← Chapters

လက်ပစ်ဒူးလေး

Vol. 21 Ch. 428

လက်ပစ်ဒူးလေး

Vol. 21 Ch. 428

"ဒီပစ္စည်းကို ချီဝူတပ်မတော် လက်နက်ထုတ်လုပ်ရေးစခန်းက ပန်းပဲဆရာတစ်ယောက် ဖန်တီးလိုက်တာပါ။ ထွက်လာတာ သိပ်မကြာသေးတော့ အခု လက်နက်စခန်းမှာ အလက်သုံးရာကျော်လောက်ပဲ ရှိသေးတယ်။ ဒီတစ်ခေါက် ဝမ်ရယ်ရဲ့ မြို့တော်ခရီးစဉ်က အလွန်အရေးကြီးလို့ လုံခြုံရေးအတွက် မြို့တော်လိုက်ပါမယ့် စစ်သည် ၂၀၀ စလုံးကို ဒီလို လက်ပစ်ဒူးလေးတွေ တပ်ဆင်ပေးထားပါတယ်။ ကျန်တဲ့ အလက် ၁၀၀ ကျော်ကိုတော့ နယ်စပ်သွားမယ့် စစ်သည်တွေအတွက် ခွဲဝေပေးလိုက်ပါတယ်"

အန်းယန်ဝမ် မျက်လုံးများ အရောင်လက်သွားသည်။

ရုတ်တရက် လီရှောင်က အန်းယန်ဝမ်ရှေ့တွင် ဒူးတစ်ဖက်ထောက် ချလိုက်သည်။

"ချီဝူတပ်မတော် လက်နက်စခန်းက ပညာရှင် ၄၀ လုံးကို ကျွန်တော်မျိုး ခေါ်ဆောင်လာခဲ့ပါတယ်။ နယ်စပ်က စစ်သည်တွေအတွက် လက်ပစ်ဒူးလေးတွေ ဆက်လက်ထုတ်လုပ်နိုင်ဖို့အတွက် ဝမ်ရယ်အနေနဲ့ လက်ခံပေးဖို့ တောင်းဆိုပါတယ်။"

အန်းယန်ဝမ် မျက်နှာ ဝင်းပသွားကာ လီရှောင်ကို အလျင်အမြန် ဆွဲထူလိုက်သည်။

"ညီလေးလီက တိုင်းပြည်နဲ့ ပြည်သူအတွက် စေတနာထားတာကို ဒီမင်းသား အရမ်းလေးစားမိပါတယ်။ ဒါဆိုရင်လည်း... ငါ အားမနာတော့ဘဲ လက်ခံလိုက်ပါ့မယ်"

အန်းယန်ဝမ်က ဟန်ဆောင်ငြင်းဦးမလို့ လုပ်သေးသော်လည်း တကယ်တမ်း မငြင်းရက်ပေ။

နယ်စပ်က စစ်သည်တချို့သာ လက်ပစ်ဒူးလေးတွေ သုံးခွင့်ရမယ်ဆိုရင်၊ လက်ပစ်ဒူးလေး တပ်ဖွဲ့သီးသန့် ဖွဲ့စည်းနိုင်မယ်ဆိုရင် စစ်သည်တွေရဲ့ တိုက်ရည်ခိုက်ရည်ကို အများကြီး မြှင့်တင်ပေးနိုင်မှာ ဖြစ်သည်။

သာ့ယန်စစ်သည်တွေရဲ့ တိုက်ရည်ခိုက်ရည် မြင့်တက်လာရင် ချူနဲ့ကျင်းတိုင်းပြည်တွေက အလွယ်တကူ လာတိုက်ရဲပါဦးမလား။

ပိုကောင်းတာက နောက်ပိုင်း ပိုအစွမ်းထက်တဲ့ လက်နက်တွေ ထွက်လာခဲ့ရင် သာ့ယန်အနေနဲ့ ခံစစ်ကနေ တိုက်စစ်ပြောင်းနိုင်တာမျိုးလည်း ဖြစ်လာနိုင်တယ်။

အရေးကြီးဆုံးက လက်ပစ်ဒူးလေးတွေ ရှိလာတော့ ဒီတစ်ခေါက် မြို့တော်ခရီးစဉ်အတွက် သူ့ရင်ထဲမှာ ပိုယုံကြည်မှု ရှိလာတာပဲ။

အိမ်ရှေ့စံနေရာကို သူ လိုချင်တယ်။ ဧကရာဇ်နေရာကိုလည်း သူ လိုချင်တယ်။

ယခုအချိန်တွင် အန်းယန်ဝမ်၏ရင်ထဲ၌ အလွန် ပျော်ရွှင်နေသည်။

မထွက်ခွာခင်မှာ လီရှောင်က ချီဝူတပ်မတော် လက်နက်စခန်းကို သူ့ဆီ ပို့ပေးလိုက်တာ၊ သစ္စာရှိမှုကို ပြသလိုက်တာက အချိန်ကိုက်ပါပဲ။ နောက်ပိုင်း သူ လီရှောင်ကို စိတ်ချလက်ချ အသုံးပြုလို့ ရပြီ။

"လာကြဦး၊ ချီဝူတပ်မတော် လက်နက်စခန်းက လူတွေကို နေရာချပေးလိုက်ကြ။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးကြ၊ လစ်ဟင်းမှု မရှိစေနဲ့။"

အန်းယန်ဝမ် လှည့်ပြီး အစေခံများကို အမိန့်ပေးလိုက်သည်။

ဒီလူတွေက တကယ့် ရတနာတွေပဲ။

"ဟုတ်ကဲ့ပါ။" အစေခံများ အမိန့်နာခံပြီး အမြန်ထွက်ခွာသွားကြသည်။

ဤအချိန်တွင် သခင်လေးလျန် လျှောက်လာသည်။

"ဂုဏ်ယူပါတယ် ဝမ်ရယ်၊ အရည်အချင်းရှိတဲ့ လူတော်တွေကို ရလိုက်ပြီပဲ။" ပြုံးရွှင်စွာဖြင့် အန်းယန်ဝမ်ကို ဂါရဝပြုပြီး ဂုဏ်ပြုစကား ဆိုလိုက်သည်။

သို့သော် မျက်လုံးများကတော့ အန်းယန်ဝမ် လက်ထဲက လက်ပစ်ဒူးလေးဆီက မခွာနိုင်အောင် ဖြစ်နေသည်။

အန်းယန်ဝမ်က သခင်လေးလျန်၏စိတ်ကို ရိပ်မိသဖြင့် ပြုံးလိုက်ပြီး လက်ထဲမှ လက်ပစ်ဒူးလေးကို ကမ်းပေးလိုက်သည်။

"ညီလေးလျန်လည်း စမ်းကြည့်ပါလား"

သခင်လေးလျန်၏မျက်နှာ ဝင်းပသွားတော့သည်။

"ကျေးဇူးတင်ပါတယ် ဝမ်ရယ်။" ဟုပြောကာ အမြန်လှမ်းယူလိုက်သည်။

လင်းရှောင်ယွဲ့ ဒါကိုမြင်တော့ ပြုံးလိုက်ပြီး အပိုပါလာသော ဒူးလေးမြှားတံများကို ထုတ်ကာ သခင်လေးလျန်ကို မြှားတပ်နည်း သင်ပေးလိုက်သည်။

အန်းယန်ဝမ်ကလည်း ဘေးကနေ ကြည့်နေပြီး မြှားတပ်ရတာ သိပ်မခက်ခဲကြောင်း တွေ့ရသဖြင့် လက်ပစ်ဒူးလေးအပေါ် ပိုမိုနှစ်သက်သွားသည်။

မကြာမီ ဒူးလေးမြှားတံအသစ်များ တပ်ဆင်ပြီးသွားသည်။

သခင်လေးလျန်သည် လင်းရှောင်ယွဲ့ပြောသည့်အတိုင်းလုပ်ဆောင်ရာ အန်းယန်ဝမ်ကဲ့သို့ပင် ပစ်မှတ်အလယ်တည့်တည့်ကို အကြိမ်ကြိမ် ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည်။

ဒီရလဒ်ကြောင့် သခင်လေးလျန် စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားသည်။

"သခင်မလေးလင်း၊ ဒီလက်ပစ်ဒူးလေးကို ကျွန်တော့်ကို တစ်လက်လောက် ပေးလို့ ရမလားဗျာ"

မကြာမီ သခင်လေးလျန်က လင်းရှောင်ယွဲ့ကို ဂါရဝပြုပြီး တောင်းဆိုလိုက်သည်။

ဒီလက်ပစ်ဒူးလေးက ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတယ်။ ထိခိုက်မှုပြင်းအားလည်း ကြီးမားတယ်၊ အသုံးပြုသူအတွက် လိုအပ်ချက်လည်း နည်းပါးတယ်။ တကယ့်ကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံး လက်နက်ပဲ။

သူက လျန်မိသားစု ခေါင်းဆောင်တစ်ယောက်အနေနဲ့ အပြင်သွားလာတဲ့အခါ တကယ်တမ်းတော့ သိပ်မလုံခြုံလှဘူး။ ကိုယ်ရံတော်တွေကိုပဲ အားကိုးနေရတာ၊ ကိုယ့်အသက်ကို သူတို့လက်ထဲ အပ်ထားရသလို ဖြစ်နေတာ။ သူကလည်း သိုင်းပညာ ပါရမီမရှိတော့ ကိုယ်ပိုင်လက်နက်လေး ရှိမှ စိတ်အေးရမှာ။

ဒီလက်ပစ်ဒူးလေးက အကောင်းဆုံး လက်နက်ပဲ။

ဒီစကားထွက်လာတော့ အန်းယန်ဝမ် ရယ်မောလိုက်မိသည်။

"ငါ လည်း တစ်လက်လောက် လိုချင်တယ်" ဟု လင်းရှောင်ယွဲ့ကို ပြောလိုက်သည်။

ညီလေးလျန်ရဲ့ စိုးရိမ်မှုမျိုးက သူ့မှာလည်း ရှိတယ်။ ပိုဆိုးတာက ဒီတစ်ခေါက် မြို့တော်ခရီးစဉ်က တကယ့်ကို အန္တရာယ်များလွန်းတယ်။

ဒီလို လက်ပစ်ဒူးလေး တစ်လက်လောက် ဆောင်ထားနိုင်ရင် အရေးကြုံတဲ့အခါ အများကြီး အသုံးဝင်လာနိုင်တယ်။

လင်းရှောင်ယွဲ့ ကြောင်သွားပြီးနောက် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"မနက်ဖြန် မထွက်ခွာခင် သေချာပေါက် ဆက်သပါ့မယ်"

"ဟားဟား..."

အန်းယန်ဝမ် အားရပါးရ ရယ်မောလိုက်သည်။

"လာ၊ စာကြည့်ခန်းထဲ ပြန်ပြီး စကားပြောကြမယ်။" ဟု အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

အားလုံးက သဘောတူပြီး လိုက်သွားကြသည်။

စာကြည့်ခန်းရောက်တော့မှ ဘေးစားပွဲပေါ်တွင် အရက်နှင့် ဟင်းပွဲများ တည်ခင်းထားသည်ကို လင်းရှောင်ယွဲ့ တွေ့လိုက်ရသည်။

"စားရင်းသောက်ရင်း ပြောကြတာပေါ့" အန်းယန်ဝမ်က ပြုံးပြီး ပြောသည်။

အားလုံးလည်း မငြင်းကြဘဲ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ကြသည်။

နောက်ပိုင်း စကားဝိုင်းကတော့ ပေါ့ပါးလွတ်လပ်သွားပြီး လေးယောက်သား မိုးလင်းခါနီးအထိ စားသောက်စကားပြောခဲ့ကြသည်။

........

နောက်တစ်နေ့တွင်။

မနက်စောစောစီးစီး အန်းယန်ဝမ် မြို့တော်သို့ ခရီးထွက်ခွာသည်။ ခရိုင်သခင်မ လင်းရှောင်ယွဲ့လည်း လိုက်ပါသွားသည်။

ကိုယ်ရံတော် ၂၀၀ လိုက်ပါသွားပြီး ခရီးစဉ်တစ်လျှောက်လုံး ခမ်းနားထည်ဝါစွာဖြင့် ချီတက်သွားကြသည်။

.....

မြို့တော်တွင်။

လျိုဝူကျီသည် မြေးမလေးက အန်းယန်ဝမ်နှင့်အတူ မြို့တော်သို့ လိုက်ပါလာကြောင်း သတင်းရရှိလိုက်သည်။

စာကို ကြည့်ပြီး ပျော်သလိုလို စိတ်ညစ်သလိုလို ဖြစ်သွားသည်။

ပျော်တာကတော့ ဒီနှစ် နှစ်သစ်ကူးမှာ သူတစ်ယောက်တည်း မဖြတ်သန်းရတော့လို့ ဖြစ်သည်။ စိတ်ပူတာကတော့ မြေးမလေး ဒီအချိန်မှာ မြို့တော်ရောက်လာတာ သိပ်ကောင်းတဲ့ကိစ္စ မဟုတ်လို့ ဖြစ်သည်။

ဒါပေမဲ့ ထားလိုက်ပါတော့လေ။ လူက ရောက်လာပြီဆိုတော့လည်း သူက ပြန်သွားလို့ ပြောလိုက်ရုံနဲ့ လိမ္မာပါ့မယ်ဆိုပြီး ပြန်သွားမယ့်သူမှ မဟုတ်တာ။

ဒါကို တွေးမိပြီး လျိုဝူကျီ စိတ်လျော့လိုက်သည်။

မြေးမလေးကို အိမ်တော်ခေါ်ဖို့ ပျော်ပျော်ရွှင်ရွှင် ပြင်ဆင်လိုက်သည်။

....

ကွေ့ဖေး၏ နန်းဆောင်တွင်။

ရှူးဖေးနန်းဆောင်မှ သတင်းများကို ကြားရပြီးနောက် ကွေ့ဖေး မျက်နှာတွင် အပြုံးများ ပေါ်လာသည်။

ကျန်းရှီသာ အချိန်မီ သမားတော် မခေါ်ခဲ့ရင် အရှင်မင်းကြီး မလွယ်ဘူး ဖြစ်သွားတော့မလို့။ ဒီအချိန်မှာတော့ မသေပါစေနဲ့ဦး။ ဘာပဲဖြစ်ဖြစ် သူမ သားတော်က မြို့တော်ကို လာနေပြီလေ။

"ကျန်းရှီကို ပြောလိုက်၊ အရှင်မင်းကြီးကို ကောင်းကောင်း ပြုစုပေးလို့။ ဝမ်ရယ် အိမ်ရှေ့စံနေရာ မရခင် အရှင်မင်းကြီး သေသွားရင် အဲ့ဒီကျရင် သူလည်း အသက်ရှင်ဖို့ မစဉ်းစားနဲ့လို့"

ကွေ့ဖေးက လက်ဖက်ရည်ကို ကျက်သရေရှိစွာ သောက်ရင်း သတင်းလာပို့သော နန်းတွင်းသူကို ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ" နန်းတွင်းသူက အမြန်ပြန်ဖြေသည်။

"သွားတော့" လက်ဖက်ရည်ခွက်ကို ချပြီး ကွေ့ဖေး လက်ကာပြလိုက်သည်။

"ဟုတ်ကဲ့" နန်းတွင်းသူ ထွက်ခွာသွားသည်။

နန်းတွင်းသူ ထွက်သွားသည်နှင့် ကွေ့ဖေး၏ အနီးကပ်အစေခံမားမားက ပခုံးလာနှိပ်ပေးသည်။

"ဝမ်ရယ်အတွက် ကွေ့ဖေးမယ်တော် ပူပန်ပေးနေတာ၊ ဒီတစ်ခေါက်တော့ သေချာပေါက် ထီးနန်းရတော့မှာပါ" မားမားက မျက်နှာလိုမျက်နှာရ ပြောလိုက်သည်။

ကွေ့ဖေးက မားမားကို လှည့်ကြည့်လိုက်သည်နှင့် မားမားသည် လန့်ပြီး ပါးစပ်ပိတ်သွားသည်။

သို့သော် ခဏအကြာတွင် ကွေ့ဖေး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပြုံးလိုက်သည်။

"စကားပြော တတ်သားပဲ" ဟု ရယ်မောပြီး ပြောလိုက်သည်။

မားမားလည်း လိုက်ရယ်လိုက်သည်။

"မယ်တော်နဲ့ ဝမ်ရယ်တို့ ဘုန်းကံကြီးမားလို့ပါ"

"ခစ်ခစ်..."

.....

ရက်အနည်းငယ်ကြာပြီးနောက် အန်းယန်ဝမ်နှင့်အဖွဲ့ မြို့တော်သို့ ရောက်ရှိလာသည်။

အန်းယန်ဝမ်သည် စစ်သည်များနှင့်အတူ ယခင် ပထမမင်းသား၏အိမ်တော်တွင် တည်းခိုပြီး မနက်ဖြန် နန်းတော်ဝင်ရန် စောင့်ဆိုင်းနေသည်။

လင်းရှောင်ယွဲ့ကိုတော့ မင်းဆရာကြီးအိမ်တော်သို့ ခေါ်ဆောင်သွားသည်။

လီရှောင်လည်း လိုက်သွားချင်သော်လည်း အန်းယန်ဝမ်ဘက်ကကိစ္စက အရေးကြီးသဖြင့် ကျန်ရစ်ခဲ့သည်။

......

မင်းဆရာကြီးအိမ်တော်တွင်။

လျိုဝူကျီသည် မြေးမလေးအတွက် အရသာရှိသော ဟင်းပွဲများ အပြည့်ခင်းကျင်းပြီး ဧည့်ခံသည်။

မြေးအဘိုးနှစ်ယောက် ခွဲခွာပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြောပြကြသည်။

လျိုရှီနှင့် လင်းရှောင်ကျစ်တို့ နေကောင်းကျန်းမာကြောင်း သိရသောအခါ လျိုဝူကျီ စိတ်အေးသွားသည်။

လင်းရှောင်ယွဲ့ကတော့ အဘိုးဖြစ်သူ ဒီရက်ပိုင်း လုပ်ဆောင်ခဲ့သမျှကို သိရသောအခါ "လေးစားလွန်းလို့ ဦးညွှတ်ရမလို" ဖြစ်သွားသည်။

"အဘိုး ဆိုလိုတာက မနက်ဖြန် အန်းယန်ဝမ် နန်းတော်ဝင်ပြီး အရှင်မင်းကြီးနဲ့ တွေ့ပြီးရင် အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံရတော့မယ်ဆိုတဲ့ သဘောလား"

လင်းရှောင်ယွဲ့က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

စိတ်လှုပ်ရှားရမှာပေါ့၊ အန်းယန်ဝမ် အိမ်ရှေ့စံဖြစ်ရေးက သူတို့အစီအစဉ်ရဲ့ ပထမအဆင့်လေ။ ဒီအဆင့် ပြီးသွားရင် နောက်ပိုင်းကိစ္စတွေက လွယ်သွားပြီ။

ဧကရာဇ်ယန် ချက်ချင်း နတ်ရွာစံသွားရင်တောင် သူတို့အနေနဲ့ အခြေအနေကို ထိန်းချုပ်နိုင်မှာ သေချာတယ်။ နည်းနည်း အလုပ်ရှုပ်သွားရုံလောက်ပဲ ရှိမှာ။

"အင်း၊ ပြဿနာ မရှိလောက်ပါဘူး" လျိုဝူကျီ ပြန်ဖြေသည်။

အရှင်မင်းကြီးရဲ့ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာတာ၊ တိုင်းပြည်အတွက် တွေးပြီး သူ အာဏာစွန့်လွှတ်ပါလိမ့်မယ်။

လင်းရှောင်ယွဲ့ ကြားလိုက်ရတော့ မျက်နှာ ထပ်မံ ဝင်းပသွားကာ လျိုဝူကျီဘက်သို့ သေရည်ခွက်ကို မြှောက်လိုက်သည်။

***

All Chapters