ဆာဂျော့ခ်ျ၏ သူရဲကောင်း စိတ်ဓာတ်
Vol. 34 Ch. 499
သူ့အတွက် ဘုရင်မ ဗစ်တိုးရီးယားကို မြင်တွေ့ဖူးသည်မှာ ဒါက ပထမဆုံး အကြိမ် မဟုတ်ပေ။ ယခင်တစ်ကြိမ်တွင်မူ ဂျော့ခ်ျမှာ အကျဉ်းသား တစ်ဦး ဖြစ်ခဲ့သည်။ ဘုရင်မ ဗစ်တိုးရီးယား၏ ခွင့်လွှတ်မှုကြောင့်သာ သူ သူ၏ အသက်ကို မဆုံးရှုံးခဲ့ရပေ။
"အရှင်မင်းကြီး၊ ကျွန်တော်တို့ နောက်တစ်ကြိမ် တွေ့ဆုံကြပြန်ပြီ။" ဂျော့ခ်ျက ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော လီလိုအား ယဉ်ကျေးစွာ ပြောလိုက်သည်။
ရာဇပလ္လင်မှာ သာမန် အကိုင်းအခက်များ၊ အရွက်များဖြင့်သာ ပြုလုပ်ထားပြီး တော်ဝင် ရာဇပလ္လင်ကဲ့သို့ မြင့်မားသော အထောက်အပံ့ တစ်ခု ရှိနေခဲ့သည်။ လီလိုမှာ သူမ၏ ခေါင်းပေါ်တွင် တော်ဝင်သရဖူ တစ်ခု ဆောင်းထားခဲ့သည်။ ဂျော့ခ်ျ အမြင်တွင်မူ ၎င်းမှာ သရုပ်ဆောင်နေခြင်း ကဲ့သို့ပင်။
"ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျလား။ ငါ နင့်ကို အရင်က မြင်ဖူးတယ်။ ငါ နင့်ကို ဗစ်တိုးရီးယား တောအုပ်ထဲ မဝင်လာဖို့ ပြောခဲ့ပေမဲ့ နင် ဒီကို ရောက်နေတုန်းပဲ။ နင့်မှာ ဘာထောက်ပံ့ရေးပစ္စည်းတွေ ရှိလဲ ငါ့ကို ပြောပါ။ နင် ငါတို့ကို ဘယ်လိုမျိုး ကူညီနိုင်မလဲ။" ဘုရင်မ ဗစ်တိုးရီးယား ဂျော့ခ်ျကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ဂျော့ခ်ျမှာ သူမ,မေးမည့် မေးခွန်းများကို ကြိုတင် သိရှိနေခဲ့သောကြောင့် တည်ငြိမ်စွာ ပြန်ဖြေသည်။ "အရှင်မင်းကြီး၊ ကျွန်တော်တို့ရဲ့ စစ်တပ်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေက အရေးမပါနိုင်ပေမဲ့ ကျွန်တော်တို့က မျှော်လင့်ချက်ကို ယူဆောင် လာခဲ့ကြပါတယ်။ မြေပေါ်ကမ္ဘာက အရှင်မင်းကြီးတို့ မြေအောက်လောက သတ္တဝါတွေနဲ့ စစ်မက်ဖြစ်ပွားနေကြောင်း သိပါတယ်။ ကျွန်တော်တို့မှာ မနှစ်မြို့ဖွယ် ပဋိပက္ခအချို့ ရှိခဲ့တာ မှန်ပေမဲ့ အခုတော့ ကျွန်တော်တို့မှာ ဘုံရန်သူ တစ်ဦး ရှိနေပြီ။ ကျေးဇူးပြုပြီး ပဋိပက္ခကို မေ့ပစ်လိုက်ပါ။ ကျွန်တော်တို့ စည်းလုံးညီညွတ် သင့်ကြပါတယ်။ နှစ်ထောင်ပေါင်း များစွာ အကြာက ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်တဲ့ ဘိုးဘေးတွေက မိုက်ကယ်အိန်ဂျယ်လိုရဲ့ မြေပေါ်ကမ္ဘာ ကျူးကျော်မှုကို အနိုင်ယူခဲ့ကြတယ်။ အခု ဆိုးယုတ်တဲ့ သတ္တဝါတွေ ပြန်လာနေပြီ၊ ဗစ်တိုးရီးယားမြို့က သူတို့ကို တစ်ယောက်တည်း အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အကူအညီကို လက်ခံပေးပါ။ အနာဂတ်မှာဆို လူသားတိုင်းပြည်တွေ၊ အက်လ်ဖ်တွေ၊ ဖယ်ရီတွေနဲ့ အလင်းမျိုးနွယ်စုတွေ ပိုများလာပြီး ကျွန်တော်တို့ကို ဝိုင်းဝန်း ကူညီ ကြပါလိမ့်မယ်။ ကျွန်တော်တို့က ဘိုးဘေးတွေလိုပဲ ဒီအကျပ်အတည်းကို ကျော်လွှား နိုင်ပါတယ်။"
ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျ ရှေ့သို့ တက်လှမ်းကာ ပြောလိုက်စဉ် သူ၏ လေသံမှာ အခိုင်အမာ ယုံကြည်ချက်ထားပုံ ရ၏။
သူ၏ စကားမှာ စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။ လန်ဆလော့ အတွက်မူ ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျမှာ လူသားများ၏ အနာဂတ်ကို ဂရုစိုက် နေခဲ့သည်။ သို့သော် သူမှာ ဗစ်တိုးရီးယားမြို့၏ အုပ်စိုးသူ မဟုတ်ခဲ့ပေ။ သူက လီလို ကိုယ်စား ဆုံးဖြတ်ချက်များ မချမှတ်နိုင်ပေ။
အကူအညီကို လက်ခံ၊ မခံမှာ လီလို၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်။ ဂျော့ခ်ျ၏ လျှောက်တင်ချက် အပြီးတွင် ရာဇပလ္လင်ခန်းမမှာ တိတ်ဆိတ် သွားခဲ့သည်။ လီလိုမှာ အဖြူအမည်း အနောက်တိုင်း ဝတ်စုံ တစ်ခု ဝတ်ဆင် ထားခဲ့သည်။ သူမက ဂျော့ခ်ျကို ကြည့်ရင်း သူ၏ စကားများကို စဉ်းစားကာ သူမ၏ လက်ချောင်းများကို အသာအယာ ပုတ်နေခဲ့သည်။
ဂျော့ခ်ျမှာ စိတ်မရှည်တော့ဘဲ စကားဆက်ပြောရန် ကြိုးစားလိုက်စဉ် လီလိုက ဖြတ်ပြောလိုက်သည်။ "ငါ သိပြီ။ ငါ နင့်ရဲ့ အကူအညီကို လက်ခံရင် ငါ့ နယ်မြေထဲ လူတွေ ပိုများလာမယ်။ မှန်သလား။"
"မှန်ပါတယ်။ လူသားတွေအပြင် အက်လ်ဖ်တွေလည်း ရှိလာလိမ့်မယ်၊ သူတို့က လူသားတွေရဲ့ မဟာမိတ်တွေပဲ။ နှစ်ထောင်ပေါင်း များစွာ အကြာက သူတို့က ကျွန်တော်တို့နဲ့ အတူရပ်တည်ပြီး မြေအောက်လောက,ကို တိုက်ခိုက်ခဲ့ကြတာ။ အခု ဆိုးယုတ်တဲ့ သတ္တဝါတွေ ပြန်လာကြပြီ၊ သူတို့လည်း ကျွန်တော်တို့ကို နောက်တစ်ကြိမ် ကူညီ ပေးကြလိမ့်မယ်။ ပြီးတော့ ကောင်းကင်ဘုံက ကောင်းကင်တမန်တွေ..."
ဂျော့ခ်ျ သူ၏ စကားကို အဆုံးမသတ် ရသေးမီ လီလိုက သူ့ကို ကြားဖြတ်ကာ ပြောလိုက်သည်။ "ငါ နင့်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်တယ်။"
"နေဦး။ ကမ်းလှမ်းချက်ကို ငြင်းပယ်တာလား။ မြေအောက်လောက သတ္တဝါတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အရှင်တို့ အကူအညီ မလိုအပ်ဘူးလား။ ကျွန်တော့်ရဲ့ ပွင့်လင်းမှုကို ခွင့်လွှတ်ပါ၊ ဗစ်တိုးရီးယား မြို့သားတွေရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်ကြံ့ခိုင်မှုက အားကောင်းပေမဲ့ မြေအောက်လောက သတ္တဝါတွေက အသာစီး ရနေတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်ကြံ့ခိုင်မှုက ဗစ်တိုးရီးယား မြို့သားတွေထက် ပိုမကောင်းရင်တောင်မှ တူညီလုနီးပါး အားကောင်းတယ်၊ ပြီးတော့ အများကြီး ပိုကြောက်စရာ ကောင်းတယ်။"
ဂျော့ခ်ျ လီလိုကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြောင်းဖြဆွဲဆောင်ရန် ကြိုးစား ခဲ့သော်လည်း သူမ,မှာ စိတ်လှုပ်ရှားခြင်း မရှိခဲ့ပေ။ သူသာ ရှားလော့ခ် မဟုတ်နေသရွေ့ ယင်းက မပြောင်းလဲနိုင်ချေ။
လီလိုမှာ အလင်းမျိုးနွယ်စုများကို မုန်းတီးပြီး ကောင်းကင်ဘုံကို တိုက်ခိုက်ရန်သာ စိတ်အားထက်သန် နေခဲ့သည်။ သူမက ထိုမုန်းတီးဖွယ် လူမျိုးစုများကို သူမ၏ နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် ပြုရန်မှာ မဖြစ်နိုင်ပေ။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာမူ ချွင်းချက် ဖြစ်၏။ အကြောင်းမှာ သူတို့က ရှားလော့ခ်၏ အစေခံများ ဖြစ်နေ သောကြောင့်ပင်။ သူတို့က လီလိုအား ကောင်းကင်ဘုံကို သိမ်းပိုက်ရာတွင် ကူညီကြ ပေလိမ့်မည်။ လီလို အတွက်မူ သူတို့မှာ သူမ၏ စစ်တပ်ပင်။
ဂျော့ခ်ျမှာ အလွန် ထိတ်လန့် အံ့ဩသွားပြီး ဘာကိုမှ မပြောနိုင်တော့ပေ။ သူမက သူ၏ ကမ်းလှမ်းချက်ကို လက်ခံ လိမ့်မည်ဟု ထင်ထားသော်လည်း လီလိုမှာမူ တွေဝေခြင်း မရှိဘဲ ငြင်းပယ်ခဲ့သည်။ ဘုရင်မ ဗစ်တိုးရီးယားက ဗစ်တိုးရီးယား မြို့သားများနှင့် သူ့ကို မြေအောက်လောက သတ္တဝါများထံသို့ စတေးတော့မည်လော။ ဂျော့ခ်ျမှာ ၎င်းက အလွန် ဖြစ်နိုင်ချေရှိသည်ဟု ထင်မှတ်ခဲ့သည်။ အကယ်၍ သူမက တခြား လူသားတိုင်းပြည်များနှင့် မဟာမိတ် ဖွဲ့ရန် ဆန္ဒမရှိပါက မြေအောက်လောက သတ္တဝါများက ဗစ်တိုးရီးယား တောအုပ်ကို သိမ်းပိုက်သွား ပေလိမ့်မည်။ ထို့နောက် သူတို့က ဗစ်တိုးရီးယားမြို့မှ အခြေပြုကာ သူတို့၏ သိမ်းပိုက်နိုင်ရေး အစီအစဉ်ကို ချဲ့ထွင်ကြ ပေလိမ့်မည်။
"အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ကျွန်တော့်စကားကို နားထောင်ပါ..."
ဂျော့ခ်ျက စိုးရိမ်တကြီး ပြောလိုက်သည်။ လန်ဆလော့ပင်လျှင် စိုးရိမ်လာပြီး လီလိုကို ဆွဲဆောင်ရန် ကြိုးစား နေသည်။ သို့သော် လီလိုက လက်မြှောက်ကာ သူတို့ နှစ်ဦးလုံးကို ကြားဖြတ် ပြီးနောက် ပြောလိုက်သည်။ "ငါ နင့်တို့ရဲ့ တပ်ဖွဲ့တွေကို လက်ခံဖို့ ရည်ရွယ်ချက် မရှိပေမဲ့ ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ ပစ္စည်း ကိရိယာတွေလိုမျိုး တခြား အကူအညီ ရင်းမြစ်တွေကိုတော့ ငါ ငြင်းပယ်မှာ မဟုတ်ဘူး။ ငါတို့ ကန့်သတ်ထားတဲ့ လေ့လာသူ အရေအတွက်ကိုလည်း ဝင်ရောက် လေ့လာခွင့် ခွင့်ပြုပေးနိုင်တယ်။ကြီးမားတဲ့ စစ်တပ်ကြီးတွေကိုတော့ ဗစ်တိုးရီးယားမြို့ထဲကို ဝင်ရောက်ခွင့် ပိတ်ပင်တယ်။"
ဂျော့ခ်ျမှာ စိတ်ရှုပ်ထွေး သွားခဲ့သည်။ ထို့နောက် သူ မေးလိုက်သည်။ "လေ့လာသူတွေတဲ့လား။"
သူ အဓိပ္ပာယ်ကို နားမလည်သောကြောင့် လီလိုက ပြန်ရှင်းပြ လိုက်သည်။ "နင်တို့ရဲ့ စစ်တပ်တွေက ငါ့ နယ်မြေထဲကို မဝင်ရောက်နိုင်ပေမဲ့ ငါ ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ ပစ္စည်း ကိရိယာတွေကို လက်ခံဖို့ ဆန္ဒ ရှိပြီး နင့်တို့ထဲက အချို့ကို တိုက်ပွဲနေရာတွေ သွားရောက် လေ့လာခွင့် ပြုမယ်။ နင့်တို့ ဒီလို သမိုင်းတွင်မယ့်စစ်ပွဲ တစ်ခုကို လက်လွှတ်ခံချင်မှာ မဟုတ်ဘူးဆိုတာ ငါ နားလည်တယ်။"
ဂျော့ခ်ျမှာ သဘောပေါက် သွားခဲ့သည်။ လီလိုမှာ ဤစစ်ပွဲကို များများစားစား စိတ်မဝင်စားပေ။ ဘုရင်မ ဗစ်တိုးရီးယား အတွက်မူ စစ်ပွဲမှာ အုပ်စုနှစ်စု ကြားမှ ဖျော်ဖြေပွဲ တစ်ခု ကဲ့သို့ပင်။ လေ့လာသူများမှာ အားကစားကွင်း တစ်ခုရှိ အရေအတွက် ကန့်သတ်ထားသော ပွဲကြည့်ပရိသတ်များ ကဲ့သို့ပင်။
"အရှင်မင်းကြီး၊ အရှင်က မြေပေါ်ကမ္ဘာနဲ့ မြေအောက်လောက,ကြားက ရန်ငြိုးကို သိပ်နားမလည်သေးတာ ဖြစ်မယ်။ မြေအောက်လောက သတ္တဝါတွေက နေရာရွှေ့ပြောင်း ဝင်ပေါက်ကနေ ထွက်လာနိုင်ရင် သူတို့က လူတိုင်းကို တွေဝေခြင်း မရှိဘဲ အပိုင်းပိုင်း ဖြတ်တောက် ကြပါလိမ့်မယ်။ ဒါက အရှင့်စစ်ပွဲ သက်သက် မဟုတ်ဘဲ လူသားတွေရဲ့ စစ်ပွဲပါ။ ကျွန်တော်တို့က သမိုင်းဝင် စစ်ပွဲ တစ်ခုမှာ ပါဝင်ချင်လို့ အရှင့်ကို ကူညီနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ကူညီ နေကြပြီး ကျွန်တော်တို့ရဲ့ ကယ်တင်ခြင်း အတွက်ပဲ ဒီကို ရောက်နေကြတာပါ။ ကျေးဇူးပြုပြီး အထင်မမှားပါနဲ့။ ကျွန်တော်တို့က စစ်ပွဲရဲ့ စိတ်လှုပ်ရှားမှုကို ခံစားချင်လို့ ဒီကို ရောက်နေကြတာ မဟုတ်ဘူး။ လေ့လာသူအနည်းငယ်လောက်က စစ်ပွဲရဲ့ အခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်မှာ မဟုတ်ဘူး။ အရှင်က ကျွန်တော်တို့ကို တိုက်ပွဲတွေကို ကြည့်ရှုခွင့်ပေးပြီး မြေအောက်လောက သတ္တဝါတွေ ဒါမှမဟုတ် ဗစ်တိုးရီးယား မြို့သားတွေရဲ့ ပုံရိပ်ကို မြှင့်တင် စေချင်နေတာလား။ အရှင်က ကျွန်တော်တို့ရဲ့ စစ်ကြေညာမှု အပေါ် အခဲမကျေ ဖြစ်နေတုန်းပဲလား။"
ဂျော့ခ်ျ အသက်ပင်မရှုဘဲ မေးခွန်း များစွာ တရစပ် မေးလိုက်သည်။ လူသားအားလုံးက ဂျော့ခ်ျ၏ စိုးရိမ်မှုများကို မျှဝေခံစားပြီး သဘောတူညီစွာ ခေါင်းညိတ်ကြ ပေလိမ့်မည်။ ၎င်းမှာ အငြိုးအတေး ထားနေရန် အချိန် မဟုတ်ပေ။ မြေအောက်လောက သတ္တဝါများက သူတို့၏ တံခါးဝတွင် ရှိနေကြလေပြီ။ သူတို့က အမှောင် အင်အားစုများကို တိုက်ခိုက်ရန် စည်းလုံးညီညွတ် ကြသင့်သည်။ ထိုအရာမှာ ဂျော့ခ်ျ ယုံကြည်ထားသော အရာပင်။
ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျမှာ သူတတ်နိုင်သမျှ အကုန် လုပ်ပေးခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဘုရင်မ ဗစ်တိုးရီးယားသာ ကျိုးကြောင်းဆီလျော် ခဲ့ပါက သူမက သူ၏ မျှော်လင့်ချက်များနှင့် အကြံပြုချက်များကို အသိအမှတ်ပြု လက်ခံနိုင် ပေလိမ့်မည်။
သို့သော် လီလိုက ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။ "လေ့လာသူတွေက ငါ့ရဲ့ အကောင်းဆုံး ကမ်းလှမ်းချက်ပဲ။ ဆက်ဆွေးနွေးစရာ မရှိဘူး။ နင့်တို့ ဆန္ဒရှိရင် လေ့လာသူ တချို့ စေလွှတ်နိုင်တယ်။ ဟုတ်တယ်၊ ငါ့ရဲ့ ခေါင်းဆောင်မှု အောက်က စစ်သည်တော်တွေရဲ့ အနိုင်မခံ အရှုံးမပေးမှုနဲ့ ဇွဲရှိတဲ့ ပုံရိပ်ကို နင့်တို့ မြှင့်တင် ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ ထာဝရတိုင်းပြည်ကို သွားမမြှောက်နေနဲ့။"
လီလိုက ဟမ်းစတား သုံးကောင်အား ဂျော့ခ်ျကို ဗစ်တိုးရီးယားမြို့မှ ခေါ်ထုတ်သွားပြီး နတ်ဘုရား တိုင်းပြည်၏ စစ်တပ်မှ ဗိုလ်ချုပ်များအား အကြောင်းကြားခိုင်းရန် အမိန့်ပေး လိုက်သည်။ သူမက လေ့လာသူ ဆယ်ဦး အထိသာ ခွင့်ပြုပေးခဲ့သည်။
ဂျော့ခ်ျမှာ ရှက်ရွံ့မှုကို ခံစားခဲ့ရသည်။ သို့သော် သူ ဗစ်တိုးရီးယားမြို့မှ နောင်တများဖြင့်သာ ပြန်ထွက်ခွာ သွားနိုင်သည်။ သူ သူ၏ မစ်ရှင်ကို ကျရှုံး ခဲ့သော်လည်း အချည်းနှီးတော့ မဟုတ်ခဲ့ပေ။ အနည်းဆုံးတော့ ဗစ်တိုးရီးယားမြို့သည် မပျက်မစီး ရှိနေခဲ့သည်ပင်။ ထိုမြေအောက်လောက သတ္တဝါများမှာလည်း ဗစ်တိုးရီးယားမြို့၏ နယ်နိမိတ် အစွန်းတွင်သာ ရှိနေကြသည်။ သူတို့က ဗစ်တိုးရီးယားမြို့ကို အလုံးစုံ မသိမ်းပိုက် နိုင်ခဲ့ကြပေ။ ထိုအရာမှာ ဗစ်တိုးရီးယား မြို့သားများ၏ ရဲရင့်သော ကြိုးပမ်းမှုများ၏ ရလဒ်ပင်။
ဂျော့ခ်ျမှာ ဗစ်တိုးရီးယားမြို့က မြေအောက်လောက သတ္တဝါများကို အနိုင်ယူနိုင် လိမ့်မည်ဟု ထင်မြင်ထားခြင်း မရှိပေ။ ဘုရင်မ ဗစ်တိုးရီးယားမှာ သူမ၏ စစ်သည်တော်များ၏ စွမ်းဆောင်ရည်များ အပေါ် အထင်ကြီးလွန်း နေခဲ့သည်။
ဂျော့ခ်ျကို စိတ်အားထက်သန်နေသော ဗစ်တိုးရီးယား မြို့သားများမှ ဂိုးလ်ရှိုင်းယားမြို့သို့ ပြန်လည် ခေါ်ဆောင် သွားခဲ့ကြသည်။ သူတို့က နတ်ဘုရား တိုင်းပြည်မှ ထောက်ပံ့ရေး ပစ္စည်းများနှင့် ပစ္စည်း ကိရိယာများကို မျှော်လင့်နေ ခဲ့ကြသည်။
ဂျော့ခ်ျက စဉ်းစားကာ စာတစ်စောင် ရေးသားခဲ့သည်။ သူ ဂိုးလ်ရှိုင်းယားမြို့သို့ ပြန်မည့် ဗစ်တိုးရီးယား မြို့သားများဖြင့် ထိုစာကို ဗိုလ်ချုပ်ရှီဒန်ထံသို့ ပြန်ပေးအပ် စေခဲ့သည်။ သူက လေ့လာသူ ဆယ်ဦးထဲမှ တစ်ဦး ဖြစ်လာပေမည်။ မည်သို့ဆိုဆို သူပြန်သွားလျှင်ပင် အသုံးဝင်လိမ့်မည် မဟုတ်ပေ။ ဂိုးလ်ရှိုင်းယားမြို့တွင် ဘာမှမလုပ်ဘဲ နေမည့်အစား သူ ဗစ်တိုးရီးယားမြို့တွင်သာ နေရစ်ခဲ့ပြီး စစ်ပွဲအခြေအနေကို အကဲခတ် လေ့လာနိုင်ပေသည်။
လန်ဆလော့မှာ ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျ၏ ရဲရင့်မှုကို လေးစားခဲ့သည်။ ယခင်က လန်ဆလော့က ဂျော့ခ်ျကို သူ၏ ရန်သူအဖြစ်သာ ဆက်ဆံခဲ့သည်။ သို့သော် ယခုတွင်တော့ သူ ဂျော့ခ်ျတွင် သူရဲကောင်း တစ်ဦး၏ သူရဲကောင်း စိတ်ဓာတ်ကို မြင်ခဲ့ရသည်။
ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျ ၎င်းလုပ်ရပ်မှာ ထိုက်တန်၊ မထိုက်တန်ကို မသိ ခဲ့သော်လည်း သူ သူ၏ ဆုံးဖြတ်ချက်ကို နောင်တ ရလိမ့်မည် မဟုတ်ပေ။ သူနေထိုင်ရန် ဆုံးဖြတ်ချက် ချလိုက်သည့်အခါတွင်ပင် ဗစ်တိုးရီးယားမြို့သား အနည်းငယ် ပြန်ပြေးလာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်ကြသည်။ "ထာဝရဝက်တွေ နေရာရွှေ့ပြောင်း ဝင်ပေါက်ကနေ အစုလိုက် အပြုံလိုက် ထွက်လာနေကြပြီ။ သူတို့က ဗစ်တိုးရီးယားမြို့ကို လာနေကြပြီ။"