ခင်မင်မှု စမ်းသပ်ခြင်း
Vol. 34 Ch. 507
အာသာ မာနာအင်ဂျင်နီယာ ခန်းမဆောင်၏ စင်္ကြံလမ်းတွင် လမ်းလျှောက် နေခဲ့သည်။ ခန်းမဆောင်၏ အလယ်တွင်တော့ ယန္တရားကြီး တစ်လုံး တပ်ဆင် ထားခဲ့သည်။
ခန်းမဆောင်ကြီးကို ဂန်ဒမ်မှ နေရာယူ ထားခဲ့သည်။ ဂန်ဒမ်၏ ခြေထောက်များ ပတ်လည်တွင် ဂိမ်းမာ များစွာ ရှိနေခဲ့၏။ မာနာအင်ဂျင်နီယာ ယိုဒါလည်း ရှိနေခဲ့သည်။
သူ ဂိမ်းမာများကို မာနာအင်ဂျင်နီယာ ပညာရပ် အသိပညာများ သင်ကြားပေး နေခဲ့သည်။ ရှားလော့ခ်က သူနှင့် စကားပြောဆိုပြီးနောက် ယိုဒါက လျှော်ကြိုးနည်းပညာရှင် နှင့်အတူ မာနာကိရိယာ အသစ်များ သုတေသန ပြုလုပ်ခြင်းထက် ဂိမ်းမာများကို သင်ကြားပေးခြင်းအပေါ် အာရုံစိုက်စ ပြုလာခဲ့သည်။
သို့သော် ယိုဒါမှာ ဂိမ်းမာများ နှင့်အတူ မာနာလက်နက် အသစ်များ သုတေသန ပြုလုပ်ခြင်းကို လက်မလျှော့ခဲ့ပေ။ လျှို့ဝှက် ဆန်းကြယ်သော နည်းပညာဖြင့် ဖန်တီးထားခဲ့သော ဂန်ဒမ်မှာ တတိယမျိုးဆက်သို့ပင် ရောက်ရှိနေလေပြီ။ ထိုစီမံကိန်းကို ရှားလော့ခ်မှ ရန်ပုံငွေ ထောက်ပံ့ပေးခဲ့သည်။
"အာသာ။"
အာသာ မာနာအင်ဂျင်နီယာ ခန်းမဆောင်ထဲသို့ လမ်းလျှောက် ဝင်ရောက်လာစဉ် အော့ခ် တစ်ဦး သူ၏ ထံသို့ ရောက်လာသည်။ ဆယ်ဗားနပ်စ်မှာ ပျော်ရွှင်နေပုံ ရ၏။ သူမက နှစ်လိုဖွယ် အသွင်အပြင် တစ်ခု ဖန်တီးရန် ကြိုးစား ခဲ့သော်လည်း အော့ခ်၏ မျက်နှာမှာ ရုပ်ဆိုးလှ၏။ ဂိမ်းမာများမှာက သူတို့၏ အသွင်အပြင်များကို များများစားစား စိတ်မဝင်စား ခဲ့ကြပေ။ အချို့ နှစ်လိုဖွယ် ဇာတ်ကောင်များမှာ လူကြိုက်မများ ခဲ့သော်လည်း ရုပ်ဆိုးသော ဇာတ်ကောင်များ မှာမူ လူကြိုက်များခဲ့သည်။
"ဘာကိစ္စလဲ။" အာသာ သိချင်စိတ် ပြင်းပြစွာ မေးလိုက်စဉ် ဆယ်ဗားနပ်စ် သူ၏ လက်ကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်လိုက်သည်။
အော့ခ်များမှာ ပင်ကိုယ်ကပင် အားကောင်းသောကြောင့် အာသာ၏ လက်မှ တဂျွတ်ဂျွတ်အသံများပင် ထွက်လာခဲ့သည်။
"သူတို့က အစ်ကို အာသာကို ဗစ်တိုးရီးယားမြို့ တိုက်ခိုက်တာမှာ သူတို့ကို ဦးဆောင် စေချင်နေကြတယ်။ အစ်ကို အာသာ၊ ကျေးဇူးပြုပြီး သူတို့ကို ဦးဆောင်ပေးပါလား။ တိုက်ပွဲတွေက ပိုပြင်းထန်လာနေပြီ။"
အာသာက အနေရခက်စွာ သူ၏ လက်ကို ပြန်ဆွဲလိုက်သည်။ ဆယ်ဗားနပ်စ်က အလွန် တင်းကြပ်စွာ ဆုပ်ကိုင် ထားသောကြောင့် သူ၏ လက်မှ အရိုးအသားစုတ်ပြဲသံများပင် ထွက်လာခဲ့သည်။
ဆယ်ဗားနပ်စ်မှာ ရှက်ရွံ့စွာဖြင့် သူမ၏ ဆုပ်ကိုင်ထားမှုကို လွှတ်ပေးလိုက်သည်။ သူမက အာသာ သူမကို လျစ်လျူရှုနေသည်ကို သတိထား မိလိုက်သည်။
"တခြား အစည်းအရုံး ဥက္ကဌတွေက သူတို့ရဲ့ ဗစ်တိုးရီးယားမြို့အပေါ် တိုက်ခိုက်မှုတွေကို မဦးဆောင် ပေးနေကြဘူးလား။" အာသာ မေးလိုက်သည်။
"တိုက်ပွဲရဲ့ အခြေအနေက ကောင်းတယ်လို့ ငါ ပြန်ကြားတယ်။ မင်း လုယူပစ္စည်းတွေ အများကြီး စုဆောင်းမိခဲ့လား။ ငါက အခု ဂန်ဒမ်မစ်ရှင်နဲ့ အလုပ်များနေတယ်လေ။"
"အစည်းအရုံးတွေက အလကား လျှောက်ကြွားနေတာ သက်သက်ပဲ။ ငါတို့က အမှောင်ဝင်ပေါက်ကို ပြန်မထိန်းချုပ်နိုင်သေးဘူး။ ဒုတိယအကြိမ် အုပ်စုစစ်ပွဲ တိုက်ပွဲစစ်ဆင်ရေးက မကြာခင် စတော့မယ်။ အဲ့ဒီ ဗစ်တိုးရီးယား မြို့သားတွေက အမှောင်ဝင်ပေါက်နဲ့ လမ်းဆုံလမ်းခွ ကင်းစခန်းကို ထိန်းချုပ် ထားကြတယ်။ ငါတို့ ပြန်မတိုက်ခိုက်ရင် ငါတို့ သေချာပေါက် ရှုံးမှာ။" ဆယ်ဗားနပ်စ် သူမ၏ လက်များကို ပိုက်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။
ဆယ်ဗားနပ်စ်မှာ လွန်ခဲ့သော တိုက်ပွဲ အနည်းငယ်တွင် ပါဝင် ဆင်နွှဲခဲ့သောကြောင့် သူမက တိုက်ပွဲ အခြေအနေနှင့် အကျွမ်းတဝင် ရှိနေခဲ့သည်။ အကယ်၍ အမှောင်ဝင်ပေါက်နှင့် လမ်းဆုံလမ်းခွ ကင်းစခန်းကိုသာ ဗစ်တိုးရီးယား မြို့သားများမှ ထိန်းချုပ်ထား နိုင်ခဲ့ပါက ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကို အနိုင် ယူနိုင်လိမ့်မည် မဟုတ်ပေ။
အကြောင်းမှာ ဗစ်တိုးရီးယားမြို့မှ လမ်းဆုံလမ်းခွ ကင်းစခန်းသို့ သွားရသည့် ခရီးမှာ ထာဝရတိုင်းပြည်မှ ကင်းစခန်းသို့ သွားရသည့် ခရီးထက် ပိုတိုတောင်းသော ကြောင့်ပင်။
အကယ်၍ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အမှောင်ဝင်ပေါက်ကို မထိန်းချုပ် နိုင်ခဲ့ပါက ဗစ်တိုးရီးယား မြို့သားများမှာ လမ်းဆုံလမ်းခွ ကင်းစခန်းကို အလျင်အမြန် ပြန်လည်၍ အင်အားဖြည့်တင်း နိုင်ပေမည်။ လမ်းဆုံလမ်းခွ ကင်းစခန်းရှိ ဂိမ်းမာများမှာလည်း အမှောင်ဝင်ပေါက်ရှိ ဂိမ်းမာများကို အင်အားဖြည့်တင်း ပေးနိုင်ပေမည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ နေရာ အနေအထား အားနည်းချက် ရှိနေ ခဲ့ကြသည်။
အာသာမှာ အခြေအနေများက ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အပေါ် ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွား လိမ့်မည်ဟု မမျှော်လင့် ထားပေ။
သူ စဉ်းစားကာ ပြန်ပြောလိုက်သည်။ "ဘောင်းဘီမဝတ်သူကို ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို တိုက်ပွဲထဲ ဦးဆောင် ခိုင်းလိုက်ပါ။ သူကလည်း အရည်အချင်း ရှိတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။ ငါ ဂန်ဒမ်မစ်ရှင် နဲ့ အလုပ်များနေတယ်..."
ဆယ်ဗားနပ်စ်က အာသာကို ကြားဖြတ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အစ်ကို အာသာ။ နင် မရှိရင် ငါတို့ ဗစ်တိုးရီးယား ခွေးတွေကို အနိုင်ယူဖို့နည်း မရှိဘူး။ သူတို့က မောက်မာကြတယ်။ ငါတို့ သူတို့ကို သင်ခန်းစာ တစ်ခု ပေးသင့်တယ်။"
ညစ်ပတ်သော ဂိုဘလင် တစ်ဦး ရောက်လာခဲ့သည်။ သူ့ပုံစံမှာ ကျောက်မီးသွေးတွင်း တစ်ခုမှ ယခုမှ ထွက်လာခဲ့ သကဲ့သို့ပင်။ ထိုသူမှာ လျှော်ကြိုးနည်းပညာရှင် ဖြစ်၏။
"အာသာ၊ မင်း ဘာဖြစ်လို့ ဒီကို ရောက်နေ တာလဲ။ တတိယမျိုးဆက် ဂန်ဒမ်ကို စမ်းကြည့်ပါဦးဟ။ ငါ အဲ့ဒါကို အဆင့် မြှင့်တင်ဖို့ တော်တော်လေး ကြိုးစားခဲ့ရတာ။" လျှော်ကြိုးနည်းပညာရှင်က အာသာအား အော်ပြော လိုက်သည်။ ထို့နောက် သူ ဆယ်ဗားနပ်စ်ကို သတိပြု မိသွားပြီး သူမကို နှုတ်ဆက်လိုက်သည်။
အာသာ ဆယ်ဗားနပ်စ်ထံမှ လွတ်မြောက်ရန် ဤအခွင့်အရေးကို အသုံးပြုကာ လျှော်ကြိုးနည်းပညာရှင် နှင့်အတူ ပြန်ထွက်ခွာ သွားခဲ့သည်။
လျှော်ကြိုးနည်းပညာရှင်မှာ သူ သူမ၏ အစီအစဉ်ကို ဖျက်ဆီးခဲ့မိကြောင်းကို မသိဘဲ သူမ၏ ပြင်းထန်သော အကြည့်ကိုလည်း သတိမပြုမိခဲ့ပေ။
ဆယ်ဗားနပ်စ် ပြန်ထွက်ခွာသွားမှသာ လျှော်ကြိုးနည်းပညာရှင်က အာသာကို သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဘာကိစ္စလဲ။ မင်း ညီမဗားနပ်စ်ကို ရှောင်နေတာလား။ မင်း သူနဲ့ ရန်ဖြစ်ခဲ့ကြတာလား။ မင်းရဲ့ ဒိုင်း လုပ်ရတာ ခက်ခဲတယ်ကွာ။ မင်း မင်းရဲ့ အစည်းအရုံး အတွက် မစိုးရိမ်ဘူးလား။ ဒါက ဗစ်တိုးရီးယား ခွေးတွေနဲ့ စစ်ပွဲရဲ့ အရေးကြီးတဲ့ အချိန်အခါ တစ်ခုပဲ။ မင်း ဒီတိုက်ပွဲကို မဦးဆောင်ချင်ဘူးဆိုတာ သေချာသလား။"
လျှော်ကြိုးနည်းပညာရှင် မေးခွန်း များစွာ မေးလိုက်သော်လည်း အာသာမှာ ခဏမျှ ချီတုံချတုံ ဖြစ်ကာ ပြန်မတုံ့ပြန်ခဲ့ပေ။ သူ လျှော်ကြိုးနည်းပညာရှင်၏ ပခုံးကို အသာအယာ ပုတ်ကာ ပြောလိုက်သည်။ "ငါ သူ့ကို တမင် ရှောင်နေတာ မဟုတ်ပါဘူး။ ငါ့ အချစ်ရေးက ရှုပ်ထွေးနေတယ်။ ငါ ကိုယ့်ကိုယ်ကို ပြန်ပြင်ဆင် နေပါတယ်ကွာ။"
အာသာက ပေါ့ပေါ့ပါးပါး ပြောဆိုကာ မာနာအင်ဂျင်နီယာ ခန်းမဆောင်ဘက်သို့ လျှောက်သွားခဲ့သည်။ သူက တတိယမျိုးဆက် ဂန်ဒမ်ကို စမ်းသပ်ရန် သွားရောက်နေခြင်း မဟုတ်ပေ။ မစ်ရှင် မရှိဘဲ မည်သူမျှ ဂန်ဒမ်အတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ အာသာပင်လျှင် မဝင်ရောက်နိုင်ပေ။
အာသာမှာ ဆယ်ဗားနပ်စ်ကို ရှောင်နေခဲ့ခြင်းသာ ဖြစ်၏။
လျှော်ကြိုးနည်းပညာရှင်က အာသာနှင့် ဆယ်ဗားနပ်စ် ထွက်ခွာသွားသော လမ်းကြောင်းကို တစ်လှည့်စီ ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းခါကာ အော့ဖ်လိုင်း ဆင်းရန် နေရာ တစ်ခု ရှာဖွေလိုက်သည်။
ပုံမှန်မဟုတ်သော ထိုအခြေအနေကို ဆယ်ဗားနပ်စ်နှင့် အာသာတို့၏ သူငယ်ချင်းကောင်းများလည်း သတိပြု မိခဲ့ကြသည်။
ထာဝရတိုင်းပြည်ရှိ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ ခံတပ်တွင်။
"အစ်ကို ဘောင်းဘီ၊ မင်း ညီကိုအာသာနဲ့ ညီမဗားနပ်စ် ထူးဆန်းနေတယ်လို့ မထင်ဘူးလား။ သူတို့ ကြားမှာ တစ်ခုခု ဖြစ်ခဲ့သေးလား။ ငါ အခု သူတို့ကို တတွဲတွဲ တွေ့ရခဲသွားပြီ။" ဂနိုင်သား ဘောင်းဘီမဝတ်သူအား လှမ်းပြောရင်း မီးဖိုဘေးတွင် ထိုင်ကာ သူ၏ ဒိုင်းကို ပြုပြင်ရန် တူကြီးတစ်လက် အသုံးပြုနေခဲ့သည်။
"အာသာက အထူးမစ်ရှင် တစ်ခု ရထားပြီး အဲ့ဒါကို လုပ်နေရလို့ အလုပ်များနေတယ်တဲ့။"
ထိုအရာမှာ ဘောင်းဘီမဝတ်သူ ပြန်ပြောခဲ့သော အရာ ဖြစ်သော်လည်း ဂနိုင်သားမှာ တိုးတိုးလေး ပြန်ပြောလိုက်သည်။ "မဟုတ်ဘူးနော်၊ ငါတော့ ဘော့စ်အာသာနဲ့ မိုးလက်ဖက်ရည်တို့ တွဲနေကြတယ်လို့ ကြားနေရတယ်။"