မီးဘီလူးကြီး၏ မေးခွန်း
Vol. 34 Ch. 502
မီးဘီလူးကြီးမှာ သူ၏ ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းယူ နေခဲ့သည်။ သူ၏ လက်ရှိ အနေအထားမှာ စွမ်းအင်ကို စုဆောင်းနေ သကဲ့သို့ပင်။
ရှားလော့ခ်က မီးဘီလူးကြီး၏ အရှေ့တွင် ရပ်နေခဲ့သည်။ သူ၏ အရပ်ရှည်သော ပုံရိပ်မှာ ဘီလူးကြီး ရှေ့တွင်တော့ ကလေးငယ် တစ်ဦး ကဲ့သို့ပင်။
"ငါတို့ နောက်ဆုံး တွေ့ဖြစ်ခဲ့တာ အတော်ကြာပြီပဲ မီးဘီလူးကြီး။"
မီးဘီလူးကြီး၏ ရန်လိုသော လေသံနှင့် နှိုင်းယှဉ်လိုက်လျှင် ရှားလော့ခ်၏ လေသံမှာ ဖော်ရွေလှ၏။ သူ ပြုံးကာ စကားပြောပြီးနောက် လေးစားမှု ပြသသည့် အနေဖြင့် သူ၏ ဦးထုပ်ကို ချွတ်လိုက်သည်။
မီးဘီလူးကြီးက ရှားလော့ခ်ကို လှမ်းထိုး လိုက်သော်လည်း ရှားလော့ခ်မှာ တုန်လှုပ်ခြင်း မရှိခဲ့ပေ။ မီးဘီလူးကြီး၏ လက်သီးမှာ ရှားလော့ခ် ရှေ့တွင်ပင် ရပ်တန့် သွားသည်။ ၎င်းမှာ ရှားလော့ခ်၏ မျက်နှာနှင့် အလွန် နီးကပ် နေလေသည်။
သူ၏ လက်သီးပေါ်မှ မီးလျှံများက ရှားလော့ခ်ဆီသို့ မရောက်နိုင်ခဲ့ပေ။ ရှားလော့ခ်နှင့် မီးဘီလူးကြီး အကြားတွင် အကာအရံ တစ်ခုခု ရှိနေပုံ ရ၏။
"အရှင်ရှားလော့ခ်၊ ကျွန်တော် အရှင့်ကို မေးခွန်ထုတ်နေတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မီးဘီလူးကြီးရဲ့ စိတ်နေစိတ်ထားကို ကြည့်ရင် သူက အရှင့်ကို ကျေးဇူးတင်နေပုံ မရဘူး။ အရှင်က သူ့ကို နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီရဲ့ စုံစမ်း စစ်ဆေးမှုကို ရှောင်ရှားဖို့ ကူညီပေးခဲ့တာ ဟုတ်တယ် မလား။"
ဘရု၏ အသံက ရှားလော့ခ်၏ စိတ်ထဲတွင် ထွက်ပေါ်လာ ခဲ့သော်လည်း ရှားလော့ခ်မှာ ပြန်တုံ့ပြန်ခြင်း မရှိခဲ့ပေ။ မီးဘီလူးကြီးမှာတော့ ဒေါသများဖြင့် ပြည့်နှက်နေပြီး အော်ပြော လိုက်သည်။ "ငါ့ နာမည်က မီးဘီလူးကြီး မဟုတ်ဘူး။ ငါက - မဟာကြီးကြပ်သူ၊ ရက်နရော့ခ်..."
မီးဘီလူးကြီး၏ စကားမဆုံးမီ ရှားလော့ခ်က ခေါင်းညိတ်ကာ ဖြတ်ပြောလိုက်သည်။ "ငါ သိတယ်။ ငါ ဒီလာရတဲ့ ရည်ရွယ်ချက်ကို မင်းကို ပြောပြဦးမယ်။ ငါ့မှာ ပြဿနာ တစ်ခု ရှိနေတယ်ကွာ။ မင်း မဟာနတ်ဆိုး မိုက်ကယ်အိန်ဂျယ်လိုကို သိတယ်မလား။ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်က သူ့ကို ပြန်အသက်သွင်းဖို့ ရည်ရွယ် ထားကြတယ်ဟ။ ငါ့ သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မြေခွေး တစ်ကောင် ဒါမှမဟုတ် ကြောင် တစ်ကောင် ပိတ်မိနေတယ်၊ ပြီးတော့ သူက မိုက်ကယ်အိန်ဂျယ်လိုရဲ့ ပြန်လည် ရှင်သန်ရေး အတွက် အဓိက သော့ချက်ပဲတဲ့။ အခု ရှေးဟောင်း နတ်ဘုရားများ စစ်တပ်က ငါ့ သူငယ်ချင်း နောက်ကို လိုက်နေကြတယ်လေ။ ငါ ဒီကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ မြေခွေးအကြောင်း ဒါမှမဟုတ် မိုက်ကယ်အိန်ဂျယ်လိုရဲ့ ပြန်လည် ရှင်သန်ရေး အကြောင်း မင်းသိတဲ့ သတင်း အချက်အလက်တချို့ ငါ့ကို ပြောပြပါဦး။"
ရှားလော့ခ်၏ ဟန်ပန်မှာ သူငယ်ချင်း တစ်ဦးနှင့် စကားပြောဆိုကာ ပေါ့ပေါ့ပါးပါး မေးခွန်းများ မေးမြန်းနေ သကဲ့သို့ပင်။ သူ မီးဘီလူးကြီး သူ့ အပေါ် တိုက်ခိုက်လာခြင်းကိုပင် လျစ်လျူရှု ထားခဲ့ပြီး သူ၏ မေးခွန်းများကလည်း မီးဘီလူးကြီးကို စိတ်ဆွနေ သကဲ့သို့ပင်။ မီးဘီလူးကြီးမှာ ရှားလော့ခ်ကို ထိခိုက်မှု ပေးနိုင်ခြင်း မရှိသော်လည်း ၎င်းက သူ့ကို ကျိန်ဆဲခြင်းနှင့် ရမ်းကားစွာ ရိုက်နှက်ခြင်းတို့မှ မတားဆီး နိုင်ခဲ့ပေ။
မီးဘီလူးကြီးက "ငါ မင်းကို ငါ့ ဖိနပ်အောက်က ပုရွက်ဆိတ် တစ်ကောင်လို အပိုင်းပိုင်း ဖြတ်ပစ်မယ်"နှင့် "ငါ မင်းကို ငါ့ သားကို သတ်သလို သတ်ပစ်မယ်" ကဲ့သို့သော အရာများကို အော်ဟစ် နေခဲ့သည်။ သူက ဖိနပ် မဝတ်ဆင်ထားသလို သားတစ်ယောက်လည်း မရှိနေဟူသော အချက်ကိုမူ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။
"ငါ မင်းကို အပိုင်းပိုင်း ဖြတ်တောက်ပစ်မယ်..."
"ငါ နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီက အဖွဲ့ဝင် တစ်ယောက်လောက်ကို ဒီကို လာဖို့ စီစဉ် ပေးနိုင်တယ်လို့ ထင်တာပဲ။ သူတို့လည်း မိုက်ကယ်အိန်ဂျယ်လိုဆီ အမှုထမ်းခဲ့တဲ့ မဟာကြီးကြပ်သူ တစ်ဦးက ဒီနေရာမှာ နေထိုင်နေတယ် ဆိုတာ သိသွားရင် အရမ်း အံ့ဩသွားကြမှာပဲ။ သူတို့ ဒီကို လာကြည့်ကောင်း လာကြည့်ကြလိမ့်မယ်။"
မီးဘီလူးကြီး၏ ကြီးမားသော ခန္ဓာကိုယ်မှာ ပြန်ကျုံ့ဝင်သွားပြီး ရှားလော့ခ်နှင့် အရပ်အမောင်း တူညီသော လူသားပုံသဏ္ဌာန် ဒြပ်စင်သတ္တဝါ တစ်ကောင် ဖြစ်လာ ခဲ့သည်။ နှစ်စက္ကန့်လောက် ချီတုံချတုံ ဖြစ်ပြီးနောက် သူက ရှားလော့ခ်ထက် ခေါင်းတစ်လုံးစာမျှ နိမ့်သော အရပ်အမောင်းသို့ ကျုံ့ဝင် သွားလိုက်သည်။ သူက မီးလျှံစားပွဲ တစ်ခုနှင့် ကုလားထိုင် နှစ်လုံးကို ဖန်တီးလိုက်ပြီး ရှားလော့ခ်အား ဖော်ရွေစွာ ပြောလိုက်သည်။ "အရှင်ရှားလော့ခ်၊ အရှင် အထင်မှားနေတာ ဖြစ်မယ်ဗျ။ ကျွန်တော် ခုနက အရှင်နဲ့ စနောက်နေတာပါ။ အရှင်လည်း ကျွန်တော် စနောက်ရတာ ကြိုက်တယ် ဆိုတာ သိပါတယ်။ ကျွန်တော်က အရှင့်ကို ဘယ်လို လုပ် ထိခိုက်စေနိုင်မှာလဲ။ လာပါ၊ ချော်ရည်တစ်ခွက်လောက် သောက်ပြီး ကောင်းကောင်း စကားပြောကြရအောင်။ အရှင့်မေးခွန်းက ဘာတဲ့လဲ။"
မီးဘီလူးကြီးက ကုလားထိုင် တစ်လုံးကို ညွှန်ပြ ခဲ့သော်လည်း ရှားလော့ခ်မှာ ဝင်ထိုင်ခြင်း မပြုခဲ့ပေ။ ယင်းအစား သူ ပြုံးကာ ပြန်ပြောလိုက်သည်။ "ငါက တားမြစ် နယ်မြေထဲကို ဝင်သွားမိရင် မင်း ငါ့ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်မှာ မဟုတ်ဘူးလား။"
"ကျွန်တော် ဘာဖြစ်လို့ အဲ့လို လုပ်ရမှာလဲဗျ။ အရှင် နောက်နေတာ ဖြစ်ရမယ်။ ကျွန်တော်က စိတ်ကောင်း ရှိပြီး ယဉ်ကျေးတဲ့ သတ္တဝါ တစ်ကောင်ပါ။"
မီးဘီလူးကြီးမှာ မယုံနိုင်ဖွယ် မျက်နှာ အမူအရာ ပြခဲ့သော်လည်း ရှားလော့ခ်မှာ သူ့ကို လုံးဝ မယုံကြည်ပေ။ သူ သူ၏ နေရာတွင်ပင် ရပ်ကာ ပြောလိုက်သည်။ "ငါတို့ မင်းရဲ့ စိတ်ကောင်းရှိတဲ့ အကြောင်း နောက်တစ်နေ့ကျမှ ဆွေးနွေး ကြတာပေါ့။ အရေးကြီးတဲ့ ကိစ္စရပ်တွေကို အရင် ပြောရအောင်။ ငါ အချိန်သိပ်မအားနေဘူး။"
ရှားလော့ခ်က မီးဘီလူးကြီးကို ကြည့်ကာ မေးလိုက်သည်။ "ငါ့ အရင် မေးခွန်းကို ဖြေပါ။ မိုက်ကယ်အိန်ဂျယ်လိုကို ပြန်လည် ရှင်သန်စေနိုင်ပြီး ငါ့ သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နေထိုင်နေတဲ့ မြေခွေး၊ သူက ဘယ်သူလဲ။"
"အဲ၊ သူက မြေခွေး တစ်ကောင် ဖြစ်ပြီး မိုက်ကယ်အိန်ဂျယ်လိုကို ပြန်လည် ရှင်သန်စေနိုင်ရင်.... ခဏနော်၊ တစ်ချက် ပေးစဉ်းစား... သူက နတ်ဆိုး ၇၂ ပါး ထဲက တစ်ပါး ဖြစ်လောက်တယ်။"
မီးဘီလူးကြီး သူ၏ ကုလားထိုင်တွင် ထိုင်ရင်း ခဏမျှ စဉ်းစား နေခဲ့သည်။ ထို့နောက် သူ ပြန်လည် အမှတ်ရလာပုံရပြီး ပြောလိုက်သည်။ "ကျွန်တော် အဲ့ဒီ နတ်ဆိုးအပေါ် မှတ်မှတ်ရရ ရှိနေတယ်ဗျ။ သူက မိုက်ကယ်အိန်ဂျယ်လိုရဲ့ မျက်နှာသာပေးခံရတဲ့ အရည်အချင်း ရှိတဲ့ နတ်ဆိုး တစ်ပါးပဲ။ သူ့ နာမည်က စပျစ်သီး တဲ့။"
"သောက်ကျိုးနည်းပဲဟေ-"
ရှားလော့ခ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဘရုက ပြောလိုက်သည်။ "ဒီလောက် ဆိုးယုတ်တဲ့ နာမည်ကြီး ရှိနေတာ ကြောက်ဖို့တောင် ကောင်းတယ်။ နာမည်နဲ့တင် သူက အားကောင်းပုံ ရနေပြီ။"
ရှားလော့ခ်မှာ ဘရုကို ပြန်မတုံ့ပြန်ခဲ့ပေ။ သူက လေးလေးနက်နက် စဉ်းစားကာ ပြောလိုက်သည်။ "ဒါဆို သူ့ နာမည်က စပျစ်သီးတဲ့လား။ အင်းပါ၊ ငါ့မှာလည်း မှန်းဆချက် တချို့ ရှိတယ်။ သူ့မှာ မိုက်ကယ်အိန်ဂျယ်လိုကို ပြန်လည် ရှင်သန်စေနိုင်တဲ့ စွမ်းဆောင်ရည် ဘယ်လို ရှိနေ တာလဲ။ ငါ သူ့ စွမ်းအားကို မှတ်မိသလိုလို... အဲ၊ ငါ သိပြီ..."
ရှားလော့ခ် သဘောပေါက် သွားသည်။ သူ မီးဘီလူးကြီးကို ကြည့်ကာ ပြောလိုက်သည်။ "စပျစ်သီးရဲ့ စွမ်းအားက ဝိညာဉ်တွေနဲ့ ဆက်စပ် နေတယ် မဟုတ်လား။ မိုက်ကယ်အိန်ဂျယ်လိုရဲ့ ဝိညာဉ်ကို ပြန်ရှာတွေ့နိုင်ရင် စပျစ်သီးက မိုက်ကယ်အိန်ဂျယ်လိုကို ပြန်လည် ရှင်သန်အောင် အသက်သွင်းပေး နိုင်လောက်တယ်။"
ရှားလော့ခ် ခေါင်းညိတ်ကာ ထရပ်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။ မီးဘီလူးကြီးက ရှားလော့ခ်၏ နောက်ကျောကို ကြည့်ကာ အော်ပြော လိုက်သည်။ "နေပါဦး အရှင်ရှားလော့ခ်၊ အရှင် ကျွန်တော့်ရဲ့ တားမြစ်နယ်မြေကို ကူပြီး မဖွင့်ပေးချင်ဘူးလား။ ချိတ်တံဆိပ် ပျက်စီးဖို့က နည်းနည်းပဲ ကျန်တော့တယ်ဗျ။"
"မင်းက ပုံမှန်လေး တိုးတက်နေတာပဲ။ အားတင်းထားလိုက်ပါ။ မင်း နှစ်ရာဂဏန်း အတွင်းမှာ ချိတ်စည်းကို ဖွင့်နိုင်လိမ့်မယ်။"
"နေဦး၊ နေဦးလေ။ အရှင်ရှားလော့ခ်။"
မီးဘီလူးကြီးမှာ မျှော်လင့်ချက် ကင်းမဲ့စွာ အော်ခေါ်လိုက်သည်။
...
ဂျော့ခ်ျက ဂိုဘလင် တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဓားကို ပြင်းထန်စွာ ထိုးစိုက်လိုက်ရာ အစိမ်းရောင် သွေးများ ပျံ့ကျဲ ထွက်လာခဲ့သည်။ အော့ခ် တစ်ဦးက "ဝါးးးးး"ဟု အော်ဟစ်ကာ ရှေ့သို့ ပြေးဝင် တိုက်ခိုက် ခဲ့သော်လည်း အက်လ်ဖ် တစ်ဦး နှင့်သာ တိုက်မိခဲ့သည်။
ဂျော့ခ်ျမှာ အမှောင်ဝင်ပေါက်ဟု ခေါ်သော နေရာရွှေ့ပြောင်း ဝင်ပေါက်ရှေ့တွင် ရပ်နေခဲ့သည်။ အမှောင်ဝင်ပေါက်မှာ မြေပေါ်ကမ္ဘာနှင့် မြေအောက်လောက,ကြားမှ ဆက်သွယ်မှု လမ်းကြောင်း ဖြစ်၏။ ဂျော့ခ်ျက ဗစ်တိုးရီးယား မြို့သားများနောက်သို့ လိုက်ပါကာ ဤအမှောင်ဝင်ပေါက် နေရာသို့ ရောက်လာခဲ့သည်။
ဤခရီးစဉ်အတွင်း ကြောက်မက်ဖွယ်ရာ တိုက်ပွဲ များစွာ ဖြစ်ပွားခဲ့သော်လည်း အမှောင်ဝင်ပေါက်ရှိ တိုက်ပွဲမှာမူ ထိတ်လန်ဖွယ်ရာ အကောင်းဆုံးပင်။
ထာဝရတိုင်းပြည်မှ မြေအောက်လောက သတ္တဝါများကလည်း ဗစ်တိုးရီးယား မြို့သားများ၏ အမှောင်ဝင်ပေါက်ကို တိုက်ခိုက်လာမည့် အစီအစဉ်များကို သိထားသောကြောင့် သူတို့က သူတို့၏ လက်ရှိ ခံတပ်များသို့ သတ္တဝါများ အမြောက်အမြား ဖြန့်ကျက် နေရာချ ထားခဲ့ကြသည်။