စုရှောင်လန်၏ ရှက်ရွံ့မှု
Vol. 11(A) Ch. 144
အန်လင်းနှင့် စုရှောင်လန်တို့သည် တစ်ချိန်တည်းမှာပင် တစ်ဦးနှင့်တစ်ဦး နာမည်ခေါ်လိုက်ကြခြင်း ဖြစ်သည်။
လေ့ကျင့်ရေးကွင်း အတွင်းရှိ လူအုပ်သည် အနည်းငယ် တွေဝေသွားပြီးမှ အသိပြန်လည် လာကြသည်။
အန်လင်းသည်လည်း ကောင်းကင်ဘုံပိုင်နက်၏ ကျောင်းသားတစ်ဦး ဖြစ်သည်ကြောင့် သူတို့နှစ်ဦးသည် အတန်းဖော်များ ဖြစ်ပေလိမ့်မည်။
ထို့အပြင် အန်လင်းသည် ဇာမဏီငှက်ဂိုဏ်းသို့ ရောက်ရှိလာခြင်းမှာ စုရှောင်လန်ထံသို့ လာရောက်လည်ပတ်ခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့ဖြင့် လေ့ကျင့်ရေးကွင်း အတွင်းရှိ လေထုသည် ထိခိုက် လွယ်လာပြန်သည်။
အထူးသဖြင့် အမျိုးသား ဂိုဏ်းသားများ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များအား ဆုတ်ဖြဲ ခံရသကဲ့သို့ ခံစားနေရသည်။
ဤအခြေအနေအား မည်သို့ ဆိုရမည်နည်း။
အန်လင်းသည် စုရှောင်လန်ထံသို့ လာရောက်လည်ပတ်ရန် အတွက် ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။ ဤအချက်မှာ သူတို့နှစ်ဦး အကြားတွင် ထူးခြားသည့် ဆက်နွှယ်မှု ရှိနေခြင်းအား သက်သေပြပြီး ဖြစ်သည်။
သူမ၏ အလှအပနှင့် ထူးချွန်မှုများကြောင့် စုရှောင်လန်သည် ဂိုဏ်းသားများစွာတို့၏ နှလုံးသားထဲမှ နတ်ဘုရားမလေး တစ်ဦး ဖြစ်သည်။
ထိုလူသည် သူတို့၏ နတ်ဘုရားမလေးအား အပိုင်သိမ်းရန် ရောက်ရှိလာပြီး သူ၏ သားရဲသည်ပင်လျှင် သောက်ကြမ်းဖြစ်သည်။ ထိုကြောင့် သူသည်လည်း အလွန်အမင်း စွမ်းအားကြီးသူ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ယခုအခါတွင် သူတို့အနေဖြင့် အန်လင်းအား လှောင်ပြောင် သရော်ခြင်းများ မပြုလုပ် နိုင်တော့ပေ။ သူတို့အနေဖြင့် မည်ကဲ့သို့ ဆန့်ကျင် နိုင်ကြမည်နည်း။
ဂိုဏ်းသားများစွာ၏ အကြည့်များကြောင့် စုရှောင်လန်၏ လှပသည့် မျက်နှာလေးမှာ ရှက်သွေးဖြာလာသည်။
ပုံမှန်အားဖြင့် သူမသည် လူပေါင်းများစွာ၏ အကြည့်အောက်တွင် တည်ငြိမ်အေးဆေးကာ ရှိနေနိုင်သူ ဖြစ်သည်။
သို့သော်လည်း လေ့ကျင့်ရေးကွင်း အတွင်းရှိ လူများသည် သူမ တစ်ဦးတည်းကိုသာ ကြည့်နေကြခြင်း မဟုတ်သည်။ သူတို့သည် သူမနှင့် အန်လင်းအား ကြည့်နေကြခြင်း ဖြစ်သည်။
“ဘ ... ဘာလို့ ဒီကို ရောက်လာတာလဲ” စုရှောင်လန်သည် အနည်းငယ် ပျာယာခတ်နေပြီး နူးညံ့ညင်သာသည့် အသံဖြင့် ပြောလာသည်။
“နင့်ကိုတွေ့ဖို့ ရောက်လာတာလေ” အန်လင်းသည် ထိုသို့ပြောရင်း မျက်တောင်တဖျက်ဖျက် ခပ်လိုက်သည်။
‘သိသာနေတာကြီးကို ....’
“အိုး ...” လူအုပ်အတွင်းရှိ အမျိုးသမီး ဂိုဏ်းသားများသည် ဩဘာပေးလိုကြသည်။
အမျိုးသား ဂိုဏ်းသားများမှာမူ သူတို့၏ နှလုံးသားများအား ဓားနှင့် ထိုးစိုက်ခံရသကဲ့သို့ ခံစားနေရသည်။ နာကျင်လိုက်တာ။
ထိုဩဘာပေးသံများသည် စုရှောင်လန်၏ မျက်နှာမှ နားရွက်များသို့တိုင် ရှက်သွေးဖြာလာစေသည်။
သူမသည် စိတ်လှုပ်ရှားလျက် ရှိသည်ကြောင့် မည်သည့် ပြန်ဖြေရမည်ကို မသိပေ။ ထို့ကြောင့် အံကြိတ်ကာဖြင့် အန်လင်း၏ လက်ကိုဆွဲလိုက်ပြီး သူမ၏ ဓားပျံပေါ်သို့ ခေါ်ဆောင်သွားလိုက်သည်။ ကောင်းကင်သို့ ပျံတက်လိုက်ပြီးနောက် “နေရာတစ်ခုခုမှာ စကားပြော ကြတာပေါ့”
ထိုသို့ပြောရင်း သူမသည် လေ့ကျင့်ရေးကွင်းနှင့် ဝေးရာသို့ ပျံသန်းသွားတော့သည်။
“ဝုတ် ငါ့ကိုလည်း စောင့်ကြပါဦးဟ” တပိုင်သည် အော်ဟစ်ကာဖြင့် သူတို့နောက်သို့ ပြေးလိုက်သွားသည်။
ရှောင်ချိုးနှင့် လန်ရန်တို့သည်လည်း အလင်းတန်းများ အသွင်ဖြင့် စုရှောင်လန်နှင့် အန်လင်းတို့နောက်သို့ ပြေးလိုက်သွားကြသည်။
လေ့ကျင့်ရေးကွင်း အတွင်းရှိ ဂိုဏ်းသားများသည် ကြောင်အလျက်ဖြင့် ပျောက်ကွယ်သွားသည့် ပုံရိပ်နှစ်ခုအား ကြည့်နေလေသည်။ သူတို့၏ နှလုံးသားများသည် စိတ်ခံစားချက် မျိုးစုံဖြင့် ခုန်ပေါက်လျက် ရှိနေကြသည်။
နေ့တစ်ဝက် မပြည့်မီမှာပင် သတင်းတစ်ခုသည် ဇာမဏီငှက်ဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိသွားသည်။
တုန်လှုပ်ဖွယ်ရာ သတင်း။
ထူးဆန်းသည့် လူတစ်ဦးသည် အကြောက်အရွံ့ ကင်းစွာဖြင့် ဇာမဏီငှက်ဂိုဏ်း အတွင်းသို့ ဝင်ရောက်လာပြီးနောက် မိုဟိုင်အား လူသားကင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက်တွင် နတ်ဘုရားမလေး ရှောင်လန်နှင့်အတူ ချစ်မောင်နှံအသွင် ပျံသန်း ထွက်ခွာသွားသည်။
စုရှောင်လန်သည် အန်လင်းနှင့်အတူ ခြံဝန်းတစ်ခုထံသို့ ပျံသန်း ရောက်ရှိလာသည်။
သူမသည် ဆူပူခြင်းမပြုမီ တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ “ငါ့ဆီကို လာလည်မယ်ဆိုလည်း ဘာလို့ နည်းနည်းလေးတောင် အကြောင်း မကြားရတာလဲ”
“ရုတ်တရက်ကြီး ချလိုက်တဲ့ ဆုံးဖြတ်ချက် မို့လို့ပါ” အန်လင်းသည် တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် ရှင်းပြလေသည်။ “ကျောင်းပိတ်ရက်တွေက အရမ်းကို ပျင်းဖို့ကောင်းတယ်လေ။ ငါက နည်းနည်းလေး လှည့်ပတ် သွားလာချင်လာတာ။ ငါရောက်လာတာ နင့်အတွက် ပြဿနာ ဖြစ်သွားစေတာလား”
အန်လင်း၏ ဖြေရှင်းချက်အား ကြားလိုက်သည့်အခါတွင် စုရှောင်လန်သည် ဟွန့်ခနဲအသံ ပြုလိုက်သော်လည်း မည်သို့မျှ ပြန်ဖြေခြင်း မရှိပေ။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် တပိုင်သည် ကောင်းကင်မှ ဆင်းသက်လာသည်။ များမကြာမီတွင် ရှောင်ချိုးနှင့် လန်ရန်တို့သည် ခြံဝန်းအတွင်း ဆင်းသက်လာကြသည်။
“ဟဟ ညီမလေးရှောင်လန်ရေ .... ဒါက နင်အမြဲတမ်း ပြောနေတဲ့ အန်လင်းဆိုတာပေါ့”
လန်ရန်မှာ အလွန်စိတ်ဝင်စား နေမိသည်။ သူမမြင်ခဲ့သည့် ငကြောင်မှာ စုရှောင်လန် အမြဲလိုလို ပြောလေ့ရှိသည့် အန်လင်း ဖြစ်နေလေသည်။
“ဘယ်သူက သူ့အကြောင်း အမြဲပြောနေလို့လဲ။ တစ်ခါတလေပဲ ပြောတာပါနော်။ ဟုတ်ပြီလား”
“အစ်ကိုကြီးအန်လင်းက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ခဏခဏ နှာချေနေတာ အံ့ဩစရာ မလိုတော့ဘူး။ ရှောင်လန်က မင်းအကြောင်း တွေးနေတာကိုး ...” တပိုင်သည် စနောက်လိုက်သည်။
အန်လင်းသည် မေးအား ပွတ်ကာဖြင့် မျက်နှာတွင် သဘောပေါက် နားလည်ဟန်ဖြင့် “ဪ ... အဲလိုကြောင့်ကိုး”
စုရှောင်လန်သည် သူမကိုယ်ကို တည်ငြိမ်အောင် လုပ်ပြီးကာစမှာပင် တစ်ဖန်ပြန်၍ ရှက်သွေး ဖြာလာပြန်သည်။ “နင့်ဖင်ကိုပဲ အဲလိုကြောင့်လိုက်။ ပေါက်ကရ လျှောက်မတွေးစမ်းနဲ့”
လန်ရန်သည် ထိုအခြင်းအရာများ အားလုံးကို တိတ်တဆိတ် ကြည့်နေလေသည်။ သူမသည် အန်လင်းအား သေသေချာချာ လေ့လာလိုက်ပြီးနောက် ခေါင်းညိတ်ကာဖြင့် ထောက်ခံလိုက်သည်။ “အင်း ... ဒီအန်လင်းက အတော်လေး ဆွဲဆောင်မှု ရှိတာပဲ။ အဲဒီအပြင် တစ်ယောက်ဝယ်ရင် အပို နှစ်ကောင်ရမှာဆိုတော့ ညီမလေး ရှောင်လန်ရေ ... တန်တယ်ဟ”
“နင့်ရဲ့ အစ်မကတော့ သဘောတူတယ်နော်”
ထိုသို့ပြောရင်း လန်ရန်သည် အန်လင်းအား အားပေးသည့်အနေဖြင့် ကြည့်လိုက်သည်။
စုရှောင်လန်မှာ စိတ်ပျက်လွန်းသဖြင့် ရင်ဘက်ထဲမှ တင်းကျပ်လာလေသည်။ “အစ်မကို ဘယ်သူက မေးနေလို့လဲ။ အန်လင်းနဲ့ ကျွန်မက သူငယ်ချင်းတွေပါနော်။ နားလည်လား”
သူမသည် ဤအကြောင်းအား ဆက်ပြောခွင့် မပြုသင့်တော့ဟု ခံစားမိသည့်အတွက် “သွားကြစို့” အန်လင်းအား ဆော်ဩလိုက်သည်။ “ဒီလို လာလည်ခွင့်ရတယ် ဆိုတာ ရှားပါး အခွင့်အရေးပဲ။ နင့်ကို ဇာမဏီငှက်ဂိုဏ်းထဲ လိုက်ပြပေးမယ်”
ထိုသို့ပြောပြီးနောက် သူမသည် လန်ရန်အား ကြည့်လိုက်ပြီး “အစ်မ လုံးဝ လိုက်လာခွင့် မရှိဘူး”
လန်ရန်သည် သူမ၏လက်များအား လေထဲသို့ မြှောက်ကာဖြင့် “ကောင်းပါပြီ ကောင်းပါပြီ ငါကလည်း တတိယဘီး မဖြစ်ချင်ပါဘူးနော်။ ငါနားလည်ပါတယ်အေ နားလည်ပါတယ်” (ကြားလူကို တတိယဘီးလို့ တမင်ရေးထားခြင်းဖြစ်ပါတယ်။ ဆက်ဖတ်ကြည့်ပါ_)
စုရှောင်လန်မှာ တုံ့ဆိုင်းသွားပြီးနောက် ‘ငါဖင်ကိုပဲ နားလည်လိုက်’ ဟူ၍ပင် အော်ဟစ်ချင်မိသည်။
သို့သော်လည်း သူမကိုယ်ကို ထိန်းချုပ်လိုက်ပြီးနောက် အန်လင်းအား ခေါ်ဆောင်ကာဖြင့် ပျံသန်းထွက်ခွာသွားတော့သည်။
ခြံဝန်းထဲတွင် တပိုင်နှင့် ရှောင်ချိုးတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“ဒါက ... ငါတို့ကိုကော တတိယဘီးလို့ သတ်မှတ်ရမှာလား” တပိုင် မေးလိုက်သည်။
“မင်းကိုတော့ ထည့်တွက်လား မတွက်ဘူးလား ငါလည်း မသေချာဘူး။ ဒါပေမဲ့ ငါ့မျက်လုံးတွေကတော့ ဘီးလောက်ရှိနေတာ။ အဲဒီတော့ ငါ့ကို ထည့်မတွက်နိုင်ဘူး မဟုတ်လား”
“ဟားဟားဟားဟားဟားဟား နင်တို့က အရမ်းရယ်ရတာပဲ။ ဟားဟားဟားဟား”
တပိုင်နှင့် ရှောင်ချိုးတို့၏ စကားပြောခန်းသည် လန်ရန်၏ ရယ်ချင်စိတ်အား နှိုးဆွလိုက်သကဲ့သို့ ဖြစ်သည်။ သူမသည် မတ်တတ်ပင် မရပ်နိုင်တော့ဘဲ အူတက်မတက် ရယ်မောနေလေသည်။
တပိုင် : “…”
ရှောင်ချိုး : “…”
***
ကောင်းကင်တွင် အန်လင်းသည် စုရှောင်လန် အမြဲလိုလို ကျင့်ကြံလေ့ရှိသည့် နေရာနှင့် မီးစွမ်းအင် လေ့လာသည့်နေရာအား မြင်လိုက်ရသည်။ ထို့အပြင် အဝေးတွင်ရှိသည့် မြင့်မြတ်ဇာမဏီ မီးတောက်အားလည်း မြင်လိုက်သေးသည်။
မြင့်မြတ်ဇာမဏီ မီးတောက်သည် သန့်စင်သည့် မီးတောက်ဖြူ တစ်ခုဖြစ်ပြီး လေထဲတွင် လွင့်မျောနေလေသည်။ ဒဏ္ဍာရီများအရ ထိုမီးတောက်သည် မငြိမ်းသောမီးဖြစ်ပြီး အရာအားလုံးအား သန့်စင်ပေးနိုင်သည် ဟူ၍ ဖြစ်သည်။ ဇာမဏီငှက်ဂိုဏ်း၏ အရေးကြီးသော အမှတ်အသား တစ်ခုလည်း ဖြစ်သည်။
မြင့်မြတ်မီးတောက် လောင်ကျွမ်းနေသမျှ ဇာမဏီငှက်ဂိုဏ်းသည် ဤကမ္ဘာလောကထဲတွင် တည်ရှိနေမည် ဖြစ်သည်။
ဇာမဏီငှက်ဂိုဏ်အား လှည့်ပတ်ကြည့်ရှု ပြီးသည့်နောက်တွင် အန်လင်းနှင့် စုရှောင်လန်တို့သည် သစ်ပင်ကြီး၏ အပြင်ဘက်ရှိ သစ်ကိုင်းထူထူ တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ထိုသစ်ကိုင်သည် ကြီးမားကျယ်ပြန့်သည့် အတွက် သူတို့နှစ်ဦးသည် ဘေးချင်းယှဉ်လျက်နှင့် လမ်းလျှောက်နိုင်ကြသည်။
“အာ ... သစ်သားခုံတန်းလေး ရှိနေပါလား” အန်လင်းသည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ပြီး ပြေးသွားလိုက်သည်။
စုရှောင်လန်သည် ပြုံးကာဖြင့် သူ့နောက်မှ လိုက်လာသည်။ “ဒါက ငါအကြိုက်ဆုံး နေရာတွေထဲက တစ်ခုလေ။ ဒီထိုင်ခုံကလည်း ငါ့ဟာပဲ”
“လာထိုင်လေ”
အန်လင်းသည် စုရှောင်လန်၏ဘေးတွင် ထိုင်လိုက်သည်။ ဤခုံတန်းသည် ပန်းခြံများတွင် တွေ့ရတတ်သည့် ခုံတန်းရှည်များနှင့် ဆင်တူသည်။ သို့သော်လည်း အရိပ်ရ သစ်ပင်အောက်ရှိ ခုံတန်းတစ်ခုတွင် သူ့အနေဖြင့် ပထမဆုံးအကြိမ် ထိုင်ဖူးခြင်းဖြစ်သည်။
သူတို့ပေါ်တွင်ရှိသည့် သစ်ပင်၏ အခက်အလက်များသည် နေရောင်အား ပိတ်ဆို့ထားသည်။ အလင်းတန်းအချို့သာလျှင် ထိုးဖောက်ကျလာခြင်း ဖြစ်ပြီး ပိုးစုန်းကြူးများသဖွယ် တောက်ပလျက်ရှိသည်။
လေပြည်ညင်းသည် အရွက်စိမ်းစိမ်းများအား ပွတ်တိုက်ကာဖြင့် တိုက်ခတ်လျက် ရှိနေပြီး သင်းပျံ့သည့် ရနံ့များအား သယ်ဆောင်လာသည်။
အန်လင်းသည် ပျင်းကြော ဆန့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ “နေလို့ကောင်းလိုက်တာ”
“အင်း ... ဒီနေရာက တကယ်ငြိမ်းချမ်းတယ်” စုရှောင်လန်သည် ပါးပြင်အား လက်နှစ်ဖက်ဖြင့် ကိုင်လျက် ပြုံးလိုက်သည်။ “ကြည်လင်နေတဲ့ ကောင်းကင်ပြာနဲ့ ကျယ်ပြန့်တဲ့ မြေပြင်ကိုကြည့်ရင်း လေပြည်ညင်းက တိုက်ခတ်နေတာက လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို တကယ်ပဲ သက်သောင့်သက်သာ ဖြစ်စေတယ်”
“အိုး ... ဟုတ်သားပဲ။ နင်က အမြင့်ကြောက်ရောဂါ ရှိတယ် မဟုတ်ဘူးလား။ ဒီမှာ ထိုင်နေတာ ဘာလို့ မကြောက်တာလဲ” စုရှောင်လန်သည် အန်လင်းထံသို့ လှည့်ကြည့်လာသည်။ သူမ၏ ကြည်လင်ရွှန်းစိုနေသော မျက်လုံးများသည် လှောင်ပြောင်လိုဟန် အပြည့်နှင့် ဖြစ်သည်။
အန်လင်းမှာ ရှုံ့မဲ့သွားသည်။ “နင်ကငါ့ကို လျှော့တွက်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက အုတ်ခဲပျံ စီးနင်းနိုင်တဲ့ ယောက်ျားသား တစ်ယောက်ပါ။ ငါမမြင်ဖူးတဲ့ဟာ ဘာရှိသေးလို့လဲ”
သူမနှင့်အတူ ဓားပျံစီးနင်းစဉ်တွင် အန်လင်း၏ သေဆုံးတော့မတတ် ဖြူဖျော့လျက်ရှိသည့် အမူအရာအား ပြန်လည် စဉ်းစားမိသည့် အခါ စုရှောင်လန်မှာ ရယ်မောတော့သည်။
သူမ၏ ခြေထောက် သွယ်သွယ်လေးများအား လှုပ်ယမ်းကာဖြင့် “ဒီကနေ ဘယ်ကိုဆက်သွားဖို့ အစီအစဉ်ရှိလဲ”
အန်လင်းမှာ သေချာ စဉ်းစားလိုက်သည်။ ထိုသည်က အလေးထားရမည့် ကိစ္စရပ်ဖြစ်သည်။ ကျောင်းပြန်ဖွင့်ဖို့ရန် ရက် ၂၀ ခန့် လိုနေသေးသည်။
ကနဦးတွင် သူစီစဉ်ထားသည်မှာ ရွှမ်ယွမ်ချန်ရှိရာ အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းနှင့် စုချန်းရန်ရှိရာ သစ်တောစိမ်း အင်ပါယာနန်းတော်သို့ သွားရောက်လည်ပတ်ရန် ဖြစ်သည်။
သို့သော်လည်း စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်အား သင်ယူပြီးသည့် နောက်တွင် သူ၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာပြီ ဖြစ်သည်ကြောင့် အခြားသော အတွေးများ တွေးမိလေသည်။
“အသူရာချောက်နက်ကို သွားရလိမ့်မယ်” အန်လင်းသည် ရိုးရိုးသားသား အဖြေပေးလိုက်သည်။
အန်လင်း၏ အဖြေအား ကြားလိုက်သည့်အခါ စုရှောင်လန်၏ အမူအရာ ပြောင်းလဲသွားသည်။ “နင်က ဘာလို့ အဲဒီကို သွားချင်တာလဲ။ အဲဒီမှာ နတ်ဆိုးယုတ်တွေ ရှိနေတယ်လေ”
အန်လင်း ခေါင်းညိတ်လိုက်ပြီးနောက် “အဲဒါကြောင့် ငါသွားရမှာလေ။ ငါ့အနေနဲ့ နတ်ဆိုးယုတ် တစ်ကောင်ကို သတ်ရလိမ့်မယ်”
“အဲလို သတ်ဖြတ်ပြီးရင် ထူးဆန်းတဲ့ အကျိုးကျေးဇူးတွေ ရလာမှာလား” စုရှောင်လန်သည် မျက်ခုံးများ ပင့်ကာဖြင့် မေးလိုက်သည်။
အန်လင်း : “…”
နင်ကငါ့ကို ကောင်းကောင်းကြီး သိနေတာပဲ။ ငါက ဘယ်လိုလုပ်ပြီး ဖြေရတော့မတုန်း။
အန်လင်း၏ တိတ်ဆိတ်နေမှုအား မြင်လိုက်သည့်အခါတွင် စုရှောင်လန်သည် နှုတ်ခမ်းတင်းတင်း စေ့ကာဖြင့် “ထားလိုက်ပါတော့။ ဂိုဏ်းမှာရှိတဲ့ ကိစ္စတွေ အကုန်ပြီးနေပြီ ဆိုတော့ ငါလည်း နင်နဲ့အတူလိုက်ပြီး နင့်ရဲ့အစောင့် လုပ်ပေးမယ်”
အန်လင်း၏ မျက်လုံးများ အရောင်တောက်လာသည်။ “တကယ်လား။ ဒါပေမဲ့ အသူရာချောက်နက်က တကယ်ကို အန္တရာယ်ရှိတယ်လေ ...”
“ဘာလို့လဲဆိုရင် နင့်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးစရာ ရှိနေတယ်လေ။ အဲဒါနဲ့ ချေလိုက်မှာပေါ့” စုရှောင်လန် ရယ်မောလိုက်သည်။
အန်လင်းသည် မျက်တောင် တဖျက်ဖျက် ခတ်လိုက်ပြီး “အဲဒါက ဓာတ်ပုံရိုက်ပြီးတော့ ပေးချေလိုက်ပြီ မဟုတ်ဘူးလား”
“အဲဒါကို ထည့်မတွက်စမ်းပါနဲ့။ ငါက နင့်အပေါ် ဒီလိုမျိုး အသား မယူချင်ပါဘူးနော်” စုရှောင်လန်သည် သူမ၏ လက်များကို ယမ်းလိုက်သည်။ မျက်နှာတွင် ဆုံးဖြတ်ချက် ချပြီးဟန် ရှိသည်။
အန်လင်းသည် ခေတ္တမျှ စဉ်းစားလိုက်သည်။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် အကူတစ်ယောက် ရရှိခြင်းမှာ အမှန်တကယ် အကျိုးများပေသည်။
“ကောင်းပြီ။ လက်ခံတယ်”
***