မိုက်မဲတဲ့ မိန်းကလေး
Vol. 1 Ch. 152
မြေခွေးလေး ထွက်ခွာသွား ခဲ့သည်မှာ အချိန် အတော်ကြာပြီ ဖြစ်သော်လည်း ကျန်းရီသည် နေရာတွင် မှင်တက်စွာ ရပ်လျက် ကျန်နေခဲ့သည်။ ထိုထူးဆန်းသော မြေခွေးလေးသည် သူ့စိတ်အား အများကြီး သက်ရောက် စေခဲ့လေသည်။ နတ်ဆိုးသားရဲ တစ်ကောင်သည် လူတစ်ယောက်နှင့် မိတ်ဆွေ ဖြစ်ချင်သည် ဆိုသည်မှာ ကိုယ်တိုင် မတွေ့ကြုံလျှင် ဘယ်သူမှ ယုံကြမည် မဟုတ်ပေ။
ထိုအကြောင်းအား မဆိုထားနှင့်။ အမြီးသုံးချောင်း မြေခွေးသည် ဉာဏ်ရည် အလွန်မြင့်မား၍ လူတစ်ယောက်နှင့် စကားစမြည် ပြောဆိုခဲ့သည်ဟု တစ်ယောက်ယောက် သိသွားလျှင်တောင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြမည်မှာ မလွဲဧကန် ...
"ဘာသာစကားကို နားလည် သဘောပေါက်နိုင်စွမ်း ... ဒီငွေလဝံပုလွေ မိစ္ဆာကလည်း တတိယအဆင့် နတ်ဆိုးသားရဲပဲလေ ... သူ့မှာလည်း အဲဒါရှိမလား မသိဘူး"
ကျန်းရီသည် အတွေးပေါက် သွားသည်နှင့် ချက်ချင်း ဝိညာဉ်သားရဲ အဆောင်လေးကို ထုတ်ယူ လိုက်လေသည်။ သူသည် စုလောရွှယ်ထံမှ ရရှိသော ကျင့်စဉ်ထဲက အတိုင်း တံဆိပ်ပြားထဲသို့ အတွင်းအား ဖြည့်သွင်း လိုက်သည်။ ထို့နောက် သူအော်ပြော လိုက်သည်။
"ငွေလဝံပုလွေမိစ္ဆာ ... ထွက်လာခဲ့"
ဝိညာဉ်သားရဲ အဆောင်သည် ရွှေရောင်များ လင်းလက်လာခဲ့ပြီး ခရမ်းရောင် ဝံပုလွေကြီးသည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ ငွေလဝံပုလွေကြီးသည် ကြောက်စရာ အရှိန်အဝါများ ရှိမနေဘဲ သူ့အား ချစ်ခင်နှစ်လိုစွာ ကြည့်လာခဲ့သည်။ ၎င်းသည် ကျန်းရီ အချိန်ကြာမြင့်စွာ ကျွေးမွေး ထားခဲ့သော ခွေးပေါက်လေး အလားပင်။
"ငွေလဝံပုလွေ ... မင်းစကားပြောနိုင်လား"
ကျန်းရီသည် ဝံပုလွေကြီးအား ကြည့်ကာ မေးလိုက်သော်လည်း ၎င်းသည် ဘာမှမကြားသည့် အလား ပြုမူနေခဲ့သည်။ ၎င်းသည် နေရာတွင် အရူးတစ်ယောက် လိုသာ ရပ်နေလေသည်။ ကျန်းရီသည် ခေါင်းကို ယမ်းလိုက်ကာ ဝိညာဉ်သားရဲ ကျင့်စဉ်တွင် ဝိညာဉ်သားရဲ၏ စိတ်ကို ထိန်းချုပ်ရန် သုံးသည့် နည်းလမ်းတစ်ခု ပါရှိကြောင်း တွေးမိသွားခဲ့သည်။ သူသည် ဝံပုလွေအား စိတ်ထဲမှ ဆက်သွယ် နိုင်လေသည်။
"ငွေလဝံပုလွေ ... ငါ့ကို အလယ်ကထားပြီး ပတ်ကြည့်"
ကျန်းရီစိတ်ထဲမှ အမိန့်ပေး လိုက်သည်နှင့် ဝံပုလွေသည် စတင်၍ လှုပ်ရှားတော့သည်။ ၎င်းသည် ကျန်းရီအား မူးနောက် သွားစေသည့် အရှိန်နှင့် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး မူလနေရာတွင် ပြန်ရပ် နေလေသည်။
"မင်းငါ့ကို တစ်ခုခုပြောလို့ရလား ... ငါ့ကို စကားပြောနိုင်လား"
ကျန်းရီသည် စိတ်ထဲမှ မေးလိုက်သော်လည်း ဝံပုလွေကြီးသည် အမိန့်အား နားမလည်သည့် ဟန်ဖြင့် မျက်တောင် တခတ်ခတ် လုပ်နေလေသည်။ ကျန်းရီသည် အကြိမ်ပေါင်း များစွာ ကြိုးစားကြည့် လိုက်ပြီးနောက် မဖြစ်နိုင်မှန်း သဘောပေါက် သွားခဲ့လေသည်။ ဤငွေလဝံပုလွေ မိစ္ဆာတွင် ဘာသာစကားအား နားလည်နိုင်စွမ်း အနည်းငယ် ရှိနိုင်သော်လည်း ၎င်း၏ ဉာဏ်ရည်သည် သနားစရာ ကောင်းလောက်အောင် နိမ့်ပါးနေလေသည်။ သူ့အား စကားပြောရန် မဆိုထားနှင့် ရှုပ်ထွေးသော အမိန့်များကိုပင် နားလည်နိုင်စွမ်း မရှိပေ။
"ဒီမြေခွေးလေးက တကယ်ပဲဘာလဲ ... သူ့မှာ လူတွေနဲ့တောင် ယှဉ်လို့ရတဲ့ ဉာဏ်ရည်နဲ့ ဘာသာစကားကို နားလည်နိုင်စွမ်း ရှိနေတယ်"
ကျန်းရီသည် တတိယ အဆင့်ချင်း တူနေသော နတ်ဆိုးသားရဲ နှစ်ကောင်ကြားမှ ကွာခြားချက်သည် အဘယ်ကြောင့် အလွန်ကြီးမား နေရသနည်း ဟူသော အတွေးထဲမှ ရုန်းမထွက်နိုင် ဖြစ်နေခဲ့သည်။ မကြာခင်တွင် သူသည် ထိုအတွေးများအား မေ့မေ့ပျောက်ပျောက် ဖြစ်သွားကာ စိတ်လှုပ်ရှား လာခဲ့လေသည်။ သူသည် ခြေတစ်ချောင်း ထောက်၍ ငွေလဝံပုလွေ၏ ကျောထက် ခုန်တက်လိုက်သည်။ ထို့နောက် သူသည် စိတ်ထဲမှ အမိန့်ပေး လိုက်သည်။
"ငွေလဝံပုလွေ ... ငါ့ကို ဒီအနီးအနားကို လှည့်ပတ်ကြည့်ဖို့ ခေါ်သွားပေး"
"ဝှစ်"
ဝံပုလွေကြီးသည် အမြန်ဆုံးနှုန်းနှင့် ချက်ချင်းထ၍ ပြေးတော့သည်။ ကျန်းရီသည် ဝံပုလွေ၏ ကျောထက်တွင် ထိုင်မိရုံပင် ရှိသေးသည်။ သေသေချာချာ မထိုင်ရသေးပေ။ သူသည် အရှိန်လွန်၍ ပြုတ်ကျကာ မျက်နှာနှင့် မြေပြင် မိတ်ဆက် သွားခဲ့သည်။ သူသည် အလျင်အမြန် ပြန်ထကာ ဒေါသတကြီးနှင့် ပြောလိုက်သည်။
"အရူး ... ပြန်လာခဲ့ ... ငါမင်းအပေါ်မှာ မထိုင်ရသေးဘူးလေ ... ဘာလို့ ပြေးသွားတာလဲ"
"ဝှစ်"
ဝံပုလွေကြီးသည် ချက်ချင်း ပြန်ရောက် လာခဲ့သည်။ ကျန်းရီသည် ထပ်မံခုန်တက် လိုက်သည်။ သူသည် အတွေ့အကြုံမှ သင်ခန်းစာယူ၍ ဝံပုလွေ၏ ဦးခေါင်းထက်မှ ချိုကြီးအား မြဲမြဲမြံမြံ ကိုင်ကာ အော်ဟစ်လိုက်သည်။
"သွားတော့"
"ဝှစ်"
ငွေလဝံပုလွေကြီးသည် ခရမ်းရောင် လျှပ်စီးတန်းအလား ပြောင်းလဲသွားကာ လေတိုက်သည့် အမြန်နှုန်းနှင့် ပြေးလွှားတော့သည်။ မြန်ဆန်လွန်းသော အရှိန်သည် လေပြင်းများအား ရိုက်ခတ်စေရာ ကျန်းရီသည် မျက်လုံးများပင် မဖွင့်နိုင်တော့ပေ။ မျက်တောင် တစ်ခတ်အတွင်း ဝံပုလွေကြီးသည် တောင်တစ်တောင်ပေါ်မှ ဆင်း၍ နောက်တစ်တောင်အား တက်နေပြီ ဖြစ်သည်။ အရှိန်သည် မြန်လွန်း နေသော်လည်း ၎င်း၏ ကျောထက်မှ ကျန်းရီသည် ယိမ်းယိုင်ခြင်းပင် မရှိပေ။
"ပြန်ကြမယ်"
ဘေးနှစ်ဖက်မှ တရိပ်ရိပ် ကျန်ခဲ့သော မြင်ကွင်းများကို ကြည့်ရင်း ကျန်းရီသည် အတော်လေး ပီတိ ဖြစ်နေခဲ့သည်။ ဤဝံပုလွေကြီးနှင့် ဆိုလျှင် သူမသွားနိုင်သော နေရာ ရှိပါဦးမည်လား ... စိတ်ဝိညာဉ် မျောလွင့်ခရီးသည် သတ္တမအဆင့်၊ အဋ္ဌမ အဆင့်များပင် သူ့နောက်မှ ပြေးလိုက်ရန် ခက်ခဲသွားပြီ ဖြစ်လေသည်။ ထိုအကြောင်းအား တွေးမိသောအခါ ကျန်းရီသည် မိုးပေါ်အား မျှော်ကြည့်ကာ အော်ဟစ်ချင်စိတ်များ ပေါက်လာရသည်။
ငွေလဝံပုလွေကြီးသည် အမြန်ဆုံးနှုန်းနှင့် ပြေးနေပါ သော်လည်း ကျန်းရီသည် ကျေနပ်ခြင်း မရှိသေးပါချေ။ သူသည် အနီးအနားအား လှည့်ပတ် သွားရန်သာ ထပ်ခါထပ်ခါ အမိန့်ပေး နေခဲ့သည်။ ချုံတစ်ခုအနားမှ ဖြတ်သွားသောအခါ သံသယဖြစ်ဖွယ် အသက်ရှူသံကို ကြားလိုက်ရလေသည်။
"ရပ်လိုက်"
ကျန်းရီသည် ခြုံအား ကြည့်ကာ ဆွဲဆောင်မှု ရှိလှသော လူယုတ်မာ ပြုံးလေး ဖြစ်တည် လာခဲ့သည်။ သူသည် နတ်ဆိုးသားရဲအား တိတ်တဆိတ် ထိန်းချုပ်ကာ ခြုံထဲသို့ ခုန်ဝင်လိုက်သည်။
"အား"
နတ်ဆိုးသားရဲ၏ ခြုံထဲသို့ ဝင်သွားသော နှုန်းသည် မြန်လွန်းနေရာ ခြုံထဲတွင် ထိုင်နေသော မိန်းကလေးအား ကြောက်လန့် သွားစေလေသည်။ သူမ၏ မျက်လုံးမှ ခရမ်းရောင် အလင်းသည် ချက်ချင်း တောက်ပ လာခဲ့သည်။
နတ်ဆိုးသားရဲ၏ ကျောထက်တွင် ဟန်ပါပါ ထိုင်နေသော ကျန်းရီအား မြင်သောအခါ သူမ၏ မျက်လုံးမှ ခရမ်းရောင် အလင်းမှာ ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ သူမ၏ မျက်လုံး အိမ်လေးများ ပြူးကျယ်လာခဲ့ပြီး ချယ်ရီရောင် နှုတ်ခမ်းပါး လေးများလည်း ပွင့်ဟလာခဲ့သည်။ သူမ၏ ကျောက်စိမ်းနှယ် ဖြူဖွေးသော လက်ချောင်း လေးများကို ကျန်းရီအား ထိုးကာ မယုံကြည်နိုင်သော မျက်နှာထား ဖြစ်နေခဲ့သည်။
"မင်း ... မိုက်မဲတဲ့ မိန်းကလေး ... ငါမင်းကို ကျောက်တုံးဂူဆီ ပြန်မသွား ခိုင်းဘူးလား ... ဒီမှာ ဘာအတွက် ပုန်းနေတာလဲ"
ကျန်းရီသည် သူမအနီး ချဉ်းကပ်သွားကာ အပြုံးတစ်ခုနှင့် လက်ကမ်း လိုက်သည်။
"လာခဲ့ ... တက် ... အစ်ကိုကြီးက မင်းကို အလည်ခေါ် သွားပေးမယ် ... ငါမင်းကို ဒီဝံပုလွေရဲ့ အမြန်နှုန်းကို ကြည့်စေချင်လို့"
"ကျန်းရီ ... မင်း ... မင်း ဘယ်လို ဒီငွေလဝံပုလွေကို ယဉ်ပါးအောင် လုပ်လိုက်တာလဲ ... "
စုလောရွှယ်သည် လက်ညှိုး တထိုးထိုးနှင့် မေးလာခဲ့သည်။ ထိုအပြုအမူ လေးသည် အတော်လေး ဆွဲဆောင်မှု ရှိနေလေသည်။
ကျန်းရီသည် ရှင်းပြခြင်းမပြုဘဲ စုလောရွှယ်၏ လက်လေးတစ်ဖက်အား ဆွဲကာ ဝံပုလွေ၏ ကျောထက် တက်စေလိုက်သည်။ ထို့နောက် သူမအား သူ့ကျောဘက်တွင် ထိုင်စေလိုက်သည်။
စုလောရွှယ်သည် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားခြင်း ဖြစ်ရာ အောက်တွင် အတွင်းခံတော့ ပါပေသည်။ သို့သော် သူမသည် ဂါဝန်အား အတင်းဆွဲ ချနေလေသည်။ ဂါဝန်အား ဆွဲချပြီးမှ သူမသည် သေချာ ထိုင်လိုက်၍ ကျန်းရီ၏ နောက်ကျောအား ရှက်ရွံ့စွာ မရဲတရဲ ဖက်တွယ် လာလေသည်။ ထို့နောက် သူမသည် ခပ်တိုးတိုးလေး ဆူပူလိုက်သေးသည်။
"ကျန်းရီ ... မင်း သေချင်နေတာလား ... ငါအခု ဂါဝန် ဝတ်ထားတာ..မင်းသိရဲ့သားနဲ့"
"ဟား..ဟား"
ကျန်းရီသည် စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေရာ သူမ သူ့နောက်ကျောအား ထုရိုက်နေသည်ကို ခွင့်ပြုထား လိုက်သည်။ သူသည် နောက်လှည့် ကြည့်ကာ အရယ်တစ်ဝက်နှင့် ပြောလိုက်သည်။
"မိုက်မဲတဲ့ မိန်းကလေး ... သေချာဖက်ထား ... ဝံပုလွေကြီးရေ ... သွားစို့"
"အား"
စုလောရွှယ်သည် ကျန်းရီအား ဆက်လက် ထုရိုက်ချင်သေး ပါသော်လည်း နတ်ဆိုး သားရဲကြီးသည် ရုတ်တရက် ရွေ့လျားလိုက်ရာ သူမ ပြုတ်ကျသွားတော့ မတတ် ဖြစ်သွားခဲ့သည်။ သူမ၏ လက်များအား ကျန်းရီကသာ အလျင်အမြန် မဆွဲလိုက်ပါလျှင် ကျန်းရီစောစောက ဖြစ်ခဲ့သလို သူမသည်လည်း မှောက်ရက်သားလေး ပြုတ်ကျ သွားလိမ့်မည် ဖြစ်သည်။
"ကျွန်တော့်ကို ဖက်ထား"
ကျန်းရီသည် နောက်မှ စုလောရွှယ်အား ပြောလိုက်သည်။ စုလောရွှယ်သည်လည်း ကျန်းရီ၏ ခါးအား ဖက်လိုက်သည်။ သို့သော် ထိုပွေ့ဖက်မှုသည် နှစ်ယောက်လုံးအား တုန်လှုပ်သွား စေလေသည်။
ကျန်းရီသည် အစက အများကြီး မတွေးမိပေ။ သူသည် အတော်လေး ပျော်ရွှင်နေလေရာ သူရခဲ့သော အားကောင်းသည့် နတ်ဆိုးသားရဲကို စုလောရွှယ်အား ပြချင်နေခဲ့သည်။
စုလောရွှယ်သည်ကား ရုတ်တရက် ဖြစ်ပျက်သွား ခဲ့သည်များကို အတော်လေး အံ့အားသင့် နေခဲ့သည်။ သူမ၏စိတ်သည် ကျန်းရီမည်သို့ ဤငွေလဝံပုလွေကြီးအား ယဉ်ပါးအောင် လုပ်နိုင်ခဲ့သနည်း ဟူသော အတွေးများဖြင့်သာ ပြည့်နေခဲ့သည်။ ယခုမှသာ သူမ ကျန်းရီကို ဖက်ထားသည်နှင့် သူတို့နှစ်ယောက်၏ ကိုယ်များ ပူးကပ်နေသည်ကို သတိထားမိ သွားလေသည်။ သူမသည် ပြုတ်ကျမည်ကို ကြောက်လန့် နေခဲ့ရာ ကျန်းရီအား အားစိုက်၍ ဖက်ထားခဲ့သည်။ သူမ၏ ရင်ဘက်သည် ကျန်းရီ၏ နောက်ကျောအား ဖိအားလျက်သား ဖြစ်နေလေသည်။
သူ၏ ကျောဘက်မှ နူးညံ့သည့် ရင်သားနှစ်ခုအား ခံစားမိ လိုက်သည့်အခါ ကျန်းရီ အေးခဲသွား ခဲ့လေသည်။ သူ့အသက်ရှူသံများ မူမမှန် ဖြစ်လာကာ သူ့ကိုယ်သည်လည်း ပူလောင်လာလေသည်။ သူသည် မသိချင်ဟန် ဆောင်လိုက်၍သာ နတ်ဆိုးသားရဲအား ဆက်လက် ထိန်းချုပ်ကာ ပြေးလွှား စေလိုက်သည်။
အချုပ်အားဖြင့် စုလောရွှယ်၏ မျက်နှာသည် ရဲရဲနီနေခဲ့ပြီး သူမ၏ ဆွဲဆောင်မှုရှိသော အမူအရာများမှာ ရှက်ရွံ့မှုများ အဖြစ် ပြောင်းလဲ နေခဲ့လေသည်။ ဝံပုလွေကြီးသည် လျင်မြန်စွာ ရွေ့လျားနေခဲ့ပြီး သူတို့၏ ဝတ်ရုံများသည် လေနှင့်အတူ ကခုန်နေလေသည်။ မြင်ကွင်းများသည် ဆက်တိုက် ပြောင်းလဲနေခဲ့ပြီး စုလောရွှယ်သည် သူမ၏ ဖက်တွယ်ထားမှုအား အနည်းငယ်တောင် မလျှော့လိုက် ရဲပါပေ။
လမ်းတစ်လျှောက်တွင် နှစ်ယောက်သားသည် ရှက်ရွံ့နေကြ၍ တိတ်ဆိတ် နေကြရာ လေထုသည် အလွန်တရာ စိတ်ကူးယဉ် ဆန်နေ၍ နှစ်သက်ဖွယ် ကောင်းနေလေသည်။
သူတို့နှစ်ယောက်၏ စိတ်များ မတည်မငြိမ် ဖြစ်နေချိန်တွင် ဝံပုလွေကြီးသည် ဟေးယွင်တောင် အနီးတစ်ဝိုက်တွင် သူ့တို့အား သယ်ဆောင်ကာ ထပ်ခါထပ်ခါ သွားလာနေခဲ့သည်။ ဝံပုလွေကြီးသည် တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်ရာ အဆင့်နိမ့် နတ်ဆိုး သားရဲများသည် သူတို့နောက် ပြေးလိုက်၍ တိုက်ခိုက်ရဲခြင်း မရှိကြချေ။
တစ်ခေါက်၊ နှစ်ခေါက် ... နောက်တစ်ခေါက်
ကျန်းရီသည် အတော်လေး ရှက်နေခဲ့သည်။ စုလောရွှယ်သည် မကြာခင်တွင် ပုံမှန်အတိုင်း ဖြစ်သွားကာ သူမ၏ မျက်လုံးလှလှ လေးများအား မှေးစင်း ထားလိုက်သည်။ သူမသည် ဆွဲဆောင်မှု ရှိသော မျက်နှာလေးအား ကျန်းရီ၏ ကျောတွင် အပ်ထားကာ ရွေ့လျားနေသော မြင်ကွင်းများကိုသာ ငေးကြည့် နေခဲ့သည်။ ကမ္ဘာကြီးသည် ရွေ့လျားနေခဲ့ပြီး အချိန်များလည်း ကုန်ဆုံး နေသည်ကို သူမ ခံစားရလေသည်။
ကမ္ဘာဆုံးသွားသည့် တိုင်အောင် သူတို့ ဤကဲ့သို့ လေဟုန်စီး၍ ဆက်လက် သွားနေရလျှင် ကောင်းမည်ဟု ရုတ်တရက် သူမ ခံစားလိုက်ရလေသည်။
***