← Chapters

ရှူးဖေး နန်းတော်မှ ထွက်ခွာခြင်း

Vol. 20 Ch. 407

ရှူးဖေး နန်းတော်မှ ထွက်ခွာခြင်း

Vol. 20 Ch. 407

လင်းရှောင်ယွဲ့သည် မေးခွန်းကို ကြားသောအခါ အနည်းငယ် ကြောင်အသွား၏။ သူမ၏အကြည့်မှာ မင်းဆရာကြီးထံသို့ မထိန်းနိုင်ဘဲ ရောက်ရှိသွားလေသည်။ မင်းဆရာကြီးက မိမိအား ပြုံးပြနေသည်ကို မြင်တွေ့ရသောအခါ စိတ်ထဲ၌ အပြုံးတစ်ပွင့် မထိန်းနိုင်ဘဲ ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် သူမသည် အချိန်မဆွဲတော့ဘဲ ရွှီယန်ထံသို့ လှည့်ကြည့်လိုက်၏။

"ဆရာရွှီကို စာရေးပေးဖို့ အနှောင့်အယှက် ပေးပါရစေ" ဟု ရွှီယန်အား ပြောလိုက်သည်။

ရွှီယန်သည် ထိတ်လန့်သွား၏။ ဒီအမျိုးသမီးငယ်က ပုစ္ဆာကို အမှန်တကယ် ဖြေရှင်းနိုင်တာလား။

များများစားစား မတွေးတောတော့ဘဲ ရွှီယန်သည် မိမိဘေးမှ လူအား မေးခွန်းကို ချခိုင်းလိုက်ပြီးနောက် စားပွဲခုံရှေ့သို့ ရောက်ရှိလာကာ စုတ်တံကို ကောက်ကိုင်လိုက်သည်။

လင်းရှောင်ယွဲ့သည် ရှေ့သို့ တိုးလာပြီး "ငါးက အလယ်မှာ" ဟု ပြောလိုက်သည်။

ရွှီယန်သည် လင်းရှောင်ယွဲ့အား တစ်ချက်ကြည့်လိုက်ပြီး စုတ်တံကို မြှောက်ကာ ကိုးကွက်ဇယား၏ အလယ်ဗဟိုတွင် 'ငါး' ဟု ရေးချလိုက်သည်။

"နှစ်နဲ့ လေးက ပခုံးတွေ"

ရွှီယန်သည် ပြောသည့်အတိုင်း ဆက်လက် ရေးသားလိုက်၏။

"ခြောက်နဲ့ ရှစ်က ခြေထောက်တွေ"

လူတိုင်းသည် လင်းရှောင်ယွဲ့အား လှမ်းကြည့်လိုက်ကြသည်။

"ဘယ် သုံး ညာ ခုနစ်၊ အပေါ် ကိုး အောက် တစ်" ရွှီယန်၏ မှတ်တမ်းတင်မှုမှာ လိုက်မီနိုင်သည်ကို မြင်သောအခါ လင်းရှောင်ယွဲ့သည် အဖြေကို တိုက်ရိုက် အဆုံးသတ် ပြောချလိုက်သည်။

ရွှီယန်သည် ကိန်းဂဏန်းများကို လျင်မြန်စွာ ဖြည့်သွင်းလိုက်၏။ ကိန်းဂဏန်းများ ဖြည့်သွင်းပြီးသော် စုတ်တံကိုပင် မချသေးဘဲ ကိုးကွက်ဇယားအတွင်းမှ အကြောင်းအရာများကို စတင် တွက်ချက် စစ်ဆေးလေတော့သည်။

စစ်ဆေးမှု ပြုလုပ်နေစဉ်မှာပင် လူတိုင်းသည် ရွှီယန်၏ တစ်ကိုယ်လုံးမှာ တုန်ယင်လာသည်ကို တွေ့ရှိလိုက်ရ၏။ ထို့အပြင် တုန်ရီမှုက ပို၍ ပြင်းထန်လေလေ ဖြစ်လာသည်။ ထို့နောက် သူသည် ရုတ်တရက် နောက်သို့ ဆုတ်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်လေသည်။

ရွှီချင်း၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူ့ဆရာအား အလျင်အမြန် ထိန်းကိုင်လိုက်သည်။

ခန်းမဆောင်ထဲရှိ ကျန်လူများလည်း ထိတ်လန့်သွားကြပြီး အချို့မှာ နေရာမှပင် ထရပ်လိုက်ကြကာ လင်းရှောင်ယွဲ့တို့အဖွဲ့အနီးတွင် ဖြစ်ပျက်နေသော အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့လိုကြသည်။ ဘယ်လိုဖြစ်သွားတာလဲ။ ပညာရှင်ကြီးရွှီယန် သွေးအန်သွားတာပါလား။ သခင်မလီကြောင့် ဒေါသထွက်သွားလို့လား။ သို့ဆိုလျှင် ကိုးကွက်ဇယား၏ မှန်ကန်သော အဖြေကို ဖြေရှင်းထုတ်နိုင်ခဲ့ပြီလား။

ရွှီယန်မှာမူ ရွှီချင်းအား တွန်းဖယ်လိုက်ပြီး သူ့အား မိမိကိုယ်မိမိ ပြန်လည် တည်ငြိမ်စွာ ရပ်တည်နိုင်အောင် ထိန်းပေးရန် ပြောလိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ထဲမှ ပြင်းထန်သော ခံစားချက်များကို ဖိနှိပ်ထားပြီးနောက်မှ ရှေ့သို့ တစ်လှမ်း တိုးကာ လင်းရှောင်ယွဲ့အား အရိုအသေ ပြုလိုက်သည်။

"ဒီအဘိုးကြီး ကျေကျေနပ်နပ် အရှုံးဝန်ခံပါတယ်။ ဒီတစ်ကြိမ်မှာတော့ လေးလေးစားစားနဲ့ ရှုံးနိမ့်သွားတာပါ..." ဟု ချက်ချင်း ပြောလိုက်သည်။

ဤစကား ထွက်ပေါ်လာသည်နှင့် ခန်းမဆောင်ထဲတွင် ချက်ချင်း ဆူညံသွား၏။

ယန်တိုင်းပြည်မှ အမတ်ကြီးများအားလုံး မျက်နှာတွင် ဝမ်းသာရိပ်များပေါ်လာကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုကြသည်။ အနိုင်ရသွားပြီ။ သခင်မလီ နောက်ဆုံးမေးခွန်းကို တကယ်ဖြေနိုင်သွားပြီ။ ရွှီယန်ကိုတောင် အရှုံးကိုဝန်ခံစေခဲ့သေးတယ်။

ဧကရာဇ်ယန်သည်လည်း မျက်နှာတစ်ခုလုံး ဝမ်းသာရိပ် လွှမ်းသွားပြီး မင်းသမီး ၆၏ လင်းရှောင်ယွဲ့အပေါ် ချီးကျူးစကားများကို ထပ်မံ၍ ထောက်ခံလိုက်သည်။

ချူကျင်းမှ မင်းသားနှစ်ပါးမှာမူ ဒေါသထွက်လွန်း၍ နှာခေါင်းမှ မီးခိုးများ ထွက်လုနီးပါး ဖြစ်နေ၏။ ထိုနှစ်ယောက်သည် ဒေါသတကြီးဖြင့် နေရာမှ ထရပ်လိုက်ကြသည်ကို တွေ့လိုက်ရသည်။ "ဟွန့်" ဟု အသံတစ်ချက် ပြုလိုက်ပြီး လက်စကိုခါကာ ထွက်ခွာသွားလေသည်။

ဧကရာဇ်ယန်သည် ဤအခြေအနေကို မြင်သောအခါ တားဆီးခြင်း မပြုခဲ့ပေ။ သာ့ယန်၏ ဆက်တိုက် မေးခွန်းဆယ်ပုဒ် ဖြေရှင်းခြင်းကို ခံလိုက်ရပြီး ပထမပိုင်းတွင် အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရာ ဤမျှ ဒေါသထွက်သည်မှာလည်း အံ့ဩစရာ မရှိပေ။ သွားချင်လည်း သွားပါစေ၊ မည်သို့ပင်ဖြစ်စေ နေ့လယ်ဘက်တွင် ဒုတိယပိုင်း ပြိုင်ပွဲကို ဆက်လက် ကြည့်ရှုရန် လာရဦးမည်သာ ဖြစ်သည်။

"ဆရာရွှီ အလျှော့ပေးတာပါ။ အနိုင်အရှုံးဆိုတာ စစ်သူကြီးတွေရဲ့ ထုံးစံမို့လို့ ဆရာရွှီ ကျန်းမာရေးကို ဂရုစိုက်ရပါဦးမယ်" လင်းရှောင်ယွဲ့က ပြောလိုက်သည်။

ရွှီယန်သည် ခေါင်းညိတ်လိုက်၏။ သူ၏ ပင်ပန်းနွမ်းနယ်ဟန်မှာ အထင်းသားပေါ်လွင်နေပြီး ချက်ချင်းပင် အသက်များစွာ ကြီးရင့်သွားသကဲ့သို့ ဖြစ်နေသည်။

"ဒီအဘိုးကြီးကို ခွင့်ပြုပါဦး" ချက်ချင်းပင် သူသည် လင်းရှောင်ယွဲ့အား နောက်တစ်ကြိမ် လက်နှစ်ဖက်ယှက်ကာ ဂါရဝပြုလိုက်သည်။

လင်းရှောင်ယွဲ့သည် ပြန်လည် ဂါရဝပြုလိုက်၏။

"ဆရာရွှီ ဖြည်းဖြည်း သွားပါ"

ထိုအခါမှ ရွှီယန်သည် ရွှီချင်းအား မိမိကိုယ်မိမိ ထိန်းပေးစေပြီး ချူကျင်းမှ ကျန်ရှိသော လူများကို ခေါ်ဆောင်လျက် ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားလေသည်။

ရွှီယန်နှင့် အခြားသူများ ထွက်ခွာသွားသောအခါ ခန်းမဆောင်ထဲမှ ဆူညံသံများမှာ ချက်ချင်း မြင့်တက်လာ၏။

"ဝမ်းသာစရာ ကောင်းလိုက်တာ။ ဒီအဘိုးကြီး ဒီနေ့မှပဲ မိန်းမသားက ယောက်ျားထက် မနိမ့်ကျဘူးဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့တယ်"

"သခင်မလီ၊ ဒီအဘိုးကြီးက ခင်ဗျားကို ဂုဏ်ပြုပါတယ်" သံချပ်ကာ ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးသည် ရုတ်တရက် ထရပ်လိုက်ပြီး လင်းရှောင်ယွဲ့ထံသို့ အရက်ခွက်ကို မြှောက်ပြလိုက်သည်။

ထို့နောက် လင်းရှောင်ယွဲ့၏ ပြန်လည်ဖြေကြားမှုကို မစောင့်ဆိုင်းတော့ဘဲ မိမိဘာသာ တစ်ရှိန်တည်း မော့ချလိုက်သည်။

"ဒီအဘိုးကြီးလည်း သခင်မလီကို တစ်ခွက် ဂုဏ်ပြုပါတယ်။ သခင်မလီ ဒီနေ့ ချူကျင်းသံတမန်တွေကို ယှဉ်ပြိုင်ရာမှာ ဂဏန်းသင်္ချာပညာရပ် လမ်းကြောင်းနဲ့ ချူကျင်းရဲ့ထောင်လွှားမှုကို ချေမှုန်းပြီး ငါတို့ သာ့ယန်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့တယ်။ လေးစားစရာပဲ" ဤတစ်ကြိမ် အရက်ခွက်ကို ကိုင်မြှောက်၍ ထရပ်လိုက်သူမှာ အရပ်ဘက် အမတ်များ၏ ဦးသျှောင်ဖြစ်သော အမတ်ချုပ်ကြီး ဖြစ်နေခဲ့သည်။

.....

အရပ်ဘက် စစ်ဘက်မှ နန်းတွင်း အရာရှိကြီး နှစ်ဦးက ဦးဆောင်လိုက်သည်နှင့် လင်းရှောင်ယွဲ့အား အရက်နှင့်ဂုဏ်ပြုပေးသူများ ပိုမို များပြားလာသည်။ ထို့အပြင် လူတိုင်းသည် အရက်ငှဲ့ပေးရာတွင် မိမိဘာသာ သောက်သုံးကြပြီး လင်းရှောင်ယွဲ့အားလည်း သောက်သုံးစေလိုသော သဘော မရှိခဲ့ပေ။ ဤအခိုက်အတန့်တွင် သူတို့၏ စိတ်ထဲ၌ အမှန်တကယ် လေးစား အံ့ဩနေကြသည်။ သူတို့၏ မျက်လုံးထဲတွင် ဤအခိုက်အတန့်မှ လင်းရှောင်ယွဲ့မှာ သာမန်အမျိုးသမီးတစ်ဦး မဟုတ်တော့ဘဲ ယန်တိုင်းပြည်၏ အဖိုးတန်ရတနာတစ်ခု ဖြစ်နေခဲ့ပြီ။ ဤသို့သော ပညာရှင်ကြီး အဆင့်ရှိသူတစ်ဦးအပေါ်တွင် လိင်ကွဲပြားမှုမှာ ထိုမျှ အရေးမကြီးတော့ပေ။

မင်းသမီး ၆သည် ဤအခြေအနေကို မြင်သောအခါ အရက်ခွက်ကို မြှောက်ကိုင်ကာ လင်းရှောင်ယွဲ့အား စကားပြောလိုက်သည်။ ချက်ချင်းပင် သူမ၏ခွက်ထဲမှ အရက်ကို မော့ချလိုက်သည်။

ဧကရာဇ်ယန်သည် ဘေးမှ ဤမြင်ကွင်းကို ပြုံးလျက်ကြည့်နေပြီး စိတ်ထဲ၌လည်း အလွန်ကျေနပ်နေ၏။ နောက်ဆုံးတွင် သူသည်လည်း လင်းရှောင်ယွဲ့အား ခွက်မြှောက်ပြလိုက်သည်။

"သခင်မလီ ဒီတစ်ကြိမ် တိုင်းပြည်အတွက်၊ ကျန်းအတွက်၊ ကြီးမားတဲ့ ကောင်းမှုတွေ တည်ဆောက်ခဲ့တယ်။ ကျန်းလည်း သခင်မလီကို တစ်ခွက် ငှဲ့ပေးပါတယ်"

ဧကရာဇ်ယန်က အရက်ငှဲ့ပေးသည်ဖြစ်ရာ လင်းရှောင်ယွဲ့သည် ပြန်လည် ဂါရဝပြုရုံမျှဖြင့် မလုံလောက်တော့ပေ။ မိန်းမစိုးချုပ်ဟူ ပို့ဆောင်ပေးလာသော အရက်ကို လက်ခံယူလိုက်ပြီး လင်းရှောင်ယွဲ့သည် ဧကရာဇ်ယန်အား ကျေးဇူးတင်စကားဆိုပြီးနောက် တစ်ရှိန်တည်း မော့ချလိုက်သည်။

"ဟားဟားဟား..." လင်းရှောင်ယွဲ့က အရက်ကို မော့ချလိုက်သည်ကို မြင်သောအခါ ဧကရာဇ်ယန်သည် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

ဤအချိန်မှာပင် မင်းသမီး ၆၏ မျက်ဝန်းအရောင် ရုတ်တရက် လှုပ်ရှားသွားသည်။

"ခမည်းတော်၊ ဒီနေ့ လောင်ရှစ်က ချူကျင်းရဲ့ ခက်ခဲတဲ့ ပုစ္ဆာဆယ်ပုဒ်ကို ဆက်တိုက် ဖြေရှင်းနိုင်ခဲ့တယ်။ နောက်ဆုံးမှာ ပညာရှင်ကြီးရွှီယန်ရဲ့ဆရာ ချန်ထားခဲ့တဲ့ ပုစ္ဆာကိုတောင် ဖြေရှင်းနိုင်ခဲ့တယ်။ ဒါက လောင်ရှစ်ရဲ့ ဂဏန်းသင်္ချာပညာရပ် လမ်းကြောင်းပေါ်က အဆုံးစွန် ကျွမ်းကျင်မှုကို လုံလုံလောက်လောက် ပြသနိုင်ပါတယ်"

"ဒီလောက် ကြီးကျယ်တဲ့ အရည်အချင်းကို ဘယ်လိုလုပ် အသုံးမပြုဘဲ နေနိုင်မှာလဲ"

ဧကရာဇ်ယန်သည် မင်းသမီး ၆အား လှမ်းကြည့်လိုက်သည်။

"အိုး" ဟု မေးလိုက်သည်။ ဝမ်းသာနေသလား ဒေါသထွက်နေသလား မသိနိုင်ပေ။

မင်းသမီး ၆မှာမူ မကြောက်ရွံ့ဘဲ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ထပ်မံပေါ်လာသည်။

"သမီးတော် တွေးမိတာက၊ လောင်ရှစ်ကို ဂဏန်းသင်္ချာပညာရပ် စာအုပ်တွေ ပြုစုခိုင်းပြီး အဲ့ဒီစာအုပ်တွေကို သာ့ယန်က စာသင်ကျောင်းကြီးတွေဆီ ဖြန့်ဝေခိုင်းရင် မကောင်းဘူးလား။ ဒါမှ သမီးတော်တို့ သာ့ယန်ကလူတွေအားလုံး ဂဏန်းသင်္ချာပညာရပ်ကို ပိုမို လေ့လာနိုင်ပြီး ပြည်သူတစ်ရပ်လုံးကို အကျိုးပြုနိုင်မှာပါ"

ဤစကား ထွက်ပေါ်လာသည်နှင့် ခန်းမဆောင်ထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွား၏။ ချက်ချင်းပင် မင်းမှုထမ်းများသည် အချင်းချင်း ပြောဆိုဆွေးနွေးလာကြသည်။

ဧကရာဇ်ယန်၏အကြည့်သည် အမတ်များထံသို့ ကြည့်လိုက်ပြီး နောက်ဆုံးတွင် မင်းဆရာကြီးထံသို့ ထပ်မံ ကြည့်လိုက်သော်လည်း သဘောထား မပေးခဲ့ပေ။

ထိုကလေးမလေးအား ဂဏန်းသင်္ချာပညာရပ် စာအုပ်များ ပြုစုခိုင်းပြီး စာသင်ကျောင်းကြီးများဆီသို့ ဖြန့်ဝေစေမှာလား။ မင်းဆရာကြီး၏ အကြံအစည်လား။ သူမကိုကာကွယ်ပေးဖို့အတွက်လား။

မင်းဆရာကြီး၏ မျက်နှာမှာ ပုံမှန်အတိုင်း ဖြစ်နေသည်ကို မြင်သောအခါ ဧကရာဇ်ယန်သည် အကြည့်ကို လင်းရှောင်ယွဲ့ထံသို့ ထပ်မံ လွှဲပြောင်းလိုက်သည်။ ဤကလေးမလေး ဒီတစ်ကြိမ် သာ့ယန်အတွက် ကြီးမားသော ကောင်းမှု တည်ဆောက်ခဲ့ရာ အမှန်တကယ် ဆုချီးမြှင့်သင့်၏။ သူမထံတွင် အရည်အချင်း ရှိသည်ဖြစ်ရာ စာအုပ်များပြုစုရန်အရည်အချင်း အမှန်တကယ် ရှိသည်။ သို့သော် စာအုပ်များကို စာသင်ကျောင်းကြီးများဆီသို့ ဖြန့်ဝေခြင်းမှာ အနည်းငယ် လွန်ကဲသွားလေမလား...

"အရှင်မင်းကြီး၊ မင်းသမီး ၆ မိန့်ကြားတာ အလွန် ယုတ္တိရှိပါတယ်" ဤအချိန်မှာပင် အမတ်ချုပ်ကြီးသည် ထရပ်လိုက်ပြီး ဧကရာဇ်ယန်အား ဂါရဝပြု၍ ပြောလိုက်သည်။

"ဒီနေ့ ကျွန်တော်မျိုး သခင်မလီ ဖြေရှင်းတာကို ကြည့်မှပဲ ဂဏန်းသင်္ချာပညာရပ် လမ်းကြောင်းရဲ့ နက်နဲမှုကို သိရှိရပါတယ်"

"သခင်မလီကို ဂဏန်းသင်္ချာပညာရပ် စာအုပ်တွေ ပြုစုခိုင်းပြီး သခင်မရဲ့ ပညာရပ်တွေကို နောက်လာနောက်သားတွေဆီ လက်ဆင့်ကမ်းစေတာက ကျွန်တော်မျိုးတို့ သာ့ယန်ရဲ့ ကောင်းမှုကုသိုလ်၊ နောက်မျိုးဆက် သားစဉ်မြေးဆက်တွေရဲ့ ကောင်းမှုကုသိုလ်ပါပဲ"

"ကျွန်တော်မျိုး သဘောတူ ထောက်ခံပါတယ်"

"ကျွန်တော်မျိုးလည်း သဘောတူ ထောက်ခံပါတယ်"

မင်းမှုထမ်းများ ဆက်တိုက် ထွက်လာပြီး သဘောတူညီကြောင်း ပြသကြသည်။

ဧကရာဇ်ယန်သည် ဤအခြေအနေကို မြင်သောအခါ အမူအရာမှာ သိပ်မကောင်းတော့ပေ။ လင်းရှောင်ယွဲ့မှာမူ မျက်နှာထား တည်ငြိမ်နေပြီး အခြားသူများ ပြောဆိုဆွေးနွေးနေသော ကိစ္စမှာ သူမနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဒါဆိုရင် သခင်မလီမှာရော ဘယ်လိုသဘောထားရှိလဲ" ထို့ကြောင့် ဧကရာဇ်ယန်သည် လင်းရှောင်ယွဲ့အား မေးလိုက်သည်။

လင်းရှောင်ယွဲ့သည် အမည်တပ်ခေါ်ခံလိုက်ရမှ လှုပ်ရှားလာခဲ့သည်။ သူမသည် ကိုယ်ကို ညွှတ်၍ ဧကရာဇ်ယန်အား ဂါရဝပြုလိုက်ပြီးနောက်မှ "ဒီပြည်သူ၊ သာ့ယန်နဲ့ ပြည်သူလူထုအတွက် စိတ်အားထက်သန်မှုတစ်စိတ်တစ်ပိုင်း ထည့်ဝင်ဖို့ ဆန္ဒရှိပါတယ်" ဟု ပြောလိုက်သည်။

ဤစကား ထွက်ပေါ်လာသည်နှင့် မင်းမှုထမ်းများသည် လင်းရှောင်ယွဲ့အပေါ် နောက်တစ်ကြိမ် အထင်ကြီး လေးစားသွားကြသည်။ သခင်မလီသည် တိုင်းပြည်နှင့် ပြည်သူအတွက် သစ္စာစောင့်သိစိတ် အပြည့်ရှိပါလား။

ဧကရာဇ်ယန်၏ မျက်ဝန်းအရောင် လှုပ်ရှားသွား၏။

"သခင်မရဲ့ စိတ်နှလုံးသားကို ကျန်း အလွန် ဝမ်းမြောက်မိတယ်။ ကျန်း ယုံကြည်တယ်၊ သခင်မ ရေးသားပြုစုတဲ့ စာအုပ်က သေချာပေါက် ကျန်းတို့သာ့ယန်ရဲ့ ရတနာတစ်ပါး ဖြစ်လာမှာပါ။ ဒါပေမဲ့..." ဧကရာဇ်ယန်သည် ရုတ်တရက် ခေတ္တမျှ ရပ်တန့်လိုက်သည်။

လင်းရှောင်ယွဲ့၏ စိတ်ထဲတွင် လေးလံသွားသော်လည်း ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး မလှုပ်ရှားခဲ့ပေ။

ဧကရာဇ်ယန်သည် ပြုံးလိုက်ပြီး "ဒါပေမဲ့၊ သခင်မရဲ့ ထူးခြားတဲ့ အတွေးအခေါ်နဲ့ ဉာဏ်ပညာကို သာမန်လူတွေက သင်ယူနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်။ ပြုစုထားတဲ့ စာအုပ်ကို တကယ်လို့ စာသင်ကျောင်းကြီးတွေဆီ ဖြန့်ဝေခဲ့ရင်တောင် အနှစ်သာရကို တကယ် နားလည်နိုင်တဲ့သူက လူအနည်းငယ်ပဲ ရှိမှာပဲ။ ဒီလိုဆိုရင် အဓိပ္ပာယ်က သိပ်မရှိတော့ဘူး..."

စာအုပ်များ ပြုစုခြင်းမှာ သဘာဝအတိုင်း ကိစ္စမရှိပေ။ သို့သော် စာသင်ကျောင်းများသို့ ဖြန့်ဝေပြီး လောကတစ်ခွင်မှ ပညာသင်များကို သက်ရောက်မှု ရှိစေမည်။ ဤအဓိပ္ပာယ်မှာမူ များစွာ ကွဲပြားခြားနားသွားပေပြီ။ မင်းဆရာကြီး၏ စိတ်နှလုံးသားမှာ အနည်းငယ် လွန်ကဲသွားသည် မဟုတ်လား။

ဤစကား ထွက်ပေါ်လာသည်နှင့် မင်းမှုထမ်းများသည် နောက်တစ်ကြိမ် ပြောဆိုဆွေးနွေးလာကြသည်။ အရှင်မင်းကြီး ပြောသည်မှာ ယုတ္တိရှိပေသည်။ သခင်မလီ တတ်ကျွမ်းသော ဂဏန်းသင်္ချာပညာရပ် အသိပညာမှာ အဆင့်မြင့်ပြီး နက်နဲလှရာ သာမန်ပြည်သူများ သင်ယူရန် သင့်တော်မည် မဟုတ်ပေ။ ဤသို့ အဆင့်မြင့်ပြီး နက်နဲသော အရာများကို တန်ဖိုးထား သိမ်းဆည်းထားသင့်ပြီး အမှန်တကယ် ပါရမီရှိသော လူနည်းစုအား သင်ယူစေသင့်သည်။ ဤအသိပညာများ အပြင်သို့ ပေါက်ကြားသွားပြီး မတော်တဆ အခြားတိုင်းပြည်မှ လူများ သင်ယူသွားခြင်းမှလည်း ရှောင်ရှားနိုင်ပေမည်။

ဤအချိန်တွင် မင်းဆရာကြီး၏မျက်မှောင်များ နောက်ဆုံးတွင် တွန့်ကြုတ်သွား၏။ သူ စကားဆိုမည် အပြုတွင် မမျှော်လင့်ဘဲ လင်းရှောင်ယွဲ့က ဦးစွာ ပါးစပ် ဖွင့်လိုက်သည်။

"ဒီကိစ္စကို အရှင်မင်းကြီး လုံးဝ စိတ်ချနိုင်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ပြည်သူက မင်းသမီး ၆၊ ဆရာလျန်၊ ပြီးတော့ ဆရာမော့ဖေးတို့နဲ့ ထိတွေ့ ဆွေးနွေးရင်း ပြဿနာတော်တော်များများကို တွေ့ရှိခဲ့ပါတယ်။ စာအုပ်ပြုစုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တကယ်တော့ ကျွန်မတို့အားလုံးမှာ အတွေးအခေါ်တွေ ရှိပါတယ်။ ကျွန်မတို့က အဲ့ဒီ ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ ဂဏန်းသင်္ချာပညာရပ် နည်းလမ်းတွေကိုပဲ ပြုစုဖို့ စဉ်းစားထားတာ မဟုတ်ပါဘူး။ အခြေခံကနေ အဆင့်မြင့်အထိ၊ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝမှာ တကယ် အသုံးချနိုင်မယ့် ဂဏန်းသင်္ချာပညာရပ် စာအုပ်တချို့ကိုလည်း ပြုစုဖို့ စဉ်းစားထားပါတယ်။

ဒီပြည်သူ ယုံကြည်မှု ရှိပါတယ်။ ဒီ အခြေခံကနေ အဆင့်မြင့်အထိ စာအုပ်တွေကို စာသင်ကျောင်းအသီးသီးဆီ ဖြန့်ဝေနိုင်ခဲ့ရင် ပြည်သူတစ်ရပ်လုံးကို သေချာပေါက် အကျိုးပြုနိုင်မှာပါ" လင်းရှောင်ယွဲ့က လေးနက်စွာ ပြောလိုက်သည်။

ဤစကား ထွက်ပေါ်လာသည်နှင့် လျန်ချန်းချိုင်သည် အလျင်အမြန် လိုက်ပါ၍ ဧကရာဇ်ယန်အား ဂါရဝပြုလိုက်သည်။

"သခင်မလီ ပြောတာယုတ္တိရှိပါတယ်

အရှင်မင်းကြီး၊ ဒီအချိန်အတောအတွင်းမှာ အမတ်ကြီး သခင်မလီရဲ့ ဘေးမှာ လိုက်ပါ သင်ယူခဲ့ပါတယ်။ သခင်မလီ ပြောပြခဲ့တဲ့ ခက်ခဲတဲ့ ပုစ္ဆာတော်တော်များများက တကယ်တော့ သခင်မလီ ကိုယ်တိုင် အနှစ်ချုပ်ထားတဲ့ အခြေခံ အသိပညာတချို့ကနေ အစပြုလာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီအခြေခံ အသိပညာတွေကို အမတ်ကြီးတို့ လူအနည်းငယ်က နားမလည်တာ မဟုတ်ပေမယ့် သခင်မလီ အနှစ်ချုပ်ထားသလောက်တော့ မပြည့်စုံပါဘူး

တကယ်လို့သာ သခင်မလီကို ဒီအခြေခံ အသိပညာတွေကို အနှစ်ချုပ် ပြည့်စုံအောင် လုပ်ခိုင်းပြီး နောက်လာနောက်သားတွေကို တိုက်ရိုက် လက်ခံရယူစေမယ်ဆိုရင် ဒီလိုဆိုရင် ကျွန်တော်တို့ သာ့ယန်ပြည်သူတွေရဲ့ ဂဏန်းသင်္ချာပညာရပ် စွမ်းရည်ကို အများကြီး မြှင့်တင်ပေးနိုင်မှာပါ"

မော့ဖေးသည် ဤအခြေအနေကို မြင်သောအခါ အလျင်အမြန် ရှေ့သို့ တိုး၍ သဘောတူ ထောက်ခံလိုက်သည်။ လင်းရှောင်ယွဲ့က အချို့သော အခြေခံအသိပညာများကို ပြည့်စုံအောင် လုပ်ဆောင်ပြီးနောက် ရရှိလာသော ရလဒ်ကိုပင် ဥပမာပေး၍ ရှင်းပြလိုက်သေးသည်။ ပြောဆိုနေသည်များမှာ အခြေခံကျသော ဂဏန်းသင်္ချာပညာရပ် ပြဿနာများ ဖြစ်သောကြောင့် မင်းမှုထမ်းများလည်း နားလည်နိုင်ကြ၏။ နားထောင်ပြီးနောက် လင်းရှောင်ယွဲ့အပေါ် ပို၍ပင်ချီးကျူးသွားကြသည်။

မင်းသမီး ၆သည်လည်း ဧကရာဇ်ယန်အား ချွဲနွဲ့လိုက်ပြီး သူမအနေဖြင့် လင်းရှောင်ယွဲ့နှင့်အတူ စာသင်ကျောင်းများသို့ ဖြန့်ဝေမည့် စာအုပ်များကို ကောင်းမွန်စွာ ပြုစုမည်ဖြစ်ကြောင်း ဧကရာဇ်ယန်အား အာမခံလိုက်သေးသည်။

အများစု၏ဆန္ဒကို ရင်ဆိုင်ရသောအခါ ဧကရာဇ်ယန်သည် မတတ်နိုင်တော့ဘဲ နောက်ဆုံးတွင် သဘောတူလိုက်၏။ သို့သော် စာအုပ်များ ပြုစုပြီးစီးသွားသောအခါ အမတ်အချို့အား ကြည့်ရှုစေပြီး စာသင်ကျောင်းများသို့ ဖြန့်ဝေရန် သင့်တော်ကြောင်း သေချာမှသာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

လင်းရှောင်ယွဲ့နှင့် အခြားလူအနည်းငယ်သည် ဧကရာဇ်၏ကျေးဇူးတော်အား အလျင်အမြန် ချီးမွမ်းလိုက်ကြပြီး စိတ်ထဲ၌ နောက်ဆုံးတွင် တည်ငြိမ်သွား၏။

ဧကရာဇ်ယန်သည် နေရာများ အလျင်အမြန် ချီးမြှင့်လိုက်ပြီး သီဆိုကခုန်မှုများ ဝင်ရောက်လာသည်။ ခန်းမဆောင်ကြီးထဲမှ လူတိုင်းသည် ချူကျင်း သံတမန်များအား အနိုင်တိုက်ခိုက်နိုင်ခဲ့သော ဝမ်းမြောက်မှုထဲတွင် အလျင်အမြန် နစ်မြောသွားကြ၏။

........

တစ်ချိန်တည်းမှာပင်။

နန်းတွင်းအပျိုတော်အဖြစ် အသွင်ပြောင်းထားသော ရှူးဖေးသည် မစင်ပုံးထဲတွင် ပုန်းအောင်းနေပြီး နောက်ဆုံး စစ်ဆေးရေးဂိတ်မှ ဖြတ်ကျော်လာခဲ့သည်။ နောက်ဆုံးတွင် နန်းတော်တံခါးမှ ထွက်ခွာနိုင်ခဲ့ပြီ ဖြစ်သည်။

မိန်းမစိုးသည် မစင်ပုံး အဖုံးကို ဖွင့်လိုက်ပြီး ရှူးဖေးအား ထူမ၍ ထွက်စေလိုက်၏။

ရှူးဖေးသည် ဘေးတွင် စောင့်ဆိုင်းနေသော လီရှောင်အား မြင်တွေ့ရသောအခါ အလျင်အမြန် ရှေ့သို့ တိုးသွားသည်။ မူလက တစ်စုံတစ်ရာ ပြောဆိုမည်ဟု ကြံရွယ်ထားသော်လည်း လီရှောင်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"ရထားလုံးပေါ်မှာ အဝတ်အစားတွေ ပြင်ဆင်ထားတယ်။ အစ်မ ခဏနေရင် လမ်းကျမှ လဲလှယ်လိုက်။ မြို့ထဲက ထွက်သွားပြီးရင် ရထားလုံးမောင်းသမား ပြောတဲ့အတိုင်း နားထောင်ပြီး အရင်ဆုံး ခြံစောင့်တဲမှာ သွားစောင့်နေ

မနက်ဖြန် မင်းသား မြို့တော်က ထွက်ခွာရင် ကျွန်တော် မင်းသားနဲ့အတူတူ လိုက်သွားမယ်။ နေရာ ရောက်တာနဲ့ အစ်မကိုလာကြိုပြီး ချင်းရှီမြို့ကို အတူတူ ပြန်ကြမယ်" လီရှောင်က လေးနက်စွာ ပြောလိုက်သည်။

ရှူးဖေးသည် ထိတ်လန့်သွား၏။

"မင်း ပြန်သွားရင် ယွဲ့အာကော" လီရှောင်နှင့်အတူ ရထားလုံးဘေးသို့ လိုက်ပါ လျှောက်လှမ်းရင်း တစ်ဖက်မှ လီရှောင်အား မေးလိုက်သည်။

"ကျွန်တော် ယွဲ့အာနဲ့ ပြောပြီးသွားပြီ၊ အရင်ဆုံး အစ်မကို ပြန်ပို့မယ်။ အဲ့ဒီနောက်မှ ကျွန်တော် မြို့တော်ကို သူမကို လာကြိုမယ်"

ရှူးဖေးမှာမူ လီရှောင်အား လှစ်ခနဲ ဆွဲထားလိုက်သည်။

"မဖြစ်ဘူး။ ယွဲ့အာက မိန်းကလေးတစ်ယောက်၊ ကြက်သတ်နိုင်တဲ့ အင်အားတောင် မရှိဘူး။ သူ့ကို တစ်ယောက်တည်း မြို့တော်မှာ ဘယ်လိုလုပ် ပစ်ထားခဲ့လို့ ရမှာလဲ"

သူမ မမေ့သေးပါ။ ညီမငယ် မြို့တော်သို့ လာရခြင်းမှာ အဓိကအားဖြင့် သူမအတွက်ကြောင့်ဖြစ်သည်။ အကယ်၍ သူမ ထွက်သွားပြီး ညီမငယ် မြို့တော်တွင် ကျန်ရစ်ခဲ့စဉ် တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် သူမ နောက်ကိုဘယ်လိုများနေထိုင်နိုင်ပါ့မလဲ။

လီရှောင်၏မျက်နှာထက်တွင် လေးနက်ဟန် ဖြတ်ပြေးသွားသည်။

"ဆရာက ယွဲ့အာကို ကာကွယ်ပေးထားမှာပါ၊ သူ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့ ဆရာက ယွဲ့အာအပေါ်မှာ တာဝန်ပေးထားတာနဲ့ အစီအစဉ်တွေ ရှိသေးတယ်..." လီရှောင်သည် ရှူးဖေးအား လှမ်းကြည့်လိုက်သည်။

"ဒီကိစ္စကို ကျွန်တော်တို့ မနက်ဖြန် ပြန်ဖို့ ခရီးစထွက်တဲ့ လမ်းကျမှ အစ်မကို ထပ်ပြောပြမယ်။ အခု၊ အစ်မ အမြန်ဆုံး ရထားလုံးပေါ်တက်တော့။ နောက်ကျရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်"

ရှူးဖေး၏အမူအရာ အနည်းငယ် လှုပ်ရှားသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

လီရှောင်သည် ရှူးဖေးအား ရထားလုံးပေါ်သို့ ပို့ဆောင်ပေးလိုက်ပြီး ရထားလုံးမောင်းသမားအား တစ်ခွန်းတစ်လေ မှာကြားလိုက်သေးသည်။ ရထားလုံးသည် မြို့တော်မှ ထွက်ခွာရာ လမ်းကြောင်းဘက်သို့ ဦးတည် ထွက်ခွာသွားသောအခါမှ သူသည် လှည့်၍ ထွက်ခွာသွားလေသည်။

.......

နာရီဝက် ကြာသောအခါ။

ရှူးဖေး၏ နန်းဆောင်ထဲတွင်။

"ကယ်ကြပါဦး! မြန်မြန် လာကြပါဦး။ ရှူးဖေး ရေထဲ ကျသွားပြီ" ဟူသော ထိတ်လန့်တကြား အော်ဟစ်သံတစ်ချက်သည် တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်သည်။

မကြာမီမှာပင် အစောင့်တစ်ဖွဲ့ ပေါ်ထွက်လာပြီး အော်ဟစ်နေသော နန်းတွင်းအပျိုတော်အား အခြေအနေကို မေးမြန်းလေသည်။ ချက်ချင်းပင် တစ်စုံတစ်ယောက်သည် ရေကန်ထဲသို့ ခုန်ဆင်းသွားပြီး ရှူးဖေးအား စတင် ရှာဖွေလေသည်။

အခြေအနေမှာ အရေးကြီးလှသဖြင့် သတင်းသည်လည်း ကွေ့ဖေး၏နန်းဆောင်နှင့် ရှေ့နန်းဆောင်သို့ အလျင်အမြန် ပို့ဆောင်ခြင်း ခံလိုက်ရသည်။

ကွေ့ဖေးသည် သတင်းကို ကြားသိရသောအခါ မာကျောက် ကစားနေခြင်းကိုပင် ဆက်ကစားရန် ဂရုမစိုက်နိုင်တော့ပေ။ သူမနှင့်အတူ မာကျောက် ကစားနေသော ကြင်ယာတော် သုံးဦးကို ခေါ်ဆောင်လျက် ရှူးဖေး၏ နန်းဆောင်သို့ ချက်ချင်း ဦးတည် ထွက်ခွာသွားလေသည်။

အရှေ့နန်းဆောင်ထဲမှ မူလက ပြုံးရွှင်နေသော ဧကရာဇ်ယန်မှာမူ သတင်းကို ကြားသိပြီးနောက် အမျက်ချောင်းချောင်း ထွက်လေသည်။ ချက်ချင်းပင် သူသည် အရှေ့နန်းဆောင်၏ ကိစ္စများကို ဂရုမစိုက်တော့ဘဲ အနောက်နန်းတော်သို့ တိုက်ရိုက် ကြွချီသွားလေသည်။

လမ်းတစ်လျှောက်လုံးတွင် ဧကရာဇ်ယန်၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး ခြေလှမ်းများမှာလည်း အလွန် လျင်မြန်နေ၏။ သူ သူမအား သတိပေးခဲ့ပြီး ဖြစ်သည်။ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်း မပြုရန် ပြောခဲ့ပြီး ဖြစ်သည်။ ရှူးဖေး၏ နန်းဆောင်ကို စောင့်ကြည့်ရန် လူလည်း လွှတ်ထားခဲ့ပါလျက် အခုတော့ ရေထဲကျသွားတယ်တဲ့လား။

နောက်ဆုံးတွင် နေရာသို့ရောက်ရှိသွားပြီး ကွေ့ဖေးနှင့် အခြားသူများအားလုံး ရှေ့သို့တိုး၍ ဂါရဝပြုကြသည်။

ဧကရာဇ်ယန်မှာမူ ဂရုမစိုက်ဘဲ ရှေ့သို့တိုးကာ ရှူးဖေး၏ အနီးကပ်အစေခံ နန်းတွင်းအပျိုတော်အား ချက်ချင်း ခြေဖြင့်ကန်လှဲလိုက်သည်။

"ဆွဲထုတ်သွား၊ ခေါင်းဖြတ်လိုက်" ချက်ချင်းပင် အမုန်း မပြေသေးဟန်ဖြင့် ပြောလိုက်သည်။

နန်းတွင်းအပျိုတော်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး အလျင်အမြန် ဒူးထောက်၍ အသက်ကို တောင်းပန်လေသည်။

အစောင့်များက လာရောက် ဆွဲထုတ်မည်ကို မြင်သောအခါ ကွေ့ဖေးသည် အလျင်အမြန် ရှေ့သို့ တိုး၍ အသနားခံလိုက်သည်။

"အရှင်မင်းကြီး စိတ်လျှော့တော့မူပါ။"

"ရှူးဖေး ညီမတော် ရေထဲ ကျသွားတာ၊ အခုထိ လူကို ပြန်မတွေ့သေးဘူး။ လွီယိကို အပြစ်ပေးဖို့ အရင်ဆုံး အလျင်မလိုပါနဲ့"

ဧကရာဇ်ယန်သည် ကွေ့ဖေးအား တစ်ချက် ကြည့်လိုက်ပြီး မျက်နှာထား မကောင်းလှပေ။

ကွေ့ဖေးမှာမူ စိတ်ထဲထားခြင်းမရှိဘဲ ဆက်လက်၍ "အရင်ဆုံး ရှူးဖေး ညီမတော် ရေထဲ ကျသွားတာ တကယ်တမ်း ဘာအကြောင်းကြောင့်လဲ ဆိုတာကို မေးကြည့်ရပါဦးမယ်" ဟု ပြောလိုက်သည်။

"လွီယိက ရှူးဖေး ညီမတော်ရဲ့ အနီးကပ်နန်းတွင်းအပျိုတော်ပါ။ ရှူးဖေး ညီမတော်ရဲ့ ဘေးမှာ နှစ်ပေါင်းများစွာ အစေခံခဲ့တာပါ။ မဆင်မခြင် အပြစ်ပေးလိုက်လို့ တကယ်လို့ ရှူးဖေး ညီမတော်ပြန်လာလို့ တွေ့ရှိသွားရင် မကောင်းမှာ စိုးရပါတယ်"

အမှန်တကယ်ပင် ဤစကားကို ကြားသောအခါ ဧကရာဇ်ယန်၏အမူအရာ အနည်းငယ်ကောင်းမွန်လာခဲ့သည်။ ရှူးဖေးသည် ဤနန်းတွင်းအပျိုတော်ကို အမှန်တကယ် အလေးထားလှ၏။

"ပြော၊ ရှူးဖေး ရေထဲကျသွားတာ တကယ်ပဲ ဘယ်လို ဖြစ်တာလဲ" ဧကရာဇ်ယန်သည် ဒေါသတကြီးဖြင့် လွီယိအား လှမ်းကြည့်လိုက်သည်။

လွီယိ၏တစ်ကိုယ်လုံးမှာ တုန်ယင်နေ၏။

"ပြန်... ပြန်ဖြေပါတယ်။ အရှင်မင်းကြီး။ အဲ့... အဲ့ဒီတုန်းက ရှူးဖေးက ရေကန်ဘေးမှာ တစ်... တစ်ယောက်တည်း ခဏ နေချင်တယ်လို့ ပြောပါတယ်။ ကျ... ကျွန်တော်မျိုးမ လေနည်းနည်း တိုက်လာတာ တွေ့တော့ နန်းဆောင်ကို ပြန်ပြီး ရှူးဖေးအတွက် ဝတ်ရုံ သွားယူပါတယ်။

ရ... ရလဒ်ကတော့၊ ပြန်လာတဲ့ အချိန်မှာ၊ ထင်... ထင်ပါတယ်၊ အရာဝတ္ထုတစ်ခု ရေထဲ ကျသွားတဲ့ အသံကို ကြားလိုက်ရပါတယ်

ရေကန်ဘေးကို ပြေးလာတဲ့ အချိန်ကျမှ၊ ကျွန်တော်... ကျွန်တော်မျိုးမ ရှူးဖေး ပျောက်သွားတာကို တွေ့လိုက်ရပါတယ်။ ဟီးဟီး... အဲ့ဒီ ရေထဲ ကျသွားတဲ့ အသံက ရှူးဖေး သေချာပါတယ်။" လွီယိသည် အော်ဟစ် ငိုယိုလေတော့သည်။

ဧကရာဇ်ယန်၏ မျက်နှာမှာမူ ညိုမှောင်နေခဲ့ပြီ ဖြစ်သည်။

"ဒါဆိုရင်၊ မင်းက ရှူးဖေး ရေထဲ ကျသွားတာကို လုံးဝ မမြင်လိုက်ဘူးပေါ့" ဟု လေးနက်သော အသံဖြင့် မေးလိုက်သည်။

လွီယိ၏ တစ်ကိုယ်လုံးမှာ တောင့်တင်းသွားသည်။

"မ... မမြင်လိုက်ပါဘူး၊ ဒါပေမဲ့... အဲ့ဒီ ရေထဲ ကျသွားတဲ့ အသံက..."

ဧကရာဇ်ယန်သည် ရှေ့သို့ တိုးလာပြီး လွီယိအား နောက်တစ်ကြိမ် ခြေဖြင့် ကန်ကာ သူမကို မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

***

All Chapters