← Chapters

“တောင်တန်းများ စိမ်းလန်းနေသ၍ ထင်းမရှားပေ”

Vol. 6 Ch. 61

“တောင်တန်းများ စိမ်းလန်းနေသ၍ ထင်းမရှားပေ”

Vol. 6 Ch. 61

ယင်ပိုင်လျန် ၏ ရှေ့တွင် နတ်ဘုရားရိုက်တူ ကျင့်စဉ်ကို အကြိမ်ပေါင်းများစွာ သရုပ်ပြခဲ့ရသလို လက်ကွက်တိုင်းတွင်လည်း မရီဒန်၏ စွမ်းအားကို အပြည့်အဝ ဖော်ထုတ်ရသောကြောင့် စွမ်းအားကို အလွန်အမင်း ကုန်ခမ်းသွားစေခဲ့သည်။

ထို့ကြောင့် ဤနေ့တွင် ယှဉ်ပြိုင်ရမည် သူ့၏ ပွဲစဉ်ကို ဦးလေးခြောက် ကိုယ်တိုင် ရွှေ့ဆိုင်းပေးခဲ့သဖြင့် သူ့အတွက် အပြည့်အဝ အနားယူအားမွေးခွင့် ပြန်ရလိုက်၏။

သူနှင့် ကျန်းချင်းရှီ တို့ ဝိညာဉ်ဓား အဆောက်အဦသို့ ပြန်ရောက်လာသောအခါ မတွေ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော မိတ်ဆွေဟောင်းကြီး တစ်ဦးကို “ဘွား”ခနဲ ပြန်တွေ့ရသည်။

ကောင်းကင်ယန္တရားဂိုဏ်း၏ စွန်းအကြီးအကဲသည် အဆောက်အဦရှေ့တွင် သူတို့ကို မိန့်မိန့်ကြီး ထိုင်စောင့်နေ၏။

စွန်းယန်ဝမ် အနေဖြင့် ဤအကြီးအကဲ အဖိုးအိုအပေါ်တွင် မည်သည့် မလိုမုန်းထားစိတ်မျှ မရှိသောကြောင့် ပြုံးပြုံးရယ်ရယ်နှင့် ချက်ခြင်း နှုတ်ဆက်လိုက်သည်။

“စွန်းအဖိုး… ဘာကိစ္စရှိလို့ပါလဲ ခင်ဗျာ…”

စွန်းယွမ်ဟဲ စိတ်ထဲမှကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။

“ငါ့မြေးမလေးက တစ်နေကုန်တစ်နေခမ်း မင်းတို့ အဆောက်အဦထဲမှာ ရှိနေမှတော့ ငါက ဘာကိစ္စ ရှိနေရဦးမှာလဲ…”

သို့သော် ယခုအခါ ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုသည် ဝိညာဉ်ဓားတောင်ထိပ်၏ သခင်ငယ်ကို အဆင့်အတန်းချင်း မည်သို့မျှ မယှဉ်နိုင်တော့ပေ။

လက်ရှိ ထိုကောင်လေး၏ ကျင့်ကြံမှုအဆင့်က အဌမအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သော်လည်း စွန်းယွမ်ဟဲ အနေဖြင့် မောက်မောက်မာမာ မပြောဝံ့ဘဲ အနည်းငယ် မကျေနပ်သည့် လေသံဖြင့်သာ ပြောလိုက်သည်။

“မြေးမလေးကို လာပြီး အဖော်ပြုပေးတာပါ…”

စွန်းယန်ဝမ် ရယ်လိုက်ပြီး ပြောသည်။

“ဒါဆိုရင်လည်း စွန်းအဖိုး ကျွန်တော်တို့နဲ့အတူ အပေါ်ကို လိုက်ခဲ့ပါ…”

ထိုအချိန်တွင် တိုက်ခိုက်ရေးစင်မြင့်၌ အုပ်စု(က)၏ ပွဲစဉ်များ အလှည့်သို့ ပြန်ရောက်လာခဲ့ပြီး စင်မြင့်ထက်သို့ တက်လာသူက စီမာအားလုံ ဖြစ်သည်။

သူတက်လာသည့် ပုံစံက အလွန်တက်ကြွသည့် ကြက်ဖတစ်ကောင် ပုံစံမျိုး ဖြစ်သည်။

ထို့နောက် အသက်အရွယ်အားဖြင့် သက်လတ်ပိုင်းအရွယ်ရှိပြီး အလွန်တောက်ပသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီး တစ်ပါးသည် တပည့်လေးဦး ခြံရံကာ စင်မြင့်အနီးသို့ ထပ်မံ ရောက်ရှိလာသည်။

ခရမ်းရောင်ဝတ်ရုံသည် ရွှမ်ဟွမ်ဂိုဏ်းတွင် ကောင်းကင်ဆရာတော် အဆင့်ပြီးလျှင် ဒုတိယ အဆင့်အမြင့်ဆုံး ဝတ်ရုံဖြစ်သည်။

ထိုသက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးက အလွန်ခန့်ညားသည့် ပုံစံဖြင့် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ အနီးမှ တပည့်တစ်ဦးက ဓားတစ်လက်ကို အလျင်အမြန် ကမ်းပေးလိုက်သည်။

သူသည် ဓားကို ကျောဘက်သို့ ကပ်လိုက်ပြီး မြေပြင်ကို ခြေဖြင့် တစ်ချက်ဆောင့်လိုက်သောအခါ လေထဲသို့ မြောက်တက်လာပြီး အလွန်အဆင့်အတန်း မြင့်သော လှုပ်ရှားမှု ပညာဖြင့် လေထဲမှ လမ်းလျှောက်ကာ စင်မြင့်ထက်သို့ တက်လာခဲ့၏။

ဤလေထဲတွင် ပျံသန်းသော နည်းစနစ်သည် ကျန်းချင်းရှီ အသုံးပြုစဉ်အခါက နတ်ဘုရားတစ်ပါးကဲ့သို့ ပြေပြစ် လှပမှုရှိသော်လည်း ဤခရမ်းရောင်ဝတ်ရုံနှင့် ဘုန်းတော်ကြီး အသုံးပြုသောအချိန်တွင် အနည်းငယ် အကြည့်ရဆိုးသည့် ဟန်ပန်က သုံးပုံတစ်ပုံခန့် ပါဝင်နေသည်။

စီမာအားလုံ ကလည်း ထိုပုံစံကို အတော်လေး အမြင်ကပ်နေဟန်တူ၏။

“ဟောင်ယွင်ကျန်း… မင်းရဲ့ အပြုအမူတွေက တဖြည်းဖြည်း ပိုပိုကြီးလာနေပါလား…”

ခရမ်းရောင်ဝတ်ရုံနှင့် ဘုန်းတော်ကြီးက အနည်းငယ် ပြုံးကာ ပြောသည်။

“ကျွန်တော်က စီမာအစ်ကိုလို လက်ရင်းတပည့်ကြီး ဆယ့်နှစ်ယောက်ထဲက မဟုတ်သလို… ကျီယိုကျောင်းတော်လို အခြေခံအုတ်မြစ် နေရာတစ်ခုကိုလည်း မပိုင်ဆိုင်ထားသေးပါဘူး…”

“ကျွန်တော်လို့ ညီငယ်လေး တစ်ယောက်က အပြင်လောကကို သွားလာတဲ့အခါကျရင် ဒီလိုမျိုး ဟိတ်ဟန်တွေ မရှိဘဲနဲ့ ယုံကြည်ကိုးကွယ်သူတွေရဲ့ ကြည်ညိုဆည်းကပ်မှုကို ဘယ်လိုလုပ် ရနိုင်မှာလဲ…”

“အလှူရှင်တွေရဲ့ ကရုဏာမေတ္တာတွေ မရှိရင် ကျန်တဲ့ ကျွန်တော့် တပည့်မိသားစုကို ကျွန်တော် ဘယ်လို စောင့်ရှောက်ရမှာလဲ…”

စွန်းယန်ဝမ် ပါးစပ်အဟောင်းသားဖြင့် မေးလိုက်မိသည်။

“အစ်ကိုကြီး… အဲဒီ ခရမ်းရောင်ဝတ်ရုံနဲ့ ဘုန်းတော်ကြီးရဲ့ နောက်ခံက ဘာလဲ… ဒီလို အမူအယာက သူ့ရဲ့ ပင်ကိုယ်စရိုက်လား… ဒါမှမဟုတ် သူကိုယ်တိုင် ထိတ်လန့်စရာ ကိစ္စတစ်ခုခုကြောင့် ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုဒဏ်ကို ခံစားနေရတာလား…”

သူ့စိတ်ထဲတွင် ရင်းနှီးကျွမ်းဝင်မှုရှိသော ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားနေရသဖြင့် တိတ်တဆိတ် မှတ်ချက်ချမိလိုက်သည်။

“ဒါကမှ တကယ့်ဟန်ဆောင်ကောင်းတဲ့ ပုံစံအစစ်ပဲ… တကယ်တော်တဲ့ ဘိုးတော်လိမ်လို လူမျိုး…”

ကျန်းချင်းရှီ သူ့မျက်ခုံးများကို အနည်းငယ်တွန့်ချိုးရင်း ပြောသည်။

“သူက ငါတို့စီနီယာအစ်ကိုပဲ… ဟောင်ယွင်ကျန်း လို့ခေါ်တယ်… ဆရာဦးလေး လျူရီကျင်း ရဲ့ တပည့်ပေါ့…”

“ဦးလေး လျူရီကျင်း က ငွေကြေးစုဆောင်းတဲ့နေရာမှ ပါရမီရှင်လို့ ပြောလို့ရတယ်….”

“ငါတို့ ဆောင်ယန်တောင်တန်းရဲ့ ပြင်ပက ကျောင်းတော်တွေ… ခြံဝန်းတွေ… လယ်ယာမြေတွေ… ဈေးဆိုင်ခန်းတွေ… ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေနဲ့ အရောင်းအဝယ် စီးပွားရေး လုပ်ငန်းတွေ အားလုံးကို သူက တာဝန်ယူထားတယ်….”

“သူ့ရဲ့ တပည့်တိုင်းကလည်း ဆရာ့ခြေရာကို တစ်ထပ်တည်း လိုက်နင်းနေတဲ့ စီးပွားရေးသမားတွေ ချည်းပဲ…”

ထိုစကားကို ကြားသောအခါ စွန်းယန်ဝမ် ၏ စိတ်ထဲတွင် အနည်းငယ် ဝမ်းသာသွားပြီး ချက်ခြင်း စဉ်းစားလိုက်မိသည်။

“ဒါဆိုရင်တော့ အံ့အားသင့်စရာ မရှိတော့ဘူး… ဒီလို ဦးလေးမျိုးနဲ့ အဓိကပေါင်းသင်းဆက်ဆံ ထားရမယ်…”

သူက အလျင်အမြန်ပင် ထပ်မေးလိုက်သည်။

“ဆရာဦးလေး လျူရီကျင်း က ဘယ်တောင်ထိပ်မှာ နေတာလဲ အစ်ကိုကြီး…”

ကျန်းချင်းရှီ က ဖြေသည်။

“ငါတို့ ဆောင်ယန်တောင်တန်းတစ်ခုလုံးမှာ အဓိက တောင်ထွဋ်ခုနှစ်ခုရှိတယ်… တောင်ထိပ်တစ်ခုချင်းစီကို ဂိုဏ်းခွဲတွေအဖြစ် ဖွဲ့စည်းလိုက်တဲ့အချိန်မှာ ဦးလေး လျူရီကျင်း ဆီမှာ တပည့်တွေနဲ့ မြေးတပည့်တွေ တော်တော်လေးကို များတယ်…”

“ဒါပေမဲ့ သူက ဆောင်ယန်တောင်ထိပ်က သူနေရမယ့် နေရာမှာ မနေခဲ့ဘဲ အဲဒီနေရာကို တခြား တစ်ယောက်ကို ပေးခဲ့တယ်…”

“သူကိုယ်တိုင်ကတော့ တပည့်တွေနဲ့အတူတူ တစ်လောကလုံးကို လှည့်လည်ပြီး နေရာအနှံ့မှာ အလှူငွေတွေ လိုက်ရှာတယ်… ပြီးတော့ နေရာတိုင်းမှာ ဆောင်ယန်ဂိုဏ်းနာမည်နဲ့ ကျောင်းတော်တွေ ဆောက်တယ်…”

“သူ့မှာ သတ်သတ်မှတ်မှတ် နေရာအတည်တကျ မရှိသလို တောင်ပေါ်ကိုလည်း ပြန်လာချင်စိတ်ရှိမှ လာတယ်… မင်း သူနဲ့တွေ့ချင်တယ်ဆိုရင်တော့ နည်းနည်းတော့ ခက်လိမ့်မယ်…”

ဆောင်ယန်မိတ်ဆွေခုနှစ်ဦးတွင် ဤမျှထူးချွန်ထက်မြက်သူ တစ်ဦး ရှိနေသောအခါ စွန်းယန်ဝမ် အမှန်တကယ်ပင် မျက်လုံးပြူးရသည်။

စီမာအားလုံ သည် မဟာဆောင်ယန်နတ်ဓား ကျင့်စဉ်မှ ဓားကွက်တစ်ခုဖြင့် စတင် တိုက်ခိုက်လိုက်သည်။

ဟောင်ယွင်ကျန်း ကလည်း သူ့ဓားကို ဆွဲထုတ်လိုက်ပြီး မဟာဆောင်ယန် နတ်ဓားကျင့်စဉ်မှ တိုက်ကွက်တစ်ခုနှင့် ပြန်လည် တုံ့ပြန်ခဲ့သည်။

သူတို့နှစ်ဦးစလုံးသည် ဆောင်ယန်ဂိုဏ်း၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြသူများ ဖြစ်သောကြောင့် ဤခေတ်၏ ထိပ်သီးကျင့်ကြံသူများ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

တိုက်ခိုက်မှုစတင်သည်နှင့် ဓားပုံရိပ်များ အဆက်မပြတ် ပေါ်ထွက်လာပြီး ထူးဆန်းသော ဓားဟန်များကို အဆက်မပြတ် မြင်တွေ့နေရသည်။

ပရိတ်သတ်သည် အလွန်စိတ်များ လှုပ်ရှားနေကာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေပြီး ဆောင်ယန်ဂိုဏ်း၏ အခြေခံအုတ်မြစ်သည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းကာ ကျားများ၊ နဂါးများဖြင့် ပြည့်နှက်နေသော နေရာကြီးတစ်ခုဟု တိတ်တဆိတ် ချီးကျူးလိုက်မိကြသည်။

နှစ်ဦးသား တိုက်ကွက် ဒါဇင်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် စီမာအားလုံ သည် ဓားဖြင့် တိုက်ခိုက်နေရာမှ ရုတ်တရက် စွမ်းအားကြီးသော လက်ဝါးရိုက်ချက် တစ်ခုကို ဖော်ထုတ်လိုက်၏။

ဟောင်ယွင်ကျန်း က အသာအယာ ရယ်မောလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် အလားတူ လက်ဝါးရိုက်ချက် တစ်ခုကို ပြန်လည် ရိုက်ထုတ်လိုက်သည်။

သူတို့နှစ်ဦး၏ ကြားမှ အကွာအဝေးသည် မီတာအနည်းငယ်ခန့် ကွာဝေးသော်လည်း ထွက်ပေါ်လာသော လက်ဝါးရိုက်ချက်များက သဏ္ဍာန်မဲ့ စွမ်းအားဖြစ်သည်။

ထိုသဏ္ဍာန်မဲ့ စွမ်းအားသည် အနှစ်သာရ အပြည့်အဝကို ဖော်ထုတ်တိုက်ခိုက်လိုက်သည့် နဂါးကြီး နှစ်ကောင်ကဲ့သို့ လေထဲတွင် တိုက်မိသွားပြီး အလွန်ကျယ်လောင်သော ပေါက်ကွဲသံများ တအုန်းအုန်း ထွက်ပေါ်လာကာ အရပ်လေးမျက်နှာကို အဆက်မပြတ် ပဲ့တင်ထပ်သွားစေခဲ့သည်။

စွန်းယန်ဝမ် သည် ဤရက်များအတွင်း လက်ဝါးနည်းစနစ်ကို အသုံးပြု တိုက်ခိုက်သည့် ပြိုင်ပွဲအချို့ကို မြင်တွေ့ခဲ့ရသော်လည်း ဤပွဲလောက် စိတ်လှုပ်ရှားစရာ ကောင်းသည့် ပွဲစဥ်မျိုး မမြင်ခဲ့ဘူးပေ။

စီမာအားလုံး အသုံးပြုသွားသည့် လက်ဝါးတိုက်ကွက်၏ အမည်သည် ဟွမ်ယွမ်နတ်လက်ဝါး ဖြစ်ပြီး ကျန်းယွမ်ချောင် လည်း ဤလက်ဝါးပညာကို ကျင့်ကြံထားသူဖြစ်သည်။

ထိုလက်ဝါးမှ ထွက်ပေါ်လာသော စွမ်းအားသည် သန့်စင်သည့် ယန်စွမ်းအင်ဖြစ်သောကြောင့် ထိုးဖောက်တိုက်ခိုက်သည့် နေရာတွင် အလွန်စွမ်းအားကြီးသည်။

ဟောင်ယွင်ကျန်း အသုံးပြုသည့် လက်ဝါးချက်က နတ်ဆိုးသတ်လက်ဝါး ဖြစ်ပြီး ယင်ဓာတ်အခြေပြု ဖြစ်သောကြောင့် နူးညံ့ကာ ခန္ဓာကိုယ်၏ အရေးအကြီးဆုံး သွေးကြောများကို တိုက်ခိုက်ရာတွင် အထူးအားကောင်းသည်။

လူနှစ်ဦးသည် ဓားများ၊ လက်ဝါးများဖြင့် အပြင်းအထန် တိုက်ခိုက်နေကြစဉ် ကျန်းချင်းရှီ က ရုတ်တရက် သတိပေးလိုက်၏။

“ညီလေး… မင်းအနေနဲ့ နောင်တစ်ချိန် ဒီလို ထိပ်သီးကျင့်ကြံသူတွေနဲ့ တွေ့လာပြီဆိုရင် အစွမ်းပြဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့… နည်းလမ်းပေါင်းစုံသုံးပြီး အမြန်ဆုံး ထွက်ပြေးနိုင်ဖို့ပဲ စဉ်းစားပါ…”

“ငါတို့က အခုမှ အသက်ငယ်ငယ်လေးတွေပဲ ရှိသေးတယ်… တစ်ပွဲနှစ်ပွဲလောက် ရှုံးတာက ဘာမှ ရှက်စရာ မဟုတ်ဘူး… ငါတို့ကိုယ်တိုင် အသက်ရှင်နေသမျှ ငါတို့ရဲ့ အရှက်သိက္ခာကို အဖတ်ပြန်ဆယ်ဖို့ တစ်နေ့နေ့က ကျိန်းသေပေါက် ရှိလာလိမ့်မယ်…”

စွန်းယန်ဝမ် အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်မိသည်။

“တောင်တန်းတွေ စိမ်းလန်းနေသရွေ့ ထင်းမရှားဘူးဆိုတဲ့ သဘောပေါ့…”

ကျန်းချင်းရှီ က သဘောကျစွာ ပြုံးရင်း ခေါင်းတဆတ်ဆတ် ညိတ်နေ၏။

“ဒီဥပမာက သိပ်ကို လိုက်ဖက်လွန်းတယ်… တကယ်ကောင်းတဲ့ စကားပုံပဲ…”

စွန်းယန်ဝမ် စိတ်ထဲတွင် စဉ်းစားနေ၏။

“ငါက ဘာဖြစ်လို့ ပြန်တိုက်ခိုက်ရမှာလဲ… အစ်ကိုကြီးက ငါ့သတ္တိကို တော်တော်လေး အထင်ကြီးနေပြီနဲ့ တူတယ်…”

သူက အစ်ကိုကြီး၏ စကားကို နားထောင်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း မည်သည့်စကားမျှ ပြောဆိုခြင်းတော့ မရှိပေ။

စင်မြင့်ထက်မှ လူနှစ်ဦးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက်ပေါင်း ရာနှင့်ချီ တိုက်ခိုက်ပြီးနေပြီ ဖြစ်သည်။

သို့သော် စီမာအားလုံး၏ စွမ်းအားက အနည်းငယ် ပိုသာနေသဖြင့် သူ၏ စွမ်းအားနက်ရှိုင်းမှုကို အားသာချက်အဖြစ် အသုံးချကာ လက်ဝါးချက် နှစ်ဆယ်ကျော်ကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။

ဟောင်ယွင်ကျန်း သည် လက်ကွက်ဆယ်ကွက်ကျော် အထိသာ ခုခံနိုင်ခဲ့ပြီး နောက်ပိုင်းတွင် သူ့၏ စွမ်းအားက သိသိသာသာ ကျဆင်းသွားခဲ့သည်။

သူသည် လက်ဝါးရိုက်ချက် ဆယ်ချက်ကျော်အထိ ခုခံနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သူ့၏ စွမ်းအားက တဖြည်းဖြည်း ကျဆင်းလာခြင်းကြောင့် စီမာအားလုံ ၏ လက်ဝါးချက် တစ်ချက်ဖြင့် ရိုက်ခံရကာ စင်မြင့်ထက်မှ ပြုတ်ကျသွားတော့သည်။

စွန်းယန်ဝမ် သည် နောက်ထပ် ပွဲစဉ်တစ်ခုကို ဆက်မကြည့်တော့ဘဲ တင်ပျဉ်ခွေထိုင်ချလိုက်၏။

သူ့တွင် အကြောင်းပြချက်နှစ်ခုရှိပြီး ပထမတစ်ခုက အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို ကျင့်ကြံရမည့် အချိန်ကို ရောက်လာသောကြောင့် ဖြစ်ကာ၊ ဒုတိယတစ်ခုက ယင်ပိုင်လျန် ၏ လမ်းညွှန်မှုဖြင့် ပြီးပြည့်စုံသွားသော နတ်ဘုရားရိုက်တူ ကျင့်စဉ်မှ လက်ကွက်များကို အစအဆုံး အသေးစိတ် ပြန်လည်ဆန်းစစ်လေ့ကျင့်ရမည် ဖြစ်သည်။

သူသည် ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းသည့် အချိန်မှစကာ အလေ့အကျင့် တစ်ခု ရှိခဲ့သည်။

ယင်းက လက်ဗလာတိုက်ကွက်များ၊ ဓား တိုက်ကွက်များ၊ ချီစွမ်းအားကို အသုံးချသည့် တိုက်ကွက်များ အပါအဝင် ကျင့်စဉ်တိုင်း၏ နောက်ကွယ်တွင် ရှိနေသော နက်နဲသည့် လျှို့ဝှက်ချက်များကို အသေးစိတ် ထိုးထွင်းသိမြင်အောင် ကြိုးစားခြင်း ဖြစ်သည်။

သူ့အတွက် ဝေဝေဝါးဝါးနိုင်သော နေရာများနှင့် ကြုံတွေ့ရသည့်အချိန်တိုင်း ဖြစ်နိုင်ချေရှိသော အကြောင်းအရာများကို ချရေးပြီး နားလည်မှုရရှိရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားသည်။

ထို့ထက်ပိုသွားလျှင် ဆရာဖြစ်သူနှင့် အစ်ကိုကြီးတို့ထံတွင် မေးမြန်းကာ အဖြေရအောင်ရှာသည်။

ဤကဲ့သို့သော သင်ယူမှုနည်းစနစ်ကသာ ဤကျင့်ကြံခြင်းလောက၏ မည်သည့်အရာကိုမဆို သင်ယူလေ့လာနိုင်မည့် အကောင်းဆုံး လက်နက် ဖြစ်သည်ဟု သူက တစ်ထစ်ချ ယုံကြည်ထားသည်။

သူသည် သမာဓိထူထောင်ရင်းမှ တဖြည်းဖြည်း ဘဝင်စိုက်သည့် အခြေအနေထဲကို ရောက်ရှိသွားပြီး မကြာမီ ပတ်ဝန်းကျင်မှ အသံများအားလုံး ဆိတ်သုဉ်း သွားလေတော့သည်။

ကောင်းကင်ယန္တရားဂိုဏ်း၏ ဘိုးဘေးကြီး စွန်းယွမ်ဟဲ သည် သူ့မြေးမလေးအတွက် အစဉ်အမြဲ စိုးရိမ်ပူပန်နေခဲ့ပြီး စွန်းယန်ဝမ် က သူ့မြေးမလေးကို မတော်တရော်များ လုပ်လိုက်မည်ကို သေမတတ် ကြောက်ရွံ့နေခဲ့သည်။

ဤကောင်လေး၏ အသက်သည် ဆယ့်နှစ်နှစ်သားသာ ရှိသေးသောကြောင့် ထိုကဲ့သို့ စွမ်းဆောင်ရည်မျိုး မရှိသေးသည်က ထင်ရှားသော်လည်း အကယ်၍ သူက ထူးခြားသော ပါရမီတစ်ခုခု ပိုင်ဆိုင်ထားပြီး တကယ်လုပ်နိုင်နေသည်ဆိုလျှင် မည်သို့ လုပ်ရမည်နည်း။

စွန်းအဖိုးအို အတွက် အမှန်တကယ် ခေါင်းခဲစရာကြီး ဖြစ်နေသည်။

သို့သော် ဝိညာဉ်ဓားအဆောက်အဦ အတွင်းမှ အခြေအနေက သူ့အထင်အမြင်နှင့် တက်တက်စင်အောင် လွဲချော်နေသည်ကိုတော့ သူလုံးဝမသိပေ။

စွန်းယန်ဝမ် သည် ရံဖန်ရံခါတွင် ပြိုင်ပွဲ တစ်ပွဲစနှစ်ပွဲစကို ကြည့်ရှုတတ်ပြီး ကျန်သည် အချိန်များတွင်တော့ ကျန်းချင်းရှီ နှင့် ကျင့်စဉ်များအကြောင်း ဆွေးနေခြင်း၊ သို့မဟုတ် ကျင့်ကြံနေခြင်း များကိုသာ ပြုလုပ်နေပြီး စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ကို စကားပင် လေးစိတ်ကွဲအောင် မပြောခဲ့ပေ။

ထိုအကြောင်းကို သိလာရသောအခါ စွန်းယွမ်ဟဲ ၏ အပူလုံးကြီးသည် တစ်ဝက်တိတိ ကျဆင်းသွားရ သော်လည်း ကျန်သည့် တစ်ဝက်က ပို၍ပင် ပူလောင်စေရကာ ချက်ခြင်းပင် အော်ဟစ်တိုက်ခိုက်ချင်သလို ဖြစ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် စွန်းယန်ဝမ် သည် တစ်နေကုန် တင်ပျဉ်ခွေ ထိုင်နေပြီး ညနေခင်းပိုင်း ရောက်မှသာ သူ့မြေးမလေးနှင့် နန်မန်မိသားစု၏ ရှစ်ယောက်မြောက် သမီးလေးတို့ ကိုယ်တိုင် ပြင်ဆင်ထားသော ညစာကို အေးအေးခဲခဲ အခြေအနေနှင့် စားသုံးခဲ့သောကြောင့် ဖြစ်သည်။

စွန်းယွမ်ဟဲ အလွန် ပေါက်ကွဲနေသော်လည်း သူတတ်နိုင်သည်က ဘာမျှ မရှိပေ။

အသက်ကြီးမှ ထမင်းငတ်သည့်ဒဏ်ကို ပထမဦးဆုံးအကြိမ် ခံစားခွင့် ရခဲ့၏။

ညစာကို ဝါးတစ်ချက် မဝါးတစ်ချက်နှင့် စားသောက်လာခဲ့ပြီး စွန်းလင်အာ ကို ခေါ်ကာ တောင်အောက်သို့ ပြန်ဆင်းလာခဲ့သည်။

နန်မန်ကုန်း မှာလည်း အချိန်အကြာကြီး ဆက်လက် မနေတော့ဘဲ သူမ၏ မိန်းကလေးများကို ဝိညာဉ်ဓားအဆောက်အဦအား သန့်ရှင်းရေး လုပ်စေပြီးနောက် ချက်ခြင်း ပြန်သွားတော့သည်။

ဝိညာဉ်ဓား အဆောက်အဦအတွင်း ညီအစ်ကိုနှစ်ဦးသာ ကျန်ရှိချိန်တွင် စွန်းယန်ဝမ် က ရုတ်ချည်း မေးလိုက်၏။

“အစ်ကိုကြီး… ဒီနတ်ဘုရားရိုက်တူ ကျင့်စဉ်ရဲ့ စွမ်းအားက ဘယ်လိုအခြေအနေမျိုးရှိလဲ… ဒါကို အဆင့်မြင့် ကျင့်စဉ်တစ်ခုလို့ သတ်မှတ်လို့ ရလောက်လား…”

စွန်းယန်ဝမ် သည် ဤကျင့်စဉ်ကို ရုတ်တရက် ပေါ်ပေါက်လာသော အတွေးတစ်ချက်ဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

နဂါးဆင်လက်သီး တိုက်ကွက် တစ်ခုတည်းဖြင့် ပြိုင်ဘက်အချို့ကို အနိုင်ရခဲ့သည် ဆိုသော်လည်း ဤကျင့်စဉ်အပေါ် သူ့၏ ယုံကြည်မှုက ရာနှုန်းပြည့် အခြေအနေမျိုး မဖြစ်သေးပေ။

မူလက ဤကျင့်စဉ်ကို သာမန်အပျော်တမ်း တိုက်ခိုက်ရေးပညာလောက်သာ သဘောထားခဲ့ခြင်း ဖြစ်သည်။

ဥပမာအားဖြင့် သူကိုယ်တိုင် လေ့လာဆန်းစစ်ကာ တွေ့ရှိခဲ့သော အထွဋ်အထိပ် သွေးကြောကျင့်စဉ် နှင့် နတ်ဆိုးသတ်ဓားသိုင်းကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် စွမ်းအားပိုမိုကြီးမားသော ဓားကွက်များ ရရှိလာသလိုမျိုးသာ သဘောထားခဲ့သည်။

သို့သော် ယင်ပိုင်လျန် ၏ အထူးသတိထားမှုက သူ့စိတ်ထဲတွင် ရှုပ်ထွေးသော အတွေးတစ်ခုကို အမှန်တကယ် ဖြစ်ပေါ်လာစေခဲ့သည်။

“ငါက တကယ်ကြီးပဲ အဆင့်မြင့် ကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့မိတာလား…”

All Chapters