← Chapters

နန်းတွင်းအပြောင်းအလဲ

Vol. 21 Ch. 420

နန်းတွင်းအပြောင်းအလဲ

Vol. 21 Ch. 420

"သာ့ချူရဲ့ အရင်ကကြုံတွေ့ခဲ့ရတဲ့ ပြည်တွင်းရေးပြဿနာတချို့က လောလောဆယ်တော့ မရှိတော့ပါဘူး။ ကျွန်တော့်အမြင်အရတော့ ယွီချီထျန်းချုံးဆိုတဲ့လူကို စည်းရုံးလို့ ရနိုင်ပါတယ်"

ကျိုးရှန်းက ပြောရင်း လီရှောင်ကို လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

လီရှောင် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ။ ဒါဆို ယွီချီထျန်းချုံးနဲ့ ဆက်သွယ်မယ့်ကိစ္စကို မင်းပဲ တာဝန်ယူလိုက်ပါ။ တစ်ဖက်လူနဲ့ အဆက်အသွယ်ရပြီဆိုတာနဲ့ ငါကိုယ်တိုင် သွားတွေ့ပြီး ဆွေးနွေးမယ်"

ကျိုးရှန်း၏မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။

"ဟုတ်ကဲ့ပါ။"

လီရှောင်သည် ကျန်လူများနှင့် ခေတ္တမျှ ဆက်လက်ဆွေးနွေးပြီးနောက် လူများကို ပြန်လွှတ်လိုက်သည်။

အခန်းထဲတွင် တိတ်ဆိတ်သွားမှ သူ မတ်တတ်ထရပ်လိုက်ပြီး ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။

ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ယံတွင် လမင်းကြီးက ထိန်ထိန်သာနေလေပြီ။

ဒီလမင်းကြီးက သာ့ယန်မှာ မြင်ခဲ့ရတဲ့ လမင်းကြီးနဲ့ အတူတူပဲ ဖြစ်ပေမယ့် သာ့ယန်မှာလောက် မလှပဘူးလို့ သူ ခံစားနေရသည်။

ဒီအချိန်ဆို သူ့ရဲ့ ယွဲ့အာက ချင်းရှီမြို့ကို ပြန်ရောက်နေလောက်ပြီ။

သူ့ဇနီးလေးကရော သူ့ကို သတိရနေပါ့မလား...။

......

သာ့ရှီရွာ၊ လျိုအိမ်တော်တွင်။

လင်းရှောင်ယွဲ့သည် ကိုယ်လက်သန့်စင်ပြီးသော်လည်း အိပ်ရာမဝင်သေးဘဲ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။

ကောင်းကင်ယံတွင် တွဲခိုနေသော လမင်းကြီးကို မော့ကြည့်ရင်း ရင်ထဲတွင် လွမ်းဆွတ်သတိရစိတ်များ ယှက်သန်းလာသည်။

သူမခင်ပွန်း အဆင်ပြေရဲ့လား၊ ဘယ်တော့များမှ အိမ်ပြန်လာနိုင်မလဲ မသိနိုင်ပေ။

ဒီရက်ပိုင်းတွေမှာ သူမအလုပ်တွေ ရှုပ်နေအောင် လုပ်ပြီး လွမ်းဆွတ်စိတ်ကို ထုံထိုင်းသွားအောင် ကြိုးစားနေရသည်။ သူမအချိန်တွေကို တတ်နိုင်သမျှ အလုပ်တွေနဲ့ ပြည့်သိပ်နေအောင် လုပ်ပြီး အဝေးရောက်နေတဲ့ သာ့ချူက လူတစ်ယောက်ကို စိတ်ပူပင်တာ၊ လွမ်းဆွတ်တာတွေ မဖြစ်အောင် ရှောင်လွှဲနေရသည်။

......

မျက်စိတစ်မှိတ်အတွင်း ၁၁ လပိုင်း ကုန်ဆုံးသွားသည်။

ရာသီဥတု အေးလာပြီး ဆောင်းတွင်းအငွေ့အသက်များ ပိုမိုပြင်းထန်လာသည်။

မြို့တော်၊ ကွေ့ဖေး၏ နန်းဆောင်တွင်။

နန်းတွင်းသူ လာရောက်သတင်းပို့သည်ကို ကြားလိုက်ရသောအခါ ကွေ့ဖေး၏ မျက်နှာတွင် ဒေါသအမျက်များ ထွက်ပေါ်လာသည်။

"ဟွန်း။ နန်းတွင်းထဲ ဝင်လာတာ ဘယ်လောက်မှ မကြာသေးတဲ့ ကောင်မစုတ်လေးက ငါ့ကို အာခံရဲတယ်ပေါ့?။"

စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး ကွေ့ဖေးက ဒေါသတကြီး ပြောလိုက်သည်။ ထို့နောက် စိတ်ကို ပြန်ထိန်းလိုက်ပြီး ဒေါသကို မြိုသိပ်လိုက်သည်။

"မင်နဲ့ စုတ်တံ ယူလာခဲ့"

အရှင်မင်းကြီးက ဒီရက်ပိုင်း ဘာဆေးစားမှားမှန်း မသိ၊ ကျန်းမာရေးကို ဂရုမစိုက်ဘဲ မိဖုရားဆောင်တွေကို မကြာခဏ လာရောက်နေသည်။

အထူးသဖြင့် နန်းတွင်းထဲ အသစ်ရောက်လာတဲ့ ယွီချိုက်ရန် ဆိုသည့် မိန်းကလေးဖြစ်သည်။ ရှူးဖေးနှင့် ရုပ်ချင်း သုံးပုံတစ်ပုံခန့် ဆင်တူသည်ကို အကြောင်းပြပြီး နေ့တိုင်းလိုလို မျက်နှာသာပေးခံနေရသည်။

အခုဆိုရင် သူမကို မျက်နှာသာမပေးသည့်အပြင် သူမစိတ်တိုင်းမကျ ဖြစ်အောင်ပါ လုပ်လာသည့် အဆင့်ထိ ရောက်လာခဲ့ပြီ။

ဟွန်း။ အရပ်သူမလေး တစ်ယောက်က မိဘဆွေမျိုး အင်အားတောင့်တင်းတာလည်း မဟုတ်ဘဲနဲ့ ဘာလှိုင်းလုံးတွေများ ဖန်တီးနိုင်မှာမို့လို့လဲ။

ရှူးဖေးကို လွမ်းနေတယ် ဟုတ်လား။ ကောင်းပြီလေ၊ သူ လွမ်းတာ ပြေအောင် စီစဉ်ပေးရတာပေါ့...။

မင်နှင့် စုတ်တံ ရောက်လာသောအခါ ကွေ့ဖေး လျင်မြန်စွာ စာရေးလိုက်သည်။

ရေးပြီးနောက် စာကို နန်းတွင်းသူလက်ထဲ ထည့်ပေးလိုက်သည်။

"အမြန်မြင်းနဲ့ အန်းယန်ဝမ်ဆီ ပို့လိုက်"

"ဟုတ်ကဲ့ပါ"

နန်းတွင်းသူ စာယူပြီး ထွက်သွားမှ ကွေ့ဖေး၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။

.......

သုံးရက်ကြာပြီးနောက်။

အန်းယန်ဝမ် အိမ်တော်။

အန်းယန်ဝမ်သည် စာကို ဖွင့်ဖတ်ပြီး ကွေ့ဖေး ရေးသားထားသော အကြောင်းအရာများကို မြင်လိုက်ရသောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး စာကြည့်စားပွဲကို ထုချလိုက်သည်။

ရိုင်းစိုင်းလိုက်တာ။

ခမည်းတော်က တိုင်းပြည်အုပ်ချုပ်ရေးကို လစ်ဟင်းနေတာတင်မကဘဲ မိဖုရားမောင်းမတွေနဲ့ နေ့တိုင်း ပျော်ပါးနေတယ်။ အဆင့်နိမ့် ချိုက်ရန် မိန်းကလေးတစ်ယောက်က သူ့မယ်တော်ကို စော်ကားတာကိုတောင် ခွင့်လွှတ်ထားသေးတယ်။

မျက်ဝန်းများ နက်မှောင်သွားပြီး အန်းယန်ဝမ် အလျင်အမြန် စဉ်းစားလိုက်သည်။ ထို့နောက် တံခါးပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဝင်ခဲ့။" အသံနက်ကြီးဖြင့် ခေါ်လိုက်သည်။

မင်းဆရာကြီး အရင်က ပြောခဲ့တဲ့စကားတွေကို သူ အခုမှ နားလည်သလို ရှိတော့သည်။

ခမည်းတော်က အခုလိုမျိုး အရမ်းကာရောတွေ လျှောက်လုပ်နေမှတော့ ကျန်းမာရေးက တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။

မင်းဆရာကြီးက နောက်ထပ် လဝက်လောက်နေရင် မြို့တော်ပြန်လာမယ်လို့ ပြောခဲ့တာ၊ အဲ့ဒီအချိန်ကျရင် အချိန်တန်ပြီလား။

မဖြစ်ဘူး၊ စိတ်ချရအောင်လို့...

သူ နောက်ထပ် အစီအစဉ်တစ်ခု ထပ်လုပ်ထားမှ ဖြစ်မယ်။

အိမ်တော်ထိန်းက ဝမ်ရယ်၏အသံကို ကြားတော့ တံခါးဖွင့်ပြီး ဝင်လာသည်။

"ဝမ်ရယ်" ကုန်းပြီး ဂါရဝပြုလိုက်သည်။

အန်းယန်ဝမ် ခေါင်းညိတ်လိုက်သည်။

"ဝူရှီကို မြို့တော်ထဲ ဝင်ဖို့ စီစဉ်လိုက်"

မယ်တော်နှင့် သူက ကြိုတင်တိုင်ပင်ထားပြီးသား ဖြစ်သည်။ လီရှောင်ကို စည်းရုံးပြီး ရှူးဖေးကို နန်းတော်ထဲက ထုတ်ပေးမည်ဟု ကတိပေးကတည်းက ဒီလို ပြင်ဆင်မှုမျိုး လုပ်ထားခဲ့ခြင်း ဖြစ်သည်။

အရပ်ထဲကနေ ရှူးဖေးနှင့် ရုပ်ချင်း ရှစ်ပုံခန့်တူသော အမျိုးသမီးတစ်ဦးကို ရှာဖွေထားသည်။

လေ့ကျင့်ပေးထားမှုကြောင့် ယခုဆိုလျှင် ထိုအမျိုးသမီးသည် အမူအရာကအစ ရှူးဖေးနှင့် ပိုတူလာပြီဖြစ်သည်။

အရင်က ခမည်းတော်သည် ရှူးဖေးအပေါ် သံယောဇဉ်ကြီးမားပြီး ခံစားချက်မရိုးကြောင်း မယ်တော်ပြောသည်ကို သူ မယုံခဲ့ပေ။ အခုတော့ ယုံသွားပြီဖြစ်သည်။

နန်းတော်ထဲက ယွီချိုက်ရန်က ရှူးဖေးနဲ့ ဆင်တူရုံလေးနဲ့ မျက်နှာသာပေးခံနေရတာဆိုရင် ရှူးဖေးနဲ့ ပိုတူတဲ့ ဝူရှီ နန်းတော်ထဲ ဝင်သွားရင် သေချာပေါက် နေရာရလာမှာပဲ။

"ဟုတ်ကဲ့ပါ။"

အိမ်တော်ထိန်းက ဂါရဝပြုပြီး ပြန်ဖြေသည်။ ထို့နောက် လှည့်ထွက်သွားသည်။

အန်းယန်ဝမ်သည် ကွေ့ဖေး ပေးပို့လာသော စာကို ကိုင်ထားရင်း အကြာကြီး ငေးငိုင်နေမိသည်။

.........

တစ်ချိန်တည်းတွင်။

လျိုမိသားစု စက်မှုဇုန် စီမံကိန်းသည် တရားဝင် စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

အလုပ်သမား ၂၀၀ သည် လုပ်ငန်းခွင်ထဲတွင် အလုပ်ရှုပ်နေကြပြီး အလုပ်သမားခေါင်းဆောင်များက ညွှန်ကြားနေကြသည်။

မြေလွတ်မြေရိုင်းပြင်ကြီးသည် မျက်စိရှေ့မှာပင် စည်ကားသိုက်မြိုက်လာသည်။

လျိုအိမ်တော်တွင်။

လင်းရှောင်ယွဲ့သည် စာကြည့်ခန်းထဲတွင် စာရင်းစာအုပ်များကို ကြည့်ရှုနေစဉ် လီကျယ် ရုတ်တရက် လာရောက်တွေ့ဆုံခွင့် တောင်းသည်။

"ဆရာလီကို ဝင်ခိုင်းလိုက်ပါ"

လင်းရှောင်ယွဲ့ ချက်ချင်း ပြောလိုက်သည်။

အခု ကျင့်ခွိုက်ဆိုင်ခွဲများ တိုးချဲ့မှုကို ခေတ္တရပ်ဆိုင်းထားသော်လည်း ဆိုင်ခွဲအရေအတွက် များပြားသဖြင့် လီကျယ်သည် အချိန်အများစုကို နန်အန်းခရိုင်မြို့တွင်သာ တာဝန်ယူနေထိုင်ရသည်။ ဒီနေ့မှ ပြန်ရောက်လာခြင်း ဖြစ်သည်။

စာကြည့်ခန်းတွင် အလုပ်လုပ်နေသော အစေခံ ထွက်သွားသည်နှင့် လီကျယ် ဝင်လာသည်။

"ခရိုင်သခင်မကို ဂါရဝပြုပါတယ်"

လီကျယ် ရှေ့တိုးလာပြီး လင်းရှောင်ယွဲ့ကို လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

လင်းရှောင်ယွဲ့ ပြုံးလိုက်သည်။

"ဆရာလီကလည်း အားနာစရာကြီး၊ ထိုင်ပြီးမှ စကားပြောပါ" ပြောရင်း ဘေးနားက ထိုင်ခုံကို ညွှန်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ခရိုင်သခင်မ"

လီကျယ်သည် ဘေးနားက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"ဆရာလီ ဒီရက်ပိုင်း ပင်ပန်းသွားပြီ။ ဒီတစ်ခေါက် ပြန်လာတာ ကျင့်ခွိုက်ဘက်မှာ ပြဿနာတစ်ခုခု ရှိလို့လား"

လင်းရှောင်ယွဲ့က စိတ်ပူစွာ မေးလိုက်သည်။

စက်မှုဇုန် တည်ဆောက်ရန်အတွက် ငွေရင်းအမြောက်အမြား လိုအပ်နေသည်။ ကျင့်ခွိုက်မှ ရရှိသော အကျိုးအမြတ်သည် လျိုအိမ်တော်၏ အဓိက ဝင်ငွေလမ်းကြောင်းကြီး တစ်ခုဖြစ်သည်။

ဒီအချိန်မှာ ကျင့်ခွိုက် ဘက်က ပြဿနာတက်၍ မဖြစ်ပေ။

"ခရိုင်သခင်မ စိတ်မပူပါနဲ့၊ ဘာပြဿနာမှ မရှိပါဘူး"

လီကျယ် အလျင်အမြန် ပြောလိုက်သည်။

"ဒါပေမဲ့ အခု ဆိုင်ခွဲအသီးသီးမှာ ချဉ်စပ်ကြာဇံနဲ့ လန်ယာအာလူး ရောင်းအားက ထိုးတက်နေလို့ အရင်က သတ်မှတ်ထားတဲ့ အရောင်းလျာထားချက်နဲ့ မလောက်မင ဖြစ်နေပါတယ်"

သူ နန်အန်းခရိုင်ကနေ လျိုအိမ်တော်ကို အကြိမ်ကြိမ် စာပို့ပြီး အကြောင်းကြားသော်လည်း ဒီဘက်က ဘာစာမှ ပြန်မလာပေ။ ဒါကြောင့် စောင့်ရတာ စိတ်မရှည်တော့ဘဲ အရေးတကြီး ပြန်လာခဲ့ခြင်း ဖြစ်သည်။

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

"ဒီကိစ္စကို ရှန်းရှန်း ကျွန်မကို ပြောပြပြီးပါပြီ"

လက်ရှိ ကျင့်ခွိုက် ရောင်းအား တက်လာရခြင်းမှာ ပြည်သူများလက်ထဲတွင် ရိက္ခာနည်းပါးလာခြင်းနှင့် သက်ဆိုင်သည်။

ကျင့်ခွိုက်မှ သရေစာများသည် ဈေးမကြီးသည့်အပြင် ချဉ်စပ်ကြာဇံနှင့် လန်ယာအာလူးတို့က ဗိုက်ပြည့်ခံသည်။ ဒီလိုအချိန်မျိုးမှာ သရေစာဆိုင်ထဲဝင်ပြီး လာစားကြသူများ ပိုများလာသည်မှာ သဘာဝကျသည်။

လီကျယ်က လင်းရှောင်ယွဲ့ သိပြီးဖြစ်ကြောင်း ကြားလိုက်ရသောအခါ စိတ်ထဲတွင် ပို၍ စိုးရိမ်သွားသည်။

ခရိုင်သခင်မက သိရက်နဲ့ ကုန်ပစ္စည်း ပိုမထုတ်ပေးနိုင်ဘူးဆိုရင် နောက်တန်းမှာ ကုန်ကြမ်းအခြေအနေက သူထင်ထားသလောက် မကောင်းဘူးဆိုတဲ့ သဘောပင်။

"တကယ်လို့... တကယ်လို့ ကုန်ပစ္စည်းလက်ကျန် မလုံလောက်ဘူးဆိုရင် ဈေးနည်းနည်း တင်လိုက်ရင်ရော"

စဉ်းစားပြီးနောက် လီကျယ် ပြောလိုက်သည်။

လျိုအိမ်တော်၏ အထက်တန်းလွှာတစ်ဦးအနေဖြင့် ခရိုင်သခင်မက အန်းယန်ဝမ်အိမ်တော်ကို ကန်စွန်းဥနှင့် အာလူးမျိုးများ ပေးပို့ခဲ့ကြောင်း သူ သိထားသည်။

ဒီမျိုးတွေကို လာမယ့်နှစ် စိုက်ပျိုးလိုက်ရင် အန်းယန်ခရိုင်အတွင်းမှာ ဒီသီးနှံနှစ်မျိုး ပြတ်လပ်တော့မည် မဟုတ်ပေ။

ဒါပေမဲ့ လောလောဆယ် အနေအထားအရ အန်းယန်ခရိုင်တစ်ခုလုံးမှာ သူတို့ကလွဲရင် တခြားဘယ်သူ့ဆီမှာမှ ကြာဇံနဲ့ အာလူး မရှိသေးပေ။

ကျင့်ခွိုက်က ဈေးတင်လိုက်ရင်တောင် လာစားမယ့် ဧည့်သည်တွေ အများကြီး ရှိနေဦးမှာပင်။

တစ်နေ့တာ ရောင်းအား အနည်းငယ် လျော့သွားရုံလောက်သာ ရှိနိုင်သည်။

လင်းရှောင်ယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။

"မလုပ်ရဘူး" ချက်ချင်း ငြင်းပယ်လိုက်သည်။

"ကျင့်ခွိုက်က ဈေးနှုန်းသက်သာတဲ့ လမ်းကြောင်းကို သွားတာ၊ အမြန်စား အစားအစာ လုပ်ငန်းကို လုပ်တာ။ အခု ဈေးတင်လိုက်ရင် ပိုက်ဆံ နည်းနည်းပိုရနိုင်ပေမယ့် အမှတ်တံဆိပ်ပုံရိပ်ကို ထိခိုက်စေတယ်"

စဉ်းစားပြီးနောက် လင်းရှောင်ယွဲ့ ဆက်ပြောသည်။

"ပိုက်ဆံရှာရမယ့်အချိန်မှာလည်း မရှာဘဲ နေလို့မရဘူး။ ဒီလိုလုပ်ပါ၊ နောက်ပိုင်း ချဉ်စပ်ကြာဇံ ထောက်ပံ့မှုကို နှစ်ဆတိုးမယ်၊ လန်ယာအာလူး ထောက်ပံ့မှုကို တစ်ဆ တိုးမယ်"

အရင်က ကြာဇံနှင့် အာလူး လက်ကျန် အမြောက်အမြား ရှိခဲ့သော်လည်း ခြံအသီးသီးရှိ ချီဝူတပ်သားများက ဒီအစားအစာနှစ်မျိုးကို အဓိကအစားအစာအဖြစ် စားသုံးခဲ့ကြသည်။

ဒါကြောင့် အထွက်နှုန်းများသော်လည်း ပစ္စည်းမလောက်သလို ဖြစ်နေရခြင်း ဖြစ်သည်။

ချီဝူတပ်သားများက ကြာဇံနှင့် အာလူးကို စားလာသည်မှာ ကြာပြီဖြစ်၍ အရသာပြောင်းပေးရန် အချိန်တန်ပြီ။

ဒါ့အပြင် ခြံများမှ ဝက်အချို့ကို ပေါ်လာတော့မည်ဖြစ်၍ ကန်စွန်းဥ အများအပြား သက်သာသွားမည်။

အဲ့ဒီကန်စွန်းဥတွေကို ကြာဇံလုပ်လိုက်ရင် အထွက်နှုန်းက မနည်းလှပေ။

"ဟုတ်ကဲ့ပါ။" လီကျယ် ဝမ်းသာအားရ ပြန်ဖြေသည်။

ခရိုင်သခင်မ၏ ဒီစကားတစ်ခွန်းရှိလျှင် နောက်ပိုင်း ဆိုင်ခွဲပိုင်ရှင်များ သူ့ကို နေ့တိုင်း လာပူဆာနေကြတော့မည် မဟုတ်ပေ။

"ဆိုင်ခွဲ လျှောက်ထားတာနဲ့ ပတ်သက်ပြီး စည်းမျဉ်းအသစ် ထုတ်ပြန်ပြီးနောက် လာမေးတဲ့လူ ရှိလား"

လင်းရှောင်ယွဲ့ စဉ်းစားပြီး မေးလိုက်ပြန်သည်။

အခု ကျင့်ခွိုက်က ဆိုင်ခွဲတိုးချဲ့မှုကို ရပ်ဆိုင်းထားသော်လည်း လျိုအိမ်တော်ဘက်တွင် ငွေကြေးလိုအပ်ချက် ကြီးမားနေသည်။

စိတ်ဝင်စားမှုပြင်းပြသော ဆိုင်ခွဲလျှောက်ထားသူအချို့ကို ကြိုတင်လက်ခံထားရန် လိုအပ်သည်။

"ရှိပါတယ်" လီကျယ် အမြန်ဖြေသည်။

"ဒီ ၈ ရက်အတွင်း လူကိုယ်တိုင် လာမေးတာရော၊ လူကြုံနဲ့ မေးတာရော စုစုပေါင်း အယောက် ၂၀ မနည်း ရှိပါတယ်"

"အို... ဟုတ်လား"

လင်းရှောင်ယွဲ့ မျက်လုံးများ အရောင်တောက်သွားသည်။

"အခြေအနေ ဘယ်လိုလဲ" ပြုံးပြီး မေးလိုက်သည်။

လီကျယ်၏မျက်နှာထားကတော့ သာမန်ကာလျှံကာ ဖြစ်သွားသည်။

"စာချုပ်ချုပ်ဖို့ ဆန္ဒရှိတာ နှစ်ယောက်ပဲ ရှိပါတယ်"

စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

တကယ်တော့ သူ နားလည်ပေးလို့ ရပါသည်။

စည်းမျဉ်းသစ်ကြောင့် ဝင်ကြေးက ငွေစတစ်ထောင်အထိ ဈေးကြီးသွားရုံသာမက ဆိုင်ဖွင့်ရမည့်အချိန်ကလည်း နောက်နှစ် ဒုတိယနှစ်ဝက်အထိ ရွှေ့ဆိုင်းထားရသည်။ ပြီးတော့ ဆိုင်နေရာ ရွေးချယ်ရာတွင်လည်း ရုံးချုပ်၏စီစဉ်မှုကိုသာ နာခံရမည်ဖြစ်သည်။

ရုံးချုပ်၏လက်ရှိအခြေအနေအရ နန်အန်းခရိုင်အတွင်း ဆိုင်ခွဲများ အပြည့်ဖွင့်ပြီး ဖြစ်သည်။

ကျင့်ခွိုက်၏ နောက်တစ်ဆင့် ဆိုင်ဖွင့်မည့်နေရာများသည် နန်အန်းခရိုင်ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး အန်းယန်ခရိုင်အတွင်း နေရာအနှံ့ ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဆိုလိုသည်မှာ ဆိုင်ခွဲအသစ် လျှောက်ထားသူများသည် နန်အန်းခရိုင် ပြင်ပတွင်သာ လုပ်ပိုင်ခွင့် ရရှိကြမည်ဖြစ်သည်။

ဒီတစ်ခေါက် သူနှင့် စာချုပ်ချုပ်ဆိုသော နှစ်ဦးသည်လည်း နန်အန်းခရိုင်သားများ မဟုတ်ကြပေ။

"မဆိုးပါဘူး" လင်းရှောင်ယွဲ့ နားထောင်ပြီးနောက် ပြောလိုက်သည်။

"ဆိုင်ခွဲလျှောက်ထားခြင်း မူဝါဒကို မပြောင်းလဲဘဲ ဒီအတိုင်း ဆက်လုပ်သွားပါ။ လာမယ့် တစ်နှစ်အတွင်း ကျွန်မတို့ စုစုပေါင်း ဆိုင်ခွဲ ၁၀၀ ထပ်လက်ခံလို့ ရသေးတယ်။ ဒီအရေအတွက် ရအောင် ကြိုးစားပါ။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့လည်း မလိုချင်ဘူး"

လင်းရှောင်ယွဲ့ ဆက်ပြောသည်။

အရင်က ချီဝူတပ်သားတွေကို ကျွေးမွေးဖို့အတွက် သူမက ဆိုင်ခွဲအများအပြားကို ဈေးသက်သက်သာသာနဲ့ ပေးခဲ့ခြင်းဖြစ်သည်။

နန်အန်းခရိုင် တစ်ခုတည်းမှာတင် ဆိုင်ခွဲ ၇၀၊ ၈၀ လောက် ဖွင့်ခဲ့ပြီးဖြစ်သည်။

နောက်ပိုင်း အန်းယန်ခရိုင်ရှိ အခြားမြို့နယ်များအတွက် သူမ စုစုပေါင်း ၁၀၀ သာ ပေးတော့မည်။

ဆိုင်ခွဲ ၁၀၀ ဆိုလျှင် ဝင်ကြေး စုစုပေါင်းက ငွေစတစ်သိန်း ရရှိမည်ဖြစ်သည်။

ဒီငွေရရင် သခင်လေးလျန် သို့မဟုတ် တတိယသခင်ကျိုးကို သွားရှာစရာ မလိုလောက်တော့ပေ။

ဘာပဲဖြစ်ဖြစ် အဲ့ဒီလူနှစ်ယောက်က သူမကို အလကား ကူညီမှာမှ မဟုတ်တာ။ လျိုမိသားစု စက်မှုဇုန်အတွက်တော့ တခြားလူတွေကို အကျိုးအမြတ် ခွဲပေးချင်စိတ် မရှိပေ။

ဒါတွေ တွေးမိတော့ လင်းရှောင်ယွဲ့ သက်ပြင်းချမိသည်။

သူမ ဒီလောက် ပင်ပင်ပန်းပန်းနဲ့ တည်ထောင်ခဲ့ရတဲ့ ကျင့်ခွိုက်က တကယ်ကို အောင်မြင်မှု ခံစားရစေပါသည်။

အမှတ်တံဆိပ်ကြီးတစ်ခုက သူမအတွက် ဝင်ငွေတွေ ဆက်တိုက်ရှာပေးနေရုံသာမက ပိုအရေးကြီးတာက တန်ဖိုးမြှင့် အကျိုးကျေးဇူးတွေ အများကြီး ရှိနေသေးသည်။ ဥပမာ၊ အခု သူမ အသုံးပြုနေတဲ့ ရန်ပုံငွေရှာဖွေနည်းမျိုးပေါ့။

ဆိုင်ခွဲဖွင့်ခွင့်ပဲ ပေးပြီး ရှယ်ယာမပေးတာက တကယ့်ကို စိတ်ကူးယဉ်ဆန်တဲ့ ရန်ပုံငွေရှာနည်းပါပဲ။ နောက်ပိုင်း စက်မှုဇုန် ဆောက်ပြီးရင် အလုပ်ရုံတွေ ထပ်ဆောက်ဦးမယ်၊ ရှယ်ယာပေးတဲ့ကိစ္စကို သတိထားပြီး လုပ်ရမယ်။

ကြိုးစားစမ်းပါ၊ ဒီကိစ္စသာ အောင်မြင်သွားရင် လျိုမိသားစုက နောင်လာမယ့် မျိုးဆက်ပေါင်းများစွာအထိ ဆင်းရဲမှာ မဟုတ်တော့ဘူး။

"ဟုတ်ကဲ့ပါ" လီကျယ်က ပြန်ဖြေသည်။

တစ်နှစ်အတွင်း ဆိုင်ခွဲ ၁၀၀ ထုတ်ပေးမယ်ဆိုရင် ဖြစ်နိုင်ခြေက မနည်းလှပေ။

ဒါနဲ့... ဒီသတင်းကို သူ အပြင်မှာ လွှင့်ထားသင့်တယ်။ အရေအတွက် အကန့်အသတ်ရှိမှ စိတ်ဝင်စားတဲ့ ဖောက်သည်တွေ ဆုံးဖြတ်ချက် မြန်မြန်ချနိုင်မှာလေ။

လင်းရှောင်ယွဲ့သည် လီကျယ်ကို ကျင့်ခွိုက်နှင့်ပတ်သက်သော ကိစ္စအချို့ မေးမြန်းပြီးနောက်မှ ပြန်လွှတ်လိုက်သည်။

........

နောက်တစ်နေ့တွင်။

ခြံအသီးသီး၌ အစားအသောက် ပြောင်းလဲရေး စတင်လေတော့သည်။

အာလူးနှင့် ကြာဇံကို သိသိသာသာ လျှော့ချလိုက်ပြီး ဆန်၊ ဂျုံ၊ ကောက်ပဲသီးနှံနှင့် ရာသီပေါ် ဟင်းသီးဟင်းရွက်များဖြင့် အစားထိုးလိုက်သည်။ အာလူးနှင့် ကြာဇံသည် အဓိကအစားအစာဘဝမှ ဟင်းရံဘဝသို့ ရုတ်တရက် ပြောင်းလဲသွားသည်။

ဒီလိုပြောင်းလဲမှုကို အားလုံးက သဘောကျကြသည်။

ချီဝူတပ်သားများလည်း အလျင်အမြန် လက်ခံလိုက်ကြသည်။

တစ်ချိန်တည်းတွင် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် အလုပ်ရုံများလည်း ပြန်လည်အလုပ်ရှုပ်လာကြသည်။

ခြံအသီးသီးမှ ကိုယ်အလေးချိန် ပြည့်မီသော ဝက်များကို စတင်ရောင်းချပြီး နေ့စဉ် အကောင်ရေ အတော်များများ သတ်နေရသည်။

လျန်မိသားစုနှင့် ကျိုးမိသားစုတို့သည် ဝက်အူချောင်းနှင့် ဝက်ပေါင်ခြောက်များ ပိုမိုရရှိလာသဖြင့် လျန်ဆိုင်ရှင်နှင့် တတိယသခင်ကျိုးတို့ ပျော်ရွှင်နေကြသည်။

ထို့အပြင် ဝက်များ ပေါ်လာသည်နှင့်အမျှ ကြာဇံအလုပ်ရုံများလည်း ပြန်လည်လည်ပတ်လာသည်။

လေ့ကျင့်ရေးဆင်းစရာ မလိုသော ချီဝူတပ်သားများသည် ကြာဇံအလုပ်ရုံထဲသို့ ဝင်ရောက်လုပ်ကိုင်ကြပြီး ခြံများတွင် ကြာဇံထွက်ရှိမှု တဖြည်းဖြည်း များပြားလာသည်။

......

မျက်စိတစ်မှိတ်အတွင်း လဝက်ခန့် ကုန်ဆုံးသွားပြန်သည်။

မြို့တော်ပြန်ရန် အမိန့်တော်ကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော လျိုဝူကျီသည် နောက်ဆုံးတွင် အပြန်လမ်းသို့ စတင်ခြေလှမ်းပြင်ရတော့သည်။

မထွက်ခွာမီ လျိုမိသားစုဝင်အားလုံး လိုက်လံပို့ဆောင်ကြပြီး မျက်နှာပေါ်တွင် နှမြောတသသ ဖြစ်နေကြသည်။

အထူးသဖြင့် လျိုရှီသည် မျက်ရည်များသုတ်ရင်း မရပ်တန့်နိုင်အောင် ဖြစ်နေသည်။

"ကဲပါ။ ကလေးနှစ်ယောက်အမေတောင် ဖြစ်နေပြီ၊ ဘာလို့ ငိုနေရတာလဲ" လျိုဝူကျီက လျိုရှီကို နှစ်သိမ့်လိုက်သည်။

"ငါက မြို့တော်ပြန်တာလေ၊ ပြန်မလာတော့မယ့်လူမှ မဟုတ်တာ။ မြို့တော်ပြန်ရောက်လို့ ကိစ္စတွေ ပြီးသွားရင် အဖေ အရှင်မင်းကြီးဆီ ခွင့်တောင်းပြီး ပြန်လာခဲ့ပါ့မယ်"

ပါးစပ်ကသာ ပြောနေသော်လည်း အဘိုးဖြစ်သူ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲနေသည်ကို လင်းရှောင်ယွဲ့ သတိထားမိလိုက်သည်။

"အီး... ဟီး... အဘိုး..."

လင်းရှောင်ကျစ်သည် အော်ဟစ်ငိုကြွေးရင်း လျိုဝူကျီ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။

"အဘိုး... မသွားပါနဲ့။" လျိုဝူကျီကို ဆွဲထားပြီး ပြောလိုက်သည်။

ဒီတစ်လအတွင်း အဘိုးနှင့် သူ အတူနေချိန် အများဆုံးဖြစ်သည်။ သူ့ကို ရတနာလေးတစ်ပါးလို အလိုလိုက်ပြီး အတူတူ ကစားခဲ့ကြသည်။ သူ အဘိုးကို ချစ်သည်၊ အဘိုးနှင့် မခွဲချင်ပေ။

လျိုဝူကျီ မျက်ရည်များ ပိုဝဲလာပြီး လင်းရှောင်ကျစ်ကို ပွေ့ချီလိုက်သည်။

"အိုး... အဘိုးရဲ့ မြေးလိမ္မာလေး။ အဘိုးက မြို့တော်ကို ကိစ္စကြီး သွားလုပ်မလို့ပါ၊ ကြာကြာနေလို့ မဖြစ်ဘူးလေ။ မြေးက အိမ်မှာ လိမ်လိမ်မာမာနဲ့ အဘိုးကို စောင့်နေနော်။ အဘိုး မြို့တော်က ကိစ္စတွေ ပြီးရင် ပြန်လာပြီး မြေးကို နေ့တိုင်း လိုက်ပို့ပေးမယ်။ နောက်ပိုင်းကျရင် အဘိုးက မြေးကို စာသင်ပေးမယ်။ တို့မြေးလေး ရှောင်ကျစ်က ချင်းရှီမြို့တင်မကဘူး၊ သာ့ယန်တစ်ပြည်လုံးမှာ အတော်ဆုံး ပညာရှင် ဖြစ်လာစေရမယ်။ အဘိုးက နောင်ကျရင် မြေး ပထမရသူဖြစ်လာမှာကို မျှော်လင့်နေတာနော်။"

လျိုဝူကျီက ပြုံးပြီး ပြောလိုက်သည်။

လင်းရှောင်ကျစ် ကြားလိုက်ရတော့ ရင်ထဲတွင် စိတ်လှုပ်ရှားမှုလေး ဖြစ်ပေါ်လာသည်။

ဒီစကားကို အဘိုးပြောတာ တစ်ခါမကတော့ပေ။

အမေနှင့် အစ်မတို့ ပြောစကားများအရ အဘိုးသည် တကယ်ပင် ထိုသို့သော အရည်အချင်းရှိကြောင်း သူ သိထားသည်။ ထို့ကြောင့် အဘိုး အိမ်မှာ ထာဝရနေပြီး မခွဲခွာရန် သူ မျှော်လင့်ခဲ့သည်။

ဒါပေမဲ့ ခဏလေးပဲ ရှိသေးတယ်၊ အဘိုးက သွားတော့မယ်။ အီး... ဟီး... သူ အဘိုးနဲ့ မခွဲချင်ဘူး။

လျိုဝူကျီသည် ကလေးငယ်၏မျက်ဝန်းမှ စီးကျလာသော မျက်ရည်များကို သုတ်ပေးလိုက်သည်။

"ဟားဟား၊ ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူး။ ငိုနေတာ ဘာပုံစံလဲ၊ သူများရယ်မှာ မကြောက်ဘူးလား" လျိုဝူကျီက ထပ်မံ ရယ်မောလိုက်သည်။

တကယ်ပင် ထိုစကားကြားသောအခါ လင်းရှောင်ကျစ်သည် ရှိုက်သံကို ထိန်းပြီး မျက်ရည်ကို သိမ်းလိုက်သည်။

ထိုအခါမှ လျိုဝူကျီ စိတ်ချသွားသည်။ ထို့နောက် ကျန်လူများကို ကြည့်လိုက်သည်။

နောက်ဆုံးတွင် လင်းရှောင်ယွဲ့အပေါ် အကြည့်ရောက်သွားသည်။

"အိမ်မှာ မြေးရှိနေတော့ အဘိုး စိတ်ချလက်ချ သွားလို့ရပြီ"

"ဒါပေမဲ့ မြေးက စက်မှုဇုန်ကိစ္စလည်း လုပ်ရဦးမယ်။ အိမ်မှုကိစ္စလည်း ခွဲပြီး ကြည့်ပေးရဦးမယ်။ ရှောင်အာ (လီရှောင်) မရှိတော့ မြေး ပင်ပန်းရတော့မယ်"

လင်းရှောင်ယွဲ့ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"အဘိုး စိတ်မပူပါနဲ့၊ သမီး အမေနဲ့ ရှောင်ကျစ်ကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်"

ထိုအခါမှ လျိုဝူကျီ စိတ်အေးသွားသည်။ လူအုပ်ကြီးကို တစ်ဖန်ပြန်ကြည့်လိုက်သည်။

"ကဲ... ပြန်ကြတော့။ ဒီမှာ ရပ်နေတာ မအေးကြဘူးလား"

သို့သော် ပြောသံကြားရသော်လည်း မည်သူမျှ မလှုပ်ကြပေ။

လျိုဝူကျီ မျက်မှောင်ကြုတ်လိုက်ပြီးမှ လင်းရှောင်ကျစ်ကို အောက်ချပေးကာ လင်းရှောင်ယွဲ့လက်ထဲ ထည့်ပေးလိုက်သည်။

ထို့နောက် လှည့်ထွက်ပြီး မြင်းလှည်းပေါ်သို့ တက်သွားလေသည်။

***

All Chapters