← Chapters

နောက်ကြောင်းလိုက်ခြင်း

Vol. 19 Ch. 255

နောက်ကြောင်းလိုက်ခြင်း

Vol. 19 Ch. 255

ကျန်းဖူရှန်၏ အင်္ကျီအတွင်းက အာရုံခံလို့ရနေသော စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်တုံးကြောင့်

လီယုဟန် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်လာရသည်။

"သခင်ကြီး အဲ့ဒီစိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးက တစ်ခုခု ထူးခြားနေလို့လား"

ရှကျိုးယွီရှိရာသို့ သွားနေရင်း သူတို့နှစ်ယောက်က အေးဆေး စကားပြောနေကြ၏။

ထိုအချိန်မှာပဲ ကျန်းဖူရှန်ရဲ့ ဂုဏ်ယူသောအကြည့်က လီယုဟန်အပေါ် ကျရောက်လာလေကာ ချက်ချင်းပဲ သူ့ရဲ့ အိတ်ကပ်အတွင်းက စိတ်ဝိညာဉ် စွမ်းအင်ကျောက်တုံးကို ထုတ်ပြလိုက်သည်။

"ဒီကျောက်တုံးနှစ်တုံးကြားက ကွာခြားချက်ကို သေချာကြည့်ရှုလိုက်ပါ"

လီယုဟန်ချက်ချင်းပဲ ရှုပ်ထွေးနေသောမျက်နှာနှင့် အသေးစိတ် ကြည့်ရှုလိုက်သည်။ သူမဘယ်လောက်ပဲ ကြည့်ရှုပါစေ ကွာခြားချက်ကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် အဆုံးမှာ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ကျောက်တုံးအတွင်းသို့ ပို့လိုက်လေရာ…၊ ကျောက်တုံးရဲ့ အတွင်းဖွဲ့စည်းပုံကို ကြည့်ရှုနိုင်လိုက်သည်။ ထိုအချိန်မှသာ ကျန်းဖူရှန်ရဲ့ ဆိုလိုရင်းကို သူမသဘောပေါက်သွား၏။

"ဒီကျောက်တုံးမှာ ထျန်းလင်ဂိုဏ်းရဲ့ ကန့်သတ်ချက်မရှိနေဘူးပဲ"

လီယုဟန်ရဲ့မျက်နှာက အလွန်အံ့ဩသွားခဲ့သည်။

ကမ္ဘာပေါ်မှာက စွမ်းအင်ကျောက်တုံးတိုင်းကို

ထျန်းလင်ဂိုဏ်းက ဖန်တီးထားသည်ဟုဆိုနိုင်သည်။ သို့ပေရာ ဤကျောက်တုံးတွင် ထျန်းလင်ဂိုဏ်းရဲ့ အရိပ်အယောင်တစ်ခုကိုမျှ မမြင်ရချေ။

"သခင်ကြီး ဒီကျောက်တုံးကို ဘယ်ကရခဲ့တာလဲ"

လီယုဟန် သူမရဲ့ လေးစားမှုနှင့်ဂုဏ်သိက္ခာရှိသော ဟန်ပန်ကိုပင် မထိန်းနိုင်တော့ဘဲ အလောတကြီး မေးလိုက်တော့၏။

စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးသည် ထျန်းလင်ဂိုဏ်းရဲ့ အသက်သွေးကြောပင်။ ကျန်းဖူရှန် ထုတ်ပေးလာသော စိတ်ဝိညာဉ် စွမ်းအင်ကျောက်တုံးက သူမတို့ ထျန်းလင်ဂိုဏ်း၏ကျောက်တုံးနှင့် ပုံပန်းသဏ္ဍာန်အရ တစ်ပုံစံတည်း ဆင်တူလေသည်။ အကယ်လို့

ထိုကျောက်တုံးမျိုးသာ အများကြီး ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ထျန်းလင်ဂိုဏ်း အပေါ် လွန်စွာ သက်ရောက်နိုင်မည်မလား…

"ဟဲဟဲ မိန်းကလေး ဒီလောက်ကြီးထိမလောပါနဲ့"

ကျန်းဖူရှန် ခပ်ဖွဖွပြုံးလိုက်ကာ တစ်ဖက်လူကို စောင့်ဆိုင်းနေစေ၏။ လီယုဟန်က ထျန်းလင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဆိုတာ ကောင်းမွန်စွာ နားလည်ထားသည့်အတွက် ကျန်းဖူရှန် အနည်းငယ်စဉ်းစားနေခဲ့တာပင်။

“ဒီကျောက်တုံးတွေကို တရှားတိုင်းပြည်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်ကနေ ဖန်တီးထားခဲ့တာပဲ။ ဒါကအရှင်မင်းကြီးရဲ့ လက်ထဲက ဝှက်ဖဲတစ်ခုလို့ ပြောလို့ရတယ်”

ထိုက်အန်းမြို့တော်အတွင်းမှ အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့တဲ့ အစီအရင်ကနေ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးများကို အဆက်မပြတ် ထုတ်လွှတ်နိုင်၏။ ထိုအသုံးဝင်လှတဲ့လက်နက်ကို

ဘယ်လိုအသုံးပြုပြီး နယ်မြေကြီးတစ်ခုလုံးမှာ ဘယ်လို မွှေနှောက်မလဲဆိုတာကို ကျန်းဖူရှန် နားမလည်နိုင်သော်ငြား ဉာဏ်ပြေးတဲ့ ရှကျိုးယွီရဲ့ သဘာဝအရ အစီအစဥ်မရှိတာ မဖြစ်နိုင်ချေ။ မဟုတ်လျှင် ထျန်းလင်ဂိုဏ်းရဲ့ ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို တိုင်းပြည်အတွင်းမှာ တတိယအဆင့် စစ်သူကြီးရာထူး ဘာကြောင့် ပေးအပ်ခဲ့မှာလဲ။

ထို့အပြင် လီယုဟန်၏ မျက်လုံးအတွင်းမှာ ရှကျိုးယွီ အပေါ် ခံစားချက်များ ရှာဖွေတွေ့ရှိနိုင်သည်… အသိဉာဏ်မရှိတဲ့ သူတစ်ယောက်တောင်မှ သူတို့နှစ်ယောက်ကြားက မရေမရာတဲ့ ဆက်ဆံရေးကို ထောက်ပြနိုင်၏။

ကျန်းဖူရှန် ချက်ချင်းပဲ သူ့ရဲ့လိမ္မာပါးနပ်မှုကို ချီးကျူးချင်သွားသည်။

"ဒါ…ဒါက တကယ်ပဲ သူလုပ်ခဲ့တာလား"

မျက်စိရှေ့ကအမှန်တရားက လီယုဟန်အတွက်တော့ လွန်စွာကြီးမားသဖြင့် သူမ ရင်ထဲကို မွှေနှောက်ဝင်ရောက်လာသော မှန်းဆချက်များကို မထိန်းချုပ်နိုင်တော့ပေ။

ရှကျိုးယွီက တကယ်ပဲ ထျန်းလင်ဂိုဏ်းကို ဆန့်ကျင့်ချင်နေတာလား…. ဘယ်လိုလုပ် လုပ်ရဲရတာလဲ.. တရှားတိုင်းပြည်လိုမျိုး သေးငယ်လှတဲ့ တိုင်းပြည်တစ်ခုက ထျန်းလင်ဂိုဏ်းလို ထိပ်သီးဂိုဏ်းတစ်ခုကို ရင်ဆိုင်မှာလား…

လီယုဟန်ရဲ့ အတွေးထဲကို ရှကျိုးယွီရဲ့ တည်ငြိမ်သော ပုံရိပ်နဲ့ မှန်းဆလို့ မရသော နည်းဗျူဟာများ ဝင်ရောက်လာ၏။

ဟုတ်သားပဲ သူဘာကြောင့် မလုပ်ရဲရမှာလဲ… တရှားတိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဘယ်ကိစ္စကြီး ကိစ္စငယ်မှာမဆို သူ့ရဲ့ အရိပ်အယောင်တွေ ပါနေပြီး အရာအားလုံးကို သူခိုင်းစေနေတာပဲ။ ရှကျိုးယွီ နန်းမွေဆက်ခံလိုက်ကတည်းက တရှားရဲ့ကံကြမ္မာက ကြောက်မက်ဖွယ် အရှိန်အဝါနဲ့ မြင့်တက်လာခဲ့ရတယ်။ ဒီလူကအလွန် အင်အားကြီးတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး တရှားတိုင်းပြည်ကို သန်မာလာအောင် လုပ်နေခဲ့တာပဲ…

"မုန်းစရာကောင်းလိုက်တာ"

လီယုဟန် မနေနိုင်စွာ ဆဲရေးလိုက်တော့သည်။ အဆုံးမှာတော့ သူမ ဘယ်လိုမှမဆုံးဖြတ်နိုင်တော့ပေ။ သူမအနေနဲ့ ဒီကိစ္စကို ထျန်းလင်ဂိုဏ်းအား မတင်ပြချင်ခဲ့ဘူး။

တရှားတိုင်းပြည်က ဘယ်လိုပဲသန်မာပါစေ.. လက်ရှိသန်မာမှုက ထျန်းလင်ဂိုဏ်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာနိုင်သေးပေ။ တရှားတိုင်းပြည်ဘက်ကသာ ဒီအခြေအနေမှာ ဆန့်ကျင်လိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ချေမှုန်းခံလိုက်ရနိုင်၏။

ထိုအချိန်မှာပဲ သူမရဲ့ နှလုံးသားထဲကို မျှော်လင့်ချက်ရောင်ခြည်ကလေး ဝင်ရောက်လာခဲ့သည်။

"ဖြစ်နိုင်တာ ဒီကျောက်တုံးတွေက စွမ်းအင်ကျောက်တုံးအတုတွေများလား"

လီယုဟန် ချက်ချင်းပဲ ခေါင်းရမ်းလိုက်ရင်း အဆက်မပြတ် ထွက်ပေါ်လာတဲ့ အတွေးများကို တားဆီးလိုက်တော့သည်။ အရေးကြီးကိစ္စကို အရင်ဖြေရှင်းမှ ဖြစ်မည်ဟု လီယုဟန် သတ်မှတ်လိုက်၏။

လီယုဟန်ချက်ချင်းပဲ ရှကျိုးယွီကို အရင်သွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။

ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် ဆက်သွားခဲ့ပြီး ပင်မဆောင်အနား ရောက်လာချိန်မှသာ မိန်းမဆိုးတစ်ယောက်ရဲ့ ပြောကြားချက်နဲ့ ရှကျိုးယွီက ကျိကျီမြို့အတွင်းကို လှည့်ပတ်သွားလာနေမှန်း သိခဲ့ရသည်။

ထိုအချိန်တွင် ရှကျိုးယွီသည် ကိုယ်လုပ်တော်ကျင်းနှင့် မိန်းမဆိုးဝေ့ကျုံးရှန်ကို ပြန်လွှတ်ပြီး သူကနေရာမှာ နေရစ်ခဲ့၏။

မြို့နယ်အုပ်ချုပ်ရေးမှူးယန်ကို သွားတွေ့ဖို့လုပ်နေတဲ့ ရှကျိုးယွီအား ကျန်းဖူရှန်နဲ့ လီယုဟန် အဝေးတစ်နေရာကနေ မထင်မှတ်ပဲတွေ့လိုက်ရသည်။ သူမတို့ကလည်း ရှကျိုးယွီကို ရှာဖွေဖို့ရန် ကျိကျီမြို့ထဲကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်သည်။ ထိုအချိန်မှာပဲ ရှကျိုးယွီ အနားသို့ တာအိုဘုန်းကြီးဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လူငယ်နှစ်ယောက် ချည်းကပ်လာလေ၏။ လီယုဟန် ချက်ချင်းပဲ အာရုံခံမိလိုက်သည်။

"အဲ့ဒီ့ တာအိုလူငယ်နှစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းက သယ်ဆောင်လာတဲ့ စိတ်စွမ်းအင်ကျောက်တုံး တွေကလည်း ဒီစိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး အတုတွေ ဖြစ်နေလောက်မလား"

"ဟုတ်သားပဲ ကြည့်လိုက်ဦး။ အဲ့ဒီ့နှစ်ယောက်ရဲ့ လမ်းလျှောက်နေပုံက အရှင်မင်းကြီးအပေါ်မှာ အရမ်းလေးစားမှု ရှိတယ်ဆိုတာကို သိသာနေတယ်။ ကြည့်ရတာ အရှင်မင်းကြီးလဲ သဲလွန်စတစ်ချို့ ရှာတွေ့သွားတဲ့အတွက် ကိုယ်တိုင် အစီအရင်တို့နဲ့ ပတ်သတ်ပြီး စုံစမ်းဖို့လုပ်နေတာဖြစ်မယ်"

ကျန်းဖူရှန် လီယုဟန်အား တောက်လျှောက် စစ်ဆေးနေခဲ့သည်။ လီယုဟန်သည် ထျန်းလင်ဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်ပေမယ့် ရှကျိုးယွီရဲ့ စွမ်းအင်ကျောက်တုံး အတုဖန်တီးနေမှုအပေါ် အများကြီး မတုန်လှုပ်ခဲ့ပေ။ ထို့ကြောင့် သူ့ရဲ့ သံသယက ပိုမို ခိုင်မာသွား၏။

ရှကျိုးယွီရဲ့ အကြံအစည်ကောင်းမှုအပေါ် မနေနိုင်စွာ ထပ်မံလေးစားမိသွားခဲ့သည်။

သူ့အနေနှင့် အစီအရင်ကိုအသုံးပြုပြီး စွမ်းအင်ကျောက်တုံးအတုအား ဖန်တီးဖို့ ပြင်ဆင်နေချိန်မှာပဲ ရှကျိုးယွီက လိုအပ်သည်များအားလုံးကို ပြီးပြည့်စုံစွာ ပြင်ဆင်ထားနိုင်ခဲ့သည်။ ဒါကတကယ်ကို တမူထူးခြားတဲ့ စီစဉ်နိုင်စွမ်းပဲ။

"ဒါဆိုရင်ငါတို့ သူတို့နောက်ကို တိတ်တဆိတ်လိုက်ကြရအောင်။ အရှင်မင်းကြီး လိုအပ်လာတဲ့ အချိန်ကြရင် ငါတို့ရှေ့ထွက်ပြီး ကာကွယ်ပေးလို့ ရတာပေါ့"

ဒီလိုနဲ့ပဲ သူမတို့နှစ်ယောက်သည် အစွမ်းတွေ ပိတ်သိမ်းရင်း ရှကျိုးယွီ အနောက်ကို တိတ်တဆိတ်လိုက်သွားကြ၏။ နောက်ဆုံးမှာ လူများစွာဖြင့် ပြည့်နှက်နေသော စခန်းတစ်ခုရှိရာသို့ ရောက်ရှိလာခဲ့သည်။ သူမတို့ရဲ့ မျက်စိရှေ့မှာ အလွန်တက်ကြွစွာဖြင့် အလုပ်ကြိုးစားနေကြသော လယ်သမားတစ်အုပ်ရှိနေလေ၏။

ထိုအချိန်မှာပဲ တာအိုဘုန်းကြီးနှစ်ယောက်နဲ့အတူ ဝင်သွားခဲ့သော ရှကျိုးယွီသည် ရှစ်ရန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန်ကို ခေါ်ဆောင်ခိုင်းလိုက်သည်။

"သခင်ဖူမဲ့ ရောက်လာပြီလား။ သခင်ဖူမဲ့ အတွက် ပျော်စရာ သတင်းကောင်းတွေ ကျုပ်မှာရှိတယ်"

အခုလိုလူများနေတဲ့အချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က အရာရှိဝတ်ရုံကို ထုတ်မဝတ်ထားခဲ့ပေ။ အဝတ်တွေ ပြောင်းထားပေမယ့် သူ့ရဲ့မျက်နှာပေါ်မှာတော့ ထိန်းမရနိုင်တဲ့ အပြုံးကြီးတစ်ခုဖြစ်ပေါ်နေ၏။

"အို ဟုတ်လား ဘာသတင်းကောင်းလဲ။ ပြောပါဦး"

ရှကျိုးယွီ ထိုင်ခုံအလယ်မှာ ဝင်ထိုင်လိုက်ပြီး တော်ဝင်အခါးရည်ကို လည်ချောင်းရှင်းအောင် အနည်းငယ် သောက်လိုက်သည်။

“သခင်ဖူမဲ့ရဲ့ နည်းလမ်းက တကယ်ကို ကောင်းမွန်တယ်။ နှစ်ရက်အတွင်းမှာပဲ ကျွန်တော်တို့ လုံးဝသစ်လွင်တဲ့ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်အသစ်ကို တည်ဆောက်နိုင်တော့မယ်”

မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ နူတ်ခမ်းတစ်စုံက ကျယ်လောင်စွာ ပြုံးရွှင်နေခဲ့ပြီး မျက်လုံးများက အနာဂတ်အတွက် စဥ်းစားရင်း လွန်စွာတောက်ပနေလေရဲ့..။

ရှကျိုးယွီ အနည်းငယ်သာ ခေါင်းညိမ့်ပြလိုက်သည်။

ဒီမြို့နယ်အုပ်ချုပ်ရေးမှူးယန်က လောဘကြီးတဲ့အပြင် အသက်စွန့်ပြီး ပိုက်ဆံရဖို့အတွက် လုပ်ဆောင်ရဲတဲ့ သူတစ်ယောက်ပဲ။

ရှကျိုးယွီ အနေနဲ့ မူလက တစ်ရက်မှာ လူသုံးရာကို ခိုင်းစေရန် စီစဉ်ထားခဲ့သည်။ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးယန်၏ လုပ်ဆောင် နိုင်စွမ်းကြောင့် တစ်ရက်အတွင်း လူပေါင်း သုံးသောင်းကို ခေါ်ယူပြီး ခိုင်းစေနိုင်ခဲ့၏။

“ဒါ့အပြင် ကျုပ်တို့ရဲ့ တာအိုဘုန်းကြီးရှစ်ရန်ကလည်း အနည်းငယ် ကူညီပေးနိုင်တဲ့အရာကို ဖန်တီးထားခဲ့တယ်။ သူ့ရဲ့အကူအညီကြောင့် ပြီးသွားတဲ့ အစိတ်အပိုင်းတွေကို မရပ်ပဲနဲ့ အကုန်ဆက်လို့ ရသွားခဲ့တယ်။ ဒါကြောင့် အချိန်ကုန်တာ တော်တော်လေး သက်သာသွားတယ်ဗျာ”

ရှကျိုးယွီရဲ့ မျက်လုံးက အနည်းငယ် အံ့သြသွားခဲ့သည်။ ဒီတာအိုဘုန်းကြီးရှစ်ရန်ကလည်း အရည်ချင်းတချို့ ရှိသေးပါလား….

ဟုတ်ပါတယ်လေ။ မျက်စိနဲ့ မြင်ရုံနဲ့ သူများ ဖန်တီးထားတဲ့ အစီအရင်ပညာရပ်ကို ခိုးယူနိုင်တဲ့ သူအနေနဲ့ ဒီလောက်တော့ တတ်ကျွမ်းထားတာ ရှိမှာပေါ့….

အကယ်လို့ တာအိုဘုန်းကြီးရှစ်ရန်သာ ကောင်းမွန်တဲ့ ဆရာတစ်ယောက်ရှိပြီး နောက်ခံကောင်း ရှိမယ်ဆိုရင် သူ့အနေနဲ့ အနာဂတ်မှာ သေချာပေါက် အောင်မြင်လာလိမ့်မည်။

“ကောင်းတယ်။ ဒါဆိုရင် မြန်မြန်လုပ်ကြတာပေါ့။ ဒါပေမဲ့ လူတွေထပ်မခေါ်နဲ့တော့ ဒီလိုမျိုးများပြားတဲ့ ပမာဏက လူအများရဲ့အာရုံကို ဆွဲဆောင်မိလိမ့်မယ်”

ဒီလိုမျိုး များပြားလာတဲ့ လူခေါ်မှုက မြို့တစ်ခုလုံးကိုပါ အပြောင် သိမ်းသွားနိုင်သည့်အတွက် အချိန်ကြာလာခဲ့ရင် ပုန်ကန်ဖို့ စီစဉ်ထားတဲ့ စခန်းတစ်ခုအဖြစ် သတ်မှတ်ခံရနိုင်သည်။

“လူတွေကို ဒီတစ်နေရာထဲမှာ မလာခိုင်းပဲနဲ့ တခြားနေရာကို ပြောင်းပြီးလာခိုင်းကြည့်”

“ဒီနေရာကို မလာခိုင်းရင် ဘယ်နေရာကို သွားခိုင်းရမှာလဲ”

မြို့နယ်အုပ်ချုပ်ရေးမှူးယန်က လောဘကြီးပေမဲ့ အရူးတစ်ယောက် မဟုတ်ပေ။ သူ့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသော ဂုဏ်ပုဒ်ကြောင့်သာ ဒီနေရာမှာ အခုလိုမျိုး ဖုံးကွယ်ပြီး လူခေါ်နိုင်တာဖြစ်၏။ ရှကျိုးယွီ ဘက်က ဘယ်လိုပဲ ရိုးရှင်းတဲ့ စီစဉ်မှုများပြုလုပ်ထားပါစေ၊ တစ်ကယ့်တစ်ကယ် အလုပ်သမားခေါ်ပြီး အလုပ်လုပ်လိုက်ချိန်မှာ လိုအပ်ချက်ဆိုတာ ရှိစမြဲပင်။

………..

All Chapters