“ကျားနဂါးကျားသစ်လက်သီး”
Vol. 6 Ch. 60
ယင်ပိုင်လျန်၊ ဝေယင်ရှောင်၊ ကျန်းယန် တို့ကဲ့သို့ ဂိုဏ်းချုပ်အဆင့် ကျင့်ကြံသူ သုံးဦးရှိနေသောအခါ မြင်ကွင်းက အတော်လေးပင် ခမ်းနားကြီးကျယ်သွားတော့သည်။
စွန်းယန်ဝမ် သည် ချက်ခြင်းပင် သူ့ကိုယ်သူ ပြန်လည်မွေးဖွားလာသူဖြစ်ကြောင်း သူတို့အားလုံး သိသွားပြီလားဟု သံသယများ ဝင်သွားမိသည်။
ထို့နောက် ထိုအတွေးသည် ရုတ်ချည်း ပေါ်လာခြင်းဖြစ်ပြီး မည်သို့မျှ အဓိပ္ပာယ်မရှိကြောင်း သဘောပေါက်သွား၏။
ယင်ပိုင်လျန် က စကားတစ်ခွန်း ပြောဆိုပြီး သူတို့ တွေ့ဆုံရသည့် ရည်ရွယ်ချက်ကို ချက်ခြင်း ဖော်ထုတ်လိုက်သည်။
“မင်းကိုယ်တိုင် ဖန်တီးထားတဲ့ အဲဒီလက်သီးတိုက်ကွက်ကို ငါတို့ကို တစ်ခေါက်လောက် သရုပ်ပြစမ်းပါဦး…”
စွန်းယန်ဝမ် ခေါင်းညိတ်ပြလိုက်ပြီး သူ့၏ နတ်ဘုရားရိုက်တူ လက်သီး ဆယ့်ရှစ်ကွက်ကို ချက်ခြင်း ထုတ်ဖော်လိုက်သည်။
သူ့၏ လက်သီး သုံးကွက်မြောက်သို့ ရောက်သောအခါ ယင်ပိုင်လျန်၊ ဝေယင်ရှောင်၊ ကျန်းယန် တို့ကဲ့သို့ ဂိုဏ်းချုပ်အဆင့် သုံးဦးအပြင် အစ်ကိုကြီး ကျန်းချင်းရှီ ပါမကျန် အားလုံး အောက်မေးရိုးများ ပြုတ်ကျကုန်ကြသည်။
စွန်းယန်ဝမ် သည် နတ်ဘုရားရိုက်တူ လက်သီးကို တစ်ကွက်သာ အသုံးပြုဖူးသောကြောင့် သူတို့အနေဖြင့် ဤကလေးသည် ဤတစ်ကွက်သာ ဖန်တီးထားသည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။
သူတို့အတွေးများက မမှားပေ။
အဘယ်ကြောင့်ဆိုသော် ကျင့်စဉ်အသစ်တစ်ခု ဖန်တီးရန်ဆိုသည်က မည်မျှခက်ခဲကြောင်း သူတို့ အသိဆုံးဖြစ်သည်။
စွန်းယန်ဝမ် သည် သူ့၏ ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးရန် ရွှေအရွတ်မရီဒန်ကျင့်စဉ်ကို မှီခိုခဲ့သည် ဖြစ်စေ၊ သို့မဟုတ် အခြားကျင့်စဉ်များကို ကိုးကားပြီး ဖန်တီးခဲ့သည်ဖြစ်စေ ဤတစ်ကွက်တည်း ဖန်တီးနိုင်ခြင်းကပင် အလွန်အံ့အားသင့်စရာ ကောင်းနေပြီ ဖြစ်သည်။
သို့သော် သူယခု ထုတ်ဖော်ပြသလိုက်သည့် လက်သီးကွက်သည် အပြည့်အစုံပါဝင်သော ကျင့်စဉ် တစ်ခုဖြစ်နေပုံရ၏။
ကျန်းချင်းရှီ သူ့၏ မျက်လုံးများကို အသာမှိတ်လိုက်ပြီး ဆက်မကြည့်ချင်လောက်အောင်ပင် ဖြစ်သွားမိသည်။
သူသည် ဒုတိယညီလေး၏ ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီကို ဖုံးကွယ်ထားချင်သောကြောင့် သူ့၏ ကျင့်ကြံခြင်းသက်တမ်းကို ရည်ရွယ်ချက်ရှိရှိ နှစ်အနည်းငယ် ပိုတိုးကာ ပြောဆိုထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤညီလေးသည် ဤကဲ့သို့ သူ့ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးနိုင်သည်အထိ ကြောက်မက်ဖွယ် ကောင်းနေမည်ကိုတော့ သူကိုယ်တိုင်လည်း လုံးဝ မျှော်လင့်မထားခဲ့ပေ။
ယင်းသည် သူကဲ့သို့ မနေ့တစ်နေ့ကမှ စတင်ကျင့်ကြံသူတစ်ဦး လုပ်နိုင်သင့်သည့် အရာမျိုးလား။
သူကိုယ်တိုင်လည်း ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို ကျင့်ကြံနေသူဖြစ်သည်။
သူသည် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ကျင့်စဉ်အသစ်တစ်ခု ဖန်တီးရန် မတွေးမိခဲ့ရပါသနည်း။
အစ်ကိုကြီးသည် ရုတ်တရက် သူ့ကိုယ်သူ ဓားနတ်ဘုရားငယ်လေး၊ ဓားနတ်ဘုရား၊ ဂိုဏ်းချုပ်ကြီး၏ တပည့်ကြီး၊ မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ၏ အုပ်စု(ခ)ချန်ပီယံ၊ အုပ်စု(က)၏ နံပါတ်(၇) အစရှိသော ဘွဲ့များ၏ တန်ဖိုးကိုပင် စတင်သံသယဝင်လာမိသည်။
သူသည် သူ့ကိုယ်သူ အတောင်ကျိုးနေသော ငှက်တစ်ကောင်ကဲ့သို့လည်း စဉ်းစားနေမိ၏။
စွန်းယန်ဝမ် က သူ့၏ ခုနှစ်ကွက်မြောက် လက်သီးကွက်ကို ထုတ်ဖော်လိုက်သောအခါ ယင်ပိုင်လျန် သည် မနေနိုင်ဘဲ ချက်ခြင်း မေးတော့သည်။
“ဒီအကွက်က နဂါးမရီဒန်၊ ကျားမရီဒန်နဲ့ ကျားသစ်မရီဒန် သုံးခုကို ပေါင်းစပ်ထားတာလား…”
စွန်းယန်ဝမ် က မည်သူဖြစ်သနည်း။
သူသည် အခွင့်အရေး ရသည်နှင့် ချက်ခြင်းပင် ဆရာဦးလေးကို မြှောက်ပင့်ပြောဆိုလိုက်သည်။
“ဆရာဦးလေးရဲ့ မျက်လုံးတွေက တကယ် ကြောက်စရာကောင်းလောက်အောင် ထက်မြက်လွန်းတယ်… ဒီတိုက်ကွက်က တကယ်ပဲ နဂါးမရီဒန်… ကျားမရီဒန်… ကျားသစ်မရီဒန် သုံးမျိုးကို ပေါင်းစပ်ထားတာပါ…”
ယင်ပိုင်လျန် က နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်၏။
“ဒီလက်သီးတိုက်ကွက်ကို နာမည်ကော ပေးထားပြီးပြီလား…”
စွန်းယန်ဝမ် သည် နတ်ဘုရားရိုက်တူ လက်သီးကျင့်စဉ်ကို တီထွင်ခဲ့သော်လည်း သူနာမည် ပေးထားသည်က တစ်ကွက်တည်းသာ ရှိသေးပြီး ယင်းက နဂါးဆင်လက်သီး ဖြစ်သည်။
အခြားလက်သီး ဆယ့်ခုနှစ်ကွက်တွင် မည်သည့်နာမည်မျှမရှိပေ။
ရုတ်တရက် သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်ရောက်လာပြီး နှုတ်မှ အလိုအလျောက် ပြောလိုက်မိ၏။
“နာမည်က…. ကျားနဂါးကျားသစ် လက်သီး…”
“နဂါးတစ်ကောင်လို့ ကွေ့ကောက်ပျံသန်းမှုရယ်… ကျားတစ်ကောင်လို ခန့်ညားမှုရယ်… ကျားသစ်တစ်ကောင်လို လျင်မြန်မှုရယ်ကို ပုံစံတူ ယူထားပါတယ်…”
“အင်း… ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လက်သီးချက်က အရမ်းမြန်တာပေါ့…. နောက်ပြီး အဆက်မပြတ် တိုက်ခိုက်နိုင်စွမ်းရှိတယ်… ပြိုင်ဘက် မမျှော်လင့်ထားတဲ့ အချိန်မှာ ရုတ်တရက် တိုက်ခိုက်ဖို့ အကောင်းဆုံး တိုက်ကွက်ပါ…”
စွန်းယန်ဝမ် က ထိုနေရာအထိ ရှင်းပြလိုက်ပြီးနောက် နောက်ဆုံးစကားတစ်ခွန်းကို ချပ်လှပ်ထားပြီး တမင်တကာ ချီတုံ့ချတုံ့ ဖြစ်သွားဟန် ဆောင်လိုက်၏။
သူပြောမည့်စကားက…. အသေဆိုးနဲ့ သေအောင် တိုက်ခိုက်တဲ့ လက်သီးချက် ဟူသော စကားလုံး ဖြစ်သည်။
ယင်ပိုင်လျန် ကတော့ ကျားနဂါးကျားသစ် လက်သီး ဆိုသည့် အမည်သည် အလွန်အမင်း ရက်စက် ကြမ်းကြုတ်သည်ဟု ခံစားရသော်လည်း ယင်းက စွန်းယန်ဝမ် ကိုယ်တိုင် ဖန်တီးထားသည့် ကျင့်စဉ်တစ်ခု ဖြစ်နေခြင်းကြောင့် ပိုင်ရှင်၏ ဆန္ဒအတိုင်း ခေါ်ချင်သလို ခေါ်ပါလေ့စေဟုသာ စိတ်လျှော့လိုက်၏။
သို့သော် စိတ်ထဲတွင် အနည်းငယ် ဘဝင်မကျသောကြောင့် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး အနည်းငယ် ဆဲချင်စိတ်ကိုလည်း အောင့်အီးထားနေရသည်။
သူ တိတ်တဆိတ် စဉ်းစားနေမိ၏။
“ဒီကလေး ဖန်တီးထားတဲ့ လက်သီးကျင့်စဉ်က ကျင့်ကြံခြင်းလောကမှာ တကယ့်ကို အသစ်အဆန်း တစ်ခုဖြစ်သွားပြီ… ငါကိုယ်တိုင်လည်း ဒီရွှေအရွတ်မရီဒန် ကျင့်စဉ်ကို ထုံးလိုချေ ရေလိုနှောက် သိနေပါလျက်နဲ့ ဘာလို့များ ဒီလို အသုံးချဖို့ မတွေးမိရတာပါလိမ့်…”
ယင်ပိုင်လျန် ဆိုသည်မှာ ဂိုဏ်းချုပ်အဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သည့်အပြင် ရုပ်ခန္ဓာ စွမ်းအား အရာတွင် ဤလောက၏ အထွဋ်အထိပ် တည်ရှိမှု ဆယ်ဦးအနက် တစ်ဦးအပါအဝင်လည်း ဖြစ်သည်။
ရွှေအရွတ်မရီဒန် ကျောက်စိမ်းအရိုးလက်သီး ကျင့်စဉ်အပေါ် သူ့၏ အမြင်က နောက်တစ်ဆင့် ထိုးထွင်းသိမြင်နိုင်သည်အထိ မြင့်မားနေခဲ့ပြီ ဖြစ်သည်။
ယခု ဤ နတ်ဘုရားရိုက်တူ လက်သီးကျင့်စဉ်၏ အခြေခံအကျဆုံး လျှို့ဝှက်ချက်က အလွန်ကြီးကျယ် ခမ်းနားသော ဉာဏ်ပညာနှင့် စိတ်ကူးစိတ်သန်းများ အပေါ်တွင် လုံးဝမှီခိုနေကြောင်း တစ်ချက်ကြည့်ရုံမျှဖြင့် သူသိခဲ့သည်။
ထိုလျှို့ဝှက်ချက်တွင် မရီဒန်ကြောများကို တစ်ခုချင်းမဟုတ်ဘဲ နှစ်ခုသုံးခု တစ်ပြိုင်နက်တည်း ပေါင်းစပ် အသုံးပြုခြင်းကြောင့် လက်သီးချက်တိုင်းတွင် ပါလာသော စွမ်းအားမှာ အလွန်ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းသွားခြင်း ဖြစ်သည်။
ဤလောက၏ ရုပ်ခန္ဓာကျင့်ကြံသူတိုင်းသည် မရီဒန်ကြော တစ်ချောင်းချင်းစီကိုသာ သန့်စင်ပြီး လေ့ကျင့်မှု ပြုကြသည်။
စတင်ကျင့်ကြံသူ တစ်ဦးအနေဖြင့် မရီဒန် နှစ်ဆယ့်လေးခုစလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်သည်ကတော့ သူတို့တစ်သက်မဟုတ် ဒဏ္ဍာရီများတွင်ပါ မကြားဘူးနိုင်သော အရာဖြစ်သည်။
ထို့အပြင် မရီဒန်ကြော အနည်းငယ်လောက်ကိုသာ ကျင့်ကြံထားရသေးသူ တစ်ဦးအနေဖြင့် ထိုသို့ မရီဒန်များ ပေါင်းစပ် အသုံးပြုရန် အားထုတ်ခြင်းကို မည်သို့မျှ ဆက်စပ် စဉ်းစားနိုင်လိမ့်မည် မဟုတ်သည်က သဘာဝပင်။
မရီဒန်အားလုံးကို ကျင့်ကြံထားပြီး ရုပ်ခန္ဓာ၏ အထွဋ်အထိပ်အဆင့်ကို ရောက်ရှိသွားသော ကျင့်ကြံသူ တစ်ဦးအနေဖြင့်လည်း ၎င်း၏ စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသွားပြီ ဖြစ်သောကြောင့် ဤကဲ့သို့ အစွမ်းထက်သည့် ကျင့်စဉ်မျိုး ဖန်တီးရန် စဉ်းစားမိတော့မည် မဟုတ်ပေ။
ယင်ပိုင်လျန် သည် အချိန်အတန်ကြာသည်အထိ စဉ်းစားခန်းဝင်နေပြီးမှ စွန်းယန်ဝမ် ကို လက်ကျန် အကွက်များ ဆက်လက် သရုပ်ပြခိုင်းသည်။
စွန်းယန်ဝမ် က ကိုးကွက်မြောက်ကို ဖော်ထုတ်လိုက်သော ယင်ပိုင်လျန် သည် နောက်တစ်ကြိမ် ရပ်ခိုင်းပြီး မေးလိုက်ပြန်၏။
“ဒီအကွက်က ရေမရီဒန်နဲ့ မီးမရီဒန်ကို ပေါင်းစပ်ထားတာပဲ… ဒါပေမဲ့ မင်းရဲ့ ဒီမရီဒန် နှစ်ခုစလုံးက အခုမှ တည်ဆောက်ဆဲ အဆင့်မှာပဲ ရှိနေသေးတယ်… မင်းကိုယ်တိုင် စတင်ကျင့်ကြံနေဆဲ အခြေအနေမှာသာ ရှိတာကြောင့် ဒီတိုက်ကွက်ရဲ့ အစစ်အမှန် စွမ်းအားကို မင်းအပြည့်အဝ ဖော်ထုတ်နိုင်ဦးမှာ မဟုတ်ဘူး… ဒီလက်သီးကွက်မှာရော နာမည်ရှိလား…”
စွန်းယန်ဝမ် စဉ်းစားထားပြီးသား ဖြစ်သည်။
“ဒီလက်သီးကွက်ရဲ့ နာမည်က ရေမီး နဂါးထောင်ချောက်ပါ…”
ယင်ပိုင်လျန် ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ချီးမွမ်း၏။
“တကယ်ကောင်းတဲ့ နာမည်ပဲ…”
ဤအမည်က ကျားနဂါးကျားသစ်လက်သီး ဆိုသော နာမည်ထက် အဆပေါင်းတစ်ရာမက ပိုမို ကောင်းမွန်သည်။
ကျားနဂါးကျားသစ်လက်သီး ဆိုသော အမည်က မည်မျှ ရိုင်းစိုင်းပြီး ကလေးကုလားဆန်လိုက်ပါ သနည်း။
ရေမီးနဂါးထောင်ချောက် လက်သီး ဆိုသော အမည်သည် အမှန်တကယ်ပင် ခန့်ညားပြီး ကြားရရုံဖြင့် အဆင့်အတန်း အလွန်မြင့်ကြောင်း ခံစားရသည်။
ဆောင်ယန်ဂိုဏ်း ဂိုဏ်းချုပ်ဦးလေး၏ ရင်ထဲတွင်တော့ ဆူနာမီလှိုင်းလုံးကြီးများ တဝုန်းဝုန်း ရိုက်ပုတ်နေသလို အကြီးအကျယ် စိတ်များ လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းချုပ်အဆင့် အစ်မကြီးနှစ်ဦး၏ ရင်ထဲတွင် ဤညီလေးကို မည်သည့်ကမ္ဘာမှ မှားယွင်းခေါ်ဆောင် လာခဲ့ပါသနည်းဟူသော ခံစားချက်မျိုး တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေကြသည်။
“ဒီကောင်လေးက ဘယ်ကောင်းကင်ကနေ ပြုတ်ကျလာတာလဲ…”
“သူက ငါတို့ ဆောင်ယန်ဂိုဏ်းက ဖြစ်ကောဖြစ်နိုင်ပါ့မလား…”
“ဦးလေး ကျန်းယွမ်ချောင် က ဂိုဏ်းချုပ်ကြီး တစ်ဦး ဆိုတဲ့အတိုင်း သူ့သားကလည်း…….”
“သူက တကယ်ပဲ နတ်ဘုရားတစ်ပါးပါး သေလို့ ပြန်ဝင်စားလာသူ တစ်ယောက် ဖြစ်နိုင်တယ်…”
“တကယ်လို့ အဲဒီလိုသာ ဖြစ်နေခဲ့မယ် ဆိုရင်တော့….”
ဂိုဏ်းချုပ်အဆင့် အစ်မနှစ်ဦးသည် ပါးစပ်အဟောင်းသားဖြင့် တစ်ယောက်ကို ကြည့်လိုက်မိပြီး သူမတို့၏ မျက်လုံးများအတွင်းမှ စကားလုံးများကို အချင်းချင်း နားလည်လိုက်သလို ခံစားမိကြသည်။
“ဒါက ဖုန်းဘိုးဘေးကြီး ပြန်ဝင်စားတာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး… ဘာဖြစ်လို့လဲဆိုတော့ ဖုန်းဘိုးဘေးကြီးက ရုပ်ခန္ဓာစွမ်းအား အရာမှာ ဒီလောက်ကောင်းတဲ့ ပါရမီမျိုး မပိုင်ဆိုင်ထားဘူး…”
စွန်းယန်ဝမ် သည် သူ့၏ နတ်ဘုရားရိုက်တူ သိုင်းကွက် ၁၈ ကွက်ကို အပြည့်အဝ သရုပ်ပြပြီးသောအခါ ယင်ပိုင်လျန် သည် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ပြောလိုက်သည်။
“မင်းရဲ့ လက်သီးကျင့်စဉ်ကို နောက်တစ်ကြိမ်လောက် ထပ်ပြီး သရုပ်ပြပေးဦး…”
စွန်းယန်ဝမ် အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း မည်သို့မျှ တတ်နိုင်ခြင်း မရှိဘဲ သူ့၏ နတ်ဘုရားရိုက်တူ ကျင့်စဉ်ကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ တိုက်ကွက်တစ်ကွက် ပြီးသွားချိန်တိုင်း ယင်ပိုင်လျန် ၏ ထပ်သွားခြင်း မရှိသော မေးခွန်းများကို ရင်ဆိုင်ရပြီး သူ့၏ အမြင်နှင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ထောက်ပြခဲ့သည်။
သူသည် ဂိုဏ်းချုပ်အဆင့် ဖြစ်သောကြောင့် စွန်းယန်ဝမ် ကို လမ်းညွှန်ပြသခြင်း ဆိုသည်က ငှက်ပျောသီး အခွံနွှာရသလို အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။
ယခုတစ်ကြိမ် သရုပ်ပြမှု ပြီးစီးသွားသောအခါ စွန်းယန်ဝမ် ကိုယ်တိုင်လည်း အလွန်အမင်း တိုးတက်သွားသည့် အခြေအနေတစ်ခုကို ကြုံလိုက်ရသည်။
ယင်ပိုင်လျန် သည် စွန်းယန်ဝမ် ကို ဖင်တစ်ပြန် ခေါင်းတစ်ပြန် ခုနှစ်ကြိမ်တိုင်တိုင် သရုပ်ပြစေပြီး အကြိမ်တိုင်းတွင်လည်း ပညာရှင်တစ်ဦး၏ အလွန်တိကျသေသပ်သည့် အဆင့်မြင့် လမ်းညွှန်မှုများ ပေးခဲ့သည်။
လက်ကွက်တိုင်း၏ ချို့ယွင်းချက်နေရာများကို ပြန်လည်ပြင်ဆင်ခိုင်းပြီး မလိုအပ်သည့် ဟန်များကို ဖယ်ထုတ်ပစ်လိုက်သောအခါ နတ်ဘုရားရိုက်တူ ကျင့်စဉ်သည် ပြီးပြည့်စုံသည့် အထွဋ်အထိပ် ကျင့်စဉ်တစ်ခု နီးပါး အဆင့်ကို ရောက်ရှိသွားတော့သည်။
သူတို့ ဆရာတပည့်နှစ်ဦး၏ အပြန်အလှန် ဆွေးနွေးလေ့ကျင့်နေမှုက ဘေးနားမှ စောင့်ကြည့်နေသော ဝေအစ်မ၊ ကျန်းအစ်မနှင့် ကျန်းချင်းရှီ တို့အတွက်လည်း မမျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ဖြစ်ပေါ်လာစေသည်။
ဤလက်သီးကျင့်စဉ်၏ လက်ကွက်အားလုံးသည် ရိုးရိုးရှင်းရှင်းဖြစ်ပြီး မည်သည့် ရှုပ်ထွေးသော အပြောင်းအလဲမျှ ရှိမနေပေ။
သူ့၏ လျှို့ဝှက်ချက် အားလုံးသည် စွမ်းအား ဖော်ထုတ်ခြင်း အပေါ်တွင်သာ အပြည့်အဝ တည်ရှိနေသည်။
နတ်ဘုရားရိုက်တူ ကျင့်စဉ်၏ စွမ်းအားဖော်ထုတ်ခြင်း လျှို့ဝှက်ချက်သည် ရွှေအရွတ်မရီဒန် ကျင့်စဉ် အတွင်းမှ လျှို့ဝှက်ချက်များ အတိုင်းသာ ဖြစ်လေသည်။
ဝေအစ်မနှင့် ကျန်းအစ်မတို့သည် အမျိုးသမီးများ ဖြစ်သောကြောင့် ရုပ်ခန္ဓာကျင့်စဉ်သည် သူမတို့နှင့် လားလားမျှ မသက်ဆိုင်ပေ။
သို့သော် ကျန်းချင်းရှီ အတွက်တော့ ရုပ်ခန္ဓာကျင့်စဉ်သည် သူကိုယ်တိုင် ကျင့်ကြံနေခြင်း ဖြစ်သည့် အပြင် မကြာသေးမီက သူ့ညီလေး၏ လမ်းညွှန်ပေးမှုကြောင့် မရီဒန်ကြော နှစ်ဆယ့်လေးခုစလုံးကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ့၏ အခြေခံအုတ်မြစ်သည် အစောကြီးကပင် ခိုင်မာနေသောကြောင့် ဤလက်သီးကျင့်စဉ်၏ အနှစ်သာရကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်စွမ်းရှိသည်။
ထို့ကြောင့် အစ်ကိုကြီး ဖြစ်သော်လည်း ညီလေး၏ နတ်ဘုရားရိုက်တူ ကျင့်စဉ်ကို တိတ်တဆိတ် အလွတ်မှတ်သားထားခဲ့ပြီး နောက်ပိုင်း သူကိုယ်တိုင် ကျင့်ကြံသောအခါ အနည်းငယ် ကျင့်ကြံလိုက်ရုံဖြင့် ဤကျင့်စဉ်၏ စွမ်းအားပြည့် အခြေအနေကို အသုံးချနိုင်ပေလိမ့်မည်။
ရုတ်တရက် ယင်ပိုင်လျန် က သူ့ရှေ့မှ စားပွဲကို လက်နှင့် “ဖြောင်း’ခနဲ ရိုက်ချလိုက်ပြီး ဆိုသည်။
“ဒီနှစ် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲမှာ မင်း ဒီလက်သီးကျင့်စဉ်ကို ထပ်အသုံးပြုခွင့် မရှိတော့ဘူး…”
စွန်းယန်ဝမ် ၏ မျက်လုံးနှစ်လုံးစလုံး ပြူးထွက်လာပြီး အံ့အားသင့်စွာ မေးလိုက်၏။
“ဆရာဦးလေး ဘာများမှားသွားလို့လဲ…”
ယင်ပိုင်လျန် က တဟဲဟဲ ရယ်နေသည်။
“အရင်တုန်းကတော့ လက်ကွက်တစ်ကွက်တည်းဆိုတော့ ဘာမှ ကိစ္စမရှိဘူး… ဒါပေမဲ့ မင်းက လက်ကွက် ဆယ့်ရှစ်ကွက်တောင် ဖန်တီးလိုက်တာဆိုတော့ ဒါက အလွယ်တကူ ဖော်ထုတ်လို့ မရနိုင်တော့ဘူး…”
“မင်းရဲ့ ဦးလေးခြောက်က ဒီ နတ်ဘုရားရိုက်တူ ကျင့်စဉ်ကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ကောင်းကင်ပေါ်က ဆင်းသက်လာမယ့် အံ့အားသင့်ဖွယ် လက်ဆောင်ကြီးတစ်ခု ပေးဖို့ စီစဉ်ထားသေးတယ်….”
“နေဦး… ဒီကျင့်စဉ်ရဲ့ နာမည်က ဘယ်လိုခေါ်လဲဆိုတာ အခုထိ မသိရသေးဘူး…”
စွန်းယန်ဝမ် က ချက်ခြင်း ဖြေသည်။
“သူ့နာမည်က နတ်ဘုရားရိုက်တူ ပါ… အဲဒါက အစ်ကိုကြီး ကျွန်တော့်ကို တူလက်နက်ကို ကိုင်ဖို့ အကြံပေးတဲ့အတွက် ဒီကျင့်စဉ်ကို တီထွင်ဖို့ စဉ်းစားမိခဲ့တာပါ… နာမည်ကလည်း အစ်ကိုကြီး အကြံပေးတဲ့အတိုင်း ပေးလိုက်တာ…”
ကျန်းချင်းရှီ အလောတကြီး ဝင်ပြောသည်။
“ဟေ့ကောင်… ငါ မင်းကို တူလက်နက်ကိုင်ဖို့ အကြံပေးတာ အမှန်ပဲ… ဒါပေမဲ့ မင်းကို ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးခိုင်းတာမှ မဟုတ်တာ…”
အစ်ကိုကြီးသည် သူ့အပေါ် ကျရောက်လာမည့် အပြစ်ကိုတော့ အလွန်ကြောက်သည်။
ဒုတိယညီလေးသည် သူ့၏ ထိုးထွင်းဆင်ခြင်မှုဖြင့် သူ့ကိုယ်ပိုင် ကျင့်စဉ်တစ်ခု ဖန်တီးခဲ့ခြင်းအပေါ် သူ့မှာ လက်ခံနိုင်ရန် အလွန်ခက်ခက်ခဲခဲ ဖြစ်နေ၏။
ယင်ပိုင်လျန် ခေါင်းကို တဆတ်ဆတ် ညိတ်ရင်း ပြောသည်။
“နောက်ပိုင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေအတွက်တော့ မင်း ဘာမှ စိတ်ပူနေစရာ မလိုဘူး… မင်းလို အခြေခံအုတ်မြစ် ခိုင်မာပြီး အုပ်စု(ဂ)မှာ ကျန်နေတဲ့ တပည့်က ငါတို့ဂိုဏ်းမှာ မရှိသလောက်ကို ဖြစ်သွားပြီ… နတ်ဘုရားရိုက်တူ ကျင့်စဉ်ကို အသုံးမချဘဲလည်း မင်းအတွက် ပထမနေရာက ပြေးမလွတ်ဘူး…”
ဦးလေးခြောက် ၏ ထိုစကားထဲတွင် အလွန်နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေသည်ဟု စွန်းယန်ဝမ် သံသယဝင်မိသော်လည်း အကယ်၍ သူ့ကို နှစ်သိမ့်ခြင်း ဖြစ်နေလျှင်ကော မည်သို့ လုပ်ရပါမည်နည်း။