“ရှင်းတုတောင်ထွဋ်မှ လင်းဟူ”
Vol. 6 Ch. 53
အုပ်စု(ဂ)မှ ယှဉ်ပြိုင်မှုနှစ်ခု ပြီးဆုံးသွားပြီးနောက် အုပ်စု(က)၏ ပြိုင်ပွဲများက တစ်ကျော့ပြန်လည် စတင်လာခဲ့သည်။
ထိုအချိန်တွင် လူတိုင်း၏ စိတ်အာရုံသည် လက်ရှိပစ္စုပ္ပန်ဆီကို ပြန်မရောက်နိုင်သေးဘဲ အတွေးများ အတွင်း၌သာ နစ်မျောကောင်းနေသည်။
ဖေဟန်၊ ဝေယင်ရှောင် (ဝေအစ်မ)၊ ကျန်းယန် တို့မှာ ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့သောကြောင့် လက်ရင်းတပည့်ကြီး ဆယ့်နှစ်ဦးသာ နေရာလုရန် ကျန်တော့သည်။
လက်ရှိ စင်မြင့်ထက်တွင် တိုက်ခိုက်နေသူ နှစ်ဦးစလုံး ထိုတပည့်ကြီး ဆယ့်နှစ်ဦးထဲမှ မဟုတ်ပေ။
သို့သော် ၎င်းတို့၏ တိုက်ခိုက်မှုများက အနည်းငယ်မျှ နိမ့်ကျခြင်း မရှိသလို နှစ်ဦးစလုံး၏ ကျင့်ကြံမှု အဆင့်အတန်းကလည်း ပဉ္စမအဆင့်သို့ ရောက်ရှိနေသော ထိပ်သီးကျင့်ကြံသူများ ဖြစ်သည်။
အသက်အရွယ်အားဖြင့် များစွာ ငယ်ရွယ်ခြင်း မရှိတော့သလို ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသူများ ဖြစ်သောကြောင့် ကျားများ၊ နဂါးများကဲ့သို့ အစွမ်းထက်ကြပြီး အထိုက်အလျောက် နာမည်ရထားပြီးသူများ ဖြစ်သည်။
ဆောင်ယန်ဂိုဏ်း၏ မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပရခြင်း မူလရည်ရွယ်ချက်မှာ အနိုင်ရဗိုလ်စွဲရန် တစ်ခုတည်းအတွက် မဟုတ်ဘဲ၊ ဂိုဏ်းခွဲအသီးသီးမှ တပည့်များ၏ တိုးတက်မှုများအပေါ် စစ်ဆေးအကဲဖြတ်ရန် ဖြစ်သည်။
အဆင့်သတ်မှတ်ချက် နှင့် ချန်ပီယံ ဆိုသည်က နောက်ဆက်တွဲ ကိစ္စမျှသာ ဖြစ်သည်။
ထို့ကြောင့် ပြိုင်ပွဲဝင် တပည့်အများစုသည် ထိပ်ဆုံးနေရာအတွက် မျှော်လင့်ချက် များများစားစား မရှိသည့်တိုင် ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့် အခါတိုင်း စွမ်းအားပြည့် အခြေအနေမျိုးနှင့်သာ တိုက်ခိုက်ကြသည်။
ဤယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီးနောက် သူတို့၏ ဆရာများက သူတို့၏ အားသာချက်၊ အားနည်းချက် များကို ထောက်ပြခြင်း၊ ဂိုဏ်းတူ ညီအစ်ကို မောင်နှမအချင်းချင်းကြား အတွေ့အကြုံများ သုံးသပ် ဖလှယ်ခြင်း၊ သို့မဟုတ် မိမိနှင့် ယှဉ်ပြိုင်ခဲ့ရသော ပြိုင်ဘက်နှင့် ပြန်လှန်ဆွေးနွေးခြင်းများ ပြုလုပ်ပြီး သူတို့၏ အလားအလာကို ပိုမိုတိုးမြှင့်ကြသည်။
မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပပြီးစီးသွားသည့် အကြိမ်တိုင်း ဆောင်ယန်ဂိုဏ်းမှ တပည့်များ၏ စွမ်းရည်များက သိသိသာသာ ပိုမိုတိုးတက်လာသောကြောင့် ဤအစဉ်အလာကောင်းက ဂိုဏ်း၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုလို ဖြစ်လာခဲ့သည်။
စွန်းယန်ဝမ် ဝိညာဉ်ဓားအဆောက်အဦပေါ်သို့ ရောက်ရှိလာသောအခါ ပြိုင်ပွဲကွင်းပြင် အတွင်းမှာကဲ့သို့ လူများအား အတင်းတိုးဝှေ့နေရန် မလိုအပ်တော့ပေ။
စွန်းယန်ဝမ် အလွန်ပျော်ရွှင်စွာ အော်ဟစ်လိုက်မိသည်။
“အစ်ကိုကြီး… ကျွန်တော် ပထမဆုံး ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီ…”
ကျန်းချင်းရှီ အနည်းငယ်ပြုံးလိုက်၏။
“ဝမ်းသာပါတယ်… ဆက်ပြီး ကြိုးစားပါ…”
စွန်းလင်အာ က ချီတုံ့ချတုံ အမူအယာနှင့် မရဲတရဲ မေးသည်။
“ရှင်… ရှင်က တကယ်ပဲ ဓားနတ်ဘုရားငယ်လေး ကျန်းချင်းရှီ လား…”
နန်မန်ကုန်း ကလည်း ချက်ခြင်းပင် မေးလာသည်။
“စွန်းယန်ဝမ် က တကယ်ပဲ ဂိုဏ်းချုပ်ကြီး ကျန်းနတ်ဘုရားရဲ့ တပည့်လား…”
သူမတို့နှစ်ဦး၏ စကားသံများက တစ်ချိန်တည်း တစ်ပြိုင်တည်းဆိုသလို ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့နောက် နှစ်ဦးသား ပြိုင်တူလှည့်ကြည့်လိုက်ကြပြီး မျက်ဝန်းအိမ်ထဲတွင်တော့ နဂါးမလေး နှစ်ဦး၏ မျက်စောင်းများကဲ့သို့ ပြာတန်းကျသွားနိုင်သော အမုန်းတရားများ မြင်နေရသည်။
ကျန်းချင်းရှီ က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ဖြေသည်။
“မှန်ပါတယ်… ကျုပ်က ဒီ အသုံးမကျတဲ့ကောင်လေးရဲ့ အစ်ကိုကြီးပါ…”
အမှန်တရားက ဤကဲ့သို့သာ ဖြစ်လာမည်ကို ကြိုသိထားသော်လည်း မိန်းမပျိုနှစ်ဦးစလုံး၏ ရင်ထဲတွင် မိုးကြိုးပစ်ခံလိုက်ရသလို အကြီးအကျယ် တုန်လှုပ်သွားမိဆဲ ဖြစ်သည်။
ကျန်းချင်းရှီ က မျက်ခုံးကို အနည်းငယ်ပင့်လိုက်ပြီး ဆက်ပြောသည်။
“ဆရာက ဒုတိယညီလေးကို လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက တပည့်အဖြစ် လက်ခံထားခဲ့တာ… ကျုပ်က သူ့ကို ဆောင်ယန်ဂိုဏ်းက ဘိုးဘေးတွေနဲ့ ဦးလေးတွေကို ဂါရဝပြုဖို့… ပြီးတော့ သူ့ကို ဘယ်သူလဲဆိုတာ အားလုံးသိရအောင် ပထမဆုံးအကြိမ် ခေါ်လာခဲ့တာပဲ…”
“အကြီးဆုံးဦးလေးက ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် ဒုတိယညီလေးက ဝိညာဉ်ဓားတောင်ထိပ်ရဲ့ ဆက်ခံသူ ဖြစ်လာပြီးတော့ တောင်ထွဋ်တစ်ခုရဲ့ သခင်ငယ်လေးလည်း ဖြစ်လာခဲ့ပြီ…”
“သူက ဂိုဏ်းခွဲနဲ့ တိုင်ရီကျောင်းတော်ကို ဆက်ပြီး ဦးဆောင်သွားလိမ့်မယ်…”
စွန်းယန်ဝမ် သည် သူ့အစ်ကိုကြီး ရှေ့သို့ရောက်သောအခါ မည်သည့် ထိန်းချုပ်ထားမှုမျှ မရှိတော့ဘဲ လွတ်လပ်ပွင့်လင်းစွာ မေးမြန်းနေသည်။
အစောပိုင်းက တိုက်ပွဲတွင် သူအသုံးပြုခဲ့သော တိုက်ကွက်သည် မည်ကဲ့သို့ အားသာချက်၊ အားနည်းချက်များ ရှိသည်ကို ထောက်ပြခိုင်းနေ၏။
ကျန်းချင်းရှီ က သူ့ကို စာစစ်ပေးသကဲ့သို့ လုပ်ပေးနေပြီး လိုအပ်သည့် အချက်တချို့ကို ထောက်ပြ ပြောဆိုနေသည်။
သာမန်လူများ အနေဖြင့် စွန်းယန်ဝမ် ၏ ဓားကွက်များအတွင်းမှ အားနည်းချက်ကို မမြင်နိုင်သော်လည်း ကျန်းချင်းရှီ ကဲ့သို့ သူတစ်ဦးအတွက်တော့ ထင်ထင်ရှားရှား မြင်နိုင်သည်။
သူပြောဆိုသွားသည့် စကားလုံးတိုင်းက အဆင့်အတန်း အလွန်မြင့်ပြီး ကျိုးကြောင်းဆီလျော်မှု ရှိသောကြောင့် စွန်းယန်ဝမ် အဖို့ သူ့အစ်ကိုကြီးကို လေးစားကြည်ညိုစိတ်များ ပို၍ပင် တိုးလာခဲ့ရသည်။
သူတို့၏ အမေးအဖြေ စကားဝိုင်း ပြီးဆုံးသွားပြီးနောက် နောက်လာမည့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် စွန်းယန်ဝမ် သည် တင်ပျဉ်ခွေထိုင်ကာ သူ့၏ မျက်လုံးများကို မှိတ်လိုက်ပြီး ဈာန်ဝင်စားသော အခြေအနေကို ပြန်လည် ဝင်ရောက်သွားသည်။
သူ့အနီးတွင် နတ်မိမယ်လေးနှစ်ဦး ရှိနေသော်လည်း အဓိကနှင့် သာမည ကို ခွဲခြားတတ်သော သူ့အတွက် မည်သည့်အရာကို ဦးစားပေးရမည် ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်သည်။
ထို့အပြင် သူသည် တစ်ဆယ့် နှစ်နှစ်သား အရွယ်သာ ရှိသေးသောကြောင့် အိမ်ထောင်ပြုခြင်း ဆိုသော ချစ်မှုရေးရာများကို မည်ကဲ့သို့ စတင်ရပါဦးမည်နည်း။
သို့သော် ဤလောက၏ လူမှုဘဝ သတ်မှတ်ချက်အရ ဆယ့်နှစ်နှစ် အရွယ်သည် ချစ်သူရှာဖွေရန်၊ သို့မဟုတ် လက်ထပ်ရန် တန်းဝင်ပြီ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း စွန်းယန်ဝမ် ကဲ့သို့ ပြန်လည်မွေးဖွားလာသူ တစ်ဦးအတွက်တော့ အရွယ်မရောက်သေးမီ ဤကဲ့သို့ ချစ်မှုရေးရာများကို အာရုံရောက်နေခြင်းက ဘူးသီးနုနု အပွေးသပ်ချလိုက်သလို ဖြစ်သည်ဟုသာ ခံစားရသည်။
စွန်းယန်ဝမ် သူ့၏ ကျင့်ကြံမှုထဲတွင် စိတ်နှစ်မြှုပ်ထားစဉ် တစ်စုံတစ်ဦးက သူ့အမည်ကို ခေါ်လိုက်သောကြောင့် ရုတ်တရက် မျက်လုံးများ “ဖျတ်”ခနဲ ပြန်ပွင့်လာ၏။
သူ့ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်သည် အနည်းငယ် တိုးတက်လာပြီဖြစ်သော်လည်း နောက်ထပ် သွေးကြောတစ်ခု ဖွင့်လှစ်ရန် ဆိုသည်က အတော်လေး အလှမ်းကွာဝေးနေသည့် အခြေအနေ၌သာ ရှိသေးသည်။
စွန်းယန်ဝမ် က သူ့အစ်ကိုကြီး၊ စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ကို နှုတ်ဆက်ပြီး ဝိညာဉ်ဓား အဆောက်အဦထက်မှ လျင်မြန်စွာ ပြန်ဆင်းလာခဲ့သည်။
ယခုတစ်ကြိမ် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည့်သူက အသက်ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်ခန့်သာ ရှိသေးသော သူတော်စင်မလေး တစ်ဦး ဖြစ်သည်။
သူမသည် စွန်းယန်ဝမ် နှင့်ဆိုလျှင် အသက်အနည်းငယ်သာ ပိုကြီးပြီး မျက်နှာနုနုလေးက အနည်းငယ် ပျက်ယွင်းနေသောကြောင့် သူ့ကို အမှန်တကယ် ကြောက်လန့်နေကြောင်း ပေါ်လွင်နေ၏။
ဤသူတော်စင်မလေးက မည်သူ၏ တပည့်ဖြစ်သည်ကိုတော့ စွန်းယန်ဝမ် မသိပေ။
ပွဲကြေညာသူက လူနာမည်နှင့် ဂိုဏ်းခွဲအမည်ကိုသာ ကြေညာပေးခြင်း ဖြစ်သည်။
ဆောင်ယန်ဂိုဏ်းအတွင်း အချိန်ကြာရှည်စွာ နေထိုင်နေခဲ့သည့် တပည့်များအတွက်တော့ နာမည်ကို ကြားရုံဖြင့် နောက်ခံကို “ဒက်”ခနဲ သိနိုင်မည် ဖြစ်သော်လည်း သူကဲ့သို့ ယခုမှ ရောက်ရှိလာသူ တစ်ဦးအတွက် မည်သူက မည်သည့်နောက်ခံ ရှိသည်ကို လုံးဝမသိနိုင်ပေ။
စကားများများ ပြောလျှင် အမှားများ ပါလာမည်ကို စိုးရိမ်သောကြောင့် တစ်ခွန်းတစ်လေမျှ မပြောတော့ဘဲ ဦးညွှတ် အရိုအသေ ပေးပြီးသည်နှင့် သူ့၏ နဂါးရိုင်းဓားကို ဆွဲထုတ်ပြီး ချက်ခြင်း တိုက်ခိုက်လိုက်၏။
မိန်းမပျိုလေးကလည်း သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး လောကဦးနေမင်း ကျင့်စဉ်ထဲမှ ဓားကွက် တစ်ခုကို ဖော်ထုတ်ကာ ပြန်လည်တိုက်ခိုက်သည်။
စွန်းယန်ဝမ် သည် သူမ အသုံးပြုနေသော ဓားကွက်ကို သင်ယူဖူးခြင်း မရှိသော်လည်း ယန်ရှင်းအာ လေ့ကျင့်နေသည့် ကျင့်စဉ်တစ်ခု ဖြစ်ကြောင်းကိုတော့ သိသည်။
သူသည် လက်တွင်းမှ နဂါးရိုင်းဓားကို အနည်းငယ် လှည့်ပတ်လိုက်ပြီး အခြေခံအကျဆုံး ဓားကွက်ကိုသာ ထပ်မံ အသုံးပြုလိုက်သည်။
တစ်ဖက် ရန်သူ မျှော်လင့်မထားသည့် ထောင့်တစ်ခုမှ သူတော်စင်မလေး၏ ဘယ်ဘက်ပခုံးနေရာကို အတိအကျ ချိန်ရွယ် တိုက်ခိုက်လိုက်၏။
နတ်ဆိုးသတ်ဓားကျင့်စဉ်မှ ဓားကွက်များသည် လူရှေ့သူရှေ့တွင် ထုတ်ဖော်မရနိုင် သောကြောင့် ထိုဓားကွက်များကို အချိန်များစွာယူကာ ပြန်လည်ပြင်ဆင်ပြီး အခြေခံအကျဆုံး ဓားနည်းစနစ်များ အဖြစ် သူ့ဘာသာသူ ပြောင်းလဲဆန်းသစ်ခဲ့သည်။
ထိုနေရာတွင် သူ့အစ်ကိုကြီး၏ အတွေးအခေါ် အယူအဆများကိုလည်း အကြိမ်ကြိမ် တောင်းခံခဲ့ရသည်။
နောက်ပိုင်း ဟွမ်ယွမ်ဓားကျင့်စဉ်ကို သင်ယူပြီးသွားချိန်တွင်တော့ ထိုအခြေခံ ဓားကွက်များအပေါ် သူ့၏ ကျွမ်းကျင်မှုကလည်း တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။
အခြေခံဓားကွက်များသည် စွမ်းအားကြီးမားသည့် ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ လုံးဝအသုံးဝင်မည် မဟုတ်သော်လည်း ဤကဲ့သို့ ပြိုင်ပွဲများအတွင်းတွင်တော့ အကောင်းဆုံးနှင့် အဆင်အပြေဆုံး တုံ့ပြန်မှု ဖြစ်လာခဲ့သည်။
သူတော်စင်မလေးက သူမ၏ ခန္ဓာကိုယ်ကို ချက်ခြင်း နောက်ဆုတ်လိုက်ပြီး ဓားကိုင်ထားသည့် လက်ကိုလည်း နောက်သို့ “ဆတ်”ခနဲ ပြန်ရုတ်လိုက်သည်။
ထို့နောက် သူမ၏ ဓားဖျားကို စွန်းယန်ဝမ် ၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်ကာ ချက်ခြင်း တန်ပြန်တိုက်စစ် ဆင်လိုက်၏။
“ဖြန်း…”
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အသံက ရှင်းလင်းကာ ပြတ်သားနေသည်။
သူတော်စင်မလေး၏ ဓားရိုးကို ဆုပ်ကိုင်ထားသော လက်ကောက်ဝတ် နေရာသည် စွန်းယန်ဝမ် ၏ ဓားပြားဖြင့် ရိုက်ခြင်းကို ခံလိုက်ရသည်။
ဤဓားရှည် ရိုက်ချက်တွင် အရှိန်ပါသောကြောင့် စွမ်းအားအနည်းငယ် ပါသည်ဟု ပြော၍ရသည်။
သူမ၏ ဓားက ရှေ့ဆက်တိုးနိုင်ခြင်း မရှိတော့ဘဲ ထိုနေရာအထိသာ ရောက်နိုင်ကြောင်း စွန်းယန်ဝမ် ကြိုတင် မှန်းဆထားခဲ့သောကြောင့် ဤကဲ့သို့ ရိုက်ချလိုက်ခြင်း ဖြစ်သည်။
ဓားသည် စင်မြင်ထက်သို့ “ချွင်”ခနဲ ပြုတ်ကျကာ လွင့်စင်ထွက်သွားသည်။
သူမ အနည်းငယ် အံ့အားသင့်ဟန်လေးဖြင့် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ဓားကိုပင် ပြန်မကောက်နိုင်တော့ဘဲ မျက်နှာလေးကို လက်ဖြင့်အုပ်ကာ စင်မြင့်ထက်မှ ပြေးဆင်းသွားတော့သည်။
စွန်းယန်ဝမ် အတော်လေး စိတ်မကောင်း ဖြစ်သွား၏။
ဤမိန်းမပျိုလေး သေချာပေါက် ငိုတော့မည် ဖြစ်ကြောင်း သူသိနေသော်လည်း အနောက်ဘက် တောင်စောင်းပေါ်ရှိ ဝိညာဉ်ဓား အဆောက်အဦအတွင်းမှ မျက်ဝန်းနှစ်စုံက သူ့ကို သေချာပေါက် ကြည့်နေလိမ့်မည် ဖြစ်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်နေသည်။
သူမနောက်သို့လိုက်ကာ ချော့မော့နှစ်သိမ့်ရန် ဆိုသည်က အတော်လေး မလွယ်ကူသော အခြေအနေ တစ်ခုပင်။
ထို့အပြင် ဤသူတော်စင်မလေး၏ ရုပ်ရည်မှာ သာမန်မျှသာ ရှိသောကြောင့် တစ်ဆယ်တန်တစ်ရွက် လောက်နှင့် တစ်ထောင်တန်နှစ်ရွက်ကို သူ မည်သို့ လဲနိုင်ပါမည်နည်း။
စွန်းယန်ဝမ် သူ့ဓားကို ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်သည့် အချိန်တွင် စင်မြင့်ထက်၌ ပြုတ်ကျ ကျန်ခဲ့သော ဓားအား ပြန်ကောက်ယူရန်အတွက် အခြား လူငယ်ဘုန်းတော်ကြီးတစ်ဦး စင်မြင့်ထက်သို့ ခုန်တက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူက သူ့ကို အရိုအသေပေးပြီး ဓားကိုကောက်ကာ ပြန်ဆင်းသွားသည်။
စွန်းယန်ဝမ် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိ၏။
“အရှက်မရှိတဲ့ကောင်… ဟိုက အဖက်တောင် မလုပ်တာကို ခွေးတစ်ကောင်လို အမြီးတနံ့နံ့နဲ့ နောက်က တကောက်ကောက် လျှောက်လိုက်နေသေးတယ်…”
စွန်းယန်ဝမ် သိုင်းစင်မြင့်ထက်မှ ဆင်းလာပြီး ဝိညာဉ်ဓားအဆောက်အဦဆီသို့ ပြန်သွားရန် ပြင်လိုက်စဉ် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သူတော်စင် မိန်းမပျိုတစ်ဦး သူ့လမ်းတွင် ပိတ်ရပ်ထားသည်ကို တွေ့လိုက်ရသည်။
ထိုမိန်းမပျိုကို သူ တစ်ကြိမ်မြင်တွေ့ဖူးသည်။
သူတို့ ဤနေရာသို့ လာရောက်စဉ်က လမ်းတွင် သူမတို့အဖွဲ့နှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး သူမကတော့ သူ့ကို လုံးဝမမှတ်မိတော့ပေ။
ထိုစဉ်က အစ်ကိုကြီးကို မေးကြည့်သောအခါ ကျန်းချင်းရှီ က သူ မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲသို့ ဝင်ပြိုင်ခဲ့စဉ် သူမနှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။
သေချာသည်က သူ့လက်ချက်နှင့် သူမ ငိုသွားခဲ့ရသည့် အကြောင်းကိုတော့ သူမဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် မပြောပြခဲ့ပေ။
နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူတော်စင်မလေးသည် အလွန်လှပသော်လည်း သူမ၏ မျက်နှာက နှင်းခါးများ ဖုံးလွှမ်းထားသလို အလွန်အမင်း အေးစက်နေသည်။
သူမ၏အလှသည် သူတို့ ကမ္ဘာ၌သာ ဆိုပါက အကြီးဆုံး တက္ကသိုလ်၏ အလှဘုရင်မတစ်ဦး အဆင့်နှင့်ပင် ယှဉ်နိုင်သော အလှမျိုး ဖြစ်သည်။
သို့သော် သူမထံမှ အလွန်အေးစက်သော အသံကိုသာ သူကြားခဲ့ရသည်။
“နင့်အစ်ကိုကြီးလည်း ပြန်ရောက်နေတယ် မဟုတ်လား…”
စွန်းယန်ဝမ် အနည်းငယ် အံ့အားသင့်သွားပြီးမှ ပြန်ပြောလိုက်၏။
“ခင်ဗျားက ကျွန်တော့်အစ်ကိုကြီးနဲ့ နောက်တစ်ခေါက် ထပ်ပြိုင်ချင်သေးလို့လား…”
“ကျွန်တော်ပြောပြမယ်… ခင်ဗျားက သူ့ပြိုင်ဘက် လုံးဝမဖြစ်သေးဘူး…”
“ပြီးတော့ အစ်ကိုကြီးက နည်းနည်းရက်စက်တတ်တယ်… မတော်တဆ သူ့ကြောင့် ခင်ဗျား ငိုသွားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ…”
အဖြူရောင်ဝတ်ရုံနှင့် မိန်းမပျိုလေး၏ ချောမောသော မျက်နှာလေးက “ဖြန်း”ခနဲ နီရဲသွားပြီး သူ့ကို အစိမ်းလိုက် ဝါးစားချင်သည့် အကြည့်များဖြင့် စိုက်ကြည့်ကာ “ချာ”ခနဲ လှည့်ထွက် သွားတော့သည်။
ကျန်းချင်းရှီ ၏ လက်ချက်ကြောင့် လူပေါင်းများစွာ၏ ရှေ့မှောက်တွင် သူမ အမှန်တကယ် ငိုခဲ့ဖူးပါသည်။
စွန်းယန်ဝမ် ခေါင်းကိုသာ ခါးရမ်းလိုက်မိ၏။
တိုးတက်ထွန်းကားနေသော စက်မှုခေတ်မှ လူတစ်ဦးအနေဖြင့် လူတို့၏ သဘောမနောကို အလွန်အမင်း နားလည်မှု ရှိသောကြောင့် ဤမိန်းမပျိုသည် အစ်ကိုကြီး၏ ဆုံးမမှုကို ခံခဲ့ရသဖြင့် သူမ၏ စိတ်ထဲတွင် အစ်ကိုကြီး၏ အရိပ်ထိုးမှုက လုံးဝကြီးမားနေသည်ဟုသာ ခန့်မှန်းခဲ့သည်။
“ဒုက္ခပဲ…ကြမ္မာကတော့ ငင်ပြီ…”
စွန်းယန်ဝမ် ဝိညာဉ်ဓားအဆောက်အဦပေါ်သို့ ပြန်ရောက်လာသောအခါ စွန်းလင်အာ နှင့် နန်မန်ကုန်း တို့က သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့ရသဖြင့် သူက အလျင်စလို ရှင်းပြသည်။
“ကျွန်တော်နဲ့ အဲဒီ သူတော်စင်မလေးက တစ်ခါမှ မသိဘူးနော်… သူက အစ်ကိုကြီးရဲ့ သူငယ်ချင်းပါ… အစ်ကိုကြီး ပြန်ရောက်နေပြီလားလို့ ကျွန်တော့်ကို လာမေးလို့ ပြန်ပြောနေတာ…”
ကျန်းချင်းရှီ သူ့ကို မသိမသာ လှမ်းကြည့်နေ၏။
“ငါ့ဘာသာ အဆောက်အဦထဲ ငုတ်တုပ်ထိုင်နေတာတောင် မင်းက လက်သည် လာရှာနေတာလား…”
သူက အနည်းငယ် ပြုံးလိုက်မိသော်လည်း ဖြေရှင်းနေခြင်း မရှိပေ။
ထို့နောက် စွန်းယန်ဝမ် ၏ တိုက်ပွဲမှ အားသာချက်၊ အားနည်းချက်များကို တစ်ခုချင်း ထောက်ပြပြီး စိတ်ရှည်လက်ရှည် လမ်းညွှန် ပေးခဲ့သည်။
သူတို့နှစ်ဦး စကားများ ပြောဆိုနေစဉ် အဆောက်အဦအောက်သို့ ရောက်ရှိလာသော ဘုန်းတော်ကြီးငယ်လေး တစ်ပါး၏ အော်ဟစ်သံကို ကြားလိုက်ရ၏။
“ဆရာဦးလေးငယ်လေးတို့ ခင်ဗျာ… ဒီနေ့ နောက်ထပ် ပြိုင်ပွဲ ထပ်ပြိုင်ဦးမလားလို့ ဆရာက မေးခိုင်းလိုက်လို့ပါ…”
စွန်းယန်ဝမ် ချက်ခြင်း စဉ်းစားလိုက်သည်။
“ငါစောစောက တိုက်ခိုက်ခဲ့တဲ့ ပွဲစဉ်နှစ်ခုစလုံးက ဘာမှ ပင်ပန်းတာခဲ့မှ မဟုတ်တာ…”
သူ ချက်ခြင်း အဖြေပြန်ပေးလိုက်၏။
“နောက်ထပ် တစ်ပွဲ ထပ်ပြိုင်လို့ရသေးတယ်…”
ဘုန်းတော်ကြီးလေးက ရိုသေစွာ ဂါရဝပြုပြီး ပြန်ထွက်သွားသည်။
ခဏကြာသောအခါ ပွဲကြေညာသူ၏ အသံ ထွက်ပေါ်လာပြီး စွန်းယန်ဝမ် ၏ အမည်ကို နောက်တစ်ကြိမ် ခေါ်လိုက်သည်။
ဤတစ်ကြိမ်တွင် ပြိုင်ဘက်၏ အမည်သည် အလွန်ထူးခြားပြီး မျိုးရိုးအမည် နှစ်လုံးတွဲဖြစ်ကာ နာမည်က တစ်လုံးတည်း ဖြစ်သည်။
သူက လင်းဟူရှောင် ဖြစ်ပြီး ရှင်းတုတောင်ထွဋ်မှ တပည့်တစ်ဦးလည်း ဖြစ်သည်။
စွန်းယန်ဝမ် ဝိညာဉ်ဓားအဆောက်အဦပေါ်မှ နောက်တစ်ကြိမ် ပြန်ဆင်းလာခဲ့ပြီး စင်မြင့်ထက်သို့ ရောက်သောအခါ လေးထောင့်ကျကျ မျက်နှာ၊ ကော့ပျံတက်နေသော မျက်ခုံးမွှေးနှင့် တောက်ပသည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ထိုသူ၏ ပုံစံက အနည်းငယ်ကြမ်းတမ်း ခက်ထက်သည်ဟု ထင်ရသော်လည်း လွတ်လပ်ပေါ့ပါးသည့် စရိုက်လက္ခဏာမျိုးရှိကာ အသက်အရွယ်အားဖြင့် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် ဝန်းကျင်ခန့်သာ ရှိသေးသည်။
သူ့လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထားပြီး စွန်းယန်ဝမ် စင်ပေါ်သို့ တက်လာသောအခါ အရိုအသေပေးရင်း နှုတ်ဆက်သည်။
“စွန်းညီလေး ကို ဂါရဝပြုပါတယ်…”
စွန်းယန်ဝမ် ချက်ခြင်း မေးခွန်းထုတ်လိုက်သည်။
“လင်းဟူ အစ်ကိုကြီးက ဆရာဦးလေး ယင်ပိုင်လျန် ရဲ့ တပည့်လား…”
လင်းဟူရှောင် က ရယ်ရယ်မောမောနှင့် အဖြေပေးသည်။
“ဟုတ်ပါတယ်…”