← Chapters

ငွေလဝံပုလွေမိစ္ဆာ

Vol. 1 Ch. 151

ငွေလဝံပုလွေမိစ္ဆာ

Vol. 1 Ch. 151

"ဝှစ်"

ကျန်းရီသည် အနက်ရောင် အတွင်းအားကို ခြေထောက်ဆီသို့ ပို့ဆောင်၍ လျှပ်စီးအလား ပြေးထွက် သွားခဲ့သည်။ သူ့အတွက် တောအုပ်ထဲ ရောက်သွားရန် အချိန်ခဏသာ ကြာမြင့်လေသည်။ ဆူးချုံပင်များ တစ်အုပ်ကို ဖြတ်သန်းပြီးနောက်  ခပ်လှမ်းလှမ်းမှ စုလောရွှယ်အား သူလှမ်းမြင် လိုက်ရလေသည်။

စုလောရွှယ်သည် ထိုနေရာတွင် လုံးဝမလှုပ်ရှားဘဲ ရပ်တန့် နေသည်ကို မြင်လိုက်သည့် အခါ ထူးဆန်းသည်ဟု သူခံစားလိုက်ရသည်။ ချမ်ဂိုဏ်းက ကင်းထောက် အန္တရာယ် အချက်ပြ မီးရှူးကို လွှတ်လိုက်တာ သေချာပါတယ် ... သူမ ဘာလို့ ထွက်မပြေးတာလဲ။

"အမြီးသုံးချောင်း မြေခွေးမိစ္ဆာရဲ့ အညှို့ခံထား ရတာလား"

ကျန်းရီ ထိုသို့ တွေးလိုက်မိသည်နှင့် သူ့စိတ်သည် တုန်လှုပ် သွားခဲ့သည်။ သူသည် ပို၍ အလောတကြီး ဖြစ်လာကာ အရှိန်အား ပို၍ မြှင့်တင် လိုက်သည်။

"ကျန်းရီ ... မလာနဲ့ ... မြန်မြန်ပြေးတော့"

မလှမ်းမကမ်းမှ ထွက်ပေါ်လာသော လေသံနူးနူး ညံ့ညံ့က ကျန်းရီ၏ စိတ်ထဲမှ လေးလံနေမှုကို ပြေလျော့ သွားစေသည်။ သူသည် တုံ့ဆိုင်းမနေဘဲ ဆက်လက် ပြေးသွားလိုက်သည်။

မကြာခင်တွင် စုလောရွှယ် ထွက်မပြေးရသည့် အကြောင်းအရင်းကို သူနားလည် သွားခဲ့သည်။ သူမသည် သူမကို တန်ပြန်စိုက်ကြည့် နေသော ဝံပုလွေကြီး တစ်ကောင်နှင့် ရင်ဆိုင်နေရသည်။ ဝံပုလွေကြီး၏ တစ်ကိုယ်လုံးသည်  ခရမ်းပြာရောင် အမွေးအမျှင်များဖြင့် ဖုံးအုပ်ထားကာ ရှစ်ပေခန့် ရှည်လျားလေသည်။ ၎င်းသည် ခြင်္သေ့ကြီး တစ်ကောင်နှင့် တူနေသလို ဦးခေါင်း ထက်တွင်လည်း ခရမ်းပြာရောင်  ချိုတစ်ချောင်းပါ ရှိနေသေးရာ ယူနီကွန် တစ်ကောင်နှင့်လည်း တူနေလေသည်။

"တတိယအဆင့် အဆင့်မြင့် နတ်ဆိုးသားရဲ ... ငွေလဝံပုလွေမိစ္ဆာ"

ထိုခရမ်းပြာရောင် ချိုကြီးသည် ကျန်းရီအား တုန်လှုပ်သွား စေလေသည်။ ချမ်ဂိုဏ်းရဲ့ ကင်းထောက်က အမြီးသုံးချောင်း မြေခွေးကို တွေ့တာ မဟုတ်ဘူးလား ... ဒီနားမှာ ဘာလို့ ငွေလဝံပုလွေ မိစ္ဆာကြီး ပေါ်လာတာလဲ ... ငွေလဝံပုလွေ မိစ္ဆာ၏ အချက်အလက်တို့အား အလျင်အမြန် တွေးတောလိုက်ရာ ကျန်းရီချက်ချင်း သဘောပေါက် သွားခဲ့သည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာများသည် တတိယအဆင့် နတ်ဆိုး သားရဲများတွင် ကြောက်စရာ အကောင်းဆုံး တည်ရှိမှုတစ်ခု ဆိုလျှင် ဤလှပသော ခရမ်းပြာရောင် ဝံပုလွေကြီးသည် တတိယအဆင့် နတ်ဆိုး သားရဲများတွင် အလျင်မြန်ဆုံး ဖြစ်လေသည်။

ဤငွေလဝံပုလွေ မိစ္ဆာသည် အင်အား သိပ်မကြီးဘဲ လေကဲ့သို့ လျင်မြန်လွန်းသော အမြန်နှုန်းကိုသာ ပိုင်ဆိုင်လေသည်။ ဒီငွေလဝံပုလွေ မိစ္ဆာသာ အမြန်ဆုံးနှုန်းနဲ့ သွားရင် ချမ်ဂိုဏ်းရဲ့ ကင်းထောက်မပြောနဲ့ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် ပထမအဆင့်တောင် သတိထား မိလိုက်မှာ မဟုတ်ဘူး။

အခြား တတိယအဆင့် နတ်ဆိုး သားရဲများနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ တိုက်ခိုက်မှုသည် အားနည်းသည်ဟု ပြော၍ရသော်လည်း ၎င်းသည်လည်း တတိယအဆင့် နတ်ဆိုးသားရဲသာ ဖြစ်လေသည်။  ကြောက်စရာ အမြန်နှုန်းနှင့် ပေါင်းစပ်လျှင် ဝံပုလွေကြီး၏ တိုက်ခိုက်မှုသည် ပြင်းထန် နေဦးမည်သာ ... စုလောရွှယ်သည်ပင် သူမ၏ ခရမ်းရောင် ကောင်းကင် အလင်းတန်းသည် ဝံပုလွေကြီးအား ထိခိုက်စေနိုင်မည်ဟု သေချာမပြော နိုင်သောကြောင့် အလျင်စလို မလှုပ်ရှားရဲခြင်း ဖြစ်လေသည်။

"ပြေးရမယ်"

"စုလောရွှယ် မပြောနှင့် ... စိတ်ဝိညာဉ် မျောလွင့်ခရီးသည် သတ္တမအဆင့်တွေ အဋ္ဌမအဆင့် တွေတောင် ဒီခရမ်းပြာရောင် ဝံပုလွေရဲ့ အမြန်နှုန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ငါဘာလုပ်ရမလဲ"

ကျန်းရီသည် နည်းပရိယာယ်အား တွေးတောရင်း စုလောရွှယ် အနီးသို့ လျင်မြန်စွာ တိုးကပ် သွားလိုက်သည်။ မီးဝိညာဉ် ကျောက်တုံးသည် ဤနတ်ဆိုးသားရဲအား သတ်နိုင်သည်မှာ သေချာသော်လည်း အလွန်မြန်ဆန် လှသော ဤသတ္တဝါအား သူမှန်အောင် ပစ်နိုင်မည်ဟု မသေချာ။ ထို့ပြင် သူ့ဘေးတွင် စုလောရွှယ်လည်း ရှိနေသေးသည်။ သူသာ ယခု မီးဝိညာဉ် ကျောက်တုံးအား ထုတ်လိုက်ပါလျှင် သူမသည်လည်း မီးသွေးတုံး ဖြစ်သွား ပေလိမ့်မည်။

"ဝှစ်"

ထူးဆန်းသည်မှာ ကျန်းရီသည် ငွေလဝံပုလွေ မိစ္ဆာအနီး တိုးကပ် သွားသည့်အခါ ၎င်းသည် ရွေ့လျားခြင်းလည်း မပြုသလို မည်သည့် အရှိန်အဝါမှ ထုတ်လွှင့်ခြင်း မပြုခဲ့ပေ။ ၎င်းသည် ခပ်လှမ်းလှမ်းမှ ရပ်၍သာ ကျန်းရီနှင့် စုလောရွှယ်အား အာရုံစိုက်ကြည့် နေလေသည်။

ကျန်းရီသည် စုလောရွှယ်ဘေးသို့ ပြေးသွားလိုက်ပြီး ဝံပုလွေကြီး လှုပ်ရှား မလာသည်ကို မြင်မှ စိတ်သက်သာရာ ရသွားခဲ့သည်။ သူသည် ဝံပုလွေကြီးအား ကြည့်နေ၍ ပြောလိုက်သည်။

"စုလောရွှယ် ... နောက်ဆုတ် ... အရမ်းမြန်မြန် မဆုတ်နဲ့ ... ရန်ပြုမယ့် အရိပ်အယောင်လည်း မလုပ်မိစေနဲ့"

စုလောရွှယ်သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး မလှုပ်ရှားသေးပေ။ သူမသည် ကြောက်ကြောက်လန့်လန့်နှင့် မေးလာခဲ့သည်။

"မင်းကရော"

"အ လိုက်တဲ့ မိန်းကလေး ... မင်းဘာလို့ မြန်မြန်မသွား သေးတာလဲ"

ကျန်းရီသည် ဝံပုလွေကြီးထံမှ အကြည့် အနည်းငယ်တောင် မလွှဲရဲပါဘဲ တီးတိုး ပြောလိုက်သည်။

"ဒီဝံပုလွေက ငါ့ကို မသတ်နိုင်ဘူး ... မင်းမသွားရင် ငါ့အတွက် အနှောင့်အယှက် ဖြစ်လိမ့်မယ် ... ကျောက်တုံးဂူဆီ ပြန်သွား ... အခုချက်ချင်း"

စုလောရွှယ်သည် မနီးမဝေးမှ နတ်ဆိုးသားရဲအား လှမ်းကြည့်၍ ကျန်းရီ၏ ကျောပြင်အား ကြည့်လိုက်သည်။ သူမသည် အံကိုကြိတ်၍ စတင်ထွက်ခွာ တော့သည်။ သူမသည် ငတုံး မဟုတ်ပေ။ ကျန်းရီသည် အုပ်ချုပ်သူ တံဆိပ်တုံးကိုတောင် ဖျက်ဆီးနိုင်သေးရာ သူ့တွင် အသက်ရှန်ရန် နည်းလမ်း သေချာပေါက် ရှိမည်ကို သူမသိသည်။ သူမ ဆက်နေနေလျှင်လည်း အနှောင့်အယှက်သာ ဖြစ်ပေလိမ့်မည်။

တစ်လှမ်း ... သုံးလှမ်း ... ငါးလှမ်း

ကျန်းရီနှင့် စုလောရွှယ်သည် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ စုလောရွှယ် ခြေလှမ်း အတော်များများ ဆုတ်ပြီး သွားသော်လည်း နတ်ဆိုးသားရဲသည် လုံးဝလှုပ်ရှား မလာသေးပေ။ ၎င်း၏ အကြည့်စူးစူး တို့သည် စုလောရွှယ်ထံတွင် မရှိတော့ဘဲ ကျန်းရီကိုသာ စိုက်ကြည့် နေခဲ့သည်။

"ဟူး"

စုလောရွှယ် အတော်ဝေးဝေးသို့ ရောက်သွားပြီဖြစ်ပြီး ကျောက်တုံးဂူဆီ ပြေးသွားနေပြီ ဖြစ်သော်လည်း ဝံပုလွေသည် လှုပ်ရှားမလာ သေးသောကြောင့် ကျန်းရီအတွက် အတော်လေး လွယ်ကူသွားပြီ ဖြစ်လေသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။

သူသည် ဤဝံပုလွေ သတ်နိုင်မသတ်နိုင် မသေချာသော်လည်း စုလောရွှယ်သာ အနားမှာ မရှိလျှင် မီးဝိညာဉ် ကျောက်တုံးအား စိတ်ချလက်ချ ထုတ်နိုင်ပေသည်။ မီးဝိညာဉ် ကျောက်တုံးကိုသာ ထုတ်နိုင်လျှင် ဤဝံပုလွေသည် သူ့ထံသို့ မချဉ်းကပ် ရဲလောက်ပေ။ ထို့ပြင် ကြောက်လန့်တကြား ထွက်ပြေး ကောင်းလည်း ထွက်ပြေး သွားနိုင်သည်။

တိုက်မှာလား ... နောက်ဆုတ်မလား…

သူ့စိတ်သည် တွေဝေနေခဲ့ပြီး မီးဝိညာဉ်ပုလဲအား ကိုင်ထားသော သူ့လက်တစ်ဖက် သည်လည်း ချွေးစေးများ ရွှဲစိုနေလေပြီ။

ရှပ် ... ရှပ် ... ရှပ်

ဝံပုလွေမိစ္ဆာ၏ ရုတ်တရက် လှုပ်ရှားမှုသည် ကျန်းရီအား စိတ်လေး သွားစေသည်။ ၎င်းသည် ဘေးဘက်သို့ ခြေနှစ်လှမ်းခန့် ရွေ့သွားခဲ့ပြီး ဘေးရှိ ခြုံပုတ်၏ နောက်မှ အဖြူရောင် ပုံရိပ်လေးတစ်ခု ထွက်ပေါ် လာခဲ့သည်။

"အမြီးသုံးချောင်း မြေခွေးလေး"

ခြုံထဲမှ အမြီးသုံးချောင်း မြေခွေးလေး ထွက်လာသည်ကို တွေ့လိုက်ရ သောအခါ ကျန်းရီတစ်ယောက် အံ့အားသင့် သွားခဲ့သည်။ မြေခွေးလေးသည် နောက်ဆုံး တစ်ကြိမ်က သူ့အား မသတ်လိုက်ရ၍ ဤတစ်ကြိမ်တွင် အကူခေါ်လာခြင်း ဖြစ်သည်ဟု သူတွေးလိုက်မိသည်။

"ဝီ"

မြေခွေးလေး၏ မျက်လုံးများမှ အဖြူရောင်အလင်း တောက်ပလာခဲ့သည်။ ကျန်းရီ၏ စိတ်ထဲတွင် မိန်းကလေးငယ် တစ်ယောက် ချိုသာသော အသံလေးကို ကြားလိုက်ရသည်။

"အရှင် ... ကျွန်မတို့ ထပ်တွေ့ကြပြီ ... ရှောင်ဖေးကို မှတ်မိသေးလား"

ကျန်းရီသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး အလန့်တကြား မေးလိုက်သည်။

"မြေခွေးလေး ... မင်း ဘာလိုချင်လို့လဲ"

မြေခွေးလေး၏ မျက်လုံး ကျဉ်းကျဉ်းလေး များသည် ပြုံးလိုက်သည့် အလား ပိတ်သွားခဲ့သည်။ သူမ၏ မျက်လုံးများသည် ထပ်မံတောက်ပ သွားကာ ကျန်းရီအား စိတ်ထဲမှ ပြောကြားလာ ပြန်သည်။

"အရှင် ... ရှောင်ဖေး အရင်က ပြောခဲ့ပါတယ် ... ရှောင်ဖေးကို မသတ်ရင် ကျေးဇူး ပြန်ဆပ်ပါ့မယ် ဆိုတာလေ ... ရှောင်ဖေး ဒီကို ကျေးဇူးပြန်ဆပ်ဖို့ လာခဲ့တာပါ ... ဟုတ်ပါတယ် ... ရှောင်ဖေးက အရှင့်ကို ဘာပြန်ပေးရမှန်း မသိဘူး ... အရှင်တို့ လူသားတွေက နတ်ဆိုး သားရဲတွေကို ဝိညာဉ်သားရဲ အဖြစ် ယဉ်ပါးအောင် လုပ်ကြတယ်မလား ... ကျွန်မ ဒီခရမ်းရောင် ဝံပုလွေကို အရှင့်ရဲ့ ဝိညာဉ်သားရဲလုပ်ဖို့ လက်ဆောင်အဖြစ် ယူလာခဲ့တာ ... အခုချက်ချင်း ယဉ်ပါးအောင် ထိန်းချုပ် လိုက်လို့ရတယ် ... ဒီအကောင်ကြီးက ကျွန်မရဲ့ နတ်ဆိုးစွမ်းအားနဲ့ ထိန်းချုပ်ခံ ထားရတယ် ... အရှင့်ကို ခုခံမှာ မဟုတ်ဘူး ... သိတယ်မလား"

"ဘာ"

ကျန်းရီ၏ ကိုယ်ရော စိတ်ပါ တုန်လှုပ် သွားခဲ့သည်။ သူသည် ဤဖြစ်ရပ်အား စိတ်ကူးယဉ် ပုံပြင်တစ်ခုနှယ် ခံစားနေရသည်။

ဤမြေခွေးလေးအား နောက်ဆုံး တစ်ကြိမ်က သူသတ်မိလုနီးပါး ဖြစ်ခဲ့သည်။ နောက်မှ သူ့စိတ်ထား ပျော့ပျောင်းသွားကာ သွားခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် မည်သို့ ကျေးဇူး ဆပ်ရမည်ကို သိနေခဲ့ပြီး ငွေလဝံပုလွေ မိစ္ဆာတစ်ကောင် ကိုတောင် ဝိညာဉ်သားရဲ လုပ်ရန် သူ့အား လက်ဆောင်အဖြစ် ပေးလာခဲ့ သေးသည်။

"မဟုတ်သေးဘူး ... ဒါက ကျေးဇူးပြန်ဆပ်တာ မဟုတ်ဘူးလေ ... သူ့ကို မသတ်လိုက်တာက ကျေးဇူးကြွေး တင်သလို ဖြစ်သွားတာလား"

ကျန်းရီသည် ဝံပုလွေ မတိုက်ခိုက်သည့် အကြောင်းအရင်းကို အခုမှ နားလည် သွားခဲ့သည်။ ၎င်းသည် အညှို့ခံထားရ၍ အမြီးသုံးချောင်း မြေခွေး၏ ရုပ်သေးရုပ် ဖြစ်နေခြင်း ဖြစ်လေသည်။ မဟုတ်ပါက နတ်ဆိုး သားရဲများသည် ရက်စက် တတ်လွန်းရာ စုလောရွှယ် သေပြီး နေလောက်ပေပြီ။

"နတ်ဆိုးသားရဲတွေက လူတွေအတွက် အမြဲတမ်း ရန်သူပဲ ... မျိုးနွယ်နှစ်ခုက ရင်ဆိုင် တွေ့လိုက်တာနဲ့ သူသေကိုယ်သေ တိုက်ခိုက် နေကြတာပဲလေ ... ဒီမြေခွေးလေးက ဘာလို့ လူတွေကို ရန်လိုစိတ် မရှိရတာလဲ ... ဘယ်လို ထူးခြားဖြစ်ရပ်လဲ"

ကျန်းရီသည် နားမလည်နိုင် ဖြစ်နေခဲ့သည်။ တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်က လူသားများနှင့် နှိုင်းယှဉ်၍ ရသော အသိဉာဏ် ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ၎င်းသည် စိတ်ချင်း ဆက်သွယ်၍ စကားပြောနိုင်သလို လူသားတို့၏ စကားကိုလည်း နားလည်နိုင်စွမ်း ရှိလေသည်။ ဤအမြီးသုံးချောင်း မြေခွေးလေးသည် အမှန်တကယ်လည်း နတ်ဆိုးသားရဲ စစ်စစ်မဟုတ်ပါဘဲ နတ်ဆိုးမိစ္ဆာ မျိုးနွယ်ဝင် ဖြစ်လေသည်။

ဟုတ်တယ် ... တကယ်လည်း ကြောင်တောင်တောင်နိုင်တဲ့ မျိုးနွယ်ပဲ ...

"အရှင် ... ဒီခရမ်းရောင် ဝံပုလွေကို မကြိုက်ဘူးလား ... ကျွန်မရဲ့ နတ်ဆိုးစွမ်းအားက တတိယအဆင့် နတ်ဆိုး သားရဲတွေကိုပဲ ထိန်းချုပ်နိုင်တာ ... မကြိုက်ဘူးဆိုရင် ရှောင်ဖေးမှာလည်း နည်းလမ်း မရှိတော့ဘူး"

မြေခွေးလေးသည် ကျန်းရီစကား မပြောနိုင်ဘဲ စိတ်ရှုပ်ထွေး နေသည်ကို သတိပြုမိ သွားခဲ့သည်။ မြေခွေးလေးသည် နောက်ထပ် စကားများ ဆက်ပြောချင်သေးဟန် တူလေသည်။

"ငါ ... ငါ အဲဒါကို အရမ်းကြိုက်တယ်"

ကျန်းရီသည် သတိဝင်လာကာ တံတွေးတစ်ချက် ထပ်မျိုချလိုက်သည်။

ဤကဲ့သို့ အဆင်သင့် ရလာသော အခွင့်အရေးကြီးကို မယူရင် သူရူးနေတာပဲ ဖြစ်ရမယ်…

သူ့စိတ်ထဲတွင် သံသယများစွာ ရှိနေသေးသော်လည်း ဂရုမစိုက် နိုင်တော့ပေ။ အန္တရာယ် ရင်ဆိုင်ရလျှင် အဆင်သင့် ဖြစ်ရန် မီးဝိညာဉ်ပုလဲအား လက်တစ်ဖက်မှ ကိုင်၍ ကျန်လက်တစ်ဖက်မှ ဝိညာဉ်သားရဲ အဆောင်အား ထုတ်ယူလိုက်သည်။ သူ၏ အတွင်းအားများ ထည့်သွင်း လိုက်သည်နှင့် တံဆိပ်ပြားလေးမှ ရွှေရောင်စာလုံးများ ထွက်ပေါ် လာတော့သည်။

သူထိတ်လန့် နေသေးသော်လည်း အရာရာသည် အလွန်လွယ်ကူ ချောမွေ့နေခဲ့သည်။

ငွေလဝံပုလွေ မိစ္ဆာသည် အလွယ်တကူ ယဉ်ပါးအောင် လုပ်ခြင်း ခံရပြီး ဝိညာဉ်သားရဲ အဆောင်လေးထဲတွင် အလွယ်တကူ သိမ်းဆည်း ခံလိုက်ရသည်။ သူသည် သူနှင့် ဤဝံပုလွေ စိတ်ဝိညာဉ်ကြားမှ ဆက်သွယ်မှု ရေးရေးကို ခံစားနိုင်လေသည်။ မြေခွေးလေးတွင် မည်သည့် မူမမှန်သော အပြုအမူတစ်ခုမှ မရှိခဲ့ပေ။ ၎င်းသည် အမှန်တကယ် ကျေးဇူး ဆပ်ချင်နေဟန် တူလေသည်။

"ဟုတ်ပြီ ... အရှင် ... ရှောင်ဖေး အိမ်ပြန်ရတော့မယ် ... မပြန်ရင် အမေ ကျွန်မကို ဆူလိမ့်ဦးမယ်"

မြေခွေးလေးသည် မျက်လုံးလေးများ မှိတ်သွားသည်အထိ ထပ်မံ ပြုံးလိုက်ကာ လှည့်၍ ထွက်ခွာသွားရန် ပြင်လိုက်သည်။

ကျန်းရီသည် ဆွံ့နေခဲ့ပြီး ချက်ချင်း မေးမြန်း လိုက်သည်။

"မြေခွေးလေး ... မင်းမှာ ငါ့ကို ရန်ပြုချင်စိတ် မရှိဘူးလား ... အာ ... ငါပြောချင်တာက ... မင်းက ငါ့ကို ခင်မင်တဲ့ပုံတောင် ပေါ်နေသေးတယ်လေ ... မင်းက နတ်ဆိုးသားရဲ တစ်ကောင် မဟုတ်ဘူးလား"

မြေခွေးလေးသည် ပြန်လှည့်လာကာ စိတ်ထဲမှ ပြောကြား လာခဲ့သည်။

"ရှောင်ဖေးလည်း မသိဘူး ... ကျွန်မ မွေးလာတည်းက လူသား အသိဉာဏ် ရှိနေလို့ ထင်တယ်... ရှောင်ဖေးက ကိုယ့်ကိုယ်ကိုယ် နတ်ဆိုးသားရဲ တစ်ကောင်လို့ မခံစားရဘဲ လူသား တစ်ယောက်လို့ပဲ ခံစားနေရတယ် ... ရှောင်ဖေးက နတ်ဆိုးသားရဲတွေနဲ့ မကစားချင်ဘူး ... သူတို့တွေမှာ ဘာသာစကားကို နားလည် နိုင်စွမ်းလည်း မရှိသလို စကားလည်း မပြောနိုင်ကြဘူး ... ဒါကြောင့် ကျွန်မ အမြဲတမ်း ခိုးထွက်လာပြီး လူသားတွေနဲ့ သူငယ်ချင်း လုပ်ချင်တာ ... အရှင်က ရှောင်ဖေးသိရတဲ့ ပထမဆုံး လူသားပဲ ... ကျွန်မတို့ အနာဂတ်မှာ ပြန်တွေ့ဖို့ အခွင့်အရေး ရှိမယ်လို့ ကျွန်မ မျှော်လင့်ပါတယ် ... "

မြေခွေးလေး ထွက်ခွာ သွားချိန်တွင် ကျန်းရီသည် အိပ်မက် မက်နေသည့်အလား နေရာတွင်ရပ်၍ ကျန်ခဲ့သည်။ ဤကမ္ဘာသည် သူစိတ်ကူး ထားသည်ထက် ပို၍ ဆန်းကြယ်သည်ဟု သူပထမဆုံး အကြိမ် ခံစားမိသည်။ ပိုပြီး ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေ သူ ထပ်ပြီးတော့လည်း တွေ့ကြုံနိုင်ပါ သေးတယ်လေ ...

All Chapters