ပြန်လည်ရောက်ရှိလာခြင်း
Vol. 21 Ch. 425
ဂဏန်းသင်္ချာပညာရပ်စာအုပ်သာ မရှိခဲ့လျှင် သူ နတ်ရွာစံပြီးနောက် ကဲ့ရဲ့ရှုတ်ချစရာ နာမည်ဆိုးတစ်ခုသာ ကျန်ရစ်ခဲ့လိမ့်မည်။
"အရှင်မင်းကြီး၊ အဲ့လိုမပြောပါနဲ့"
လျိုဝူကျီ၏အသံမှာ လေးနက်သွားသည်။
ဧကရာဇ်ယန်က လျိုဝူကျီ၏အမူအရာကို မြင်သောအခါ အတိတ်က ကိစ္စများကို ပြန်သတိရမိပြီး ရှားရှားပါးပါး ရှက်ရွံ့သည့် အမူအရာ ပေါ်လာသည်။ သို့သော် ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။
"အန်းယန်ဝမ် မြို့တော်ရောက်မလာခင်အထိ နန်းတွင်းကိစ္စအဝဝကို မင်းဆရာကြီးပဲ တာဝန်ယူပေးပါ။ သူ တိုင်းပြည်အုပ်ချုပ်ရေးကို လွှဲပြောင်းယူပြီးတဲ့အခါကျရင် မင်းဆရာကြီးနဲ့ အမတ်ချုပ်ကြီးက သူ့ကို ကူညီပံ့ပိုးပေးကြပါ"
ယခုအချိန်တွင် ဧကရာဇ်ယန်သည် လူတစ်ယောက် လဲလိုက်သကဲ့သို့ အာဏာစွန့်လွှတ်ရန် အမှန်တကယ် ပြင်ဆင်နေပြီဖြစ်သည်။
"ဟုတ်ကဲ့ပါ"
လျိုဝူကျီ ပြန်ဖြေသည်။
ထိုအခါမှ ဧကရာဇ်ယန် စိတ်ချသွားသည်။
ခဏကြာမှ ထပ်ပြောသည်။
"နောက်တစ်ခုက ကျန်း အဆိပ်သင့်တာ ကျန်းရှီနဲ့ မဆိုင်ဘူး။ သူ့ကို ပြန်လွှတ်ပေးလိုက်ပါ။ ကျန်တဲ့ ၁၉ ရက်မှာ သူသာ မရှိရင် ကျန်း တောင့်ခံနိုင်မှာ မဟုတ်ဘူး"
လျိုဝူကျီ ချက်ချင်း ခေါင်းမော့ပြီး ဧကရာဇ်ယန်ကို ကြည့်လိုက်သည်။
ဧကရာဇ်ယန် ပြုံးလိုက်သည်။
"ကျန်း အသက်ကြီးပေမယ့် စိတ်မလွတ်သေးပါဘူး။ ကျန်းရှီက ဒီရက်ပိုင်း ကျန်းကို ပြုစုစောင့်ရှောက်တာ တကယ် စေတနာပါပါတယ်။ ဟန်ဆောင်တာ မဟုတ်ပါဘူး။ ကျန်း... သူ့ကို မခွဲနိုင်တော့ဘူး..."
နောက်ဆုံးစာကြောင်းကို ပြောသောအခါ ဧကရာဇ်ယန်၏ အသံတွင် နှမြောတသသ ဖြစ်ခြင်းနှင့် နောင်တရခြင်းတို့ ရောယှက်နေသည်။
သူ ရှူးဖေးကို သတိရနေခြင်း ဖြစ်သည်။ သို့မဟုတ် ဟွေကွမ်းဆေးလုံး စသောက်ကတည်းက သူ သူမကို သတိရနေခဲ့ခြင်း ဖြစ်သည်။
ခန္ဓာကိုယ် အားနည်းလာလေ၊ စိတ်အခြေအနေ ဆိုးရွားလာလေ၊ သူ သူမကို ပိုသတိရလေ ဖြစ်သည်။ သူတို့နှစ်ယောက် အတူရှိခဲ့ဖူးသည့် နှစ်ကာလများကို ပြန်လွမ်းဆွတ်နေမိသည်။
လျိုဝူကျီ၏မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။
"အကြောင်းစုံကို စုံစမ်းပြီးမှ စီစဉ်ပါ့မယ်"
ဧကရာဇ်ယန် လျိုဝူကျီကို ကြည့်လိုက်သည်။ အစက ဒေါသထွက်သလို ဖြစ်သွားသော်လည်း ဒေါသကို ပြန်ထိန်းလိုက်သည်။
ကျန်းရှီက အပြစ်ကင်းမှတော့ ကိစ္စမှန်ပေါ်ပေါက်လာရင် ပြန်လွတ်လာမှာ သေချာတာပဲ။
ထိုသို့တွေးမိပြီး ဧကရာဇ်ယန် ဆက်မပြောတော့ပေ။
"ကဲ... သမားတော်ကို ဝင်ခိုင်းလိုက်တော့။ မင်းဆရာကြီး သွားလို့ရပြီ"
စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။
လျိုဝူကျီ ဘာမှထပ်မပြောဘဲ ဧကရာဇ်ယန်ကို ဂါရဝပြုပြီး ထွက်ခွာသွားသည်။
ထိုညတွင် အပြစ်ဒဏ်စီရင်ရေးဌာနမှ အရာရှိများ၏ စစ်ဆေးမေးမြန်းမှုအောက်တွင် ဧကရာဇ်ယန် အဆိပ်သင့်သည့်ကိစ္စ အဖြေပေါ်လာသည်။
အဆိပ်ခတ်သူမှာ ယွီချိုက်ရန် ဖြစ်သည်။ ဧကရာဇ်ယန်က ကောဝိဇ္ဇာဆရာနှင့် သူ့မိသားစုကို သတ်ဖြတ်လိုက်သည့်အတွက် ဒေါသထွက်ပြီး လက်တုံ့ပြန်ခြင်း ဖြစ်သည်။
ဤအချိန်မှ ကောဝိဇ္ဇာဆရာ၏ မိသားစုထဲတွင် ယွီချိုက်ရန်၏ မောင်အရင်း ပါဝင်နေကြောင်း လူတိုင်း သိလိုက်ရသည်။
ဝန်ခံလက်မှတ်ထိုးပြီးနောက် ယွီချိုက်ရန် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်။
ဧကရာဇ်ယန်သည် ဝန်ခံချက်ကို ရရှိသောအခါ မျက်နှာမည်းမှောင်သွားသည်။ အတော်ကြာမှ ဝန်ခံချက်ကို လွှင့်ပစ်လိုက်ပြီး အဖြစ်မှန်ကို လက်ခံလိုက်သည်။
ဧကရာဇ်ယန်အတွက် တစ်ခုတည်းသော စိတ်ဖြေစရာမှာ မင်းဆရာကြီးက ကျန်းရှီကို သူ့ထံ ပြန်ပို့ပေးလိုက်ခြင်းပင်။
ရှူးဖေးနှင့် ရုပ်ချင်း အလွန်တူသော ကျန်းရှီ၏မျက်နှာကို ကြည့်ရင်း ဧကရာဇ်ယန်သည် ဆက်လက်ရှင်သန်ရန် အားအင်များ ပြန်လည်ရရှိလာသည်။
ကွေ့ဖေး၏နန်းဆောင်တွင်။
မိန်းမစိုးတစ်ဦး ကွေ့ဖေးရှေ့တွင် ဒူးထောက်ပြီး ရွှမ်းဟွာနန်းဆောင်မှ အခြေအနေများကို တင်ပြနေသည်။
ယွီချိုက်ရန် အဆိပ်ခတ်သည့်ကိစ္စ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသောအခါ ကွေ့ဖေး စိတ်အေးသွားသည်။
"ရွှမ်းဟွာနန်းဆောင်ကို ဆက်ကြည့်ထား၊ ထူးခြားတာရှိရင် ချက်ချင်း လာပြော"
အများဆုံး ၆ လပဲ ခံမယ် ဟုတ်လား။ ကြာလွန်းနေသေးတယ်။
ဒါပေမဲ့ နောက်ထပ် ၁၈ ရက် ကျန်သေးတယ်... တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ သားတော် မြို့တော်ရောက်လာပြီး အိမ်ရှေ့စံနေရာ ရတာနဲ့ သူလည်း သေသင့်ပြီ...
......
ညအချိန်၊ သာ့ရှီရွာတွင်။
လျိုအိမ်တော်တွင် ညစာစားပြီးခါစ ရှိသေးသည်။ ရာသီဥတု အေးသောကြောင့် အားလုံး စောစောစီးစီး အခန်းပြန်ဝင်ကာ အနားယူနေကြသည်။
မြင်းစီးသမားတစ်ဦး အဝေးပြေးလမ်းမကြီးမှ ဆင်းလာပြီး သာ့ရှီရွာထဲသို့ ဒုန်းစိုင်း ဝင်ရောက်လာသည်။
လူတစ်ယောက်၊ မြင်းတစ်ကောင်သည် ရွာလမ်းမပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနှင်လာပြီး လျိုအိမ်တော်ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။
"သခင်လေး။ သခင်လေး ပြန်ရောက်ပြီ။"
"သခင်မကြီး။ သခင်မလေး။ သခင်လေး ပြန်ရောက်ပြီ။"
မကြာမီ တံခါးစောင့်၏ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
အသံများ နီးကပ်လာသည်နှင့်အမျှ အခန်းထဲတွင် အဝတ်လဲပြီး အိပ်ရာဝင်ရန် ပြင်နေသော လင်းရှောင်ယွဲ့သည် အပြင်ဘက်မှ လှုပ်ရှားမှုများကို ကြားလိုက်ရသည်။
အစေခံများ အော်ဟစ်နေသည့် အကြောင်းအရာကို သေချာကြားလိုက်ရသောအခါ လင်းရှောင်ယွဲ့၏မျက်နှာ ဝင်းပသွားသည်။ သိုးမွှေးဝတ်ရုံကြီးကို ဆွဲယူခြုံပြီး အခန်းပြင်သို့ ပြေးထွက်လိုက်သည်။
ခြံဝင်းထဲရောက်မှ သူမတစ်ယောက်တည်း မဟုတ်ဘဲ လျိုရှီနှင့် လီဝမ်တို့ပါ ထွက်လာကြသည်ကို တွေ့လိုက်ရသည်။
သုံးဦးစလုံး၏မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ယှက်သန်းနေပြီး အိမ်ရှေ့ဝင်းသို့ အလျင်အမြန် လျှောက်သွားကြသည်။
ယခုအချိန်တွင် အိမ်ရှေ့ဝင်း၌ စည်ကားနေပြီဖြစ်သည်။
အစေခံများအားလုံး ထလာကြပြီး လီရှောင်ကို အိမ်ထဲဝင်ရန် ဖိတ်ခေါ်နေကြသည်။
အစေခံကောင်လေးတစ်ယောက်က မီးအိမ်ကိုင် လမ်းပြပြီး သခင်လေး၏ပစ္စည်းများကို ကူသယ်ပေးသည်။
ကျောက်ဖူက မီးဖိုချောင်ကို ဂျင်းပြုတ်ရည် ကျိုခိုင်းပြီး ရေနွေးနှင့် ထမင်းဟင်းများ ပြင်ဆင်ရန် ချက်ချင်း စီစဉ်လိုက်သည်။
မီးသွေးမီးဖို ယူလာရန်လည်း လူလွှတ်လိုက်သည်။
အိမ်ရှေ့ဝင်းတွင် အလုပ်ရှုပ်နေကြသည်။
"ရှန့်ကုန်း။"
လင်းရှောင်ယွဲ့သည် အမျိုးသမီးသုံးဦးထဲတွင် အိမ်ရှေ့ဝင်းသို့ ပထမဆုံး ရောက်ရှိလာသူဖြစ်သည်။ လီရှောင် ပြန်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း လှမ်းခေါ်လိုက်သည်။
စင်္ကြံအောက်က လူရိပ်ကို မြင်လိုက်ရသောအခါ လီရှောင်၏ အေးစက်နေသော မျက်နှာထားသည် နှင်းခဲများ အရည်ပျော်ကျသွားသကဲ့သို့ ပြောင်းလဲသွားပြီး လင်းရှောင်ယွဲ့ရှိရာသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာခဲ့သည်။
လင်းရှောင်ယွဲ့ကတော့ စောင့်မနေနိုင်တော့ဘဲ ပြေးထွက်သွားပြီး လီရှောင်၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
လူက ခရီးပန်းလာသဖြင့် ကိုယ်လုံးက အေးစက်နေသော်လည်း လင်းရှောင်ယွဲ့မှာ နွေးထွေးမှုနှင့် လုံခြုံမှုကိုသာ ခံစားလိုက်ရသည်။
"ကိုယ် ပြန်ရောက်ပြီ"
ရင်ခွင်ထဲက မိန်းမငယ်လေး၏ စိုးရိမ်ပူပန်မှုကို ခံစားမိသဖြင့် လီရှောင် တိုးတိုးလေး ပြောလိုက်သည်။
လွန်ခဲ့သော ၆ ရက်က သာ့ချူနှင့် ဆွေးနွေးမှု အဆင်ပြေသွားပြီးနောက် မြင်းဒုန်းစိုင်းစီးပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။ မြင်းနှစ်ကောင် လဲစီးခဲ့ရပြီး ဒီညမှ ပြန်ရောက်လာခြင်း ဖြစ်သည်။
အိမ်နှင့် တစ်လခွဲ ခွဲခွာနေခဲ့ရပြီး လွမ်းဆွတ်မှုဒဏ်ကို ကောင်းကောင်းကြီး ခံစားလိုက်ရသည်။
နောက်နောင် သူ ဇနီးလေးနှင့် ဘယ်တော့မှ မခွဲတော့ပေ။
"အင်း"
လင်းရှောင်ယွဲ့က ငိုသံပါပါဖြင့် ပြန်ထူးလိုက်သည်။
သူမစရိုက်နှင့် မကိုက်ညီဟု ထင်သော်လည်း မျက်ရည်များ စီးကျလာသည်ကို မထိန်းနိုင်ပေ။
အစေခံများ ဒါကိုမြင်တော့ ခေါင်းငုံ့ထားကြသည်။ သို့မဟုတ် တစ်ဖက်လှည့်သွားကြပြီး ခိုးရယ်နေကြသည်။
သူတို့ သခင်မလေးနှင့် သခင်လေးတို့၏ ဆက်ဆံရေးက သိပ်ကောင်းတာပဲ။
လျိုရှီနှင့် လီဝမ်တို့ ဒါကိုမြင်တော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
ထို့နောက် နားလည်မှုရှိစွာဖြင့် နောက်လှည့်ပြန်သွားကြသည်။
လင်မယားနှစ်ယောက် ခွဲနေရတာ ကြာပြီ၊ အခုမှ ပြန်ဆုံကြတာဆိုတော့ သူတို့ အမေနဲ့ အစ်မအနေနဲ့ နှောင့်ယှက်မနေသင့်ပေ။
မေးစရာရှိတာ မနက်ဖြန်ကျမှ မေးလည်း ရတာပဲ။
ခိုးရယ်သံများ ကြားလိုက်ရမှ လင်းရှောင်ယွဲ့ သတိပြန်ဝင်လာပြီး လီရှောင်ကို အမြန်လွှတ်ပေးလိုက်သည်။
"အဟမ်း... မေးစရာရှိတယ်၊ အခန်းထဲ ပြန်ပြောမယ်"
လင်းရှောင်ယွဲ့ ပြောလိုက်သည်။
ထို့နောက် လီရှောင်၏လက်ကြီးကို ဆွဲပြီး နောက်ဖေးဝင်းသို့ ခေါ်ဆောင်သွားလိုက်သည်။
ပြန်လမ်းတစ်လျှောက်လုံး လင်းရှောင်ယွဲ့ စိတ်လှုပ်ရှားနေသဖြင့် လျိုရှီနှင့် လီဝမ်တို့ကို မတွေ့လိုက်ရသည်ကိုပင် သတိမထားမိလိုက်ပေ။
လီရှောင်ကို အခန်းထဲ ခေါ်သွားပြီးနောက် လင်းရှောင်ယွဲ့က လီရှောင်ကို ဝတ်ရုံချွတ်ခိုင်းပြန်သည်။
"အပေါ်ထပ်အင်္ကျီ အမြန်ချွတ်ပြီး အိပ်ရာပေါ်တက် နွေးနွေးထွေးထွေး နေလိုက်" ပြောရင်း သူမကိုယ်တိုင်ပင် ကူချွတ်ပေးနေသည်။
ရေခဲချောင်းလို အေးစက်နေတာကို သူ ဘယ်လိုလုပ် ခံနိုင်ရည်ရှိနေတာလဲ။
လီရှောင်လည်း မငြင်းဘဲ ပူးပေါင်းဆောင်ရွက်ပေးသည်။
အလုပ်ရှုပ်နေသော သူမကို ငုံ့ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးများ ဝေဆာနေသည်။
အတွင်းခံအင်္ကျီသာ ကျန်တော့သည့်အချိန်တွင် လီရှောင် ရုတ်တရက် လက်လှမ်းပြီး လင်းရှောင်ယွဲ့ကို ဖက်လိုက်သည်။
လင်းရှောင်ယွဲ့၏ ပွစိပွစိပြောနေသံများ ရပ်တန့်သွားသည်။
"မလှုပ်နဲ့၊ ကိုယ် မင်းကို ဖက်ထားချင်လို့" လင်းရှောင်ယွဲ့၏ခေါင်းပေါ်မှ လီရှောင်၏ အသံ ထွက်ပေါ်လာသည်။
ထိုအခါ လင်းရှောင်ယွဲ့ ငြိမ်သွားသည်။
လင်မယားနှစ်ယောက် ပြန်လည်ဆုံတွေ့ခြင်း၏ ပျော်ရွှင်မှုကို ခံစားနေကြသည်။
တံခါးခေါက်သံ ထွက်ပေါ်လာသည်အထိပင်။
"သခင်လေး၊ သခင်မလေး၊ ရေနွေးနဲ့ ဂျင်းပြုတ်ရည် လာပို့ပါတယ်"
လင်းရှောင်ယွဲ့ လန့်နိုးသွားသကဲ့သို့ ဖြစ်သွားပြီး လီရှောင်ကို အမြန်လွှတ်ပေးလိုက်သည်။
လီရှောင် ရယ်မောလိုက်မိသည်။
"ဝင်ခဲ့..." အပြင်ဘက်ကို လှမ်းအော်လိုက်သည်။
ပြောပြီးသည်နှင့် လင်းရှောင်ယွဲ့ကို လက်ဆွဲပြီး ဘေးတစ်ဖက်သို့ ခေါ်သွားထိုင်လိုက်သည်။
အစေခံမလေးများ ဝင်လာပြီး ရေနွေးနှင့် ဂျင်းပြုတ်ရည်ကို အခန်းထဲ ပို့ပေးကြသည်။
သခင်မလေးနှင့် သခင်လေးတို့၏ အမူအရာကို သတိပြုမိပြီး မျက်နှာတွင် အပြုံးများ ဖြစ်ပေါ်နေကြသည်။
"ထားခဲ့ပြီး ထွက်သွားကြတော့" လီရှောင် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
အစေခံများ ပြန်ဖြေပြီး ပြုံးစိစိဖြင့် ထွက်သွားကြသည်။
လူများထွက်သွားပြီး တံခါးပိတ်လိုက်မှ လီရှောင်သည် ဇနီးသည်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဇနီးလေးရေ၊ ကူညီပါဦး" ပြုံးပြီး ပြောလိုက်သည်။
လင်းရှောင်ယွဲ့ မော့ကြည့်လိုက်ရာ လီရှောင်၏ မုတ်ဆိတ်မွေးများ စူးနေသည်ကို တွေ့လိုက်ရပြီး သူ့မျက်နှာထားကြောင့် ရယ်ချင်သွားသည်။
"ဂျင်းပြုတ်ရည် အရင်သောက်လိုက်" ချွဲနွဲ့စွာ ပြောလိုက်သည်။
ထို့နောက် မတ်တတ်ထပြီး လီရှောင်အတွက် မုတ်ဆိတ်ရိတ်ကိရိယာများ သွားယူလိုက်သည်။
အရင်တုန်းကလည်း သူမ သူ့ကို မကြာခဏ မုတ်ဆိတ်ရိတ်ပေးဖူးသည်။ အစပိုင်းတွင် ကျွမ်းကျင်မှုမရှိသော်လည်း ယခုတော့ လက်ရာမဆိုးလှပေ။
"အင်း" လီရှောင် ပြုံးပြီး လက်ခံလိုက်သည်။
ဂျင်းပြုတ်ရည်ကို လှမ်းယူပြီး မော့သောက်လိုက်ပြီးနောက် မျက်နှာသစ်ပုဝါယူပြီး မျက်နှာသစ်လိုက်သည်။
ထမင်းဟင်းများ လာပို့ချိန်တွင် လင်မယားနှစ်ယောက် မုတ်ဆိတ်ရိတ်ခြင်းကိစ္စ ပြီးဆုံးသွားပြီဖြစ်သည်။
လီရှောင်က လင်းရှောင်ယွဲ့ကို အတူစားရန် ခေါ်သော်လည်း လင်းရှောင်ယွဲ့ စားပြီးပြီဖြစ်၍ ဝိုင်နွေးနွေး နှစ်ခွက်လောက်သာ အဖော်ပြုသောက်ပေးလိုက်သည်။
အခန်းငယ်လေးထဲတွင် နွေဦးပေါက်ရာသီကဲ့သို့ နွေးထွေးနေသည်။
ထမင်းစားပြီးနောက် လင်မယားနှစ်ယောက် ခဏတာ ပူးကပ်နေကြသည်။
ထို့နောက် လီရှောင် ရေချိုးသန့်စင်လိုက်သည်။
အဝတ်အစားသစ်များ လဲလှယ်ဝတ်ဆင်ပြီး အိပ်ရာပေါ်တက်ကာ ဇနီးသည်ကို အားပါးတရ ဖက်ထားလိုက်သည်။
ကိစ္စပြီးမြောက်ပြီးနောက် လင်းရှောင်ယွဲ့သည် လီရှောင်၏ ရင်ခွင်ထဲတွင် ပျော့ခွေစွာ လဲလျောင်းရင်း လီရှောင်၏ သာ့ချူခရီးစဉ်အကြောင်း မေးမြန်းလိုက်သည်။
"အဘိုး မှာလိုက်တဲ့ကိစ္စ ပြီးပြီလား"
လီရှောင် ခေါင်းငုံ့ပြီး လင်းရှောင်ယွဲ့၏ နဖူးပြင်ကို နှုတ်ခမ်းနွေးနွေးဖြင့် နမ်းလိုက်သည်။
"စိတ်ချပါ၊ အားလုံး အဆင်ပြေတယ်"
"ဒါဆို... ဒီခရီးစဉ်မှာ အန္တရာယ် တစ်ခုခု ကြုံခဲ့ရသေးလား"
လင်းရှောင်ယွဲ့ ထပ်မေးလိုက်သည်။
သူမသည် သာ့ချူတွင် ဖြစ်ပျက်ခဲ့သမျှကို သိချင်သော်လည်း အများကြီး မမေးရဲခဲ့ပေ။
"အန္တရာယ်..."
လီရှောင် မျက်လုံးများ အရောင်လက်သွားသည်။
ဇနီးလေး၏ ရုတ်တရက် စိုးရိမ်တကြီး ဖြစ်သွားသော အကြည့်ကို ရင်ဆိုင်လိုက်ရသဖြင့် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"သေချာတာပေါ့၊ ဖြောင့်ဖြူးနေတာတော့ မဟုတ်ဘူး။ ဇနီးလေး နားထောင်ချင်ရင် ကိုယ် အကုန်ပြန်ပြောပြမယ်"
သူတို့က လင်မယားတွေလေ၊ သာ့ချူသွားတဲ့ကိစ္စကို ဇနီးသည်ကို မပြောပြစရာ အကြောင်းမရှိပါဘူး။
"အင်း။" လင်းရှောင်ယွဲ့ ပြန်ဖြေသည်။
ထိုအခါမှ လီရှောင်သည် သာ့ချူရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြောပြလိုက်သည်။
လီရှောင် သာ့ချူတွင် အသက်အန္တရာယ်နှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး သာ့ချူအမတ်များ၏ သစ္စာဖောက်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ကြောင်း ကြားလိုက်ရသောအခါ လင်းရှောင်ယွဲ့ စိုးရိမ်တကြီး ဖြစ်သွားသည်။
"ကံကောင်းတာက ယွီချီထျန်းချုံးနဲ့ ဧကရာဇ်ချူက မတုံးကြဘူး။ သူတို့က ကိုယ့်လက်ကိုငှားပြီး လျန်အန်းကို ရှင်းထုတ်လိုက်ကြတယ်။ နန်းတွင်းအခြေအနေကို ပြောင်းလဲပစ်လိုက်ကြတယ်။ လျန်အန်း ပြုတ်ကျသွားတော့ ဆက်နွယ်နေတဲ့လူတွေ အများကြီး ပါသွားပြီး သာ့ချူကို အတော်လေး ထိခိုက်သွားစေတယ်။ အခုတော့ ဧကရာဇ်ချူက လက်ကျန်ပြဿနာတွေကို ရှင်းနေရလို့ စစ်တိုက်ဖို့ စိတ်ကူးမရှိတော့ဘူး"
ဧကရာဇ်ချူကို သာ့ကျင်းနှင့် ပူးပေါင်းတိုက်ခိုက်ရန် စည်းရုံးနိုင်ခြင်း မရှိခဲ့သော်လည်း၊ သာ့ချူကို လာမည့်စစ်ပွဲမှ နုတ်ထွက်သွားအောင် လုပ်နိုင်ခဲ့ခြင်းကလည်း အောင်မြင်မှုတစ်မျိုးပင် ဖြစ်သည်။
လင်းရှောင်ယွဲ့ နားထောင်ပြီးနောက် စိတ်သက်သာရာ ရသွားသည်။
"သာ့ချူ မပါတော့ရင် သာ့ကျင်းက တိုက်လာရင်တောင် သာ့ယန်အတွက် ဖိအားအများကြီး လျော့သွားမှာပါ"
"အင်း" လီရှောင် ပြန်ဖြေသည်။
"အခု နန်းတွင်းမှာ အဘိုးက ဦးဆောင်နေတာ၊ သာ့ယန်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီ။ ကျင်းတပ်တွေ ကျူးကျော်လာချင်ရင် အဲ့လောက် မလွယ်ဘူး"
လီရှောင်၏မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူ မထွက်ခွာခင်ကတည်းက ချီဝူတပ်သားများ လေ့ကျင့်ရေး စတင်နေပြီဖြစ်သည်။ ရှောင်ယန် ရှိနေသဖြင့် အခုဆိုရင် ချီဝူတပ်သားများ တိုက်ပွဲဝင်အသင့် ဖြစ်နေလောက်ပြီ။
ကျင်းတပ်တွေသာ လာရဲရင် လာလမ်းရှိပြီး ပြန်လမ်းမရှိအောင် လုပ်ပစ်မယ်။
လင်းရှောင်ယွဲ့က လီရှောင်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
လီရှောင် ပြုံးလိုက်ပြီး ဇနီးသည်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ဧကရာဇ်ယန် အဆိပ်သင့်နေပြီ။ အဘိုး မြို့တော်ပြန်ရောက်တဲ့ ဒုတိယနေ့မှာတင် တိုင်းပြည်အုပ်ချုပ်ရေးကို လွှဲပြောင်းယူလိုက်ပြီ။ အခု နန်းတွင်းကိစ္စအဝဝကို အဘိုးကပဲ ဆုံးဖြတ်နေတာ"
အဲ့ဒီ မင်းဆိုးမင်းညစ်၊ သူ့သေတွင်းသူ တူးတာပဲ။
သူတို့ နန်ကုန်းမိသားစုရဲ့ မတရားခံရမှုတွေနဲ့ အမုန်းတရားတွေ နောက်ဆုံးတော့ ကမ္ဘာသိ ရှင်းလင်းရတော့မယ်။
လင်းရှောင်ယွဲ့ လန့်သွားသည်။
"အဆိပ်သင့်တယ် ဟုတ်လား" စိတ်ထဲတွင် ခန့်မှန်းမိသလိုလို ဖြစ်သွားသည်။
တိုက်ဆိုင်လိုက်တာနော်။ အဘိုး ပြန်ရောက်တာနဲ့ ဧကရာဇ်ယန် အဆိပ်သင့်တယ်တဲ့လား။
လီရှောင်က လင်းရှောင်ယွဲ့ကို ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
လင်းရှောင်ယွဲ့ မျက်ဝန်းများ ထပ်မံ ပြူးကျယ်သွားပြန်သည်။
"စစ်ပွဲက ရှောင်လွှဲလို့ မရတော့ဘူး၊ အန်းယန်ဝမ် မကြာခင် မြို့တော်ဝင်ရလောက်တယ်။ နောက်ပိုင်း မြို့တော်မှာ အာဏာလွှဲပြောင်းမှု အဆင်ပြေရင် ကိစ္စအောင်မြင်ပြီ။"
ဒီနေရာအရောက်တွင် လီရှောင်၏ မျက်လုံးထဲတွင် အရောင်တစ်ခု လက်သွားသည်။
လင်းရှောင်ယွဲ့ ရင်ထဲ တုန်သွားသည်။ ကိစ္စအတော်များများကို ချက်ချင်း သဘောပေါက်သွားသည်။
"ဒါဆို ရှင်က..."
လီရှောင်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"နန်းတော်က အမိန့်စာကျလာတာနဲ့ ကိုယ် ချီဝူတပ်သားတွေနဲ့အတူ နယ်စပ်ကို သွားပြီး မြို့စောင့်မယ်။ အဲ့ဒီအချိန်ကျရင် ဇနီးလေး အားရင် တပ်နဲ့အတူ လိုက်ခဲ့လို့ ရတယ်"
လီရှောင် ပြုံးပြီး ပြောလိုက်သည်။
လင်းရှောင်ယွဲ့ မျက်နှာ ချက်ချင်း ဝင်းပသွားသည်။
"ကောင်းပြီ။ ကျွန်မ သေချာပေါက် လိုက်ခဲ့မှာပေါ့။"
အားရင် ဟုတ်လား။ မအားရင်တောင် အားအောင် လုပ်ပြီး လိုက်ခဲ့ရမှာပေါ့။ ပြီးတော့ အခု သူမလက်ထဲမှာ စက်မှုဇုန်စီမံကိန်းကလွဲရင် တခြားလုပ်စရာလည်း မရှိတော့ဘူး။
စက်မှုဇုန် တည်ဆောက်ရေးက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ။ အစ်မတို့ ကြည့်ပေးနေတော့ သူမ စိတ်ချရပါတယ်။
လီရှောင် ကျေနပ်စွာ ပြုံးလိုက်ပြီး စောင်ကို ဆွဲတင်လိုက်သည်။
"အာ... လီရှောင်၊ တော်တော့..."
အခန်းထဲတွင် ချစ်ရည်ရွှမ်းသော အငွေ့အသက်များ ပြည့်နှက်သွားသည်။
သန်းခေါင်ကျော်ချိန်တွင် ကောင်းကင်ယံမှ နှင်းမှုန်များ တဖွဲဖွဲ ကျဆင်းလာပြီး ယခုနှစ်၏ ပထမဆုံး နှင်းကျခြင်း စတင်လေသည်။
သာ့ရှီရွာလေးသည် ငြိမ်းချမ်းစွာ အိပ်မောကျနေသည်။
........
နောက်တစ်နေ့တွင်။
လျိုရှီနှင့် လီဝမ်တို့ စောစောထပြီး အိမ်ရှေ့ဝင်းထဲတွင် အလုပ်ရှုပ်နေကြသည်။
အစေခံများကို နှင်းရှင်းခိုင်းခြင်း၊ မီးဖိုချောင်ကို မနက်စာ ကောင်းကောင်းပြင်ဆင်ခိုင်းခြင်းများ လုပ်ဆောင်နေကြသည်။
သို့သော် အချိန်တန်သော်လည်း လင်းရှောင်ယွဲ့နှင့် လီရှောင်တို့ ထွက်မလာကြသေးပေ။
လျိုရှီနှင့် လီဝမ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
"လီရှောင်က ခရီးပန်းလာတာဆိုတော့ ပင်ပန်းနေမှာပေါ့။ သူတို့ကို မစောင့်တော့ဘူး"
လျိုရှီ ပြောလိုက်သည်။
"ဒေါ်လေး ပြောတာ မှန်ပါတယ်" လီဝမ် ပြုံးပြီး ပြန်ပြောသည်။
ထို့နောက် လျိုရှီကိုတွဲပြီး ထမင်းစားခန်းသို့ သွားလိုက်ကြသည်။
သို့သော် သူတို့နှစ်ဦး လင်းရှောင်ကျစ်နှင့်အတူ မနက်စာစားပြီးသည့်တိုင် လင်မယားနှစ်ယောက် ပေါ်မလာသေးပေ။
လျိုရှီက လီဝမ် တံခါးဝကို မကြာခဏ လှမ်းကြည့်နေသည်ကို တွေ့သော်လည်း "ဒီရက်ပိုင်း ကလေးနှစ်ယောက်လုံး ပင်ပန်းနေကြတာလေ" ဟု ပြောလိုက်သည်။
"အခု အိမ်ပြန်ရောက်ပြီဆိုတော့ များများ အနားယူကြပါစေ။ သမီးလည်း မစောင့်နဲ့တော့၊ ကိုယ့်ကိစ္စကိုယ် သွားလုပ်တော့။ သူတို့ ထလာရင် မြို့ထဲကို သမီးဆီ လွှတ်လိုက်ပါ့မယ်"
လျိုရှီက ပြုံးပြီး ပြောသည်။
လီဝမ် တွန့်ဆုတ်သွားသည်။
"ကောင်းပါပြီ"
မောင်လေးကလည်း လွန်ပါတယ်၊ ပြန်ရောက်တာနဲ့...
ကံကောင်းလို့ ယောက္ခမကောင်းတစ်ယောက် ရထားတာ။ အပြစ်မတင်တဲ့အပြင် သူ့ဘက်ကတောင် ပြောပေးနေသေးတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို အကျင့်ပါသွားလို့ မဖြစ်ဘူး။ လူချင်းတွေ့ရင် ကောင်းကောင်း ပြောပြရဦးမယ်။
လီဝမ် ပြောပြီးနောက် တူများကို ချလိုက်သည်။
"ဒါဆို ဒေါ်လေး၊ သမီးနဲ့ ရှောင်ကျစ် အရင်သွားနှင့်ပြီ"
ရှောင်ကျစ်က အပြင်မှာ စောင့်နေပြီ၊ ကလေး ကျောင်းနောက်ကျလို့ မဖြစ်ဘူးလေ။ သူမလည်း လျိုအိမ်တော်ကို သွားရဦးမည်၊ ဆက်စောင့်နေလို့ အချိန်မရတော့ပေ။
"ကောင်းပြီ"
လျိုရှီ ပြုံးပြီး ပြန်ဖြေသည်။
ထို့နောက် လီဝမ် ထွက်ခွာသွားသည်။
......
ဤအချိန်တွင် လင်းရှောင်ယွဲ့၏ အခန်း၌။
မျက်လုံးဖွင့်လိုက်သည်နှင့် အမျိုးသမီးတစ်ဦးသည် သူမကို စိုက်ကြည့်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
အမျိုးသား၏မျက်လုံးထဲတွင် နူးညံ့မှုများ၊ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။
အမျိုးသမီး၏ စိတ်အာရုံ ချက်ချင်း ကြည်လင်သွားပြီး ပထမဆုံး တုံ့ပြန်မှုမှာ စောင်ကို တင်းတင်းဆုပ်ကိုင်ကာ ခေါင်းပေါ်အထိ ဆွဲတင်လိုက်ခြင်း ဖြစ်သည်။
ဒီတုံ့ပြန်မှုကြောင့် အမျိုးသား ရယ်မောလိုက်မိသည်။
အမျိုးသမီးက စောင်ခေါင်းမြီးခြုံပြီး မလှုပ်မယှက် ငြိမ်နေသည်ကို မြင်သောအခါ၊ အမျိုးသား ပြုံးလိုက်ပြီး လက်လှမ်းကာ စောင်ကို ပြန်ဆွဲချလိုက်သည်။
"ဗိုက်ဆာပြီလား"
ရယ်ချင်စိတ်ကို ထိန်းပြီး မေးလိုက်သည်။
"ဆာပြီ။" လင်းရှောင်ယွဲ့ အမြန်ဖြေလိုက်သည်။
"ရှင် မြန်မြန်သွားပြီး စားစရာ လုပ်ပေးပါတော့လား" ဟူသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
သို့သော် အမျိုးသား၏ မျက်လုံးများ ရုတ်တရက် နက်မှောင်သွားသည်ကိုသာ တွေ့လိုက်ရသည်။
"ဆာပြီ။ ဗိုက်က အရမ်းဆာနေပြီလို့။" လင်းရှောင်ယွဲ့ အခြေအနေမဟန်မှန်းသိ၍ အမြန်ထပ်ပြောလိုက်သည်။
"ဟား..."
လီရှောင် အောင့်မထားနိုင်တော့ဘဲ ရယ်လိုက်မိသည်။
"ဇနီးလေး ကောင်းကောင်း အနားယူနေ၊ ကိုယ် သွားပြီး စားစရာ ယူလာခဲ့မယ်"
လင်းရှောင်ယွဲ့ မျက်နှာရဲသွားသည်။
လီရှောင် စောင်ကိုလှန်ပြီး ကုတင်ပေါ်မှ ဆင်းသည်ကို မြင်သောအခါ မျက်နှာလွှဲထားလိုက်သည်။
ဒီလူကြီး၊ တဖြည်းဖြည်းနဲ့ ရှက်တတ်တာလည်း မရှိတော့ဘူး။
လီရှောင် ထွက်သွားမှ လင်းရှောင်ယွဲ့ အိမ်ခေါင်မိုးကို ခဏတာ မော့ကြည့်ပြီးနောက် လူးလဲထလိုက်သည်။
ဆက်အိပ်နေလို့ မဖြစ်တော့ဘူး၊ မဟုတ်ရင် ဟိုလူကြီး ပြန်ရောက်လာတဲ့အခါ ပြီးနိုင်တော့မှာ မဟုတ်ဘူး။
လင်းရှောင်ယွဲ့ အိပ်ရာထပြီး အဝတ်အစားလဲပြီးခါစ ရှိသေး၊ လီရှောင် ပြန်ရောက်လာလေသည်။
***