“လင်းဟူ အစ်ကိုကြီး အရှုံးပေးလိုက်တော့”
Vol. 6 Ch. 54
လင်းဟူရှောင် စင်မြင့်ထက်သို့ တက်မလာမီ သူ့ဆရာ ယင်ပိုင်လျန် က သူ့ကိုခေါ်ကာ မှာကြား ထားခဲ့သော အကြောင်းအရာ တချို့ ရှိသည်။
သူ့နားထဲတွင် ဆရာဖြစ်သူ၏ စကားများကို ယခုအချိန်ထိ ကြားယောင်နေဆဲပင်။
“သာမန်ကျင့်ကြံသူတွေက ဓားလမ်းစဉ်ကို နှစ်ပေါင်းများစွာ ကျင့်ကြံကြပေမယ့် စာရွက်ပေါ်က နည်းစနစ်တွေအတိုင်း လိုက်နာနေတာကြောင့် အသုံးပြုတဲ့ ဓားကွက်တိုင်းကလည်း ပုံသေ တိုက်ခိုက်မှုတွေပဲ ဖြစ်လာတယ်…”
“စွန်းယန်ဝမ် ရဲ့ ဓားကွက်တွေကတော့ လျင်မြန်မှုရှိသလို ပုံစံကွဲတွေ များနေတဲ့အတွက် ဒါဟာ မရေမတွက်နိုင်တဲ့ ကြိုးစားအားထုတ်မှုတွေ… ထူးခြားတဲ့ ပါရမီတွေ ရှိနေတယ်ဆိုတာ ပြသနေတာပဲ… နောက်ပြီးတော့ အထွဋ်အထိပ် ဆရာသခင်တစ်ဦးရဲ့ လမ်းညွှန်မှုကို ကျိန်းသေပေါက် ရရှိထားမှသာ ဒါမျိုးက ဖြစ်နိုင်လိမ့်မယ်…”
“ဒါပေမဲ့ သူ့မှာလည်း ကြီးမားတဲ့ အားနည်းချက်တစ်ခု ရှိနေတယ်… သူက ဓားလမ်းစဉ်မှာ သိပ်ကို ပါရမီထူးချွန်တာကြောင့် သူ့ရဲ့စိတ်က ဓားတစ်လက်လို ပေါ့ပါးပြီး အခြေခံစွမ်းအားက အရမ်းကြီး အားကောင်းတာမျိုး မရှိလောက်ဘူး…”
“မင်းအနေနဲ့ ခွန်အားအရာမှာ သူ့ကို ဖိအားပေးပြီး တိုက်ခိုက်မယ်ဆိုရင် အနိုင်ရကောင်း ရနိုင်တယ်…”
လင်ဟူရှောင် သည် စွန်းယန်ဝမ် အပေါ်တွင် မည်သည့် ဆိုးရွားသော ခံစားချက်မျှ မရှိပေ။
သို့သော် ဤအမည်သည် ထွက်ပေါ်လာသည့် အချိန်မှစကာ နားထဲတွင် အဆက်မပြတ် ဗုံးများကွဲနေသလို ဖြစ်နေပြီး ပြိုင်ပွဲကွင်းပြင်၏ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဤအမည်ကိုသာ ကြားနေရသည်။
နားထောင်ရဖန် များလာသောအခါ သူစိတ်ထဲတွင် အနည်းငယ် ဒေါသထွက်လာပြီး ခဏတဖြုတ် အေးအေးချမ်းချမ်း အနားယူချင်စိတ်များ ဖြစ်လာမိသည်။
ယခု သိုင်းစင်မြင့်ထက်တွင် တိုက်တိုက်ဆိုင်ဆိုင် လာတွေ့သောအခါ လင်ဟူရှောင် စိတ်ထဲမှ တွေးလိုက်မိ၏။
“ဆရာက သူ့ရဲ့ စွမ်းအားက အားနည်းတယ်လို့ ပြောထားတယ်… ဆရာ့လို လူတစ်ယောက်ကတော့ ကျိန်းသေပေါက် အမြင်မှားမှာ မဟုတ်ဘူး… ငါက စွမ်းအားကို အဓိကအသုံးပြုရတဲ့ ဟွမ်ယွမ်ဓားကွက်နဲ့ ကျိန်းသေ တိုက်ခိုက်ရမယ်… တစ်ကွက် နှစ်ကွက်လောက်အတွင်းမှာပဲ သူ့ကို အနိုင်ယူပြီး စင်အောက်ကို တွန်းချပစ်မယ်…”
ဆောင်ယန်ဂိုဏ်း၏ သက်တမ်းသည် နှစ်ပေါင်းရာနှင့်ချီ ရှိသောကြောင့် မျိုးဆက်ငါးဆက်တိုင်တိုင် အမွေဆက်ခံခဲ့ပြီး ဖြစ်သည်။
သို့သော် နှစ်စဉ်ကျင်းပသည့် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲတိုင်းသည် အသက်အရွယ်ကို ခွဲခြားထားခြင်း မဟုတ်ဘဲ ကျင့်ကြံသည့် နှစ်ကာလအပေါ်တွင်သာ ခွဲခြားထားသောကြောင့် တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်နှင့် နောက်ဆုံးမျိုးဆက်မှ တပည့်များ ထိပ်တိုက်ရင်ဆိုင်ရသည့် အခြေအနေမျိုးလည်း ရှိသည်။
လင်ဟူရှောင် ၏ မူလအစသည် လမ်းဘေးတွင် စွန့်ပစ်ခံထားရသော ကလေးတစ်ဦးသာ ဖြစ်သည်။
ယင်ပိုင်လျန် သည် အလုပ်ကိစ္စတစ်ခုဖြင့် အပြင်သို့ ခရီးသွားလာရင်း သူ့ကို တွေ့ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က သူသည် မည်သည့် သိုင်းပညာကိုမျှ မတတ်ဘဲ သူရဲကောင်းဝင်လုပ်ရင်း အခြား သူတောင်းစား ကလေးများ၏ ရိုက်နှက်ခြင်းကို ခံရသောကြောင့် မျက်နှာတစ်ခုလုံး ဖူးယောင်ကိုင်းနေသလို ဒဏ်ရာများလည်း ကြီးကြီးကျယ်ကျယ် ရရှိနေခဲ့သည်။
သူ့၏ စိတ်ဓာတ်ကို အလွန်သဘောကျသွားခဲ့သည့် ယင်ပိုင်လျန် က သူ့ကို ချက်ခြင်း တောင်ပေါ်ကို ခေါ်လာခဲ့ပြီး သူ့၏ ခုနှစ်ယောက်မြောက် တပည့်အဖြစ် လက်ခံပေးခဲ့သည်။
လင်းဟူရှောင် သည် အသက်အနည်းငယ် ကြီးသည့်အခါမှသာ စတင်ကျင့်ကြံရခြင်း ဖြစ်သော်လည်း သူ့၏ ပါရမီက အနည်းငယ် ကောင်းမွန်သောကြောင့် တိုးတက်မှုနှုန်း လျင်မြန်ပြီး အုပ်စု(ဂ)၏ စွမ်းအား အကြီးဆုံး လူအနည်းငယ်ထဲမှ တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။
မူလက ယန်နတ်ဆေးလုံး ချီးမြှင့်ခဲ့ခြင်း မရှိလျှင် ယင်ပိုင်လျန် သည် သူ့အား အုပ်စု(ခ)၌သာ ပါဝင် ယှဉ်ပြိုင်ခိုင်းမည် ဖြစ်သည်။
သို့သော် အုပ်စုအားလုံး၏ ပထမဆုကို ယန်နတ်ဆေးလုံး ချီးမြှင့်မည်ဖြစ်ကြောင်း သိသောအခါ ယင်ပိုင်လျန် မှာလည်း သူ့၏လောဘကို အတောမသတ်နိုင်တော့ပေ။
သူက သူ့တပည့်ကို အဆင့်ကျော် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခိုင်းတော့ဘဲ အုပ်စု(ဂ)၌သာ ယှဉ်ပြိုင်စေပြီး ပထမဆု အရယူခိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဤယန်နတ်ဆေးလုံးသာ ရရှိမည်ဆိုလျှင် လင်းဟူရှောင် သည် နောက်ကျမှ ကျင့်ကြံရခြင်း ဖြစ်သော်လည်း ထိုအခြေခံအားနည်းချက်ကို ပြန်လည်ဖာထေးနိုင်မည် ဖြစ်သလို ဂိုဏ်း၏ အခြား ပါရမီရှင်များနောက်သို့ အမီလိုက်နိုင်မည်ဟုလည်း ယုံကြည်သည်။
စွန်းယန်ဝမ် သည် လင်းဟူရှောင် ၏ ဓားကွက်ကို မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး တီးတိုးရေရွတ်လိုက်မိ၏။
“ဟွမ်ယွမ်ဓားကျင့်စဉ်ပဲ…”
“ဒါပေမဲ့ သူက ဘယ်အချိန်လောက် ကတည်းက ကျင့်ကြံထားတာလဲ မသိဘူး… သူ့ရဲ့ ကျင့်ကြံမှု သက်တမ်းက ငါ့ထက်တော့ သေချာပေါက် ပိုများလိမ့်မယ်… လက်ရှိ ငါက သွေးကြောခုနှစ်ခုပဲ ဖွင့်ထားနိုင်သေးတဲ့အပြင် ပြည့်ပြည့်ဝဝ အသုံးချလို့ရတဲ့ ဟွမ်ယွမ်ဓားကွက်ကလည်း သုံးကွက်အထိပဲ ရှိသေးတယ်… ကျန်တဲ့ ဓားကွက်တွေ အကုန်လုံးက သိပဲသိပြီး အသုံးချလို့ မရသေးဘူး…”
“ပြီးတော့ ဆရာကလည်း မှာထားတယ်… ငါမတတ်နိုင်တဲ့ အရာတွေကို ဘယ်တော့မှ အတင်းအကျပ် ဖိအားပေးတာမျိုး မလုပ်ရဘူးတဲ့…”
စွန်းယန်ဝမ် ၏ ဦးနှောက်က အလွန်လျင်မြန်စွာ အလုပ်လုပ်နေခဲ့သည်။
သူသည် လျှပ်စီးဓားသခင် ကျန်းစန် နှင့် တိုက်ခိုက်စဉ်က အသုံးပြုခဲ့သော ဟွမ်ယွမ်ဓားကျင့်စဉ်၏ ကောင်းကင်ပိုင်းဖြတ်ခြင်း ဓားကွက်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။
သို့သော် ကောင်းယွမ် နှင့် ယှဉ်ပြိုင်ခဲ့စဉ်ကကဲ့သို့ အသာအယာ ခုတ်ပိုင်းခြင်းမျိုး မဟုတ်တော့ဘဲ သူ့စွမ်းအားကို အပြည့်အဝ စုစည်းထားသော ပုံစံမျိုးနှင့် ခုတ်ပိုင်း ချလိုက်ခြင်း ဖြစ်သည်။
လင်းဟူရှောင် အနည်းငယ် အံ့အားသင့်သွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။
“သူကလည်း အရင်ကတည်းက ဟွမ်ယွမ်ဓားကျင့်စဉ်ကို လေ့ကျင့်ထားခဲ့တာကို… ဂိုဏ်းချုပ်ကြီး တစ်ယောက်ရဲ့ တပည့်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ ကြည့်ရသေးတာပေါ့…”
ဟွမ်ယွမ်ဓားကျင့်စဉ်သည် စွမ်းအားပြည့် အခြေအနေနှင့် ဖော်ထုတ်ရသော ဓားကျင့်စဉ် အမျိုးအစား ဖြစ်ပြီး ဓားကွက်တိုင်း၊ လှုပ်ရှားမှုတိုင်းတွင် တစ်ထပ်တည်း စည်းချက်ညီရမည့် အသက်ရှူမှု နည်းစနစ်နှင့် ချီစွမ်းအင်ကို လှည့်ပတ်ထားရသော လျှို့ဝှက်ချက်များ ရှိနေသည်။
အကယ်၍ မိမိ၏ စွမ်းအားက အလွန်ကြီးမားနေမည်ဆိုလျှင် ထွက်ပေါ်လာမည့် ဓားချက်ကလည်း ကြောက်မက်ဖွယ် ကောင်းသည့် အဖျက်စွမ်းအားများ ကျိန်းသေပေါက် ပါဝင်လာပေလိမ့်မည်။
သို့သော် ထိုဓားချက်တစ်ချက်တွင် အသုံးပြုရသည့် ချီစွမ်းအင်သည် မျက်လုံးပြူးရလောက်သည့် ပမာဏ အထိ များပြားသောကြောင့် ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ အများအားဖြင့် တစ်ကွက်၊ နှစ်ကွက် အတွင်းမှာပင် အနိုင်အရှုံး ရလဒ် ထွက်ပေါ်လာတတ်လေ့ ရှိသည်။
လင်းဟူရှောင် သည် ပြိုင်ဘက်ကလည်း သူကဲ့သို့ ဟွမ်ယွမ်ဓားကွက်ကိုသာ အသုံးပြုသည်ကို မြင်သောအခါ သူဖြစ်ချင်သည့် ဆန္ဒနှင့် တစ်ထပ်တည်း ကျသွားတော့သည်။
သူ ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ သူ့၏ စွမ်းအင်များ အားလုံးကို ဓားအတွင်း စုစည်းလိုက်ပြီး သက်တန့်ပျံ တိုက်ကွက်နှင့် ဦးစွာ တိုက်ခိုက်လိုက်၏။
စွန်းယန်ဝမ် သည် နဂါးရိုင်းဓားကို အဆက်မပြတ် လှုပ်ရှားလိုက်ပြီး ဓားပေါ်တွင် စွမ်းအားကို တစ်စုတည်း စုစည်းထားလိုက်သည်။
သို့သော် သူ့၏ ပကတိစွမ်းအား အစစ်က ဓားကွက်အပေါ် လုံလောက်စွာ မထိန်းချုပ်နိုင်သေးသလို ဓားကွက်နှင့် ကိုက်ညီသော သွေးကြောများကလည်း တစ်ခုမျှ ပွင့်မလာသေးပေ။
သူထုတ်ဖော်ထားသော ဓားဟန်မှာ ဟန်ပြသက်သက်သာဖြစ်ပြီး ရန်သူကို အနိုင်ယူနိုင်သော စွမ်းအားမျိုး လုံးဝ မပါပေ။
သူ့၏ အစစ်အမှန် ရည်ရွယ်ချက်တွင်လည်း ရန်သူကို ချက်ခြင်း အနိုင်ရရန် မျှော်လင့်မထားခဲ့ပေ။
လင်းဟူရှောင် ၏ ဓားသည် ကြမ်းတမ်းသော လေပြင်းများနှင့် မိုးခြိမ်းသံများကို သယ်ဆောင်ရင်း သူ့ဆီကို တဟုန်ထိုး ကျဆင်းလာသည်။
စွန်းယန်ဝမ် သူ့ဓားကို တစ်ချက်ဝှေ့ရမ်းလိုက်ပြီး သူ့ဆီ ဝင်ရောက်လာသော ဓားကို ချက်ခြင်း ပြန်ရိုက်ထုတ် ပစ်လိုက်၏။
“ချွင်…”
ဓားနှစ်လက် ထိပ်တိုက်တွေ့သွားချိန်တွင် နဂါးရိုင်းဓားသည် လေထဲသို့ မြောက်တက်သွားပြီး စင်မြင့်၏ ထောင့်တစ်နေရာကို လွင့်စင်ထွက်သွားသည်။
စွန်းယန်ဝမ် ၏ ဓားချက်သည် ဟန်သာရှိပြီး စွမ်းအားမပါသောကြောင့် လင်းဟူရှောင်မှာလည်း လျှပ်စီးဓားသခင် ကျန်းစန် ကဲ့သို့ ရုတ်တရက် အငိုက်မိသွားကာ သူ့၏ တွက်ချက်မှုများ အားလုံး ကသောင်းကနင်း ဖြစ်ကုန်တော့သည်။
သို့သော် သူ့၏ ဓားအသိက ကျန်းစန် ထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေသေးသည်။
သူက ဓားကို ချက်ခြင်းပြန်ဆွဲယူလိုက်ပြီး အခြားဓားကွက်တစ်ခု ဖော်ထုတ်ရန် ပြင်လိုက်စဉ် စွန်းယန်ဝမ် သည် နပန်းသတ်နည်းဟု ဆိုရမည်ဖြစ်သော တိုက်ကွက်ဆန်း တစ်ခုနှင့် သူ့၏ ခန္ဓာကိုယ်ကို နောက်ကျောမှ သိုင်းဖက်ထားပြီ ဖြစ်သည်။
စွန်းယန်ဝမ် သည် သူ့ယခင်ဘဝ၌ မြင်းစီးသင်တန်းမှ နည်းပြဆရာမကဲ့သို့ သူမျိုးကိုပင် မရရအောင် ကြိုးစားကြံစည်ခဲ့သူ ဖြစ်သည်။
ဤကဲ့သို့ “မ”ကျမ်း ကြေသော လူတစ်ယောက်အတွက် ကာယဗလ ဆရာမကိုလည်း မည်သည့်နည်းနှင့်မျှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
သို့သော် သူချဉ်းကပ်ခဲ့သော ကာယဗလ ဆရာမ၏ အဓိကလုပ်ငန်းသည် အလှမယ်များကို လေ့ကျင့်ပေးခြင်း မဟုတ်ဘဲ နပန်းသတ်သော အမျိုးသမီးများကို နည်းပြပေးသူ ဖြစ်နေသည်။
စွန်းယန်ဝမ် သူမနှင့် တွဲခဲ့ပြီး များမကြာမီအချိန်တွင် လေ့ကျင့်ရေးခန်းမမှတစ်ဆင့် ဇိမ်ခံဟိုတယ်များ အထိပါ ရောက်သွားခဲ့ပြီး နပန်းသတ်သည့် နည်းစနစ်ဆန်းများကို အမှန်တကယ် သင်ယူခဲ့ရသည်။
သူမက စွန်းယန်ဝမ် ၏ ခြောက်ယောက်မြောက် မိန်းကလေး သူငယ်ချင်းဖြစ်ပြီး သူတို့တွဲပြီး တစ်လပင် မပြည့်သေးမီမှာပင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြသည်။
ထိုစဉ်က သူခံစားခဲ့ရသည့် တစ်ခုတည်းသော ခံစားချက်က သူ့ရုပ်ခန္ဓာ၏ ကြံ့ခိုင်မှုမှာ သူမနောက်ကို အမှန်တကယ် မလိုက်နိုင်တော့ကြောင်း ဖြစ်သည်။
တစ်ပတ်လျှင် တစ်ဆယ့်ရှစ်ကြိမ်အထိ သူမနှင့် နပန်းသတ်ရပြီး အချိုးချကြည့်မည်ဆိုလျှင် တစ်နေ့လျှင် နှစ်ကြိမ်ခွဲလောက် ဖြစ်နေသောကြောင့် အိမ်သာတက်မည်ဆိုလျှင်ပင် အမှတ်စဉ်ရေကာ တက်ရသည့် အခြေအနေ ဖြစ်လာသည်။
တစ်ချိန်က ရွှန်းရွှန်းဝေအောင် ပြောဆိုခဲ့သော ချစ်စကားများကလည်း ယခုအခါ စင်ယော်လေးများ မဟုတ်တော့ဘဲ “သေနာကောင်… ဘာလို့ မမာတော့တာလဲ” ဟူသော ရေနစ်သူကို ဝါးကူထိုးနေသလို စကားမျိုးကိုသာ ထပ်တလဲလဲ ကြားလာရသည်။
စဉ်းစားကြည့်ပါ….
မည်သူကများ တစ်နေကုန် တစ်နေခမ်း မာနေနိုင်ပါမည်နည်း ?
လင်းဟူရှောင် သည် ပထမဆုံး တိုက်ခိုက်မှုမှာပင် စွန်းယန်ဝမ် က သူ့ဓားကိုစွန့်လွှတ်ပြီး သူနှင့် နပန်းသတ်လိမ်မည်ဟုတော့ ယောင်၍ပင် စဉ်းစားမိခဲ့ခြင်း မရှိပေ။
သူသည် အသက်သုံးလေးနှစ်ခန့် ပိုကြီးသည်မှန်သော်လည်း ဂိုဏ်းအတွင်းသို့ ရောက်လာသည့် အချိန်မှစကာ ချီစွမ်းအားနှင့် ဓားပညာအပေါ်တွင်သာ အပတ်တကုပ် ကြိုးစားလေ့ကျင့်နေခဲ့ပြီး ရွှေအရွတ် မရီဒန် ကျင့်စဉ်ကို အချိန်ပေး လေ့ကျင့်ဖြစ်ခဲ့ခြင်း မရှိပေ။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် သူ့၏ ရုပ်ခန္ဓာစွမ်းအားက သူ့ထက် အသက်ပိုငယ်သူ စွန်းယန်ဝမ် ထက်ပင် နိမ့်ကျနေသေးသည်။
ထို့ကြောင့် စွန်းယန်ဝမ် ၏ ချုပ်ကွက်အောက်ကို ရောက်ရှိသွားသောအခါ မည်သို့မျှ မလူးသာ မလွန့်သာ အခြေအနေနှင့် ကြမ်းပြင်ပေါ်တွင် မှောက်နေတော့၏။
သူသည် စင်မြင့်ကြမ်းပြင်ကို လက်နှင့် စွန်းအားကုန်တွန်းကာ ပြန်ထရန် ကြိုးစားနေသော်လည်း သူ့ခန္ဓာကိုယ်က ကြွတက်လာခြင်း မရှိပေ။
စွန်းယန်ဝမ် ချက်ခြင်း အော်ဟစ်လိုက်သည်။
“လင်းဟူ အစ်ကိုကြီး အရှုံးပေးလိုက်တော့…”
လင်းဟူရှောင် အကြီးအကျယ် ဒေါသထွက်သွားပြီး ပြန်လည်အော်ဟစ်လိုက်သည်။
“မင်း… မင်းက လူလိမ်ပဲ… ဒီလိုပုံစံမျိုးနဲ့ ပြိုင်ပွဲလုပ်တာ မင်း ဘယ်နေရာမှာ မြင်ဖူးလဲ… ငါ့ကို ခုလွှတ်ပေး… မင်းနဲ့ငါ အစက ပြန်တိုက်ခိုက်မယ်…”
စွန်းယန်ဝမ် က ပြန်ပြောသည်။
“အစ်ကိုကြီး အနေနဲ့ ကျင့်ကြံခြင်းလောကထဲကို လှည့်လည် သွားလာတဲ့အခါကျရင် ဒီလောက် ရိုးသားနေလို့ မရဘူး… ကျုပ်တို့သာ တစ်ဂိုဏ်းတည်းသားချင်း ယှဉ်ပြိုင်နေတာမျိုး မဟုတ်ဘူးဆိုရင် အခုလောက်ဆို အစ်ကိုကြီး သေနေပြီ… မြန်မြန် အရှုံးပေးလိုက်တော့…”
လင်းဟူရှောင် သည် ခဏကြာအောင် ရုန်းကန်နေသော်လည်း စွန်းယန်ဝမ် ၏ လက်နှင့် ခြေထောက်များက ပြုတ်တူကြီးများကဲ့သို့ သူ့တစ်ကိုယ်လုံးကို ညှပ်ထားသောကြောင့် ဒေါသတကြီး အော်ဟစ်နေရုံသာ တတ်နိုင်သည်။
ခဏကြာအောင် ရုန်းကန်ပြီး နောက်တွင်တော့ သူမည်သို့မျှ မတတ်နိုင်စွာ အရှုံးပေးလိုက်ရတော့သည်။
“ကျုပ် အရှုံးပေးတယ်…”
ထိုအချိန်ကျမှသာ စွန်းယန်ဝမ် က သူ့၏ ခြေနှင့်လက်များကို ဖြေလျော့ပေးလိုက်ပြီး ၎င်းကို စင်မြင့်ထက်မှ ပြန်ထလာစေသည်။
လင်းဟူရှောင် ၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းနေပြီး သူ့ကို ခပ်တိုးတိုး လှမ်းပြော၏။
“ဒီနေ့ညနေ မင်းနဲ့ငါ ထပ်ချမယ်…”
စွန်းယန်ဝမ် ချက်ခြင်း ခေါင်းခါပြသည်။
“အစ်ကိုကြီးက ပြိုင်ပွဲက ထွက်သွားရပြီလေ… ကျွန်တော်က နောက်ထပ် ပြိုင်ပွဲတွေ ထပ်ပြိုင်ရဦးမှာ… အစ်ကိုကြီးနဲ့ အားကုန်ခံနေလို့ ဘယ်လိုလုပ် ရမှာလဲ…”
လင်းဟူရှောင် မှာ ဒေါသထွက်လွန်းသဖြင့် အသားများပင် တဆတ်ဆတ် တုန်ယင်လာသော်လည်း စကားတစ်ခွန်း မှားသွားလျှင် ပို၍ မျက်နှာပျက်စရာများ ဖြစ်လာမည်ကို စိုးသောကြောင့် သူ့ကို လက်ညှိုးတထိုးထိုးနှင့်သာ လုပ်နေ၏။
သူသည် ပြစ်တင်ပြောဆိုရန် အကြိမ်များစွာ ကြိုးစားနေသော်လည်း စွန်းယန်ဝမ် ကို ထိရှစေမည့် အမှန်တကယ် စွမ်းအားကြီးသော စကားလုံးကို မရွေးချယ်နိုင်ခြင်းကြောင့် နောက်ဆုံး သူ့ဓားကို ပြန်ကောက်ပြီး မကျေမနပ်နှင့် စင်မြင့်ပေါ်မှ ဆင်းသွားသည်။
စွန်းယန်ဝမ် စိတ်ထဲတွင် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။
“ဝှူး… ကံကောင်းလို့…”
သူ့၏ ဤဓားကွက်သည် ရန်သူကို ရုတ်တရက် တိုက်ခိုက်လာစေရန် အဓိက ဟန်ပြထားသော ငါးစာချ ဓားကွက် ဖြစ်သည်။
လင်းဟူရှောင် အနေဖြင့် စွန်းယန်ဝမ် သည် သူ့ဓားအား ဤကဲ့သို့ အလွယ်တကူ စွန့်ပစ်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဘူးသလို နပန်းသတ်နည်းဆိုသော တိုက်ကွက်ကိုလည်း ဒဏ္ဍာရီများ၌ပင် မကြားဖူးပေ။
ယင်းက လင်းဟူရှောင် တစ်ဦးတည်းသာ မဟုတ်ဘဲ ဤလောကမှ လူများ အားလုံးလိုလို ဖြစ်သည်။
ဤတစ်ကြိမ်တွင် အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခြင်းကြောင့် စွန်းယန်ဝမ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
နောက်တစ်ကြိမ် ရှိဦးမည် ဆိုလျှင်တော့ ထိုကဲ့သို့ ကံကောင်းချင်မှ ကောင်းနိုင်တော့မည်။
အဘယ်ကြောင့်ဆိုသော် လင်းဟူရှောင် သည် သူ့ကို မည်သို့မျှ အနားကပ်ခွင့်ပေးမည် မဟုတ်တော့ဘဲ အကယ်၍ တွန်းလှဲခံရမည် ဆိုလျှင်ပင် လေးဘက်တွားကာ ထွက်ပြေးပြီး မည်သို့မျှ အချုပ်ခံတော့မည် မဟုတ်သည်က သေချာနေသည်။
ပကတိ အခြေအနေ၌ ပြိုင်ဘက်သည် သူ့ထက်ကျင့်ကြံခြင်း အချိန်ပိုများသလို၊ အသက်လည်း အနည်းငယ် ပိုကြီးပြီး ဟွမ်ယွမ်ဓားကျင့်စဉ်ကိုလည်း ကျွမ်းကျင်သည်အထိ လေ့ကျင့်ထားသူ ဖြစ်သည်။
ထို့ကြောင့် ယုတ္တိကျကျ တွေးမည်ဆိုလျှင် စွန်းယန်ဝမ် ထံ၌ နည်းလမ်း များများစားစား မရှိပေ။
မည်သို့ပင်ဆိုစေ နိုင်သွားခြင်းကြောင့် ကိစ္စပြတ်သွားပြီ။
ဤအကြောင်းကို စားမြုံ့ပြန်နေရန် မလိုတော့ချေ။
ထိုမြင်ကွင်းကို ရှန်းတု အဆောက်အဦထက်မှ ကြည့်နေသော ယင်ပိုင်လျန် က တဟဲဟဲရယ်ရင်း သဘောအကျကြီး ကျနေသည်။
“ဒီကောင်လေးက တော်တော်လည်သလို တော်တော်လည်း ကောက်ကျစ်တာပဲ…”
သူ့အနေဖြင့် သူ့တပည့် ရှုံးသွားသော်လည်း မည်သို့မျှ ခံစားရခြင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် စင်မြင့်ထက်သို့ ရောက်လာသည့်သူတိုင်းမှာ ကျင့်ကြံမှု အချိန်ကာလ သတ်မှတ်ထားပြီးသား သူများသာ ဖြစ်သည်။
လင်းဟူရှောင် ကိုယ်တိုင် သတိလက်လွတ်ဖြစ်ကာ သူ့ကိုယ်သူ မကာကွယ်နိုင်ခဲ့ခြင်းဖြစ်သလို စွန်းယန်ဝမ် ကိုယ်တိုင်ကလည်း သူပင် မြင်ဖူးခြင်းမရှိသော တိုက်ကွက်ဆန်းများနှင့် ဉာဏ်နီ ဉာဏ်နက်များခဲ့သောကြောင့် အနိုင်အရှုံးက လယ်ပြင်တွင် ဆင်သွားသလို ဘွင်းဘွင်းကြီး ပေါ်သွားပြီ ဖြစ်သည်။
အနိုင်ရသွားသူမှာ စွန်းယန်ဝမ် ဖြစ်သော်လည်း ကြည့်ရှုနေသူများ အားလုံး၏ ခံစားချက်များက ရှုပ်ထွေးနေပြီး ပြိုင်ပွဲကွင်းပြင် တစ်ခုလုံး တီးတိုးတီးတိုး ပြောဆိုနေကြသည်။
ဤလောက၏ အထွဋ်အထိပ်တွင် ရပ်တည်နေသော ဂိုဏ်းချုပ်ကြီး ၏ တပည့်တစ်ဦးက ယခုလိုမျိုးတော့ တိုက်ခိုက်မည် မဟုတ်ကြောင်း အကြိတ်အနယ် ဆွေးနွေးနေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ စွန်းယန်ဝမ် သည် ပြိုင်ပွဲ၌ သုံးပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ပွဲစဉ်တိုင်းတွင်လည်း တစ်ကွက်တည်းနှင့်သာ ပြီးပြီးသွားခြင်းကြောင့် ပရိတ်သတ်များ၏ စိတ်ဝင်စားမှုကို အမြင့်ဆုံးထိ ဆွဲတင်ထားနိုင်ခဲ့သည်။
ပြိုင်ပွဲပြီးဆုံးသည်နှင့် စီးပွားရေး လာဘ်မြင်သူအချို့က သူ့၏ အားသာချက်၊ အားနည်းချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် စာရွက်များကို ထုတ်ဝေပြီး လက်ကမ်း ရောင်းချနေကြပြီ ဖြစ်သည်။
သူ ဝိညာဉ်ဓားအဆောက်အဦပေါ်သို့ ပြန်ရောက်လာသောအခါ အစ်ကိုကြီးက ခရီးရောက်မဆိုက် ချက်ခြင်း ပြောသည်။
“မနက်ဖြန်ကျရင်တော့ မင်းရဲ့ ဒီနည်းလမ်းက အသုံးဝင်မှာ မဟုတ်တော့ဘူး…”
“မင်းရဲ့ ဒီနည်းလမ်းမှာ ချို့ယွင်းချက်တွေ အများကြီးရှိတယ်… ပြိုင်ဘက်က လက်တစ်ဖက်၊ ခြေထောက်တစ်ဖက် ဒါမှမဟုတ် တံတောင်ဆစ်လောက်ပဲ လှုပ်ရှားလို့ရမယ်ဆိုရင်တောင် မင်းခန္ဓာကိုယ်ပေါ်က အရေးကြီးတဲ့ သွေးကြောနေရာတွေကို ပြန်ပိတ်ပစ်နိုင်တယ်… အဲဒီအချိန်ကျရင် မင်း ဘာမှ ဆက်လုပ်နိုင်မှာ မဟုတ်တော့ဘူး…”
ထိုအခါမှ သူ အမှန်တကယ် ထိတ်လန့်သွားမိတော့သည်။
သူ့၏ ကမ္ဘာတွင် ထိုကဲ့သို့ သွေးကြောများကို ပိတ်နိုင်သည့် ပညာရပ်မျိုးက မရှိသလောက်ပင် ဖြစ်သည်။
သမိုင်းစာအုပ်များအတွင်း ရံဖန်ရံခါ တွေ့ရသော်လည်း မည်သူမျှ မမြင်နိုင်သော စာအုပ်ထဲတွင်သာ ရှိနေသည်။
သူက လက်တွေ့ပိုဆန်သော နပန်းသတ် နည်းစနစ်ကို အသုံးချခြင်းကြောင့် တစ်ဖက်ရန်သူ အနေဖြင့် ရုန်းထွက်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
သို့သော် ဤလောကတွင် သွေးကြောပိတ် နည်းစနစ်ဟူသော ပညာရပ်မျိုး အမှန်တကယ် ရှိနေသောကြောင့် ယခုလို ခန္ဓာကိုယ်ချင်း ပူးကပ်သတ်ပုတ်သည့် နည်းလမ်းက အတော်ပင် အန္တရာယ်များသည်ဟု ဆိုနိုင်သည်။
လင်းဟူရှောင် စင်မြင့်ထက်မှ ဆင်းလာချိန်တွင် သူ့စိတ်ထဲ၌ “လက်”ခနဲ ဖြစ်သွားပြီး ရုတ်တရက် အော်ဟစ်လိုက်မိသည်။
“ငါ ဘာဖြစ်လို့ သူ့သွေးကြောတွေကို ပြန်မပိတ်မိခဲ့ရတာလဲ…”
သို့သော် နောင်တသည် နောင်မှသာ ရတတ်သော အမျိုးဖြစ်သောကြောင့် အချိန်မီဖို့က နောက်ကျသွားချေပြီ။
သူ အကြီးအကျယ် နောင်တရကာ ခေါင်းငိုက်စိုက် ကျသွားတော့၏…..