← Chapters

ထောင်ချောက်ဆင် ဖိတ်ခေါ်ခြင်း

Vol. 21 Ch. 436

ထောင်ချောက်ဆင် ဖိတ်ခေါ်ခြင်း

Vol. 21 Ch. 436

ခုနစ်ရက် ကြာပြီးနောက်။

နယ်စပ်၊ ထျဲယ်မန်တောင်စစ်စခန်း။

အလယ်ဗဟို စစ်သူကြီးရွက်ဖျင်တဲ။

ရှောင်ယန်သည် ချီဝူတပ်ဖွဲ့၏ အဓိက စစ်သူကြီးများကို ဦးဆောင်၍ လီရှောင်ကို ဂါရဝပြုလိုက်ကြသည်။

"ဝမ်းသာလိုက်တာ။ စစ်သေနာပတိချုပ် ရောက်လာပြီဆိုတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ ကျောထောက်နောက်ခံ ရှိသွားပြီပေါ့" ရှောင်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ချီဝူတပ်ဖွဲ့ ရောက်ရှိပြီးနောက်ပိုင်း နယ်စပ်အခြေအနေမှာ ရှုပ်ထွေးနေခဲ့သည်။

သူတို့သည် ချီဝူတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း လူအများ သိကြသော်လည်း တရားဝင် တော်ဝင်တပ်ဖွဲ့ မဟုတ်သောကြောင့် သူတို့၏အနေအထားမှာ သိပ်မကောင်းလှပေ။

ကံကောင်းသည်မှာ ထိုအခြေအနေက ကြာကြာ မခံလိုက်ပါ။

ဧကရာဇ်သစ် နန်းတက်ပြီဆိုသောသတင်း ရောက်လာသည်နှင့် အန်းယန်ခရိုင်မှလာသော သူတို့ တပ်ဖွဲ့၏အခြေအနေမှာ အများကြီး တိုးတက်ကောင်းမွန်လာခဲ့သည်။

အနည်းငယ် ဉာဏ်ရှိသူဆိုလျှင် သူတို့နှင့် ဧကရာဇ်သစ်ကြားက ဆက်ဆံရေးကို ရိပ်မိကြမည် ဖြစ်သည်။

သို့သော် ထိုသို့ သိနေစေကာမူ တော်ဝင်တပ်ဖွဲ့က သူတို့ကို အနည်းငယ် လေးစားရုံသာ ရှိပြီး လုပ်ပိုင်ခွင့် အာဏာမှာ အကန့်အသတ် ရှိနေဆဲပင်။

အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီ။ သူတို့၏ အစ်ကိုဝမ်းကွဲနှင့် မရီး (လီရှောင်နှင့် လင်းရှောင်ယွဲ့) တို့ ရောက်ရှိလာခဲ့ပြီ။ ထို့အပြင် စစ်သေနာပတိ တံဆိပ်တုံးကိုပါ ယူဆောင်လာခဲ့သည်။

ဒါရှိရင် သူတို့ ချီဝူတပ်ဖွဲ့ရဲ့ နေရာမှန်ကို ပြန်ရပြီ။

စစ်သေနာပတိချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်က တပ်ဖွဲ့ ပြန်ဖြစ်လာပြီဆိုမှတော့ ဘဝင်မခိုက်ဘဲ နေပါ့မလား။

လီရှောင်က ရှောင်ယန်ကို ပြုံးကြည့်လိုက်သည်။

"လက်ရှိ အခြေအနေကို အရင်ပြောပြကြ။ ပြီးမှ ကျန်တဲ့ စစ်သူကြီးတွေကို ဖိတ်ပြီး အစည်းအဝေး လုပ်ကြတာပေါ့"

"ဟုတ်ကဲ့ပါ။" အားလုံး တပြိုင်တည်း ပြန်ဖြေလိုက်ကြသည်။

ထို့နောက် သူတို့ နယ်စပ်ရောက်ပြီးကတည်းက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို တင်ပြကြသည်။

"ခိုင်လုံတဲ့ သတင်းအရဆိုရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သာ့ကျင်းရဲ့ သံတမန်တွေ သာ့ချူကို ရောက်သွားခဲ့ပါပြီ"

"မနေ့ကပဲ သာ့ချူရဲ့ စစ်သူကြီး ယွီချီထျန်းချုံး ဟန်ထျန်းစစ်စခန်းကို ရောက်ရှိလာပါတယ်။ သာ့ကျင်းဘက်က စစ်ရေးလေ့ကျင့်မှုတွေလည်း ပိုပြီး စိပ်လာပါတယ်။ ကျွန်တော်တို့ သံသယရှိတာကတော့ ဒီတစ်ရက် နှစ်ရက်အတွင်း မြို့သိမ်းတိုက်ပွဲ စလာနိုင်ပါတယ်" ရှောင်ယန်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ကျန်လူများကလည်း ခေါင်းညိတ်ထောက်ခံကြသည်။

ထို့ကြောင့်လည်း စစ်သေနာပတိချုပ် ရောက်လာသည်မှာ အချိန်ကိုက် ဖြစ်သည်ဟု သူတို့ ယူဆကြခြင်း ဖြစ်သည်။ အကယ်၍ စစ်သေနာပတိချုပ်သာ မရှိဘဲ တော်ဝင်တပ်ဖွဲ့က ဦးဆောင်ကာ တိုက်ပွဲဝင်မည် ဆိုပါက ရလဒ်ကောင်းနိုင်မည် မဟုတ်ပေ။

လီရှောင် ခေါင်းညိတ်လိုက်သည်။

"ဟွန်း။ သူတို့ လာရဲရင် လာခဲ့ပါစေ... ပြန်လမ်းမရှိ ဖြစ်သွားစေရမယ်" ဟု လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"စစ်သေနာပတိချုပ် ဘုန်းကြီးပါစေ။"

"ဟုတ်တယ်။ ဒါမှ ငါတို့ ချီဝူတပ်ဖွဲ့ရဲ့ ပုံစံကွ။"

"..."

"သူတို့ကို ငါတို့ ချီဝူတပ်ဖွဲ့ အစွမ်း ပြလိုက်ကြစို့။"

ရွက်ဖျင်တဲအတွင်း၌ စိတ်ဓာတ်တက်ကြွသံများ ဆူညံသွားသည်။

ခဏအကြာတွင် လီရှောင်က လက်ကာပြ၍ အားလုံးကို ငြိမ်သက်စေလိုက်သည်။

စကားနည်းနည်း ပြောပြီးနောက် တော်ဝင်တပ်ဖွဲ့မှ စစ်သူကြီးများကို အစည်းအဝေး ဖိတ်ခေါ်ရန် ရှောင်ယန်ကို လွှတ်လိုက်လေသည်။

"ဟုတ်ကဲ့ပါ။" ရှောင်ယန် ပြုံးရွှင်စွာဖြင့် အပြင်ထွက်သွားသည်။

လမ်းလျှောက်နေရင်း သူ့ရင်ထဲတွင် ဂုဏ်ယူစိတ်များ တက်ကြွနေသည်။

ချီဝူတပ်ဖွဲ့ရဲ့ခေတ်ကြီး ပြန်ရောက်လာပြီပေါ့။

ရှောင်ယန် ထွက်သွားပြီး မကြာမီမှာပင် တော်ဝင်တပ်ဖွဲ့၏စခန်းအသီးသီးမှ အရေးပါသော စစ်သူကြီးများ ရောက်ရှိလာကြသည်။

လီရှောင်သည် အမိန့်တော်ပြန်တမ်းကို ဖတ်ကြားပြပြီး စစ်သေနာပတိ တံဆိပ်တုံးကို ထုတ်ပြလိုက်သည်။

တော်ဝင်တပ်ဖွဲ့ စစ်သူကြီးများအားလုံး ဒူးထောက်ကာ စစ်သေနာပတိချုပ်ကို စိတ်ပါလက်ပါ ဂါရဝပြုကြလေသည်။

လီရှောင် ရောက်ရှိလာခြင်းနှင့် ချီဝူတပ်ဖွဲ့က အခြေအနေကို ထိန်းချုပ်ခြင်းတို့အပေါ် သူတို့ ဝမ်းသာကြသည်။

လက်ရှိအချိန်တွင် ချူနှင့် ကျင့်တို့ အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။ ချီဝူတပ်ဖွဲ့နှင့် စစ်သေနာပတိချုပ်သာ ဦးဆောင်မှု မပေးလျှင် သူတို့ ယှဉ်နိုင်မည် မဟုတ်ပေ။

စစ်သေနာပတိချုပ် ရောက်လာသည်နှင့် ချီဝူတပ်ဖွဲ့တွင် ကျောထောက်နောက်ခံရှိသွားသလို သူတို့လည်း စိတ်အေးသွားကြသည်။

စစ်သူကြီးများ၏လေးစားမှုကိုရရှိပြီးနောက် လီရှောင်သည် အချိန်မဆွဲဘဲ စစ်ရေးဗျူဟာများကို ချက်ချင်း ချမှတ်လေသည်။

တော်ဝင်တပ်ဖွဲ့ စစ်သူကြီး အများစုမှာ ဝါရင့်များ ဖြစ်ကြပြီး ယခင်က စစ်သူကြီး နန်ကုန်း လက်အောက်တွင် တာဝန်ထမ်းဆောင်ဖူးသူများ၊ လီရှောင်ကိုယ်တိုင်နှင့် တွဲဖက်တိုက်ပွဲဝင်ဖူးသူများ ပါဝင်သည်။

အားလုံးက နန်ကုန်းမိသားစု၏ တိုက်ပွဲပုံစံနှင့် ရင်းနှီးပြီးသားဖြစ်သဖြင့် လိုက်လျောညီထွေ ဖြစ်အောင် နေသားကျဖို့ မခက်ခဲလှပေ။

နှစ်နာရီခန့် အကြာတွင် တိုက်ပွဲစီမံချက်များ အားလုံး အဆင်သင့် ဖြစ်သွားတော့သည်။

တော်ဝင်တပ်ဖွဲ့ စစ်သူကြီးများကို ပြန်လွှတ်လိုက်ပြီး ချီဝူတပ်ဖွဲ့ဝင်များလည်း ထွက်ခွာသွားမှသာ လီရှောင် အနားယူချိန် ရတော့သည်။

......

လင်းရှောင်ယွဲ့သည် နေရာလွတ်လက်စွပ်ထဲမှ စားစရာအချို့ ထုတ်ယူကာ ပြင်ဆင်ပေးပြီး လီရှောင်ကို ဘေးတွင် ထိုင်စေကာ ပခုံးနှိပ်ပေးရင်း မုန့်ခွံ့ကျွေးနေသည်။

"ပင်ပန်းသွားပြီနော်... စောစောက ရှင်ကြည့်ရတာ အရမ်းခန့်တာပဲ" လင်းရှောင်ယွဲ့က ဂရုတစိုက် ပြုစုပေးရင်း ပြောလိုက်သည်။

သူမ ခင်ပွန်းသည်က အရင်က စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့ဖူးမှန်း သိထားပြီး ဖြစ်သော်လည်း ယနေ့မှသာ စစ်ပွဲကွပ်ကဲနေသည့် သူ့ပုံစံအစစ်ကို မြင်ဖူးခြင်း ဖြစ်သည်။

စစ်သူကြီးတွေအများကြီးက သူတစ်ယောက်တည်း ပြောသမျှကို နာခံနေကြသည်။ တိုက်ပွဲအစီအစဉ် ဆွဲသည့်အခါတွင်လည်း ပြတ်သားပြီး ပြည့်စုံလွန်းလှသည်။ စစ်ပွဲတစ်ခုလုံးကို အပေါ်စီးကနေ မြင်နေရသလိုပင်။

လီရှောင်သည် ဇနီးလေး၏ စကားကြောင့် သဘောကျသွားပြီး မုန့်တစ်ဖဲ့ ယူစားလိုက်သည်။

အရသာရှိသည်ကို တွေ့ရသဖြင့် နောက်တစ်ဖဲ့ယူကာ ဇနီးလေးကို ပြန်ခွံ့ကျွေးလိုက်သည်။

"ဇနီးလေး သဘောကျရင် ပြီးတာပါပဲ" ဟု ပြန်ပြောလိုက်၏။

လင်းရှောင်ယွဲ့ မျက်နှာလေး ရဲသွားသည်။ ရင်ထဲ လှုပ်ရှားသွားရသည်။

ဒီလူကြီး... တဖြည်းဖြည်းနဲ့ ပိုတတ်လာပါလား။

ဤသို့ဖြင့် လင်မယားနှစ်ယောက် ထျဲယ်မန်တောင် စစ်စခန်းတွင် အခြေချလိုက်ကြသည်။

.....

ညရောက်သောအခါ...

လင်းရှောင်ယွဲ့ အိပ်ရာဝင်ရန် ပြင်ဆင်ပြီး လီရှောင်ကိုလည်း အနားယူရန် တိုက်တွန်းနေစဉ် ရွက်ဖျင်တဲ အပြင်ဘက်မှ အစီရင်ခံစာ ရောက်လာသည်။ သာ့ချူသံတမန် လာရောက် တွေ့ဆုံလိုကြောင်း သတင်းပို့သည်။

လီရှောင် မျက်လုံးများ အရောင်လက်သွားသည်။

ဇနီးလေးကို အရင်အိပ်နှင့်ရန် ချော့မော့ ပြောဆိုပြီး အပြင်ဆောင်သို့ ထွက်ကာ သံတမန်ကို လက်ခံတွေ့ဆုံလိုက်သည်။

"စစ်သေနာပတိချုပ်လီကို ဂါရဝပြုပါတယ်" ဝင်လာသူမှာ သွက်လက်ချက်ချာသည့် ပုံစံရှိပြီး သိုင်းပညာရှင် တစ်ဦး ဖြစ်ပုံရသည်။

"အင်း..." လီရှောင်က ထိုသူကို အစုန်အဆန် ကြည့်ပြီး ပြန်ထူးလိုက်သည်။

"စစ်သူကြီး ယွီချီထျန်းချုံးက စစ်သေနာပတိချုပ်ဆီ လာပြောခိုင်းတာကတော့..."

ထို့နောက် ထိုသူက ယွီချီထျန်းချုံး မှာကြားလိုက်သော စကားများကို လျင်မြန်စွာ ပြောပြလေသည်။

အဓိက အချက်မှာ သာ့ချူအနေဖြင့် သာ့ကျင်းနှင့် ပူးပေါင်းမည်ဟု ဟန်ဆောင် သဘောတူထားသော်လည်း အရေးကြီးသော အချိန်ရောက်လျှင် သာ့ယန်နှင့် သဘောတူထားသည့်အတိုင်း သာ့ကျင်းကို ပြန်လည် တိုက်ခိုက်မည် ဖြစ်ကြောင်း။

ထို့အပြင် ယွီချီထျန်းချုံးက သတင်းတစ်ခု ပေးပို့လိုက်သေးသည်။ ယခု သာ့ကျင်း၏စစ်သေနာပတိချုပ်မှာ ရွှီယန် ဖြစ်ကြောင်း သိရသည်။

ထိုလူသည် သာ့ယန်ကို ဖျက်ဆီးပစ်လိုစိတ် ပြင်းပြနေသူဖြစ်သဖြင့် လီရှောင်အနေဖြင့် ကြိုတင် ပြင်ဆင်ထားစေလိုကြောင်း သတိပေးလိုက်သည်။

"သာ့ကျင်းရဲ့ မြို့သိမ်းတိုက်ပွဲ နေ့ရက်ကို မနက်ဖြန်ညလို့ သတ်မှတ်ထားပါတယ်။ တိုက်ခိုက်မယ့် နေရာကတော့ ဒီ ထျဲယ်မန်တောင်ပါပဲ။ စစ်သူကြီးက စစ်သေနာပတိချုပ်ကို ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားစေချင်ပါတယ်" ထိုသူက နောက်ဆုံးအနေဖြင့် ပြောလိုက်သည်။

လီရှောင်၏ မျက်နှာထား တည်ကြည်သွားသည်။ ခဏတာ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

"ပြန်ရောက်ရင် စစ်သူကြီး ယွီချီကို ပြန်ပြောလိုက်ပါ..."

ထို့နောက် သူ့အစီအစဉ်များနှင့် ချူစစ်တပ်ဘက်မှ ကူညီပံ့ပိုးပေးရမည့် အချက်များကို ပြောပြလိုက်သည်။

ထိုသူမှာ နားထောင်ရင်း အံ့သြသွားရသည်။

လီရှောင်၏စီမံချက်များကို လေးစားသွားပုံရသည်။

"ကျွန်တော်မျိုး မှတ်သားထားပါ့မယ်" ထိုသူက လီရှောင်ကို လေးလေးစားစား ဦးညွှတ်လိုက်သည်။

လီရှောင်က နောက်ထပ် စကားအနည်းငယ် မှာကြားပြီးနောက် သံတမန်ကို လျှို့ဝှက်စွာ ပြန်လည် ပို့ဆောင်ပေးလိုက်သည်။

မနက်ဖြန်ည စတင်တော့မယ်ပေါ့... တော်တော် မြန်တာပဲ။

.....

နောက်တစ်နေ့၊ နှစ်သစ်ကူး ပထမနေ့။

လီရှောင်သည် တစ်တပ်လုံးကို အစားအသောက် ကောင်းကောင်း ကျွေးမွေးရန် အမိန့်ပေးလိုက်သည်။ ထိုနေ့တွင် စစ်သည်များ လေ့ကျင့်ရေး မလုပ်ရဘဲ စားကောင်းသောက်ဖွယ်များ စားသောက်ကြသဖြင့် တပ်စခန်းတစ်ခုလုံး ပျော်ရွှင်ဖွယ် အငွေ့အသက်များ လွှမ်းခြုံနေသည်။

သို့သော် ထိုအရာသည် အပေါ်ယံ ဟန်ပြသက်သက်သာ ဖြစ်သည်။

တပ်ခွဲအသီးသီးမှ အရာရှိများသည် စစ်ပြင်ဆင်ရန် အမိန့်ရရှိထားပြီး ဖြစ်သည်။ လက်နက်များ၊ မြို့စောင့် ကိရိယာများကို အသင့်ပြင်ထားကြပြီး တိုက်ပွဲဝင်မည့် စစ်သည်များ အားလုံးသည် ရွက်ဖျင်တဲများ အတွင်း၌ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်။

ညနေစောင်းတွင် ကောင်းကင်မှ နှင်းပွင့်ကြီးများ ကျဆင်းလာပြန်သည်။

တဖြောက်ဖြောက် ကျနေသော နှင်းသံကို နားထောင်ရင်း ရွက်ဖျင်တဲထဲရှိ လီရှောင်မျက်နှာမှာ လေးလံနေသည်။

ထိုအချိန်တွင် လင်းရှောင်ယွဲ့ ဝင်ရောက်လာပြီး လက်ထဲတွင် လက်ကိုင်မီးဖိုလေးတစ်ခု ပါလာသည်။

"လာပါ... လက်လေး နွေးသွားအောင် လုပ်လိုက်ပါဦး" လီရှောင်အနားသို့ လျှောက်သွားပြီး မီးဖိုလေးကို ကမ်းပေးလိုက်သည်။

လီရှောင်က တစ်ချက်ကြည့်လိုက်သော်လည်း လှမ်းမယူပေ။

အဲ့ဒီအစား ဇနီးလေးကို ဆွဲယူပြီး ရင်ခွင်ထဲ ထည့်လိုက်သည်။

"မင်းပဲ ကိုင်ထားလိုက်ပါ။ ရာသီဥတုက အရမ်းအေးတယ်... အအေးမိမယ်" သူက ယောက်ျားသား၊ အရေထူတယ်၊ အအေးဒဏ် ခံနိုင်တယ်။

သူ့မိန်းမကတော့ ရောက်တာ တစ်ရက်ပဲ ရှိသေးတယ်။ မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်နေရှာပြီ။

"ကျွန်မ ဘာမှမဖြစ်ပါဘူး။ မုန့်ပေါင်းထုပ်လို အထပ်ထပ် ဝတ်ထားတာပဲဟာ... မအေးပါဘူး" လင်းရှောင်ယွဲ့ ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ စောစောက ကျွန်မ မြင်လိုက်ရတာ... စစ်သည်တော် တော်တော်များများက ဝါဂွမ်းအင်္ကျီ မပါကြဘူး..."

ချီဝူတပ်ဖွဲ့ ချင်းရှီမြို့မှ မထွက်ခွာမီ အိမ်တော်ထိန်းဖန်းက သေချာ ပြင်ဆင်ပေးလိုက်သဖြင့် သူတို့ဘက်တွင် ရိက္ခာ၊ လက်နက်နှင့် ဝါဂွမ်းအင်္ကျီများ အလုံအလောက် ရှိသည်။

သို့သော် တော်ဝင်တပ်ဖွဲ့ဘက်တွင် အခြေအနေ အတော်ဆိုးရွားနေသည်။

ဒီလောက် အေးတဲ့ ရာသီဥတုမှာ ဝါဂွမ်းအင်္ကျီ မဝတ်ထားရင် စစ်တိုက်ဖို့မပြောနဲ့ ပုံမှန် လေ့ကျင့်ခန်း လုပ်ဖို့တောင် ခက်ခဲပေလိမ့်မည်။

အအေးဒဏ်ကြောင့် သေတာ၊ ဖျားနာတာတွေ ဖြစ်လာနိုင်သည်။

လီရှောင် မျက်မှောင်ကြုတ်လိုက်သည်။

"နန်းတွင်း ဘဏ္ဍာရေး အကြပ်အတည်း ဖြစ်နေတာ။ နယ်စပ်အတွက် စစ်စရိတ်တွေ အများကြီး ချပေးထားပေမယ့် ဒီမှာ ကုန်ကျစရိတ်က အရမ်းများတော့ စစ်သည်တိုင်း အအေးဒဏ် မခံရအောင် စီစဉ်ပေးဖို့ ခဏတာ မဖြစ်နိုင်သေးဘူး။ ကိုယ် အမိန့်ထုတ်ထားပါတယ်။ ညဘက်ရောက်ရင် ဝါဂွမ်းအင်္ကျီ မရှိတဲ့ စစ်သည်တွေကို အပြင်ထွက်ခွင့် မပြုဖို့လေ။

ဒီည တိုက်ပွဲသာ အောင်မြင်သွားရင် ရန်သူကို သတ်နိုင်ရုံတင် မကဘူး... ရန်သူဆီက ပစ္စည်းတွေ သိမ်းယူပြီး စစ်သည်တွေ သုံးဖို့ ပေးလို့ရမယ်။ လက်ရှိ အကြပ်အတည်းကို နည်းနည်းတော့ ဖြေရှင်းနိုင်မှာပါ။

နောက်ပြီး နန်းတွင်းကလည်း နယ်စပ်အတွက် ရိက္ခာနဲ့ ပစ္စည်းတွေ စုဆောင်းဖို့ နည်းလမ်းရှာနေပါတယ်။ နောက်ပိုင်းကျရင် ပစ္စည်းတွေ ဆက်တိုက် ရောက်လာမှာပါ"

လင်းရှောင်ယွဲ့ ထိုစကားကြားမှ စိတ်နည်းနည်း သက်သာသွားသည်။ ကိုယ်ကို လျှော့ချပြီး လီရှောင်ပခုံးကို မှီလိုက်သည်။

"ဒီည... ကျင်းစစ်တပ်က လူအများကြီး လာမှာလား" ဟု မေးလိုက်သည်။

"အများကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ နည်းလည်း မနည်းဘူး" လီရှောင် ပြန်ဖြေသည်။

"ဒါက ပထမဆုံး တိုက်ပွဲပဲ။ ရွှီယန်က အရှိန်အဝါရအောင်လို့ ထျဲယ်မန်တောင်ကို တစ်ချက်တည်းနဲ့ သိမ်းချင်နေမှာ သေချာတယ်။ ဒါကြောင့် လူအင်အား မနည်းလောက်ဘူး။ ဒါပေမဲ့ ထျဲယ်မန်တောင်က သိပ်မကြီးဘူး။ ပြီးတော့ သူက သာ့ချူကိုလည်း သတိထားနေရတာမို့ လူအင်အား အကုန်လုံးတော့ ပုံအောမှာ မဟုတ်ဘူး။ ကိုယ် ခန့်မှန်းတာတော့ စစ်သည် တစ်သောင်းလောက် လာမယ် ထင်တယ်"

လင်းရှောင်ယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။

"တစ်သောင်းတည်းလား" ရွှီယန် ခေါ်လာသည့် စစ်သည်အင်အားက တစ်သိန်းတောင် ရှိတာလေ။

ဒီတစ်သောင်းကို အကုန်သတ်ပစ်လိုက်ရင်တောင် နောက်ထပ် ကိုးသောင်း ကျန်နေဦးမည်။

လီရှောင်က ဇနီးသည်ကို ပြုံးကြည့်လိုက်ပြီး နဖူးလေးကို ငုံ့နမ်းလိုက်သည်။

"ဘယ်လောက်လာလာ... အကုန် ရှင်းပစ်လိုက်မှာပေါ့။ တစ်သောင်း စားလိုက်ရင် ကိုးသောင်းပဲ ကျန်တော့မယ်။ ဖြည်းဖြည်းချင်း ဝါးမြိုပစ်လိုက်မယ်။ အကောင်းဆုံးကတော့ နှစ်ဖက် အင်အားကွာခြားချက် မျှသွားတဲ့အချိန်၊ ပြီးတော့ ကိုယ်တို့ဘက်မှာ ချူစစ်တပ် မဟာမိတ်လည်း ရှိနေပြီဆိုရင် အဲ့ဒီအချိန်ကျမှ ရွှီယန်ရဲ့ သေနေ့ပဲ"

လီရှောင်စကားကို ကြားပြီး သူ့မျက်နှာပေါ်က ယုံကြည်ချက်ကို မြင်လိုက်ရတော့ လင်းရှောင်ယွဲ့လည်း စိတ်ချသွားသည်။

"ဒါဆို ဒီည... ကျွန်မလည်း ရှင့်နောက် လိုက်ခဲ့မယ်"

လီရှောင် ကြောင်သွားသည်။

လင်းရှောင်ယွဲ့က သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်ကို မြင်တော့ မျက်ဝန်းထဲတွင် အားနာရိပ်များ ပေါ်လာသည်။

"ကောင်းပြီလေ" ချစ်စနိုးဖြင့် ခွင့်ပြုလိုက်သည်။

"ဒါပေမဲ့ ကိုယ်နဲ့ အတူတူ နေရမယ်။ တစ်ယောက်တည်း သီးသန့် လှုပ်ရှားလို့ မရဘူးနော်" စဉ်းစားပြီး ထပ်ဖြည့်စွက် ပြောလိုက်သည်။

စစ်မြေပြင်ဆိုတာ ဓားတွေ လှံတွေ မျက်စိမပါဘူး။ ဇနီးလေးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတာ ယုံကြည်ပေမယ့် မတော်တဆ ဖြစ်မှာ စိုးရိမ်မိသည်။

"ကောင်ပါပြီ။" လင်းရှောင်ယွဲ့ ပြုံးရွှင်စွာဖြင့် လက်ခံလိုက်သည်။

ထို့နောက် လီရှောင်ရင်ခွင်ထဲမှ ရုန်းထွက်ပြီး မတ်တတ်ရပ်လိုက်၏။

"ဒါဆို သံချပ်ကာဝတ်စုံတွေ မြန်မြန် ဝတ်ရအောင်။ သာ့ချူဘက်က ဒီည တိုက်မယ်လို့ပဲ ပြောတာ... ဘယ်အချိန်ဆိုတာမှ မပြောတာ" မိုးကလည်း ချုပ်တော့မည်။

"ကောင်းပြီ" လီရှောင် ပြုံးပြီး ထောက်ခံလိုက်သည်။

......

ညအချိန်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ညရောက်သည်နှင့် တပ်စခန်း၏ လေထုက ပြောင်းလဲသွားသည်။

နေ့လယ်ပိုင်းက ပေါ့ပါးပျော်ရွှင်နေမှုများ ပျောက်ကွယ်သွားပြီး စစ်သည်များ စနစ်တကျ ကင်းလှည့်ခြင်း၊ နေရာလဲလှယ်ခြင်းများ ပြုလုပ်ကာ တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြသည်။

လင်းရှောင်ယွဲ့သည် လီရှောင်နှင့်အတူ ဗဟိုရွက်ဖျင်တဲထဲတွင် စောင့်ဆိုင်းနေခဲ့ရာ သန်းခေါင်ကျော် အချိန်ရောက်မှ ကျင်းစစ်တပ် လာရောက်တိုက်ခိုက်ပြီ ဖြစ်ကြောင်း သတင်းရောက်ရှိလာသည်။

ကင်းသမားများသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ပွဲကျင်းပ၍ မူးယစ်နေသယောင် ဟန်ဆောင်ကာ တံခါးအတွင်းသို့ ဆုတ်ခွာသွားကြသည်။

ကျင်းစစ်သည် ထောင်ပေါင်းများစွာကို ထျဲယ်မန်တောင်ကြားအတွင်းသို့ အလွယ်တကူ ဝင်ရောက်ခွင့် ပြုလိုက်သည်။

သတင်းရသည်နှင့် လီရှောင်သည် လင်းရှောင်ယွဲ့ကိုခေါ်ဆောင်ကာ ရွက်ဖျင်တဲအပြင်သို့ ထွက်လိုက်သည်။

ကိုယ်တိုင် တောင်ပေါ်သို့ တက်ရောက် ကွပ်ကဲသည်။

ကျင်းစစ်တပ် တောင်အောက်ရှိ ထောင်ချောက်ကွင်းထဲသို့ ဝင်ရောက်လာသည်ကို သေချာမှ လီရှောင် အမိန့်ပေးလိုက်ရာ ချီဝူတပ်ဖွဲ့ စတင်တိုက်ခိုက်လေသည်။

တစ်ချိန်တည်းမှာပင် လူသူကင်းမဲ့နေသည်ဟု ထင်ရသော ထျဲယ်မန်တောင် မြို့ရိုးပေါ်တွင် ရုတ်တရက် ချီဝူတပ်ဖွဲ့ဝင် အများအပြား ပေါ်ထွက်လာပြီး အလံများ ဝှေ့ယမ်းကာ အော်ဟစ်ကြသည်။

မြို့တံခါးများ ပိတ်ကျသွားပြီး ကျင်းစစ်သည် ထောင်ပေါင်းများစွာမှာ ပိတ်မိသွားသော ကြွက်များသဖွယ် ဖြစ်သွားကြသည်။

မြို့အတွင်း ပိတ်မိနေသော ကျင်းစစ်သည်များသည် အမြင့်မှ ပစ်ခတ်သော ချီဝူတပ်ဖွဲ့၏ မြားမိုးရွာခြင်းကို ခံရပြီး ခုခံမရသဖြင့် မြို့ရိုးရှိရာသို့ ထွက်ပြေးရန် ကြိုးစားကြသည်။

သို့သော် မြို့ရိုးပေါ်တွင် ချီဝူတပ်ဖွဲ့ဝင် ရာပေါင်းများစွာက အသင့်စောင့်ကြိုနေသည်။

သူတို့အားလုံး၏ လက်ထဲတွင် ၁၀ ချောင်းဆင့် ပစ်ခတ်နိုင်သော လက်ပစ်ဒူးလေးများကို ကိုင်ဆောင်ထားကြသည်။

ကျင်းစစ်သည်များ ၁၀ မီတာ အကွာအဝေးသို့ မရောက်မီမှာပင် ဒူးလေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လဲကျသေဆုံးကုန်ကြသည်။

ထိုအချိန်မှာပင် လေးဘက်လေးတန်ရှိ ချီဝူတပ်ဖွဲ့ဝင်များသည် မြားပစ်ခြင်းကို ရပ်တန့်လိုက်ပြီး ဓားရှည်များကို ကိုင်စွဲကာ တောင်ပေါ်မှ ဆင်း၍ ကျန်ရစ်နေသော ရန်သူများကို လိုက်လံ ချေမှုန်းကြသည်။

ကျင်းစစ်တပ်မှာ ကစဉ့်ကလျားဖြစ်သွားပြီး လမ်းမပေါ်တွင် ကြွက်များသဖွယ် ထွက်ပြေးနေရရာ ချီဝူတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းကို တစ်ယောက်ပြီး တစ်ယောက် ခံနေကြရသည်။

လင်းရှောင်ယွဲ့သည် လီရှောင်ဘေးတွင် ရပ်လျက် နှင်းပြင်ကြားမှ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲမြင်ကွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားနေမိသည်။

စစ်ပွဲက ကမ္ဘာပျက်ကပ်ထက်တောင် ပိုကြမ်းတမ်းပါလား။

"သွားကြစို့... မြို့ရိုးပေါ် တက်ကြည့်ရအောင်" လီရှောင်က လင်းရှောင်ယွဲ့ကို လှမ်းပြောလိုက်သည်။

ဇနီးလေး၏မျက်နှာတွင် မနှစ်မြို့သော ပုံစံ မတွေ့ရသဖြင့် စိတ်အေးသွားရသည်။

"အင်း..." လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

လီရှောင်သည် ခါးမှဓားကိုဆွဲထုတ်လိုက်ပြီး တောင်အောက်သို့ ဦးဆောင် ဆင်းသွားသည်။

လင်းရှောင်ယွဲ့နှင့် ချီဝူတပ်ဖွဲ့ဝင် အချို့လည်း နောက်မှ လိုက်ပါသွားကြသည်။ ချီဝူတပ်ဖွဲ့ဝင်များသည်လည်း ဓားများကို ဆွဲထုတ်ပြီး လင်းရှောင်ယွဲ့ကို အလယ်မှထားကာ ဝိုင်းရံလျက် တောင်အောက် ဆင်းကြသည်။

လင်းရှောင်ယွဲ့သည် ဓားမသုံးတတ်သဖြင့် လက်ထဲတွင် လက်နက်မပါသော်လည်း လက်ပစ်ဒူးလေးကို ထုတ်ထားလိုက်သည်။

ဒါရှိရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံလောက်သည်။

တောင်အောက် ရောက်သောအခါ လီရှောင်က ရှေ့မှ ဦးဆောင်၍ လမ်းရှင်းပေးသည်။

လမ်းပိတ်နေသော ကျင်းစစ်သည်များကို တွေ့သည်နှင့် ဓားဖြင့် ခုတ်ပိုင်းပစ်လိုက်သည်။

တစ်ချက်ခုတ်လျှင် တစ်ယောက်လဲကျသွားပြီး ငရဲမှ တက်လာသော သေမင်းတမန် တစ်ဦးကဲ့သို့ပင်။

လင်းရှောင်ယွဲ့ကို ကာကွယ်ပေးထားသော ချီဝူတပ်ဖွဲ့ဝင်များသည်လည်း ထပ်တူပင် ဖြစ်သည်။ တပ်ဖွဲ့ပုံစံ မပျက်စေဘဲ အဝေးမှ ရန်သူများကို ဂရုမစိုက်သော်လည်း အနားကပ်လာသူ မှန်သမျှ ကံဆိုးသွားကြရသည်။

လင်းရှောင်ယွဲ့သည် မူလက ရန်သူအချို့ကို ပစ်ခတ်သတ်ဖြတ်ရန် စိတ်ကူးရှိသော်လည်း အဖွဲ့သားများက တော်လွန်းနေသဖြင့် သူမ လုပ်စရာ မလိုတော့ပေ။

လက်ပစ်ဒူးလေး၏ မြားတိုများက သူမဆီမှာ သိပ်အများကြီး ရှိတာ မဟုတ်ဘူး။ သုံးလိုက်ရင် ပြီးမှ ပြန်ကောက်တာဖြစ်ဖြစ်၊ အသစ်ပြန်ရှာတာဖြစ်ဖြစ် လုပ်ရဦးမှာ။

ကျင်းစစ်တပ်ထဲတွင် မသေသေးသော တပ်မှူးတစ်ယောက် ကျန်နေသေးသည်။

လီရှောင်တို့အဖွဲ့ သူတို့ဘက်လာနေသည်ကိုမြင်သောအခါ ဆုံးဖြတ်ချက်ချလိုက်သည်။

"ယန်စစ်တပ်ရဲ့ စစ်သေနာပတိချုပ် ဟိုဘက်မှာ ရှိတယ်... သူ့ကို သတ်နိုင်ရင် ငါတို့ လွတ်လမ်းရနိုင်တယ်။ အားလုံး ငါနဲ့ လိုက်ခဲ့ကြ။" တပ်မှူးက အော်ဟစ်လိုက်ပြီး ဓားရှည်ကို ဆွဲကာ လီရှောင်တို့ ရှိရာဘက်သို့ ပြန်လှည့်တိုက်ခိုက်လေသည်။

အနီးအနားရှိ စစ်သည်များ ကြားလိုက်ရသောအခါ ခေါင်းဆောင်နောက်သို့ လိုက်ပါသွားကြသည်။

ကျင်းစစ်သည် အများအပြား မြို့တံခါးဘက်သို့ မပြေးတော့ဘဲ ပြန်လှည့်လာကာ လီရှောင်တို့ကို အသေအကြေ တိုက်ခိုက်ရန် ပြင်ကြသည်။

ဒါကတော့ သူတို့ကို လိုက်လံတိုက်ခိုက်နေသော ချီဝူတပ်ဖွဲ့ဝင်များအတွက် အကြိုက်ပင် ဖြစ်သွားသည်။

ချီဝူတပ်ဖွဲ့ဝင်များသည် ဓားရှည်များကို ဝှေ့ယမ်းကာ ရွှေဖရုံသီး၊ ကျောက်ဖရုံသီးများ ခုတ်ပိုင်းသကဲ့သို့ ရန်သူ့ခေါင်းများကို ရိတ်သိမ်းလိုက်ကြသည်။

ခဏအတွင်းမှာပင် နောက်ထပ် ကျင်းစစ်သည် အများအပြား လဲကျသေဆုံးကုန်ကြသည်။

နောက်ဆုံးတွင် တပ်မှူးနှင့် လူဆယ်ဂဏန်းလောက်သာ ချီဝူတပ်ဖွဲ့၏ ဝိုင်းရံမှုမှ ဖောက်ထွက်ပြီး လီရှောင်တို့ ရှေ့သို့ ရောက်လာနိုင်ကြသည်။

"သတ်ကြ..." ဘာစကားမှ ထပ်မပြောတော့ဘဲ တပ်မှူးက ဓားကို မြှောက်၍ လီရှောင်ထံ ပြေးဝင်လာသည်။

လီရှောင် မျက်မှောင်ကြုတ်လိုက်ပြီး ဓားကိုမကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။

ထိုစဉ် "ရွှီ" ခနဲ မြည်သံနှင့်အတူ တပ်မှူး၏ နဖူးတည့်တည့်တွင် မြားတစ်စင်း စိုက်ဝင်သွားတော့သည်။

လက်ပစ်ဒူးလေး၏ မြားတိုလေးပင်...

တစ်ခဏချင်းတွင် လီရှောင်နှင့် လင်းရှောင်ယွဲ့ကို ကာကွယ်ပေးနေသော ချီဝူတပ်ဖွဲ့ဝင်များအားလုံး လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်မိကြသည်။

ထိုအချိန် လင်းရှောင်ယွဲ့သည် တည်ငြိမ်စွာဖြင့် မြားများကို ဆက်တိုက် ပစ်ခတ်နေပြီး တပ်မှူးနောက်မှ ပါလာသော စစ်သည်များကိုပါ တစ်ယောက်ပြီး တစ်ယောက် ရှင်းလင်းပစ်လိုက်သည်။

ချီဝူတပ်ဖွဲ့ဝင်များ၏ မျက်နှာထား ပြောင်းလဲသွားပြီး လင်းရှောင်ယွဲ့ကို ကြည့်သော အကြည့်များမှာ လေးစားမှုများ ပြည့်နှက်သွားသည်။

သူတို့ မရီးက တကယ်ကို မရီးပါပဲကွာ... ငါတို့ ချီဝူတပ်ဖွဲ့ရဲ့ သခင်မ ဖြစ်ထိုက်ပါပေတယ်။

***

All Chapters