← Chapters

အချက် ၃ ချက်

Vol. 21 Ch. 430

အချက် ၃ ချက်

Vol. 21 Ch. 430

မယ်တော်က ယင်မိသားစုနဲ့ သူ့ရဲ့သံယောဇဉ်ကို ပျိုးထောင်ပေးဖို့ ရည်ရွယ်ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ကံမကောင်းတာက ဧကရာဇ်တစ်ပါး ဖြစ်လာမယ့်သူအတွက် ဒီလိုသံယောဇဉ်တွေက ဆန့်ကျင်ဘက် ဖြစ်နေတာပါပဲ။

သူက ငယ်ငယ်ကတည်းက ဧကရာဇ်တစ်ပါးရဲ့ လမ်းစဉ်ကို လေ့လာခဲ့ရတာလေ။ ခမည်းတော်က ယင်မိသားစုကို မျိုးဖြုတ်သတ်ပစ်ဖို့ မပြောခဲ့ဘူး၊ ဖိနှိပ်ပြီး ရှင်းထုတ်ပစ်ဖို့ပဲ ပြောခဲ့တာ။ ဒါက သူ့ကို မျက်နှာသာပေးလိုက်တာပါပဲ။

ဒီတော့ သူ ဘာများ ဈေးဆစ်စရာ ရှိဦးမှာလဲ။

ဧကရာဇ်ယန်၏ မျက်ဝန်းထဲတွင် ကျေနပ်အားရမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အန်းယန်ဝမ်ကို ကြည့်သော အကြည့်များသည် ယခင်ကထက် အများကြီး ပိုကောင်းလာသည်။

"ဒုတိယအချက်... ဂဏန်းသင်္ချာပညာရပ်စာအုပ်ကို ဖြန့်ချီဖို့ပဲ" ဧကရာဇ်ယန် မျက်လွှာချလျက် ပြောလိုက်သည်။

အန်းယန်ဝမ် အံ့သြသွားသည်။

"ဂဏန်းသင်္ချာပညာရပ်စာအုပ်ရဲ့တန်ဖိုးက မင်းထင်ထားတာထက် ပိုကြီးမားတယ်။ အန်းယန်ခရိုင်သခင်မက သာမန်လူ မဟုတ်ဘူး"

ဧကရာဇ်ယန်က ဆက်ပြောသည်။

"မင်းဆရာကြီးနဲ့ အန်းယန်ခရိုင်သခင်မရဲ့ ဆက်ဆံရေးကို မင်း သိပြီးပြီ မဟုတ်လား"

မေးခွန်းပုံစံ ဖြစ်သော်လည်း လေသံကတော့ သေချာပေါက် ပြောနေသည့်ပုံစံ ဖြစ်သည်။

အန်းယန်ဝမ် ကြောင်သွားကာ ခဏကြာမှ ပြန်ဖြေသည်။

"ဟုတ်ကဲ့"

ဧကရာဇ်ယန် မျက်လုံးပြန်ဖွင့်လိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

"ထင်တဲ့အတိုင်းပဲ..." ထို့နောက် သက်ပြင်းချလိုက်သလို ပြောလိုက်သည်။

မှန်ပါသည်၊ သူ ခန့်မှန်းမိနေပြီ။

သူ ဟွေကွမ်းဆေးလုံး စွဲလမ်းသွားရသည့်ကိစ္စသည် မင်းဆရာကြီးနှင့် ပတ်သက်နိုင်ကြောင်း ခန့်မှန်းမိသည်။ ဒီအရာအားလုံးက မင်းဆရာကြီး စီစဉ်ထားခြင်း ဖြစ်နိုင်သည်။

ဒါပေမဲ့ ခန့်မှန်းမိတော့ရော ဘာထူးမှာလဲ။ မင်းဆရာကြီးကို အပြစ်ပေးမလား၊ သတ်ပစ်မလား။

ဒီအခြေအနေ ရောက်နေပြီ၊ မင်းဆရာကြီးကို သတ်လိုက်ရင်လည်း အရာမထင်တော့ဘူး။ သူ မကြာခင် သေတော့မှာဆိုတဲ့ အမှန်တရားကို ပြောင်းလဲလို့ မရတော့ဘူး။

ဆန့်ကျင်ဘက်အနေနဲ့ ဒီအချိန်မှာ သာ့ယန်က မင်းဆရာကြီးကို လိုအပ်နေတယ်။

ဟားဟား... သာ့ယန်က သူဆိုတဲ့ ဧကရာဇ်မရှိရင်ဖြစ်ပေမယ့် မင်းဆရာကြီးမရှိရင် မဖြစ်ဘူးလေ။ သူ အခု မင်းဆရာကြီးကို အပြစ်မပေးနိုင်ရုံတင်မကဘူး၊ ကာကွယ်ပေးရဦးမယ်။

ဘာကြောင့်လဲဆိုတော့ မင်းဆရာကြီးက သူ့ကို သစ္စာဖောက်ခဲ့ပေမယ့် သာ့ယန်ကို သစ္စာမဖောက်ခဲ့လို့ပဲ။

သူ သားအကြီးဆုံးကို မြို့တော်ပြန်ခေါ်လိုက်တာ တကယ်တော့ မင်းဆရာကြီးကြောင့်လည်း ပါသည်။ မင်းဆရာကြီးက သားအကြီးဆုံးကို ရွေးချယ်လိုက်ပြီဆိုတော့ သာ့ယန်က သားအကြီးဆုံးကို ရွေးချယ်လိုက်ပြီ ဆိုတဲ့ သဘောပဲ။

အန်းယန်ဝမ် နားမလည် ဖြစ်သွားသည်။ ဧကရာဇ်ယန် ဘာကိုဆိုလိုမှန်း နားမလည်ပေ။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျန်းက မင်းဆရာကြီးအပေါ်အရင် အမှားကျူးလွန်ခဲ့မိတယ်။ အဲ့ဒီနောက်ပိုင်း မင်းဆရာကြီး နန်းတော်က ထွက်သွားတယ်။ ကျန်းလည်း လူယုတ်မာတွေရဲ့ လှည့်စားမှုကိုခံရပြီး အမှားတွေ အများကြီး ထပ်ကျူးလွန်ခဲ့မိတယ်"

ဧကရာဇ်ယန် ဆက်ပြောသည်။

လျိုဝူကျီ သူ့အပေါ် လုပ်ခဲ့သမျှကို လျစ်လျူရှုပေးလိုက်သလို၊ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သလို ပြောလိုက်သည်။

"အခုတော့ ကျန်းရဲ့အကြွေးတွေ ပြန်ဆပ်လိုက်တယ်လို့ပဲ သဘောထားလိုက်တော့မယ်" ဧကရာဇ်ယန် ပြောပြီးသည်နှင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။

အန်းယန်ဝမ် နားမလည်နိုင် ဖြစ်နေသည်ကို မြင်သောအခါ ဧကရာဇ်ယန် ရှင်းပြလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းဆရာဟောင်း နတ်ရွာစံသွားတော့ မင်းဆရာကြီးက ရာထူးကို စတင်လွှဲပြောင်းရယူခါစ ရှိသေးတယ်။ ကျန်းက မင်းဆရာကြီးကို စိတ်ချလက်ချ နေစေချင်လို့ သူ့ဇနီးသည်ကို သတ်သေအောင် ဖိအားပေးခိုင်းခဲ့တယ်"

ဒီစကားကြားတော့ အန်းယန်ဝမ် မျက်နှာပျက်သွားသည်။

"ကံမကောင်းစွာနဲ့ပဲ အလုပ်လုပ်တဲ့လူတွေက သေသပ်မှုမရှိတော့ ငါးလွတ်သွားတဲ့ နှစ်ယောက် ကျန်ခဲ့တယ်။ တစ်ယောက်က မင်းဆရာကြီးဇနီးသည်ရဲ့ အစေခံမလေး၊ နောက်တစ်ယောက်က မင်းဆရာကြီးရဲ့ သမီး။ တကယ်တော့ သူတို့သာ ထပ်မပေါ်လာရင် ဒီကိစ္စက ပြီးသွားပြီ။ ဒါပေမဲ့ သူတို့က မင်းဆရာကြီးရှေ့ ရောက်လာကြတယ်၊ ပြီးတော့ သားအဖချင်း ပြန်မှတ်မိသွားကြတယ်။ ကျန်း နောက်တစ်ကြိမ် ပြန်လှုပ်ရှားရတော့မလို ဖြစ်သွားတယ်..."

အန်းယန်ဝမ် ရင်ထဲ တုန်လှုပ်သွားသည်။

ဒါတွေကို မင်းဆရာကြီး သိနေတာလား။ သေချာပေါက် သိမှာပေါ့။ မဟုတ်ရင် မင်းဆရာကြီးက ဘာလို့...

ဟုတ်တယ်၊ ဟွေကွမ်းဆေးလုံးကိစ္စက မင်းဆရာကြီးနဲ့ ပတ်သက်နေမှန်း သူလည်း သိထားတယ်။ နောက်ပြီး အဆိပ်ခတ်တဲ့ကိစ္စ၊ သူ့မယ်တော်က ယွီချိုက်ရန်ကို ခိုင်းစေခဲ့တာဆိုပေမယ့် နောက်ကွယ်မှာ မင်းဆရာကြီးရဲ့ လွှမ်းမိုးမှုလည်း ရှိနေတယ်။

ဧကရာဇ်ယန်က အန်းယန်ဝမ်ကို ထပ်ကြည့်လိုက်သည်။ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ "အဟွတ် အဟွတ်" ဟု အားနည်းစွာ ချောင်းဆိုးလိုက်သည်။

"ဒါတွေ ပြောပြတာက မင်းကို မင်းဆရာကြီးအပေါ် အငြိုးအတေးထားစေချင်လို့ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကျန်း မင်းကို ပြောချင်တာက ကျန်း သူ့ကို အပြစ်မတင်ဘူးဆိုတာပဲ"

ဧကရာဇ်ယန် အားနည်းစွာ ပြုံးလိုက်သည်။

"မင်းဆရာကြီးက တိုင်းပြည်အတွက်ပဲ ကြည့်တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျန်းက သူ့ရန်သူမှန်း သိနေရက်နဲ့ ကျန်းရဲ့ ဧကရာဇ်အဆင့်အတန်းကြောင့် ကျန်းကို ဘာမှမလုပ်ခဲ့ဘူး။ ဒါကိုကြည့်ရင် မင်းဆရာကြီးက သာ့ယန်အပေါ် ဘယ်လောက် သစ္စာရှိလဲဆိုတာ သိသာပါတယ်"

ကျန်းက သာ့ယန်ကို ရှုပ်ထွေးပွေလီအောင် အုပ်ချုပ်ခဲ့လို့၊ ချူနဲ့ကျင်း တိုင်းပြည်တွေကို စစ်တိုက်လာအောင် ဖိတ်ခေါ်သလို ဖြစ်ခဲ့လို့သာ မင်းဆရာကြီး စိတ်ပြောင်းသွားတာ။

အခု တိုက်တိုက်ဆိုင်ဆိုင် သူ့မြေးမလေးက ကျန်းရှေ့ ရောက်လာတော့ မင်းဆရာကြီး ဆုံးဖြတ်ချက် ချလိုက်တာပဲ နေမှာ။ ဒါတွေကို စဉ်းစားမိတော့ မင်းဆရာကြီးကို သိပ်ပြီး မမုန်းတော့ပါဘူး။

အန်းယန်ဝမ် အံ့သြသွားသည်။

သူ့ခမည်းတော်က လူတစ်ယောက်အပေါ် ဒီလောက် သဘောထားကြီးတာ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

"ကျန်း သေသွားရင် ကျန်းနဲ့ မင်းဆရာကြီးကြားက အငြိုးအတေးတွေ ပြီးဆုံးသွားလိမ့်မယ်။ ဒါပေမဲ့ ကျန်း အန်းယန်ခရိုင်သခင်မအပေါ် အကြွေးတင်နေသေးတယ်။ အဲ့ဒီကောင်မလေးရဲ့ အရည်အချင်းက သူမအဘိုးထက် မလျော့ဘူး။ နှမြောစရာကောင်းတာက... မိန်းကလေး ဖြစ်နေတာပဲ"

ဧကရာဇ်ယန် နောက်ထပ် သက်ပြင်းချလိုက်ပြန်သည်။

"တစ်ခါတလေ ကျန်း တွေးမိတယ်၊ အဲ့ဒီကောင်မလေးသာ အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရင်၊ မင်းဆရာကြီးရဲ့ သေချာသင်ကြားပြသမှုကို ခံယူခွင့်ရခဲ့ရင် မင်းဆရာကြီးထက်တောင် ပိုတော်တဲ့သူ ဖြစ်လာနိုင်တယ်"

အန်းယန်ဝမ် ခေါင်းညိတ်လိုက်သည်။ ဧကရာဇ်ယန်၏အမြင်ကို သဘောတူသည်။

သခင်မလေးလင်း၏ အတွေးအခေါ်၊ ဗဟုသုတတွေက သာမန်လူတွေနဲ့ မတူဘူး၊ သူ့ကို အကြံဉာဏ်တွေ၊ အကူအညီတွေ အများကြီး ပေးခဲ့ဖူးတယ်။

"ဂဏန်းသင်္ချာပညာရပ်စာအုပ်က အဲ့ဒီကောင်မလေးရဲ့ ကြိုးပမ်းအားထုတ်မှုပဲ။ ပြီးတော့ မင်းဆရာကြီးက အဲ့ဒီကောင်မလေးအတွက် တောင်းဆိုခဲ့တဲ့ အကာအကွယ်အဆောင်တစ်ခုပဲ။ ကျန်း အရင်ကတည်းက သဘောတူခဲ့ပြီးသား။ ဒါ့အပြင် ဒီစာအုပ်က သာ့ယန်အတွက်တင်မကဘူး၊ တစ်လောကလုံးအတွက်ပါ အကျိုးရှိစေမယ့် အရာပဲ။ ကျန်းလည်း တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ သမိုင်းမှာ နာမည်ကောင်းလေး ကျန်ရစ်ခဲ့ချင်တာပါ"

ဧကရာဇ်ယန် ရုတ်တရက် လက်လှမ်းလိုက်သည်။

အန်းယန်ဝမ်သည် ကျန်းရှီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့တိုးကာ ဧကရာဇ်ယန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

"ကျန်း လုပ်နိုင်တာက ဒီနာမည်ကောင်းလေး ကျန်ရစ်အောင် လုပ်ဖို့လောက်ပဲ ရှိတော့တယ်"

အန်းယန်ဝမ်သည် ဧကရာဇ်ယန်၏လက်အားကို ခံစားမိပြီး ဧကရာဇ်ယန်၏ဆန္ဒကို နားလည်လိုက်သည်။

"ခမည်းတော် စိတ်ချပါ၊ ဂဏန်းသင်္ချာပညာရပ်စာအုပ်ကို ခမည်းတော် အမိန့်နဲ့ ပြုစုရေးသားပြီး ဖြန့်ချီခဲ့တာပါ။ သုံးနှစ်ကြာရင် သားတော် အမိန့်ထုတ်ပြီး ဂဏန်းသင်္ချာပညာရပ်စာအုပ်ကို အရာရှိရွေးချယ်ပွဲ စာမေးပွဲတွေမှာ ထည့်သွင်းစစ်ဆေးခိုင်းပါ့မယ်။ နောင်လာနောက်သားတွေ ခမည်းတော်ရဲ့ကျေးဇူးကို မေ့မှာ မဟုတ်ပါဘူး"

ထိုအခါမှ ဧကရာဇ်ယန်၏စိတ်ခံစားချက်များ တည်ငြိမ်သွားပြီး လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

အန်းယန်ဝမ်က ဂရုတစိုက် စောင့်ဆိုင်းနေပြီး နောက်ပြန်မဆုတ်သွားရဲပေ။

"တတိယအချက်"

ဧကရာဇ်ယန် ရုတ်တရက် ပြောလိုက်သည်။ သို့သော် ထိုစကားလုံးကိုပြောပြီးသည်နှင့် ရပ်တန့်သွားသည်။

အန်းယန်ဝမ် ဆက်ပြောမည့်စကားကို စောင့်နေသော်လည်း မကြားရသဖြင့် ဧကရာဇ်ယန်ကို ကြည့်လိုက်သည်။

ဧကရာဇ်ယန်က ဘေးနားရှိ ကျန်းရှီကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"တတိယအချက်... ကျန်း ရှူးဖေးကို တစ်ခေါက်လောက် တွေ့ချင်တယ်"

ကျန်းရှီကို ဖောက်ထွင်းပြီး အခြားတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

ဒီစကားထွက်လာတော့ ကျန်းရှီနှင့် အန်းယန်ဝမ် မျက်နှာ ပြောင်းလဲသွားကြသည်။

အန်းယန်ဝမ်က တော်သေးသည်၊ မျက်နှာထားကို အမြန်ပြန်ထိန်းလိုက်သည်။

ကျန်းရှီကတော့ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။

ဧကရာဇ်ယန် ခေါင်းအနည်းငယ် စောင်းပြီး အန်းယန်ဝမ်ကို ကြည့်လိုက်သည်။

"ရှူးဖေး နန်းတော်က ထွက်ပြေးတုန်းက မင်းမယ်တော် ကူညီပေးခဲ့တယ်ဆိုတာ ကျန်း စုံစမ်းပြီးပြီ"

အန်းယန်ဝမ် မျက်နှာပျက်သွားသည်။

"အခု ရှူးဖေး မင်းလက်ထဲမှာ ရှိနေတယ်" ဧကရာဇ်ယန်က သေချာပေါက် ပြောလိုက်သည်။

အန်းယန်ဝမ်၏မျက်နှာ ဖြူဖျော့သွားသည်။

ဧကရာဇ်ယန်က သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်ကိုတွေ့ရသဖြင့် ခဏတာ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။

ဧကရာဇ်ယန် ဒါကိုမြင်တော့ စိတ်သက်သာရာ ရသွားသည်။

"မင်းတို့ ရှူးဖေးကို ဘာကြောင့် ခေါ်ထုတ်သွားလဲဆိုတာ ကျန်း ဂရုမစိုက်ဘူး။ ကျန်း မသေခင် သူ့ကို တစ်ခေါက်လောက် တွေ့ချင်တာပဲ ရှိတယ်"

အခြေအနေ ဒီထိရောက်မှတော့ ခန့်မှန်းဖို့ မခက်တော့ဘူး။

နန်ကုန်းကျန်းရဲ့ မွေးစားသား၊ မဟုတ်ဘူး၊ သားအရင်း ဖြစ်လောက်တယ်။ အဲ့ဒီကောင်လေး မသေသေးဘူး။ ပြီးတော့ သားအကြီးဆုံးနဲ့ ပူးပေါင်းနေကြပြီ။

သူနဲ့ ရှူးဖေးရဲ့ သားတော်လေးလည်း မသေသေးတာ ဖြစ်နိုင်တယ်။

ချင်အာ... လိမ္မာရေးခြားရှိတဲ့ အဲ့ဒီကလေးလေးကို တွေးမိတော့ သူလည်း လွမ်းမိသား။

အဲ့ဒီကလေး အသက်ရှင်နေသေးတယ်။ သူနဲ့ ရှူးဖေးကြားမှာ ဒီလို သံယောဇဉ်ကြိုးလေး ရှိနေသေးတယ်လို့ တွေးမိတော့ သူ့ရင်ထဲ ဝမ်းသာသလို ဖြစ်သွားတယ်။ သူ မကြာခင် သေတော့မယ်ဆိုတာ သိပေမယ့် အခုအချိန်မှာ သူ စိတ်ပေါ့ပါးသွားသလို ခံစားရတယ်။

တိုင်းပြည်အရေးတွေ၊ ဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ထည့်စဉ်းစားစရာ မလိုတော့ဘူး။ သူ့ကိုယ်သူ သာမန်လူတစ်ယောက်လို သဘောထားလို့ ရသွားပြီ။

သာမန်လူတစ်ယောက်လို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းတွေ ခံစားလို့ ရပြီ၊ ကိုယ့်စိတ်ကြိုက် လုပ်လို့ ရပြီ။

ဒီအချိန်မှာ သူ တွေးမိတယ်...

တကယ်လို့ သူသာ စောစောစီးစီး အမှန်တရားကို မြင်ခဲ့ရင်၊ ထီးနန်းကို စွန့်လွှတ်ခဲ့ရင်...

ချစ်ရသူနဲ့အတူ တစ်သက်လုံး ပျော်ရွှင်စွာ နေထိုင်သွားလို့ ရနိုင်မလား။

အန်းယန်ဝမ် မျက်မှောင်ကြုတ်လိုက်ပြီး ပြန်မဖြေပေ။

ရှူးဖေး (ယခု လီဝမ်) ၏ အဆင့်အတန်းက ထူးခြားသည်။ လီရှောင်၏ ခွင့်ပြုချက်မရဘဲ သူ သူမကို မြို့တော်ခေါ်လာပြီး ခမည်းတော်နှင့် ပေးတွေ့လို့ မရပေ။

ပြီးတော့ ရှူးဖေးကိုယ်တိုင်ကရော ခမည်းတော်ကို တွေ့ချင်ပါ့မလား။

ဧကရာဇ်ယန်က အန်းယန်ဝမ်ကို မျှော်လင့်ချက်အပြည့်နှင့် ကြည့်နေသည်။ သားဖြစ်သူက သူ့ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးမည်ဟု မျှော်လင့်နေသည်။

သို့သော် သားဖြစ်သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဧကရာဇ်ယန်၏မျက်နှာပေါ်ရှိ မျှော်လင့်ချက်ရောင်ခြည်များ မှေးမှိန်သွားသည်။

"ဒီကိစ္စကို ရှူးဖေးမယ်မယ်ရဲ့ သဘောဆန္ဒကို မေးမြန်းရပါဦးမယ်"

ဧကရာဇ်ယန်၏အမူအရာကို မြင်သောအခါ အန်းယန်ဝမ် မကြည့်ရက်သဖြင့် ဧကရာဇ်ယန်ကို ပြောလိုက်သည်။

ရှူးဖေးကို မေးမြန်းရမည်က တစ်ပိုင်း၊ လီရှောင်နှင့် တိုင်ပင်ရမည်က တစ်ပိုင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လက်ရှိ ချီဝူတပ်မတော်က သူ့ရဲ့ အကြီးမားဆုံး အားကိုးရာ ဖြစ်နေတာကိုး။

ဧကရာဇ်ယန်က အန်းယန်ဝမ်ကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲကာ ပြန်လှဲလိုက်သည်။

"ကောင်းပြီ။ ဒါဆို မင်း ကျန်းအစား သူ့သဘောဆန္ဒကို မေးပေးပါ။ ပြောလိုက်ပါ...နှစ်ပေါင်းများစွာ လင်မယားသံယောဇဉ်ကို ထောက်ထားပြီး ကျန်းကို နောက်ဆုံးတစ်ခေါက် လာတွေ့ပါလို့"

ယခုအချိန်တွင် ဧကရာဇ်တစ်ပါး၏ဟန်ပန် လုံးဝမရှိတော့ဘဲ သေခါနီး အဘိုးအိုတစ်ယောက်သာ ဖြစ်နေသည်။

"ဟုတ်ကဲ့ပါ"

အန်းယန်ဝမ် ပြန်ဖြေသည်။ ရင်ထဲတွင် ဝမ်းနည်းသွားသည်။

ဒါ ဧကရာဇ်တစ်ပါးရဲ့ ဘဝလား။

သူ နောင်တစ်ချိန် ဧကရာဇ်ဖြစ်လာရင်ရော နောက်ဆုံးအချိန်မှာ ခမည်းတော်လို နောင်တတွေ၊ ဝမ်းနည်းမှုတွေနဲ့ အဆုံးသတ်ရမလား။

ဧကရာဇ်ယန် ရုတ်တရက် လက်မြှောက်လိုက်ပြီး အန်းယန်ဝမ်ကို အားနည်းစွာ လက်ကာပြလိုက်သည်။

"ထွက်သွားတော့။ ကျန်း မှာလိုက်တဲ့ကိစ္စတွေကို သေချာ လုပ်ပါ။ ရှူးဖေး ပြန်မရောက်ခင်အထိ ကျန်း အသက်ရှင်အောင် နေပါ့မယ်။ ကျန်း ရှူးဖေးကို တွေ့ပြီးရင် မင်းလိုချင်တာကို ပေးမယ်"

အန်းယန်ဝမ် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"ဟုတ်ကဲ့ပါ"

ထို့နောက် ရွှမ်းဟွာနန်းဆောင်မှ ထွက်ခွာလာခဲ့သည်။

ထွက်ခွာရန် ပြင်လိုက်စဉ် ကွေ့ဖေးနန်းဆောင်မှ မိန်းမစိုးလေးတစ်ယောက်က တားဆီးလိုက်သည်။

"ဝမ်ရယ်၊ ကွေ့ဖေးမယ်မယ် ခေါ်နေပါတယ်" မိန်းမစိုးလေးက ဂါရဝပြုပြီး ပြောသည်။

ရင်ထဲက ခံစားချက်တွေကို ဖိနှိပ်ပြီး အန်းယန်ဝမ် ပြောလိုက်သည်။ "လမ်းပြပါ"

ထို့နောက် မိန်းမစိုးလေးနောက်လိုက်ပြီး ကွေ့ဖေးနန်းဆောင်သို့ သွားလိုက်သည်။

ရောက်သောအခါ မိန်းမစိုးက အန်းယန်ဝမ် ရောက်လာကြောင်း အော်ပြောလိုက်သည်နှင့် ကွေ့ဖေးက နန်းတွင်းသူအချို့ကိုခေါ်ပြီး ထွက်ကြိုသည်။

"အရှင်မင်းကြီးက မင်းကို ပြုစုခိုင်းတယ်လို့ ကြားတယ်။ သားတော် အဆင်ပြေရဲ့လား"

အန်းယန်ဝမ်၏လက်ကို ဆွဲပြီး ကွေ့ဖေးက စိုးရိမ်တကြီး မေးလိုက်သည်။

အန်းယန်ဝမ် ရင်ထဲ နွေးထွေးသွားပြီး မျက်နှာ ပြုံးရွှင်သွားသည်။

"အဆင်ပြေပါတယ်" ဟု ပြောရင်း ကွေ့ဖေးကို တွဲပြီး နန်းဆောင်ထဲ ခေါ်သွားသည်။

"အရှင်မင်းကြီးက မင်းကို ဘာလို့ သီးသန့်ခေါ်တွေ့တာလဲ"

ကွေ့ဖေးက ထပ်မေးသည်။

သူမ အရှင်မင်းကြီးနှင့် လင်မယားသက်တမ်း ကြာခဲ့ပြီ၊ သူ ဘယ်လောက် ရက်စက်ပြီး သွေးအေးတတ်လဲဆိုတာ သိသည်။

ဒီနေ့ သားဖြစ်သူကို ညီလာခံမှာ အိမ်ရှေ့စံ မခန့်အပ်ဘဲ ပြုစုဖို့ ခေါ်လိုက်တာ။

အရှင်မင်းကြီးက တစ်ခုခု စုံစမ်းသိရှိသွားပြီး အခွင့်ကောင်းယူကာ သူမ သားကို ဒုက္ခပေးမှာ စိုးရိမ်နေမိသည်။

သားဖြစ်သူ ဘေးကင်းစွာ ပြန်ထွက်လာလို့သာ တော်သေးသည်။

အန်းယန်ဝမ် ကွေ့ဖေးကို ကြည့်လိုက်သည်။ ချက်ချင်း ပြန်မဖြေဘဲ ကွေ့ဖေးကို နန်းဆောင်ထဲ ခေါ်သွားပြီး ထိုင်ခုံတွင် ထိုင်စေသည်။

ထို့နောက် သူမဘေးက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ပြီးမှ လိုက်ပါလာသော နန်းတွင်းသူများကို ကြည့်လိုက်သည်။

"အားလုံး ထွက်သွားကြ" ဟု ပြောလိုက်သည်။

နန်းတွင်းသူများ ထွက်ခွာသွားမှ အန်းယန်ဝမ်က စိုးရိမ်ပူပန်စွာ ကြည့်နေသော ကွေ့ဖေးကို ပြန်ကြည့်လိုက်သည်။

လက်လှမ်းပြီး ကွေ့ဖေး၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"စိတ်ချပါ မယ်တော်။ ခမည်းတော်က သားတော်ရဲ့ ပြုစုမှုကိုပဲ လိုချင်တာပါ၊ တခြားရည်ရွယ်ချက် မရှိပါဘူး"

ကွေ့ဖေး လုံးဝ မယုံပေ။

"သူလား။ မင်းရဲ့ ပြုစုမှုကို လိုချင်တယ်။ တော်စမ်းပါ၊ တခြားလူဆိုရင် ယုံချင်ယုံဦးမယ်"

သူမလက်ကို ရုတ်တရက် ပြန်ရုပ်လိုက်သည်။

"ပြော၊ အရှင်မင်းကြီးက မင်းကို သီးသန့်ခေါ်တွေ့ပြီး ဘာတွေ ပြောလိုက်လဲ။ သူ အခု ဘာတွေ ကြံစည်နေတာလဲ"

ကွေ့ဖေးက အန်းယန်ဝမ်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် လက်များက အလိုအလျောက် တုန်ယင်နေသည်။

သူမ လုပ်ခဲ့သမျှကို ဧကရာဇ်ယန် သိသွားပြီလားဟု စိုးရိမ်နေသည်။ ဧကရာဇ်ယန်က အကွက်ချပြီး သူတို့သားအမိကို ရှင်းပစ်ဖို့ ပြင်ဆင်နေတာလား။

အန်းယန်ဝမ်က မယ်တော်ကို ကြည့်ပြီး ကွေ့ဖေး၏လက်မောင်းနှစ်ဖက်ကို ကိုင်လိုက်သည်။

"တကယ် ဘာမှမဖြစ်ပါဘူး"

ခဏတာ တွန့်ဆုတ်နေပြီးနောက် အခြေအနေမှန်ကို ကွေ့ဖေးအား ပြောပြလိုက်သည်။

"ခမည်းတော်က သားကို အိမ်ရှေ့စံခန့်ဖို့ သဘောတူလိုက်ပြီ။ ဒါပေမဲ့ အချက် ၃ ချက် တောင်းဆိုတယ်"

ကွေ့ဖေး အံ့သြသွားကာ ရင်ထဲတွင်လည်း ဝမ်းသာသွားသည်။

"ဘာ... ဘာအချက်တွေလဲ"

အန်းယန်ဝမ်၏အမူအရာ ထပ်မံ တွန့်ဆုတ်သွားပြီး မယ်တော်ကို စူးစိုက်ကြည့်လိုက်သည်။

"မယ်တော်က သားတော်ကို အဲ့ဒီနေရာ ရောက်စေချင်တာ သေချာရဲ့လား"

မယ်တော်နှင့် သူက သံယောဇဉ် မတူဘူး။ အသုံးချမှုတွေ ပါဝင်နိုင်ပေမယ့် မယ်တော်က သူ့အပေါ်ထားတဲ့ မေတ္တာကို သူ ခံစားလို့ရသည်။

ကွေ့ဖေး ကြောင်သွားသည်။ ထို့နောက် ခေါင်းညိတ်လိုက်သည်။ မျက်နှာထားက အနည်းငယ် ထူးဆန်းနေသည်။

သားတော်က ဘာစကား မေးလိုက်တာလဲ။ သူမ သေချာပေါက် ဖြစ်စေချင်တာပေါ့၊ မဟုတ်ရင် ဒီနှစ်တွေတစ်လျှောက်လုံး ဘာလို့ အပင်ပန်းခံပြီး ကြံစည်နေမှာလဲ။

"ဒါဆို တကယ်လို့... ယင်မိသားစုကို စွန့်လွှတ်ရမယ်ဆိုရင်ရော"

အန်းယန်ဝမ်က ကွေ့ဖေးကို စိုက်ကြည့်ရင်း မေးလိုက်သည်။ သူမ၏တုံ့ပြန်မှု အနည်းငယ်ကိုမှ မလွတ်စေချင်ပေ။

ကွေ့ဖေး မျက်လုံးများ ပြူးကျယ်သွားပြီး အန်းယန်ဝမ်ကို အလိုအလျောက် လွှတ်လိုက်သည်။ ထို့နောက် အခြေအနေကို လျင်မြန်စွာ သဘောပေါက်သွားသည်။

"သားတော်... ဒါ ဘာသဘောလဲ" ရင်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။

အန်းယန်ဝမ်သည် ကွေ့ဖေး၏တုံ့ပြန်မှုကို အကုန်မြင်လိုက်ရပြီး ခမည်းတော်၏ခန့်မှန်းချက်များ မှန်ကန်ကြောင်း ဝမ်းနည်းစွာ သိရှိလိုက်ရသည်။

"တကယ်လို့ မယ်တော်က သားတော်နဲ့ ယင်မိသားစုကြားက တစ်ခုကို ရွေးရမယ်ဆိုရင် မယ်တော် သားတော်ကို ရွေးမှာလား"

အန်းယန်ဝမ်က ကွေ့ဖေး၏မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။

ကွေ့ဖေး၏မျက်နှာ ထပ်မံ ပြောင်းလဲသွားကာ သွေးဆုတ်သွားသကဲ့သို့ ဖြူဖျော့သွားသည်။

အန်းယန်ဝမ်ကို တွန်းဖယ်လိုက်ပြီး ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ ဘေးစားပွဲပေါ် မှီလိုက်သည်။

အန်းယန်ဝမ်က ရှေ့တိုးပြီး နှစ်သိမ့်ခြင်း မပြုဘဲ သူမကို ဆက်ကြည့်ပြီး အဖြေကို စောင့်နေသည်။

အတော်ကြာမှ ကွေ့ဖေး လက်ပြန်ချလိုက်ပြီး ခေါင်းလှည့်လာသည်။

"မဖြစ်မနေ ရွေးရမှာလား" အန်းယန်ဝမ်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

"ဟုတ်ကဲ့"

အန်းယန်ဝမ် ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။

"မင်းကို ရွေးမယ်"

ကွေ့ဖေး အမြန်ပြောလိုက်သည်။ အသံက လေးနက်သော်လည်း အလွန် ပြတ်သားသည်။

အန်းယန်ဝမ် မျက်လုံးများ အရောင်လက်သွားကာ ကွေ့ဖေးကို ချက်ချင်း တွဲထူလိုက်သည်။

"မယ်တော်..."

လေသံထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ ရောနှောနေသည်။

ကွေ့ဖေး ကိုယ်ကိုမတ်လိုက်ပြီး အန်းယန်ဝမ် တွဲထားသည်ကို ဖယ်ရှားလိုက်သည်။

"မင်းခမည်းတော် မင်းကို ဘာတွေ ပြောလိုက်တာလဲ၊ ပြောစမ်း"

အန်းယန်ဝမ်လည်း မျက်နှာပေါ်က အပြုံးများကို ရုပ်သိမ်းလိုက်ပြီး အမှန်အတိုင်း ပြောပြလိုက်သည်။

"ခမည်းတော်က သားကို ထီးနန်းလွှဲပေးဖို့ သဘောတူတယ်။ ဒါပေမဲ့ သား နန်းတက်ပြီးရင် ဆွေမျိုးတွေရဲ့ လွှမ်းမိုးမှုကို ခံရမှာ စိုးရိမ်နေတယ်"

အန်းယန်ဝမ်က မယ်တော်ကို အကဲခတ်ကြည့်လိုက်သည်။ မယ်တော်က ဘာမှမဖြစ်သလို ရှိနေသည်ကို မြင်မှ ဆက်ပြောသည်။

"ခမည်းတော်က သားကို ကတိပေးခိုင်းတယ်။ နန်းတက်ပြီးရင် ယင်မိသားစုရဲ့ အင်အားတချို့ကို ဖိနှိပ်ပြီး ရှင်းထုတ်ပစ်ရမယ်တဲ့"

ကွေ့ဖေး စကားပြောမည် ပြုသောအခါ အန်းယန်ဝမ်က အမြန်ဆက်ပြောသည်။

"နောက်ပြီး မယ်တော်နဲ့ ပတ်သက်လို့။ ခမည်းတော်က သားကို မယ်တော်ကြီးအဖြစ် တင်မြှောက်ခွင့်ပေးပါတယ်။ ခမည်းတော်က မယ်တော်ကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး"

ကွေ့ဖေး အန်းယန်ဝမ်ကို ဘေးတိုက် ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

"ဒါပဲလား"

"ဟုတ်ကဲ့၊ ဒါပါပဲ"

အန်းယန်ဝမ် အမြန်ပြန်ဖြေသည်။

ကွေ့ဖေး နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားသည်။

"ဒါဆို မင်းခမည်းတော် သဘောအတိုင်း လုပ်လိုက်ပါလေ။ သူက ဖခင်ကောင်းတစ်ယောက် မဟုတ်ပေမယ့် ဧကရာဇ်ကောင်းတစ်ပါး ဖြစ်ချင်ခဲ့တာပါ"

တကယ်တမ်းတော့ ကောင်းကောင်း မလုပ်နိုင်ခဲ့ပေမယ့်ပေါ့။

အန်းယန်ဝမ် မျက်နှာ ဝင်းပသွားသည်။

"ဟုတ်ကဲ့ပါ။" ကွေ့ဖေးကို အမြန် ဂါရဝပြုလိုက်သည်။

ဒီအချိန်မှာ သူ ခံစားလိုက်ရတာက သူ နောင်တစ်ချိန်ကျရင် ခမည်းတော်နဲ့ မတူတဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ်လို့။

***

All Chapters