“နတ်ဘုရားရိုက်တူ”
Vol. 6 Ch. 57
စွန်းယန်ဝမ် နဂါးရိုင်းဓားကို ပြန်သိမ်းလိုက်သော်လည်း အနည်းငယ် မျက်နှာပူနေမိသည်။
သူသည် ဂိုဏ်းတူ မျိုးဆက်သစ် ကလေးငယ်လေးတစ်ဦး အထူးသဖြင့် မိန်းကလေးငယ် တစ်ဦးကို အနိုင်ကျင့်ခဲ့ပြီး နောက်တစ်ကြိမ် ငိုသွားစေခဲ့ပြန်သည်။
သူ တွက်ကြည့်လိုက်သောအခါ ဤတစ်ကြိမ်နှင့်ဆိုလျှင် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲအတွင်း သူ့ကြောင့် ငိုခဲ့ရသည့် မိန်းကလေးအရေအတွက်က နှစ်ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
သူ့အစ်ကိုကြီးတုန်းကလည်း မိန်းကလေးမည်မျှ ငိုခဲ့ရသည်ကိုတော့ စွန်းယန်ဝမ် မသိပါချေ။
အထူးသဖြင့် အစ်ကိုကြီးကြောင့် ငိုခဲ့ရသည့် မိန်းကလေးများထဲတွင် အဖြူရောင်ဝတ်ရုံနှင့် သူတော်စင်မလေးသည် ဂိုဏ်း၏ အချောဆုံးအလှဆုံး စာရင်းဝင်ပြီး ဂိုဏ်းခွဲအချို့မှ လူငယ်တပည့်များ လေးစားအားကျရသော အိပ်မက်ထဲက နတ်သမီးလေး ဖြစ်ခဲ့သည်။
ယခု သူရိုက်နှက်ခဲ့သည့် ထန်းဖန်ရွှယ် ဆိုသည်ကလည်း နဂါးပျံတောင်ထွဋ်၏ အသည်းကျော်လေး ဖြစ်နေသည်။
နဂါးပျံ အဆောက်အဦထက်မှ ကြည့်နေသော ကျန်းယန် ၏ မျက်နှာသည်ပင် ဒေါသကြောင့် အေးစက်လာခဲ့ပြီး ရုတ်တရက် အော်ဟစ်လိုက်မိသည်။
“စွန်းညီလေး… မင်းရဲ့တိုက်ခိုက်မှုတွေက အရမ်းကို ကြမ်းတမ်းလွန်းတယ်…”
ထိုအချိန်တွင် ညီအစ်ကိုနှစ်ဦးစလုံးသည် ဂိုဏ်းတူ မိန်းကလေး တပည့်များအပေါ် ငိုအောင် ရိုက်နှက်တတ်သည် ဟူသော ဆိုးသွမ်းသော အပြုအမူက မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲ အပြီးတွင် အကြီးအကျယ် ပျံ့နှံ့သွားလေတော့သည်။
ဆောင်ယန်ဂိုဏ်း၏ မိန်းကလေးတပည့် အများစုက သူတို့နှစ်ဦးအား ဤဘဝ၌ မည်သည့် မိန်းကလေး၏ ချစ်ခင်နှစ်သက်မှုကိုမှ မရပါစေနှင့်ဟု တိတ်တဆိတ် ကျိန်ဆဲနေကြပြီ ဆိုသည်ကိုတော့ သူတို့ လုံးဝ မသိခဲ့ပါချေ။
သို့သော်…. ဤကျိန်ဆဲမှုက နောက်ပိုင်းတွင် ထူးခြားသော အနာဂတ်တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့သည် ဆိုသည်ကိုတော့…..
ထန်းဖန်ရွှယ် သည် မျက်ရည်များကို သုတ်လိုက်ပြီး သူမဓားကို ပြန်ကောက်ကာ မကျေမချမ်း ပြောသည်။
“ကျွန်မက အသက်ငယ်သေးလို့ ဦးလေးလောက် စွမ်းအား မကြီးသေးတာ… ဒါပေမဲ့ နောက်နှစ် နောက်နှစ်တွေ ကျရင်တော့ ဦးလေးကို သေချာပေါက် အနိုင်ယူပြမယ်…”
စွန်းယန်ဝမ် ရှက်ကိုးရှက်ကန် ရယ်လိုက်၏။
“သေချာပါတယ်… သေချာပါတယ်… ထန်းတူမလေးမှာ ထူးခြားတဲ့ ပါရမီတွေ ပိုင်ဆိုင်ထားတာပဲ… နောင်လာမယ့် အနာဂတ်က ဘယ်လိုလုပ် အတိုင်းအဆ ရှိမှာလဲ…”
သူက ချော့မော့သည့် စကားအနည်းငယ်ကို ပြောဆိုလိုက်သော်လည်း ထန်းဖန်ရွှယ် က ဂရုစိုက်ခြင်း မရှိပေ။
သူမ၏ မျက်နှာသေးသေးလေးပေါ်တွင် မျက်ရည်များ ပြန်လည်စီးကျလာပြီး အိမ်နီးချင်း အစ်ကိုကြီး တစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံလာရသည့် ပုံစံမျိုးဖြင့် သနားစရာကောင်းစွာ စင်မြင့်ပေါ်မှ ဆင်းပြေးသွားသည်။
သူမသည် နဂါးပျံအဆောက်အဦထက်ကို ချက်ခြင်းပြေးတက်သွားပြီး ဆရာဖြစ်သူ ကျန်းယန် ၏ ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် အော်ဟစ်ငိုယိုနေ၏။
“ဆရာ… တပည့် ဆရာ့ကို မျက်နှာပျက်စေခဲ့ပြီ…”
“ဦးလေး လင်းဟူ… သမီး စွန်းဦးလေး ကို အလဲမထိုးနိုင်ခဲ့ဘူး… ဦးလေးအတွက် တရားမျှတမှုလည်း ပြန်ရှာမပေးနိုင်ခဲ့ဘူး… ဟီး… ဟီး…”
ကျန်းယန် က သူမ၏ အဖိုးတန် တပည့်လေးကို ပွေ့ဖက်ကာ နှစ်သိမ့်လိုက်သည်။
“ပြန်ရောက်တာနဲ့ ဆရာက မင်းရဲ့ ဂုဏ်သိက္ခာအတွက် ကျန်းချင်းရှီ ကို သွားပြီး လက်စားချေပေးမယ်…”
သူမ စဉ်းစားနေမိသည်။
“စွန်းယန်ဝမ် က ဒုတိယဦးလေးရဲ့ တိတ်တိတ်ပုန်းသားလို့ ပြောသံကြားတယ်… သူ့ကိုရိုက်ရင် ဒုတိယ ဦးလေး ဒေါသထွက်လိမ့်မယ်… နောက်ပြီး သူကျင့်ကြံတဲ့ အချိန်ကလည်း ဘာမှကြာသေးတာ မဟုတ်ဘူး… သူ့ကို သွားအနိုင်ကျင့်တာက ဂုဏ်သိက္ခာရှိတဲ့ လုပ်ရပ်လည်း မဟုတ်ဘူး…”
“ကျန်းချင်းရှီ က နာမည်ကြီးပြီးသားလေ… သူ့ကိုဆိုရင်တော့ အားရပါးရ ထိုးလို့ရတာပေါ့…”
အကယ်၍ ကျန်းအစ်မက သူ့ကို ရိုက်နှက်မည်ဟု ကျန်းချင်းရှီ သာ သိမည်ဆိုလျှင် ခါးသီးစွာ ပြုံးနေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူအတွက် ဝေအစ်မ၊ ကျန်းအစ်မ တို့ဆိုသည်က အလွန်ရင်းနှီး ခင်မင်ရသည့် မောင်နှမများ ဖြစ်နေသောကြောင့်ပင်။
ကျန်းချင်းရှီ ဆောင်ယန်တောင်ပေါ်သို့ ရောက်ရှိလာစဉ်က အလွန်ငယ်ရွယ်သေးသည့် ကလေးလေး တစ်ဦးသာ ဖြစ်သည်။
ဆောင်ယန်ဂိုဏ်း၏ ဦးလေးခုနှစ်ဦးစလုံးမှာ အမျိုးသားများသာ ဖြစ်သောကြောင့် သူသည် အမျိုးသမီး တပည့်နှစ်ဦးထံသို့ အလိုအလျောက် ရောက်လာခဲ့ရသည်။
သူ့၏ ငယ်ဘဝသည် အစ်မနှစ်ဦး၏ လက်ပေါ်တွင် ကြီးပြင်းခဲ့ရပြီး အဝတ်အစား ချုပ်ပေးခြင်းမှအစ ထမင်းခွံ့ကျွေးခြင်းအဆုံး အစ်မနှစ်ဦးကသာ လုပ်ပေးခဲ့သည်။
ကျန်းချင်းရှီ စွန်းယန်ဝမ် ကို သတိပေးဖူးသည့် ဝေအစ်မကြီး အရက်မူးနေရင် သတိထား ဆိုသော စကားက အကြောင်းရှိသည်။
သူ ငယ်ငယ်က ဆိုးသွမ်းသည့် အချိန်တိုင်း အစ်မကြီးများ၏ မကြာခဏ ဆော်ပလော်တီးခြင်းကို ခံခဲ့ရသည်။
ကျန်းယန် က သူ့ကို ရိုက်နှက်မည်ဆိုလျှင် အမှန်ပင် သူ ဘာမျှ ပြန်လုပ်ရဲမည် မဟုတ်ပေ။
မောင်နှမအရင်းအချာ မဟုတ်သည့် ဂိုဏ်းတူမောင်နှမများသာ ဖြစ်သော်လည်း ဝေအစ်မ နှင့် ကျန်းအစ်မ ဆိုသည်က သူ့အပေါ်တွင် မိခင်လို၊ အစ်မလို မေတ္တာများ အပြည့်အဝ ရှိသူများ ဖြစ်သည်။
ကျန်းယန် သည် ဒေါသထွက်နေသည် မှန်သော်လည်း ထိုစကားများက သူ့တပည့်မလေးကို ချော့မော့ပြောဆိုနေခြင်း သက်သက်သာ ဖြစ်သည်။
သူမက မည်သည့်အတွက် ကျန်းချင်းရှီ ကို သွားရိုက်ရပါမည်နည်း။
သို့သော် ထန်းဖန်ရွှယ် သည် သူမ ဆရာပြောသည့် စကားကို အတည်ဟု မှတ်ယူသွားပြီး ချက်ခြင်း ဆရာ့ အင်္ကျီလက်စကို လှမ်းဆွဲကာ ပြောသည်။
“ဒီကိစ္စက ဦးလေးငယ်ကျန်းနဲ့ ဘာမှမဆိုင်ဘူး ဆရာ… မဆိုင်တဲ့သူကို သွားလုပ်စရာ မလိုပါဘူး… သမီး မငိုတော့ဘူးနော်…”
လင်းဟူရှောင် အနည်းငယ် စိတ်မလုံမလဲ ဖြစ်သွားပြီး နဂါးပျံအဆောက်အဦပေါ်တွင် ဆက်နေရဲခြင်း မရှိတော့သဖြင့် အောက်ကို ရှက်ရှက်နှင့် ပြေးဆင်းသွားသည်။
စွန်းယန်ဝမ် ဝိညာဉ်ဓား အဆောက်အဦပေါ်သို့ ပြန်ရောက်လာသောအခါ အစ်ကိုကြီးသည် ပက်လက်လန် လဲကျလုနီးပါး ရယ်မောနေသည်ကို တွေ့လိုက်ရ၏။
“မင်းက ထန်းဖန်ရွှယ် ကို တကယ်ကြီး ငိုအောင် ရိုက်နှက်လိုက်တာပေါ့ ဟုတ်လား… ကျန်းအစ်မ မင်းကို လာရှာမှာကို မင်း မစိုးရိမ်ဘူးလား… သူက ဂိုဏ်းချုပ်အဆင့်နော်… ငါလည်း သူ့ကို မတိုက်ခိုက်ရဲဘူး… မင်း ဒီနေ့ကစပြီး ငါ့ဆီကို အကူအညီ လာမတောင်းနဲ့တော့…”
စွန်းယန်ဝမ် အကြီးအကျယ် စိတ်ဓာတ်များကျဆင်းသွား၏။
သူ့ဘေးနားတွင် ထိုင်နေသော နတ်မိမယ်လေး နှစ်ပါးကိုပင် ဂရုစိုက်နိုင်ခြင်း မရှိတော့ဘဲ ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် “ဝုန်း”ခနဲ ထိုင်ချလိုက်ပြီး အစောပိုင်းက ရုတ်တရက် ရရှိလာခဲ့သော ဉာဏ်အလင်းပွင့်မှုကို နောက်တစ်ကြိမ် ပြန်လည် ဆင်ခြင်သုံးသပ်နေတော့သည်။
သူ့စိတ်ထဲတွင် ဦးစွာ ထင်ရှားဖြစ်ပေါ်လာသည်က တူလက်နက်ကို အသုံးပြုဖူးသည့် မရေမတွက် နိုင်သော မျိုးဆက်ပေါင်းများစွာမှ စွမ်းအားကြီး ကျင့်ကြံသူ ရှစ်ဦး၏ ပုံရိပ်ယောင်များ ဖြစ်သည်။
ချက်ခြင်းဆိုသလို ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်၏။
“တူလက်နက်ကို အသုံးပြုဖို့ ဆိုတာကတော့ ဘယ်သောအခါမှ မဖြစ်နိုင်ဘူး… ဒီဘဝမှာ တူလက်နက် နည်းစနစ်ကိုလည်း ဘယ်တော့မှ လေ့ကျင့်မှာ မဟုတ်ဘူး… တုတ်သိုင်း ကျင့်ကြံဖို့ဆိုရင် ပိုပြီးတောင် မဖြစ်နိုင်သေးတယ်…. ငါက မျောက်လည်း မဟုတ်ဘူး…”
“ဒါပေမဲ့… အဲဒါကို လက်သီးနည်းစနစ်အဖြစ် ပြောင်းလိုက်မယ်ဆိုရင်ကော ဘယ်လိုနေမလဲ…”
“ငါတို့ ကမ္ဘာရဲ့ ဝူရှဇာတ်လမ်းတွေထဲမှာ အကြမ်းဆုံးနဲ့ စွမ်းအားအကြီးဆုံး ကျင့်စဉ်က နဂါးလက်ဝါး ဆယ့်ရှစ်ကွက်ပဲ… ဒီလက်ဝါးကျင့်စဉ်က ကျင့်ကြံခြင်းလောကမှာ နာမည် အကြီးဆုံးပဲ… အဲဒီတော့ ငါ့အနေနဲ့ ဆောင်ယန် နဂါးနှိမ်နင်းခြင်း လက်ဝါး ဆယ့်ရှစ်ကွက်ဆိုပြီး ကျင့်စဉ်တစ်ခု ဖန်တီးလိုက်မယ် ဆိုရင်ရော…”
“တော်ပါပြီ… လုပ်မနေတော့ပါဘူး…”
“ဒါဆိုရင် ဒီတိုက်ကွက်ကို တူနည်းစနစ် လို့ခေါ်ရင်ကော…”
“ဒါက မကောင်းသေးဘူး…”
“နတ်ဘုရားရိုက်တူ ဆိုရင်ကော ဘယ်လိုလဲ…”
“ဒီလက်သီးသိုင်းကွက်က ကောင်းကင်က နတ်ဘုရားတွေကို တကယ်ထိုးချနိုင်မှာ မဟုတ်ပေမယ့် ပညတ်သွားရာ ဓာတ်သက်ပါ ဆိုသလို ကြီးကျယ်ခမ်းနားတဲ့ ဟန်ပန်မျိုး ပေးထားမှ တော်ကာကျမှာ မဟုတ်ဘူးလား…”
“နတ်ဘုရားရိုက်တူ…. ဟဲ… ဟဲ… ဘယ်လောက်တောင် ခမ်းနားကြီးကျယ်တဲ့ နာမည်မျိုးလဲ…”
သူ့၏ စိတ်အာရုံထဲတွင် လက်သီးနည်းစနစ်တစ်ခု တဖြည်းဖြည်းချင်း ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။
အစပိုင်းတွင် အပြည့်အဝ ရုပ်လုံးမပေါ်သေးသော်လည်း တဖြည်းဖြည်းနှင့် တစ်စထက်တစ်စ ဖြည့်စွက်ရင်း ပီပြင်လာခဲ့သည်။
ဤလက်သီးပညာရပ်၏ မူလဇစ်မြစ်သည် ဆောင်ယန်ဂိုဏ်း၏ ရွှေအရွတ်မရီဒန် ကျင့်စဉ်မှ ဆင်းသက် လာခြင်းဟု ပြောရပေမည်။
ရွှေအရွတ်မရီဒန် ကျင့်စဉ်သည် မရီဒန်အရွတ် နှစ်ဆယ့်လေးခုကို ကျင့်ကြံရခြင်းဖြစ်ပြီး ရန်သူကို တိုက်ခိုက်သည့် ကျင့်စဉ်မျိုး မဟုတ်ဘဲ နောင်တစ်ချိန် အထွဋ်အထိပ် ရုပ်ခန္ဓာ ကျင့်စဉ်များ ကျင့်ကြံသည့်အခါ ခန္ဓာကိုယ်အတွက် လိုအပ်သော အခြေခံအုတ်မြစ်ကို ကြိုတင်တည်ဆောက်သည့် ကျင့်စဉ် ဖြစ်သည်။
စွန်းယန်ဝမ် သည် သူ့၏ လက်သီးကျင့်စဉ် ဖန်တီးသောအခါ ရွှေအရွတ်မရီဒန် ကျင့်စဉ်မှ ကြွက်သားနှင့် အရိုးများကို အထူးစွမ်းအား ကြီးစေသော နည်းစနစ်များသာ ချန်ထားပြီး ရန်သူနှင့် မတိုက်ခိုက်နိုင်သော နည်းစနစ်များ အားလုံးကို ဖယ်ရှားပစ်ခဲ့သည်။
ထို့နောက် ဟူမိသားစု၏ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်မှ အနှစ်သာရ အရှိဆုံး နည်းစနစ်များကို ထပ်မံ ဖြည့်စွက်လိုက်သည်။
ထို့အပြင် အထွဋ်အထိပ်သွေးကြော ကျင့်စဉ်၏ လျှို့ဝှက်ချက်များကို အတုခိုးပြီး နတ်ဆိုးသတ်ဓား ကျင့်စဉ်နှင့် ဟွမ်ယွမ်ဓားကျင့်စဉ်တို့မှ ဓားကွက်အချို့ကို မှီငြမ်းကာ ရှေးဟောင်းဆန်သည့် ပြင်းထန် ကြမ်းတမ်းသော လက်သီးသိုင်းကွက် ဆယ့်ရှစ်ကွက်အဖြစ်သို့ တစ်ခုချင်း ပြောင်းလဲ ဖန်တီးလိုက်သည်။
တကယ်တမ်း စွန်းယန်ဝမ် သင်ယူတတ်မြောက်ခဲ့သော ကျင့်စဉ်သည် အလွန်နည်းပါးသော ပမာဏမျှသာ ဖြစ်သော်လည်း ဟူမိသားစု၏ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် ဖြစ်စေ၊ နတ်ဆိုးသတ်ဓား ကျင့်စဉ်ဖြစ်စေ၊ သို့မဟုတ် ဆောင်ယန်ဂိုဏ်း၏ အထွဋ်အထိပ်သွေးကြော ကျင့်စဉ်ဖြစ်စေ၊ ရွှေအရွတ်မရီဒန် ကျင့်စဉ်ဖြစ်စေ အားလုံးသည် ဤလောက၏ အထွဋ်အထိပ် ကျင့်စဉ်များသာ ဖြစ်နေသည်။
အထူးသဖြင့် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်၊ အထွဋ်အထိပ်သွေးကြော ကျင့်စဉ်နှင့် ရွှေအရွတ် မရီဒန် ကျင့်စဉ်များသည် ရန်သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်၍ရသော ကျင့်စဉ်များ မဟုတ်ပေ။
သို့သော် ထိုကျင့်စဉ်များ အားလုံးသည် လူတစ်ဦး၏ အခြေခံအုတ်မြစ်ကို အကောင်းဆုံး တည်ဆောက် ပေးနိုင်သော ပထမတန်းစား ကျင့်စဉ်များ ဖြစ်ပြီး ဟူမိသားစု ဘိုးဘေးကြီးနှင့် ဆောင်ယန်ဂိုဏ်း ဘိုးဘေးကြီးတို့ တစ်သက်တာ စုဆောင်းထားခဲ့သမျှ အနှစ်သာရများဟုလည်း ဆိုနိုင်သည်။
စွန်းယန်ဝမ် သည် ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းသည့် အချိန်မှစကာ နေ့စဉ် မှတ်စုတိုများ ရေးထားလေ့ ရှိသည်။
ထို့ကြောင့် သူ့၏ ကျင့်စဉ်များအပေါ် နားလည်သိမြင်မှုက အခြားသူများထက် ပိုမို နက်ရှိုင်းနေခဲ့သည်။
သာမန်ကျင့်ကြံသူများကဲ့သို့ ကျင့်စဉ်အပေါ် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး ရန်သူကို အနိုင်ယူနိုင်ရုံ လောက်သာမဟုတ်ဘဲ ကျင့်စဉ်များ၏ နောက်ကွယ်မှ နက်နဲသော အဓိပ္ပာယ်များကို ပို၍ စူးစမ်း လေ့လာခဲ့သည်။
ဤကဲ့သို့ ကြိုးပမ်းအားထုတ်မှုများသည် မျက်စိနှင့် မမြင်နိုင်လောက်အောင် အနည်းငယ်စီသာ ဆိုသော်လည်း တဖြည်းဖြည်းနှင့် ကျွမ်းကျင်ပိုင်နိုင်လာသောအခါ ယနေ့ ကျန်းချင်းရှီ ပြောလိုက်သည့် တူကို လက်နက်တစ်ခုအဖြစ် ရွေးချယ်နိုင်သည်ဆိုသော စကားတစ်ခွန်းက သူ့ကို ဉာဏ်အလင်းများ ပွင့်သွားစေပြီး ဤကဲ့သို့ အောင်မြင်မှု အသီးအပွင့်ကို ရရှိခံစားရစေခြင်း ဖြစ်သည်။
ဤ နတ်ဘုရားရိုက်တူ လက်သီးပညာရပ်သည် ကျင့်စဉ်ပေါင်းလေးငါးခုအပေါ် မှီငြမ်းထားခြင်း ဖြစ်သော်လည်း အမှန်တကယ်တော့ အသစ်ဖြစ်ပေါ်လာသော ကျင့်စဉ်တစ်ခုသာ ဖြစ်သည်။
လက်သီးကွက်များ အားလုံးသည် ပြင်းထန်ကြမ်းတမ်းသလို ဤနေရာတွင် ရပ်တန့်သွားမည့် ကျင့်စဉ်မျိုးမဟုတ်ဘဲ ဆက်လက်တိုးတက်ရန် လမ်းစအများကြီးရှိနေသော တိုက်ခိုက်ရေး နည်းစနစ် တစ်ခုလည်း ဖြစ်နေသည်။
လက်သီးကျင့်စဉ်၏ ကနဦးအဆင့် အောင်မြင်သွားသည်နှင့် စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရွတ်မရီဒန်များအားလုံးမှ တဗျစ်ဗျစ် မြည်သံများ ထွက်ပေါ်လာသည်။
နဂါးအရွတ်၊ ကျားအရွတ်နှင့် ဆင်အရွတ်သုံးခုသည် တစ်ပြိုင်နက်တည်း ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ကနဦးအောင်မြင်မှုအဆင့်ကို ချက်ခြင်း ရောက်ရှိလာခဲ့၏။
သူ့၏ ခွန်အားကလည်း အနည်းဆုံး ပေါင်ဒါဇင်ပေါင်းများစွာ ခုန်ပေါက်တိုးတက်သွားခဲ့သည်။
ရုပ်ခန္ဓာကျင့်ကြံမှု၏ အရွတ်မရီဒန် တစ်ခုချင်းစီကို လေ့ကျင့်သောအခါ ဖျတ်လတ်ခြင်း၊ အားထုတ်ခြင်း၊ မာကျောသောစွမ်းအား၊ ပျော့ပြောင်းသော စွမ်းအား၊ ပေါင်းစပ်စွမ်းအား နှင့် နတ်ဘုရားတံခါး ဆိုသော အဆင့်ကြီးခြောက်ဆင့် ရှိနေပြီး ထိုအဆင့်များကလည်း တစ်ဆင့်ချင်း တက်လှမ်းရသည်။
နတ်ဘုရားတံခါး အဆင့်သို့ ရောက်ရှိသောအခါ ရုပ်ခန္ဓာ စွမ်းအားသည် ပြင်မှတစ်ဆင့် ခန္ဓာကိုယ် အတွင်းပိုင်းသို့ ပြောင်းလဲသွားပြီး ထိုစွမ်းအားကို ချီစွမ်းအင်သဖွယ် ထုတ်လွှတ်တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
ဖျတ်လတ်ခြင်း အဆင့်သည် ကနဦးအဆင့် ဖြစ်ပြီး အားထုတ်ခြင်းအဆင့်က ကနဦးအောင်မြင်မှု အဆင့် ဖြစ်သည်။
ယခင်က ထိုးထွင်းသိမြင်ခဲ့သော မျောက်မရီဒန်ကြောကို ထည့်တွက်မည်ဆိုလျှင် သူ့၏ မရီဒန် လေးခုသည် ကနဦးပြီးမြောက်ခြင်း အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည်။
စွန်းယန်ဝမ် သူ့ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် လှုပ်ရှားကြည့်လိုက်ပြီးမှ “ဆတ်”ခနဲ မတ်တပ်ရပ်လိုက်၏။
ပြိုင်ဘက်တစ်ယောက်ကို ငိုအောင်လုပ်လိုက်နိုင်တိုင်း ယခုလို တိုးတက်မှုမျိုး ရရှိနေမည်ဆိုလျှင် သူ့အနေဖြင့် နောက်ထပ် မိန်းကလေး အနည်းငယ်လောက်ကို ငိုသွားအောင် ထပ်မလုပ်နိုင်စရာ မည်သည့်အကြောင်းမျှ မရှိဟုလည်း ခံစားမိသည်။
ယင်းက အနည်းငယ် လူသားမဆန်သလို ဖြစ်နေသော်လည်း ကျင့်ကြံခြင်းအဆင့်သာ တိုးတက်မည် ဆိုလျှင် လူမဆန်လျှင်လည်း ကိစ္စမရှိဟု တွေးလိုက်သည်။
မကြာမီ နေ့လည်စာ စားချိန်ကို ရောက်လာခဲ့သည်။
စွန်းလင်အာ သည် ဟင်းပွဲစုံသော နောက်ထပ်စားပွဲဝိုင်းတစ်ခု ထပ်မံဖန်တီးထားပြီး၊ နန်မန်ကုန်း က သူမ၏ မိန်းကလေးများကို ခေါ်ကာ အပြင်သို့ ပြန်ထွက်သွားသည်။
ခဏကြာသောအခါ သူမ ပြန်ရောက်လာခဲ့ပြီး ကိုယ်တိုင်ချက်ပြုတ်ထားသော ဟင်းလျာခြောက်မျိုးနှင့် အမောပြေသောက်ရန် ဇီးဖျော်ရည် တစ်အိုးကိုလည်း ယူဆောင်လာသည်။
ဤတစ်ကြိမ်တွင် ကျန်းချင်းရှီ သည် စွန်းယန်ဝမ် နှင့်အတူတူ ဆက်မနေနိုင်တော့ဘဲ ဆင်ခြေတစ်ခုကို အကြောင်းပြကာ ချက်ခြင်း ထွက်သွား၏။
ထို့နောက် ကျန်းအစ်မကြီးဆီကို ဦးစွာသွားရောက်ပြီး တောင်းပန်စကား ပြောဆိုလိုက်သည်။
သူ့ညီ ရှေ့မကြည့်နောက်မကြည့်က သူတစ်ပါး၏ အသည်းကျော်တပည့်လေးကို ငိုသည်အထိ ရိုက်နှက်ထားခဲ့သည် မဟုတ်လား။
ကျန်းယန် သည် ကျန်နေသေးသည့် ဒေါသတချို့ကို မဖြေဖျောက် နိုင်သေးသော်လည်း ကျန်းချင်းရှီ အပေါ် အပြစ်တင်ရန် မဖြစ်နိုင်သောကြောင့် စကားအနည်းငယ် ပြောလိုက်၏။
“စွန်းညီလေးက သူ့ဘာသာ ဘာကြီးပဲဖြစ်ဖြစ် ငါ့တပည့်လေးကို အချည်းနှီး ငိုသွားအောင် ရိုက်ခွင့် မရှိဘူး… နောက်ထပ် ရက်နည်းနည်းလောက်ကြာရင် ဖန်ရွှယ် က သွေးဝံပုလွေ မြင်းတပ်ဖွဲ့ကို လိုက်ပြီး ရှင်းလင်းဖို့ ခရီးတစ်ခု ထွက်ရလိမ့်မယ်…”
“အစ်မက လောလောဆယ် မအားသေးတာကြောင့် သူမနဲ့အတူတူ မလိုက်နိုင်သေးဘူး… အဲဒီတော့ မင်းက စွန်းညီလေးကို သူမနဲ့အတူတူ လိုက်သွားခိုင်းပြီး သူမကို ကူညီဖို့ ပြောလိုက်ပါ…”