← Chapters

နောက်ဆုံးအကြိမ် တွေ့ဆုံခြင်း

Vol. 21 Ch. 432

နောက်ဆုံးအကြိမ် တွေ့ဆုံခြင်း

Vol. 21 Ch. 432

ဧကရာဇ်ယန်သည် ညဘက်တွင် နိုးလာပြီးနောက် အလုပ်ရှုပ်နေခဲ့သည်ကို အန်းယန်ဝမ် မသိခဲ့ပေ။

ဧကရာဇ်သည် ရေချိုးသန့်စင်ရန်နှင့် အဝတ်အစားလဲလှယ်ရန် အစေခံများကို တိုက်တွန်းနေခဲ့ပြီး မိမိ၏အသွင်အပြင်ကို သပ်ရပ်အောင် ပြင်ဆင်ကာ ရွှမ်းဟွာနန်းဆောင် တစ်ခုလုံးကိုလည်း ရှင်းလင်းသန့်ရှင်းရေး လုပ်ခိုင်းလေသည်။

.....

ထိုအချိန်တွင် ပထမမင်းသား၏အိမ်တော်၌ လင်းရှောင်ယွဲ့သည် လီဝမ်ကို အဖော်ပြု၍ ထမင်းစားရင်း မျက်နှာတွင် အပြုံးတို့ဖြင့် ပြောဆိုနေ၏။

"ဒီကိုမလာခင် စက်မှုဇုန်ကိစ္စတွေကို အိမ်တော်ထိန်းဖန်းဆီ လွှဲခဲ့တယ်။ လွှဲပြောင်းတာ နည်းနည်း ကပ်သွားတော့ သူ အလုပ်တွေကို ချောချောမွေ့မွေ့ လုပ်နိုင်ပါ့မလား မသိဘူး"

လင်းရှောင်ယွဲ့က ပြုံးလိုက်သည်။

"အိမ်တော်ထိန်းဖန်းရဲ့ လုပ်ရည်ကိုင်ရည်ကို ကျွန်မ စိတ်ချပါတယ်။ အစပိုင်းမှာ အဆင်မပြေရင်တောင် မကြာခင် အဆင်ပြေသွားမှာပါ။ အစ်မလည်း မြို့တော်ကို ရောက်နေပြီပဲဟာ... ချင်းရှီမြို့က ကိစ္စတွေကို စိတ်မပူပါနဲ့တော့။ ကောင်းကောင်း အနားယူပြီး အားမွေးထားမှ"

လီဝမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"တစ်နေ့ခင်းလုံး အိပ်လိုက်ရတော့ အစ်မ နေလို့တော်တော်ကောင်းသွားပြီ။ ခဏနေရင် အိပ်ပျော်ပါ့မလားတောင် မသိတော့ဘူး"

"ဟီးဟီး... အိပ်ပျော်မှာ သေချာပါတယ်။ လမ်းမှာ အကြာကြီး ပင်ပန်းလာတာ ဒီလောက် နာရီပိုင်းလေး အိပ်ရုံနဲ့ ဘယ်လုံလောက်ဦးမှာလဲ။ ညကျရင် ပုံမှန်အတိုင်းသာ အိပ်လိုက်ပါ... မနက်နိုးလာမှ အားအင်တွေ အပြည့်အဝ ပြန်ပြည့်လာမှာ"

လီဝမ်က ထပ်မံ ခေါင်းညိတ်ပြရင်း ဟင်းများကို ညှပ်ယူကာ စားသောက်လိုက်သည်။

နှစ်ယောက်သား ထမင်းစားပြီးနောက် ခဏကြာ စကားစမြည် ပြောနေကြ၏။

လင်းရှောင်ယွဲ့ ပြန်ရန် ပြင်လိုက်ချိန်တွင် အန်းယန်ဝမ် ရောက်ရှိလာလေသည်။

အန်းယန်ဝမ်နှင့် လီဝမ်တို့ ဆွေးနွေးစရာ အရေးကြီးကိစ္စရှိသည်ကို သိသဖြင့် လင်းရှောင်ယွဲ့သည် ဝမ်ရယ်ကို နှုတ်ဆက်ပြီးနောက် ပြန်သွားလေတော့သည်။

လီဝမ်က အန်းယန်ဝမ်ကို ထိုင်ရန် ဖိတ်ခေါ်လိုက်၏။

"ဝမ်ရယ် ပြောစရာရှိတာ ပြောပါ" ဟု လီဝမ်က အန်းယန်ဝမ်ကို ပြုံး၍ ပြောလိုက်သည်။

အန်းယန်ဝမ်၏မျက်နှာတွင် အားနာသည့်အရိပ်အယောင် ဖြတ်ပြေးသွားပြီး လီဝမ်အား လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။

"ရှူးဖေးမယ်မယ်..."

သို့သော် ထိုစကားလုံး ထွက်လာသည်နှင့် လီဝမ်က လက်ကာပြ၍ တားဆီးလိုက်၏။

"ဝမ်ရယ်... ကျွန်တော်မျိုးမကို လီရှီ (လီအမျိုးသမီး) လို့ပဲ ခေါ်ပါ"

ရှူးဖေး ဟုတ်လား...။ သူမ နန်းတော်ထဲက ထွက်ခွာလာကတည်းက ဒီကမ္ဘာလောကမှာ ရှူးဖေးဆိုတာ မရှိတော့ပေ။ ယခုလက်ရှိ သူမသည် လီဝမ် ဖြစ်သည်။ သာ့ရှီရွာက လီမိသားစုရဲ့ သမက် လီရှောင် (နန်ကုန်းရှောင်) ရဲ့ အစ်မသာ ဖြစ်သည်။

အန်းယန်ဝမ်၏အမူအရာ အနည်းငယ် ကြောင်အသွားကာ "ဒေါ်လေးလီ..." ဟု သူက ချက်ချင်း အခေါ်အဝေါ် ပြောင်းလိုက်၏။

လီဝမ် အံ့သြသွားပြီး စိတ်ထဲတွင် ရယ်ချင်သွားသည်။ သူမ၏မောင်ဖြစ်သူနှင့် ညီအစ်ကိုလို ခင်မင်နေသူက သူမကို ဒေါ်လေးဟု ခေါ်လာခဲ့ပြီ။ ထားပါတော့လေ... သူမက သူ့အတွက် နာမည်ခံအရတော့ လူကြီး ဖြစ်နေတာပဲကိုး။

"အင်း..." လီဝမ် ခေါင်းညိတ် လက်ခံလိုက်သည်။

အန်းယန်ဝမ်မှာ ထိုအခါမှ စိတ်သက်သာရာ ရသွားပုံရ၏။

"ဒေါ်လေးလီ... ခမည်းတော်ဘက်က..."

လီဝမ်၏မျက်နှာထား ချက်ချင်း တည်သွားသဖြင့် အန်းယန်ဝမ် စကားစ ရပ်သွားလေသည်။ အချိန်အတော်ကြာမှ လီဝမ် စကားစပြောလာသည်။

"ကျွန်မ သူနဲ့ သွားတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာလည်း တောင်းဆိုချက်ရှိတယ်"

အန်းယန်ဝမ် ဝမ်းသာသွား၏။

"ဒေါ်လေးလီ ပြောပါ" ဟု လျင်မြန်စွာ ပြောလိုက်သည်။

လီဝမ်က အန်းယန်ဝမ်ကို စိုက်ကြည့်လိုက်သည်။

"လီရှောင်တို့ လင်မယားနဲ့ ဝမ်ရယ်ကြားက သဘောတူညီချက်တွေကို ကျွန်မ ဝင်မပါဘူး။ ဒီတစ်ခေါက် မြို့တော်ကို လာတာ နန်ကုန်းမိသားစုအတွက်ပဲ"

အန်းယန်ဝမ် ရင်ထဲ လေးလံသွားရသည်။

"အရှင်မင်းကြီးက ကျွန်မကို တွေ့ချင်တယ်ဆိုရင် ရပါတယ်။ ဒါပေမဲ့ သူ့ဘက်က ကိုယ့်အပြစ်ကို ဝန်ခံတဲ့ အမိန့်ပြန်တမ်းထုတ်ပြန်ပြီး နန်ကုန်းမိသားစုရဲ့ အပြစ်ကင်းစင်ကြောင်း ကြေညာပေးမယ်ဆိုရင် ကျွန်မ သူ့ကို တွေ့မယ်လို့ ဝမ်ရယ် လျှောက်တင်ပေးပါ"

လီဝမ်က လေးနက်စွာ ပြောလိုက်သည်။

မှန်ပေသည်။ ဒါသည် သူမ မြို့တော်သို့ လာရသည့် အကြီးမားဆုံး အကြောင်းပြချက် ဖြစ်သည်။ အန်းယန်ဝမ် ထီးနန်းဆက်ခံနိုင်လျှင်ပင် နန်ကုန်းမိသားစု အပြစ်ကင်းစင်ကြောင်း ပြန်လည်သတ်မှတ်ပေးရန်မှာ မလွယ်ကူလှပေ။

ဧကရာဇ်ဟောင်း၏ အမိန့်စီရင်ချက်ကို ပယ်ဖျက်ခြင်းသည် ဧကရာဇ်သစ်အတွက် ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သည်။ ထိုအချိန်ကျမှ ဧကရာဇ်သစ်က နန်ကုန်းမိသားစုအတွက် အမှန်တရား ဖော်ထုတ်မပေးခဲ့လျှင် သူတို့ ဘာလုပ်နိုင်မှာလဲ။

ထို့ကြောင့် လက်ရှိဧကရာဇ်ကိုသာ မျှော်လင့်ခြင်းက ပိုကောင်းပေလိမ့်မည်။ ဧကရာဇ်ယန်သည် သူမအပေါ် အပြစ်ရှိသည်ဟု ခံစားနေရပြီး မသေဆုံးမီ အပြစ်ဒဏ်မှလွတ်ကင်းချင်နေသည်ဆိုလျှင် ကိုယ့်အပြစ်ကို ဝန်ခံသည့် အမိန့်ပြန်တမ်းဖြင့် ပေးဆပ်ပါစေတော့။

ထိုသို့ဆိုလျှင် နန်ကုန်းမိသားစု မျက်နှာကို ထောက်ထားပြီး သူမ နောက်ဆုံးအနေဖြင့် သူ့ကို တွေ့ဆုံပေးမည်ဖြစ်သည်။

အန်းယန်ဝမ် တုန်လှုပ်သွားသည်။

"ဒါက..." သူ တွန့်ဆုတ်သွား၏။

ခမည်းတော်သည် သေခါနီးနေပြီဖြစ်ပြီး နာမည်ကောင်း ကျန်ရစ်စေရန်အတွက် ဂဏန်းသင်္ချာပညာရပ်စာအုပ်များကိုပင် ဖြန့်ဝေခိုင်းနေသူ ဖြစ်သည်။ ယခု သူ့ကို ကိုယ့်အပြစ်ကိုယ်ဝန်ခံသည့် အမိန့်ပြန်တမ်း ထုတ်ခိုင်းလျှင် သဘောတူပါ့မလား။

သို့သော် စိုးရိမ်မှုများ ရှိနေသော်လည်း အန်းယန်ဝမ်သည် ရှူးဖေး၏တောင်းဆိုမှုကို ထောက်ခံမိလေသည်။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်သာ အပြစ်ဝန်ခံသည့် အမိန့်ပြန်တမ်းမထုတ်ဘဲ နန်ကုန်းမိသားစုကို အပြစ်မှ မလွတ်ပေးခဲ့လျှင် နောင်တွင် သူ ဧကရာဇ်ဖြစ်လာသောအခါ နန်ကုန်းမိသားစုအတွက် အမှန်တရား ဖော်ထုတ်ပေးဖို့ ခမည်းတော်၏ စီရင်ချက်ကို ပယ်ဖျက်ရပေလိမ့်မည်။ ဒါက သူ့အပေါ် ရိုက်ခတ်မှုများစွာရှိလာနိုင်သည်။

နောင်ကျမှ သူ အခက်တွေ့မည့်အစား ယခု ခမည်းတော်ကို စတေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ပြီးတော့ နန်ကုန်းမိသားစုကိစ္စသည် ခမည်းတော်ကိုယ်တိုင် ဖန်တီးခဲ့သည့်ကိစ္စဖြစ်သည်။ သူကိုယ်တိုင် မဖြေရှင်းပေးဘဲ ရှူးဖေးနှင့်တွေ့ဆုံလျှင်လည်း ရလဒ်က ကောင်းမွန်လိမ့်မည် မဟုတ်ပေ။

ထိုသို့ တွေးမိပြီးနောက် အန်းယန်ဝမ်သည် ရှူးဖေးအား လက်သီးဆုပ်ကာ ထပ်မံ အရိုအသေပြုလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော် အခုပဲ နန်းတော်ထဲဝင်ပြီး ခမည်းတော်ကို လျှောက်တင်ပါ့မယ်"

ရှူးဖေးက အန်းယန်ဝမ်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ခွင့်ပြုပါဦး"

အန်းယန်ဝမ် ထရပ်ကာ နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားလေသည်။

.....

နန်းတော်၊ ရွှမ်းဟွာနန်းဆောင်။

ဧကရာဇ်ယန်သည် ကိုယ်လက်သန့်စင်ပြီး အနားယူနေပြီ ဖြစ်သော်လည်း အန်းယန်ဝမ် နန်းတော်ထဲ ဝင်လာကြောင်း ကြားသည်နှင့် ခုတင်ပေါ်မှ ကုန်းထလိုက်လေသည်။ သို့သော် အန်းယန်ဝမ် တစ်ပါးတည်း ရောက်လာသည်ကို မြင်လိုက်ရသောအခါ မျှော်လင့်ချက် အပြည့်ရှိနေသော မျက်ဝန်းများမှာ ချက်ချင်း အရောင်မှိန်ကျသွားရသည်။

ခေါင်းအုံးကို မှီလိုက်ရင်း ဧကရာဇ်ယန်သည် ခုတင်အောက် မလှမ်းမကမ်းတွင် ရပ်နေသော အန်းယန်ဝမ်ကို လှမ်းကြည့်လိုက်၏။

"ဘာကိစ္စလဲ" သူက မောပန်းနွမ်းနယ်စွာ မေးလိုက်သည်။

အန်းယန်ဝမ် အလျင်အမြန် ဦးညွှတ်လိုက်သည်။

"သားတော် အိမ်တော်ပြန်ရောက်ပြီးနောက် ရှူးဖေးမယ်မယ်ဆီ သွားရောက် တွေ့ဆုံခဲ့ပါတယ်"

ဧကရာဇ်ယန်၏မျက်နှာ ချက်ချင်း တင်းမာသွားသည်။

"မယ်မယ်က သားတော်နဲ့အတူ နန်းတော်ထဲလိုက်လာပြီး ခမည်းတော်ကို တွေ့ဖို့ သဘောတူပါတယ်... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ" ဧကရာဇ်ယန် ချက်ချင်း မေးလိုက်၏။

အန်းယန်ဝမ်၏မျက်နှာတွင် ဝေခွဲမရမှု တစ်ချက် ဖြတ်ပြေးသွားသည်။

"ဒါပေမဲ့ ရှူးဖေးမယ်မယ်က တောင်းဆိုချက် တစ်ခု ရှိပါတယ်"

"ဘာတောင်းဆိုချက်လဲ"

ဧကရာဇ်ယန်သည် ကိုယ်ပေါ် လွှမ်းခြုံထားသော စောင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်မိသည်။ အန်းယန်ဝမ် ခေါင်းမော့လာပြီး ဧကရာဇ်ယန်ကို သတိထား၍ ကြည့်လိုက်သည်။

"မယ်မယ် တောင်းဆိုတာက..."

သူ စိတ်ကို တင်းလိုက်ရင်း ဆက်ပြောလိုက်သည်။

"ခမည်းတော်အနေနဲ့ ကိုယ့်အပြစ်ကို ဝန်ခံတဲ့ အမိန့်ပြန်တမ်းထုတ်ပြန်ပြီး နန်ကုန်းမိသားစုရဲ့ အပြစ်တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုပါတယ်"

ဧကရာဇ်ယန်၏ရင်ထဲ လေးလံသွားပြီး ခွန်အားများ ဆုံးရှုံးသွားသကဲ့သို့ ခေါင်းအုံးပေါ်သို့ ခွေခွေလေး လဲကျသွားလေသည်။ ထို့နောက် ပြင်းထန်စွာ အသက်ရှူမဝ ဖြစ်လာတော့သည်။

"ခမည်းတော်..."

အန်းယန်ဝမ် မြင်လိုက်သည်နှင့် ဧကရာဇ်ယန်ကို တွဲကူရန် ပြေးသွားလိုက်သည်။ ဘေးနားရှိ ကျန်းရှီလည်း ချက်ချင်းလိုက်ပါသွား၏။ သို့သော် ဧကရာဇ်ယန်ကို ထိတော့မည့်ဆဲဆဲတွင် ဧကရာဇ်ယန်က ကျန်းရှီ၏အထိအတွေ့ကို လက်ကာ၍ တားဆီးလိုက်သည်။

ဧကရာဇ်ယန်သည် ကျန်းရှီကို စိုက်ကြည့်နေသော်လည်း သူမကတစ်ဆင့် ရှူးဖေးကို မြင်ယောင်နေသကဲ့သို့ ရှိလေသည်။ မျက်ဝန်းထဲတွင် နာကျင်မှုများနှင့် ချစ်မြတ်နိုးမှုများ ရောပြွမ်းနေ၏။

ကျန်းရှီမှာ ထိုနေရာတွင်ပင် ကြောင်အသွားပြီး အန်းယန်ဝမ်က ဧကရာဇ်ယန် အသက်ရှူချောင်အောင် လုပ်ပေးနေသည်ကိုသာ ရပ်ကြည့်နေရတော့သည်။ ခဏကြာမှ ဧကရာဇ်ယန် သက်သာလာပြီး အန်းယန်ဝမ်က ခေါင်းအုံးပေါ်သို့ ပြန်လည် နေရာချပေးလိုက်သည်။

"ခမည်းတော်..." အန်းယန်ဝမ်၏မျက်ဝန်းတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

"ကျန်း ဘာမှမဖြစ်ဘူး" ဧကရာဇ်ယန်က မောဟိုက်စွာ ပြန်ပြောလိုက်သည်။

ထို့နောက် အန်းယန်ဝမ်ကို လှမ်းကြည့်လိုက်၏။

"မင်းကရော... ကျန်း ဒီလို အပြစ်ဝန်ခံတဲ့ အမိန့်ပြန်တမ်းကို ထုတ်သင့်တယ်လို့ ထင်လား"

အန်းယန်ဝမ် တစ်ကိုယ်လုံးတောင့်သွားလေသည်။

ထို့နောက် ဧကရာဇ်ယန်က ပြုံးလိုက်လေသည်။

"ထုတ်လိုက်ပါတော့ကွာ... ကျန်းအနေနဲ့ ဖခင်ကောင်း တစ်ယောက်အဖြစ် တစ်ကြိမ်လောက်တော့ နေသွားပါရစေ"

အန်းယန်ဝမ် မျက်နှာ ပျက်သွားသည်။

"ခမည်းတော်..."

သူ့မျက်ဝန်းများ ရဲခနဲ ဖြစ်သွားရသည်။ ဧကရာဇ်ယန်ကမူ ပြုံးနေဆဲပင်။

"သွားတော့... မနက်ဖြန်ကျရင် ဝမ်ယွဲ့ (နန်ကုန်းဝမ်ယွဲ့) ကို ကျန်းဆီ ခေါ်လာခဲ့ပေးပါ။ ကျန်း သူ့ကို လွမ်းတယ်..."

သေချာကြည့်လိုက်လျှင် ဧကရာဇ်ယန်၏မျက်ဝန်းအိမ်၌ မျက်ရည်စများကို မြင်တွေ့နိုင်ပေသည်။

အန်းယန်ဝမ် တုန်လှုပ်သွားကာ "အမိန့်တော်အတိုင်းပါ" ဟု ပြန်ဖြေလိုက်၏။

ထို့နောက် ရွှမ်းဟွာနန်းဆောင်မှ ထွက်ခွာလာခဲ့သည်။ နန်းတော်မှ ပြန်ထွက်လာသည့် လမ်းတစ်လျှောက်တွင် ဧကရာဇ်ယန်၏ မျက်ဝန်းအကြည့်များနှင့် ပြောလိုက်သည့် စကားများကို ခေါင်းထဲမှ မထုတ်နိုင်အောင် ဖြစ်နေရသည်။

ခမည်းတော်က ဒီလောက် လွယ်လွယ်ကူကူနဲ့ အပြစ်ဝန်ခံတဲ့ အမိန့်ပြန်တမ်းထုတ်ဖို့ သဘောတူလိမ့်မယ်လို့ သူ မထင်ခဲ့မိပေ။ ငြင်းပယ်ခံရမယ်လို့တောင် သူ တွေးထားခဲ့သေးသည်။ သို့သော် ခမည်းတော်က သဘောတူခဲ့ရုံသာမက လွယ်လွယ်ကူကူပင် လက်ခံခဲ့သည်။

အရင်က ဘုရားသခင်သဖွယ် သူ ကိုးကွယ်ခဲ့ရသော ခမည်းတော်သည် ယခု ငိုကြွေးနေခဲ့ပြီ။ ပြီးတော့... ဝမ်ယွဲ့ကို လွမ်းတယ်တဲ့။

ဝမ်ယွဲ့... နန်ကုန်းဝမ်ယွဲ့။ နန်းတော်ထဲမှာ ရှူးဖေးမယ်မယ်ရဲ့ နာမည်ရင်းကို မှတ်မိနေသူ ဘယ်နှယောက်များ ရှိဦးမလဲ။

......

နောက်တစ်နေ့။

မနက်စောစောစီးစီးတွင် အန်းယန်ဝမ်သည် လီဝမ်၏ခြံဝင်းရှေ့သို့ ကိုယ်တိုင်လူခေါ်သွားပြီး စောင့်ဆိုင်းနေခဲ့သည်။ လီဝမ် နိုးလာမှသာ အန်းယန်ဝမ် ဝင်ရောက်တွေ့ဆုံခွင့်တောင်းလေသည်။ အခြေအနေကို ပြောပြပြီးနောက် လီဝမ်သည် ထပ်မံပြင်ဆင်ခြင်း မပြုတော့ဘဲ အရပ်သူ ဝတ်စုံဖြင့်ပင် အန်းယန်ဝမ် ပြင်ဆင်ပေးထားသော ဝေါယာဉ်ပေါ်သို့ တက်လိုက်လေသည်။

.....

နန်းတော်၊ ရွှမ်းဟွာနန်းဆောင်။

လီဝမ် တံခါးဝသို့ ဝင်လိုက်ချိန်တွင် ကျန်းရှီနှင့် ပက်ပင်းတိုးလေသည်။ ကျန်းရှီသည် လီဝမ်အစစ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အံ့သြမှင်သက်သွားရသည်။

သူမနှင့် ရှူးဖေးသည် အမှန်တကယ်ပင် ဆယ်ပုံပုံလျှင် ရှစ်ပုံလောက် တူညီနေသည်။ ရုပ်ရည်သာမက အမူအရာပါ တူညီနေ၏။ သို့သော် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူမသည် ရှူးဖေး၏ကျက်သရေကို လုံးဝ တုပနိုင်ခြင်း မရှိကြောင်း သိလိုက်ရသည်။

ရှူးဖေးသည် မြင့်မြတ်ပြီး မာန်ရှိသည်။ သူမ၏အရှိန်အဝါသည် မွေးရာပါ ဖြစ်၏။ သူမကဲ့သို့ ဆင်းရဲသော အရပ်သူတစ်ယောက်အနေဖြင့် သင်ယူ၍ ရနိုင်သော အရာမဟုတ်ပေ။ ရှူးဖေးနှင့် ယှဉ်လျှင် သူမ၏ တစ်ခုတည်းသော အားသာချက်မှာ ငယ်ရွယ်ခြင်း ဖြစ်လောက်သည်။

မှန်ပါသည်။ ရှူးဖေးသည် သူမထက် အသက်ကြီးသည်။ ဆယ်နှစ်ခန့်ပင် ကြီးလိမ့်မည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဧကရာဇ်ရော၊ ဝမ်ရယ်ပါ ထိုအချက်ကို ဂရုမစိုက်ကြပေ။ ရှူးဖေး မရှိလျှင် သူမသည် ဘာမှ မဟုတ်သောသူ ဖြစ်သွားတော့မည်...။

လီဝမ်သည်လည်း ကျန်းရှီကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားသည်။ သို့သော် ချက်ချင်းပင် အန်းယန်ဝမ်ကိုတစ်ချက်ကြည့်ပြီး နန်းဆောင်ထဲသို့ ဝင်သွားလိုက်သည်။

နန်းတော်ထဲတွင် ဒီလိုနည်းလမ်းမျိုးက အလွန် အသုံးများသည့်အရာပင်။

ပြတင်းပေါက်များ ပိတ်ထားသည့်အတွက် နန်းဆောင်တွင်းသည် လင်းထိန်မနေပေ။ လီဝမ်တစ်ယောက်တည်း အတွင်းသို့ ဝင်လာခဲ့သည်။

နန်းဆောင်တွင်း ပြင်ဆင်ထားပုံများမှာ အရင်အတိုင်းပင် ဘာမှမပြောင်းလဲပေ။ သူမ ထွက်မသွားခင်က အတိုင်း တစ်ပုံစံတည်းပင် ရှိနေသကဲ့သို့။ ဒီနေရာကို ပြန်ရောက်လာရသည်မှာ ဘဝခြားသွားသလိုပင် ခံစားရစေသည်။

"ပြန်လာပြီလား..."

ရုတ်တရက် နန်းဆောင်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။ လီဝမ်၏ခန္ဓာကိုယ် အလိုအလျောက် တုန်သွားရ၏။ လှမ်းကြည့်လိုက်သောအခါ သူမနှင့် မလှမ်းမကမ်းတွင် နဂါးဝတ်ရုံတော်ကို ဝတ်ဆင်ပြီး ရပ်နေသော ဧကရာဇ်ယန်ကို တွေ့လိုက်ရသည်။

ယခုအချိန်တွင် ဧကရာဇ်ယန်သည် ဆံပင်များ ဖြူဖွေးနေပြီ ဖြစ်သော်လည်း စိတ်ဓာတ်ကြံ့ခိုင်နေပုံရပြီး မနေ့ညက အသက်ငွေ့ငွေ့သာ ကျန်တော့သည့်ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ သို့သော်လည်း ယခု သူ့ပုံစံသည် လီဝမ် နန်းတော်မှ ထွက်မသွားခင်ကနှင့်ယှဉ်လျှင် များစွာ ပြောင်းလဲသွားခဲ့ပြီ။

အိုစာသွားခဲ့ပြီပဲ...။

ရှူးဖေးက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ဧကရာဇ်ယန်၏မျက်နှာတွင် သဘာဝမကျသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သပ်သပ်ရပ်ရပ် မဖြစ်သေးလို့များလား။ သူသည် နည်းနည်းလေး လန်းဆန်းသလို ဖြစ်စေရန်အတွက် ဟွေးကွမ်းဆေးလုံးကိုပင် သောက်သုံးထားခဲ့သည်။ နောက်ဆုံးတွေ့ဆုံမှုမှာ နောင်တမကျန်ရစ်စေလို၍ ဖြစ်သည်။

ဒါမှမဟုတ်... အငြိုအငြင် ခံလိုက်ရတာများလား။ သူနှင့် ရှူးဖေး၏ အသက်ကွာခြားမှုကို ပြန်တွေးမိပြီး ဧကရာဇ်ယန်၏ရင်ထဲ စူးခနဲ နာကျင်သွားရသည်။ ရွံရှာငြိုငြင်ခံရမည်ကို သူ ကြောက်ရွံ့မိသည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ထိုအချိန်မှာပင် လီဝမ်က ကိုယ်ကိုညွှတ်၍ ဧကရာဇ်ယန်ကို အရိုအသေ ပြုလိုက်သည်။ ဧကရာဇ်ယန် အသိပြန်ဝင်လာပြီး အလျင်အမြန် ရှေ့တိုးကာ လီဝမ်ကို ကိုယ်တိုင် တွဲထူလိုက်လေသည်။

"အရိုအသေပေးစရာ မလိုပါဘူး... မင်း ပြန်လာရင်ပဲ ပြီးတာပါပဲ။ ကျန်းနဲ့ လိုက်ခဲ့..."

သူက လီဝမ်ကိုဆွဲ၍ အတွင်းဆောင်ဘက်သို့ ခေါ်ဆောင်သွားသည်။ လီဝမ်ကလည်း ငြင်းဆန်ခြင်း မပြုပေ။

အတွင်းဆောင်သို့ ရောက်သောအခါမှ အထဲတွင် ပစ္စည်းကိရိယာ အသေးအမွှားလေးများစွာ ထားရှိသည်ကို လီဝမ် တွေ့လိုက်ရသည်။ ထိုအရာအားလုံးသည် အတိတ်က သူမနှင့် ဧကရာဇ်ယန်တို့ အတူရှိစဉ် ထိတွေ့ခဲ့ဖူးသော ပစ္စည်းလေးများ ဖြစ်နေသည်။

"ဒီအရုပ်လေးကို မှတ်မိသေးလား"

ဧကရာဇ်ယန်က ပိတ်စဖြင့် ပြုလုပ်ထားသော အရုပ်တစ်ခုကို ကောက်ယူပြီး လီဝမ်ကို ပြလိုက်သည်။

"ဒါက ကျန်း နန်းတော်အပြင်ကို ရုပ်ဖျက်ပြီး ထွက်တုန်းက မင်းနဲ့ ပထမဆုံး စတွေ့တုန်းကလေ... မင်း ကျန်းကို ပေးခဲ့တာ။ မင်းကျေးဇူးကြောင့်သာ ကျန်း အဲ့ဒီတုန်းက လုပ်ကြံသူတွေလက်ကနေ လွတ်မြောက်ခဲ့ရတာပေါ့"

လီဝမ်က အရုပ်ကို လှမ်းကြည့်ပြီး လက်ကမ်းယူလိုက်သည်။

"အရှင်မင်းကြီး လွှင့်ပစ်လိုက်ပြီလို့တောင် ထင်နေတာ" သူမက အတိတ်ကို လွမ်းဆွတ်သလို ပြောလိုက်၏။

အရှင်မင်းကြီးကို ပထမဆုံး စတွေ့တုန်းက သူမ အရွယ်ရောက်ခါစ (၁၅ နှစ်) သာ ရှိသေးသည်။ ဆော့ကစားချင်တာနှင့် စစ်သူကြီးအိမ်တော်ထဲကနေ ခိုးထွက်လာရင်း လူကုန်ကူးသူတွေ လက်ထဲ ပါလုနီးပါး ဖြစ်ခဲ့ရသည်။ အရှင်မင်းကြီးက သူမကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

အဲ့ဒီနောက် သူမလည်း သူ့ကို ပြန်ကူညီပေးခဲ့သေးသည်။ ထိုအချိန်ကစပြီး သူမ ထိုဦးလေးကြီးကို မှတ်မိနေခဲ့ခြင်း ဖြစ်သည်။

"ဘယ်လိုလုပ် လွှင့်ပစ်ရက်မှာလဲ။ နတ်သမီးလေးက ကျန်းရဲ့ အသက်သခင် ကျေးဇူးရှင်ပဲဟာ... အဲ့ဒီတုန်းက ကျေးဇူးဆပ်ချင်လို့ ကျန်း လူလွှတ်ပြီး မင်းသတင်းကို အမြဲစုံစမ်းခိုင်းခဲ့သေးတာ" ဧကရာဇ်ယန်က ရယ်မောရင်း ပြောလိုက်သည်။

ထိုစိတ်ဝင်စားစရာကောင်းသော အချိန်ကာလများကို သူ ပြန်ပြောင်းသတိရနေမိသည်။

"ဒါပေမဲ့ ထင်မထားခဲ့တာက နတ်သမီးလေးက နောက်ဆုံးကျတော့ နန်းတော်ထဲ ရောက်လာပြီး ကျန်းရဲ့မိဖုရား ဖြစ်လာခဲ့တာပဲ"

နန်ကုန်းမိသားစုမှ သမီးပျိုကို မိဖုရားမြှောက်ခဲ့ခြင်းမှာ တိုင်းပြည်အရေး တည်ငြိမ်စေရန် ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူ တမ်းတနေခဲ့သော နတ်သမီးလေးမှာ နန်ကုန်းဝမ်ယွဲ့ ဖြစ်နေကြောင်း သိလိုက်ရသည်။

ထိုအချိန်က သူ့ရင်ထဲ ဝမ်းသာမှုနှင့် စိုးရိမ်မှုများ ရောထွေးနေခဲ့သည်။ ဝမ်းသာရသည်က ကျေးဇူးရှင်ကို ပြန်တွေ့ရခြင်းကြောင့် ဖြစ်ပြီး၊ စိုးရိမ်ရသည်မှာ သူမ၏နောက်ခံအသိုင်းအဝိုင်းကြောင့် ဖြစ်သည်။ နန်ကုန်းကျန်း (စစ်သူကြီးနန်ကုန်း) သည် ဘုန်းတန်ခိုးကြီးမားလွန်းသဖြင့် ဧကရာဇ်ကိုပင် ခြိမ်းခြောက်နိုင်သည့် အနေအထားမို့ သူ သတိထားခဲ့ရသည်။

လီဝမ်က ဧကရာဇ်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောပေ။

နန်းတော်ထဲ ရောက်ပြီးနောက် သူ့ကို တွေ့လိုက်ရချိန်တွင် သူမလည်း အံ့သြခဲ့ရသည်။ ပို၍များသော ခံစားချက်မှာ အံ့သြဝမ်းသာခြင်း ဖြစ်သည်။ ထိုစဉ်က သူမသည် နန်ကုန်းမိသားစုအတွက် နန်းတော်ထဲ ဝင်ခဲ့ရပြီး တစ်ဘဝလုံး ဒီလိုပဲ ကုန်ဆုံးသွားတော့မည်ဟု တွေးထားခဲ့သည်။

ထင်မှတ်မထားဘဲ သူမ အမြဲသတိရနေသော သူရဲကောင်း ဦးလေးကြီးနှင့် ပြန်တွေ့ခဲ့ရသည်။ ထို့အပြင် သူမ နေ့ရောညပါ တမ်းတနေခဲ့သူက သူမ၏ခင်ပွန်း ဖြစ်လာခဲ့သည်။ ထိုအချိန်က သူမ ကံကောင်းလှသည်ဟု တွေးကာ ကောင်းကင်ကြီးကိုပင် ကျေးဇူးတင်ခဲ့မိသေးသည်။

ဒါပေမဲ့...

"ဒါလေး ကြည့်ပါဦး..." ဧကရာဇ်ယန်က နောက်ထပ် ပစ္စည်းတစ်ခုကို ကောက်ယူလိုက်ပြန်သည်။

"ဒါက ကျန်း နေမကောင်းဖြစ်တုန်းက..."

ဧကရာဇ်ယန်သည် လီဝမ်ကို ပစ္စည်းများစွာ ဆက်တိုက် လိုက်ပြနေခဲ့သည်။ အားလုံးက သူတို့နှစ်ယောက်ကြားက ချိုမြိန်ခဲ့သော အတိတ်ပုံရိပ်များပင် ဖြစ်သည်။ ယခုအချိန် ဧကရာဇ်ယန်သည် ဧကရာဇ်တစ်ပါးနှင့် လုံးဝ မတူတော့ဘဲ ချစ်ရသူလေး သဘောကျစေရန် ကြိုးစားနေသော သာမန်အမျိုးသား တစ်ယောက်ကဲ့သို့သာ ဖြစ်နေသည်။

လီဝမ်သည် တစ်ခုချင်းစီကို လိုက်ကြည့်ပြီး တစ်ခါတစ်ရံ လက်ဖြင့် ထိတွေ့ကြည့်သော်လည်း မျက်နှာထားကတော့ တည်ငြိမ်နေဆဲပင်။ ခံစားချက် လှိုင်းဂယက်ကြီးကြီးမားမား မရှိလှပေ။

"ဒီ ကျောက်စိမ်းပြားလေး..."

ရုတ်တရက် ဧကရာဇ်ယန်သည် ကျောက်စိမ်းပြားလေး တစ်ခုရှေ့တွင် ရပ်တန့်သွားသည်။ ထို့နောက် ကျောက်စိမ်းပြားကို ကောက်ယူလိုက်၏။ ကျောက်စိမ်းပြားပေါ်တွင် "ချင်" (情 - သံယောဇဉ်/ချစ်ခြင်း) ဆိုသည့် စာလုံးကို ထွင်းထုထားသည်ကို လီဝမ် သတိထားမိလိုက်သည်။

"ဒါက ချင်အာ (မုရုန်ချင်) မမွေးခင်တုန်းက ကျန်းကိုယ်တိုင် ထွင်းထားခဲ့တာ"

လက်ထဲက ကျောက်စိမ်းပြားကိုကြည့်ရင်း ဧကရာဇ်ယန်၏မျက်နှာတွင် အပြစ်ရှိစိတ်များ ပေါ်လာသည်။ ထိုစဉ်က သူသည် ရှူးဖေးနည်းတူ ချင်အာ မွေးဖွားလာမည့်အရေးကို မျှော်လင့်နေခဲ့သည်။ မတူညီသည်မှာ သူက သမီးလေး လိုချင်ခဲ့ပြီး ရှူးဖေးကတော့ သားသမီး မရွေးခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်း ကလေးမွေးလာတော့ သမီးလေး မဟုတ်ဘဲ သားလေး ဖြစ်လာခဲ့သည်။ ဒါပေမဲ့လည်း သူက ရှူးဖေးအပေါ်ထားရှိသည့် သံယောဇဉ်ကို ဖော်ပြသည့်အနေဖြင့် ကလေးနာမည်ကို မုရုန်ချင် ဟု ပေးခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ... သူသည် ဖခင်ကောင်း တစ်ယောက် မဖြစ်ခဲ့ပေ။

ဘေးနားမှ လီဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဧကရာဇ်ယန်ကို စတွေ့ကတည်းက သူမ စိတ်ခံစားချက်များကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့သည်။ သူ့ကို မမုန်းမိအောင်ပင် စိတ်ကို ဖိနှိပ်ထားခဲ့သည်။

ဒါပေမဲ့ အခု သူက သားအကြောင်းကို ထည့်ပြောလာသည်။ သူကများ သူတို့သားအကြောင်းကို ပြောရဲသေးတယ်ပေါ့လေ။

ရုတ်တရက် ဧကရာဇ်ယန်က လီဝမ်၏လက်ကို ဆွဲယူလိုက်ပြီး ကျောက်စိမ်းပြားကို သူမလက်ထဲ ထည့်ပေးလိုက်သည်။

"အရင်တုန်းက မပေးဖြစ်ခဲ့ပေမယ့် အခု ကျန်း ဒီကျောက်စိမ်းပြားကို မင်းကို ပေးမယ်။ မင်းက ကျန်းအစား ချင်အာ့ကို လွှဲပေးလိုက်ပါ"

လီဝမ်က သူမလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"အရင်ကလည်း မပေးခဲ့မှတော့ အခုလည်း ထားလိုက်ပါတော့။ ပြီးတော့ ချင်အာ အခု ဘယ်မှာလဲဆိုတာ ကျွန်မလည်း မသိဘူး" ဟု အေးစက်စက် ပြောလိုက်သည်။

ဧကရာဇ်ယန် မျက်နှာ အရောင်ပြောင်းသွားသည်။

"မင်းက ဘာလို့ ကျန်းကို တမင် စိတ်ဆွနေတာလဲ"

လီဝမ်က ဧကရာဇ်ယန်ကို ပြန်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက အေးစက်နေ၏။

"အရှင်မင်းကြီးရဲ့စကားက ဘာအဓိပ္ပာယ်လဲ"

လီဝမ်၏မျက်နှာထားကို မြင်သောအခါ ဧကရာဇ်ယန်၏ပုံစံ ပြန်ပျော့ကျသွားသည်။

"ချင်အာလည်း အန်းယန်ခရိုင်မှာ ရှိနေတယ်ဆိုတာ ကျန်း သိပါတယ်။ ပြီးတော့ မင်းမောင်လေး နန်ကုန်းရှောင် (လီရှောင်) လည်း အတူတူပဲလေ"

လီဝမ် ချက်ချင်း ဧကရာဇ်ယန်ကို စိုက်ကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် သတိထားမှုများ ပြည့်နှက်သွား၏။ ဧကရာဇ်ယန်က ပြုံးလိုက်သည်။

"ဟားဟား... တကယ်ပဲ ဟုတ်နေတာကိုး"

လီဝမ် မျက်မှောင်ကြုတ်လိုက်သည်။

"စိတ်ချပါ... ကျန်း ဘာမှမလုပ်ပါဘူး။ ပြောရရင် ကျန်း အခု သူတို့ကို ဘာမှလည်း လုပ်လို့မရတော့ပါဘူး" ပြောရင်းဖြင့် ဧကရာဇ်ယန်က လီဝမ်၏လက်ကို လှမ်းဆွဲလိုက်သည်။

"ဝမ်ယွဲ့ရယ်... ကျန်းမှာ အချိန်သိပ်မကျန်တော့ဘူး..."

လီဝမ်သည် သူမလက်ကို ပြန်ရုန်းထွက်ချင်သော်လည်း ထိုစကားကို ကြားလိုက်ရသဖြင့် ခဏတာ ရပ်တန့်သွားသည်။ ထိုအခြေအနေကို မြင်သောအခါ ဧကရာဇ်ယန်၏ မျက်နှာတွင် အပြုံးတစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။

ထို့နောက် လီဝမ်ကို ဆွဲကာ ခုံရှည်ဘေးတွင် ဝင်ထိုင်လိုက်လေတော့သည်။

***

All Chapters