ကိုယ့်အပြစ်ကို ဝန်ခံသည့် အမိန့်ပြန်တမ်း
Vol. 21 Ch. 433
ထိုင်လိုက်ပြီးမှသာ ဧကရာဇ်ယန်သည် ဘေးတိုက်လှည့်ကာ လီဝမ်ကိုလှမ်းကြည့်လိုက်သည်။
လီဝမ်က သူ့ကို မကြည့်ဘဲနေနေသည်ကို မြင်သောအခါ သူတစ်ချက် ပြုံးလိုက်ပြီး ဘေးနားရှိ စားပွဲခုံပေါ်မှ သေတ္တာငယ်လေး တစ်ခုကို ဖွင့်လိုက်၏။
ထို့နောက် အတွင်းမှ အမိန့်ပြန်တမ်းတစ်စောင်ကို ထုတ်ယူလိုက်သည်။
ထိုအရာကို မြင်မှသာ လီဝမ် လှုပ်ရှားလာတော့သည်။ သူမ၏မျက်လုံးများက ဧကရာဇ်ယန် လက်ထဲရှိ အမိန့်ပြန်တမ်းဆီသို့ ရောက်သွား၏။
ဧကရာဇ်ယန် စကားစပြောသည်။
"နန်ကုန်းမိသားစု ကိစ္စက တကယ်ပဲ ကျန်းရဲ့ အပြစ်ပါ။။ မင်းက ကျန်းကို ကိုယ့်အပြစ်ကိုယ် ဝန်ခံတဲ့ အမိန့်ပြန်တမ်းထုတ်ပြီး နန်ကုန်းမိသားစုအတွက် အမှန်တရား ဖော်ထုတ်ပေးစေချင်တယ်မလား... ကျန်း မင်းဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်။"
ပြောပြီးသည်နှင့် ဧကရာဇ်ယန်သည် လက်ထဲမှ အမိန့်ပြန်တမ်းကို လီဝမ်ထံ ကမ်းပေးလိုက်သည်။
လီဝမ် အလျင်အမြန် လှမ်းယူလိုက်၏။ သူမ၏လက်များ တုန်ယင်နေသည်။
ထိုအခြေအနေကို မြင်သောအခါ ဧကရာဇ်ယန်သည် လီဝမ်၏ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
"ဖွင့်ကြည့်လိုက်ပါဦး။ မင်း ကျေနပ်တယ်ဆိုရင် ခဏနေ မနက်ခင်း ညီလာခံကျရင် ကျန်း ဒါကို ယူသွားပြီး ထုတ်ပြန်လိုက်မယ်။"
ဒီနေ့ မနက်ခင်း ညီလာခံကို အချိန်ရွှေ့ဆိုင်းထားရန် သူ ကြိုတင် စီစဉ်ထားခဲ့သည်။ အကြောင်းရင်းမှာ သူ့သားတော်ကြီးနှင့် ထားရှိခဲ့သော ကတိကို တည်ချင်သောကြောင့် ဖြစ်သည်။
သားတော်ကြီးက သူ တောင်းဆိုသော အချက်သုံးချက်လုံးကို သဘောတူလိုက်ပြီ ဖြစ်သည်။ ထို့အပြင် ရှူးဖေးကိုလည်း တွေ့ခွင့်ရခဲ့ပြီ ဖြစ်သောကြောင့် ထွက်ခွာသွားရလျှင်လည်း နောင်တရစရာ မရှိတော့ပေ။
လီဝမ် ထပ်မံ အံ့သြသွားပြန်သည်။
ဧကရာဇ်ယန်ကို လှမ်းကြည့်လိုက်၏။ ဧကရာဇ်ယန်၏မျက်နှာထားမှာ လေးနက်တည်ကြည်နေသည်ကို တွေ့ရသဖြင့် အမိန့်ပြန်တမ်းကို ဖြန့်ကြည့်လိုက်တော့သည်။
အမိန့်ပြန်တမ်းကို ဖတ်ပြီးနောက် လီဝမ်၏ရင်ထဲမှအလုံးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
တကယ့်ကို အပြစ်ဝန်ခံသည့် အမိန့်ပြန်တမ်း စစ်စစ်ပင်။ ဒီပြန်တမ်းသာ လူသိရှင်ကြား ဖြစ်သွားလျှင် နန်ကုန်းမိသားစု ခံစားခဲ့ရသော မတရားစွပ်စွဲခံရမှုများ အားလုံး လျော်ကြေးရသွားပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
အမိန့်ပြန်တမ်းကို ပြန်သိမ်းလိုက်ရင်း လီဝမ် ပြောလိုက်သည်။ သူမ၏စိတ်အစဉ်မှာမူ ရှုပ်ထွေးနေဆဲ ဖြစ်သည်။
ထိုအခါမှ ဧကရာဇ်ယန်သည် လက်ထဲမှ ကျောက်စိမ်းပြားကို လီဝမ်အား နောက်တစ်ကြိမ် ထပ်ပေးလိုက်သည်။
"ချင်အာ (မုရုန်ချင်) သာ မလိုချင်ဘူးဆိုရင် မင်းပဲ သိမ်းထားလိုက်ပါ။"
လီဝမ်သည် လက်ထဲမှ ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။
နောက်ဆုံးတွင်တော့ သူမ ငြင်းဆန်ခြင်း မပြုတော့ပေ။
ထို့နောက် ဧကရာဇ်ယန်သည် အတိတ်က အကြောင်းအရာများကို ပြန်ပြောင်းပြောပြနေပြန်သည်။ လီဝမ်ဘက်က သိပ်ပြီး တုံ့ပြန်ခြင်း မရှိသော်လည်း သူကတော့ မျက်နှာတွင် အပြုံးများဖြင့် စိတ်ဝင်တစား ပြန်ပြောပြနေခဲ့သည်။
....
တစ်နာရီခန့် ကြာပြီးနောက် မိန်းမစိုးချုပ် ဟူကုန်းကုန်း ဝင်လာပြီး ဧကရာဇ်ယန်ကို သတိပေးလိုက်သည်။
ထိုအခါမှ ဧကရာဇ်ယန်သည် စကားပြောတာကို ရပ်တန့်လိုက်တော့သည်။
"ကျန်း သိပြီ... အပြင်မှာ စောင့်နေချေ" ဟု ဟူကုန်းကုန်းကို ပြောလိုက်သည်။
ဟူကုန်းကုန်း ပြန်ထွက်သွားပြီးနောက် ဧကရာဇ်ယန်သည် လီဝမ်ကို ပြန်ကြည့်လိုက်သည်။
"ဝမ်ယွဲ့... ကျန်း..."
ဆက်ပြောမည့်စကားများ ထွက်မလာတော့ပေ။
"ထားလိုက်ပါတော့ကွာ... မင်းလည်း သွားတော့။ အန်းယန်ဝမ်ကို ဝင်လာခိုင်းလိုက်ပါ။"
လီဝမ်၏မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွားသည်။ ဧကရာဇ်ယန်ကို တစ်ချက်ကြည့်ပြီး မတ်တတ်ရပ်လိုက်၏။
တစ်ခုခု ပြောချင်သော်လည်း ဘာစကားမှ ထွက်မလာခဲ့ပေ။ နောက်ဆုံးတွင် သူမ လှည့်ထွက်လာခဲ့သည်။
ဧကရာဇ်ယန်လည်း မတ်တတ်ရပ်လိုက်ပြီး လီဝမ် ထွက်ခွာသွားသော ကျောပြင်ကို ငေးကြည့်နေသည်။ လီဝမ် ဝေးကွာသွားသည်နှင့်အမျှ သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကိုင်းညွတ်ကျသွားလေသည်။
ထို့နောက် ထိုင်ခုံရှည်ပေါ်သို့ ပြန်ထိုင်ချလိုက်သည်။
လီဝမ်သည် တစ်စုံတစ်ခုကို အာရုံရလိုက်သကဲ့သို့ ဖြစ်သွားသော်လည်း လှည့်မကြည့်ခဲ့ပေ။
ဒီလိုပဲ ကောင်းပါတယ်။ အရာအားလုံး ပြီးဆုံးသွားပြီပဲ။
ရွှမ်းဟွာနန်းဆောင်အပြင်သို့ ရောက်သည်နှင့် တံခါးဝတွင် စောင့်နေသော အန်းယန်ဝမ်ကို တွေ့လိုက်ရသည်။
အန်းယန်ဝမ် အရိုအသေ မပေးခင်မှာပင် လီဝမ်က ဦးအောင်ပြောလိုက်သည်။
"အရှင်မင်းကြီးက ဝမ်ရယ်ကို အထဲဝင်ခိုင်းလိုက်ပါတယ်။"
အန်းယန်ဝမ်က လီဝမ်ကို လက်သီးဆုပ်ကာ နှုတ်ဆက်ပြီး အလျင်အမြန်ပင် နန်းဆောင်ထဲ ဝင်သွားလေသည်။
ဘေးနားမှ ကျန်းရှီသည် လီဝမ်ကို ဒုတိယအကြိမ် ပြန်တွေ့ရသဖြင့် စကားပြောချင်နေပုံရသည်။ သို့သော် လီဝမ် လှမ်းကြည့်လိုက်ချိန်တွင် သူမ မျက်လွှာချကာ ရှောင်ဖယ်လိုက်မိသည်။
လီဝမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အကြည့်လွှဲကာ ကျန်းရှီကို ဂရုမစိုက်တော့ပေ။ သို့သော် ကျန်းရှီသည် ပြောချင်မပြောချင် ဖြစ်နေပြီးနောက်... အချိန်အတော်ကြာမှ ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့သည်။
"မယ်မယ်..."
လီဝမ် ချက်ချင်း လှည့်ကြည့်လိုက်သဖြင့် ကျန်းရှီ ပါးစပ်ပိတ်သွားသည်။ သို့သော် ခဏအကြာတွင် ကျန်းရှီ ပြန်မော့ကြည့်လာသည်။
"ကျွန်တော်မျိုးမ... မယ်မယ့်ကို တစ်ခုလောက် မေးခွင့်ရှိမလား"
လီဝမ် မျက်နှာတွင် သံသယတို့ ပေါ်လာသည်။
"ဘာကိစ္စလဲ"
ကျန်းရှီ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။
"မယ်မယ်က... အရှင်မင်းကြီးကို ချစ်ခဲ့ဖူးပါသလား"
လီဝမ် ကြောင်အသွား၏။ ထို့နောက် ကျန်းရှီကို ကြည့်သော အကြည့်များက မနှစ်မြို့သော ပုံစံသို့ ပြောင်းလဲသွားသည်။
"မယ်မယ် အထင်မလွဲပါနဲ့။ ကျွန်တော်မျိုးမက... ကျွန်တော်မျိုးမက အရှင်မင်းကြီးကို ပြုစုနေရတာ ရက်နည်းနည်းကြာပြီဆိုတော့... အရှင်မင်းကြီးက မယ်မယ့်အတွက် ဘာတွေလုပ်ပေးခဲ့လဲ မြင်နေရလို့...
ဒါကြောင့် မေးမိတာပါ"
မှန်သည်။ သူမ တုန်လှုပ်မိသည်။ ဧကရာဇ်တစ်ပါးက အမျိုးသမီးတစ်ယောက်အတွက် ဒီလောက်ထိ လုပ်ပေးလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။
အစပိုင်း ဧကရာဇ်ကို တွေ့ရစဉ်က သူမ ဒီကိစ္စတွေကို စိတ်မဝင်စားခဲ့ပါ။ သူမ စိတ်ထဲရှိသည်မှာ ဝမ်ရယ်နှင့် ကွေ့ဖေးတို့ ခိုင်းစေသည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး ဧကရာဇ်၏ဘေးနားတွင် နန်းတော်စည်းစိမ် ခံစားရန်သာ ဖြစ်သည်။
သို့သော် ဧကရာဇ်နှင့် အတူနေရတာ ကြာလာသည်နှင့်အမျှ ရှူးဖေးအပေါ်ထားရှိသည့် သူ၏ ချစ်ခြင်းမေတ္တာကို နားလည်လာပြီး ဧကရာဇ်ကို သနားမိလာသည်။
ဟုတ်သည်။ သနားမိခြင်း ဖြစ်သည်။ ထို့အတူ ရှူးဖေးကိုလည်း အားကျမိသည်။ ဘုရင်တစ်ပါး၏ ဒီလောက် နက်ရှိုင်းသော ချစ်ခြင်းကို ပိုင်ဆိုင်ထားရသည် မဟုတ်ပါလား။
လီဝမ်က ကျန်းရှီကို စောင်းငဲ့ကြည့်လိုက်သည်။
"အစအဆုံး မသိဘဲနဲ့ ဝေဖန်တာမျိုး မလုပ်သင့်ဘူး။ ဒီကိစ္စက မင်းနဲ့ မဆိုင်ပါဘူး" ဟု အေးစက်စက် ပြောလိုက်သည်။
ကျန်းရှီ စိတ်လောသွားသည်။
"ဒါပေမဲ့ အရှင်မင်းကြီးက မယ်မယ်ကို တွေ့နိုင်ဖို့အတွက် သောက်လိုက်တဲ့ ဆေးက..." သူမ စကားစ ရပ်သွားသည်။
လီဝမ် ပြန်လှည့်လာပြီး သူမကို စိုက်ကြည့်လိုက်၏။
"ပြောချင်တာရှိရင် ရှင်းရှင်းလင်းလင်း ပြောစမ်းပါ"
အန်းယန်ဝမ် စီစဉ်ပေးထားသော ဤ 'ကိုယ်ပွား' ကို လီဝမ် သိပ်ဘဝင်မကျလှပေ။
ကျန်းရှီသည် လီဝမ်၏အရှိန်အဝါကြောင့် လန့်သွားသော်လည်း စိတ်ကိုတင်း၍ ပြောလိုက်သည်။
"အရှင်မင်းကြီးက မယ်မယ်နဲ့ တွေ့တဲ့အချိန်မှာ လန်းလန်းဆန်းဆန်း ရှိနေချင်တာကြောင့် ဟွေးကွမ်းဆေးလုံးကို သောက်လိုက်ပါတယ်"
လီဝမ် ဘာမှပြန်မပြောနိုင်ခင် ကျန်းရှီက ဆက်ပြောသည်။
"အစက မင်းဆရာကြီး ပြောထားတာက နောက်ထပ် သုံးရက်လောက် ဆက်တောင့်ထားနိုင်ရင် ဟွေးကွမ်းဆေးရဲ့ အာနိသင်ကို ဖယ်ရှားနိုင်ပြီး နောက်ထပ် ခြောက်လလောက် အသက်ဆက်နိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ်မယ့်နဲ့ သိက္ခာရှိရှိ တွေ့ဆုံနိုင်ဖို့အတွက် အရှင်မင်းကြီးက ကိုယ့်လမ်းကိုယ် ဖျက်ဆီးလိုက်တာပါ"
လီဝမ်၏မျက်ဝန်းများ တုန်လှုပ်သွားပြီး အင်္ကျီလက်စအတွင်းရှိ သူမ၏လက်သည်းများက လက်ဖဝါးထဲ စိုက်ဝင်သွားသည်အထိ ဆုပ်ကိုင်လိုက်မိသည်။
"အခု အခြေအနေအရဆိုရင် အရှင်မင်းကြီးက မနက်ဖြန်ကိုတောင် ကူးနိုင်တော့မယ် မထင်ပါဘူး" ဟု ကျန်းရှီက ထပ်ပြောလိုက်သည်။
လီဝမ်၏ခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရသည်။ အချိန်အတော်ကြာမှ အသိပြန်ဝင်လာ၏။
"သူက... မင်းကို လာပြောခိုင်းတာလား" ဟု ကျန်းရှီကို မေးလိုက်သည်။
သူမကို သိက္ခာရှိရှိ တွေ့ချင်လို့ ဟွေးကွမ်းဆေးလုံးကို သောက်လိုက်တယ်တဲ့လား...။
ထိုလူကြီးက သူတစ်ပါးအပေါ် ရက်စက်သလို ကိုယ့်ကိုယ်ကိုယ်လည်း ရက်စက်တတ်ပါပေတယ်။
"မဟုတ်ပါဘူး။ အရှင်မင်းကြီး ဒီလိုတွေ လုပ်ပေးနေတာကို မယ်မယ် မသိရှာဘူးဆိုပြီး ကျွန်မ မနေနိုင်လို့ သတ္တိမွေးပြီး လာပြောတာပါ"
လီဝမ်က ကျန်းရှီကို မကျေမနပ် ကြည့်လိုက်သည်။
"မင်းရဲ့သတ္တိက တော်တော်ကောင်းတာပဲ"
ကျန်းရှီ လန့်ဖျပ်သွားပြီး ဒူးထောက်လုမတတ် ဖြစ်သွားသည်။
"ဟွန်း။"
လီဝမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကျန်းရှီကို လှည့်မကြည့်တော့ဘဲ ဘေးတစ်ဖက်သို့ လမ်းလျှောက်သွားလိုက်သည်။
တစ်ရက်ပဲ အသက်ရှင်ဖို့ ကျန်တော့တယ်တဲ့လား... ကောင်းတာပေါ့။
ကောင်းပါတယ်လေ...
.......
ထိုအချိန်တွင် ရွှမ်းဟွာနန်းဆောင် အတွင်း၌...
ဧကရာဇ်ယန်သည် အန်းယန်ဝမ်ကို သူ နတ်ရွာစံပြီးနောက် လုပ်ဆောင်ရမည့် ကိစ္စများကို မှာကြားနေလေသည်။ မှာကြားပြီးနောက် စဉ်းစားလိုက်ပြီး ထပ်ပြောသည်။
"ကျန်းရှီကို နန်းတော်အပြင် ပြန်ပို့လိုက်တော့"
သူ ရှူးဖေးကို တွေ့ပြီးပြီဖြစ်သဖြင့် ကျန်းရှီကို ဆက်ထားနေစရာ အကြောင်းမရှိတော့ပေ။ သေဆုံးပြီးနောက် ရှူးဖေးနှင့်အတူ မြှုပ်နှံခံရမည် မဟုတ်သော်လည်း ကိုယ်ပွားတစ်ယောက်ကို ထာဝရ အဖော်ပြုထားရန် မလိုအပ်ပါ။ ထိုသို့လုပ်ခြင်းက သူနှင့် ရှူးဖေးကြားက သံယောဇဉ်ကို စော်ကားရာ ရောက်ပေလိမ့်မည်။
သူ မြေအောက်ကမ္ဘာကို အရင်သွားနှင့်ပြီး စောင့်နေမည်။ ရှူးဖေး သက်တမ်းကုန်၍ လိုက်လာသည့်အခါမှ ရှေးရေစက်ကို ပြန်ဆက်ကြတာပေါ့။
"အမိန့်တော်အတိုင်းပါ ခမည်းတော်" အန်းယန်ဝမ် အမိန့်နာခံလိုက်သည်။
ဧကရာဇ်ယန်သည် ထိုင်ခုံရှည်ပေါ်မှ ထရပ်လိုက်သည်။ ထို့နောက် ဘေးနားရှိ သေတ္တာကို လှမ်းကြည့်လိုက်၏။
"အဲ့ဒီ သေတ္တာကို ယူခဲ့... ညီလာခံခန်းမကို သွားကြမယ်"
"ဟုတ်ကဲ့ပါ"
နောက်တစ်ခဏတွင် ဧကရာဇ်ယန်သည် အားအင်များ ပြန်လည်ပြည့်ဝလာသကဲ့သို့ နန်းဆောင်အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
ရွှမ်းဟွာနန်းဆောင်အပြင်သို့ ရောက်၍ လီဝမ်ကို မြင်သောအခါ သူမကို တစ်ချက်ပြုံးပြလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောတော့ပေ။ ထို့နောက် အန်းယန်ဝမ်နှင့် အခြွေအရံများ ခြံရံလျက် ထွက်ခွာသွားတော့သည်။
ဒီတစ်ကြိမ်တွင်တော့ လီဝမ်က ဧကရာဇ်ယန် ထွက်ခွာသွားသည်ကို လိုက်လံငေးမော ကြည့်ရှုရသည့် အလှည့် ဖြစ်နေသည်။
နဂါးဝေါယာဉ်ကြီး အဝေးသို့ ရောက်သွားသည်အထိ ငေးကြည့်နေပြီးမှ ကျန်းရှီ၏စိုက်ကြည့်နေမှုကို သတိထားမိကာ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
"သခင်မ... ကျွန်တော်တို့နဲ့အတူ နန်းတော်အပြင်ကို လိုက်ခဲ့ပါ" ကိုယ်ရံတော်တစ်ဦး ရောက်လာပြီး လီဝမ်ကို ဖိတ်ခေါ်လိုက်သည်။
လီဝမ်သည် ကျန်းရှီကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး ကိုယ်ရံတော်နောက်သို့ လိုက်ပါသွားလေသည်။
ဒီတစ်ခါ ခွဲခွာခြင်းက ထာဝရ နှုတ်ဆက်ခြင်းပင် ဖြစ်တော့မည်။
ကျန်းရှီသည် လီဝမ် ထွက်ခွာသွားသည်ကို ငေးကြည့်နေမိသည်။ သူမ၏မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်နေ၏။
ရှူးဖေးက အရှင်မင်းကြီးအပေါ် တကယ်ပဲ သံယောဇဉ် ပြတ်သွားပြီလား...
.....
ညီလာခံခန်းမ။
မှူးမတ်များသည် ညီလာခံခန်းမတွင် စောင့်ဆိုင်းနေကြသည်မှာ နာရီပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ အရှင်မင်းကြီးက စောင့်ဆိုင်းနေရန် နှုတ်မိန့် ပေးမထားခဲ့လျှင် ညီလာခံ ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။
မှူးမတ်များ အချင်းချင်း တီးတိုးတိုင်ပင်ကာ မင်းဆရာကြီးကို ဖိတ်ခေါ်ပြီး အရှင်မင်းကြီးကို သွားမေးခိုင်းရမလားဟု ဆွေးနွေးငြင်းခုံနေကြစဉ် ခန်းမအပြင်ဘက်မှ ဟူကုန်းကုန်း၏ စူးရှသော အသံကြီး ထွက်ပေါ်လာသည်။
"အရှင်မင်းကြီး ကြွချီလာပါပြီ..."
မှူးမတ်များအားလုံး ချက်ချင်း လှုပ်ရှားသွားကြသည်။ ဧကရာဇ်ယန် ခန်းမထဲ ဝင်လာသည်ကို မြင်သည်နှင့် ဒူးထောက်၍ အရိုအသေ ပြုကြလေသည်။
"အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ..."
ဧကရာဇ်ယန်သည် ဘေးဘီဝဲယာကို မကြည့်ဘဲ နဂါးပလ္လင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ထိုင်လိုက်သည်။
သူ့ဘေး မလှမ်းမကမ်းတွင် ရပ်နေသော မျက်နှာထား သံသယဖြစ်နေသည့် လျိုဝူကျီ (မင်းဆရာကြီး) ကို တစ်ချက်ကြည့်လိုက်ပြီးမှ မှူးမတ်များကို လက်ကာပြလိုက်သည်။
"အားလုံး ထကြပါ"
"ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး" မှူးမတ်များ မတ်တတ်ရပ်လိုက်ကြသည်။
ရက်အနည်းငယ် မတွေ့ရသည့်အတွင်း အရှင်မင်းကြီးမှာ ပို၍ လန်းဆန်းတက်ကြွလာသည်ကို တွေ့ရသဖြင့် အားလုံး အံ့သြဝမ်းသာသွားကြသည်။ အရှင်မင်းကြီး၏ ကျန်းမာရေး ပြန်ကောင်းလာပုံရသဖြင့် တစ်ယောက်ချင်းစီတိုင်း ပျော်ရွှင်သွားကြ၏။
ပြီးခဲ့သည့် တစ်ခေါက်က အရှင်မင်းကြီး၏မျက်နှာအဆင်းမှာ အလွန်ဆိုးရွားနေခဲ့သဖြင့် အချိန်သိပ်မကျန်တော့ဟု စိုးရိမ်ခဲ့ကြသည်။ ယခုမူ အားအင်အပြည့်နှင့် ပြန်ပေါ်လာသည်။ အနားယူလိုက်လို့ ပြန်ကောင်းသွားတာများလား။ ဒါဆိုရင်တော့ ကောင်းသော လက္ခဏာပင်။
ဧကရာဇ်ယန်၏အကြည့်များက မှူးမတ်များအပေါ်သို့ ဖြတ်သန်းသွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ရက်အတော်ကြာ မတွေ့ပြီးနောက် အမတ်မင်းတို့ကို ပြန်တွေ့ရတာ၊ အားလုံး ကျန်းကျန်းမာမာ ရှိနေကြတာကို မြင်ရလို့ ကျန်း ဝမ်းသာပါတယ်"
သူ အမှန်တကယ် စိတ်ကြည်လင်နေခြင်း ဖြစ်သည်။ ဟွေးကွမ်းဆေး၏အာနိသင်ကို တွန်းလှန်နေရစဉ်က သူ့ခွန်အားများ ကုန်ဆုံးခဲ့ပြီး နာကျင်ပင်ပန်းစွာ ရှင်သန်ခဲ့ရသည်။
ယခုမူ ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားများ ပြန်ပြည့်လာပြီး လူငယ်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားနေရသည်။ ရှင်သန်ဖို့ တစ်ရက်သာ ကျန်တော့သော်လည်း သူ နောင်တမရပေ။
မှူးမတ်များက တီးတိုးပြောဆိုနေကြပြီး အရှင်မင်းကြီးက သူတို့ကို ဂရုစိုက်ကြောင်း ကြားရသဖြင့် ပြုံးရွှင်နေကြသည်။
"ဒီနေ့ အမတ်မင်းတို့ကို နေခိုင်းလိုက်တာက ကျန်း ကြေညာစရာ အကြောင်းနှစ်ရပ် ရှိလို့ပဲ"
ဧကရာဇ်ယန် ဆက်ပြောလိုက်သဖြင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
"ပထမတစ်ချက်... ကျန်း ကိုယ့်အပြစ်ကိုယ် ဝန်ခံတဲ့ အမိန့်ပြန်တမ်း ထုတ်ပြန်မယ်"
ခန်းမတွင်းလေထုမှာ ချက်ချင်း ခဲသွားသကဲ့သို့ ဖြစ်သွားသည်။
မှူးမတ်အချို့ ချက်ချင်း ဒူးထောက်လိုက်ကြသည်။ ထို့နောက် ကျန်သူများပါ လိုက်ပါ ဒူးထောက်ကြလေသည်။
"အရှင်မင်းကြီး... မဖြစ်ပါဘူး..." ကန့်ကွက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ကိုယ့်အပြစ်ကိုယ် ဝန်ခံတဲ့ အမိန့်ပြန်တမ်းဆိုသည်မှာ တိုင်းပြည် မငြိမ်မသက်ဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း သို့မဟုတ် နိုင်ငံရေး အကျပ်အတည်း ကြုံတွေ့ရချိန်များတွင်မှ ဧကရာဇ်က ထုတ်ပြန်လေ့ရှိသော အရာဖြစ်သည်။ ဤအမိန့်ပြန်တမ်း ထုတ်လိုက်ခြင်းသည် ဧကရာဇ်အနေဖြင့် မိမိကိုယ်ကို သီလမရှိ၊ အရည်အချင်းမရှိဟု ဝန်ခံရာရောက်ပြီး ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။
လျိုဝူကျီသည် ဧကရာဇ်ယန်ကို လှမ်းကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။ ရှူးဖေးနှင့် အရှင်မင်းကြီး တွေ့ဆုံပြီးဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။
ဧကရာဇ်ယန်သည် လက်ကာပြလိုက်ပြီး မှူးမတ်များ၏ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ ဟူကုန်းကုန်းကို အမိန့်ပြန်တမ်း ဖတ်ကြားရန် အချက်ပြလိုက်သည်။
ဟူကုန်းကုန်းသည် သစ်သားသေတ္တာထဲမှ အမိန့်ပြန်တမ်းကို ထုတ်ယူလိုက်ပြီး အသံကျယ်ကျယ်ဖြင့် စတင်ဖတ်ကြားလေသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အမိန့်ပြန်တမ်း၏အကြောင်းအရာမှာ နန်ကုန်းမိသားစုအတွက် အမှန်တရား ဖော်ထုတ်ပေးခြင်း ဖြစ်ကြောင်း ကြားလိုက်ရသောအခါ မှူးမတ်များအားလုံး တုန်လှုပ်သွားကြသည်။ ဟူကုန်းကုန်း ဖတ်ကြားပြီးသည်အထိ ငြိမ်သက်စွာ နားထောင်နေကြပြီး မည်သူမှ စကားမပြောရဲကြတော့ပေ။
နန်ကုန်းမိသားစု သေဆုံးခဲ့ရသည်မှာ တကယ်ကို မတရားသော ကိစ္စ ဖြစ်သည်။
ချူနှင့်ကျင်းတိုင်းပြည်တို့ ပူးပေါင်းပြီး သာ့ယန်ကို ကျူးကျော်တိုက်ခိုက်လာကတည်းက ပြည်သူများရော နန်းတွင်းမှူးမတ်များပါ စစ်ပွဲတိုင်းတွင် နိုင်ပွဲရခဲ့သော စစ်သူကြီးနန်ကုန်းကို လွမ်းဆွတ်တမ်းတနေခဲ့ကြသည်။
လူအများစုက တိုးတိုးတိတ်တိတ် ဝေဖန်ခဲ့ကြသည်။ သာ့ယန် ဒီလိုအခြေအနေဆိုးသို့ ရောက်ရခြင်းမှာ အရှင်မင်းကြီးက နန်ကုန်းမိသားစုကို ရှင်းလင်းလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ယူဆကြသည်။
မှူးမတ်များ၏တုံ့ပြန်မှုကို မြင်သောအခါ ဧကရာဇ်ယန် စိတ်ထဲ ခါးသက်စွာ ပြုံးလိုက်မိသည်။ နန်ကုန်းမိသားစု၏ သြဇာအရှိန်အဝါက သူထင်ထားသည်ထက် သာ့ယန်အပေါ် လွှမ်းမိုးမှုရှိနေခဲ့တာပဲ။
"နန်ကုန်းမိသားစုက မျိုးရိုးစဉ်ဆက် သစ္စာရှိခဲ့ပြီး သာ့ယန်ရဲ့ ကျောထောက်နောက်ခံ တိုင်မတ်ကြီးတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျန်းက ကုန်းချောစကားတွေကို ယုံစားမိပြီး ဆင်ခြင်တုံတရား ကင်းမဲ့စွာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့မိတယ်။ သစ္စာရှိတဲ့ အမတ်ကောင်းတွေကို အပြစ်ပေးမိပြီး သာ့ယန်ကို မငြိမ်မသက် ဖြစ်စေခဲ့တယ်။
ဒါတွေအားလုံး ကျန်း အပြစ်ပါပဲ" ဧကရာဇ်ယန်က နာကျင်သော အမူအရာဖြင့် ပြောလိုက်သည်။
ထို့နောက် မတ်တတ်ရပ်လိုက်ပြီး ခေါင်းပေါ်မှ သရဖူကို ချွတ်လိုက်လေသည်။
မှူးမတ်များ မြင်လိုက်သည်နှင့် အလျင်အမြန် တားဆီးကြသည်။
"အရှင်မင်းကြီး... မလုပ်ပါနဲ့..."
"ကွယ်လွန်သွားတဲ့ စစ်သူကြီးလည်း အရှင်မင်းကြီး ဒီလိုလုပ်တာကို လိုလားမှာ မဟုတ်ပါဘူး..."
ကန့်ကွက်သံများ ဆူညံသွားသည်။ သို့သော် ဧကရာဇ်ယန်က မကြားချင်ယောင်ဆောင်ကာ ချွတ်လိုက်သော သရဖူကို နဂါးပလ္လင်ပေါ် တင်လိုက်သည်။
ဟူကုန်းကုန်းက ကြိုတင်ပြင်ဆင်ထားသော အရက်ကို ယူလာပေးသည်။
ဧကရာဇ်ယန်သည် အရက်တစ်ခွက်ကို ယူလိုက်ပြီး ညီလာခံခန်းမ တံခါးဝဘက်သို့ မျက်နှာမူလိုက်သည်။
"ကျန်း... စစ်သူကြီး နန်ကုန်းနဲ့ နန်ကုန်းမိသားစုအပေါ် အရှက်ရမိပါတယ်။ ဒီအရက်ခွက်နဲ့ပဲ ကျန်းရဲ့နောင်တတွေကို ဖော်ပြပါရစေ"
ပြောပြီးသည်နှင့် အရက်ခွက်ကို စောင်းကာ ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်သည်။
မှူးမတ်များ ငြိမ်ကျသွားကြပြန်သည်။
ဆက်လက်ပြီး ဧကရာဇ်ယန်သည် ဒုတိယ အရက်ခွက်ကို ယူလိုက်သည်။
"ကျန်း... သာ့ယန်က ပြည်သူတွေကိုလည်း အရှက်ရမိပါတယ်"
"အရှင်မင်းကြီး..."
ဧကရာဇ်ယန် ဘာပြောမည်ကို ရိပ်မိသော အမတ်ချုပ်ကြီးက အသံကျယ်ကြီးဖြင့် လှမ်းတားလိုက်သည်။ အခြားမှူးမတ်များကလည်း ဝိုင်းဝန်းတားဆီးကြသည်။
သို့သော် ဧကရာဇ်ယန်က ဂရုမစိုက်ဘဲ ဆက်ပြောသည်။
"ကျန်းရဲ့ ပေါ့ဆမှုကြောင့် သာ့ယန်ရဲ့ စစ်နတ်ဘုရား အသတ်ခံခဲ့ရတယ်။ ပြီးတော့ နန်ကုန်းမိသားစု တစ်ခုလုံးကိုပါ အပြစ်ပေးခဲ့မိလို့ ချီဝူတပ်ဖွဲ့ကြီးက ကျန်းကို စွန့်ခွာသွားခဲ့ကြတယ်။ အဲ့ဒီအတွက်ကြောင့် သာ့ယန်ဟာ ချူနဲ့ကျင်း တို့ရဲ့ သားကောင် ဖြစ်လာခဲ့ရတယ်။ ပြည်သူအများအပြားလည်း ကျန်းရဲ့အမှားကြောင့် ဒုက္ခဆင်းရဲ ခံစားခဲ့ရတယ်"
"ကျန်း... အပြစ်ရှိပါတယ်"
ပြောပြီးသည်နှင့် ဒုတိယ အရက်ခွက်ကိုလည်း ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်သည်။
မှူးမတ်များ၏ငိုကြွေးသံများကို လျစ်လျူရှုကာ ဧကရာဇ်ယန် ဆက်ပြောသည်။
"ဒီနေ့ ကျန်း ကိုယ့်အပြစ်ကိုယ်ဝန်ခံတဲ့ အမိန့်ပြန်တမ်းထုတ်ပြီး နောင်တရကြောင်း ဖော်ပြသလို နန်ကုန်းမိသားစုရဲ့ အပြစ်ကင်းစင်ကြောင်းကိုလည်း ပြန်လည် သတ်မှတ်ပေးလိုက်တယ်။ ဒါ့အပြင် နှုတ်မိန့်ပါ ထပ်ဆောင်း ချမှတ်လိုက်မယ်။ နန်ကုန်းမိသားစုက မျိုးဆက်ကျန်ရစ်ခဲ့မယ်ဆိုရင် နန်းတွင်းမှာ ပြန်လည် အမှုထမ်းနိုင်ပြီး မဖြစ်မနေနေရာပေးရမယ်"
ပြောပြီးနောက် ဧကရာဇ်ယန်သည် လျိုဝူကျီကို တမင်လှမ်းကြည့်လိုက်သည်။
နန်ကုန်းရှောင် (လီရှောင်) သည် မင်းဆရာကြီး၏တပည့်ဖြစ်ကြောင်း သူ စောစောကတည်းက သိထားပြီး ဖြစ်သည်။
အခု သူ အပြစ်ဝန်ခံတဲ့ အမိန့်ပြန်တမ်း ထုတ်လိုက်ပြီဖြစ်လို့ နန်ကုန်းရှောင်သာ နန်းတွင်းကို ပြန်လာပြီး အမှုထမ်းမယ်ဆိုရင် ချီဝူတပ်ရှိနေသရွေ့ သာ့ယန် လုံခြုံသွားပေလိမ့်မည်။
နောင်တွင် သူ မရှိတော့သည့်အခါ ဧကရာဇ်သစ် နန်းတက်လာလျှင် နန်ကုန်းမိသားစုနှင့် နန်းတွင်းကြား အာဃာတများ ပျောက်ကွယ်သွားမည်ဖြစ်ရာ နန်ကုန်းရှောင်သည် ဧကရာဇ်သစ်အတွက် နိုင်ငံကိုကာကွယ်ပေးမည့် လက်နက်ကောင်း ဖြစ်လာပေလိမ့်မည်။
လျိုဝူကျီက ဧကရာဇ်ယန်၏သဘောကို နားလည်သော်လည်း မတတ်သာသည့် အပြုံးဖြင့်သာ ပြုံးပြလိုက်သည်။
ရှောင်အာဆိုတဲ့ ကလေးက လူတွေထင်ထားတာထက် အငြိုးကြီးတတ်တယ်။ နန်ကုန်းမိသားစု အပြစ်လွတ်သွားရင်တောင်မှ ဒီလိုကိစ္စတွေ ဖြစ်ပျက်ပြီးနောက် သူက မုရုန်မိသားစုအတွက် အလုပ်အကျွေးပြုတော့မှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒါတွေက အရေးမကြီးတော့ပါဘူး။ နန်ကုန်းမိသားစု ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်ခြင်းက သူတို့ရဲ့ အကြီးမားဆုံး ဆန္ဒ ပြည့်ဝသွားခြင်းပင် ဖြစ်သည်။
မှူးမတ်များအားလုံး ဒူးထောက် ဦးညွှတ်လိုက်ကြသည်။
ထိုအခါမှ ဧကရာဇ်ယန်သည် ဟူကုန်းကုန်းကို သရဖူသိမ်းခိုင်းလိုက်ပြီး နဂါးပလ္လင်ပေါ်သို့ ပြန်ထိုင်လိုက်သည်။ သရဖူကို ပြန်မဆောင်းတော့ဘဲ ဆက်ပြောလိုက်သည်။
"ဒုတိယကိစ္စ..."
"မကြာသေးမီက မုရုန်ဘိုးဘေးတွေက ကျန်းရဲ့ လုပ်ရပ်တွေကို ကြည့်မရလို့ အိပ်မက်ထဲလာပြီး ကျန်းကို ဆုံးမကြတယ်။ ဘိုးဘေးတွေ ဆုံးမတာကို နာယူပြီးနောက် ကျန်းဟာ အရည်အချင်း ညံ့ဖျင်းပြီး သာ့ယန်ကို ဆက်လက်အုပ်ချုပ်ဖို့ မသင့်တော်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတယ်"
ဧကရာဇ်ယန်သည် အန်းယန်ဝမ်ကို လှမ်းကြည့်လိုက်သည်။
"ဒါကြောင့် ကျန်း ထီးနန်းစွန့်လွှတ်ပြီး အကြီးဆုံးသားတော်ဖြစ်တဲ့ အန်းယန်ဝမ်ကို ထီးနန်းလွှဲအပ်ဖို့ ဆုံးဖြတ်လိုက်တယ်"
ထိုစကား ထွက်လာသည်နှင့် တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားရသည်။ မှူးမတ်များအားလုံး ဒူးထောက်ပြီး အမိန့်ပြန်ရုပ်သိမ်းပေးရန် တောင်းဆိုကြသည်။ အန်းယန်ဝမ်ကလည်း လိုက်ပါ ဒူးထောက်ပြီး ခမည်းတော်ကို အမိန့်ရုပ်သိမ်းပေးရန် တောင်းပန်လေသည်။
သို့သော် ဧကရာဇ်ယန်က ဂရုမစိုက်ဘဲ သရဖူကိုကိုင်လျက် ပလ္လင်ပေါ်မှ ဆင်းလာခဲ့သည်။
အန်းယန်ဝမ်ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။
အန်းယန်ဝမ်သည် သူ့ထံ လျှောက်လာသော ခမည်းတော်ကို ကြည့်ရင်း ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများ ရောပြွမ်းနေမိသည်။
"မင်းက ကျန်းရဲ့ သားအကြီးဆုံး ဖြစ်သလို အရည်အချင်းလည်း ရှိတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက်လည်း စိတ်နှလုံး ကောင်းမွန်တယ်။ ဘိုးဘေးတွေကလည်း မင်းကို တာဝန်ထမ်းဆောင်ဖို့ ထိုက်တန်တယ်လို့ ယူဆကြတယ်။ ကျန်း ယုံကြည်ပါတယ်... မင်းလက်ထက်ကျရင် ကံဆိုးမိုးမှောင်ကျတာတွေ ပျောက်ကွယ်ပြီး သာ့ယန်ကြီး ရေရှည် တည်တံ့ခိုင်မြဲပါလိမ့်မယ်။"
***