“နဂါးဆင် လက်သီးနှင့် သွေးဝံပုလွေ မြင်းတပ်ဖွဲ့”
Vol. 6 Ch. 58
ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူတိုင်းအတွက် နာမည်တစ်လုံး ရရန်က အလွန်အမင်း အရေးကြီးသည်။
ထိပ်သီးဂိုဏ်းကြီးများ၏ တပည့်များသည်လည်း ကျင့်ကြံခြင်း လောကထဲသို့ လှည့်လည်ကာ အတွေ့အကြုံများ စုဆောင်းရင်း နာမည်တစ်ခု ထူထောင်နိုင်ရန် အမြဲတမ်း ကြိုးစားရသည်။
ဥပမာအနေဖြင့် စွန်းလင်အာ သည် လျှပ်စီးဓားသခင် ကျန်းစန် ကို လိုက်လံနှိမ်နင်းရာတွင် ကောင်းကင် ယန္တရားဂိုဏ်း စွန်းမိသားစုသည် သူတို့သခင်မလေး နာမည်ကျော်ကြားစေရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြသည်။
ထန်းဖန်ရွှယ် ကလည်း ထိုနည်းလည်းကောင်း ကျင့်ကြံခြင်းလောကထဲကို ခြေဆန့်ရန် လိုအပ်လာပြီ ဖြစ်သောကြောင့် ကျန်းယန် က သူမ၏ တပည့်ချောလေးအတွက် ပစ်မှတ်တစ်ခု ရွေးချယ်ပေးခဲ့ပြီး ထိုပစ်မှတ်က သွေးဝံပုလွေ မြင်းတပ်ဖွဲ့ ဖြစ်လာခဲ့သည်။
သွေးဝံပုလွေ မြင်းတပ်ဖွဲ့သည် ပေယန်မှ တာ့လန်ပြည်နယ်အတွင်းသို့ ခိုးဝင်လာသော မြင်းစီးဓားပြများ ဖြစ်သည်။
၎င်းတို့သည် ပေယန်ပြည်နယ်ထဲတွင် ဒုစရိုက်မှုပေါင်းများစွာ ကျူးလွန်ထားခဲ့ပြီး ဆက်လက် နေထိုင်ရန် မဖြစ်နိုင်တော့သောကြောင့် တာ့လန်ပြန်နယ်အတွင်း ထွက်ပြေးတိမ်းရှောင် လာခဲ့ကြသူများ ဖြစ်သည်။
တာ့လန်သို့ ရောက်ရှိလာပြီးနောက် သွေးဝံပုလွေ မြင်းတပ်ဖွဲ့သည် တောင်တန်းတစ်ခုကို သိမ်းပိုက်ကာ ထိုနေရာ၏ မူလခေါင်းဆောင်ကို ရှင်းထုတ်ပစ်ခဲ့သည်။
ထို့နောက် အချိန်အတန်ကြာအောင် အနားယူအားမွေးနေခဲ့ပြီး မကြာသေးမီ အချိန်ကမှ ၎င်းတို့၏ ညဉ်ဆိုးများ ပြန်လည်ထွက်ပေါ်လာကာ နေရာအနှံ့အပြား၌ ရာဇဝတ်မှုများ ပြန်လည်ကျူးလွန်ခဲ့ပြီး အချမ်းသာဆုံး မိသားစု ဆယ်ဂဏန်းကျော်ကို ဆက်တိုက်လုယက် သတ်ဖြတ်ခဲ့သည်။
သွေးဝံပုလွေ မြင်းတပ်ဖွဲ့သည် ပေယန်ပြည်နယ်မှ ရောက်ရှိလာသူများ ဖြစ်သောကြောင့် လူတိုင်း မြင်းစီးကျွမ်းကျင်ကြသည်။
ထို့အပြင် ပေယန်မှ မြင်းများသည် အလွန်နာမည်ကြီးပြီး လေကဲ့သို့ လျင်မြန်စွာ ရောက်လာတတ်ကာ လေကဲ့သို့ ပြန်လည် ပျောက်ကွယ်သွားနိုင်စွမ်း ရှိသည်။
ထို့ကြောင့် ဒေသခံ ကျင့်ကြံသူများနှင့် အင်ပါယာမှ တပ်ဖွဲ့များ ပူးပေါင်းပြီး အကြိမ်ပေါင်းများစွာ ဝိုင်းဝန်းနှိမ်နင်းခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ မအောင်မြင်ခဲ့သောကြောင့် သွေးဝံပုလွေ မြင်းတပ်ဖွဲ့အနေဖြင့် ပို၍ပင် မောက်မာလာခဲ့ပြီး ပေါ်ပေါ်တင်တင် အခြေအနေများပင် လုပ်ဆောင် လာခဲ့သည်။
ဆောင်ယန်ဂိုဏ်း၏ လက်အောက်သို့ ခိုဝင်ထားသော ဒေသခံဂိုဏ်းတစ်ခု၏ ဂိုဏ်းခေါင်းဆောင်သည် ၎င်းတို့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီး ဂိုဏ်းကို ဆက်လက်တာဝန်ယူခဲ့သော ၎င်း၏ ဇနီးက သူ့သားကို ဆောင်ယန်ဂိုဏ်းသို့ စေလွှတ်ကာ အကူအညီ တောင်းခံခဲ့သည်။
ကျန်းချင်းရှီ အနည်းငယ် စိုးရိမ်ပူပန်စွာ ပြောလိုက်၏။
“ဖန်ရွှယ် နဲ့ ယန်ဝမ်တို့က တော်တော်လေး ငယ်နေသေးတယ်… နောက်ပြီး သူတို့ရဲ့ ကျင့်ကြံမှု အဆင့်အတန်းကလည်း သာမန်လောက်ပဲ ရှိတယ်… သွေးဝံပုလွေ မြင်းတပ်ဖွဲ့ဆိုတာက သိပ်ကို လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်သူတွေချည်းပဲ…”
“လူအင်အားကလည်း တော်တော်လေး များတာဆိုတော့ သူတို့အတွက် အန္တရာယ်မရှိနိုင်ဘူးလား…”
ကျန်းယန် က အေးအေးဆေးဆေး ပြန်ပြောသည်။
“ဦးလေးပိုင်လျန် က အစောကြီးကတည်းက လူတွေကို စီစဉ်ထားပြီးသား…. အဲဒီ သွေးဝံပုလွေ မြင်းတပ်ဖွဲ့ကို သွားနှိမ်နင်းဖို့ ကျန်းကျီ နဲ့ လင်းဟူရှောင် တို့ နှစ်ယောက်ကို တာဝန်ပေးထားတယ်…”
“ငါက ဒီကိစ္စကို နည်းနည်းစိတ်ဝင်စားတဲ့အတွက် ဖန်ရွှယ် ကိုပါ ထပ်ထည့်ပေးလိုက်တာ…”
ထိုအခါမှ ကျန်းချင်းရှီ ချက်ခြင်း စိတ်သက်သာရာ ရသွားပြီး ပြန်ပြောသည်။
“အစ်ကိုကြီး ကျန်းကျီ ပါ အတူတူသွားမယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိတော့ပါဘူး… မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲပြီးသွားရင် ယန်ဝမ် ကို သူတို့နဲ့အတူတူ လိုက်ဖို့ ပြောလိုက်ပါမယ်…”
ကျန်းကျီ သည် ယင်ပိုင်လျန် ၏ အကြီးဆုံး တပည့်ဖြစ်ပြီး သူ့၏ ကျင့်ကြံမှုအဆင့်က စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သည်။
သွေးဝံပုလွေ မြင်းတပ်ဖွဲ့သည် ရက်စက်ကြမ်းကြုတ်သည် မှန်သော်လည်း စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ဦးကို ယှဉ်ပြိုင်နိုင်လောက်သည့် အဆင့်မျိုး မဟုတ်ပေ။
ထို့ကြောင့် ကျန်းကျီ တစ်ဦးတည်းရှိလျှင်ပင် ထန်းဖန်ရွှယ် နှင့် စွန်းယန်ဝမ် တို့၏ ဘေးကင်းလုံခြုံရေးကို အပြည့်အဝ အာမခံပေးထားနိုင်သည်။
ကျန်းချင်းရှီ သဘောပေါက်သည်။
ယခုတစ်ကြိမ် စွန်းယန်ဝမ် သည် လင်းဟူရှောင် ကို အနိုင်ယူပြီး ထန်းဖန်ရွှယ် ကိုပါ ငိုအောင်လုပ်ခဲ့ သောကြောင့် သူတို့သုံးဦးကြားတွင် တင်းမာမှု အချို့ ရှိနေပေလိမ့်မည်။
ထို့ကြောင့် ကျန်းယန် က သူတို့သုံးဦးကို သွေးဝံပုလွေ မြင်းတပ်ဖွဲ့အား နှိမ်နင်းရန် တမင်တကာ စေလွှတ်ခြင်းဖြစ်ပြီး ဂိုဏ်းတူတပည့် အချင်းချင်းကြားမှ ချစ်ခင်ရင်းနှီးမှုကို အတိုင်းအတာ တစ်ခုအထိ မြှင့်တင်ပေးလိုသော ရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်း သိလိုက်သည်။
ဆောင်ယန်ဂိုဏ်း တွင် မျိုးဆက် ငါးဆက်မြောက် တပည့်များအထိ ရှိလာပြီဖြစ်သည်။
ဒုတိယမျိုးဆက်ဖြစ်သည့် ဆောင်ယန်မိတ်ဆွေခုနှစ်ဦး အကြောင်းကိုတော့ ပြောနေစရာ မလိုပေ။
တတိယမျိုးဆက် တပည့်များတွင်လည်း လူပေါင်း ဒါဇင်နှင့်ချီရှိနေပြီး ၎င်းတို့၏ ဆက်ဆံရေးက အလွန် ကောင်းမွန်ကြသည်။
စတုတ္ထနှင့် ပဉ္စမမျိုးဆက်များတွင်တော့ လူဦးရေ အလွန်များပြား လာသောကြောင့် ယခင် မျိုးဆက်များကဲ့သို့ ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိရန် မဖြစ်နိုင်တော့ပေ။
သို့သော် ဒုတိယမျိုးဆက်မှ ဆရာဦးလေး ခြောက်ဦးနှင့် တတိယမျိုးဆက်မှ အကြီးဆုံးတပည့် အချို့သည် တပည့်အချင်းချင်းကြား ချစ်ခင်ရင်းနှီးမှုများ တိုးပွားလာစေရန် တစ်စုံတစ်ခု အခွင့်အရေး ရှိလာပြီဆိုလျှင် သူတို့လုပ်ဆောင်နိုင်သည့် အရာမှန်သမျှကို အစွမ်းကုန် ကြိုးပမ်းလေ့ရှိသည်။
စွန်းယန်ဝမ် နေ့လယ်စာ စားသောက်ပြီးသွားချိန် အထိပင် သူ့အစ်ကိုကြီး ပြန်ရောက်လာခြင်း မရှိသေးပေ။
ခေတ္တခဏ အနားယူလိုက်ပြီး အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို ကျင့်ကြံနေစဉ် ပွဲကြေညာသူ၏ သူ့နာမည်ကို ခေါ်လိုက်သော အသံကို ကြားလိုက်ရသည်။
မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပသည့် အကြိမ်တိုင်း ကြည့်ရှုသူ ပရိတ်သတ်၏ စိတ်ဝင်စားမှု အမြင့်ဆုံးက များသောအားဖြင့် အုပ်စု(က)မှ ပြိုင်ပွဲများသာ ဖြစ်သည်။
အုပ်စု(ခ)ကိုလည်း ဖျော်ဖြေရေးပုံစံ သဘောထားကာ ကြည့်ရှုလေ့ရှိသည်။
သို့သော် အုပ်စု(ဂ)သည် အထက်တွင် ပြောထားသလို တန်းဖြုတ်ချိန်သာ ဖြစ်သောကြောင့် မည်သူကမျှ အရေးတယူ ဂရုစိုက်ခြင်း မရှိတော့ပေ။
သို့သော် ဤတစ်ကြိမ်တွင် ထိုအယူအဆက လုံးဝပြောင်းလဲသွားပြီး အုပ်စု(ဂ)ပြိုင်ပွဲသည် လူများ စိတ်ဝင်တစား စောင့်ကြည့်ရသော ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကြီးတစ်ဦး၏ တပည့်၊ ဝိညာဉ်ဓားတောင်ထိပ်၏ အရှင်သခင် ကဲ့သို့ အဆင့်အတန်းရှိသူက ဤအုပ်စု(ဂ)တွင် ပါဝင်ယှဉ်ပြိုင်နေသည်။
ထိုကဲ့သို့ အဖြစ်က တစ်သက်တွင် တစ်ကြိမ် မြင်ဖူး၊ ကြုံဖူးရန် ဖြစ်တောင့်ဖြစ်ခဲ့ အခြေအနေပင်။
အထူးသဖြင့် သူသည် ပြိုင်ပွဲစင်မြင့်ထက်သို့ အကြိမ်အနည်းငယ်သာ တက်ရသေးသော်လည်း မိန်းကလေးငယ် နှစ်ဦးကို ငိုအောင် လုပ်ပြီးပြီ ဖြစ်သလို ထိုအထဲမှ တစ်ဦးဆိုလျှင် ကိုးနှစ်သာ ရှိသေးသောကြောင့် သူ့၏ ဂုဏ်သတင်းက ပရိတ်သတ်များအကြား မုန်တိုင်းတစ်ခုလို မွှေနှောက် သွားပြီး မသိသူမရှိ ဖြစ်လာခဲ့သည်။
ပြောရမည်ဆိုလျှင် ယခုတစ်ကြိမ် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ ပြီးသွားပါက စွန်းယန်ဝမ် ၏ နာမည်ကျော်ကြားမှုသည် စီမာကျိယန် ကဲ့သို့ သူများထက်ပင် နိမ့်ကျမှု ရှိမည် မဟုတ်တော့ပေ။
ယေဘုယျအားဖြင့် ကျင့်ကြံသူများ၏ နာမည်ကျော်ကြားမှုသည် ၎င်းတို့၏ ကျင့်ကြံမှု အဆင့်အတန်းနှင့် လိုက်ဖက်ညီလေ့ ရှိကြသည်။
သို့သော် စွန်းယန်ဝမ် ၏ နာမည်ကျော်ကြားမှုတွင်တော့ သူ့၏ ကျင့်ကြံမှုအဆင့်အတန်းထက် အဆမတန် ပိုကြီးနေမည်က သေချာသလောက် ရှိသည်။
တစ်နည်းအားဖြင့် ယင်းက ကံကြမ္မာ သာ ဖြစ်ပေလိမ့်မည်။
စွန်းယန်ဝမ် စင်မြင့်ထက်သို့ တက်လာခဲ့သည်။
ဤတစ်ကြိမ် သူနှင့်ယှဉ်ပြိုင်ရမည့်သူက သူနှင့် အသက်ချင်း မတိမ်းမယိမ်းသာရှိပြီး အများဆုံး အနေဖြင့် တစ်နှစ်နှစ်နှစ်ခန့်သာ ပိုကြီးသော ရိုးသားသည့် လူငယ်လေး တစ်ဦးဖြစ်သည်။
ထိုလူငယ်လေးက လက်သီးနှစ်ဖက်ကိုဆုပ်ကာ သူ့ကို ဂါရဝပြုရင်း ပြောလိုက်၏။
“ဟူယုံ က စွန်းဦးလေးငယ်ကို ဂါရဝပြုပါတယ်…”
စွန်းယန်ဝမ် အနေဖြင့် ဟူယုံ သည် မည်သူ၏ တပည့်ဖြစ်ကြောင်း ဂဃနဏ မသိသော်လည်း ယဉ်ကျေးစွာသာ ပြန်ပြောလိုက်သည်။
“အဲဒီလောက် ယဉ်ကျေးစရာ မလိုအပ်ပါဘူး…”
ဟူယုံ ထံတွင် မည်သည့် လက်နက်မျှ မပါဘဲ လက်ချည်းဗလာဖြင့် စင်မြင့်ထက်သို့ တက်လာခြင်း ဖြစ်သည်။
အရိုအသေပေးပြီးနောက် အရုဏ်ခြောက်ပါး လက်ဝါးကျင့်စဉ် ကို ဖော်ထုတ်ပြီး တိုက်ပွဲစရန် ပြင်လိုက်သည်။
စွန်းယန်ဝမ် ဂိုဏ်းသို့ ရောက်ရှိသည့် အချိန်ကာလက အနည်းငယ် ကြာလာခဲ့ပြီ ဖြစ်သည့်အပြင် သူကိုယ်တိုင် ပြိုင်ပွဲဝင်နေသလို အခြားသူများ ယှဉ်ပြိုင်သည့် ပြိုင်ပွဲပေါင်းများစွာကိုလည်း ကြည့်ရှုခဲ့ပြီး ဖြစ်သည်။
ဂိုဏ်းအတွင်း စတင်ဝင်ရောက်လာသော တပည့်များအနက် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို သင်ယူခွင့်ရသော တပည့်ဟူ၍ လက်ချိုးရေတွက်နိုင်ရုံသာ ရှိကြောင်း သူတဖြည်းဖြည်း သိလာခဲ့ရသည်။
အခြေခံအားဖြင့် အများစုသည် အရုဏ်ခြောက်ပါး ကျင့်စဉ်နှင့် အခြား အခြေခံအကျဆုံး ကျင့်စဉ် အချို့ကိုသာ ဦးစွာသင်ယူခွင့် ရကြသည်။
ထိုတပည့်များသည် ဂိုဏ်းအတွင်း သုံးနှစ်မှ ငါးနှစ်ခန့်ကြာသည်အထိ ရှိလာပြီး ၎င်းတို့၏ အခြေခံအုတ်မြစ် အနည်းငယ် ခိုင်မာလာသည့် အခါမှသာ အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို ကျင့်ကြံရန် အခွင့်အရေး အနည်းငယ် ရလာကြသည်။
အချို့သူများသည် ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးသောကြောင့် အလယ်အလတ်အဆင့် ကျင့်စဉ်များကိုသာ သင်ယူခွင့်ရကြပြီး အချိန်တစ်ခု ကြာသောအခါ ဂိုဏ်းမှ ထွက်ခွာသွားကြရသည်။
ဆောင်ယန်ဂိုဏ်း၏ တပည့်အများစုသည် မဟာကျင့်စဉ်ငါးခုနှင့် အထွဋ်အထိပ်ကျင့်စဉ် ဆယ့်သုံးခုကို သင်ယူရန် လုံးဝ အရည်အချင်း မမှီသလို ဓားကျင့်စဉ် ဆယ့်ကိုးခုကိုလည်း အနည်းအကျဉ်း လောက်သာ သင်ကြားခွင့် ရှိသည်။
ထို့ကြောင့် သူတို့၏ ဓားကွက်များက ပြည့်စုံသည်ဟူ၍ မရှိခြင်း ဖြစ်သည်။
ယန်ရှင်းအာ နှင့် ဟူယုံ တို့က ထိုကဲ့သို့သော တပည့်အမျိုးအစားများထဲတွင် ပါဝင်သူများ ဖြစ်သည်။
ဟူယုံ သည် လက်ဝါးပညာရပ်နှင့် တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ စွန်းယန်ဝမ် အနေဖြင့် ဓားထုတ်ရန် အားနာသွားမိသည်။
သူက ဓားကို ချက်ခြင်းပင် မြေပြင်ပေါ်သို့ စိုက်ချလိုက်၏။
“ဒုတ်…”
သူ့၏ စွမ်းအားက အလွန်နည်းပါးနေသေးသောကြောင့် ဓားက မြေကြီးအတွင်း အနည်းငယ်မျှပင် စိုက်ဝင်သွားခြင်း မရှိပေ။
ထိုအခါမှ ပြိုင်ပွဲစင်မြင်သည့် မြေပြင်မဟုတ်ဘဲ ကျောက်သားစင်မြင့်ကြီး ဖြစ်နေသည်ကို ပြန်သတိရသွား၏။
သူက ဓားကို စင်မြင့်ထက်သို့ အသာအယာ ချလိုက်ရင်း ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို အသုံးပြုရမည်လား၊ သို့မဟုတ် မကြာသေးမီက သူကိုယ်တိုင် ဖန်တီးထားသော နတ်ဘုရားရိုက်တူ သိုင်းကွက်ကို အသုံးပြုရမည်လား စဉ်းစားနေဆဲမှာပင် ဟူယုံ သည် ရှေ့ကို ခုန်ထွက်လာပြီး သူ့ကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။
ဟူယုံ တိုက်ခိုက်လိုက်သော တိုက်ကွက်က အရုဏ်ခြောက်ပါး လက်ဝါး ကျင့်စဉ်မှ ရောင်ခြည်တစ်သောင်း တိုက်ကွက်ဖြစ်ပြီး၊ ထိုတစ်ကွက်တည်းမှာပင် ပြောင်းလဲမှု ဆယ့်ခြောက်မျိုး ပါဝင်နေသည်။
ပြိုင်ဘက်သည် မိမိတိုက်ခိုက်မှုကို ပြန်လည်ခုခံရန် ပြင်လိုက်သည်နှင့် ဤလက်ဝါးရိုက်ချက်က အလိုအလျောက် ပြောင်းလဲမှုများကို ဖြစ်ပေါ်လာစေပြီး ရန်သူ၏ အားနည်းချက်တိုင်းဆီသို့ ကျရောက်သွားကာ ခုခံရန် အလွန်ခက်ခဲမည် ဖြစ်သည်။
ဤလက်ဝါးသိုင်းသည် ဆောင်ယန်ဂိုဏ်း၏ အခြေခံ လက်ဝါးကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။
ဆောင်ယန်ဂိုဏ်း၏ အခြေခံ သိုင်းကျင့်စဉ်များသည် အခြားသော ဂိုဏ်းငယ်များ၌ဆိုပါက ဂိုဏ်းတစ်ခုလုံး၏ အသက်သွေးကြောဖြစ်သည့် အထွဋ်အထိပ် ကျင့်စဉ်များ အဆင့်ကိုပင် ရောက်ရှိနေတတ်သည်။
စွန်းယန်ဝမ် စဉ်းစားချိန်မရတော့ဘဲ အစောပိုင်းက သူကိုယ်တိုင် ဖန်တီးထားသော နတ်ဘုရားရိုက်တူ နည်းစနစ်ကို ချက်ခြင်း အသုံးပြုလိုက်၏။
ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးချထားသော နတ်ဘုရားရိုက်တူ လက်သီးချက် ထွက်ပေါ်လာသောအခါ အတွင်းအားနှင့် အပြင်အား နှစ်ခုက တစ်ခုတည်း အဖြစ်ကို ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုစွမ်းအားသည် လေထုကို အနည်းငယ် ပုံသဏ္ဍာန်ပျက်ယွင်းသွားစေပြီး ခပ်အုပ်လုပ် ပေါက်ကွဲသံ တစ်ခုကို ပေါ်ထွက်လာစေသည်။
လက်သီးနှင့် လက်ဝါး ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ဟူယုံ ခံစားလိုက်ရသည့် အရာက ခက်ထန်မာကျောသော စွမ်းအားနှင့် နူးညံ့ပျော့ပျောင်းသော စွမ်းအားနှစ်ခုကို ပေါင်းစပ်ထားသည့် စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ကို အရပ်မျက်နှာပေါင်းစုံမှ ကြမ်းကြမ်းတမ်းတမ်း ဖျက်ဆီးလိုက်သလို ဖြစ်သည်။
“ဝုန်း…”
ဟူယုံ ၏ ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားပြီး အလွန်ပေါ့ပါးစွာ လွင့်စင်ထွက်သွားသည်။
တိုက်ခိုက်မှုက တစ်ကွက်တည်းမျှသာ ဖြစ်သည်။
ဟူယုံ သည် စွန်းယန်ဝမ် ၏ လက်သီးတစ်ချက်ဖြင့် သိုင်းစင်မြင့်ထက်မှ အောက်ကို ဒလိမ့်ခေါက်ကွေး ပြုတ်ကျလာခဲ့၏။
သူသည် အရုဏ်ခြောက်ပါး လက်ဝါးကျင့်စဉ်ကို လေးနှစ်ကျော်ကြာ အလွန်အမင်း ကြိုးကြိုးစားစား ကျင့်ကြံထားခဲ့ပြီး အထူးသဖြင့် ဤလက်ဝါးကျင့်စဉ်က သူအကျွမ်းကျင်ဆုံး ကျင့်စဉ်လည်း ဖြစ်သည်။
လင်းဟူရှောင်၊ ထန်းဖန်ရွှယ် တို့ကို မယှဉ်နိုင်သေးကြောင်း သူ့ကိုယ်သူ သိသော်လည်း လင်းဟူရှောင် သည် ပြိုင်ဘက်ကို ပေါ့ပေါ့ဆဆ သဘောထားခဲ့ခြင်းကြောင့် ရှုံးနိမ့်ခြင်း ဖြစ်သည်။
ထန်းဖန်ရွှယ် ကတော့ အလွန်ငယ်ရွယ်ပြီး စွမ်းအားချင်း မယှဉ်ပြိုင်နိုင်မှုကြောင့် ရှုံးနိမ့်ရခြင်း ဖြစ်သည်။
ထို့ကြောင့် သူသာ သတိကြီးကြီးထားပြီး ယှဉ်ပြိုင်မည်ဆိုလျှင် အနည်းဆုံး တိုက်ကွက် ဒါဇင်နှင့်ချီ တိုက်ခိုက်နိုင်လိမ့်မည်ဟု သူက ယုံကြည်ထားခဲ့၏။
သူ့၏ နားလည်ထားမှုအရ စွန်းယန်ဝမ် သည် ဓားနှင့်တိုက်ခိုက်ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်ကြောင်း ထင်ရှားသည်။
ကျင့်ကြံသူတစ်ဦးသည် ဓားလမ်းစဉ်ကို ဤမျှအထိ အာရုံစိုက်ထားပြီ ဆိုလျှင် ရုပ်ခန္ဓာခွန်အားကို အထူးပြုသည့် လက်သီး လက်ဝါး ကျင့်စဉ်များဘက်ကို အာရုံစိုက်နိုင်မည် မဟုတ်တော့ဟု ဟူယုံ အပြည့်အဝ ယုံကြည်မှုရှိသည်။
ထို့ကြောင့် စွန်းယန်ဝမ် ၏ အားသာချက်ကို တမင်တကာ လမ်းလွှဲလိုက်ပြီး သူအားနည်းသော လက်သီးလက်ဝါး ကျင့်စဉ်များကို အသုံးချမည်ဆိုလျှင် အနိုင်ရနိုင်ချေက သိသိသာသာ မြင့်တက်လာလိမ့်မည်ဟု သူက တရားသေ တွက်ချက်ထား၏။
တကယ်တမ်း တိုက်ခိုက်သည့် အခါတွင်လည်း စွန်းယန်ဝမ် သည် ဓားကို အသုံးမပြုဘဲ ဟူယုံ ကဲ့သို့ လက်သီး တိုက်ကွက်ကိုသာ ပြန်လည် အသုံးချခဲ့သည်။
သို့သော် သူ့၏ လက်သီးချက်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ပါဝင်နေလိမ့်မည်ဟုတော့ ဟူယုံ အိပ်မက်ပင် မမက်ခဲ့ဘူးပေ။
တစ်ကွက်တောင် အပြည့်အဝ မစတင်ရသေးမီ စင်အောက်ကို ပြုတ်ကျသွားခြင်း ဆိုသည်က လုံးဝ ရူးသွပ်ချင်စရာ အခြေအနေ ဖြစ်သည်။
စင်မြင့်အောက်သို့ ပြုတ်ကျသွားပြီးနောက် ဟူယုံ သည် မျက်နှာတစ်ခုလုံး နီရဲကာ လူအုပ်ကြီး အတွင်းသို့ အတင်းတိုးဝှေ့ ဝင်ရောက်သွားသည်။
လူသူလေးပါး ကင်းရှင်းသော နေရာတစ်ခု ရောက်မှသာ သူ့ဒေါသကို အပြည့်အဝ ဖောက်ထုတ် ရပေတော့မည်။
နဂါးပျံ အဆောက်အဦထက်မှ ကြည့်နေသော ကျန်းယန် သည် စွန်းယန်ဝမ် ၏ နတ်ဘုရားရိုက်တူ လက်သီး တိုက်ကွက်ကို မြင်သောအခါ စိတ်ထဲတွင် စဉ်းစားနေမိသည်။
“ဒီ စွန်းညီလေးရဲ့ စွမ်းအားက တော်တော်လေး အားနည်းနေသေးပေမယ့် သူ့ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းက တကယ်ကြောက်ဖို့ကောင်းတယ်… ဒီသိုင်းကွက်က ရွှေအရွတ်မရီဒန် ကျင့်စဉ်ထဲက သိုင်းကွက်နှစ်ခု ဆိုပေမယ့် တစ်ကွက်တည်းဖြစ်သွားအောင် သူက ဘယ်လိုလုပ်ပြီး ပေါင်းစပ်လိုက်လဲ မသိဘူး…”
“စွမ်းအားကလည်း ရုတ်တရက်ကြီး ခုနှစ်ဆယ် ရာခိုင်နှုန်းလောက်ကို ကြီးထွားလာတယ်… ဟူယုံ က ဒီလိုတိုက်ကွက်မျိုးကို ဘယ်လိုလုပ်မြင်ဖူးမှာလဲ… နောက်ပြီးတော့ သူက သူ့စွမ်းအားကို အကုန်သုံးပြီး တိုက်ခိုက်ခဲ့လို့ တစ်ကွက်တည်းနဲ့ ရှုံးသွားရတာ… တကယ်လို့ သူသာ နည်းနည်းပါးပါးလောက် ရှောင်တိမ်းခဲ့မယ်ဆိုရင် ဒီလောက်မြန်မြန်ကြီး ရှုံးသွားဖို့ မလွယ်ဘူး…”
ဆောင်ယန်ဂိုဏ်း၏ ပဉ္စမအဆင့်နှင့် အထက် ရှိသော ကျင့်ကြံသူများအားလုံးက စွန်းယန်ဝမ် အသုံးပြုသွားသော တိုက်ကွက်မှာ ရွှေအရွတ်မရီဒန် ကျင့်စဉ်မှ ဆင်းသက်လာကြောင်းကို မြင်နိုင်စွမ်း ရှိသည်။
အချို့က သူ့၏ ပါရမီကို တခုပ်တရ ချီးကျူးကြသော်လည်း တချို့ကတော့ လုံးဝအထင်ကြီးခြင်း မရှိပေ။
စွန်းယန်ဝမ် သည် နောက်ထပ် ပွဲစဉ်တစ်ခုကို အနိုင်ရသွားသောကြောင့် စင်မြင့်ထက်မှ ဆင်းလာခဲ့ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ ရုတ်တရက် စဉ်းစားလိုက်မိသည်။
“ဒီနတ်ဘုရားရိုက်တူ လက်သီးချက်က နဂါးမရီဒန်နဲ့ ဆင်မရီဒန်ကြော နှစ်ခုရဲ့ စွမ်းအားကို ပေါင်းစပ်ထားတာပဲ… နောက်ပြီးတော့ ရွှေအရွတ်မရီဒန် ကျင့်စဉ်မှာဆိုရင် အကွက်နှစ်ခုကို ပေါင်းစပ်ထားရတာ ဖြစ်တဲ့အတွက် ဒါကို ငါက နဂါးဆင် လက်သီး လို့ နာမည်ပေးလို့ ရတယ်…”
ပြိုင်ပွဲတစ်လျှောက်လုံး စွန်းယန်ဝမ် ယှဉ်ပြိုင်ခဲ့ရသော ပွဲအရေအတွက်သည် စုစုပေါင်း ငါးပွဲခန့်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။
ထန်းဖန်ရွှယ်၊ လင်းဟူရှောင်နှင့် ငိုသွားသော မိန်းကလေးတို့မှအပ ကျန်သည့် ဆောင်ယန်ဂိုဏ်း၏ မည်သည့်တပည့်မဆို ဤ နဂါးဆင်လက်သီးစာကို အကောင်းဆုံး မြည်းစမ်းခွင့်ရကာ တစ်ချက်တည်းနှင့် အရှုံးပေးရ လေတော့သည်။