ရှူးဖေး မြို့တော်သို့ ဝင်ရောက်ခြင်း
Vol. 21 Ch. 431
"ညီမငယ် ပင်ပန်းသွားရပြီ" လီဝမ်က ပြောလိုက်ခြင်းပင်။
"ဟား၊ ဘာပင်ပန်းစရာရှိလဲ။ အစ်မကမှ လမ်းခရီးတလျှောက်လုံး ပင်ပန်းလာတာ"
လင်းရှောင်ယွဲ့က ရယ်မောပြီး ပြောလိုက်သည်။
လီဝမ်ကို ဆွဲထူပြီး အတွင်းခန်းထဲသို့ ခေါ်သွားလိုက်သည်။
"အစ်မလည်း ရောက်လာပြီပဲ၊ ဘာမှ တွေးမနေနဲ့တော့။ လီရှောင်ကိုလည်း ဂရုစိုက်မနေနဲ့၊ ကိုယ်လုပ်ချင်တာ လုပ်သာလုပ်"
လင်းရှောင်ယွဲ့က နှစ်သိမ့်လိုက်သည်။
လီဝမ် လင်းရှောင်ယွဲ့ကို ဘေးတိုက် ကြည့်လိုက်သည်။ ယောင်းမလေး၏ စာနာနားလည်ပေးမှုကြောင့် စိတ်ထဲတွင် ကြည်နူးသွားသည်။
"အင်း၊ အစ်မ သိပါတယ်"
လီဝမ်ကို ရေချိုးဆောင်ထဲ ပို့ပေးပြီးနောက် လင်းရှောင်ယွဲ့ ထွက်လာပြီး ထမင်းဟင်း ပြင်ဆင်ရန် စီစဉ်ပေးလိုက်သည်။
ယခုအချိန်တွင် လီရှောင်သည် လီဝမ်၏ခြံဝင်းရှေ့သို့ ရောက်လာပြီဖြစ်သည်။
သို့သော် ခြံဝင်းအပြင်ဘက်တွင်သာ ရပ်နေပြီး အထဲမဝင်သေးပေ။
လင်းရှောင်ယွဲ့ အပြင်ထွက်လာချိန်တွင် လီရှောင်ကို တွေ့လိုက်ရသည်။ ခင်ပွန်းသည်၏ ပုံစံကို မြင်သောအခါ စိတ်တိုသွားသည်။
လီရှောင်ဆီ လျှောက်သွားလိုက်သည်။
"အစ်မ ဘယ်လိုနေလဲ" လီရှောင်က အရင်မေးလိုက်သည်။
လင်းရှောင်ယွဲ့ နောက်ပြန်လှည့်ပြီး လီဝမ်၏အခန်းကို တစ်ချက်ကြည့်လိုက်သည်။ ပြီးမှ ခင်ပွန်းသည်ကို မကျေမနပ် ကြည့်လိုက်သည်။
"ကျွန်မလို စွမ်းအားရှင်တောင် မြင်းလှည်းနဲ့ ခရီးဝေးသွားရင် မခံနိုင်ဘူး။ ရှင် ဘယ်လိုထင်လဲ"
ဒီစကားကြားတော့ လီရှောင် မျက်နှာထား တင်းမာသွားသည်။
"ဒါဆို..."
"စိတ်မပူပါနဲ့၊ ရေချိုးဖို့ စီစဉ်ပေးထားတယ်။ အခု အစ်မ ရေချိုးနေတယ်။ ရေချိုးပြီးရင် တစ်ခုခုစားပြီး ကောင်းကောင်း အနားယူခိုင်းလိုက်မယ်။ တစ်ရေးလောက် အိပ်လိုက်ရင် အားပြန်ပြည့်လာမှာပါ"
ဒီစကားကြားမှ လီရှောင် စိတ်သက်သာရာ ရသွားသည်။
လင်းရှောင်ယွဲ့ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ လီရှောင်၏လက်ကို ဆွဲပြီး အပြင်ဘက်သို့ ခေါ်ထုတ်သွားလိုက်သည်။
"အစ်မ ဒီတစ်ခေါက် လာတာ လူပင်ပန်းရုံတင်မကဘူး၊ စိတ်ပါ ပင်ပန်းနေတာ။ ရှင် သူ့ကို ဖိအားထပ်မပေးပါနဲ့တော့"
လီရှောင် ရင်ထဲ လေးလံသွားပြီး ဘာမှပြန်မပြောပေ။
လင်းရှောင်ယွဲ့ ရပ်တန့်လိုက်ကာ လှည့်ပြီး လီရှောင်ကို မကျေမနပ် ကြည့်လိုက်သည်။
"ရှင် အစ်မကို အပြစ်တင်နေတုန်းပဲလား"
လီရှောင် တိတ်ဆိတ်နေသည်။
အပြစ်တင်လား။
တင်မိတာပေါ့။ နန်ကုန်းမိသားစုက ဧကရာဇ်ယန်လက်ချက်နဲ့ ပျက်စီးခဲ့ရတာ၊ ဧကရာဇ်ယန်လက်မှာ နန်ကုန်းမိသားစုသွေးတွေ အများကြီး စွန်းထင်းနေတာ။ အစ်မက ဒါတွေကို သိရက်နဲ့ ဒီအချိန်မှာ မြို့တော်ကို လာဖို့ ရွေးချယ်ခဲ့တယ်။
သူ နားမလည်နိုင်ဘူး။
လင်းရှောင်ယွဲ့က လီရှောင်၏လက်ကို ဆောင့်ရုန်းလိုက်သည်။
လီရှောင် လန့်သွားပြီး လင်းရှောင်ယွဲ့လက်ကို ပြန်ဆွဲဖို့ ကြိုးစားသော်လည်း လင်းရှောင်ယွဲ့က ရှောင်လိုက်သည်။
"ရှင်က အစ်မရဲ့ မောင်အရင်းလေ။ အစ်မနဲ့ အတူနေခဲ့တဲ့အချိန်က ကျွန်မထက် ပိုကြာတယ်။ ကျွန်မတောင် အစ်မ ဘယ်လိုလူလဲဆိုတာ သိသေးတယ်၊ ရှင်က နားမလည်ဘူး" ဟု စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
လီရှောင် ကြောင်သွားသည်။
လင်းရှောင်ယွဲ့က လီရှောင်ကို မျက်စောင်းထိုးကြည့်လိုက်သည်။
"ကွေ့ဖေးမယ်မယ် ကိုယ်တိုင် စာရေးတယ်။ ဝမ်ရယ် ကိုယ်တိုင် လူလွှတ်ပြီး ကြိုခိုင်းတယ်။ အစ်မသာ မလာခဲ့ရင် ဝမ်ရယ် အရေးကိစ္စ မအောင်မြင်ဘဲ နေခဲ့ရင်၊ အဲ့ဒီအချိန်ကျရင် ကျွန်မတို့က ဝမ်ရယ်ရှေ့မှာ ဘယ်လိုမျက်နှာပြရမလဲ"
အန်းယန်ဝမ်ကို အားကိုးမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက သူတို့က အန်းယန်ဝမ်နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်သွားပြီ။
အခုချိန်မှာ အန်းယန်ဝမ်က သူတို့ကို အားကိုးနေရလို့ ဘာမှမပြောပေမယ့် နန်းတက်ပြီး ဧကရာဇ်ဖြစ်လာရင် အခြေအနေက မတူတော့ဘူး။ အဲ့ဒီအချိန်ကျရင် အန်းယန်ဝမ်က အာဏာအပြည့်ရသွားပြီ၊ သူတို့အပေါ် အငြိုးထားပြီး လက်တုံ့ပြန်ရင် ဘယ်လိုလုပ်မလဲ။
ဒါကြောင့် အစ်မ မြို့တော်လာခြင်း၊ မလာခြင်းက တကယ်တမ်း ရွေးချယ်စရာ မရှိဘူး။
ပြီးတော့ သူမ ယုံကြည်တယ်၊ အစ်မ လာတာက ဧကရာဇ်ယန်ကို ဖြည့်ဆည်းပေးဖို့ သက်သက် မဟုတ်ဘူး။ အဓိကက သူတို့နဲ့ နန်ကုန်းမိသားစုအတွက်ဖြစ်မှာ သေချာတယ်။
လီရှောင် ကြောင်သွားသည်။
"ဒါပေမဲ့ ဝမ်ရယ် ပြောတာက..."
"ရှင် ယုံလို့လား"
လင်းရှောင်ယွဲ့က လီရှောင် စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။
လီရှောင် တိတ်ဆိတ်သွားသည်။
လင်းရှောင်ယွဲ့ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သရော်သော အပြုံးတစ်ခု ပေါ်လာသည်။
"ရှင်လည်း မယုံဘူး။ ဒါပေမဲ့ တမင် လျစ်လျူရှုထားတာ"
လီရှောင် မျက်နှာ တောင့်တင်းသွားသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့ သက်ပြင်းချလိုက်သည်။
"သေချာ စဉ်းစားကြည့်ပါ။ အမှားလုပ်ခဲ့တာ ဧကရာဇ်ယန်၊ ရှင့်အစ်မ မဟုတ်ဘူး။ နန်ကုန်းမိသားစုကိစ္စကို ရှင်တစ်ယောက်တည်း နာကျည်းတာ မဟုတ်ဘူး။ ရိုင်းရိုင်းပြောရရင် ရှင်က ဆွေမျိုးသားချင်းတွေကိုပဲ ဆုံးရှုံးလိုက်ရတာ။ အစ်မကတော့ ဆွေမျိုးတွေတင်မကဘူး၊ ခင်ပွန်းသည်ကိုပါ ဆုံးရှုံးလိုက်ရတာ။ ရက်စက်ကြမ်းကြုတ်ဆုံး သစ္စာဖောက်မှုကို ခံစားခဲ့ရတာ။ သူ့ရင်ထဲက နာကျင်မှုက ရှင့်ထက် ပိုဆိုးလိမ့်မယ်"
ပြောပြီးသည်နှင့် လင်းရှောင်ယွဲ့သည် လီရှောင်ကို ဆက်မကြည့်တော့ဘဲ လီဝမ်၏ခြံဝင်းထဲသို့ ပြန်ဝင်သွားသည်။
လီရှောင်လည်း လိုက်မသွားဘဲ မူလနေရာတွင် ရပ်ကျန်နေခဲ့ကာ လင်းရှောင်ယွဲ့၏ စကားများကို ပြန်စဉ်းစားနေမိသည်။
ရင်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
......
နန်းတော်၊ ရွှမ်းဟွာနန်းဆောင်။
အန်းယန်ဝမ်၏လျှောက်တင်ချက်ကို ကြားလိုက်ရသောအခါ ထိုင်ခုံရှည်ပေါ်တွင် အားနည်းစွာ လဲလျောင်းနေသော ဧကရာဇ်ယန် ရုတ်တရက် ထထိုင်လိုက်သည်။
"သူ မြို့တော် ရောက်ပြီလား။ ဘယ်မှာလဲ။ ကျန်းဆီ အမြန်ခေါ်လာခဲ့။"
ဧကရာဇ်ယန် ပြောရင်း လက်က ဆံပင်ကို သပ်တင်လိုက်သည်။ သူ့ပုံစံကြောင့် ရှူးဖေး လန့်သွားမည်ကို စိုးရိမ်နေသကဲ့သို့ အဝတ်အစား၊ ဆံပင်များကို သပ်ရပ်အောင် ပြုလုပ်နေသည်။
အန်းယန်ဝမ် ဒါကိုမြင်တော့ အံ့သြသွားသည်။
ရှေ့တိုးပြီး ဧကရာဇ်ယန်ကို တွဲပေးလိုက်သည်။
"ခမည်းတော် စိတ်မလောပါနဲ့။ ရှူးဖေးမယ်တော်က ခရီးပန်းလာလို့ အရမ်းပင်ပန်းနေပါတယ်။ အခု သားတော်ရဲ့ နန်းတော်အပြင်ဘက်က အိမ်တော်မှာ ခေတ္တတည်းခိုနေပါတယ်"
"သြော်..."
ဧကရာဇ်ယန် မျက်နှာညှိုးသွားပြီး စိတ်ပျက်လက်ပျက် ပြန်ထူးလိုက်သည်။
ထို့နောက် တစ်ခုခုကို သတိရသွားပြီး ရေရွတ်လိုက်သည်။ "ဟုတ်သားပဲ၊ အန်းယန်ခရိုင်နဲ့ မြို့တော်က မိုင်ထောင်ချီ ဝေးတာ၊ မြင်းလှည်းစီးရတာ ပင်ပန်းမှာပေါ့၊ သူ ခံနိုင်မှာ မဟုတ်ဘူး။ ဒါဆို သူ... ကျန်းကို ဘယ်တော့လာတွေ့မလဲလို့ ပြောသေးလား"
ဧကရာဇ်ယန် ရုတ်တရက် မော့ကြည့်ပြီး အန်းယန်ဝမ်ကို မေးလိုက်သည်။
မျက်လုံးထဲက မျှော်လင့်ချက်အရိပ်အယောင်ကို မြင်ရတော့ အန်းယန်ဝမ် စိတ်မကောင်း ဖြစ်သွားသည်။
ဧကရာဇ်တစ်ပါးအနေနဲ့ လူတစ်ယောက်ကို တွေ့ချင်တာတောင် တစ်ဖက်လူရဲ့ သဘောတူညီချက်၊ ပြောရရင် သနားဂရုဏာကို စောင့်မျှော်နေရသလို ဖြစ်နေတယ်။
ဟုတ်တယ်၊ ဒီစကားလုံးကို မသုံးချင်ပေမယ့် ခမည်းတော်ရဲ့ မျက်လုံးတွေက ဒီစကားလုံးကိုပဲ သတိရစေတယ်။
"ခမည်းတော် စိတ်ချပါ၊ ရှူးဖေးမယ်မယ်က မြို့တော်ကို လာဖို့ သဘောတူလိုက်ကတည်းက ခမည်းတော်ကို တွေ့ချင်လို့ပါ။ သားတော် ပြန်ရောက်ရင် မယ်မယ့်ကို သွားတွေ့ပြီး နန်းတော်ထဲ ခေါ်လာခဲ့ပါ့မယ်"
ဒီလိုတွေးမိပြီး အန်းယန်ဝမ် ဧကရာဇ်ယန်ကို အမြန်ပြောလိုက်သည်။
ဧကရာဇ်ယန်က ပြုံးပြီး လက်ကာပြလိုက်သည်။
"အေး၊ မလောပါနဲ့...။ သူက အရင်တုန်းက ချင်အာကို မွေးတုန်းက ရောဂါအခံရခဲ့ဖူးတယ်။ ခရီးပန်းလာတာဆိုတော့ ချက်ချင်း အပန်းပြေမှာမဟုတ်ဘူး။ သူ့ကို ကောင်းကောင်း အနားယူပါစေဦး။ သူ အားပြည့်မှ မင်း သူ့ကို နန်းတော်ထဲ ခေါ်လာခဲ့။ ကျန်း ဒီရွှမ်းဟွာနန်းဆောင်မှာပဲ သူ့ကို စောင့်နေမယ်"
အန်းယန်ဝမ်သည် ခမည်းတော် ပြုံးရွှင်နေပြီး ချက်ချင်း အားအင်ပြန်ပြည့်လာသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ အံ့သြသွားသည်။
သူသာမက ဘေးနားရှိ ကျန်းရှီလည်း အံ့သြသွားသည်။
အရှင်မင်းကြီးက ရှူးဖေးအပေါ် သံယောဇဉ်ကြီးမှန်း သူမ သိပါသည်။ မဟုတ်ရင် ယွီချိုက်ရန်နဲ့ သူမကို မျက်နှာသာပေးမှာ မဟုတ်ဘူး။
အရှင်မင်းကြီးက သူမဟာ ရှူးဖေးမဟုတ်မှန်း၊ ကွေ့ဖေးမယ်မယ် စီစဉ်ပေးလိုက်သူမှန်း သိရက်နဲ့ သူမကို ကောင်းကောင်းဆက်ဆံပေးခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ သူမဆီကနေ ရှူးဖေးပုံရိပ်ကို မြင်နေရလို့ပဲ။
အခုမှပဲ အရှင်မင်းကြီးက ရှူးဖေးမယ်တော်ကို ဘယ်လောက်ချစ်လဲဆိုတာ သူမ မျက်ဝါးထင်ထင် တွေ့လိုက်ရပြီ။
စောစောက စိတ်ဓာတ်ကျပြီး သေခါနီးလူလို ဖြစ်နေတာ။
နောက်တစ်ခဏမှာ ရှူးဖေး မြို့တော်ရောက်ပြီဆိုတဲ့ သတင်းကြားတာနဲ့ စိတ်လှုပ်ရှားပြီး ထထိုင်နိုင်သွားတယ်။ ပြီးတော့ အဆိပ်နဲ့ ဆေးစွဲဒဏ်ကြောင့် သေလုမြောပါး ခံစားနေရတာတောင် အရှင်မင်းကြီးက အံကြိတ်ပြီး တောင့်ခံနေတယ်။
ဘာကြောင့်လဲဆိုတော့ သူ ရှူးဖေးကို စောင့်နေလို့၊ ရှူးဖေး မရောက်လာသေးလို့။
ဒီလို ဧကရာဇ်ယန်ကို မြင်ရတော့ အန်းယန်ဝမ်၏စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။
"ဟုတ်ကဲ့ပါ" ဧကရာဇ်ယန်ကို ဂါရဝပြုလိုက်သည်။
စဉ်းစားပြီး ဧကရာဇ်ယန် အန်းယန်ဝမ်ကို ထပ်ကြည့်လိုက်သည်။
"ဒါနဲ့... ရှူးဖေးကို နန်းတော်ထဲ မခေါ်ခင် တစ်နာရီ၊ မဟုတ်ဘူး၊ နှစ်နာရီလောက် ကြိုပြီး ကျန်းဆီ သတင်းပို့ပေးပါ"
အန်းယန်ဝမ် ကြောင်သွားသည်။
"ဟုတ်ကဲ့ပါ။"
ထိုအခါမှ ဧကရာဇ်ယန် ထိုင်ခုံရှည်ပေါ် ပြန်လှဲလိုက်သည်။
ရှူးဖေး လမ်းခရီးအခြေအနေနှင့် အန်းယန်ဝမ်အိမ်တော်တွင် နေထိုင်မှုအခြေအနေများကို မေးမြန်းသည်။
ရှူးဖေး အဆင်ပြေကြောင်း၊ အန်းယန်ဝမ်အိမ်တော်တွင်လည်း ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းသိရမှ ဧကရာဇ်ယန် စိတ်အေးသွားသည်။
"ကဲ... ပြန်တော့၊ ပြန်ရောက်ရင် ရှူးဖေးကို ကောင်းကောင်း စောင့်ရှောက်ပေးပါ။ ကျန်း တစ်မှေးလောက် အိပ်လိုက်ဦးမယ်"
နောက်ဆုံးတွင် ဧကရာဇ်ယန် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ သားတော် ပြန်ခွင့်ပြုပါ"
အန်းယန်ဝမ် ထွက်ခွာသွားသည်။
မထွက်ခွာခင် ကျန်းရှီကို အကြည့်တစ်ချက် ပေးလိုက်ပြီး ဧကရာဇ်ယန်ကို ဂရုစိုက်ရန် မှာကြားလိုက်သည်။
ကျန်းရှီ ခါးညွှတ်အရိုအသေပြုပြီး ပြန်ဖြေလိုက်သည်။
***