စကားတစ်ခွန်းရဲ့တန်ဖိုး
Vol. 19 Ch. 257
ကျန်းဖူရှန် အစတော့ စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်အတုကို မသမာသူတွေရဲ့ လုပ်ကြံဖန်တီးမှုဟုသာ ထင်မှတ်ထားခဲ့သည်။ ဒါပေမဲ့ သွားရောက်ကြည့်ရှုချိန်မှသာ အရှင်မင်းကြီးရဲ့ အသစ်စမ်းသပ်မှုကို တွေ့ရှိခဲ့သည်။ ပြီးပြည့်စုံလှသော သူ့ရဲ့အစီအစဥ်ကို အရှင်မင်းကြီး အခုလို ကျော်လွန်အောင် ဖန်တီးနိုင်ခဲ့မည်မှန်း ဘယ်လိုမှ မမျှော်လင့်ထားခဲ့ပါချေ။
ကျန်းဖူရှန် တွေ့ရှိခဲ့ရတဲ့ ကြီးမားလှတဲ့ အလုပ်ရုံအတွင်းက အတွေ့အကြုံသည် သူ့အတွက် အရာအားလုံးကို ရှင်းလင်းသွားစေခဲ့သည်။
"အရှင်မင်းကြီးက တကယ်ကို ရှားပါးပြီး နတ်လိုမျိုး ဥာဏ်ပညာ မြင့်မားလှတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါလား။ စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ရဲ့ ရိုးရှင်းတဲ့ပုံစံကို ခွဲထုတ်နိုင်ပြီး သာမန်ပြည်သူတွေရဲ့ သန်မာမှုကို ဘယ်လိုအသုံးချရမလဲ ဆိုတာကို တစ်ကယ်ပဲ စဥ်းစားနိုင်ခဲ့တယ်"
အလုပ်ရုံအတွင်းမှာ တွေ့ရှိခဲ့ရတဲ့ တစ်ပိုင်းတစ်စ ပုံစံခွက်များကို ပေါင်းစည်းလိုက်ချိန်မှာ ကျန်းဖူရှန် အလွန်ရိုးရှင်းသော အစီအရင် ပုံစံအသစ်ကို စဥ်းစားမိသွား၏။ အထူးခြားဆုံးကိစ္စက အစီအရင်ရဲ့ အရာအားလုံးကို သာမန်သူများအား အသုံးပြုရင်း ဖန်တီးလို့ရနေတာပဲ။
စိတ်ဝိညာဥ်စွမ်းအင်နဲ့ သက်ဆိုင်လာလျှင် ကျင့်ကြံသူများကို အသုံးပြုပြီးသာ ဖန်တီးရသည်။ အစီအရင်ရဲ့ အရည်အချင်းပေါ်မူတည်ပြီး ကျင့်ကြံသူရဲ့ အရည်အချင်းပါ တိုးမြင့်ရန် လိုအပ်သဖြင့် သာမာန်ပြည်သူများကို အသုံးမပြုနိုင်ပေ။
ဒါပေမဲ့ ရှကျိုးယွီကတော့ မတူညီတဲ့ ချဥ်းကပ်မှုကို ပြုလုပ်နိုင်ခဲ့သည်။
"ဟုတ်ပြီ။ ဒါဆို ထိုက်အန်းမြို့နဲ့ ကျန်းနန်မြို့မှာ တည်ဆောက်ထားပြီးတဲ့ အစီအရင်တွေကို ဒီသစ်လွင်တဲ့ ပုံစံအသစ်အတိုင်း ပြန်ပြောင်းရမယ်။ အဲဒီအချိန်ကျရင် အရှင်မင်းကြီး ဒါကို အသက်သွင်းလိုက်တာနဲ့ ငါ ဖန်တီးထားတဲ့ အစီအရင် အကြီးကြီးတွေကလည်း တိုက်ရိုက်အလုပ်လုပ်ပြီး အကုန်လုံး ပူးပေါင်းဆက်နွှယ်မိသွားမှာပဲ။ ဒီလိုဆိုရင် တိုင်းပြည်တစ်လျှောက်လုံးမှာ အလွန်ကြီးမားတဲ့ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းနိုင်တဲ့ အစီအရင်ကြီးကို ဖန်တီးနိုင်သွားလိမ့်မယ်။ ဒီလိုမျိုး နေရာတွေ အများကြီးခွဲဝေပြီး လုပ်လိုက်တဲ့အတွက် ပြည်သူတွေ ဘယ်နေရာ ဘယ်အချိန်မှာမဆို ကျောက်တုံးကို ယူဆောင်ဖို့ အရမ်း လွယ်ကူသွားလိမ့်မယ်။ ဒါက ကောင်းမွန်လှတဲ့ အကြံဥာဏ်ပဲ။ တကယ်ကို ထူးချွန်လွန်းတယ်”
ကျန်းဖူရှန်တစ်ယောက် တွေးဆနေရင်း အလွန် အံ့အားသင့်စွာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မထိန်းနိုင်အောင် တုန်ယင်သွားခဲ့သည်။
ကျန်းဖူရှန်အတွက် ရွေးချယ်စရာ မရှိတော့ပေ။ သူ့အနေနဲ့ ထိုက်အန်းမြို့နှင့် ကျန်းနန်မြို့မှာ တည်ဆောက်ထားပြီးသားဖြစ်သော အစီအရင်များကို ရှကျိုးယွီ အသစ်ဖန်တီးထားတဲ့ ပိုမိုရိုးရှင်းသော ပုံစံအသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်စရာများအား ပြင်ဆင်ရတော့မည်။ ထိုအချိန်ကျရင် ရှကျိုးယွီ အစီအရင်ငယ်များကို အသက်သွင်းလိုက်တာနဲ့ အရာအားလုံး ပူးပေါင်းပြီး အသက်ဝင်လာမည်ဖြစ်သည်။ ဒါ့အပြင် အရှင်မင်းကြီးရဲ့ လက်ရှိအစီအရင် ပုံစံအသစ်က ကုန်ကျစရိတ်ကိုလည်း အများကြီး လျှော့ချပေးနိုင်၏။
"အချိန်က လူကို မစောင့်ဘူး။ အချိန်က လူကို မစောင့်ဘူးဘဲ။ ငါ အရင်ဦးဆုံး ကျန်းနန်ကို အမြန်သွားနိုင်မှဖြစ်မယ်။ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာက ငါ နည်းနည်းလေး မှားယွင်းသွားတာနဲ့
ပျက်ဆီးသွားနိုင်တယ်။ အဲ့ဒါဆိုရင် ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး”
ချက်ချင်းပဲ ကျန်းဖူရှန်ရဲ့ ခန္ဓာကိုယ်ကနေ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများ ပြင်းထန်စွာ ထွက်ပေါ်လာကာ သူ့ရဲ့ အရှိန်အဟုန်က အလင်းရဲ့အလျင်အတိုင်း လျင်မြန်စွာ တိုးမြှင့်သွားခဲ့သည်။ ဒီလိုနဲ့ပဲ ကျယ်ပြန့်လှသော ကောင်းကင်တစ်ခွင်တွင် အပြာရောင်ဝတ်ရုံနဲ့ လူတစ်ယောက်က ခုန်ပေါက်သွားလာနေလေ၏။
....
ထိုအချိန်တွင် အလုပ်ရုံအတွင်း၌ ဆူညံပွက်လောရိုက်နေလေရဲ့…
"ပြီးသွားပြီလား။ ငါ တစ်နေ့လုံး စောင့်ထားရတာ အကျိုးမရှိတော့ဘူးလား”
"စိတ်မကောင်းစရာပဲ။ ဒီလို အခွင့်အရေးကြီးကို လွတ်သွားတယ်လို့ကွာ"
"သူတို့က လူရသွားပြီတဲ့။ ငါတို့ နောက်ကျသွားတာ။ ငါ စောစော လာလိုက်ရမှာကွာ"
ရှကျိုးယွီရဲ့ မှာကြားမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန်က လူသစ်ခန့်အပ်မှုကို ပိတ်ပင်လိုက်သည်။ အလုပ်ရုံအတွင်းမှာ ဆက်လက် အလုပ်လုပ်ရန်အတွက် အလုပ်ကြိုးစားလှသော လုပ်သား၃ထောင်ကိုသာ ရွေးချယ်ခန့်အပ်ထား၏။ ကျန်တဲ့သူတွေကို တစ်နေ့စာ ဝင်ငွေရှင်းပြီးတာနဲ့ အိမ်ပြန်ခိုင်းလိုက်သည်။
ညနေစောင်းလာပြီဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ တာအိုဘုန်းကြီးရှစ်ရန်ကို လိုအပ်သည်များ မှာကြားပြီးတာနဲ့ ရှကျိုးယွီလည်း ကွမ်ရန်နန်းတော်သို့ ပြန်လာခဲ့သည်။
"အရှင်မင်းကြီး ပြန်လာပြီ။ တော်ဝင်စားဖိုဆောင်ကလည်း အခုပဲ အစားအသောက်တွေ ပြင်ဆင်ထားပါတယ်။ ကျွန်တော်မျိုး ခင်းကျင်းလိုက်ရမလား"
ရှကျိုးယွီထံက ပညာပေးခံထားရသည့်အတွက် ဝေ့ကျုံးရှန့်လည်း ရှကျိုးယွီ ပြန်လာတာနဲ့ အရာရှိတွေအကြောင်း မဟရဲတော့ပေ။ ရှကျိုးယွီကို ပုံမှန်လိုပဲ ကြိုဆိုစကားပြောလိုက်၏။
"ငါကိုယ်တော် ဒီနေ့ နည်းနည်း ပင်ပန်းနေတယ်။ ငါ့ရဲ့ အိပ်ဆောင်ကိုပဲ အစားအသောက်တွေ ယူလာခိုင်းလိုက်တော့"
ဒီလိုနဲ့ပဲ အပြင်သွားတဲ့အချိန် ဝတ်ဆင်ထားတဲ့ သာမန်ဝတ်စုံကို ရှကျိုးယွီ အစေခံတွေရဲ့ အကူအညီနဲ့ လဲလှယ်ဝတ်ဆင်လိုက်၏။ ထို့နောက်မှာ နဂါးရုပ်ပုံ ချည်ထိုးထားသော အဝါရောင်ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။
တော်ဝင်အိပ်ဆောင်အတွင်းသို့ ဝင်ရောက်ပြီးတာနဲ့ ရှကျိုးယွီ လက်တစ်ဖက်ကို ပုံမှန်လိုပဲ ယမ်းပြလိုက်ကာ..
"မင်းတို့အားလုံး သွားလို့ရပြီ"
အစေခံတွေအားလုံး ထွက်သွားချိန်မှသာ အမှောင်ရိပ်ကျသော ထောင့်တစ်ထောင့်အား ရှကျိုးယွီ လှမ်းကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"မင်းရဲ့ ဂိုဏ်းတူမောင်လေးကို ရှာတွေ့သွားပြီလား။ ငါကိုယ်တော်ရဲ့ အိပ်ဆောင်ထဲကို ထပ်မံ ချဥ်းကပ်ရဲတယ်ပေါ့"
ဒီလိုနဲ့ပဲ အမှောင်ထုထဲကနေ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်က ပုံမှန်လိုမျိုး အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်ကို ကြည့်ရှုလိုက်တာနဲ့ ဘယ်သူလဲဆိုတာ ပြောဆိုနိုင်ပါ၏။
“ရှင် ဘယ်လိုလုပ် ပြောရဲတာလဲ”
ရှကျိုးယွီရဲ့ ဂရုမစိုက်သော မျက်နှာထားကြောင့် လီယုဟန် အလွန် ဒေါသထွက်သွားခဲ့သည်။ သူမရဲ့ မျက်လုံးများက ရဲရဲတောက်နေလေကာ.. မကြာခင် ငိုချတော့မယ့်အတိုင်း သူမရဲ့ မျက်တောင်ရှည်များက တဖျတ်ဖျတ် ခတ်သွားခဲ့သည်။
"ဘာဖြစ်နေတာလဲ။ ငါကိုယ်တော်ရဲ့ ထူးချွန်လှတဲ့ စစ်သူကြီးကို ဘယ်သူက အနိုင်ကျင့်လိုက်တာလဲ။ ငါကိုယ်တော်ကို ပြောစမ်း။ ငါ လက်စားချေပေးမယ်"
လီယုဟန်ရဲ့ပုံစံက အနည်းငယ် မူမမှန်နေသော မျက်နှာကိုကြည့်ရင်း ရှကျိုးယွီ ဆက်လက် မစနောက်တော့ပေ။ သူ့ရဲ့ မျက်နှာကလည်း ချက်ချင်းပဲ ပူပန်သွားဟန်ရှိ၏။
"ရှင်ကြီး ပြောရဲတယ်နော်.. ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ အမှားပဲ။ ရှင်က ကျွန်မကို အမြဲတမ်း အနိုင်ကျင့်နေတာ"
နောက်ဆုံးတော့ လီယုဟန်ရဲ့ ရင်ထဲက ခံစားချက်တွေက မျက်ရည်အဖြစ် ပြောင်းလဲသွားလေကာ… သူမက မြေပြင်ပေါ်သို့ ထိုင်ချပြီး ငိုကြွေးလေတော့၏။ သူမရဲ့ သနားစဖွယ် ပုံစံက မြင်တွေ့သူတိုင်းကို ရင်နင့်စေလောက်သည်။
သူမ ဘာတွေဖြစ်လာမှန်း မသိပေမဲ့ ရှကျိုးယွီက နူးညံ့တဲ့ဟန်ပန်ကို ဖော်ထုတ်ထားလိုက်သည်။ သူ့ရဲ့ အင်္ကျီအတွင်းကနေ အဝါရောင် ပိုးပုဝါတစ်ခုကို ထုတ်ယူလိုက်ပြီး မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ကာ ငိုယိုနေတဲ့ မိန်းမငယ်လေးအား ကမ်းပေးလိုက်၏။
ဒါပေမဲ့ လီယုဟန်က ရှကျိုးယွီရဲ့ လက်ကို ချက်ချင်းပဲ တွန်းလွှတ်လိုက်လေရဲ့။ သူမရဲ့ အနီရောင်မျက်လုံးတွေက ဘေးမှာ မုဆိုးဒူးထောက်ထိုင်ချထားသော ရှကျိုးယွီကို စိုက်ကြည့်လိုက်သည်။ ထိုအချိန်မှာပဲ သူမရဲ့ နူးညံ့သော ပါးပြင်ထက်သို့ မျက်ရည်တစ်ကြောင်း ထပ်မံ စီးကျသွား၏။
"ကျွန်တော်မျိုးမကို ပြော။ အရှင်မင်းကြီး ကောင်းမင်ကို ချုပ်ထားခဲ့သလား"
လီယုဟန် မေးပြီးတာနဲ့ မနေနိုင်စွာ ပင့်သက်ရှိုက်လိုက်၏။
ရှကျိုးယွီ သူမကို အသုံးချနေတာလား လှည့်စားနေတာလား ဆိုတာကို ရှင်းလင်းစွာ သိချင်မိသည်။ အလုပ်ရုံဆီက ပြန်လာခဲ့ပေမဲ့ သူမအတွက် ဝေခွဲရခက်နေဆဲပဲ။ သူမရဲ့ ထျန်းလင်ဂိုဏ်းကို ရွေးချယ်ရမလား ရှကျိုးယွီကို ရွေးချယ်ရမလား ဘယ်လိုမှ စဥ်းစားလို့ မရတော့သည့်အတွက် နောက်ဆုံးမှာ နန်းတော်ထဲကို ပြန်လည်ခိုးဝင်ခဲ့ပြီး ရှကျိုးယွီကို တိုက်ရိုက်မေးဖို့ ဆုံးဖြတ်လိုက်သည်။
"ဟုတ်တယ်"
အမှန်တရားကို သူမ ဖော်ထုတ်လိုက်တာတောင်မှ ရှကျိုးယွီရဲ့ မျက်နှာက အနည်းငယ်ပင်မျှ ပြောင်းလဲမသွားခဲ့ပေ။
ရှကျိုးယွီရဲ့ လက်ကိုင်ဆောင်ထားသော ဆောင်ပုဒ်က... သူသာ မရှက်ရွံ့သရွေ့ တစ်ဖက်သူက ရှက်ရွံ့သွားလိမ့်မည်..
ရှကျိုးယွီရဲ့ ရဲတင်းလှသော အဖြေစကားကြောင့် လီယုဟန် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူမရဲ့ အံ့သြမှုကြောင့် ငိုယိုနေတာပင် ခဏတာ ရပ်တန့်သွား၏။
"ဒါဆိုရင် ရှင်က ထျန်းလင်ဂိုဏ်းကို တိတ်တဆိတ် ပစ်မှတ်ထားနေတာလား"
သူမရဲ့ အဓိပ္ပါယ်မရှိသော မေးခွန်းကြောင့် ရှကျိုးယွီ အနည်းငယ် အံ့သြသွား၏။ လီယုဟန် ဒီနေရာအထိ ရောက်လာခဲ့တာက သူမကို ကျိကျီမြို့တစ်ခုလုံးမှာ မရှိတဲ့သူတစ်ယောက်အား ၃ရက်တိုင်တိုင် အကျိုးမရှိစွာ ရှာဖွေစေခဲ့၍ စိတ်တိုသဖြင့် ရောက်လာခဲ့သည်ဟု ရှကျိုးယွီ ထင်မှတ်ထားခဲ့သည်။ အခုလိုမျိုး မေးခွန်းမျိုး မေးထုတ်လာခဲ့မည်ဟု လုံးဝ မမျှော်လင့်ထားမိခဲ့ပေ။
"မဟုတ်ဘူး"
ထိုတဲ့တိုးဆန်သော အဖြေကြောင့် လီယုဟန် ရုတ်တရက် ငိုယိုနေတာ ရပ်သွားခဲ့သည်။ သူမရဲ့ အနီရောင်မျက်ဝန်းများက လခြမ်းကွေး နှစ်ခုလိုမျိုး တဖြည်းဖြည်း ကွေးသွားလေ၏။
"အရှင်မင်းကြီးရဲ့ စကားက တကယ်ကို တန်ဖိုးရှိလိုက်တာ"
ရှကျိုးယွီရဲ့ တဲ့တိုးဆန်သော အဖြေကြောင့် လီယုဟန်ရဲ့ နဂိုက ရှုပ်ထွေးပြီး ဖိအားများနေသော ခံစားချက်တွေအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူမ ချင်ချင်းပဲ မတ်တတ်ရပ်လိုက်ကာ ရှကျိုးယွီရဲ့ လက်ထဲက လက်ကိုင်ပုဝါကို လှမ်းယူလိုက်ပြီး သူမရဲ့ မျက်နှာတစ်ခုလုံးကို သုတ်လိုက်တော့သည်။
……..