← Chapters

မဟာမိတ်လပ်ထပ်ပွဲ

Vol. 19 Ch. 263

မဟာမိတ်လပ်ထပ်ပွဲ

Vol. 19 Ch. 263

ရှကျိုးယွီသည် စာစောင်အတွင်း၌ သူ့ရဲ့ရည်ရွယ်ချက်အား ပေါ်ထင်စွာပြသမထားခဲ့ပေ။ အခုလိုမျိုးအင်အားကြီးပုဂ္ဂိုလ်များကြားက စကားဝိုင်းက လိုရင်းကိုတိုက်ရိုက် ပြောဆိုဖို့ မလိုအပ်ဘူး။ တစ်ဖက်ကိုရန်စချင်လျှင်လည်း မသိသာအောင်ရန်စမှဖြစ်မည်။ ထို့ကြောင့် စာစောင်အတွင်းမှာ ရှကျိုးယွီသည် အသစ်ပြင်ဆင်ထားသော စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့အစီအရင်ရဲ့ လုပ်ဆောင်ချက်ကိုတင်ပြထား၏။

ထိုလုပ်ဆောင်ချက်မှတစ်ဆင့် တွေးတောလိုက်သည်နဲ့ စွမ်းအင်ကျောက်တုံးထုတ်လုပ်မှုကို ထျန်းလင်ဂိုဏ်းကပုဂ္ဂိုလ်သာဆိုရင် သေချာပေါက်နားလည်မည်ဟု ရှကျိုးယွီ ယုံကြည်သည်လေ။

"အဘိုး ဒီစာထဲမှာ ဘာပြောထားလို့လဲ"

လီပဟန်၏ ပြောင်းလဲ သွားမှုကြောင့် လီယုဟန် ချက်ချင်းပဲ သူမအဘိုးတောင်အောက်ဆင်းပြီး လူသတ်တော့မည်လို့တွေးတောခဲ့မိသည်။ သို့ပေမဲ့ မထင်ထားစွာပင် သူမ၏အဘိုးက စိတ်မဆိုးသည့်အပြင် ချီးကျူးလိုက်သေးသဖြင့် သူမအလွန်သိချင်သွားတော့သည်။

"ဒါဆိုရင် စွမ်းအင်ကျောက်တုံးထုတ်လုပ်မှုကို မင်းလည်းသိရှိပြီးသားပေါ့"

လီပဟန်ရဲ့ ကြင်နာတတ်သောမျက်နှာပေါ်မှာ အပြုံးတစ်ခုပြန်လည်ဝင်ရောက်လာခဲ့သည်။ သူက လီယုဟန်ရဲ့နှာခေါင်းကို ခပ်ဖွဖွတို့လိုက်၏။

"အာ အဘိုးကလည်း သမီးက ကလေးမဟုတ်တော့ဘူး"

သူမရဲ့ဖုံးကွယ်ထားမှုကို အဘိုးဖြစ်သူသိရှိသွားသောကြောင့် လီယုဟန် အနည်းငယ်အရှက်ရသွားခဲ့သည်။ ထို့ကြောင့် အဘိုးရှိရာသို့လျင်မြန်စွာသွားလိုက်ပြီး လီပဟန်ရဲ့လက်မောင်းကို အရှေ့နဲ့အနောက်လှုပ်ရမ်းရင်း ကပ်ချွဲလိုက်လေကာ.. ကလေးလေးတစ်ယောက်လိုမျိုး ရိုးသားစွာပြုမူလိုက်သည်။

"အဖိုး ဒါဆိုရင် ဒီကိစ္စအပေါ်မှာ ဂိုဏ်းကဘယ်လိုမျိုးတုံ့ပြန်မှာလဲ”

နှင်းလိုမျိုးဖြူဖွေးလှတဲ့ သူ့ရဲ့မုတ်ဆိတ်မွေးများကို လီပဟန် တစ်ချက်ပွတ်သပ်လိုက်သည်။ သူ့ရဲ့မျက်နှာက တွေးတောနေဟန် ရှိပေမဲ့ အနည်းငယ်သောပျော်ရွှင်ရိပ်များ ဝင်ရောက်နေခဲ့သည်။

"စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်အတုကို ဘာလို့စုံစမ်းဖို့လွှတ်လိုက်လဲဆိုတာကို မြေးသိသလား”

အဘိုးဖြစ်သူရဲ့ တွန့်ဆုတ်နေသောမျက်နှာထားကြောင့် လီယုဟန် ချက်ချင်းပဲမေးခွန်းရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကို မှန်းဆလိုက်သည်။

"စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်အတုက တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်ကို နှောင့်ယှက်ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်စီးဆင်းမှုကို သက်ရောက်စေနိုင်တယ်၊ အဲဒါက စိတ်ဝိညာဉ်စွမ်းအင်မတည်ငြိမ်မှုကို ဖြစ်ပေါ်စေလိမ့်မယ်၊ ဒါကြောင့်ပဲ ဂိုဏ်းကသမီးကို စုံစမ်းဖို့ လွှတ်လိုက်တာမဟုတ်ဘူးလား"

လီယုဟန်ရဲ့ ပြီးပြည့်စုံသောဖြေကြားချက်ကြောင့် လီပါ့ဟန် ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ ထို့နောက်မှာ မြေးဖြစ်သူရဲ့ခေါင်းအား ခပ်ဖွဖွပွတ်သပ်လိုက်၏။

"သမီးပြောတဲ့အဖြေက မှန်ပေမဲ့ နောက်ကွယ်မှာ အနည်းငယ်သော အဓိပ္ပာယ်တစ်ချို့ရှိနေသေးတယ်"

မြေးဖြစ်သူရဲ့ရှုပ်ထွေးနေသော မျက်နှာထားကို လီပဟန် တစ်ချက်ကြည့်လိုက်ရင်း လက်ထဲကစာစောင်ကို ပြန်ကမ်းပေးလိုက်၏။

"သမီးကိုယ်တိုင်ကြည့်လိုက်၊ ဒီစာစောင်ကို သမီးနားလည်ရင် နောက်ကွယ်ကအကြောင်းအရင်းကိုလည်း နားလည်သွားလိမ့်မယ်"

စာစောင်ကိုပြန်ယူပြီးသည်နဲ့ လီယုဟန်ရဲ့လှပတဲ့မျက်နှာက ချက်ချင်းပဲ ပြုံးရွှင်သွား၏။ သူမအနေနဲ့ အဘိုးဖြစ်သူရဲ့ညွှန်ကြားချက်များကို နားမလည်သေးပေ။ သို့ပေသည့် ထျန်းလင်ဂိုဏ်းက ဒီကိစ္စကို ဒေါသမထွက်မှန်း ရှင်းလင်းသွားပြီပင်။ ထျန်းလင်ဂိုဏ်းအနေနဲ့ ရှကျိုးယွီ၏လုပ်ရပ်ကို အနည်းငယ်အထင်ကြီးနေသည်လို့တောင် ပြောလို့ရသည်။

"သမီး တာဝန်ထမ်းဆောင်ခဲ့တာ တစ်ကယ်တော်တယ်၊ အဘိုးသမီးအတွက် နောက်ထပ်ပြီးပြည့်စုံတဲ့ တာဝန်တစ်ခုကိုခိုင်းမယ်၊ အကယ်လို့ ဒီတာဝန်ကိုသာအောင်မြင်မယ်ဆိုရင် အဘိုးကိုယ်တိုင် တရှားတိုင်းပြည်ကိုသွားပြီးတော့ မင်းတို့ရဲ့မင်္ဂလာပွဲကိုစီစဉ်ပေးမယ်"

ထိုစကားက လီယုဟန်ကို ရှက်ရွံ့မှုကြောင့် ခြေမခိုင်နိုင်အောင်ဖြစ်သွားစေ ခဲ့သည်။

"အဘိုး ဘာတွေပြောနေတာလဲ။ ဘယ်သူကလက်ထပ်မယ်လို့ပြောလို့လဲ။ အဲဒီလူလိမ်လူညာကို ဘယ်သူကလက်ထပ်ချင်နေလို့လဲ။ သမီးကသူ့ကို ချက်ချင်းသတ်ပစ်မှာပါနော်"

လီယုဟန်ရဲ့ကြမ်းတမ်းတဲ့စကားလုံးများကို သူမရဲ့ရှက်ရွံ့နေသောပါးပြင်နှစ်ဖက်က သစ္စာဖောက်သွားလေ၏။ မြေးဖြစ်သူရဲ့အကြမ်းပတမ်း ငြင်းဆိုလာမှုကြောင့် လီပဟန်ရဲ့မျက်နှာက မနေနိုင်အောင်ပြုံးရွှင်သွားခဲ့သည်။

ဘယ်လိုပဲ ဂိုဏ်းရဲ့အရေးပါသော ဂိုဏ်းခွဲခေါင်းဆောင်တစ်ယောက်ဖြစ်နေပါစေ မြေးဖြစ်သူအား ကောင်းမွန်သောအိမ်ထောင်ဖက် ရှာတွေ့သွားတာကို လိုချင်မိပါ၏။

ထို့ကြောင့် အခွင့်အရေးရှာပြီး တရှားတိုင်းပြည်ကို လည်ပတ်ဖို့စီစဉ်ထားခဲ့သည်။ သူ့ရဲ့မြေးမနဲ့ထိုက်တန်လားဆိုတာ စစ်ဆေးရမည်မလား…

"အဘိုး သမီးကိုစနောက်နေဦးမယ်ဆိုရင် သမီးစကားမပြောတော့ဘဲနေမှာနော်"

အဘိုးဖြစ်သူရဲ့မျက်နှာပေါ်ကအပြုံးကြောင့် လီယုဟန် သူမအစနောက်ခံလိုက်ရမှန်း နားလည်သွား၏။

"ကောင်းပြီ အဘိုးမစတော့ဘူး"

သာမန်မိသားစုအရေးပြီးတာနဲ့ လီပဟန်ရဲ့မျက်နှာက ချက်ချင်းပဲတည်ငြိမ်သွားသည်။

"အဘိုးပေးမဲ့တာဝန်က ထျန်းလင်ဂိုဏ်းကိုယ်စား တရှားတိုင်းပြည်နဲ့ ပူးပေါင်းမှုကိုဆွေးနွေးဖို့ပဲ"

လီယုဟန် အံ့ဩသွားလေသည်။

"ဒီလိုမျိုးအရေးကြီးတာဝန်ကို သမီးဘယ်လိုလုပ်လုပ်နိုင်မှာလဲ"

ထျန်းလင်ဂိုဏ်းသည် ထျန့်ရှန်း နယ်မြေကြီးတစ်ခုလုံးမှာ အလွန်အင်အားကြီးသော ပထမအဆင့်ဂိုဏ်းတစ်ခုဖြစ်၏။ ဒီလိုမျိုးတိုင်းပြည်ငယ်တစ်ခုနဲ့ ပူးပေါင်းဖို့ဆွေးနွေးလိုက်ခြင်းက တိုင်းပြည်တွေကြားမှာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်။

ထိုအချိန်တွင် အရွယ်ရနေသော လီပဟန်ရဲ့မျက်လုံးများက တည်ငြိမ်မှုကိုဖော်ပြထားခဲ့သည်။ ထို့နောက်မှာ လက်တစ်ဖက်ယမ်းလိုက်ပြီး ပင်မဆောင်တစ်ခုလုံးကို ထူးချွန်တဲ့အစီအရင်တစ်ခု လွှမ်းမိုးစေလိုက်၏။ ထိုအစီအရင်ကြောင့် သူတို့နှစ်ယောက်သည် ပြင်ပကမ္ဘာရဲ့စောင့်ကြပ်မှုတွေအားလုံးမှ ကင်းလွတ်သွားခဲ့သည်။ ထိုအချိန်မှသာ လီပဟန် လွတ်လပ်စွာပြောဆိုလိုက်၏။

"အဘိုး ဒီလိုမျိုးလုပ်ဆောင်ရတာက ထျန်းလင်ဂိုဏ်းတစ်ခုလုံးရဲ့ နှစ်ပေါင်းများစွာကြာအောင် စိုးရိမ်လာခဲ့ရတဲ့ကိစ္စတစ်ခု‌ကြောင့်ပဲ၊ ဒါကိုမှတ်ထား၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာသတင်းမှအပြင်ကိုထွက်သွားလို့မရဘူး"

လီပဟန်ရဲ့ အလွန်တည်ငြိမ်သောမျက်နှာထားကြောင့် လီယုဟန်ပင် မနေနိုင်အောင်စိတ်လှုပ်ရှားလာခဲ့သည်။

"အဖိုး သမီးမှတ်ထားပါ့မယ်၊ ဒီကိစ္စကို အပြင်လူတွေတစ်ယောက်မှ မသိစေရပါဘူး"

မြေးဖြစ်သူရဲ့ချစ်စဖွယ်ကောင်းလှအောင် တည်ငြိမ်လှသော မျက်နှာထားကြောင့် လီပဟန်ပင် ပြုံးမိသွားခဲ့သည်။ ထို့နောက်မှာမှ တည်ငြိမ်စွာပြန်ပြောလိုက်၏။

"အဘိုးတို့ ထျန်းလင်ဂိုဏ်းက ရှန့်ထန်နယ်မြေကြီးတစ်ခုလုံးကို စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေကို ထောက်ပံ့ထားတယ်ဆိုပေမဲ့ နောက်ပိုင်းမှာ ကျင့်ကြံသူအရေအတွက်က လျင်မြန်စွာတိုးတက်လာခဲ့တယ်၊ ဒါ့အပြင် စွမ်းအင်ကျောက်တုံးထုတ်လုပ်တယ် ဆိုတာလည်း နှစ်များစွာစုဆောင်းဖို့ကို လိုအပ်တယ်၊ ဒီလိုမျိုးသူတို့တွေ လျင်မြန်စွာစုပ်ယူစားသုံးနေမယ်ဆိုရင် စွမ်းအင်ကျောက်တုံးတွေ တဖြည်းဖြည်းနဲ့ခန်းခြောက်လာလိမ့်မယ်"

လီယုဟန်ရဲ့မျက်လုံးများက မနေနိုင်အောင်ထိတ်လန့်သွားခဲ့သည်။ သူမတို့ရဲ့မြင့်မြတ်လှတဲ့ဂိုဏ်းက ဒီလိုပြဿနာမျိုးကိုကြုံတွေ့နေရမယ်လို့ လုံးဝ မမျှော်လင့်ထားမိခဲ့ပေ….

"အကယ်လို့ သမီးတို့မှာ စွမ်းအင်ကျောက်တုံးတွေမရှိတော့ဘူးဆိုရင် ဘာဖြစ်လာမှာလဲ”

လီပဟန်သည် တာအိုဘုန်းကြီးများ ကိုင်ဆောင်လေ့ရှိသော ဆုတ်တံပုံစံ အမွေးတိုင်ဖြူကို လှုပ်ယမ်းလိုက်ရင်း မြေးဖြစ်သူကိုလှမ်းကြည့်လိုက်သည်။

"သမီး ကြောက်နေဖို့မလိုပါဘူး၊ ထျန်းလင်ဂိုဏ်းရဲ့လက်ရှိအခြေအနေက နောက်ထပ်နှစ်တစ်ရာ လောက်အထိ တောင့်ခံဖို့တော့ လုံလောက်ပါသေးတယ်၊ ဒါပေမဲ့ အဘိုးတို့နောက်ထပ်အစီအစဉ်ကို ကြံစည်ထားမှဖြစ်မယ်၊ သမီးရဲ့ဦးလေး သခင် ချင်ဖန်းနဲ့ အဘိုးတို့ ဒီပြဿနာကို စဉ်းစားခဲ့တာ နှစ်အနည်းငယ်တောင်ကြာခဲ့ပေမယ့် အဖြေရှာမတွေ့နိုင်ခဲ့ဘူး၊ ဒါပေမဲ့ အဲဒီတရှားဘုရင်ရဲ့အကြံအဉာဏ်က ထျန်းလင်ဂိုဏ်းကို လုံးဝကယ်တင်ပေးခဲ့တာပဲ"

ပြောနေရင်းနဲ့ လီပဟန်တစ်ယောက် မနေနိုင်စွာ တရှားတိုင်းပြည်ရဲ့ အချိန်ကိုက်ကြံစည်နိုင်မှုကို တွေးမိသွားခဲ့သည်။ အကယ်လို့ဒီအကြောင်းသာ ပုံမှန်အချိန်မှာပေါ်ပေါက်လာခဲ့မယ်ဆိုရင် ထျန်းလင်ဂိုဏ်းအနေနဲ့ ထွက်ပေါ်လာသောခြိမ်းခြောက်မှုကို သေချာပေါက်ရှင်းလင်းပစ်မှာဖြစ်၏။

ဒါပေမဲ့ တရှားတိုင်းပြည်ရဲ့ချဉ်းကပ်လာပုံက စိတ်ဝင်စားဖို့ကောင်းလှသည်။ ဒါ့အပြင် သူတို့ရဲ့ထူးချွန်ထက်မြတ်လှသော နည်းပညာပိုင်းပြောင်းလဲမှုက စွမ်းအင်ကျောက်တုံးများကို ပြောင်းလဲအသုံးပြုလာနိုင်လိမ့်မည်။ တရှားတိုင်းပြည်ကထုတ်လုပ်တဲ့ စွမ်းအင်ကျောက်တုံးက ထျန်းလင်ဂိုဏ်းရဲ့နှစ်များစွာစုဆောင်းပြီး ဖြစ်ပေါ်လာသောကျောက်တုံးလောက် မကောင်းနိုင်ပေမဲ့ စွမ်းအင်ကျောက်တုံးအစား အသုံးပြုနိုင်၏။ ထို့ကြောင့် တရှားတိုင်းပြည်ဘက်ကပို့လာတဲ့ စာစောင်ကလည်း သေချာပေါက်မရိုးရှင်းနိုင်ဘူး။

"အဘိုး ဘာကိုဆိုလိုချင်တာလဲ"

လီယုဟန် လုံးဝရှုပ်ထွေးနေဟန်ရှိသည်။ တစ်ကယ်တော့.. ရှကျိုးယွီ သူမကို ဘာကြောင့်စာစောင်ပို့ခိုင်းခဲ့လဲ လီယုဟန် လုံးဝနားမလည်ခဲ့ပေ။

"သူက ငါအဘိုးရဲ့မြေးမကို အသုံးပြုပြီးတော့ ဒီလိုမျိုးစာစောင်ပို့ခိုင်းခဲ့တယ်၊ အဲဒါရဲ့ဆိုလိုရင်းက အဖိုးဆီကို တိုက်ရိုက်ရောက်စေချင်လို့ပဲ၊ ဒါ့အပြင် စာထဲမှာလည်း စွမ်းအင်ကျောက်တုံးဖန်တီးနိုင်တဲ့နည်းလမ်းကို ပြောပြပေးသွားခဲ့တယ်၊ အဲဒါက သူတို့ဘက်က ထျန်းလင်ဂိုဏ်းနဲ့ ပူးပေါင်းချင်နေတဲ့ရည်ရွယ်ချက်ကို ထုတ်ပြလိုက်တာပဲ"

လီပဟန် ရှင်းလင်းပြီးတာနဲ့ အဆုံးသတ်ကိုပြောပြလိုက်သည်။

"ဒါကြောင့်ပဲ အဖိုးကသမီးကို တရှားတိုင်းပြည်နဲ့ဆွေးနွေးဖို့စေလွှတ်ချင်နေတာ၊ ဒီကိစ္စကို အဘိုးတို့ထျန်းလင်ဂိုဏ်းကလည်း သေချာပေါက် လျင်မြန်စွာတုံ့ပြန်ရမယ်မလား။ ဒါပေမဲ့ အဘိုးတို့ဘက်ကလည်း အခြေတူပူးပေါင်းသူအနေနဲ့ တန်းတူအနေအထားကို ရရှိအောင်လုပ်ခဲ့ရမယ်"

အဘိုးဖြစ်သူရဲ့စကားများကြောင့် လီယုဟန် ချက်ချင်းပဲ ရှကျိုးယွီရဲ့ ချက်ချင်းပဲမှန်းဆမရသော ပုံစံကိုမြင်ယောင်သွားခဲ့သည်။ ဒီလိုမျိုးမရိုးရှင်းတဲ့နည်းလမ်းက ရှကျိုးယွီအသုံးပြုနေကြနည်းလမ်းပဲ..

"သမီးနားလည်ပါပြီ၊ ဒီကိစ္စကို သေချာပေါက်အောင်မြင်အောင် ဆောင်ရွက်လိုက်ပါ့မယ်"

...

ထိုက်အန်းမြို့တော်ရဲ့ အမတ်ချုပ်အိမ်တော်ထဲမှာရှိနေတဲ့ လီလင်ပုတစ်ယောက် အနားယူမနေခဲ့ဘဲ အမတ်ချုပ်အိမ်တော်ရဲ့ အနီရောင်တံခါးကိုသာ အာရုံတစိုက်ခေါက်နေခဲ့သည်။

"ကျွန်တော် လီလင်ပု၊ ကျူးကော့လုံအမတ်ချုပ်နဲ့ အရေးကြီးကိစ္စတချို့ ဆွေးနွေးချင်ပါတယ်”

……….

All Chapters