← Chapters

မိတ်ဆွေဟောင်းများ ဆုံတွေ့ခြင်း

Vol. 21 Ch. 437

မိတ်ဆွေဟောင်းများ ဆုံတွေ့ခြင်း

Vol. 21 Ch. 437

မြားပစ်လိုက်တိုင်း ပစ်မှတ်ကို မလွဲတမ်း ထိမှန်သည်ကို မြင်ရသဖြင့် လင်းရှောင်ယွဲ့ ကျေနပ်သွားပြီး လက်ပစ်ဒူးလေးကို ပြန်ချလိုက်သည်။

လူအားလုံးက သူမကို ဝိုင်းကြည့်နေကြသည်ကို မြင်သောအခါ ပြုံးပြီး ပြောလိုက်သည်။

"ကဲ... ရှေ့ဆက်သွားကြစို့"

လီရှောင်လည်း နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်အထိ ပြုံးလိုက်သည်။

"လိုက်ခဲ့ကြ..."

လီရှောင်က အမိန့်ပေးပြီး ရှေ့ဆက်လျှောက်သွားသည်။

လင်းရှောင်ယွဲ့ကို ကာကွယ်ပေးနေသော ချီဝူတပ်ဖွဲ့ဝင်များမှာမူ စိတ်မငြိမ်နိုင်ကြသေးပေ။

ရှေ့တွင် သူတို့၏ ရဲဘော်ရဲဘက်များရှိနေပြီး လမ်းကြောင်းတစ်ခုလုံးကို ရှင်းလင်းထားပြီး ဖြစ်သောကြောင့် သူတို့အနေဖြင့် ရန်သူသတ်ရန် အခွင့်အရေး မရှိတော့ချေ။

ထို့ကြောင့် သူတို့မရီးနှင့် စကားပြောရန် အချိန်ရလာကြသည်။

"သခင်မ... သခင်မရဲ့ လက်ပစ်ဒူးလေးက အရမ်းကို မိုက်တာပဲဗျာ။ ကျွန်တော်တို့ကိုရော ဘယ်တော့လောက် တပ်ဆင်ပေးမှာလဲဟင်" ချီဝူတပ်ဖွဲ့ဝင် တစ်ဦးက လင်းရှောင်ယွဲ့ကို မျက်နှာချိုသွေးပြီး မေးလိုက်သည်။

"ဟုတ်တယ် သခင်မ... ဒီတစ်ခေါက် နယ်စပ်ကို ပြန်လာကြတာ လူအများကြီးပဲဟာ... ဒါပေမဲ့ ညီနောင် ၁၀၀ ကျော်လောက်ပဲ လက်ပစ်ဒူးလေးရကြတယ်။ ကျန်တဲ့လူတွေက မနာလို ဖြစ်နေကြတာ" နောက်တစ်ယောက်က ဝင်ထောက်ခံသည်။

"သခင်မရေ..." ကျန်နှစ်ယောက်ကလည်း အလျင်အမြန် ဝင်ပြောကြသည်။

လင်းရှောင်ယွဲ့သည် သူတို့အလယ်တွင် လမ်းလျှောက်ရင်း ပြုံးရယ်နေမိသည်။

"ဘာတွေ လောနေကြတာလဲ... လက်ပစ်ဒူးလေးရဲ့ ထုတ်လုပ်မှု နည်းပညာကို နန်းတွင်းဆီ တင်ပြပြီးပါပြီ။ နန်းတွင်းက အရှိန်အဟုန်မြှင့်ပြီး ထုတ်လုပ်ပေးပါလိမ့်မယ်။ ပစ္စည်းတွေ ထွက်လာတာနဲ့ ငါတို့ ချီဝူတပ်ဖွဲ့က ညီအစ်ကိုတွေကို ဦးစားပေးပြီး တပ်ဆင်ပေးမှာ သေချာပါတယ်"

ဒါက သေချာသလောက် ရှိသော ကိစ္စပင်။

အဘယ်ကြောင့်ဆိုသော် ဤလက်နက်သည် ကျွမ်းကျင်မှုရှိသော သူများလက်ထဲ ရောက်မှသာ စွမ်းရည်အပြည့် ထုတ်သုံးနိုင်သောကြောင့် ဖြစ်သည်။

ချီဝူတပ်ဖွဲ့သည် စစ်ပွဲများတွင် ရှေ့တန်းတပ်ဦး သို့မဟုတ် ထိုးစစ်ဆင် အထူးတပ်ဖွဲ့အဖြစ် ပါဝင်လေ့ရှိသည်။

ဤကဲ့သို့သော လက်နက်များ တပ်ဆင်ထားပါက ချီဝူတပ်ဖွဲ့၏တိုက်ခိုက်စွမ်းရည်နှင့် ဖျက်ဆီးနိုင်စွမ်းမှာ ပိုမို အားကောင်းလာမည် ဖြစ်သည်။

သာမန်စစ်သည်များအတွက်မူ လက်မောင်းတွင် ဒူးလေးကို တပ်ဆင်ထားခြင်းက သူတို့၏ မူလ တိုက်ခိုက်ရေး စွမ်းရည်ကိုပင် ထိခိုက်စေနိုင်သည်။

ချီဝူတပ်ဖွဲ့ဝင်များ ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်လက်သွားကြသည်။

တစ်ယောက်ပြီး တစ်ယောက် လင်းရှောင်ယွဲ့ကို မြှောက်ပင့်ပြောဆိုကြလေသည်။

တခြားသူတွေ အခြေအနေကို မသိကြပေမယ့် သူတို့ကတော့ သတင်းအချို့ ကြားထားကြသည်။

လက်ပစ်ဒူးလေးကို ချီဝူတပ်ဖွဲ့ လက်နက်စက်ရုံက တီထွင်ထုတ်လုပ်သည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် သခင်မနှင့် အများကြီး သက်ဆိုင်နေသည်။

အချို့ဆိုလျှင် ဤလက်နက်ကို သခင်မကိုယ်တိုင် တီထွင်သည်ဟုပင် သံသယ ရှိနေကြသည်။

လင်းရှောင်ယွဲ့က ပြုံးရွှင်စွာဖြင့် ပြန်လည် တုံ့ပြန်နေပြီး သူတို့၏ချီးမွမ်းမှုများကို သဘောကျနေမိသည်။

အချိန်အနည်းငယ် ကြာပြီးနောက် လင်းရှောင်ယွဲ့နှင့် အဖွဲ့သည် မြို့ရိုးတံခါးဝသို့ ရောက်ရှိလာကြသည်။

ထိုအချိန်တွင် ထောင်ပေါင်းများစွာသော ကျင်းစစ်သည်များ အားလုံး လဲကျသေဆုံးကုန်ပြီ ဖြစ်သည်။

ချီဝူတပ်ဖွဲ့ဝင်များသည် စစ်မြေပြင်ကို ရှင်းလင်းရေး စတင် လုပ်ဆောင်နေကြသည်။

မြို့ရိုးပေါ်တွင်လည်း တိုက်ပွဲ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။

ဒီတစ်ခေါက် ကျင်းစစ်တပ်က လူတစ်သောင်းလောက် လာခဲ့ပြီး ခြောက်ထောင်ခန့် မြို့ထဲဝင်ရောက်လာကာ ကျန်လေးထောင်ခန့်က အပြင်တွင် ကျန်နေခဲ့သည်။

ထောင်ချောက်မိမှန်း သိလိုက်ရသောအခါ အပြင်တွင် ကျန်ရစ်သော လေးထောင်က အတွင်းလူများကို ကယ်ထုတ်ရန် မြို့ရိုးကို အတင်းဝင်တိုက်ကြသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ထျဲယ်မန်တောင် မြို့ရိုးသည် မြင့်မားလွန်းပြီး ခံစစ်ကောင်းမွန်သဖြင့် ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲလှသည်။

ကျင်းစစ်တပ်က အကြိမ်ကြိမ် ထိုးဖောက်ရန် ကြိုးစားသော်လည်း အရာမထင်ခဲ့ပေ။

ထို့အပြင် ချီဝူတပ်ဖွဲ့၏ မြားမိုးရွာခြင်းနှင့် ကျောက်တုံးကြီးများဖြင့် ပစ်ပေါက်ခြင်းတို့ကြောင့် အထိအခိုက် အကျအဆုံး များပြားလှသည်။

လီရှောင်နှင့် လင်းရှောင်ယွဲ့တို့ မြို့ရိုးပေါ်သို့ တက်ရောက်လာချိန်တွင် ကျင်းစစ်တပ်ဘက်မှ လက်လျှော့ရန် စိတ်ကူးနေကြပြီ ဖြစ်သည်။

အချိန်အကြာကြီး ကြာသွားပြီဖြစ်၍ မြို့တံခါးကို ဖွင့်နိုင်လျှင်တောင်မှ မြို့ထဲကလူတွေ အားလုံး သေဆုံးကုန်လောက်ပြီ။

ဒီတစ်ခေါက် ဝင်ရောက်စီးနင်းမှုက ကျရှုံးသွားခဲ့ပြီ။ ဆက်တိုက်နေလျှင် အကျအဆုံး ပိုများရုံသာ ရှိတော့မည်။

မလှမ်းမကမ်းတွင် မြင်းစီးလျက် ရှိနေသော ရွှီချင်း (ရွှီယန်၏ တပည့်) ၏ မျက်နှာထားမှာ မည်းမှောင်နေသည်။

ဆရာက စစ်ထွက်လာသည့်အတွက် သူက ရှေ့တန်းစစ်သူကြီးအဖြစ် တာဝန်ယူပြီး ထျဲယ်မန်တောင်ကို သိမ်းပိုက်ကာ ဆရာ့အတွက် ပထမဆုံး နိုင်ပွဲရယူပေးချင်ခဲ့သည်။

ဒါပေမဲ့ အခုတော့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပြီ။

လူတစ်သောင်း ခေါ်လာခဲ့ရာမှာ ပြန်ပါသွားမည့် အရေအတွက်က သုံးထောင်တောင် ပြည့်ပါ့မလား မသိ။ ပြန်ရောက်ရင် ကြုံတွေ့ရမယ့် ကဲ့ရဲ့လှောင်ပြောင်မှုတွေကို တွေးမိပြီး ရွှီချင်း ဒေါသကြောင့် အံကြိတ်ထားမိသည်။

"ဒီ ထျဲယ်မန်တောင်ကို ဘယ်သူ စောင့်နေတာလဲ" ရွှီချင်း အံကြိတ်ပြီး မေးလိုက်သည်။

တစ်ဖက်က မြို့စောင့်စစ်သူကြီးသည် သာမန်နယ်စား အရာရှိလေးတစ်ယောက် ဖြစ်မည်ဟု သူ မယုံကြည်နိုင်ပေ။

တစ်ဖက်လူရဲ့ဗျူဟာက အရမ်း နက်နဲသလို မြို့စောင့်စစ်သည်တွေကလည်း သာမန် စစ်သားတွေ မဟုတ်ဘဲ တိုက်ရည်ခိုက်ရည် ပြည့်ဝလွန်းသည်။

ထိုအချိန်တွင် မြို့ရိုးပေါ်မှ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"တပ်မတော် သုံးရပ်ရဲ့ စစ်သေနာပတိချုပ် လီ... ဒီမှာ ရှိနေတယ်။ တစ်ဖက်က ဦးဆောင်သူ စစ်သူကြီးက ဘယ်သူလဲ" စစ်သည်တစ်ဦးက အသံကုန်ဟစ်ပြီး မေးလိုက်သည်။

ရွှီချင်း ကြောင်သွားသည်။

စစ်သေနာပတိချုပ်... လီ ဟုတ်လား။

မှန်ပါသည်။ သူတို့က ယန်စစ်တပ်ရဲ့ စစ်သေနာပတိချုပ် ဘယ်သူလဲဆိုတာ သိထားပြီး ဖြစ်သော်လည်း နောက်ကြောင်းကို သေချာ မစုံစမ်းရသေးပေ။

သိထားသည်မှာ ထိုသူသည် ဧကရာဇ်သစ်၏လူယုံဖြစ်ပြီး အလွန်အလေးပေးခံရသူ ဖြစ်ကြောင်းသာ။

"ပြန်ပြောလိုက်" ရွှီချင်းက ဘေးနားရှိ စစ်သည်ကို အမိန့်ပေးလိုက်သည်။

စစ်သည်က ရှေ့ထွက်လာပြီး အသံကုန်ဟစ်ကာ ပြန်ပြောလိုက်သည်။

"ဒါက သာ့ကျင်းရဲ့ စစ်သူကြီး ရွှီချင်းပဲ။"

မြို့ရိုးပေါ်ရှိ လီရှောင်နှင့် လင်းရှောင်ယွဲ့တို့ နှစ်ယောက်လုံး အံ့သြသွားကြသည်။

ရွှီချင်း... ဟိုအရင်တုန်းက ရွှီယန်ခေါ်လာပြီး သင်္ချာပြိုင်ပွဲ ဝင်ပြိုင်ခဲ့တဲ့ တပည့်မလား။

တိုက်ဆိုင်လိုက်တာ။

လီရှောင်နှင့် လင်းရှောင်ယွဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

"ကျုပ်က လီရှောင် ပါ... စစ်သူကြီးရွှီချင်း ရှေ့ထွက်ပြီး စကားပြောဖို့ ဖိတ်ခေါ်ပါတယ်"

လီရှောင်၏စကားကို ကြားသောအခါ ရွှီချင်းက စကားပြောသူမှာ သာမန်လူ မဟုတ်ကြောင်း ရိပ်မိလိုက်သည်။

ခဏတာ စဉ်းစားပြီးနောက် မြင်းကို ဒုန်းစိုင်းကာ ရှေ့သို့ ထွက်လာခဲ့သည်။

တပ်ဖွဲ့၏ အရှေ့ဆုံးနား ရောက်မှ ရပ်တန့်လိုက်သည်။

ဒီအကွာအဝေးဆိုရင် မီးရောင်အောက်မှာ မြို့ရိုးပေါ်ကလူကို ကောင်းကောင်း မြင်ရသလို မြို့ရိုးပေါ်က ပစ်လိုက်တဲ့ မြားဒဏ်ကလည်း လွတ်ကင်းနိုင်သည်။

လီရှောင်ကို မြင်လိုက်ရသောအခါ ရွှီချင်း လန့်ဖျပ်သွားသည်။

မတတ်နိုင်ပေ... လီရှောင်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် မျက်နှာပေါ်က အမာရွတ်ကြီးက ထင်ရှားလွန်းနေသည်။

ဘာ လီရှောင်လဲ... ဒီလူက နန်ကုန်း မျိုးရိုးမလား။

မှန်ပါသည်။ ရွှီချင်းသည် နန်ကုန်းရှောင်ကို သိသည်... သို့မဟုတ် မြင်ဖူးသည်ဟု ဆိုရမည်။ အတိအကျ ပြောရရင် နန်ကုန်းရှောင်၏ ပုံတူပန်းချီကားကို မြင်ဖူးခြင်း ဖြစ်သည်။

ဒီလူက သာ့ယန် စစ်နတ်ဘုရား နန်ကုန်းကျန်းရဲ့ သားဖြစ်သလို နန်ကုန်းကျန်းရဲ့ လက်ရုံး စစ်သူကြီးတစ်ဦးလည်း ဖြစ်လေသည်။

ဒီနေ့တိုက်ပွဲမှာ ဘာလို့ ဒီလောက် အထိနာခဲ့ရသလဲဆိုတာကို ပြန်တွေးကြည့်လိုက်တော့ ရွှီချင်း ဒေါသထွက်မနေတော့ဘဲ စိတ်သက်သာရာ ရသွားသည်။

နန်ကုန်းရှောင်ကိုယ်တိုင် ရောက်နေမှတော့ မြို့ထဲက စစ်သည်တွေက သေချာပေါက် ချီဝူတပ်ဖွဲ့ဝင်တွေ ဖြစ်ရမည်။

ချီဝူတပ်ဖွဲ့ဆိုတာ ထိပ်တန်းစစ်သည်တော်တွေမို့ သူခေါ်လာတဲ့ စစ်သည်တွေ ယှဉ်နိုင်မှာ မဟုတ်ပေ။

အခြေအနေကို သဘောပေါက်သွားပြီးနောက် ရွှီချင်းသည် ဒေါသထွက်မည့်အစား ဝမ်းသာမိသွားသည်။

နန်ကုန်းရှောင်နဲ့ ချီဝူတပ်ဖွဲ့ ပြန်ရောက်လာပြီဆိုတာ သိလိုက်ရတော့ သူတို့ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ပြီး နောက်ပိုင်းကျရင် ပိုမို ခိုင်မာတဲ့ ဗျူဟာတွေ ချမှတ်နိုင်တော့မည်။

အကြည့်ကို ဘေးဘက်သို့ ရွှေ့လိုက်သည်။

ထိုအခါ ရွှီချင်း၏ မျက်နှာထား နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။

လင်းရှောင်ယွဲ့ကို ကြည့်ပြီး ရွှီချင်း စိတ်ထဲ အံကြိတ်လိုက်မိသည်။

တကယ်ပဲ သူ ဖြစ်နေတာကိုး... ဟို သခင်မလီ ဆိုတဲ့ မိန်းမ။ သူလည်း ရောက်နေတာပဲ။

နေပါဦး... လီ...

ရွှီချင်း ရင်ထဲ တုန်လှုပ်သွားသည်။

ရုတ်တရက် တစ်စုံတစ်ခုကို သွားသတိရလိုက်သည်။

သာ့ယန်သားတွေက သူမကို သခင်မလီလို့ ခေါ်ကြတာ သူမယောက်ျားက လီမျိုးရိုးမို့လို့လေ။

အခု နန်ကုန်းရှောင်က လီရှောင်ဆိုတဲ့ နာမည်ဝှက်ကို သုံးနေတာ။

ဒါဆိုရင်...

အရင်တုန်းက ဆရာ ပြောဖူးတာ ရှိတယ်။ ယန်မင်းဆရာကြီးက နန်ကုန်းရှောင်ရဲ့ ဆရာသခင်တဲ့။

ပြီးတော့ သခင်မလီကလည်း ယန်မင်းဆရာကြီးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုပဲ။

ဘုရားရေ... ဒီသုံးယောက်က မိသားစုဝင်တွေ ဖြစ်နေခဲ့တာလား။

ဒါဆိုရင် သူနဲ့ ဆရာ့ရဲ့ရန်သူတွေက တစ်နေရာတည်းမှာ စုဝေးရောက်ရှိနေကြတာပေါ့။

"ဟွန်း... တကယ်ပဲ ဆရာရွှီယန်ရဲ့ တပည့် ဖြစ်နေတာကိုး။ မတွေ့တာ ကြာပြီနော် ညီအစ်ကိုရွှီချင်း" လင်းရှောင်ယွဲ့ကလည်း ရွှီချင်းကို မြင်လိုက်ပြီး ရှေ့တိုးကာ နှုတ်ဆက်လိုက်သည်။

ရွှီချင်းသည် စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းလိုက်သည်။

"မတွေ့တာ ကြာပါပြီ သခင်မလီ။ ဒီနေ့ ဒီနေရာမှာ ခင်ဗျားကို ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"

ပြောရင်းဖြင့် ရွှီချင်းက လီရှောင်ကို လှမ်းကြည့်လိုက်သည်။

"စစ်သေနာပတိချုပ်လီ... ကံကောင်းတာပဲနော်"

လီရှောင်ကလည်း ပြုံးလိုက်သည်။

"မြှောက်ပင့်လွန်းပါပြီ" လက်သီးဆုပ်ကာ ပြန်လည် ဂါရဝပြုလိုက်ပြီး တစ်ဖက်လူရဲ့ ဆုတောင်းစကားကို လက်ခံလိုက်သည်။

ရွှီချင်းမှာမူ သွေးအန်ချင်စိတ် ပေါက်သွားသည်။

ဒီလူ... မျက်နှာပြောင်တိုက်လိုက်တာ။

ဒါပေမဲ့ လီရှောင်၏ တုံ့ပြန်မှုကြောင့် သူတို့နှစ်ဦး တကယ်ပဲ ဇနီးမောင်နှံ ဖြစ်ကြောင်း ရွှီချင်း အတည်ပြုနိုင်လိုက်သည်။

"စစ်သေနာပတိချုပ်လီက စစ်နတ်ဘုရားရဲ့ ပညာအမွေကို တကယ်ပဲ ဆက်ခံထားတာပဲ။ ဒီနေ့တိုက်ပွဲအတွက် ကျွန်တော် ရွှီချင်း လေးစားစွာနဲ့ အရှုံးပေးပါတယ်" ရွှီချင်းက ထပ်ပြောလိုက်သည်။

ဒီတစ်ခါတော့ လီရှောင် မပြုံးတော့ပေ။

"လီရှောင်အနေနဲ့ နယ်စပ်ကို ကာကွယ်ဖို့ အမိန့်ရထားပါတယ်။ ရန်သူ့ တပ်သား တစ်ယောက်ကိုမှ သာ့ယန် နယ်မြေထဲ ဝင်ရောက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ မိတ်ဆွေဟောင်းတွေ ဖြစ်နေကြပြီဆိုတော့... စစ်သူကြီးရွှီချင်း ပြန်ရောက်ရင် ဆရာရွှီယန်ကို ပြောပေးပါ။ စစ်ပွဲကို အမြန်ဆုံး ရပ်တန့်လိုက်ဖို့နဲ့ ဧကရာဇ်ကျင်းကို တိုင်းပြည်သုံးခု မဟာမိတ် စာချုပ်အတိုင်း ဆက်လက် တည်ရှိနေဖို့ လျှောက်တင်ပေးပါ"

ရွှီချင်း ခေါင်းငုံ့လိုက်ပြီး မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

စစ်ပွဲ ရပ်ရမယ် ဟုတ်လား။ ချီဝူတပ်ဖွဲ့ဝင် ထောင်ဂဏန်းလောက်နဲ့လား။

ဒီတစ်ခေါက် စစ်ချီလာတာ စစ်သည်အင်အား တစ်သိန်းတောင်ပါတာ။ ပြီးတော့ ချူစစ်တပ်နဲ့လည်း ပူးပေါင်းထားသေးတယ်။

ယန်စစ်တပ်မှာ ချီဝူတပ်ဖွဲ့ဝင် ထောင်ဂဏန်းလောက် ပိုလာရုံနဲ့ သူတို့ကို တားဆီးနိုင်မယ်များ ထင်နေသလား။ သောင်းဂဏန်းလောက် ရှိရင်တောင် မရဘူး။

"ကျွန်တော် သေချာပေါက် ပြောပြပေးပါ့မယ်" စိတ်ထဲ တစ်မျိုး တွေးနေသော်လည်း နှုတ်ကတော့ ကတိပေးလိုက်သည်။

ကတိပေးလိုက်လို့လည်း ဘာမှ ဆုံးရှုံးသွားတာမှ မဟုတ်တာ။ ပြီးတော့ လက်ရှိအချိန်မှာ သူက အားနည်းနေသူမို့ တစ်ဖက်လူကို အရမ်းကြီး ရန်စလို့ မဖြစ်ပေ။

ချီဝူတပ်ဖွဲ့က ရုတ်တရက် ရူးပြီး မြို့ထဲက ထွက်လာကာ သူ့ကို လိုက်သတ်ရင် ကျန်နေတဲ့ လူအနည်းငယ်နဲ့ သူ ပြန်မတိုက်နိုင်ဘဲ အသက်ပါ သွားနိုင်သည်။

"ကျေးဇူးတင်ပါတယ်" လီရှောင် ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

ရွှီချင်းလည်း မြို့ရိုးပေါ်သို့ ဦးညွှတ် နှုတ်ဆက်ပြီး မြင်းလှည့်ကာ ထွက်ခွာသွားလေသည်။

ရွှီချင်း ထွက်သွားမှ လင်းရှောင်ယွဲ့က လီရှောင်ကို လှမ်းကြည့်လိုက်သည်။

"ဘာလို့ သူ့ကို အဲ့ဒီစကားတွေ ပြောလိုက်တာလဲ"

လီရှောင်က ဇနီးသည်ကို ချစ်စနိုး ကြည့်လိုက်သည်။

"မပြောရင်လည်း သူက ချီဝူတပ်ဖွဲ့နဲ့ ကိုယ့်ရဲ့ နောက်ကြောင်းကို စုံစမ်းမှာပဲလေ။ အဲ့ဒီတော့ ကိုယ့်ဖာသာ ဖွင့်ပြောလိုက်တာ မကောင်းဘူးလား။ ပြီးတော့ ဇနီးလေးက ထင်လို့လား... ကိုယ်က စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ ရွှီယန်က တကယ်ပဲ လက်လျှော့ပြီး စစ်တပ်ကို ပြန်ဆုတ်ခိုင်းမယ်လို့လေ"

ရွှီယန်ဆိုတဲ့ လူက ရည်မှန်းချက်ကြီးမားသူ။

နှစ်ပေါင်းများစွာ စီမံကိန်းချပြီး သူတို့အဘိုးကိုတောင် ဒုက္ခပေးခဲ့ဖူးသူ။ သူ့ရဲ့ စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ သာ့ယန်ကို တိုက်မယ့် အစီအစဉ်ကို စွန့်လွှတ်ပါ့မလား။

သူ ဒီစကားတွေ ပြောလိုက်ရခြင်း ရည်ရွယ်ချက်က ရွှီယန်ကို လက်လျှော့သွားစေချင်လို့ မဟုတ်ဘဲ သူ့ရဲ့ ရည်မှန်းချက်ကို ပိုပြီး လှုံ့ဆော်ပေးချင်လို့ ဖြစ်သည်။

လီရှောင်တို့ဘက်က ယုံကြည်မှု အားနည်းနေတယ်၊ ငြိမ်းချမ်းရေး လိုချင်နေတယ်လို့ ရွှီယန် ထင်သွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။

ဒါမှ ရွှီယန် ပိုပြီး ယုံကြည်မှု ရှိလာမှာ မဟုတ်လား။

လင်းရှောင်ယွဲ့ စဉ်းစားလိုက်သည်။

"မလုပ်လောက်ဘူး" ဟု ဖြေလိုက်၏။

လီရှောင်က ဇနီးလေး၏ လက်ကို ဆွဲပြီး မြို့ရိုးပေါ်မှ ဆင်းရန် ပြင်လိုက်သည်။

"အဲ့ဒါကြောင့် ပြောတာပေါ့။ နောက်ပိုင်းကျရင် သူ ပိုသတိထားလာလိမ့်မယ်။ ဒါပေမဲ့ တိုက်ခိုက်မှုကတော့ ပိုပြင်းထန်လာလိမ့်မယ်"

လင်းရှောင်ယွဲ့ လီရှောင် သုံးသပ်ချက်ကို နားထောင်ရင်း သဘောကျသွားသည်။

တိုက်ပွဲက မြန်မြန်ဆန်ဆန် ပြီးဆုံးသွားသလို အရမ်းလည်း လွယ်ကူလွန်းနေသည်။

နှစ်ယောက်သား ရွက်ဖျင်တဲသို့ ပြန်ရောက်သောအခါ လီရှောင်က စစ်သတင်း စောင့်နေပြီး လင်းရှောင်ယွဲ့ကတော့ ရေချိုးပြီး အိပ်ယာဝင်လိုက်သည်။

နောက်တစ်နေ့ရောက်မှ လင်းရှောင်ယွဲ့ သိလိုက်ရသည်မှာ မနေ့ညက ချီဝူတပ်ဖွဲ့သည် ရန်သူ ၇၀၀၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး လက်နက်နှင့် ဝါဂွမ်းအင်္ကျီ ၆၀၀၀ ကျော်၊ စစ်မြင်း ၁၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖြစ်သည်။

ဒီလောက် များပြားတဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့သော်လည်း ချီဝူတပ်ဖွဲ့ဘက်မှ တစ်ယောက်မျှ မကျဆုံးခဲ့ဘဲ အယောက် ၂၀ ခန့်သာ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြသည်။

သိမ်းဆည်းရမိသော ပစ္စည်းများထဲမှ ကောင်းမွန်သော အရာများကို ချီဝူတပ်ဖွဲ့အတွက် ဖယ်ထားပြီး ကျန်တာများကို တော်ဝင်တပ်ဖွဲ့ဝင်များထံ ဝေငှပေးလိုက်သည်။

ရုတ်တရက် ဝါဂွမ်းအင်္ကျီ ၆၀၀၀ ကျော် ရရှိလိုက်သဖြင့် စစ်သည်တော် အများအပြား အအေးဒဏ်မှ သက်သာသွားကြသည်။

ရန်သူ့အလောင်းများဆီက ချွတ်ယူထားတာ ဖြစ်လို့ သွေးကွက်တွေ ပေနေပေမယ့် ဒီလို အေးခဲနေတဲ့ ဆောင်းတွင်းကြီးမှာ ဝါဂွမ်းအင်္ကျီ ဝတ်ရရင် ပြီးတာပါပဲ။ ဘယ်သူက ဂျီးများနေဦးမှာလဲ။

ထျဲယ်မန်တောင်တိုက်ပွဲတွင် အနိုင်ရလိုက်ခြင်းက ယန်စစ်တပ်၏ စိတ်ဓာတ်ကို မြင့်တက်သွားစေသည်။

နယ်စပ်စစ်သည်များသည် လီရှောင်နှင့် ချီဝူတပ်ဖွဲ့အပေါ် ပိုမို ယုံကြည်လေးစားလာကြသည်။

.....

ဆေးကုသဆောင်။

လင်းရှောင်ယွဲ့နှင့် လီရှောင်တို့ ဒဏ်ရာရ စစ်သည်များကို လာရောက် ကြည့်ရှုအားပေးကြသည်။

ကံကောင်းသည်မှာ ဒဏ်ရာရသူ နည်းပါးသဖြင့် ဆရာရွှီနှင့် လက်ထောက်နှစ်ယောက်လောက်နှင့်ပင် လုံလောက်နေသည်။

အခြေအနေ မေးမြန်းကြည့်သောအခါ စစ်သည်နှစ်ဦးမှာ လက်တစ်ဖက် ပြတ်သွားသူနှင့် ခြေထောက်တစ်ဖက် ပြတ်သွားသူ ဖြစ်ကြောင်း သိရသဖြင့် လင်းရှောင်ယွဲ့နှင့် လီရှောင် စိတ်မကောင်း ဖြစ်သွားကြသည်။

ထို့နောက် ထိုစစ်သည်နှစ်ဦးကို ကိုယ်တိုင် သွားရောက် အားပေးစကား ပြောကြားပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန် စီစဉ်ပေးလိုက်သည်။

သူတို့၏ ဒဏ်ရာအခြေအနေ တည်ငြိမ်သွားသည်နှင့် ချင်းရှီမြို့သို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်သည်။

ဒါသည် ချီဝူတပ်ဖွဲ့ မထွက်ခွာမီကတည်းက ပေးထားခဲ့သော ကတိကဝတ် ဖြစ်သည်။

စစ်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရပြီး ဆက်လက်တိုက်ပွဲမဝင်နိုင်တော့ပါက တပ်မှ အလိုအလျောက် အနားယူခွင့် ရရှိမည်။

ထို့နောက် ချင်းရှီမြို့သို့ ပြန်ပြီး သာမန်ပြည်သူတစ်ယောက်အဖြစ် အေးချမ်းစွာ နေထိုင်နိုင်သည်။

သို့မဟုတ် အသက် ၄၀ ပြည့်၍ တပ်မှ အနားယူလျှင်လည်း ချင်းရှီမြို့သို့ ပြန်နိုင်သည်။

သေချာပေါက် ရေရှည် တာဝန်ထမ်းဆောင်လိုသူများလည်း ဆက်လက် နေထိုင်နိုင်သည်။

စွမ်းဆောင်ရည်အလိုက် ရာထူးတိုးမြှင့်ပေးပြီး တော်ဝင်တပ်ဖွဲ့တွင် အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရမည်။

အတိုချုပ်ပြောရရင် လင်းရှောင်ယွဲ့နှင့် လီရှောင်တို့သည် ချီဝူတပ်ဖွဲ့ဝင်များအတွက် နောက်ဆုံး ထွက်ပေါက်တစ်ခုကို ဖန်တီးပေးထားသည်။

ဒဏ်ရာပြင်းထန်စွာ ရထားသော စစ်သည်နှစ်ဦးသည် စစ်မြေပြင်တွင် ဆက်လက် တာဝန်မထမ်းဆောင်နိုင်တော့မှန်း သိသဖြင့် ကမ်းလှမ်းချက်ကို လက်ခံလိုက်ကြသည်။

ဤကိစ္စသည် ချီဝူတပ်ဖွဲ့ အနားယူရေးအစီအစဉ်၏ အစပျိုးမှု တစ်ခု ဖြစ်လာသည်။

ချီဝူတပ်ဖွဲ့ဝင် အများအပြား သတင်းကြားသည်နှင့် ထိုစစ်သည်နှစ်ဦးထံ လာရောက်မေးမြန်းကြသည်။

သူတို့၏ စစ်သေနာပတိချုပ်နှင့် သခင်မတို့၏ အစီအစဉ်ကို သိလိုက်ရသောအခါ စစ်သည်များ၏ မျက်ဝန်းများ နီရဲသွားကြသည်။

"စစ်သေနာပတိချုပ်နဲ့ သခင်မက ငါတို့အတွက် အကုန် စဉ်းစားပေးထားတာပဲ" တစ်ယောက်က ပြောသည်။

"ဟုတ်တယ်... နောင်ကျရင် ဒဏ်ရာရပြီး မသန်မစွမ်းဖြစ်သွားလည်း ကြောက်စရာ မလိုတော့ဘူး။ ချင်းရှီမြို့ကို ပြန်လို့ရပြီ" နောက်တစ်ယောက်က ထောက်ခံသည်။

"သေသွားလည်း မကြောက်ဘူးကွ။ အရင်တုန်းက သခင်မ ပြောဖူးတယ်လေ... သေသွားရင် သူရဲကောင်းဗိမာန်မှာ ထားပေးမယ်။ ပြီးတော့ မိဘမဲ့ကလေးတွေကို မွေးစားပြီး ငါတို့မျိုးရိုးနာမည်နဲ့ မျိုးဆက် ဆက်ခံခွင့် ပေးမယ်တဲ့"

"စစ်သေနာပတိချုပ်နဲ့ သခင်မအတွက် အသက်ပေး တိုက်ကြမယ်ဟေ့။"

"တိုက်မယ်။"

.....

ထိုအချိန်၌ပင်...

ရွှီယန်သည် လီရှောင်နှင့် လင်းရှောင်ယွဲ့တို့၏ အကြောင်းကို သိရှိသွားခဲ့ပြီ။

သာ့ကျင်းမှ လွှတ်လိုက်သော သူလျှိုများကလည်း သူတို့နှစ်ဦးနှင့် ပတ်သက်သော သတင်းများကို ယူဆောင်လာကြသည်။

"ဟွန်း... လျိုဝူကျီဆိုတဲ့ အဖိုးကြီးက ငါနဲ့ အတိုက်အခံ လုပ်ချင်နေတာပဲ။" စားပွဲပေါ်မှ ပစ္စည်းများကို ရိုက်ချလိုက်ရင်း ရွှီယန် ဒေါသတကြီး ပြောလိုက်သည်။

ထို့နောက် မျက်လုံးများ အရောင်လက်သွားသည်။ သူ့စိတ်ထဲ အကြံတစ်ခု ရလိုက်၏။

"သွား... အဲ့ဒီ ကောင်မလေးက လျိုဝူကျီရဲ့ မြေးမအရင်းဆိုတဲ့ သတင်းကို ဖြန့်လိုက်။ သာ့ယန်က လူတွေကို သိစေလိုက်စမ်း... သူတို့ ကိုးကွယ်နေတဲ့ ဘုရားသခင်က ဘယ်လိုမျိုးလဲ ဆိုတာ။ ပြီးတော့ နန်ကုန်းရှောင်ရဲ့ အကြောင်းကိုလည်း ဖွင့်ချလိုက်။ သာ့ယန် ဧကရာဇ်သစ်က မတရား အာဏာလုယူထားတာဖြစ်ပြီး နန်ကုန်းရှောင်က မုရုန်ရွှီယန်နဲ့ ပူးပေါင်းကာ ဧကရာဇ်ယန် (မုရုန်ကျောင်း) ကို သတ်ပစ်ခဲ့တယ်လို့ သတင်းလွှင့်လိုက်"

အမိန့်နာခံသူ လန့်ဖျပ်သွားသည်။

ရွှီယန်က မကျေမနပ် ကြည့်နေသည်ကို မြင်သောအခါ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ" ဟု ပြောပြီး ထွက်ခွာသွားသည်။

တစ်ဖက်တွင် ရွှီချင်းမှာ ထိုသတင်းများကို ကြားပြီး ကြောင်အနေမိသည်။

ရွှီယန်က ရွှီချင်းကို မကြည်ကြည့် ကြည့်လိုက်သည်။

"လူတွေကို ခေါ်လိုက်... နောက်ထပ် တိုက်ပွဲ အစီအစဉ် ဆွဲဖို့ လုပ်ရမယ်" လေးနက်စွာ ပြောလိုက်သည်။

တကယ့် အသုံးမကျတဲ့ကောင်...

စစ်သည် ၇၀၀၀ ကျော် ဆုံးရှုံးခဲ့ရတာတောင် တစ်ဖက်လူကို ခြစ်ရာတောင် ထင်အောင် မလုပ်နိုင်ခဲ့ဘူး။ ငါ့မျက်နှာကို အိုးမဲသုတ်နေတာပဲ။

တပည့်ချင်း အတူတူတောင်မှ လျိုဝူကျီရဲ့တပည့်တွေနဲ့ယှဉ်ရင် ငါ့တပည့်က အများကြီး ညံ့ဖျင်းနေပါလား။

"ဟုတ်ကဲ့ပါ။" ရွှီချင်း အမြန်ပြန်ဖြေပြီး ထွက်ခွာသွားလေသည်။

.....

နောက်ရက်များတွင် နယ်စပ်ဒေသသည် ငြိမ်သက်နေသည်။

ကျင်းစစ်တပ်သည် သာ့ယန်နှင့် မနီးမဝေးတွင် တပ်စွဲထားသော်လည်း တိုက်ခိုက်မည့် အရိပ်အယောင် မတွေ့ရပေ။

တစ်ချိန်တည်းမှာပင် စစ်တပ်ထဲ၌ ထူးဆန်းသော ကောလဟာလများ စတင် ပျံ့နှံ့လာသည်။

ပထမအချက်မှာ စစ်သေနာပတိချုပ် ကတော်နှင့် မင်းဆရာကြီး၏ ပတ်သက်ဆက်နွယ်မှု အကြောင်း။

ဒုတိယအချက်မှာ လီရှောင်နှင့် ဧကရာဇ်သစ်၊ နှောင်းဧကရာဇ် (ကွယ်လွန်သူ ဧကရာဇ်) တို့၏ ပတ်သက်မှု အကြောင်း။

ချီဝူတပ်ဖွဲ့ဝင်များလည်း ထိုသတင်းများကို ကြားသိသွားကြသည်။

ထို့နောက် သတင်းများက လင်မယားနှစ်ယောက်၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ရှောင်ယန်က ဒေါသတကြီးဖြင့် ထိုကောလဟာလများကို လာပြောပြသော်လည်း လင်မယားနှစ်ယောက်ကတော့ ဘာမှ မဖြစ်သလို တည်ငြိမ်နေကြသည်။

"ဒါ သာ့ကျင်းက လူတွေ တမင်သက်သက် ကောလဟာလ လွှင့်တာပဲ နေမှာ။ ငါတို့ စစ်တပ် စိတ်ဓာတ်ကျအောင် လုပ်တာ။ တကယ့် ယုတ်မာတဲ့ ကောင်တွေ။" ရှောင်ယန်က အံကြိတ်ပြီး ပြောလိုက်သည်။

လင်းရှောင်ယွဲ့က ရှောင်ယန်ကို ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။

"စိတ်မဆိုးပါနဲ့တော့... သူတို့ပြောတာတွေက အမှန်တွေပဲဟာ" ဟု ရယ်မောရင်း ပြောလိုက်သည်။

မင်းဆရာကြီးက သူမရဲ့ အဘိုး ဖြစ်တာ အမှန်ပဲလေ။ ပြီးတော့ ဧကရာဇ်ယန် သေဆုံးမှုကလည်း သူတို့နဲ့ တကယ်ပဲ ပတ်သက်နေတာပဲဟာ။

***

All Chapters