်ရှားလာသည်။

ချင်းရှီမြို့သည် နန်အန်းခရိုင်တွင် ခရိုင်မြို့မှလွဲလျှင် အစည်ကားဆုံး မြို့တစ်မြို့ဖြစ်သည်။

ခရိုင်သခင်မ ပြောသလို လူဦးရေသောင်းချီဆံ့သောစက်မှုဇုန်ကြီး တကယ်ဖြစ်လာခဲ့လျှင် သက်ရောက်မှုက မသေးငယ်လှပေ။

ချင်းရှီမြို့သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး နန်အန်းခရိုင်၏အစည်ကားဆုံးမြို့ ဖြစ်လာနိုင်သည်။

စီးပွားရေး ဖွံ့ဖြိုးလာလျှင် ပြည်သူလူထု၏ စားဝတ်နေရေး ပိုမိုပြေလည်လာမည်ဖြစ်ပြီး နန်းတော်အတွက် အခွန်ဘဏ္ဍာလည်း ပိုမိုရရှိလာမည်။

ချင်းရှီမြို့က သူ့လက်အောက်တွင် ရှိနေသဖြင့် ဒါက သူ့အတွက် နိုင်ငံရေးမှတ်တိုင်တစ်ခု ဖြစ်လာနိုင်သည်။

ထိုအချက်များကို တွေးမိပြီး ခရိုင်ဝန်သည် လင်းရှောင်ယွဲ့အပေါ် ပိုမိုရင်းနှီးနွေးထွေးလာသည်။

ထမင်းစားချိန်နီးသောအခါ ခရိုင်ဝန်က လင်းရှောင်ယွဲ့တို့ကို ထမင်းစားဖိတ်ရန် ပြင်နေစဉ် အန်းယန်ဝမ်အိမ်တော်မှ လူရောက်လာသည်။

ထို့ကြောင့် လင်းရှောင်ယွဲ့တို့အဖွဲ့သာမက ခရိုင်ဝန်ပါ အန်းယန်ဝမ်အိမ်တော်သို့ ဖိတ်ခေါ်ခံလိုက်ရသည်။

ထမင်းစားပွဲဝိုင်းတွင် အန်းယန်ဝမ်နှင့် လင်းရှောင်ယွဲ့တို့ ဆက်ဆံပုံကို ခရိုင်ဝန် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။

အန်းယန်ဝမ်သည် ခရိုင်သခင်မအား နိုင်ငံရေးကိစ္စ အတော်များများကို မေးမြန်းနေသည်။

ခရိုင်သခင်မကလည်း အကျိုးအကြောင်းခိုင်လုံစွာဖြင့် ဖြေကြားပေးပြီး အချို့အဖြေများမှာ ဆန်းသစ်နေသည်။ သို့သော် ခြွင်းချက်မရှိ ကောင်းမွန်သော အကြံဉာဏ်များ ဖြစ်နေသည်။

ခရိုင်ဝန်သည် ဗဟုသုတ တိုးပွားသွားသလို ခံစားလိုက်ရပြီး နာမည်ကျော်ကြားသော ခရိုင်သခင်မအကြောင်းကို ပိုမိုသိရှိ နားလည်သွားသည်။

ထမင်းစားပြီးနောက် အန်းယန်ဝမ်နှင့် ဇနီးသည်က လင်းရှောင်ယွဲ့ကို အိမ်တော်တွင် ရက်အနည်းငယ် တည်းခိုရန် ဖိတ်ခေါ်သော်လည်း လင်းရှောင်ယွဲ့က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

ထို့နောက် လူများကိုခေါ်ဆောင်ပြီး ပြန်လာခဲ့ကြသည်။

.......

မြင်းလှည်းပေါ်တွင်။

"ခရိုင်ဝန်က ပူးပေါင်းဆောင်ရွက်ပေးမှတော့ နောက်ပိုင်းကိစ္စတွေက လုပ်ရကိုင်ရ လွယ်ကူသွားပြီ။ အစိုးရအရာရှိတွေ မြေလာတိုင်းပြီးတာနဲ့ မနက်ဖြန် အစ်မ လူလွှတ်ပြီး နန်အန်းခရိုင်မှာ စောင့်ခိုင်းလိုက်၊ မြေဂရန် အမြန်ဆုံးကျအောင် လုပ်ရမယ်"

လင်းရှောင်ယွဲ့က လီဝမ်ကို ပြောလိုက်သည်။

"အင်း"

လီဝမ်က ကိစ္စ၏ အရေးကြီးပုံကို နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။

"မြေဂရန်ကျတာနဲ့ လုပ်ငန်းစရမယ်။ အခု လူအင်အား စီစဉ်ထားတာ ဘယ်လိုရှိလဲ"

လင်းရှောင်ယွဲ့ မေးလိုက်သည်။

"မနေ့ကအထိ လူ ၉၈ ယောက် ခေါ်ထားပြီးပြီ။ ဒီနေ့နဲ့ မနက်ဖြန် ဆက်ခေါ်ရင် လူ ၂၀၀ ပြည့်ဖို့ မခက်ပါဘူး။ ငါတို့ အရင်က စီစဉ်ထားတာက ဒီလူ ၂၀၀ နဲ့ လုပ်ငန်းစမယ်။ နောက်ပိုင်း အခြေအနေကြည့်ပြီးမှ လူထပ်တိုးသင့်မတိုးသင့် စဉ်းစားကြမယ်"

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

"တစ်ခါတည်းနဲ့ လူအများကြီး ထည့်လိုက်ရင် စီမံခန့်ခွဲရ ခက်တာတော့ အမှန်ပဲ။ ဒီအလုပ်သမားတွေရဲ့ စားရေးသောက်ရေး နေရေးထိုင်ရေးရော စီစဉ်ပြီးပြီလား"

လင်းရှောင်ယွဲ့ စဉ်းစားပြီး မေးလိုက်သည်။

အလုပ်သမားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် လျိုအိမ်တော်က ယခုတစ်ကြိမ် အလုပ်သမားခေါ်ယူရာတွင် စားစရိတ် ငြိမ်း၊ နေစရိတ် ငြိမ်း စီစဉ်ပေးထားခြင်း ဖြစ်သည်။ လုပ်ငန်းအမြန်ပြီးစီးစေရန် ရည်ရွယ်သည်။

"စီစဉ်ထားပြီးပြီ။ ခေါ်ထားတဲ့ အလုပ်သမားတွေကို လောလောဆယ် လျိုအိမ်တော်ဘေးက အိမ်ကြီးတစ်အိမ်မှာ စုပြီး နေရာချထားပေးတယ်။ နောက်ပိုင်း မြေဂရန်ကျပြီဆိုတာနဲ့ အိမ်တော်ထိန်းဖန်းက သူတို့ကိုခေါ်ပြီး စက်မှုဇုန်ထဲမှာပဲ ဝန်ထမ်းအဆောင်တွေ ဆောက်တော့မယ်။ အဲ့ဒီကျရင် အလုပ်သမားတွေက ဟိုမှာပဲ နေ ဟိုမှာပဲ စားကြမှာ။ ဒါဆို အလုပ်လုပ်ရတာ ပိုအဆင်ပြေသွားမှာပါ"

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

"စီမံခန့်ခွဲမယ့် လူအင်အားကို သေချာ စီစဉ်ထားပါနော်"

လီဝမ် ပြုံးလိုက်သည်။

"စိတ်ချပါ။ ချီဝူတပ်သား အကုန်လုံး စစ်ပြင်နေကြတာ မဟုတ်ပါဘူး။ အရင်က အိမ်တော်ထိန်းဖန်းနဲ့အတူ နောက်တန်းမှာ ကျန်ခဲ့တဲ့လူတွေက နောက်တန်းမှာပဲ ဆက်နေကြမှာ။ ပြီးတော့ အရင်က ဒဏ်ရာရထားတဲ့ ချီဝူတပ်သားတွေလည်း ရှေ့တန်းထွက်စရာ မလိုတော့ဘူးလေ။ သူတို့ရှိနေသရွေ့ လုပ်ငန်းခွင်မှာ ပရမ်းပတာ ဖြစ်စရာ အကြောင်းမရှိပါဘူး"

လင်းရှောင်ယွဲ့ ကြားလိုက်ရတော့ စိတ်သက်သာရာ ရသွားသည်။

တကယ်လည်း ချီဝူတပ်သားတွေ ရှိနေလို့သာ သူမ၏ ကျင့်ခွိုက်ဆိုင်ခွဲများ အဆင်ပြေပြေ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ငရုတ်သီးအလုပ်ရုံ၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် အလုပ်ရုံတွေလည်း ဖွင့်နိုင်ခဲ့မည် မဟုတ်ပေ။

"ကောင်းပါပြီ"

လင်းရှောင်ယွဲ့ ပြန်ပြောလိုက်သည်။

မျက်လုံးမှိတ်ပြီး မြင်းလှည်းနံရံကို မှီကာ အခြားကိစ္စများကို ဆက်လက်စဉ်းစားနေလိုက်သည်။

........

တစ်ချိန်တည်းတွင်။

မြို့တော်၌။

ဧကရာဇ်ယန်သည် ဒီရက်ပိုင်းအတွင်း စိတ်ဓာတ်ကျဆင်းသထက် ကျဆင်းလာသည်။

ဒီနေ့ဆိုလျှင် အိပ်ရာထနောက်ကျပြီး မနက်ခင်း ညီလာခံကိုပင် လွဲချော်သွားခဲ့သည်။

သူ့ကို သွေးခုန်နှုန်းစမ်းနေသည်မှာ ကြာပြီဖြစ်သော နန်းတွင်းသမားတော်ကို ကြည့်လိုက်ပြီး ဧကရာဇ်ယန်၏မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်မှုများ ဖြတ်ပြေးသွားသည်။

"ငါ့အခြေအနေ ဘယ်လိုလဲ" ဟု သမားတော်ကို မေးလိုက်သည်။

ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်တာ ထားပါတော့၊ ဒီရက်ပိုင်း နန်ကုန်းကျန်းနှင့် မိဖုရားရှူးဖေးတို့ကို ခဏခဏ အိပ်မက်မက်နေသည်။

နန်ကုန်းကျန်းက သူသည် သာ့ယန်အတွက် စစ်မှုထမ်းကောင်းမှုပြုခဲ့ပါလျက်နှင့် ဘာကြောင့် နန်ကုန်းမိသားစုကို သုတ်သင်ခဲ့ရသလဲဟု မေးခွန်းထုတ်နေသည်။

ရှူးဖေးကလည်း သူ့ကို နာကျည်းစွာ ကြည့်ပြီး လက်ထဲတွင် ဓားတစ်ချောင်းကိုင်ကာ သူ့အသက်ကို ယူရန် ကြိုးစားနေသည်။ နန်ကုန်းမိသားစုနှင့် သူတို့၏သားတော်အတွက် လက်စားချေမည်ဟု ပြောနေသည်။

အိပ်မက်ဆိုးများ ဆက်တိုက်မက်နေသဖြင့် သူ့စိတ်ကျန်းမာရေး ပိုမိုဆိုးရွားလာသည်ဟု ခံစားနေရသည်။

နှမြောစရာကောင်းသည်မှာ မင်းဆရာကြီး မရှိခြင်းပင်။ မဟုတ်လျှင် နန်ကုန်းကျန်း၏ ဝိညာဉ် တကယ်ပြန်ရောက်လာခြင်း ဟုတ်မဟုတ် ကြည့်ပေးနိုင်မည်ဖြစ်သည်။

နန်ကုန်းကျန်း... သေသင့်တဲ့ကောင်။ သေသွားတာတောင် ဝိညာဉ်က မကျွတ်လွတ်သေးဘူး။

ပြီးတော့ ရှူးဖေး... ဘယ်ကို ထွက်ပြေးသွားတာလဲ၊ ဘယ်သူက သူမကို ကူညီပြီး ထွက်ပြေးခိုင်းတာလဲ။

ယုတ်မာတဲ့ မိန်းမ။ ကျန်းက သူ့ကို ထပ်ခါထပ်ခါ ခွင့်လွှတ်ပေးခဲ့တာတောင် ကျန်းအနားကနေ ထွက်ပြေးရဲတယ်ပေါ့။

ဧကရာဇ်ယန်၏မျက်နှာထား ကြောက်မက်ဖွယ် ဖြစ်လာသည်ကို မြင်သောအခါ သမားတော် တုန်လှုပ်သွားသည်။

ဧကရာဇ်ယန်၏ လက်ကောက်ဝတ်ကို လွှတ်လိုက်ပြီး ဒူးထောက်ချလိုက်သည်။

"အရှင်မင်းကြီး... အရှင်မင်းကြီးက သွေးအားနည်းပြီး... ပြီးတော့... အရမ်း ပင်ပန်းလွန်းလို့... အဲ့ဒါကြောင့်..."

သမားတော်သည် အသံတုန်ယင်နေပြီး ရောဂါရှာဖွေတွေ့ရှိချက်ကို ဆက်မပြောရဲတော့ပေ။

သွေးခုန်နှုန်းအရကြည့်လျှင် အရှင်မင်းကြီးသည် တကယ်ပဲ ထိုရောဂါလက္ခဏာ ဖြစ်နေသည်။

သို့သော် ဆေးဆက်တိုက်သောက်နေသော်လည်း အခြေအနေ လုံးဝတိုးတက်လာခြင်း မရှိပေ။ ပို၍ပင် ဆိုးရွားလာနေသည်။

သူ၏ ရောဂါရှာဖွေမှု မှားယွင်းနေသလားဟု သူ မသေချာတော့ပေ။

ဧကရာဇ်ယန်၏မျက်နှာပေါ်တွင် စိတ်ပျက်ဒေါသထွက်မှုများ ဖြတ်ပြေးသွားသည်။

"သွေးအားနည်းတယ်၊ သွေးအားနည်းတယ်နဲ့။ ကျန်း ဆေးတွေ အများကြီး သောက်နေတာတောင် ဘာလို့ မသက်သာတာလဲ။"

ဒေါသတကြီး အော်ဟစ်လိုက်သည်။

ညံ့ဖျင်းလိုက်တဲ့ သမားတော်။

"အရှင်မင်းကြီး ခွင့်လွှတ်ပါ။ ကျွန်တော်မျိုး... ကျွန်တော်မျိုး..."

သမားတော် တစ်ကိုယ်လုံး တုန်ယင်နေပြီး စကားပင် ဆက်မပြောနိုင်တော့ပေ။

ဧကရာဇ်ယန် ဒါကိုမြင်တော့ ဒေါသပိုထွက်လာသည်။ လက်ကို ဝှေ့ယမ်းလိုက်ရာ ဘေးစားပွဲပေါ်ရှိ ဆေးခွက် လွင့်စင်သွားသည်။

ထိုအခါ သမားတော်မှလွဲ၍ အခန်းထဲရှိ မိန်းမစိုးများနှင့် နန်းတွင်းသူများ အားလုံး ဒူးထောက်လိုက်ကြသည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး... စိတ်လျှော့ပါဘုရား"

မိန်းမစိုးချုပ်ဟူက စူးရှသောအသံဖြင့် အပြေးရောက်လာသည်။

ဧကရာဇ်ယန်၏ ရင်ဘတ်ကို ပွတ်သပ်ပေးပြီး အမောဖြေပေးလိုက်သည်။

ထိုအခါမှ ဧကရာဇ်ယန် ဒေါသ အနည်းငယ် ပြေသွားသည်။

"ထွက်သွား။" သမားတော်ကို ဒေါသတကြီး လှမ်းအော်လိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ပါ။" သမားတော် အမြန်ပြန်ဖြေပြီး လူးလဲထကာ ထွက်ပြေးသွားလေသည်။

မိန်းမစိုးချုပ်ဟူ ဒါကိုမြင်တော့ စိုးရိမ်ပူပန်သွားသည်။

"အရှင်မင်းကြီး..."

ဧကရာဇ်ယန် လှည့်ကြည့်လိုက်ပြီး မိန်းမစိုးချုပ်ဟူကို မနှစ်မြို့စွာ ကြည့်လိုက်သည်။

မိန်းမစိုးချုပ်ဟူ ပါးစပ်ပိတ်သွားသည်။

"ကောဝိဇ္ဇာဆရာ ရောက်ပြီလား" ဧကရာဇ်ယန် မေးလိုက်သည်။

ကောဝိဇ္ဇာဆရာသည် တာအိုပညာ ထူးချွန်ပြီး ဆေးလုံးဖော်စပ်ရာတွင် ကျွမ်းကျင်သည်။

ယခင်က သူ့ကို ဆေးလုံးတစ်ကြိမ် ဆက်သဖူးသည်။

သူ စိတ်ဓာတ်ကျဆင်းလာချိန်မှစ၍ နန်းတွင်းသမားတော်များနှင့် အကြိမ်ကြိမ် ပြသခဲ့ပြီး ဆေးများစွာ သောက်ခဲ့သော်လည်း မသက်သာခဲ့ပေ။

ကောဝိဇ္ဇာဆရာ ပေးသော ဆေးလုံးကို သောက်ပြီးမှသာ စိတ်အားတက်ကြွလာသလို ခံစားခဲ့ရသည်။

ယခင်က ဆေးလုံးတွင် ပြဿနာရှိမည်၊ အပေါ်ယံအားဖြည့်ပေးသော်လည်း အတွင်းပိုင်း ထိခိုက်စေမည်ကို စိုးရိမ်သဖြင့် ကောဝိဇ္ဇာဆရာကို ဆေးလုံးဆက်မလုပ်ခိုင်းခဲ့ပေ။

သို့သော် ယခုကြည့်ရသည်မှာ ကောဝိဇ္ဇာဆရာ၏ ဆေးလုံးကသာ သူ့ကို ကယ်တင်နိုင်မည့် နတ်ဆေးဖြစ်လောက်သည်။

"ရောက်ပါပြီ အရှင်မင်းကြီး" မိန်းမစိုးချုပ်ဟူ ပြန်ဖြေသည်။

ဧကရာဇ်ယန် မျက်နှာ ပြုံးရွှင်သွားသည်။

"ကောင်းပြီ။ ကောဝိဇ္ဇာဆရာကို ဆေးလုံးယူပြီး ငါ့ဆီလာဖို့ ပြောလိုက်။"

ကောဝိဇ္ဇာဆရာ ယခင်က ပေးခဲ့သော ဆေးလုံးသည် သူ့ကို စိတ်အားတက်ကြွစေရုံသာမက လူပျိုပေါက်အရွယ်ကလို ခွန်အားများ ပြန်လည်ရရှိစေသလို ခံစားရစေသည်။

နောင်တွင် ရေရှည်သောက်သုံးပါက နောက်ထပ် ရင်သွေးရတနာ ထွန်းကားစေနိုင်သည်အထိ ဖြစ်လာနိုင်သည်။

.......

သာ့ချူ၏ မြို့တော် ယင်းတူးတွင်။

လီရှောင်သည် သာ့ချူ အမတ်ချုပ်ကြီးနှင့် လျှို့ဝှက်တွေ့ဆုံပြီးနောက် နေအိမ်သို့ ပြန်ရောက်လာသည်။

"စစ်သူကြီး၊ လျန်အန်းက ရုတ်တရက် စိတ်ပြောင်းသွားတယ်။ နောက်ပိုင်း ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

လက်အောက်ငယ်သားတစ်ဦးက လီရှောင်ကို စိုးရိမ်ပူပန်စွာ ကြည့်ရင်း မေးလိုက်သည်။

ယခင်က အမတ်ချုပ်ကြီးလျန်နှင့် ကောင်းကောင်းမွန်မွန် ဆွေးနွေးထားပြီး ဖြစ်သော်လည်း သာ့ကျင်း သံတမန်များ ရောက်လာပြီးနောက် အရာအားလုံး ပြောင်းလဲသွားသည်။

ဒီအတိုင်း ဆက်သွားလျှင် မဟာမိတ်ဖွဲ့ခြင်းကိစ္စ ပျက်စီးသွားနိုင်ရုံသာမက သူတို့ပါ အန္တရာယ်ကျရောက်နိုင်သည်။

"ဟုတ်ပါတယ် စစ်သူကြီး။ လျန်အန်းဘက်က အဆင်မပြေရင် တခြားလူနဲ့ ပြောင်းဆွေးနွေးလို့ ရမလား"

နောက်တစ်ယောက်က ဝင်ပြောသည်။

လီရှောင် ချက်ချင်း ခေါင်းမော့ပြီး ထိုလူကို ကြည့်လိုက်သည်။

"သာ့ချူနန်းတွင်းမှာ လျန်အန်းက အာဏာကြီးစိုးနေတယ်ဆိုပေမယ့် သူလည်း လုံးဝ စိတ်ကြိုက်လုပ်လို့ရတာတော့ မဟုတ်ဘူး။ စစ်သေနာပတိချုပ် ယွီချီထျန်းချုံးက အခု တပ်ပြန်ဆုတ်ပြီး မြို့တော်ပြန်ရောက်နေပြီ။ သာ့ချူ နန်းတွင်းမှာ သူ့စကားကလည်း အလေးချိန်တစ်ခု ရှိတယ်။ ပြီးတော့ ယွီချီထျန်းချုံးက သာ့ချူတော်ဝင်မိသားစုအပေါ်သစ္စာရှိပြီး လျန်အန်းအပေါ် မကျေနပ်တာ ကြာပြီ။ ကျွန်တော်တို့သာ ယွီချီထျန်းချုံးကိုကူညီပြီး လျန်အန်းကို ရှင်းထုတ်နိုင်ရင်၊ ပြီးတော့ ဒီစစ်သူကြီးယွီချီကို အကျိုးအကြောင်း သေချာရှင်းပြနိုင်ရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက မျှော်လင့်ချက် ရှိနိုင်သေးတယ်"

ဒီစကားထွက်လာတော့ စကားပြောသူကို အားလုံးက ဝိုင်းကြည့်လိုက်ကြသည်။

လီရှောင်လည်း စူးစမ်းလိုသော အကြည့်ဖြင့် ထိုလူကို ကြည့်လိုက်သည်။

ဤလူ၏အမည်မှာ ကျိုးရှန်း ဖြစ်သည်။ ရုပ်ရည်က ထူးခြားမှုမရှိသော်လည်း လီရှောင်အပေါ် ထားရှိသည့် သဘောထားမှာ မသေးငယ်လှပေ။

ယင်းတူးသို့ ရောက်ရှိချိန်မှစ၍ ကျိုးရှန်း အကြံပြုချက်တိုင်းသည် အရေးပါပြီး ထိရောက်မှု ရှိခဲ့သည်။

"မင်းသိထားတဲ့ အသေးစိတ် အခြေအနေကို ပြောပြပါဦး"

လီရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကျိုးရှန်း မျက်နှာ ဝင်းပသွားသည်။

"ဟုတ်ကဲ့ပါ။"

လီရှောင်ကို ဂါရဝပြုပြီးနောက် ချက်ချင်း ပြောပြလိုက်သည်။

မကြာမီ လီရှောင်သည် ယွီချီထျန်းချုံး၏အခြေအနေကို သိရှိသွားသည်။

စစ်သူကြီးယွီချီသည် သူ့ဖခင်နှင့် မိတ်ဆွေဟောင်းများဖြစ်ကြပြီး ရပ်တည်ချက် မတူကြသော်လည်း အချင်းချင်း လေးစားမှု ရှိကြသည်။

သာ့ချူတွင် ယွီချီထျန်းချုံး၏အဆင့်အတန်းသည် ယခင်က သာ့ယန်တွင် သူ့ဖခင်ရှိခဲ့သော အဆင့်အတန်းထက် မလျော့နည်းပေ။

ကွာခြားချက်မှာ ဧကရာဇ်ယန်က သူ့ဖခင်ကို သံသယဝင်ပြီး သတ်ဖြတ်ခဲ့သော်လည်း ဧကရာဇ်ချူက ယွီချီထျန်းချုံးကို ယုံကြည်အားထားခြင်း ဖြစ်သည်။ ဤပုဂ္ဂိုလ်၏ကံကြမ္မာသည် ယခင် နန်ကုန်းမိသားစုထက် များစွာကောင်းမွန်သည်။

"အရင်က ချူနဲ့ကျင်း မဟာမိတ်ဖွဲ့တဲ့ကိစ္စကို ယွီချီထျန်းချုံးက ကန့်ကွက်ခဲ့ဖူးတယ်။ ဒါပေမဲ့ နန်းတွင်းအာဏာက လျန်အန်းလက်ထဲ ရောက်နေတာရယ်၊ တချို့ အမတ်တွေကလည်း သာ့ချူ ပြည်သူတွေ ရိက္ခာပြတ်လပ်မှာ စိုးရိမ်တာရယ်ကြောင့် ချူနဲ့ကျင်း မဟာမိတ်ဖွဲ့ပြီး ကျွန်တော်တို့ သာ့ယန်ကို တိုက်ခိုက်ခဲ့ကြတာပါ။ အခု သုံးနိုင်ငံ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီးပြီ။ သာ့ချူကလည်း ရိက္ခာဝေစု ရထားပြီးပြီဆိုတော့ ဒီဆောင်းရာသီကို ကျော်ဖြတ်ဖို့ ပြည်သူတွေအတွက် လုံလောက်နေပါပြီ"

***

All Chapters