ဒုတိယ အုပ်စုစစ်ပွဲ တိုက်ပွဲစစ်ဆင်ရေး
Vol. 34 Ch. 508
"ဘာကြီးလဲ။ သူတို့က တွဲနေကြတာလား။ အဲ့ဒါက ကောလာဟလ သက်သက်မလား။" ဘောင်းဘီမဝတ်သူ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ သူ၏ မျက်နှာအမူအရာ အရဆိုလျှင် ၎င်းမှာ သူ ထိုအကြောင်းကို ပထမဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်ရမည်။ သူက အာသာ ဆယ်ဗားနပ်စ်ကို ရှောင်နေကြောင်း သိထားပြီး အာသာက ဆယ်ဗားနပ်စ်ကို အလွန် ရင်းရင်းနှီးနှီး မနေစေလိုဟုသာ ထင်ခဲ့သည်။ အာသာမှာ ဆယ်ဗားနပ်စ်ကို ဘယ်တော့မှ မကြိုက်ခဲ့ပေ။ ယင်းအစား အာသာမှာ မိုးလက်ဖက်ရည်အပေါ်တွင်တော့ ပိုမို ကောင်းမွန်သော အထင်အမြင် ရှိပုံရသည်။
အာသာမှာ သူ၏ အချစ်ရေးကို တိုးတက်အောင် ပြုလုပ်ရန် အစပြုမည် မဟုတ်ပေ။ သူငယ်ချင်းများအဖြစ် အနေရခက်ခြင်းကို ကာကွယ်ရန် အာသာက ဆယ်ဗားနပ်စ်ကို ပါးပါးနပ်နပ် ရှောင်ရှား ခဲ့သည်။ ထိုအရာမှာ ဘောင်းဘီမဝတ်သူ ထင်ခဲ့သော အရာပင်။ သူ ဂနိုင်သားထံမှ ထိုကောလာဟလကို ကြားသိသောအခါ စိုးရိမ် လာခဲ့သည်။ အာသာက မိုးလက်ဖက်ရည် နားလည်မှု မလွဲစေရန် ဆယ်ဗားနပ်စ်ကို ရှောင်နေခဲ့ခြင်း ဖြစ်နိုင်သလော။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက ၎င်းမှာ ပြဿနာကြီး တစ်ခု ဖြစ်ပေလိမ့်မည်။ ဆယ်ဗားနပ်စ်မှာ ယင်းအမှန်တရားကို လက်ခံနိုင်မည် မဟုတ်ပေ။
ဘောင်းဘီမဝတ်သူမှာ ကိစ္စရပ်များ ဤမျှ လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ သူ ဂနိုင်သားကို အမီလိုက်နေစဉ် ဂနိုင်သားက တစ်ချက် စဉ်းစားကာ ပြောလိုက်သည်။ "ငါက တခြား တစ်ယောက်ဆီကနေ ကြားခဲ့တာ၊ ပြီးတော့ သက်သေ အထောက်အထားလည်း မရှိသေးဘူး။ အာသာနဲ့ မိုးလက်ဖက်ရည်တို့ တွဲနေကြတာ ဆိုရင် အာသာနဲ့ ဆယ်ဗားနပ်စ်တို့ရဲ့ အခုအပြုအမူကို နားလည်ဖို့ ပိုလွယ်ကူတယ်။ မင်းကော အဲ့လို မထင်ဘူးလား။"
"အဓိပ္ပာယ်ကို မရှိဘူး။ ကောလာဟလတွေ မဖြန့်နဲ့ဟ။ ငါတို့ ဒီကိစ္စမှာ လက်ရှောင်ကြရအောင်။ ငါ ဆယ်ဗားနပ်စ်ကို အာသာကို ဆက်မနှောင့်ယှက်ဖို့ ပြောပေးမယ်။ ယောက်ျားကောင်း တစ်ယောက်အနေနဲ့ ဆယ်ဗားနပ်စ်က ငါတို့ရဲ့ ခင်မင်မှုကို ပေါ့ပေါ့ဆဆ သဘောထားမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။"
ဂနိုင်သား ပြန်မေးလိုက်သည်။ "အစ်ကို ဘောင်းဘီ၊ မင်း ညီမဗားနပ်စ်ကို ယောက်ျား တစ်ယောက်လို့ ထင်နေတုန်းလား။"
"မင်းဟာကိုက အဓိပ္ပာယ် မရှိဘူး။ ဟုတ်တယ်လေ၊ ဆယ်ဗားနပ်စ်က ယောက်ျားတစ်ယောက်ပဲ ဥစ္စာ။"
ဂနိုင်သား ခေါင်းတဆတ်ဆတ် ညိတ်ကာ တိတ်ဆိတ် နေခဲ့သည်။
ဂနိုင်သား ထွက်ခွာ သွားပြီးနောက် ဘောင်းဘီမဝတ်သူ ပြန်စဉ်းစားကာ သက်ပြင်း ချလိုက်သည်။
သူ့တွင် ဂိမ်းကောင်း တစ်ခု ကစားရန်သာ ဆန္ဒရှိခဲ့သည်။ အဘယ်ကြောင့် ဤမျှ များပြားသော ဒုက္ခများ ရှိနေရသနည်း။
ဘောင်းဘီမဝတ်သူက ဂနိုင်သားအား အတွေးမလွန်နေရန် သတိပေး ခဲ့သော်လည်း သူက အာသာကို ချက်ချင်း ဆက်သွယ်ခဲ့သည်။ သူ အာသာနှင့် ထိုကိစ္စကို ရှင်းလင်းလိုခဲ့သည်။
ဘောင်းဘီမဝတ်သူမှာ သူ၏ မေးခွန်းများကို တိုက်ရိုက် မေးခဲ့ပြီး အာသာမှာလည်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။ "ငါ ဆယ်ဗားနပ်စ်ကို ရှောင်နေတာ မဟုတ်ပါဘူးဆို။ ငါ တကယ် လျှို့ဝှက် မစ်ရှင် တစ်ခု လုပ်နေတာ။ မစ်ရှင် ပြီးမြောက်ရင် ငါ မင်းကို ပြောပြပါ့မယ်။"
လျှို့ဝှက် မစ်ရှင်တဲ့လား။ ဘောင်းဘီမဝတ်သူမှာ စိတ်ရှုပ်ထွေး နေခဲ့သည်။ သူ ပိုမို မေးမြန်းလို ခဲ့သော်လည်း အာသာမှာ နှုတ်ပိတ်နေရန် ဆုံးဖြတ်ခဲ့သည်။ မိုးလက်ဖက်ရည်နှင့် တွဲနေခြင်းအကြောင်း မေးမြန်းသည့် အခါတွင်တော့ အာသာက ငြင်းခဲ့သည်။ အာသာမှာ သူ ဆယ်ဗားနပ်စ်ကို ရှောင်နေခြင်း မဟုတ်ကြောင်းလည်း ပြောခဲ့သည်။ ယင်းအစား သူက လျှို့ဝှက် မစ်ရှင် တစ်ခု လုပ်ဆောင်နေပြီး လူတိုင်းကို ရှောင်နေခဲ့ခြင်းသာ ဖြစ်၏။
ဘောင်းဘီမဝတ်သူမှာ အာသာ၏ စကားများကို ယုံကြည်ရန် မှတစ်ပါး တခြား ရွေးချယ်စရာ မရှိပေ။
သို့သော် ဘောင်းဘီမဝတ်သူမှာ စိုးရိမ် နေဆဲပင်။ အကြောင်းမှာ ဆယ်ဗားနပ်စ်မှာ အာသာအပေါ် မျှော့်လင့်ထားကြောင်း သူ သိနေသောကြောင့်ပင်။ ဆယ်ဗားနပ်စ်မှာ အချိန်ကိုက်ဗုံး တစ်လုံး ကဲ့သို့ပင်။ ဘောင်းဘီမဝတ်သူပင်လျှင် အာသာမှာ ဆယ်ဗားနပ်စ်ထက် မိုးလက်ဖက်ရည် အပေါ် ပိုမို နှစ်သက်ကြောင်း တွေ့နိုင်သည်။
ဤသည်မှာ သူတို့၏ ခင်မင်မှု အတွက် ခက်ခဲသော စမ်းသပ်မှု တစ်ခု ဖြစ်၏။
ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ကြားမှ များပြားလှသော ပဋိပက္ခများကြောင့် ဒုတိယ အုပ်စုစစ်ပွဲမှာ ပေါက်ကွဲထွက်ပေါ် လာခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ ဂိမ်းမာများ၏ ပစ်မှတ်မှာ လမ်းဆုံလမ်းခွ ကင်းစခန်း မဟုတ်တော့ဘဲ ဗစ်တိုးရီးယား မြို့သားများ ထိန်းချုပ်ထားသော အမှောင်ဝင်ပေါက် ဖြစ်၏။
[မစ်ရှင်ခေါင်းစဉ်: အုပ်စုစစ်ပွဲ တိုက်ပွဲစစ်ဆင်ရေး အဆင့်နှစ်
မစ်ရှင်ဖော်ပြချက်: ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့တို့ ကြားမှ ပဋိပက္ခမှာ ဖြေရှင်း၍ မရနိုင်တော့ပေ။ ပထမအဆင့် အုပ်စုစစ်ပွဲ အပြီးတွင် ဗစ်တိုးရီးယား မြို့သားများက လမ်းဆုံလမ်းခွ ကင်းစခန်းကို ထိန်းချုပ် နိုင်ခဲ့ကြသည်။ ယင်းပိုင်ဆိုင်မှုအား ပြောင်းလဲရန် အချိန်တန်လေပြီ။ ထာဝရတိုင်းပြည်က အမှောင်ဝင်ပေါက်ကို တိုက်ခိုက် ရမည်။ ဗစ်တိုးရီးယားမြို့က ထာဝရတိုင်းပြည်၏ တိုက်ခိုက်မှုမှ အမှောင်ဝင်ပေါက်ကို ကာကွယ် ထားနိုင်မည်လော။
မစ်ရှင်ရည်မှန်းချက်: အမှောင်ဝင်ပေါက်ကို ထိန်းချုပ်မှု ရယူပါ (ညနေ ၇ နာရီမှ ည ၁၀ နာရီအထိ)။
မစ်ရှင်ဆု: တိုက်ပွဲ စစ်ဆင်ရေး ပြီးဆုံးပြီးနောက် အမှောင်ဝင်ပေါက်ကို ထိန်းချုပ်ထားနိုင်သော အုပ်စုမှာ တစ်ကြိမ်တည်းဆု တစ်ခုနှင့် အမှောင်ဝင်ပေါက်နှင့် ချိတ်ဆက်ထားသော အုပ်စုနေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု ရရှိ ပေလိမ့်မည်။
မစ်ရှင်မှတ်စုများ : လမ်းဆုံလမ်းခွ ကင်းစခန်းရှိ ဗစ်တိုးရီးယား မြို့သားများ၏ အကျိုးကျေးဇူးများ အဆုံးသတ်ခြင်း ခံရ ပေလိမ့်မည်။]
ဂိမ်းမာများ အားလုံး စိတ်လှုပ်ရှား နေခဲ့ကြသည်။ အကြောင်းမှာ အမှောင်ဝင်ပေါက်နှင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု ဆိုသည်က သူတို့၏ မြေပေါ်ကမ္ဘာ သို့မဟုတ် မြေအောက်လောကသို့ ခရီးသွားချိန်ကို တစ်ဝက်မျှ လျှော့ချပေး ပေလိမ့်မည်။
၎င်းမှာ တိုက်ခိုက်ခြင်းကို နှစ်သက်သော ဂိမ်းမာများ အတွက် ကြီးမားသော အပေးအယူ တစ်ခု ဖြစ်၏။
ပိုမို နီးကပ်သော ပြန်လည် ရှင်သန်ရေး နေရာ တစ်ခုက သူတို့၏ စစ်ကူများ ပိုမို လျင်မြန်စွာ ရောက်ရှိလာမည်ဟု ဆိုလိုသည်။ လွင်ပြင်ရှိ ပဋိပက္ခများတွင် သူတို့ဘက်မှ အသာစီး ရပေလိမ့်မည်။
လွင်ပြင်ရှိ တိုက်ပွဲ တစ်ခုက သိမ်းယူပစ္စည်းများ ပိုမို များပြားခြင်းကို ဆိုလိုသည်။ ထို့ကြောင့် အုပ်စုနှစ်ခုလုံး အတွက် အမှောင်ဝင်ပေါက်ကို ထိန်းချုပ်မှု ရယူနိုင်ရန် အရေးကြီးလှ၏။
အုပ်စုနှစ်ခုလုံး တိုက်ပွဲစစ်ဆင်ရေး အတွက် ပြင်ဆင်ရန် သူတို့၏ အင်အားစုများကို စုစည်း ခဲ့ကြသည်။
အုပ်စုစစ်ပွဲ မစတင်မီ အုပ်စုနှစ်ခုလုံးမှာ များပြားလှသော တိုက်ပွဲငယ်များ ဆင်နွှဲနှင့်ပြီး ဖြစ်နေခဲ့သည်။ ထာဝရတိုင်းပြည်တွင်တော့ ဆောင်းတောင်ကုန်းမြို့နှင့် တခြား ဒန်ဂျင်များမှ လေ့လာသူများ ရှိနေခဲ့ပြီး ဗစ်တိုးရီးယားမြို့တွင်တော့ နတ်ဘုရား တိုင်းပြည်မှ လေ့လာသူများ ရှိနေခဲ့သည်။
လေ့လာသူများမှာ ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့တို့ ကြားမှ အမှန်တကယ် ဆက်ဆံရေးကို မသိကြပေ။ သူတို့ အတွက်မူ ၎င်းမှာ ကျူးကျော်စစ် တစ်ခု ဖြစ်၏။ ဗစ်တိုးရီးယားမြို့ ဖြစ်စေ၊ ထာဝရတိုင်းပြည် ဖြစ်စေ ထိုသူတို့မှာ သူတို့၏ ကမ္ဘာများကို ကာကွယ်သူများ ဖြစ်ကြ၏။
တခြား ဒန်ဂျင်အရှင်များမှာ စိတ်လှုပ်ရှား နေခဲ့ကြသော်လည်း သူတို့တွင် ထာဝရတိုင်းပြည်ကို ဝင်ရောက်ကူညီရန် ရည်ရွယ်ချက် မရှိခဲ့ကြပေ။ လေ့လာသူများမှာလည်း ထာဝရတိုင်းပြည်မှ စစ်သည်တော်များ ကိုသာ ရှေ့တန်းတွင် ရှိနေ စေလိုခဲ့ကြသည်။
ဘုရင်၏ ချီးကျူးခြင်းကို ခံရပြီးနောက် ဗိုလ်ချုပ်ရှီဒန်က ဗစ်တိုးရီးယား တောအုပ်ပတ်လည်ရှိ ဧရိယာများကို မြေအောက်လောက သတ္တဝါများထံမှ အခါအားလျော်စွာ ရှင်းလင်းခဲ့သည်။
သူ ဗစ်တိုးရီးယား တောအုပ်ကို ကျူးကျော် ဝင်ရောက်လာသော မြေအောက်လောက သတ္တဝါများနှင့် တိုက်ခိုက် နေခဲ့သည်။ ဗိုလ်ချုပ်ရှီဒန်မှာ ရန်သူများက သူ့ အတွက် လာနေကြောင်း သိနေသည်။ ဤမြေအောက်လောက သတ္တဝါများ အားလုံးက ဗိုလ်ချုပ်ရှီဒန်၏ စစ်တပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ဗိုလ်ချုပ်ရှီဒန်က သူ၏ အောင်ပွဲသတင်းများကို ဘုရင်အား သတင်းပို့ခဲ့သည်။ သူ့အတွက်မူ စစ်ပွဲမှာ ဂျော့ခ်ျက သူ၏ ဖြူဖွေးသောမြင်းဖြူကြီးကို စီးနင်း၍ ဗစ်တိုးရီးယားမြို့သား အုပ်စုကြီး တစ်ခု၏ လိုက်ပါပို့ဆောင်မှုဖြင့် သူ့ ရှေ့သို့ ရောက်ရှိလာသည်အထိ ချောမွေ့ နေခဲ့သည်။
ဂိုးလ်ရှိုင်းယားမြို့ရှိ ဗစ်တိုးရီးယားမြို့သားက ဂျော့ခ်ျ ဘာလုပ်ခဲ့သည်နှင့် နေ့စဉ် ဘာစားသုံးခဲ့သည်ကို ဂျော့ခ်ျ အသက်ရှင်နေဆဲ ဖြစ်သကဲ့သို့ ဖော်ပြ ခဲ့သော်လည်း ဗိုလ်ချုပ်ရှီဒန်မှာတော့ ရက်ပေါင်း များစွာ ပျောက်ကွယ်နေပြီးနောက်တွင် သူ သေဆုံးသွားပြီဟု ယုံကြည်ထားသည်။ ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယားမြို့သားက လိမ်ညာစကားများဖြင့် သူ့ကို လိမ်လည် လှည့်ဖြားရန် ကြိုးစားနေသည်ဟုလည်း ထင်ခဲ့သည်။ ဗစ်တိုးရီးယားမြို့သား၏ အပြုအမူမှာ ဗိုလ်ချုပ်ရှီဒန်က သူ့ကို ယုံကြည်ပေးရန် အတွက် အလွန် ထူးဆန်းလွန်း နေသည်။
ဂျော့ခ်ျ သူ၏ ရှေ့တွင် ထွက်ပေါ်လာသည့်အခါ ဗိုလ်ချုပ်ရှီဒန်မှာ ထိတ်လန့် သွားခဲ့သည်။ သို့သော် သူက တည်ငြိမ်စွာ ပြုမူကာ ဂျော့ခ်ျကို လက်နှစ်ဖက်ဆန့်တန်း၍ ကြိုဆိုရင်း ပြောလိုက်သည်။ "ဆာဂျော့ခ်ျ၊ အရှင် အသက်ရှင်နေတုန်းပဲ။ အရှင် သေဆုံးသွားပြီလို့ ပြောခဲ့တဲ့ လူတွေကို ကျွန်တော် မယုံကြည်ခဲ့ပါဘူး။ အရှင်က မြင့်မြတ်သော အရှင်သခင်ရဲ့ ကောင်းချီးမင်္ဂလာ ရရှိထားတယ်။"
ဗိုလ်ချုပ်ရှီဒန်မှာ စိတ်လှုပ်ရှား နေပုံရသော်လည်း ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျမှာ စိတ်လှုပ်ရှားခြင်း မရှိခဲ့ပေ။ သူ သူ၏ မြင်းပေါ်မှ ဆင်းသက်ကာ ဗိုလ်ချုပ်ရှီဒန်အား ပြောလိုက်သည်။ "အခုက စစ်မြေပြင်မှာ အမီလိုက်ဖို့ အချိန် မရှိတော့ဘူး။ ငါတို့ အရှင့်ကို စစ်တပ်ကို ဗစ်တိုးရီးယားမြို့ထဲကို ရွှေ့ပြောင်းပေးဖို့ လိုတယ်။ ထာဝရတိုင်းပြည်က အဲ့ဒီ သတ္တဝါတွေက အမှောင်ဝင်ပေါက်ကို ဝင်တိုက်ခိုက် တော့မယ်။"
"အမှောင်ဝင်ပေါက်တဲ့လား။"
ဗိုလ်ချုပ်ရှီဒန်မှာ ထိတ်လန့် သွားခဲ့သည်။ ထိုအရာမှာ မြေအောက်လောကနှင့် ချိတ်ဆက်ထားသော လူသိများသည့် တစ်ခု တည်းသော ဝင်ပေါက်လည်း ဖြစ်၏။
"နေဦး၊ မင်း အဲ့ဒီ သတင်း အချက်အလက်ကို ဘယ်က ရခဲ့တာလဲ။ ဒါက ယုံကြည်စိတ်ချရရဲ့လား။ ဒါက သတင်းအမှား ဖြစ်နေနိုင်မလား။"
ဗိုလ်ချုပ်ရှီဒန်မှာ ဂျော့ခ်ျက ဗစ်တိုးရီးယား မြို့သားများ၏ ထိန်းချုပ်ခြင်းကို ခံနေရနိုင်သည်ဟု စဉ်းစားကာ ချီတုံချတုံ ဖြစ်နေခဲ့သည်။ ထိုဗစ်တိုးရီးယား အရူးများမှာ မည်သည့် အရာမဆို ပြုလုပ်နိုင်စွမ်း ရှိကြ၏။
သူက ဗစ်တိုးရီးယား မြို့သားများကို မယုံကြည်ပေ။ သူက အမှောင်ဝင်ပေါက်သို့ စွန့်စား၍ သွားရောက်မည့်အစား ဗစ်တိုးရီးယား တောအုပ်၏ နယ်နိမိတ်တွင်သာ နေထိုင် လိုခဲ့သည်။
၎င်းမှာ အလွန် အန္တရာယ်များလှ၏။ ချောင်းမြောင်း တိုက်ခိုက်မှုများ ရှိ၊မရှိကို မည်သူမျှ အာမ,မခံနိုင်ပေ။ ဗစ်တိုးရီးယား မြို့သားများက ထိုအမှောင်ဝင်ပေါက်ကို ထိန်းချုပ်ထားကြောင်း အခိုင်အမာ ပြောခဲ့သော်လည်း ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယား မြို့သားများက စိတ်ဓာတ်ကြံ့ခိုင်မှု သက်သက်ဖြင့် မြေအောက်လောက သတ္တဝါများကို အနိုင် ယူနိုင်မည်ကို မယုံပေ။ သူလည်း အော့ခ်များနှင့် အရင်က တိုက်ပွဲတွင် တိုက်ခိုက် ခဲ့ဖူးသည်။ ထို ၃ မီတာမျှ အရပ်ရှည်သော အော့ခ်များကို ပိန်သွယ်သွယ် ဗစ်တိုးရီးယား မြို့သားများ မည်ကဲ့သို့ အနိုင် ယူနိုင်မည်နည်း။ ထို့အပြင် အဆုံး မရှိသော မြေအောက်လောက သတ္တဝါများ ရှိနေခဲ့၏။ သူတို့မှာ သန်းကောင်များ ကဲ့သို့ပင် မရေမတွက်နိုင်အောင် များပြားလှ၏။
သို့သော် ဂျော့ခ်ျမှာ ယုံကြည်ချက် ရှိစွာ ပြောဆိုခဲ့သဖြင့် ဗိုလ်ချုပ်ရှီဒန်မှာ ချီတုံချတုံ ဖြစ်နေခဲ့သည်။ ဗိုလ်ချုပ်များမှာလည်း အုပ်စုနှစ်စု ကွဲသွားပြီး သူတို့ ဒေါသတကြီး ငြင်းခုံခဲ့ကြသည်။
"ဗိုလ်ချုပ်၊ ကျွန်တော်တို့ ဂျော့ခ်ျကို မယုံကြည်နိုင်ဘူး။ သူက အချိန်တော်တော်ကြာအောင် ပျောက်သွားခဲ့တာ။ သူက မြေအောက်လောက သတ္တဝါတွေရဲ့ ထိန်းချုပ်ခြင်းကို ခံနေရ၊ မခံနေရကို ဘယ်သူ သိနိုင်မှာလဲ။"
"ကျွန်တော်တို့ ကင်းထောက်တွေ အများကြီး စေလွှတ်ခဲ့ပေမဲ့ သူတို့က အသတ်ခံခဲ့ရတယ်။ ဂျော့ခ်ျ တစ်ယောက်တည်းပဲ ပြန်လာနိုင်ခဲ့တယ်။ ဒါက ထောင်ချောက် တစ်ခုပဲ ဖြစ်ရမယ်။"
"ကျွန်တော်တို့ ဂျော့ခ်ျကို ယုံကြည်မှ ရမယ်။ ဒါက လူသားမျိုးနွယ်ရဲ့ အနာဂတ်နဲ့ သက်ဆိုင်တယ်ဗျ။"
ဗိုလ်ချုပ်ရှီဒန် ဘာလုပ်သင့်သနည်း။