← Chapters

ထူးချွန်ပုဂ္ဂိုလ်

Vol. 19 Ch. 262

ထူးချွန်ပုဂ္ဂိုလ်

Vol. 19 Ch. 262

ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လီယုဟန်က ထျန်းလင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

"ဂိုဏ်းတူအစ်မ ပြန်ရောက်လာပြီလား"

"ကောင်းမင်ဘယ်မှာလဲ။ သူက ဂိုဏ်းတူအစ်မနဲ့ အတူသွားခဲ့တာ မဟုတ်ဘူးလား"

ထိုအချိန်မှာပဲ ထျန်းလင်ဂိုဏ်း၏ မီလန်ဂိုဏ်းခွဲက တပည့်တစ်ယောက်က မေးလာခဲ့သည်။

"ကောင်းမင်က မသွားခင်က ကျွန်တော့်ကို အများကြီး ကြွားဝါခဲ့တာ၊ ဒီတစ်ခေါက် သူက ဂိုဏ်းတူအစ်မနဲ့ အတူတူသွားရမှာဆိုပြီး ကျွန်တော်တို့ကို မနာလိုအောင်လုပ်သွားခဲ့တာလေ"

ထိုတပည့်က သတိမထားမိစွာပြောဆိုနေ၏။

ထိုအချိန်မှသာ လီယုဟန်ရဲ့မျက်နှာက ရုတ်တရက်နားလည်သွားဟန်ရှိသည်။ ထို့ကြောင့် သူမ လမ်းတစ်လျှောက်လုံး တစ်ခုခုကို မေ့နေသလိုမျိုး ခံစားခဲ့ရတာပဲ။ ဂိုဏ်းကနေအကူအညီအဖြစ် ပေးထားခဲ့သော သူမရဲ့ဂိုဏ်းတူမောင်လေးကို ကွမ်ရန်နန်းတော်၏အကျဉ်းထောင်မှ ပြန်လည်ခေါ်ဆောင်ဖို့ မေ့သွားခဲ့သည်လေ..

"အော် သူလား၊ သူက ကိစ္စတစ်ချို့ရှိနေလို့ ကျန်နေခဲ့တာပါ၊ ရက်အနည်းငယ်နေရင် ငါပြန်သွားခေါ်ခဲ့မှာ"

လီယုဟန် ပြောပြီးတာနဲ့ သူမရဲ့မျက်နှာပေါ်က ရှက်ရွံ့မှုကို တိတ်တဆိတ်ဖုံးကွယ်လိုက်၏။

"ဒါက..."

ထိုကောင်လေးရဲ့စကားမဆုံးခင်မှာပဲ လီယုဟန် လျင်မြန်စွာ ဖြတ်ပြောလိုက်သည်။

"ငါ့ရဲ့ဆရာကို တင်ပြစရာကိစ္စတစ်ချို့ရှိသေးလို့ နောက်မှစကားပြောကြတာပေါ့"

ထိုတပည့်က လီယုဟန်အား လျင်မြန်စွာအရိုအသေပေးလိုက်သည်။

"ဂိုဏ်းရဲ့အရေးကိစ္စက သေချာပေါက်အရေးကြီးဆုံးပေါ့၊ ဂိုဏ်းတူအစ်မ ဂရုစိုက်ပါ"

တက်ကြွလှတဲ့ ဂိုဏ်းတူမောင်လေးများကို နှုတ်ဆက်ပြီးသည်နှင့် လီယုဟန် အချိန်မဆွဲတော့ဘဲ ထျန်းလင်ဂိုဏ်း၏ သူမအဖိုးရှိရာ ချမ့်လန်ဂိုဏ်းခွဲကို သွားရောက်ခဲ့သည်။

တောင်ထိပ်တစ်ခုပေါ်တွင် တည်ဆောက်ထားသော တာအိုအရှိန်အဝါများဖြန့်ကျက်နေသည့် ပင်မဆောင်အတွင်း၌ အသက်ကြီးတဲ့အဘိုးအိုနှစ်ယောက်သည် ကြာပန်းပုံ ထိုင်နေကြ၏။ သူတို့ရဲ့ပုံစံက အလွန်သိမ်မွေ့ဟန်ရှိပြီး အဖြူရောင်မုတ်ဆိတ်မွေးများနှင့် ပြည့်နှက်နေသော အသက်ကြီးကြီးအဖိုးအိုနှစ်ယောက်၏ မျက်နှာပေါ်တွင် စိုးရိမ်မှုတစ်ချို့ရှိနေခဲ့သည်။

"ညီအစ်ကို ပဟန်၊ ဒီကိစ္စအတွက် မင်းမှာအကြံကောင်းတစ်ချို့ရှိလား"

လီပဟန်တစ်ယောက် သူ့ရဲ့တာအိုဝတ်ရုံပေါ်က ခေါက်ရာတစ်ချို့ကိုဖြေလိုက်ရင်း စကားမပြောဘဲ ခေါင်းသာယမ်းပြလိုက်သည်။

"ကမ္ဘာပေါ်ကလူတိုင်းက ကျုပ်တို့ရဲ့ထျန်းလင်ဂိုဏ်းကို အင်အားကြီးပြီး စိတ်ဝိညာဉ်ကျောက်တုံးကို ထိန်းချုပ်တဲ့နေရာမှာတော်တယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းမှာလည်း ပြဿနာတွေရှိတာကို သူတို့သိကြရဲ့လား"

မီလန်ဂိုဏ်းခွဲခေါင်းဆောင် ချင်းဖန် နူးညံ့စွာသက်ပြင်းချလိုက်တော့သည်။

"ကမ္ဘာပေါ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တွင်းတွေက ကန့်သတ်မှုရှိတယ်၊ ဒါပေမဲ့ ကျင့်ကြံသူတွေကတော့ အဆုံးမဲ့လောက်အောင်များပြားလာပါ့လား၊ ဘယ်လိုပဲ ကျုပ်တို့ရဲ့ထျန်းလင်ဂိုဏ်းက ဆန်းကြယ်နေပါစေ လက်ရှိသုံးစွဲပုံအရဆိုရင် ကျုပ်တို့မှာကျန်ရှိနေတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေက နောက်ထပ်နှစ်တစ်ရာလောက်တောင် ခံမှာမဟုတ်တော့ဘူး၊ နောက်ထပ်နှစ် ၁၀၀ ပြီးသွားတာနဲ့ ထျန့်ရှန်း နယ်မြေကြီးတစ်ခုလုံးမှာ ဘယ်လိုစိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးကိုမှ ရှာမတွေ့တာမှာကိုပဲ စိုးမိတယ်”

ချင်းဖန် ကူကယ်ရာမဲ့စွာနှင့် ခေါင်းညိတ်လိုက်၏။

လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဘေးမှာရှိနေသော လီပဟန်လည်း ကောင်းမွန်တဲ့ဖြေရှင်းချက်ကို စဉ်းစားလို့မရနိုင်ခဲ့ပေ။

"အကယ်လို့ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့အစီအရင်ကို အသုံးပြုမယ်ဆိုရင် ဒီပြဿနာကိုဖြေရှင်းနိုင်မလား"

ထိုအချိန်မှာ လီပဟန် တည်ငြိမ်စွာပြောလိုက်၏။

"စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်က စိတ်ဝိညာဉ်စွမ်းအင်ပမာဏကိုပဲ ခပ်ဖြည်းဖြည်းနဲ့လျော့ချနိုင်တာလေ၊ အဲဒါက စွမ်းအင်ကျောက်တုံးကို ဖန်တီးနိုင်မှာမှမဟုတ်တာ"

ထိုအဘိုးအိုနှစ်ယောက်က သူတို့ရဲ့ဖြူဖွေးသောမုတ်ဆိတ်မွေးများကို ခပ်ဖြည်းဖြည်းသပ်နေကြရင်း စဉ်းစားနေကြသည်။ ဒါပေမယ့် ဘယ်လိုအကြံကောင်းမှရှာမတွေ့ခဲ့ချေ။

ဒီလိုနဲ့ပဲ သူတို့ရဲ့တွေ့ဆုံမှုကို အဆုံးသတ်လိုက်ပြီး ချင်းဖန် ထွက်သွားခဲ့သည်။ ထိုအချိန်မှာပဲ ပင်မဆောင်အတွင်းသို့ ဝင်ရောက်လာသူတစ်စုံတစ်ယောက်ကို လီပဟန် သတိထားမိသွား၏။

"အို၊ ဒီကောင်မလေး ဘာလို့အစောကြီးပြန်လာရတာလဲ"

လီယုဟန်အရှေ့သို့ လီပါ့ဟန် ချက်ချင်းပဲရောက်ရှိလာခဲ့သည်။ ထိုအဘိုးအိုရဲ့ခန္ဓာကိုယ်ကနေ ဆန်းကြယ်သောနက္ခတ်အရှိန်အဝါများ ထွက်ပေါ်နေဟန်ရှိ၏။

"ယုဟန်၊ အရာအားလုံးအဆင်ပြေရဲ့လား"

လီပဟန်ရဲ့အသံက ခန်းမဆောင်တစ်ခုအတွင်းသို့ တည်ငြိမ်အေးချမ်းလှသော သဘာဝအသံတစ်ခုလိုမျိုး တာအိုဆန်စွာ ပျံ့နှံ့သွားခဲ့သည်။

အဘိုးဖြစ်သူရဲ့ရင်းနှီးသောအသံကို ကြားတာနဲ့ လီယုဟန် ချက်ချင်းပဲ သူမရဲ့ရင်ဘတ်က တင်းကျပ်လာကာ နာကျင်လာတော့သည်။

"အဘိုး... တရှားရဲ့စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်အတုကို သမီးစုံစမ်းခဲ့တယ်၊ ဒါပေမဲ့..."

သူမဘယ်လိုမျိုးရှင်းပြရမလဲ မသိတော့ချေ။ ကျိကျီမြို့တော်၏ အသေးစိတ်အချက်အလက်အားလုံးကို ပြောပြလိုက်လျှင် ထျန်းလင်ဂိုဏ်းက သေချာပေါက်တရှားတိုင်းပြည်ကို တိုက်ခိုက်လိမ့်မည်။ ဒါပေမယ့် သူမမပြောဘူးဆိုလျှင်လည်း ဂိုဏ်းကိုသစ္စာဖောက်ရာကျလိမ့်မည်။

လီယုဟန် မနေနိုင်စွာ အပြစ်တင်စိတ်ကို ခံစားလိုက်ရပြီး သူမရဲ့မျက်လုံးများက မျက်ရည်များပြည့်နှက်လာခဲ့သည်။

"အဘိုး... သမီးဘယ်လိုလုပ်ရမလဲမသိတော့ဘူး"

မြေးဖြစ်သူရဲ့ပါးပြင်ပေါ်သို့ တစ်စက်ချင်းစီးကျလာသောမျက်ရည်များကြောင့် လီပဟန်ပင် ဒေါသထွက်သွားခဲ့သည်။ မြေးမလေးရဲ့ပါးပြင်ပေါ်က မျက်ရည်များကို နူးညံ့စွာသုတ်ပေးရင်း နှစ်သိမ့်လိုက်၏။

ထို့နောက်မှာ လီပါ့ဟန် လက်တစ်ဖက်ယမ်းလိုက်သည်။ ထိုအချိန်မှာပဲ တောင်ထိပ်ရဲ့ကောင်းကင်ပေါ်သို့ အလင်းတန်းတစ်ခုထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်အရှိန်အဝါက ချမ့်လန်ဂိုဏ်းခွဲတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ ချမ့်လန်ဂိုဏ်းခွဲမှာရှိနေသော ဂိုဏ်းသားတွေအားလုံး ထိုအရှိန်အဝါကြောင့် သတိထားမိသွားပြီး သူတို့ရဲ့ဓားများကို သတိအနေအထား ကိုင်စွဲလိုက်ကြသည်။

"ငါ့ရဲ့မြေးမကို အနိုင်ကျင့်တာ တရှားရဲ့ဘုရင်ပဲလား။ အခုချက်ချင်း ငါတောင်အောက်ဆင်းပြီး အဲဒီလူကို ပညာပေးမယ်"

"ငါ့ရဲ့မြေးမကို သေချာပေါက်တောင်းပန်စေရမယ်"

လီပဟန်က ပြောပြီးတာနဲ့ ချက်ချင်းပဲတောင်အောက် ဆင်းတော့မဲ့ဟန်ရှိ၏။ ထိုအချိန်မှသာ လီယုဟန် သတိဝင်လာပြီး အဘိုးဖြစ်သူရဲ့တာအိုဝတ်ရုံကို အသည်းအသန်ကိုင်စွဲလေတော့၏။

"အဘိုး..."

“အဘိုး မသွားနဲ့”

"အာ…အဘိုးက အမြဲတမ်းသမီးကို လှည့်စားနေတော့တာပဲ"

လီပဟန်၏ မျက်နှာပေါ်က ဖုံးကွယ်ထားသော အပြုံးတစ်ခုကိုမြင်လိုက်တာနှင့် အဖိုးဖြစ်သူ၏ စနောက်နေမှုကို လီယုဟန် ချက်ချင်းပဲသဘောပေါက်သွားသည်။

"ယုဟန် ဘယ်လိုပြောလိုက်တာလဲ.. သမီးက ငါ့ရဲ့လိမ္မာတဲ့မြေးလေးပါ၊ မြေးမကို ဘယ်သူပဲအနိုင်ကျင့်ပါစေ ဒီအဘိုးက သေချာပေါက်ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မယ်"

လီပဟန်၏ စကားဆုံးသည်နှင့် ချမ့်လန်ဂိုဏ်းခွဲထိပ်က ဓားစွမ်းအင်က ထပ်မံအသက်ဝင်လာလေရဲ့..

"မဟုတ်ဘူး မဟုတ်ဘူး၊ သူ့ကို မြေးကိုယ်တိုင် ပညာပေးပါ့မယ်၊ ဒါကြောင့် အဘိုးဆင်းသွားဖို့မလိုပါဘူး"

လီယုဟန်ရဲ့မျက်လုံးထဲက ဖုံးကွယ်မရနိုင်သောခံစားချက်များကြောင့် လီပဟန် နူးညံ့စွာသက်ပြင်းချလိုက်သည်။

"ဒီအဘိုးရဲ့မြေးက ကြီးလာပြီး အိမ်ကိုတောင်ထွက်သွားတော့မှာပေါ့၊ ကောင်းလိုက်တာ၊ တစ်ကယ်ပဲ မင်းက အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီပဲ"

အဘိုးဖြစ်သူရဲ့စကားများကြောင့် လီယုဟန် ချက်ချင်းပဲရှက်သွေးဖြာသွားခဲ့သည်။

"အဘိုး ဘာတွေပြောနေတာလဲ.. သမီး အဖိုးကို ဂရုမစိုက်ဘဲနေတော့မှာနော်"

သူမ စိတ်ဆိုးသလိုမျိုးဟန်ဆောင်နေပေမယ့် လီယုဟန်ရဲ့စိတ်ထဲကတော့ ရှကျိုးယွီနဲ့သူမရဲ့ မင်္ဂလာဆောင်မြင်ကွင်းကို ချက်ချင်းပဲ ပုံဖော်လိုက်လေရဲ့။ ထိုချောမောလှတဲ့ ရှကျိုးယွီရဲ့မျက်နှာက သူမရဲ့မျက်နှာအနီးသို့ တစတစတိုးကပ်လာမည့် မြင်ကွင်းကို စိတ်ကူးယဉ်လိုက်တာနဲ့တင်...

လီယုဟန် မနေနိုင်စွာ ရှက်သွေးဖြာသွားရသည်။

အတွေးလွန်နေဟန်ရှိသော မြေးဖြစ်သူရဲ့ မျက်လုံးများကြောင့် လီပဟန် ချက်ချင်းပဲရိပ်စားမိလိုက်သည်။ သူကောင်းမွန်စွာပျိုးထောင်လာခဲ့တဲ့ ဂေါ်ဖီထုပ်ကို နောက်ဆုံးတော့ ဝက်တစ်ကောင်က စားတော့မှာပါလား…

"ဒါနဲ့ အဖိုး၊ ဒါကို တရှားရဲ့ဘုရင်က ပေးခိုင်းလိုက်တာပါ"

နောက်ဆုံးမှသာ အလုပ်ကိစ္စကိုသတိရသွားတဲ့ လီယုဟန် ချက်ချင်းပဲ ရှကျိုးယွီပေးခဲ့တဲ့စာစောင်ကို အဘိုးဖြစ်သူကို ကမ်းပေးလိုက်၏။ ဖြူဖွေးနေသောစာစောင်အပေါ်တွင် အနီရောင်စာတံဆိပ်ကို ရိုက်နှိပ်ထား၏။

ထိုစာကိုမြင်ပေမယ့် လီပဟန် သိပ်ဂရုမစိုက်ပါချေ။ သူတို့လိုမျိုးတမူထူးခြားပြီး လောကတစ်ခွင်ကိုအုပ်စိုးနိုင်တဲ့ ထျန်းလင်ဂိုဏ်းက ဘာကြောင့်များသေးငယ်လှတဲ့တိုင်းပြည်တစ်ခုရဲ့ အရှင်ဘုရင်ကို ဂရုစိုက်နေရမှာလဲ.. တရှားတိုင်းပြည်ကိုစုံစမ်းဖို့ စေလွှတ်စဉ်ကလည်း ဂိုဏ်းအတွင်းကတပည့် တစ်ယောက်နှစ်ယောက်ကိုသာ စေလွှတ်ဖို့စီစဉ်ထားခဲ့သည်။ ဒါပေမဲ့ မြေးမလေးရဲ့ ခံစားချက်များကြောင့်သာ လီယုဟန်ကို စေလွှတ်ခဲ့၏။

လီပဟန် ထိုစာစောင်ကို လုံးဝစိတ်မဝင်စားပါချေ။ အကယ်လို့ မြေးဖြစ်သူကထုတ်ပေးလာတာ မဟုတ်ဘူးဆိုရင် သူ့အနေနဲ့ ကြည့်တောင်ကြည့်မှာမဟုတ်ပေ။

"ဒါကဘာလဲ"

အစက သိပ်ဂရုမစိုက်ဟန်ရှိသော လီပဟန် စာစောင်ကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့မျက်နှာက ချက်ချင်းပဲစိုးရွံ့လာဟန်ရှိသည်.. သူ့ရဲ့မျက်လုံးအတွင်းမှာ တွေးတောနေဟန်များ ဝင်ရောက်လာ၏။

အဘိုးဖြစ်သူထံမှရရှိလိုက်သော စွမ်းအားကြီးအရှိန်အဝါများကို ဘေးမှာရပ်နေတဲ့ လီယုဟန်ပင် ခံစားလိုက်ရသည်။

"အဘိုး၊ သူက အဖိုးစိတ်ဆိုးအောင် ဘာတွေရေးထားလို့လဲ။ အကယ်လို့ စိတ်ဆိုးစရာတွေပါသွားရင် အဖိုး အရမ်းကြီးမတွေးပါနဲ့"

စာစောင်အတွင်းမှာ မသင့်တော်တာများရေးသားထားမည်ကို စိုးရိမ်သည့်အတွက် လီယုဟန် ချက်ချင်းပဲ ဖြန်ဖြေဖို့ကြိုးစားလိုက်သည်။

သို့ပေမဲ့ လီပဟန်ကတော့ စာစောင်အတွင်းမှာပဲ လွန်စွာဂရုစိုက်နေဟန်ရှိသည်။

"ဒီတရှားရဲ့ဘုရင်က တကယ်ကို ထူးချွန်တဲ့လူတစ်ယောက်ပါလား”

………

All Chapters