← Chapters

ပြေး

Vol. 19 Ch. 260

ပြေး

Vol. 19 Ch. 260

ရှကျိုးယွီရဲ့ အနောက်မှ မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ တာအိုဘုန်းကြီးရှစ်ရန် နီးကပ်စွာ လိုက်ပါလာ၏။ သူတို့သုံးယောက်က စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ရဲ့ ဗဟိုချက်တည့်တည့်ကို သွားရောက်ကာ အသက်သွင်းဖို့ ပြင်ဆင်နေကြသည်။ ဒါပေမဲ့ ရှကျိုးယွီရဲ့ အနောက်က လူနှစ်ယောက်ကတော့ ရှကျိုးယွီလိုမျိုး မတည်ငြိမ်နိုင်ကြချေ။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က အချိန်အပိုင်းအခြား တစ်ခုရောက်တိုင်း ထပြုံးနေခဲ့ပြီး သူ့ရဲ့မျက်နှာပေါ်မှာ မသက်မသာ ခံစားချက်များ ရှိနေ၏။

သူ့အနေနဲ့ သခင်ဖူမဲ့ကို အကြွင်းမဲ့ ယုံကြည်ပါသော်ငြား.. ဒီကိစ္စတွင် သူပိုင်ဆိုင်သမျှ အားလုံးကို ရင်းနှီးမြှုပ်နှံထားရ၏။ ဒီရက်ပိုင်းအတွင်းမှာ လူသစ် ခေါ်ဆောင်ရပြီး အထက်ပုဂ္ဂိုလ်များ အားလုံးကိုလည်း လာဘ်ထိုးကာ နှုတ်ပိတ်ရ၏။ ဒီရက်ပိုင်းအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးယန် ပြင်းထန်စွာ ကြိုးစားထားခဲ့သည်။ ထိုဖြစ်စဥ် အားလုံးက သူ့ရဲ့ စုဆောင်းထားသမျှ အားလုံးနီးပါးကို ကုန်ဆုံးသွားစေ၏။ အကယ်လို့ ဒီအစီအရင်သာ ကျရှုံးမယ်ဆိုရင် နှစ်ပေါင်းများစွာ အရာရှိအဖြစ် စုဆောင်းလာခဲ့သော သူ့ရဲ့ငွေကြေးတွေကို အလဟဿ ဆုံးရှုံးလိုက်ရလိမ့်မည်။

"သခင်ဖူမဲ့၊ ဒီအစီအရင်နဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် ယုံကြည်ချက်ရှိလဲ"

မြို့နယ်အုပ်ချုပ်ရေးမှူးယန် အတင်းအကျပ် ပြုံးထားရင်း မေးလိုက်သည်။ ထိုမေးခွန်းက သူ့ရဲ့ ပါးစပ်မှ မရည်ရွယ်ဘဲ ထွက်သွားခဲ့တာဖြစ်ပြီး တုန်ယင်နေတဲ့အသံကို ကြည့်လိုက်တာနှင့် နှလုံးသားထဲက စိုးရိမ်မှုတွေကို မြင်နိုင်ပါသည်။

"စောင့်ကြည့်နေလိုက်ပါဗျာ။ ငါတို့ရဲ့ သခင်ဖူမဲ့က ဘယ်တုန်းက မှားဖူးလို့လဲ"

ရှကျိုးယွီ မဖြေရသေးခင်မှာဘဲ တာအိုဘုန်းကြီးရှစ်ရန်က ရှေ့တစ်လှမ်း တိုးလာပြီး ဖြေလိုက်သည်။ သူ့ရဲ့ ဖြူဖွေးနေတဲ့ ဆံပင်အောက်က အိုမင်းနေသော မျက်နှာပေါ်မှာ ရှောင်လွဲလို့မရသော ယုံကြည်ချက်များကို ဖော်ပြထား၏။ သူ့ရဲ့ပုံစံက အစီအရင်ပေါ်မှာ ရှကျိုးယွီထက်ပင် ပိုမို ယုံကြည်နေဟန် ရှိသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

ထိုနှစ်ယောက်ရဲ့ ယုံကြည်ချက် ရှိနေပုံကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန် အနည်းငယ် စိတ်သက်သာသွားခဲ့သည်။

"ဒါဆိုရင် စကြတာပေါ့"

ရှကျိုးယွီ အမိန့်ပေးလိုက်တာနဲ့ ထောင်ချီသော လုပ်သားများစွာက အတူတကွ လုပ်ဆောင်လိုက်ကြ၏။

အလုပ်ရုံရဲ့ ဗဟိုတည့်တည့်ကနေ ဖျော့တော့သော အပြာရောင် အလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး လေထဲမှာ ရှိနေသော အလင်းများက ထိုအပြာရောင် အလင်းရှိရာသို့ ပြေးလာကာ စုဝေးသွားကြ၏။ ဒီလိုနဲ့ပဲ အပြာရောင် အလင်းလုံးက ပိုမို ကြီးမားလာခဲ့သည်။ အလုပ်ရုံမှ စတင်ပြီး တဖြည်းဖြည်း ကြီးမားလာသော အပြာရောင် အလင်းလုံးက မြို့ရဲ့ စိတ်ဝိညာဥ် စွမ်းအင်လှိုင်းတွေကို ဝါးမြိုရင်း ကျိကျီမြို့ တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

"နေဦး။ အဲဒါ ဘာကြီးလဲ"

"မြန်မြန်လာကြ။ ဒါကို လာပြီးကြည့်ကြဦး"

လေထုအတွင်းက လျင်မြန်သော ပြောင်းလဲမှုကြောင့် ဝေ့ကျုံးရှန့် ချက်ချင်းပဲ သတိကပ်သွားခဲ့သည်။ နန်းတော်အတွင်းသို့ ဝင်ရောက်ပြီး အရှင်မင်းကြီးကို ရှာဖွေခဲ့ပေမဲ့ အရှင်မင်းကြီးက ပျောက်နေလေ၏။ ထို့ကြောင့်ပဲ များစွာသော တပ်သားတွေကို ခေါ်ဆောင်ရင်း ထိုစွမ်းအင်လှိုင်းရဲ့ ဗဟိုချက်ရှိရာသို့ ဦးတည်သွားခဲ့သည်။

"ဒါက... ဒါက စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်နဲ့ နည်းနည်းတော့ မတူညီနေဘူး ဟုတ်တယ်မလား"

တာအိုဘုန်းကြီးရှစ်ရန်က အသေးစိတ် စစ်ဆေးရင်း ပြောဆိုလိုက်သည်။

သူ့ရဲ့ အင်အားကြီးသော အစီအရင်ကို ရှကျိုးယွီလည်းပဲ သတိထားမိ၏။

ဒီအစီအရင်က အရင် ထိုက်အန်းမြို့မှာ တည်ဆောက်ခဲ့သော စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်နဲ့ မတူညီပေ။ ထိုက်အန်းမြို့ရဲ့ အစီအရင်က အသက်သွင်းလိုက်တာနဲ့ တရှားတိုင်းပြည်ရဲ့ တော်ဝင်ဆန်သော အရှိန်အဝါလိုမျိုး ခန့်ညားမှုကို ဖော်ထုတ်ပြီး နက္ခတ်သဏ္ဍာန် ခမ်းနားမှုကို ဖြစ်ပေါ်စေသည်။ တိုင်းပြည်၏ ကံကြမ္မာအမှတ်ကို စုပ်ယူရင်း အချင်းချင်း လေးစားစွာဖြင့် အထောက်အပံ့ ပြုကြ၏။

ဒါပေမဲ့ ရှကျိုးယွီ ဖန်တီးခဲ့သော စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကတော့ မတူညီပေ။ အစီအရင်ကို အသက်သွင်းလိုက်တာနဲ့ သူက အကြင်နာတရားမဲ့စွာဖြင့် ပတ်ဝန်းကျင်မှာ ရှိနေသော စိတ်ဝိညာဥ်စွမ်းအင်များ အားလုံးကို စုပ်ယူပစ်လိုက်သည်။ ရှကျိုးယွီရဲ့ အစီအရင်က ဂုဏ်ဒြပ်ပိုင်းကို စိတ်ဝင်စားမှု မရှိသည့်အပြင် တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကိုပါ လုံးဝ အဖက်မလုပ်ဟန် ရှိသည်။ ကံကြမ္မာအမှတ်ကို သာမက ပတ်ဝန်းကျင်မှာ ရှိနေသော စိတ်ဝိညာဥ် စွမ်းအင်အားလုံးကို စုပ်ယူလိုက်သဖြင့် ကျိကျီမြို့တစ်ဝိုက်ရှိ စွမ်းအင်များ ချက်ချင်းဆိုသလို ခန်းခြောက်ကုန်ရသည်။

"စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးတွေ ပေါ်လာပြီ။ စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးတွေ ပေါ်လာပြီ”

အစီအရင်ကို စတင် အသက်သွင်းစဥ်ကတည်းက မြို့နယ်အုပ်ချုပ်ရေးမှူးယန်က မျက်တောင် မခတ်စတမ်း ကြည့်နေခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်တုံး ပေါ်လာတာနဲ့ သူက မနေနိုင်စွာ အော်ဟစ်လိုက်တော့၏။ သူ့ရဲ့ မျက်လုံးကလည်း ပျော်ရွှင်မှုကြောင့် ပြူးကျယ်နေခဲ့သည်။

"ဖျပ် ဖျပ်"

မြို့နယ်အုပ်ချုပ်ရေးမှူးယန် ထိုကျောက်တုံးကို ကောက်ယူဖို့ လုပ်နေစဥ်မှာပဲ များစွာသော စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးများက သူ့ကို ဖုံးလွှမ်းပစ်လိုက်၏။

"အား ငါ ချမ်းသာပြီဟေ့"

ဘယ်သူမှ လာပြီး မကူညီနိုင်ခင်မှာဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးပုံထဲမှ တွားသွားပြီး ထွက်လာကာ…..၊ ကျောက်တုံးပုံပေါ်သို့ လှဲချလိုက်ပြီး နီရဲနေတဲ့ မျက်နှာနဲ့ လူးလိမ့်နေလေတော့၏။

ထိုကြမ်းတမ်းလှသော စွမ်းအင်စုပ်ယူမှုက ၁၀မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ ၁၀မိနစ် ပြီးသည့်နောက်မှာ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများက ဖျော့တော့စွာဖြင့် ပြန်လည် ပျောက်ကွယ်သွား၏။

"စိတ်ဝိညာဉ်စွမ်းအင် ၂,၀၀၀တောင် ရခဲ့တယ်"

ဒီအစီအရင်ရဲ့ အကျိုးများမှုကို တာအိုဘုန်းကြီးရှစ်ရန် မျှော်မှန်းထားပါသော်ငြား လက်တွေ့ရလဒ်က သူ့ရဲ့ မျှော်မှန်းချက်ကို များစွာ ကျော်လွန်နေခဲ့သည်။ ဒီ၃ရက်အတွင်းမှာ ရရှိခဲ့တဲ့ အကျိုးကျေးဇူးများက ရှစ်ရန်တစ်ယောက် ၃လနီးနီး အပင်ပန်းခံပြီး ဖန်တီးခဲ့သော ရလဒ်ကို လွန်စွာ ကျော်လွန်နိုင်၏။

ထိုအချိန်မှာ ရှကျိုးယွီလည်းပဲ စနစ်ရဲ့ အသိပေးချက်ကို ကြားလိုက်ရသည်။

(ပိုင်ရှင်က စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကို တရားမဝင် ဖန်တီးခဲ့ပြီး ကံကြမ္မာအမှတ်တွေကိုလည်း စုပ်ယူခဲ့တယ်။ လက်ရှိ ကံကြမ္မာအမှတ် ၁,၀၀၀ လျော့သွားပါတယ်)

(ဆုလာဘ်... အမှန်တရားရဲ့ ကြေးမုံ)

ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့ လက်ထဲသို့ ရွှေနဂါးပုံစံ ထွင်းထားသော ကြေးမုံမှန်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြေးမုံရဲ့ အလင်းတန်းက ရှကျိုးယွီရဲ့ ချောမောသော မျက်နှာကို ထိတွေ့လိုက်တာနှင့် မျက်နှာပြင်ပေါ်မှာ စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာ၏။

စောက်ရမ်းချောတယ်..

"ဟ၊ ဒါက စိတ်ဝင်စားဖို့ ကောင်းလိုက်တာ"

ရှကျိုးယွီ ချက်ချင်းပဲ ပြုံးမိသွား၏။ ဒီပစ္စည်းက အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုဆိုပေမဲ့ သူ့အတွက်တော့ အပျင်းပြေ ကစားလို့ ရကောင်းရနိုင်သည်မလား..

"ဒီနေရာမှာ ဘယ်သူခိုးက လှည့်ကွက်တွေ ကစားနေတာလဲ။ ချက်ချင်းလာပြီး အဖမ်းခံကြစမ်း"

အလုပ်ရုံထဲမှ လူတစ်သိုက် ပျော်ရွှင်မှုကို ခံစားနေစဥ်မှာပဲ အလုပ်ရုံ အပြင်ဘက်ကနေ များစွာသော ခြေသံများကို ကြားလိုက်ရ၏။

"ကြောက်စရာကြီး။ အပြင်ဘက်မှာ ထောင်ချီတဲ့ တပ်သားတွေ ငါတို့ကို ဝန်းရံထားတယ်"

အလုပ်ရုံရဲ့ ဝင်ပေါက်အနားမှာ ရှိနေသော လုပ်သားတစ်ယောက် အတွင်းထဲကို အလောတကြီး ပြေးဝင်လာခဲ့သည်။

"မြန်မြန် လူစုခွဲပြီး ပြေးကြတော့"

တာအိုဘုန်းကြီးရှစ်ရန်လည်း ခိုင်မာသော ဆုံးဖြတ်ချက်ကို ချထား၏။

မြို့နယ်အုပ်ချုပ်ရေးမှူးယန်သာ ထိုနေရာတွင် အေးခဲပြီး ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ရပ်တန့်နေခဲ့သည်။ သူ့ရဲ့ အနာဂတ်အတွက် ပျော်ရွှင်မှုများ အားလုံးက ထိုအချိန်မှာ ပျောက်ကွယ်သွားရပြီး သူ့ရဲ့ နှလုံးသားထဲမှာ ကြောက်ရွံ့မှုတို့သာ ပြည့်နှက်လာခဲ့သည်။

"ဘယ်သူ သွားရဲလဲ"

ထိုအချိန်မှာပဲ ခံစားချက်မဲ့သော မျက်နှာကို တပ်ဆင်ထားတဲ့ မိန်းမစိုးငယ် တစ်ယောက်က အလုပ်ရုံအတွင်းသို့ တစ်လှမ်းချင်း ဝင်ရောက်လာ၏။ ထိုသူရဲ့ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးများကို ရသလောက် သိမ်းဆည်းနေသော တာအိုဘုန်းကြီးရှစ်ရန်လည်း ထိုအချိန်မှသာ ကြောက်ရွံ့မှုကြောင့် ဇောချွေးများ ပြန်လာခဲ့သည်။

"တတိယအဆင့် ကျင့်ကြံသူပဲ။ ငါတို့တော့ သွားပြီ။ ငါတို့ သွားပြီ"

"သခင်ဖူမဲ့ အချိန်ဆွဲပေးပါဦး"

တာအိုဘုန်းကြီးရှစ်ရန်ရဲ့ စကားဆုံးသွားချိန်မှာပဲ အလွန် မောက်မာဟန်ရှိသော မိန်းမစိုးက ဖူမဲ့ရဲ့ရှေ့မှာ ခွေးတစ်ကောင်လိုမျိုး ဒူးထောက်လိုက်တာကို မြင်လိုက်ရ၏။

"အရှင်မင်းကြီး၊ ဒီအစေခံက အရှင်မင်းကြီး ရောက်ရှိနေတာကို သတိမထားမိပါဘူး။ အရှင်မင်းကြီးရဲ့ အစီအစဥ်ကို နှောင့်ယှက်မိတဲ့အတွက် ကျွန်တော်မျိုး စိုးရွံ့မိပါတယ်"

ရှကျိုးယွီက ဒူးထောက်နေသော ဝေ့ကျုံးရှန့်ကို တည်ငြိမ်စွာ ကျော်ဖြတ်သွားခဲ့ပြီး တာအိုဘုန်းကြီးရှစ်ရန်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးယန် ရှိရာသို့ သွားလိုက်၏။

"သခင်ဖူမဲ့ မဟုတ်ဘူး မဟုတ်ဘူး မင်းက တရှားတိုင်းပြည်ရဲ့ အရှင်မင်းကြီးပဲ"

တာအိုဘုန်းကြီးရှစ်ရန်ရဲ့ အံ့သြမှုများက ဖုံးကွယ်ထားလို့ မရနိုင်အောင် ကြီးမားလာခဲ့သည်။ ဒီရက်ပိုင်းအတွင်းမှာ အစီအရင်ကို မြင့်မားစွာ တိုးမြှင့်ပေးခဲ့တဲ့ သူတို့ရဲ့ သခင်ဖူမဲ့က လက်တွေ့မှာ တရှားရဲ့ ဘုရင်တစ်ယောက် ဖြစ်နေတာတဲ့လား... ဒါကို ဘယ်သူ လက်ခံနိုင်မှာလဲ...

ထိုအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပြီး အကြိမ်ကြိမ် အရိုအသေပေးရင်း ကြောက်ရွံ့မှုများကို ပြသလိုက်၏။

"ဒီရိုကျိုးလှတဲ့ အစေခံက သေသင့်ပါတယ်။ ဒီအစေခံက အရှင်မင်းကြီးကို မမှတ်မိပါဘူး။ အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ"

မျက်စိရှေ့က မြန်ဆန်လှတဲ့ အဖြစ်အပျက်က ဘယ်လိုမှ စနောက်နေခြင်း မဟုတ်တာကို မြို့နယ်အုပ်ချုပ်ရေးမှူးယန် နားလည်လိုက်၏။ ချက်ချင်းပဲ သူ့ရဲ့နှလုံးသားက ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့သည်။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ဖူမဲ့ရှေ့တွင် အရှင်မင်းကြီးနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ပြောဆိုထားခဲ့၏။ ထို့ကြောင့် သူ့ရဲ့ ကြောက်ရွံ့မှုက ပိုမို ကြီးမားလာခဲ့သည်။

"ဒါတွေအားလုံးကို သိမ်းဆည်းလိုက်တော့"

ဒီအလုပ်ရုံက စကားပြောလို့ကောင်းတဲ့ နေရာတစ်ခု မဟုတ်တာကို ရှကျိုးယွီ နားလည်ထားသည်။ ထို့ကြောင့် ဝေ့ကျုံးရှန့်နဲ့ သူ့ရဲ့လူတွေကို တည်ငြိမ်စေဖို့ အမိန့်ပေးလိုက်သည်။ မဟုတ်လို့ ဒီပြဿနာကိုသာ ဖော်ထုတ်ခံလိုက်ရရင် အရာရှိတွေအားလုံးက သူ့ကို ရူးလောက်အောင် နှောင့်ယှက်လာကြမည်မလား…

ထိုအချိန်မှာပဲ တပ်သားတစ်ချို့က မြို့နယ်အုပ်ချုပ်ရေးမှူးယန်ကို သွားရောက် ထူပေးလိုက်ကြသည်။ ဒါပေမဲ့ ထိုပုဂ္ဂိုလ်က မြေပြင်ပေါ်မှာ သံမှိုစွဲထားသည့်အတိုင်း မလှုပ်ရှားနိုင်တော့ပေ။ ထိုကြောင့် ငါးအသေ တစ်ကောင်လိုမျိုး မြို့နယ်အုပ်ချုပ်ရေးမှူးယန်အား ဆွဲခေါ်လာကြ၏။

ထိုအချိန်တွင် တာအိုဘုန်းကြီးရှစ်ရန်က အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့ ကြံစည်ခဲ့သည်။ ဒါပေမဲ့ ဝေ့ကျုံးရှန့်က လျင်မြန်စွာ ရှေ့တိုးသွားလိုက်ပြီး တာအိုဘုန်းကြီးရှစ်ရန်ကို ဆွဲခေါ်လာခဲ့၏။

"အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဘယ်သွားမှာပါလဲ"

တစ်ကယ်တော့ ဝေ့ကျုံးရှန့်တစ်ယောက် အလုပ်ရုံထဲကို ဝင်လာပြီး ရှကျိုးယွီကို မြင်လိုက်ရကတည်းက စဥ်းစားနေခဲ့တာပင်။ အရှင်မင်းကြီး ဘာတွေ ကြံစည်နေလဲ ဝေ့ကျုံးရှန့် လုံးဝ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ မသိလိုက်ဘဲနဲ့ အရှင်မင်းကြီးရဲ့ အစီအစဉ်ကိုသာ နှောင့်ယှက်မိလိုက်ရင် သေဆုံးသွားမှာကိုလည်း စိုးရွံ့ရ၏။

"သေချာပေါက် နန်းတော်ထဲကို ပြန်သွားရမှာပေါ့။ ငါတို့က ဘယ်သွားရမှာလဲ"

ရှကျိုးယွီ တည်ငြိမ်စွာ ပြောလိုက်သည်။

တစ်ကယ်တော့ ဒီလိုမျိုး တရားမဝင်ကိစ္စ ပေါ်ပေါက်လာတိုင်း အပြစ်ခံယူဖို့အတွက် တရားသူကြီး ရုံးတော်သို့ သွားရောက်ရတာ ဖြစ်သည်။ ဒါပေမဲ့ ဒီအချိန်မှာ အပြစ်ကျူးလွန်သူက အရှင်မင်းကြီး ဖြစ်နေသည့်အတွက် ဝေ့ကျုံးရှန့်လည်း စကားတစ်ခွန်းမှ ပြန်မပြောရဲပါချေ။

ဒီလိုနဲ့ပဲ သူတို့အုပ်စုသည် ကွမ်ရန်နန်းတော် ရှိရာသို့ ဦးတည်လိုက်ကြ၏။

………..

All Chapters