ထီးနန်းလွှဲအပ်ခြင်း
Vol. 21 Ch. 434
ပြောပြီးသည်နှင့် ဧကရာဇ်ယန်သည် သရဖူကို အန်းယန်ဝမ်၏ ခေါင်းပေါ်သို့ တင်ပေးရန် ပြင်လိုက်သည်။
အန်းယန်ဝမ် အလျင်အမြန် ရှောင်ဖယ်လိုက်သည်။
"သားတော်က အရည်အချင်းလည်းမရှိ၊ ပါရမီလည်းမမီတဲ့အတွက် ဒီလောက်ကြီးလေးတဲ့ တာဝန်ကို မထမ်းဆောင်နိုင်ပါဘူး။ ခမည်းတော် အမိန့်ကို ပြန်ရုပ်သိမ်းပေးပါ။"
ဧကရာဇ်ယန် ပြန်မပြောနိုင်ခင်မှာပင် အန်းယန်ဝမ်က ဆက်ပြောသည်။
"ခမည်းတော်က သက်တော်ရှည်ပြီး ကျန်းမာသန်စွမ်းနေဆဲပဲဟာ... ယန်တိုင်းပြည်ကို နောက်ထပ် ရွှေခေတ်တစ်ခေတ် ဆီရောက်အောင် ဦးဆောင်နိုင်မှာပါ။"
မှူးမတ်များကလည်း ဝမ်ရယ်၏စကားကို ထောက်ခံကြသည်။
သို့သော် ဧကရာဇ်ယန်သည် သရဖူကို ပြန်မရုပ်သိမ်းဘဲ ဆက်ကိုင်ထားဆဲပင်။
"ကျန်းမင်းကို လုပ်နိုင်တယ်လို့ ပြောရင် မင်းလုပ်နိုင်ရမယ်။ ပြီးတော့ ကျန်းတစ်ယောက်တည်း ဒီလိုထင်တာ မဟုတ်ဘူး။ ဘိုးဘေးတွေ အိပ်မက်ပေးတုန်းကလည်း မင်းကို သဘောကျကြတယ်။ ဒါကြောင့် ကျန်း ဘိုးဘေးတွေရဲ့ အမိန့်ကို နာခံရမယ်။ ဒါ့အပြင် ဘိုးဘေးတွေက ကျန်းရဲ့ သက်တမ်းကုန်တော့မယ်ဆိုတာကိုလည်း အိပ်မက်ပေးပြီး သတိပေးထားကြတယ်။
ဒါကြောင့်သာ ဒီနေ့ ကျန်းမင်းကို အလျင်စလို ထီးနန်းလွှဲပေးရတာပေါ့။" ဧကရာဇ်ယန်၏အသံမှာ တင်းမာနေပြီး ငြင်းဆန်ခွင့်မရှိသော အမိန့်သံ ပါဝင်နေသည်။
"အိပ်မက်ဆိုတာမျိုးကို ဘယ်လိုလုပ် အတည်ယူလို့ ရမှာလဲ ခမည်းတော်... ခမည်းတော်က သန်စွမ်းနေတုန်းပဲဟာ..." အန်းယန်ဝမ်က ဆက်လက် ငြင်းဆန်နေဆဲ။
"ဒါ ကျန်းရဲ့ အမိန့်... မင်း အမိန့်ကို ဖီဆန်ချင်တာလား..." ဧကရာဇ်ယန် ရုတ်တရက် အော်ဟစ်လိုက်သည်။
တစ်ခဏချင်းတွင် ညီလာခံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
"ကျန်း အခု အမိန့်ထုတ်မယ်... အန်းယန်ဝမ်ကို ထီးနန်းလွှဲအပ်လိုက်ပြီ။ အခုချက်ချင်း နန်းတက်ရမယ်။"
ပြောပြီးသည်နှင့် ဧကရာဇ်ယန်သည် လှည့်ထွက်သွားပြီး အပေါ်ဘက်တွင် ရပ်နေသော လျိုဝူကျီကို လှမ်းကြည့်လိုက်သည်။
"နန်းတက်ပွဲ အခမ်းအနားကိုတော့ ကျန်း နတ်ရွာစံပြီးမှ နေ့ကောင်းရက်သာ ရွေးပြီး ကျင်းပကြ။ မင်းဆရာကြီးက ဦးဆောင်ကျင်းပပေးပါ။"
ထိုအချိန်တွင် မှူးမတ်များအားလုံး ဧကရာဇ် ရူးသွားပြီဟု ထင်မှတ်လိုက်ကြသည်။
ဘာအကြိုနိမိတ်မှ မရှိဘဲ အိမ်ရှေ့စံခန့်အပ်ခြင်းအဆင့်ကိုကျော်ကာ အန်းယန်ဝမ်ကို တန်းပြီး ထီးနန်းလွှဲပေးလိုက်သည်။
ဒါတင် မကသေးဘူး... သူ မကြာခင် နတ်ရွာစံတော့မယ်လို့လည်း ပြောသေးတယ်။ ပြီးတော့ ဧကရာဇ်သစ်ရဲ့ နန်းတက်ပွဲအတွက် မင်းဆရာကြီးကို ကြိုတင်စီစဉ်ခိုင်းနေပြန်တယ်။
မှူးမတ်များ ပိုအံ့သြသွားရသည်မှာ နောက်ဆက်တွဲ ဖြစ်ရပ်ကြောင့်ပင်။
လျိုဝူကျီသည် ဧကရာဇ်ယန်ကို ဦးညွှတ်လိုက်ပြီး...
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ဟု ပြန်လည် ဖြေကြားလိုက်သည်။
ညီလာခံခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
မင်းဆရာကြီးက ဘယ်လိုဖြစ်ပြီး...
ချက်ချင်းပင် မှူးမတ်အချို့ အခြေအနေ မူမမှန်သည်ကို ရိပ်စားမိလိုက်ကြသည်။
မင်းဆရာကြီးက နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်သူလေ... ဒါဆို အရှင်မင်းကြီး ပြောတာတွေက တကယ်ပဲ ဖြစ်နေတာလား။
ထိုအချက်ကို တွေးမိပြီး လူအတော်များများ ငြိမ်ကျသွားကြသည်။ ဧကရာဇ်ယန်ကို ဆက်လက် ကန့်ကွက်ရဲသူ မရှိတော့ပေ။
ထိုအခြေအနေကို မြင်သောအခါ ဧကရာဇ်ယန်သည် လျိုဝူကျီကို တစ်ချက်ကြည့်လိုက်မိသည်။
မင်းဆရာကြီးက နန်းတွင်းအပေါ်လွှမ်းမိုးမှု တော်တော်ကြီးမားတာပဲဟု စိတ်ထဲ တွေးမိလိုက်သည်။
သို့သော် မင်းဆရာကြီးသည် ယန်တိုင်းပြည်အတွက် စေတနာမှန်သည်ကို သိထားသဖြင့် သံသယစိတ်များကို ဖယ်ရှားလိုက်သည်။
ထို့နောက် သရဖူကို အန်းယန်ဝမ်၏ခေါင်းပေါ်သို့ တင်ပေးလိုက်လေသည်။
ဒီတစ်ကြိမ်တွင်တော့ အန်းယန်ဝမ် ငြင်းဆန်ခြင်း မပြုတော့ဘဲ ဧကရာဇ်ယန် ပြုသမျှ နုလိုက်လေသည်။
ခဏအကြာတွင် ဧကရာဇ်ယန်သည် အန်းယန်ဝမ်ကို ကိုယ်တိုင်တွဲထူပေးပြီး နဂါးပလ္လင်ရှိရာသို့ ခေါ်ဆောင်သွားသည်။
ထို့နောက် အန်းယန်ဝမ်ကို နဂါးပလ္လင်ပေါ်တွင် ကိုယ်တိုင်ထိုင်စေလိုက်၏။
ပြီးနောက် ဧကရာဇ်ယန် လှည့်ထွက်လာပြီး မှူးမတ်များဘက်သို့ မျက်နှာမူလိုက်သည်။
"ဧကရာဇ်သစ်ကို အရိုအသေ မပြုကြသေးဘူးလား..." ဟု သတိပေးလိုက်သည်။
မှူးမတ်များအားလုံး ကြောင်နေကြဆဲ။
ထိုစဉ် လျိုဝူကျီက အရှေ့သို့ တစ်လှမ်းတိုးထွက်လာသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... နှောင်းဧကရာဇ်ကို ဂါရဝပြုပါတယ်..." သားအဖနှစ်ယောက်လုံးကို ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
ထိုစကားထွက်လာမှ မှူးမတ်များ အားလုံး သတိဝင်လာပြီး ပြိုင်တူ ဒူးထောက် ဦးညွှတ်ကြလေသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... နှောင်းဧကရာဇ်ကို ဂါရဝပြုပါတယ်..."
ဤသို့ဖြင့် အန်းယန်ဝမ်သည် အောင်မြင်စွာ နန်းတက်နိုင်ခဲ့ပြီး သာ့ယန်၏ ဧကရာဇ်သစ် ဖြစ်လာခဲ့လေသည်။
.....
နန်းတော်အပြင်ဘက်၊ ပထမမင်းသား၏ အိမ်တော်။
လီဝမ် အိမ်တော်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် နန်းတော်တွင်းမှ သတင်းများ ရောက်ရှိလာသည်။
အကြီးမားဆုံးသတင်းမှာ ဧကရာဇ်ယန် ထီးနန်းစွန့်ပြီး အန်းယန်ဝမ်ကို လွှဲပေးလိုက်သည့် သတင်းပင် ဖြစ်သည်။
ဒုတိယသတင်းမှာမူ ဧကရာဇ်ယန်သည် ထီးနန်းမစွန့်မီ 'ကိုယ့်အပြစ်ကိုယ် ဝန်ခံသည့် အမိန့်ပြန်တမ်း' ထုတ်ပြန်ခဲ့ပြီး နန်ကုန်းမိသားစု၏ အပြစ်များကို ပယ်ဖျက်ပေးခဲ့ကြောင်း ဖြစ်သည်။
သတင်းကြားလိုက်သည်နှင့် လီရှောင်၏ခေါင်းထဲ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည်။
အရင်က သူ နားမလည်ခဲ့သော အချက်များကို ချက်ချင်း သဘောပေါက်သွား၏။ သူ့စိတ်ထဲ အဖုအထစ် ဖြစ်နေခဲ့သော ခံစားချက်များလည်း ချက်ချင်း ပျောက်ကွယ်သွားရသည်။
မတ်တတ်ထရပ်လိုက်ပြီး အပြင်သို့ ပြေးထွက်ကာ အစ်မဖြစ်သူကိုသွားရှာရန် ပြင်လိုက်သည်။
သူ မှားသွားခဲ့သည်။ သူ့အတွေးတွေ သိပ်ကျဉ်းမြောင်းခဲ့သည်။
အစ်မက ဧကရာဇ်ယန်အပေါ် သံယောဇဉ်မပြတ်နိုင်လို့ မြို့တော်ကို လိုက်လာတာဟု သူ ထင်ခဲ့မိသည်။
သူ အစ်မကို တောင်းပန်ရမည်။ သူ့အတ္တကြီးခဲ့မိတာတွေအတွက် အစ်မဆီက ခွင့်လွှတ်မှု တောင်းခံရမည်။
ခြံဝင်းထဲမှ ပြေးထွက်လိုက်သည်နှင့် သူ့ဘက်သို့ လျှောက်လာနေသော လီဝမ်နှင့် လင်းရှောင်ယွဲ့တို့ကို တွေ့လိုက်ရသည်။
နှစ်ယောက်သား ရယ်ရယ်မောမော စကားပြောလာကြသည်။ ပျော်စရာကိစ္စတစ်ခုခု ပြောနေကြသလိုပင်။
သူ့ကို မြင်သောအခါ လက်လှမ်းပြ နှုတ်ဆက်ကြသည်။
လီရှောင် စိတ်ထဲ နေရခက်နေသလို အားနာစိတ်များလည်း ဖြစ်ပေါ်လာသည်။ သူတို့နှစ်ယောက်ဆီသို့ အမြန် လျှောက်သွားလိုက်၏။
မနေ့က ဇနီးလေး၏ စကားကို နားမထောင်ခဲ့မိသောကြောင့် ဇနီးလေးက သူ့ကို စကားမပြောဘဲ နေခဲ့သည်။ အချိန်အများစုကို အစ်မနှင့်သာ ကုန်ဆုံးနေခဲ့သည်။
အခုတော့ သူ့ကို ပြန်ပြီး စကားပြောလာခဲ့ပြီ။
ကြည့်ရတာ အစ်မ မျက်နှာကို ထောက်ထားပြီး ပြန်ခေါ်တာ ဖြစ်လောက်သည်။
ထိုသို့ တွေးမိပြီး လီရှောင်သည် အစ်မဖြစ်သူအပေါ် ပိုပြီး အားနာသွားရသည်။
နှစ်ယောက်သား ရှေ့သို့ အမြန်ရောက်သွားပြီး လီရှောင် နှုတ်ဆက်လိုက်သည်။
"အစ်မ..."
လီဝမ်က ပြုံးလျက် လီရှောင်ကို ကြည့်လိုက်သည်။ "သတင်းရပြီးပြီလား" ဟု မေးလိုက်သည်။
လီရှောင် မျက်နှာ အနည်းငယ် ရှက်သွေးဖြန်းသွားသည်။
"ဟုတ်ကဲ့"
လီဝမ်၏အမူအရာ ပြေလျော့သွားပြီး စိတ်သက်သာရာ ရသွားပုံရသည်။
"နန်းတွင်းအခြေအနေလည်း တည်ငြိမ်သွားပြီဆိုတော့ အစ်မလည်း ချင်းရှီမြို့ကို ပြန်တော့မယ်"
ပြောရင်းဖြင့် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။
"စက်မှုဇုန်ကိစ္စတွေကို အစ်မ စိတ်မချဘူး"
လင်းရှောင်ယွဲ့ ကြောင်သွားပြီးနောက် ရယ်ချင်သွားသည်။
"အိမ်တော်ထိန်းဖန်း ရှိနေတာပဲဟာ... ဘာမှ ပြဿနာမတက်ပါဘူး"
လီဝမ်က ခေါင်းခါလိုက်သည်။
"စီမံကိန်းက အရမ်းကြီးတယ်။ နေရာအတော်များများမှာ အခြေအနေတွေက မတူကြဘူး။ အိမ်တော်ထိန်းဖန်း တစ်ယောက်တည်းဆိုရင် ရုတ်တရက် နိုင်နင်းမှာ မဟုတ်ဘူး။ အစ်မ ကိုယ်တိုင်ပြန်သွားပြီး ကြပ်မတ်မှ စိတ်ချရမှာ"
လင်းရှောင်ယွဲ့သည် အစ်မဖြစ်သူ၏ အလုပ်အပေါ်ထားရှိသော စိတ်စေတနာကို အံ့သြမိသည်။
သူမ၏အစ်မသည် နေရာမှား၊ ဘဝမှားပြီး မွေးလာခဲ့သူဟုပင် ခံစားမိလိုက်သည်။ မွေးရာပါ စီးပွားရေးလုပ်ငန်းရှင် အလောင်းအလျာလေးပင်။ ပါရမီကို ခဏထားဦး၊ ဒီလို စိတ်ဓာတ်မျိုးက လူတိုင်းမှာ ရှိတာ မဟုတ်ပေ။
"ရှောင်အာ... မင်း စီစဉ်ပေးပါဦး။ မနက်ဖြန် အစ်မ ချင်းရှီမြို့ကို ပြန်မယ်" လီဝမ်က လီရှောင်ကို လှမ်းပြောလိုက်သည်။
လီရှောင်လည်း အံ့သြသွား၏။ ချက်ချင်း လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။ ဇနီးသည်က ခေါင်းညိတ်ပြမှသာ သူ လက်ခံလိုက်သည်။
"ဟုတ်ကဲ့ပါ"
မောင်ဖြစ်သူ၏ပုံစံကို မြင်ရတော့ လီဝမ် မရယ်ဘဲ မနေနိုင်တော့။
သူတို့အိမ်က မောင်ဆိုတဲ့ ဂြိုလ်ဆိုးလေးက သူ့မိန်းမလက်ထဲကျမှပဲ ငြိမ်ကျသွားတော့တာကိုး။
"ဒါဆို သွားစီစဉ်လိုက်တော့... ပြီးရင် အစ်မခြံဝင်းထဲ လာခဲ့။ နေ့လယ်စာ အတူတူ စားကြမယ်" ဟု လီဝမ်က ပြောလိုက်သည်။
လီရှောင် လင်းရှောင်ယွဲ့ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။
"ဟုတ်ကဲ့" ထို့နောက်မှ လီဝမ်ကို ဖြေကြားပြီး လှည့်ထွက်သွားလေသည်။
လီဝမ်က လင်းရှောင်ယွဲ့ကို ပြုံးဖြီးဖြီး ကြည့်လိုက်သည်။
"မင်း သူ့ကို ဘာပြောလိုက်သေးလဲ။ မင်းကို တော်တော်ကြောက်နေသလိုပဲ" လင်းရှောင်ယွဲ့ကို မေးလိုက်သည်။
လင်းရှောင်ယွဲ့ မျက်နှာလေး ရဲသွားသည်။
"ဘာမှ မပြောပါဘူး။ အရင်တုန်းက အစ်မကို အထင်လွဲခဲ့တာဆိုတော့ အခု သူ လိပ်ပြာမလုံ ဖြစ်နေတာ နေမှာပါ"
အရင်က လီရှောင်ကို ပညာပေးထားတဲ့ အကြောင်းတော့ အစ်မကို သူ ပြောပြမည် မဟုတ်ပေ။
"ဟားဟား..." လီဝမ် သဘောကျစွာ ရယ်မောလိုက်ပြီး လင်းရှောင်ယွဲ့ကိုဆွဲကာ ပြန်လျှောက်သွားကြလေသည်။
......
လွန်ခဲ့သော နာရီဝက်ခန့်က၊ ဧကရာဇ်ယန်၏ နန်းဆောင်။
ညီလာခံ ပြီးဆုံးပြီးနောက် နန်းဆောင်ထဲသို့ မဝင်ရသေးခင်မှာပင် ဧကရာဇ်ယန်၏ကျန်းမာရေးအခြေအနေ ရုတ်ခြည်း ယိုယွင်းလာခဲ့သည်။
ခန်းမထဲသို့ ဝင်လိုက်သည်နှင့် တိုက်ရိုက်ပင် လဲကျသွားတော့သည်။
ကံကောင်းထောက်မစွာ နောက်မှ လူတစ်ယောက်လိုက်ပါလာသဖြင့် မြေကြီးပေါ် မကျခင် အချိန်မီ ဖမ်းထိန်းထားလိုက်နိုင်၏။
"နှောင်းဧကရာဇ်..." ဟူကုန်းကုန်း စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နန်းတွင်းအစေခံများကို ခေါ်ကာ ဧကရာဇ်ယန်အား နဂါးခုတင်ပေါ်သို့ တင်ပေးလိုက်သည်။
"သမားတော် ခေါ်ကြပါ။" ဟူကုန်းကုန်း စိတ်ပူပန်စွာ အော်ပြောလိုက်သည်။
ကိုယ်ရံတော်တစ်ဦး အပြင်သို့ အမြန်ပြေးထွက်သွားသည်။
ယခုအချိန် ကုတင်ပေါ်တွင် လဲလျောင်းနေသော ဧကရာဇ်ယန်၏ အသက်ရှူသံနှင့် ပုံစံမှာ အလွန် အားနည်းနေပြီး အသက်ရှူရန်ပင် ခဲယဉ်းနေသကဲ့သို့ ဖြစ်နေသည်။
"မင်းဆရာကြီးကို ခေါ်ပေးပါ" ထိုသို့ ဖြစ်နေသည့်ကြားမှ ဧကရာဇ်ယန်သည် မောဟိုက်စွာ ပြောလိုက်သည်။
ဟူကုန်းကုန်း ကြားသည်နှင့် အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"နှောင်းဧကရာဇ်က မင်းဆရာကြီးကို တွေ့လိုပါတယ်... မင်းဆရာကြီး ကြွပါ။"
ဧကရာဇ်သစ် မုရုန်ရွှီယန်နှင့် အခြားအမတ်ကြီးများသည် လျိုဝူကျီကို ဝိုင်းကြည့်လိုက်ကြသည်။
လျိုဝူကျီသည် သူတို့ကို ဂရုမစိုက်ဘဲ နဂါးခုတင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
"နှောင်းဧကရာဇ်..." ကုတင်ပေါ်ရှိ ဧကရာဇ်ယန်ကို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
ဧကရာဇ်ယန်က လက်ကို မနိုင်မနင်း မြှောက်ကာ အပြင်ဘက်သို့ ဝှေ့ယမ်းပြလိုက်သည်။ "ကျန်တဲ့လူတွေ အပြင်ထွက်နေကြ..."
ဟူကုန်းကုန်းက လျိုဝူကျီကို တစ်ချက်ကြည့်လိုက်သည်။
"နှောင်းဧကရာဇ် အမိန့်ရှိပါတယ်... ကျန်တဲ့လူတွေ အပြင်ထွက်နေပေးကြပါ" ဟု အသံကျယ်ကျယ်ဖြင့် ထပ်ဆင့်ပြောလိုက်သည်။
ထို့နောက် တခြားလူများနှင့်အတူ အပြင်သို့ ထွက်ခွာသွားလေသည်။
ခန်းမထဲမှ လူများ ထွက်သွားပြီးနောက် ခန်းမကြီးသည် တိတ်ဆိတ်သွားပြီး အလင်းရောင် မှိန်ဖျော့ဖျော့သာ ရှိတော့သည်။ ဧကရာဇ်ယန်သည် အားနည်းစွာဖြင့် လျိုဝူကျီကို လှမ်းကြည့်လိုက်သည်။
"အဟွတ်... ဟားဟား... ဝူကျီ... ညီအစ်ကို..." သူက ပြုံးပြီး နှုတ်ဆက်ချင်သော်လည်း ချောင်းဆိုးသံ ပါသွားသဖြင့် အပြုံးမှာ နာကျင်မှုများနှင့် ရောပြွမ်းနေသည်။
လျိုဝူကျီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
"နှောင်းဧကရာဇ်... စိတ်မလှုပ်ရှားပါနဲ့" ဟု သတိပေးလိုက်သည်။
ညီအစ်ကိုဝူကျီ ဟုတ်လား... ဒီနာမည်ကို မကြားရတာ ဘယ်နှနှစ်ရှိပြီလဲ။
မှန်ပါသည်။ သူနှင့် ဧကရာဇ်ယန်သည် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြသည်။
တစ်ယောက်က ဝမ်ရယ်၊ တစ်ယောက်က မင်းဆရာကြီးရဲ့ တပည့်။ ထိုစဉ်က သူတို့ သူငယ်ချင်း ဖြစ်ခဲ့ကြဖူးသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။
ဧကရာဇ်ယန်က အားနည်းစွာ ပြုံးလိုက်သည်။
"ငါ့စိတ်ထဲ ဘာလှုပ်ရှားမှုမှ မရှိပါဘူး... အခု ငါ့စိတ်က အရမ်း... အဟွတ် အဟွတ်... အရမ်း ငြိမ်းချမ်းနေပါတယ်"
ဆန္ဒတွေ ပြည့်သွားပြီ။ ထီးနန်းလည်း လွှဲပေးပြီးပြီ။ အခု သူ့မှာ တာဝန်လည်း မရှိတော့ဘူး။ သံယောဇဉ် တွယ်စရာလည်း မကျန်တော့ဘူး။ ဒါက ကောင်းပါတယ်။
ဧကရာဇ်ယန် ထပ်မံ ချောင်းဆိုးလာသည်ကို မြင်သောအခါ လျိုဝူကျီသည် မျက်မှောင်ကြုတ်လိုက်မိသည်။
ထပ်ပြီး သတိပေးစကား ပြောရန် ပြင်လိုက်စဉ် ဧကရာဇ်ယန်က ဦးအောင် ပြောလိုက်သည်။
"ညီအစ်ကိုဝူကျီ... ငါ အခု လွတ်မြောက်သွားပြီ" ဧကရာဇ်ယန်က လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်သည်။
"မသွားခင်လေးမှာ သူငယ်ချင်းဟောင်းနဲ့ စကားစမြည် ပြောချင်လို့ပါ"
လျိုဝူကျီ၏မျက်နှာထား ရှုပ်ထွေးသွားသည်။
"ပြောပါ နှောင်းဧကရာဇ်"
"ထိုင်ပါဦး" ဧကရာဇ်ယန်က ပြုံးရင်း ဘေးနားရှိ နေရာကို ပုတ်ပြလိုက်သည်။
လျိုဝူကျီသည် ဧကရာဇ်ယန်ကို တစ်ချက်ကြည့်ပြီး မငြင်းဆန်တော့ဘဲ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
ဧကရာဇ်ယန် မျက်နှာမှာ ပြုံးရွှင်နေဆဲ။
"အဟွတ် အဟွတ်... အဲ့ဒီတုန်းက ငါက ခမည်းတော်ရဲ့ ဆဌမမြောက်သားတော်လေ... အသက်အရွယ်၊ ဉာဏ်ရည်၊ အရည်အချင်း ဘာတစ်ခုမှ အစ်ကိုကြီး၊ အစ်ကိုလတ်နဲ့ အစ်ကိုလေးတို့ကို မမီခဲ့ပါဘူး။ အဲ့ဒီတုန်းက ငါ့မှာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ မရှိခဲ့ပါဘူး။ အသက်ဆက်ရှင်ချင်ရုံ သက်သက်ပါပဲ..."
လျိုဝူကျီ နားထောင်နေပြီး ဘာမှတ်ချက်မှ မပေးပေ။
"ဒါပေမဲ့ သူတို့က ငါ့ကို အဆင့်ဆင့် ဖိအားပေးလာကြတယ်။ ငါ မပုန်ကန်လို့ မရအောင်ကို ဖိအားပေးခဲ့ကြတာ" ပြောရင်းဖြင့် ဧကရာဇ်ယန် မျက်မှောင်ကြုတ်လိုက်သည်။
"နောက်ဆုံးတော့ သူတို့သေပြီး ငါ အနိုင်ရခဲ့တယ်။ အဲ့ဒီနောက် ငါ နဂါးပလ္လင်ပေါ် ရောက်သွားပြီး ဆယ်စုနှစ်များစွာ ဧကရာဇ် လုပ်ခဲ့ရတယ်။ ငါ ဧကရာဇ်ကောင်း တစ်ပါး ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့... တစ်လှမ်းမှားတော့ အကုန်မှားကုန်တာပဲ"
အတိတ်ကို ပြန်တွေးမိသကဲ့သို့ ဧကရာဇ်ယန်၏မျက်နှာတွင် နာကျင်ရိပ်များ ပေါ်လာသည်။
အတိတ်က အဖြစ်အပျက်များ အလွန် ဆိုးရွားလွန်းသဖြင့် ဧကရာဇ်ယန် မျက်လုံးများကို မှိတ်ထားလိုက်သည်။
အချိန်အတော်ကြာမှ မျက်လုံးပြန်ဖွင့်ပြီး ဆက်ပြောသည်။
"ငါ နန်ကုန်းမိသားစုကို လက်မလွန်ခဲ့သင့်ဘူး။ ပြီးတော့... မင်းကိုလည်း မဖျက်ဆီးခဲ့သင့်ဘူး"
လျိုဝူကျီ၏ မျက်နှာထား နောက်ဆုံးတော့ ပြောင်းလဲသွားသည်။
သို့သော် ခဏအကြာတွင် ပုံမှန်ပြန်ဖြစ်သွားသည်။
"အရာအားလုံး ပြီးသွားပါပြီ" ဟု ပြောလိုက်၏။
ထိုစကားသည် သူ အလုံးစုံ သိပြီးဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းပင်။
ဧကရာဇ်ယန် ဖြူဖျော့စွာ ပြုံးလိုက်သည်။
"ငါ မင်းကို တောင်းပန်စကား တစ်ခွန်း ပြောဖို့ အကြွေးကျန်နေသေးတယ်"
လျိုဝူကျီ၏ခန္ဓာကိုယ် တောင့်သွားပြီး ပြန်မပြောပေ။
"ငါ သွားရတော့မယ်။ မသွားခင်လေးမှာ အကြွေးတွေ ကျေအောင် ဆပ်ခဲ့ပါရစေ။ တောင်းပန်စကား ပြောလိုက်ရမှ ငါ စိတ်အေးလက်အေး ရှိမှာမို့ပါ"
ပြောရင်းဖြင့် ဧကရာဇ်ယန်သည် လျိုဝူကျီ၏လက်ကို လှမ်းဆွဲရန် ကြိုးစားလိုက်သည်။
သို့သော် သူ့လက်မောင်းများ လုံးဝ အားမရှိတော့ကြောင်း တွေ့လိုက်ရသည်။
အကြိမ်ကြိမ် ကြိုးစားပြီးမှ ဧကရာဇ်ယန် လက်လျှော့လိုက်တော့သည်။
"ဟားဟား..." ဧကရာဇ်ယန် ရယ်မောလိုက်သည်။
ရယ်မောရင်းဖြင့် မျက်လုံးများ မှိတ်သွားလေသည်။
လျိုဝူကျီ ရင်ထဲ ခံစားချက်များ ရှုပ်ထွေးနေသည်။
အချိန်အတော်ကြာ စောင့်ကြည့်နေသော်လည်း ဧကရာဇ်ယန် ပြန်ထမလာတော့သဖြင့် မျက်နှာပျက်သွားသည်။
လက်ကို ဆန့်ထုတ်၍ ဧကရာဇ်ယန်၏ နှာခေါင်းဝ၌ အသက်ရှူ ရှိမရှိ စမ်းသပ်ကြည့်လိုက်သည်။
ခဏအကြာတွင် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ဧကရာဇ်ယန်၏ရုပ်အလောင်းကို ကြည့်ရင်း ခဏတာ မတ်တတ်ရပ်နေမိသည်။
ထို့နောက် စိတ်ခံစားချက်များကို ငြိမ်သက်အောင်လုပ်ပြီး အပြင်ဘက်သို့ လှည့်ထွက်လာခဲ့သည်။
တံခါးဖွင့်ပြီး အပြင်ထွက်လိုက်သည်။
ယခုအချိန် ကောင်းကင်ကြီး သာယာနေပြီး ဆောင်းတွင်း၏ ရှားပါးသော နေရောင်ခြည် နွေးနွေးလေး ကျရောက်နေသည်။
နေရောင်အောက်မှ နန်းတော်ကြီးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် လျိုဝူကျီ နှုတ်မှ စကားသံ ထွက်ပေါ်လာသည်။
"နှောင်းဧကရာဇ်... နတ်ရွာစံပါပြီ"
တစ်ခဏချင်းတွင် မှူးမတ်များ ဒူးထောက်ကာ ငိုကြွေးသံများ ဆူညံသွားတော့သည်။
မလှမ်းမကမ်းတွင် ကွေ့ဖေးမယ်မယ်... အိုး... အခုတော့ မယ်တော်ကြီး ဖြစ်သွားပြီ။ နန်းတွင်းသူ တစ်ဦး၏တွဲကူမှုဖြင့် ထိုနေရာသို့ တရွတ်တိုက် လာနေသည်။
နှောင်းဧကရာဇ် နတ်ရွာစံပြီ ဆိုသော သတင်းကို ကြားလိုက်ရသည်နှင့် မြေကြီးပေါ်သို့ ခွေခွေလေး လဲကျသွားရှာသည်။
ဘေးနားမှ လူများ လန့်ဖျပ်သွားပြီး အော်ဟစ်ကာ တွဲထူကြသည်။
ဧကရာဇ်သစ် မုရုန်ရွှီယန်သည် မယ်တော် လဲကျသွားသည်ကို မြင်၍ သွားထူချင်သော်လည်း ယခု သူ့ရာထူးဂုဏ်ဒြပ်ကြောင့် စိတ်ထိန်းလိုက်ရသည်။
"ခမည်းတော် နတ်ရွာမစံခင်မှာ ဘာများ မှာကြားခဲ့ပါသေးသလဲ" ရင်ထဲမှ ထိတ်လန့်ဝမ်းနည်းမှုများကို ဖိနှိပ်လျက် မုရုန်ရွှီယန်က လျိုဝူကျီကို မေးလိုက်သည်။
လျိုဝူကျီ ခေါင်းခါလိုက်သည်။
"မရှိပါဘူး။ နှောင်းဧကရာဇ်က အရာအားလုံးကို စီစဉ်ပြီးပါပြီ။ နောက်ဆုံးအချိန်မှာ ပြုံးပြီးတော့ အေးအေးချမ်းချမ်းပဲ ထွက်ခွာသွားပါတယ်"
မုရုန်ရွှီယန် ထိုစကားကို ကြားမှ စိတ်သက်သာရာ ရသွားသည်။
သို့သော် မလှမ်းမကမ်းမှ မယ်တော်ကြီးကတော့ ထိုစကားကို ကြားလိုက်ရသောအခါ ရူးမတတ် ခံစားလိုက်ရသည်။
ရှူးဖေးကို တွေ့ဖို့အတွက် ဟွေးကွမ်းဆေးကို မဖြစ်မနေ သောက်သုံးခဲ့တယ်။ ပြီးတော့ သေရတော့မယ်ဆိုတာ သိလျက်နဲ့ နောက်ဆုံးကိစ္စတွေကို စီစဉ်ခဲ့တယ်။
သူတွေ့ချင်တဲ့ လူတိုင်းကို တွေ့ခဲ့တယ်။ နောက်ဆုံးမှာ မင်းဆရာကြီးကိုတောင် သီးသန့် တွေ့ဆုံခဲ့သေးတယ်။
ဒါပေမဲ့ အဲ့ဒီလူတွေထဲမှာ သူမ တစ်ယောက်တည်း မပါဝင်ခဲ့ဘူး...။
လင်မယားသက်တမ်း သုံးဆယ်ကျော်ပြီ... သူတို့ ငယ်စဉ်ကတည်းက လက်တွဲလာခဲ့ကြတာ။
နှောင်းဧကရာဇ်က သူမအပေါ် သိပ်ရက်စက်လွန်းတယ်...
"မယ်တော်ကြီး..." နန်းတွင်းသူလေး စိတ်ပူစွာ ခေါ်လိုက်သော်လည်း အသံကျယ်ကျယ် မထွက်ရဲရှာ။
မယ်တော်ကြီး စိတ်ဆိုးမှာ ကြောက်သောကြောင့် ဖြစ်သည်။
မယ်တော်ကြီးသည် ပြင်းထန်စွာ အသက်ရှူနေပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ထို့နောက် သူမ၏ အဝတ်အစားနှင့် ဆံပင်များကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်လိုက်၏။
ကျက်သရေရှိသော အမူအရာဖြင့် မုရုန်ရွှီယန်နှင့် လူအများရှိရာသို့ လျှောက်လာခဲ့သည်။
သူမကို မတွေ့ချင်တော့ရော ဘာဖြစ်လဲ။
သူ သေသွားပြီ။ သူမ သားက ဧကရာဇ် ဖြစ်လာပြီ။ သူမလည်း မယ်တော်ကြီး ဖြစ်လာပြီ။ သူမ သေဆုံးသွားတဲ့အခါ သူ့ရဲ့ ဂူသင်္ချိုင်းထဲမှာ အတူတူ မြှုပ်နှံခံရမှာ။
အဲ့ဒီကျရင် နှစ်ပေါင်းသောင်းချီ သူ့ဘေးမှာ နေရမယ့်သူက သူမပဲ ဖြစ်နေဦးမှာ...။
.....
ပထမမင်းသား၏ အိမ်တော်။
လီရှောင်သည် လီဝမ် နောက်နေ့တွင် ချင်းရှီမြို့သို့ ပြန်နိုင်ရန် စီစဉ်ပေးပြီးနောက် အခြားအသေးအဖွဲကိစ္စများကိုပါ ဖြေရှင်းလိုက်သည်။
အိမ်တော်သို့ ပြန်ရောက်ပြီး လီဝမ်၏ခြံဝင်းထဲတွင် နေ့လယ်စာစားရန် ပြင်ဆင်နေစဉ်မှာပင် နန်းတွင်းမှ သတင်းထပ်ရောက်လာပြန်သည်။
ဧကရာဇ်ယန် နတ်ရွာစံပြီဆိုသော သတင်းကြောင့် လီရှောင် မျက်နှာပျက်သွားသည်။
အချိန်မဆွဲရဲတော့ဘဲ လီဝမ်၏ခြံဝင်းထဲသို့ အမြန်ပြေးသွားလိုက်သည်။
ခြံဝင်းအပြင် ရောက်သည်နှင့် လူတစ်ယောက်က လီဝမ်နှင့် လင်းရှောင်ယွဲ့အား ဧကရာဇ်ယန် နတ်ရွာစံကြောင်း လျှောက်တင်နေသံကို ကြားလိုက်ရသည်။
လီရှောင် မျက်နှာပျက်လျက် အထဲသို့ အမြန်ဝင်သွားလိုက်သည်။
လီဝမ်နှင့် လင်းရှောင်ယွဲ့တို့ သူ့ကို လှမ်းကြည့်လိုက်ကြသည်။
နှစ်ယောက်စလုံး၏မျက်နှာထားမှာ ပုံမှန်အတိုင်းပင်ဖြစ်ပြီး ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေကြသည်။
"လာပြီလား..." လီဝမ်က လီရှောင်ကို ပြုံးပြလိုက်သည်။
ထို့နောက် လက်လှမ်းပြလိုက်၏။
"လာလေ... နန်းတွင်းက သတင်း ထပ်ပို့လာတယ်။ နှောင်းဧကရာဇ် နတ်ရွာစံပြီတဲ့" ဟု ပြောလိုက်သည်။
ထိုစကားကို ပြောနေစဉ် အစ်မဖြစ်သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး ချိတ်ဆွဲနေသည်ကို မြင်လိုက်ရသဖြင့် လီရှောင် အံ့သြတုန်လှုပ်သွားသည်။
စိတ်ထဲမှအတွေးများကို ဖိနှိပ်ပြီး သူတို့အနားသို့ လျှောက်သွားလိုက်သည်။
"နှောင်းဧကရာဇ် နတ်ရွာစံသွားပြီဆိုတော့ ဧကရာဇ်သစ်က ဈာပနကိစ္စတွေ စီစဉ်ရမယ်။ ပြီးရင် နန်းတက်ပွဲကိစ္စတွေ ဆက်လုပ်ရဦးမယ်" လီဝမ် ဆက်ပြောသည်။
"မင်းတို့နှစ်ယောက် မကြာခင်ကာလအတွင်းတော့ မြို့တော်ကနေ ထွက်ခွာနိုင်မှာ မဟုတ်သေးဘူး"
စောစောက သူမ ညီမငယ်ကို သူမနှင့်အတူ ချင်းရှီမြို့သို့ လိုက်မလားဟု မေးခဲ့သေးသည်။
ဂဏန်းသင်္ချာပညာရပ်စာအုပ် ဖြန့်ဝေခြင်းကိစ္စကို ဓလေ့ထုံးတမ်းဌာနမှ အရာရှိများ တာဝန်ယူထားပြီး ဖြစ်သည်။
သူမ ဒီမှာ ဆက်နေလည်း လုပ်စရာ သိပ်မရှိတော့ပေ။
သို့သော် ညီမငယ်က ငြင်းပယ်ခဲ့ပြီး သူမ၏မောင်နှင့်အတူ အေးအတူပူအမျှ နေမည်ဟု ပြောခဲ့သည်။
ဒါဆိုရင်တော့ သူမလည်း အတင်းအကျပ် မခေါ်လိုတော့ပေ။
ဟင်း... သူမ တစ်ယောက်တည်းပဲ ချင်းရှီမြို့ကို ပြန်ရတော့မှာပေါ့။ အဲ့ဒီနေရာကမှ သူမရဲ့ ကောင်းကင်ဘုံလေး ဖြစ်သည်။
"ဟုတ်ကဲ့" လီရှောင် ပြန်ဖြေလိုက်သည်။
"အပြန်ခရီးအတွက် ရထားလုံးတွေ စီစဉ်ထားပြီးပါပြီ။ မနက်ဖြန် မနက်စောစောဆိုရင် အစ်မကို ပို့ဆောင်ပေးနိုင်ပါပြီ"
အစ်မက ပြန်ချင်နေမှတော့ သူကလည်း ထောက်ခံပေးရမှာပေါ့။ သူမ ထွက်သွားခြင်းက သူတို့အတွက် ပိုပြီး စိတ်အေးရစေသည်။
***