← Chapters

စစ်ဆေးမယ်

Vol. 19 Ch. 259

စစ်ဆေးမယ်

Vol. 19 Ch. 259

"ငါကိုယ်တော် ကြည့်မှာ မဟုတ်ဘူး။ အခု အနားယူနေတာကို မင်း မမြင်ဘူးလား။ ညတောင် ရောက်နေပြီ။ မနက်ဖြန်ကျမှ ဒီအကြောင်းကို ဆက်ပြောကြမယ်"

ဘုရင်ဆိုးတစ်ယောက်ရဲ့ အပြုအမူကို ရှကျိုးယွီ အပြည့်အဝ ဖော်ကျူးလိုက်လေသဖြင့်…

ဝေ့ကျုံးရှန့် ဝေခွဲရခက်သွားခဲ့သည်။ မိန်းမစိုးငယ် တစ်ယောက်အနေနဲ့ အရှင်မင်းကြီးကို သူ့မှာ ဘာမှ ပြောခွင့်မရှိဘူး။ ဒါပေမဲ့ အခုလိုမျိုး အရေးကြီးကိစ္စကို အရှင်မင်းကြီးဆီ အချိန်မှီ မတင်ပြနိုင်ခဲ့လျှင်လည်း အပြစ်တင်ခံရမည့်သူက နောက်လိုက်ဖြစ်တဲ့သူမှ လွဲလျှင် တခြားမဖြစ်နိုင်တော့ချေ။

ဒါပေမဲ့ အရှင်မင်းကြီးရဲ့ စိတ်ကောင်းဝင်နေတာကို ဖျက်ဆီးမိရင်တော့လား...

ဒါဆိုရင်တော့ သူ့ရဲ့ ကံတရားက ပိုမို ဆိုးရွားသွားလိမ့်မည်။

"အရှင်မင်းကြီး၊ ဒီစာစောင်ကို ကျန်းနန်မြို့မှာရှိတဲ့ ချင်မင်းသားကိုယ်တိုင် ပေးပို့ခဲ့တာပါ။ အရှင်မင်းကြီး တစ်ချက်လောက် ကြည့်ရှုပေးပါ"

ဝေ့ကျုံးရှန့် စာလိပ်ကို လက်ထဲမှာ ကိုင်ဆောင်ထားရင်း မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်၏။ သူ့ရဲ့ခေါင်းကို ထပ်မံ မော့မလာတော့ပေ။ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်က မတော်တဆ ရေပေါ် ခုန်တက်လာသော ငါးတစ်ကောင်လို တစ်ဆတ်ဆတ် တုန်ယင်နေလေ၏။

"အိုး ဟုတ်လား။ ဒါဆိုရင် ဒီစာစောင်က ငါကိုယ်တော်ရဲ့ ဦးရီးတော်ကိုယ်တိုင် ပို့ပေးခဲ့တာလား"

ရှကျိုးယွီ အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။

ရှကျိုးယွီသည် တရှားတိုင်းပြည်၏ စစ်နတ်ဘုရားဖြစ်သော ရှထိုက်အန်းအား တိုင်းပြည်ရဲ့ အရေးအပါဆုံးသော စီးပွားရေး အချက်အချာ မြို့နယ်၃ခုဖြစ်သော ကျန်းနန်မြို့သို့ စေလွှတ်ခဲ့ပေမဲ့ ထိုဦးရီးတော်က ပြဿနာမရှာဘဲ ရှကျိုးယွီရဲ့ မျှော်လင့်ချက်များစွာကို ရိုက်ချိုးသွားခဲ့သည်။ ထိုသူက မထင်မှတ်ထားစရာ ကောင်းလောက်အောင် ကျန်းနန်မြို့အား ကောင်းမွန်စွာ ထိန်းချုပ်နိုင်လေ၏။ ကျန်းနန်မြို့မှာ ရှိသော အင်အားကြီးဂိုဏ်းများ အားလုံးကို ရှင်းထုတ်နိုင်ခဲ့ရုံတင် သာမကဘဲ ရှထိုက်အန်း ဦးစီးပြီး ဆောင်ရွက်ခဲ့တဲ့ တပ်စခန်းက တရှားတိုင်းပြည်၏ စစ်ပိုင်းဆိုင်ရာ သန်မာမှုကို အများကြီး တိုးတက်သွားစေခဲ့သည်။

"ကျန်းနန်မြို့မှာ ကိစ္စတစ်ခုခု ဖြစ်နေလို့လား"

ရှကျိုးယွီရဲ့ မျက်လုံးထဲက ပျော်ရွှင်မှုတွေက ထိန်းမရနိုင်အောင် ကြီးမားလာခဲ့သည်။ အခုချိန်မှာ သူကလည်း တစ်ဖက်တစ်လမ်းကနေ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာ ဖြစ်၏။ အကယ်လို့ ကျန်းနန်မြို့မှာပါ ပြဿနာတစ်ခုခု တက်လာခဲ့ရင် ကံကြမ္မာအမှတ်ကို တိုက်ခိုက်ဖို့ ပိုမို လွယ်ကူသွားနိုင်သည်။ ဒါက အတွင်းကနေရော အပြင်ကနေရော ဒုက္ခပေးတာပဲ။

"အရှင်မင်းကြီး တစ်ချက်လောက် ကြည့်ပေးတော်မူပါ"

အရှင်မင်းကြီးဆီက စိတ်ဝင်စားမှုကို မြင်လိုက်ရတာကြောင့် ဝေ့ကျုံးရှန့် ဒူးထောက်လျက်နှင့် လျင်မြန်စွာ အရှေ့သို့ နှစ်လှမ်း တိုးသွားလိုက်သည်။ ထို့နောက်မှာ ကိုင်ဆောင်ထားတဲ့ တော်ဝင်စာလိပ်ကို သူ့ရဲ့ ဦးခေါင်းအထက်သို့ ပိုမြင့်အောင် မြောက်လိုက်၏။

ရှကျိုးယွီ ပုံမှန်လိုပဲ စာလိပ်ကို လှမ်းယူလိုက်ကာ စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။

"ကျန်းနန်မြို့ရဲ့ တပ်စခန်းက ပိုမို အင်အားကြီးလာပြီး သိုင်းလောကအတွင်းမှာပါ ပြဿနာတစ်ချို့ ဖြစ်ပေါ်နေစေခဲ့တယ်တဲ့လား။ စိတ်ဝင်စားစရာပဲ"

ကြည့်ရတာ ကျန်းနန်မြို့အတွင်းမှာ ရှထိုက်အန်း၏ တပ်စခန်း တည်ဆောက်မှုကြောင့် ပြဿနာတစ်ချို့ တက်နေဟန် ရှိသည်။ ထိုအရာက ရှကျိုးယွီရဲ့ မှန်းဆချက်နဲ့ ကွက်တိဖြစ်နေ၏။ ရှကျိုးယွီ ထိုကိစ္စကို စတင် ဆောင်ရွက်စဥ်က ရုံးတော်အတွင်းမှာ ရှိသော အရာရှိအားလုံးက ငြင်းဆိုခဲ့ကြသည်။ ကျန်းနန်မြို့သည် မြေဆီမြေသြဇာ ကောင်းမွန်သော မြို့တစ်ခုဖြစ်သဖြင့် တစ်နှစ်ပတ်လုံး ရိက္ခာရှားပါးမှုကို မကြုံတွေ့ရသော နေရာတစ်ခုဖြစ်သည်။ ကျန်းနန်မြို့မှာသာ တပ်တစ်ခု တည်ဆောက်လိုက်လျှင် တစ်နှစ်အတွင်း ခိုင်မာသော တပ်တစ်ခု ဖန်တီးနိုင်၏။ ထို့အပြင် လက်ရှိ ကျန်းနန်မြို့ကို အုပ်ချုပ်နေသော အုပ်ချုပ်ရေးမှူး ရှထိုက်အန်းသည် တိုင်းပြည်၏ အသန်မာဆုံး ပုဂ္ဂိုလ်အဖြစ် အသတ်မှတ်ခံထားရသော သိုင်းသမားတစ်ယောက် ဖြစ်သည်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ထူးချွန်သည့်အပြင် ရှထိုက်အန်းက သူ့လက်အောက်က တပ်သားတွေ အားလုံးကို နည်းစနစ်ကျစွာဖြင့် လေ့ကျင့်ပေး၏။

ထို့ကြောင့်ပဲ ကျန်းနန်မြို့မှာ ရှိသော အရာရှိများစွာက ရှကျိုးယွီထံကို ချင်မင်းသားရဲ့ ပြင်းထန်သော လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး စာစောင်များစွာ တင်ပြခဲ့သည်။ ဒါပေမဲ့ ရှကျိုးယွီက ဂရုမစိုက်ခဲ့ချေ။

"အရှင်မင်းကြီး ဒီည လေထန်ပါတယ်။ အအေးမမိပါစေနဲ့။ အရှင်မင်းကြီး တော်ဝင်စာဖတ်ခန်းကို သွားပြီးတော့မှ ကြည့်ရှုပါလား"

ဝေ့ကျုံးရှန့် ချက်ချင်းပဲ သူ့ရဲ့အနောက်မှာ ရှိနေသော မိန်းမစိုးငယ်ထံမှ ဝတ်ရုံတော်ကို လှမ်းယူလိုက်ပြီး အရှင်မင်းကြီးထံသို့ ကမ်းပေးလိုက်၏။ ဒီလိုနဲ့ပဲ သူတို့သုံးယောက်သည် နန်းတွင်းထဲသို့ ဝင်လာခဲ့ကြသည်။

ရှကျိုးယွီသည် လမ်းတစ်လျှောက်လုံးမှာ ရှထိုက်အန်းရဲ့ စာစောင်ကို စဥ်းစားနေခဲ့သည်။

ရှထိုက်အန်းရဲ့ တပ်စခန်း တည်ဆောက်မှုက အစပိုင်းကတော့ ကြီးမားတဲ့ ကိစ္စတစ်ခု မဟုတ်ပေ။ ဒါပေမဲ့ ကိုယ့်ရဲ့လက်အောက်မှာ လူပေါင်းများစွာ ရောက်ရှိလာပြီး ကိုယ့်မှာ ထိန်းချုပ်နိုင်တဲ့ အာဏာရှိလာပြီဆိုရင် လူတွေရဲ့ စိတ်ဓာတ်က ပျက်ပြားလာတတ်ကြသည်။

ရှထိုက်အန်းရဲ့ တပ်စခန်း အတွင်းမှာလည်း ပြဿနာများစွာ ဖြစ်ပေါ်ခဲ့သည်။

စစ်တပ်အရာရှိ တစ်ယောက်က ကျန်းနန်မြို့၏ တရားသူကြီးချုပ်ရဲ့ သားကို ထိခိုက်စေခဲ့သည်။ တစ်ဖက်သူက မူးရူးနေခဲ့ပြီး စစ်တပ်အရာရှိက တရားသူကြီးချုပ်ရဲ့ သားကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သလို ဒဏ်ရာရခဲ့စေသည်ဟု သိရသည်။ ထိုအရာရှိက ပင်မဆောင်မှာ ရှိနေသော တရားသူကြီးချုပ်ကိုပင် ရိုက်နှက်ဖို့ ကြိုးစားခဲ့၏။ ကံကောင်းစွာပဲ ရှထိုက်အန်းက အချိန်မှီ ရောက်လာခဲ့ပြီး သူ့ရဲ့လူကို ပြင်းထန်စွာ အပြစ်ပေးခဲ့သည်။ တရားသူကြီးချုပ်ကိုလည်း ဆုံးရှုံးမှုများအတွက် အလျော်ပေးခဲ့၏။ ဒီလိုနဲ့ပဲ ကျန်းနန်မြို့တွင် ပြဿနာ ပြီးမြောက်ခဲ့သည်။

ဒါပေမဲ့ သတင်းကတော့ ပျံ့နှံ့သွား၏။

စာစောင်ထဲမှာ ပြောထားချက်အရ ထိုသတင်းနဲ့ ပတ်သက်ပြီး ရှထိုက်အန်း စိစစ်လိုက်ချိန်မှာ သိုင်းလောကသား တစ်ချို့က ဝင်ရောက်စွက်ဖက်နေဟန် ရှိ၏။

သို့ပေမဲ့ ပြည်သူတွေကြားမှာ ရှထိုက်အန်းက စစ်တပ်အာဏာကို ကိုင်ဆောင်ထားပြီး မောက်မာစွာ ပြုမူနေသည်ဟု ပြောဆိုကြသည်။ တရှားတိုင်းပြည်ရဲ့ ချင်မင်းသားက ပုန်ကန်ဖို့ ကြိုးစားနေသည်ဟုပါ တစ်ချို့က ရဲတင်းစွာ ပြောဆိုကြသေး၏။

"ကြည့်ရတာ ငါကိုယ်တော် ကျန်းနန်မြို့ကို လာခဲ့တာ အလကား ဖြစ်မသွားဘူးပဲ"

ရှကျိုးယွီ ခပ်တိုးတိုး ရေရွတ်လိုက်ကာ.. အပြင်ဘက်က လေထန်နေသော ရာသီဥတုကို တစ်ချက် ကြည့်ရှုလိုက်သည်။ ထို့နောက်မှာ အိပ်စက်ဖို့ ဆုံးဖြတ်လိုက်၏။

အပျော်ခရီး ထွက်လာချိန်မှာ ဘာကိစ္စ အလုပ်ကိစ္စကြောင့်နဲ့ အနားယူမှုကို အနှောင့်ယှက်ခံရမှာလဲ...

နောက်တစ်နေ့ မနက်တွင် ရှကျိုးယွီသည် ပုံမှန် အဝတ်အစားကို ဝတ်ဆင်ပြီး နန်းတော်အပြင်ကို ထွက်သွားခဲ့သည်။ နန်းတော်ဝင်ပေါက် တည့်တည့်၌ စောင့်ဆိုင်းနေသော ဝေ့ကျုံးရှန့်နဲ့တောင် ဆုံမိသေး၏။

ဒါပေမဲ့ ဝေ့ကျုံးရှန့်ကတော့ မမှတ်မိချေ။

ရက်ပေါင်းများစွာ ရှကျိုးယွီအား မတွေ့ခဲ့ရသဖြင့် ဝေ့ကျုံးရှန့်သည် နန်းတော်ဝင်ပေါက်တွင် နေပြီး အရှင်မင်းကြီးရဲ့ အခြေအနေကို စောင့်ကြပ်နေခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ ဝေ့ကျုံးရှန့်ရဲ့ သေးငယ်လှတဲ့ ကျင့်ကြံမှုက ရှကျိုးယွီကို ခန့်မှန်းနိုင်စရာလား…

ရှကျိုးယွီ အလုပ်ရုံသို့ ရောက်ရှိတာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန်က လျင်မြန်စွာ ရောက်ရှိလာပြီး နှုတ်ဆက်လာ၏။ သူ့ရဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့ အပြုံးတစ်ခုကို တပ်ဆင်ထားသည်။ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ မျက်လုံးထဲက ပူပင်မှုများကိုတော့ ဖုံးကွယ်လို့ မရနိုင်ခဲ့ချေ။

"သခင်ဖူမဲ့ ရောက်လာပါပြီလား"

ရှကျိုးယွီ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကို ဒီနေ့မှာ ပထမဦးဆုံးအကြိမ် အသက်သွင်းမှာ ဖြစ်၏။ ရှကျိုးယွီကိုယ်တိုင် လာရောက်ကြည့်ရှုပြီး တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို ဘယ်လိုမျိုး ဖျက်ဆီးသွားမလဲ ကြည့်ချင်ခဲ့သည်။ အောင်မြင်မလား ကျရှုံးမလားက ဒီအခြေအနေပေါ်မှာပဲ မူတည်နေလေပြီ..

"အစီအရင်ရဲ့ အစိတ်အပိုင်း အများစုကို တပ်ဆင်ပြီးပါပြီ။ နောက်ထပ် တစ်ဝက်ကို စောင့်ပြီးတာနဲ့ တရားဝင် ဖွင့်လှစ်လို့ရပြီ"

ထိုအချိန်မှာပဲ တာအိုဘုန်းကြီးရှစ်ရန်က ခပ်တိုးတိုး ပြောလိုက်သည်။ ဒီရက်ပိုင်းအတွင်းမှာ အလုပ်ရုံတစ်ခုလုံးကို တာအိုဘုန်းကြီးရှစ်ရန်က အသေးစိတ် စောင့်ကြည့်ပေးနေ၏။ သူ့အနေနဲ့ ပင်ပန်းရပေမဲ့ အစီအရင်ရဲ့ လျင်မြန်စွာ တိုးတက်လာမှုက သူ့ရဲ့ပင်ပန်းမှုကို ထိုက်တန်သည်လို့ ခံစားရစေသည်။

"စိတ်မရှည် မဖြစ်ကြပါနဲ့"

ရှကျိုးယွီ ပုံမှန်လိုပဲ လက်တစ်ဖက် ယမ်းပြလိုက်ပြီး သူ့ရဲ့ ကိုယ်ပိုင်နှလုံးသားထဲက စိုးရိမ်မှုများကိုတော့ ဖုံးကွယ်လိုက်သည်။

ဒီလိုမျိုး လျင်မြန်စွာ တိုးတက်လာမှုက တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး သံသယများစွာ ဖြစ်ပေါ်စေခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ တာအိုဘုန်းကြီးရှစ်ရန်သည် အစီအရင် ကျောက်တုံးများ ၂သောင်းနီးပါးကို စတေးခဲ့ပြီး အချိန်ကုန် လူပင်ပန်းခံကာ စောင့်ကြပ်ပေးထားကြသည်။ ထို့ကြောင့် သူတို့အနေနဲ့ တစ်ရက်တွင် စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံး ၁၀၀ ထုတ်ပေးနိုင်တဲ့ အစီအရင်ကြီး ဖန်တီးနိုင်ဖို့ လွန်စွာ မျှော်လင့်ထားခဲ့သည်။ ရှကျိုးယွီရဲ့ အသင့်ပြင်ဆင်ပေးထားသော နည်းလမ်းကြောင့် သူတို့ရဲ့ အစီအရင် တိုးတက်မှုကလည်း များစွာ မြင့်မားသွား၏။ ထို့ကြောင့်ပဲ တိုးတက်ရေးပိုင်းက စိတ်ချရသလား ဆိုတာကို သူတို့ သံသယဝင်ကာ ပူပင်နေကြသည်။

"ရလဒ် ထွက်လာတာနဲ့ ငါတို့ ရှင်းရှင်းလင်းလင်း သိရမှာပဲ"

ရှကျိုးယွီရဲ့ တည်ငြိမ်တဲ့ ပုံစံက ပတ်ဝန်းကျင်ကိုပါ ငြိမ်သက်စေခဲ့သည်။ အရှေ့အနောက် လျှောက်လှမ်းနေရင်း ပူပင်စွာ အလောတကြီး ဖြစ်နေခဲ့သော မြို့နယ်အုပ်ချုပ်ရေးမှူးယန်ပင် အနည်းငယ် ငြိမ်သက်သွား၏။ တာအိုဘုန်းကြီးရှစ်ရန်လည်း အနည်းငယ် စိတ်လျှော့လိုက်ဟန် ရှိသည်။ သူ့အနေနဲ့ အစီအရင်ရဲ့ အသေးစိတ် အစိတ်အပိုင်းတိုင်းမှာ ပါဝင်ကြည့်ရှုခဲ့သည့်အတွက် ဒီနည်းလမ်းက သံသယဝင်စရာ မလိုအပ်ဘဲ ယုံကြည်နိုင်သော နည်းလမ်းဆိုတာကို နားလည်ထား၏။

"ဒါနဲ့ တခြားမြို့တွေမှာရော အလုပ်ရုံတွေ စီစဥ်ပြီးပြီလား"

ရှကျိုးယွီရဲ့ ရည်ရွယ်ချက်က ဒီလိုမျိုး ဝေးလံခေါင်တီးလှသော နေရာမှာတင် ရပ်တန့်မနေခဲ့ဘူး။ သူက တရှားတိုင်းပြည် တစ်ခုလုံးမှာ စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်များကို တည်ဆောက်ကာ…. တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို အဆက်မပြတ် အရှိန်အဟုန်နဲ့ ဖျက်ဆီးချင်ခဲ့သည်။ တဖြည်းဖြည်း တိုက်စားလိုက်လျှင် မြစ်ကမ်းပါးတွေတောင် ပြိုကျနိုင်တာပဲမလား… ဒါ့အပြင် ဒီစိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်က အချိန်နဲ့အမျှ ကံကြမ္မာအမှတ်ကို စုပ်ယူနေမယ့် အစီအရင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အချိန်ကျလာရင် ဒါက ကံကြမ္မာအမှတ်ကို လုံးဝ ကုန်ဆုံးသွားစေမယ့် အရာတစ်ခုပဲ။

"နေရာအသီးသီးက ကျွန်တော့်ရဲ့ မိတ်ဆွေတွေ အားလုံးကို ဆက်သွယ်ပြီးပြီ။ သူတို့တွေကလည်း ဒီအစီအရင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြတယ်။ ကျုပ်တို့ရဲ့ ဒီနေရာက စမ်းသပ်မှုသာ အောင်မြင်သရွေ့ ၂ရက် ၃ရက်အတွင်းမှာပဲ တိုင်းပြည်အနှံ့မှာ တည်ဆောက်မှုတွေ စတင်လိမ့်မယ်"

မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ပြောပြီးတာနဲ့ နဖူးပြင်ထက်က ချွေးများကို သုတ်လိုက်သည်။ ရာသီဥတုက ပူပြင်းသထက် ပူပြင်းလာ၏။

ထိုနှစ်ယောက်ရဲ့ ကြိုးစားမှုကြောင့် ရှကျိုးယွီလည်း ကျေနပ်သွားခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ငွေမက်တဲ့သူ တစ်ယောက်တင် သာမကဘူး.. လူမှုဆက်ဆံရေးလည်း ကောင်းမွန်သည်။ လူရည်နပ်သည်ဟု ပြောရမည်ပင်။ သူက လူတွေကို စကားအလှသုံးပြီး ဆွဲဆောင်နိုင်၏။ ဒီလိုမျိုး သေးငယ်ပြီး ခေါင်းပါးလှတဲ့ မြို့နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးယန် ဖြစ်နေရတာတော့ စိတ်မကောင်းစရာပါပင်…။

"သခင်ကြီးတို့ အဆင်သင့်ဖြစ်ပါပြီ"

ထိုအချိန်မှာပဲ အပြင်ဘက်မှာ ရှိနေသော တာဝန်ရှိ အလုပ်သမား တစ်ယောက်က ရှကျိုးယွီတို့ကို ဖိတ်ခေါ်လိုက်သည်။

"ကောင်းပြီ။ ငါတို့ အဖြေထုတ်ဖို့ အချိန်ရောက်ပြီပဲ။ သွားကြည့်ကြတာပေါ့"

……..

All Chapters